fbpx

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် ( အပိုင်း-၃ ) – Aung Way

October 11, 2012

On The Run From Rangoon

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် ( အပိုင်း-၃ )

အောင်ဝေး၊ အောက်တိုဘာ ၁၁၊ ၂၀၁၂

ကဗျာဟာ ကဗျာဆရာရဲ့ လက်နက်။ ကဗျာ မချနဲ့ ။ အဲဒီလို ကဗျာလည်းမချ၊ လက်နက်လည်း မချဘဲနှင့် ရန်ကုန်မြို့ တွင်းမှာ ဟိုပြေး ဒီပုန်း၊ ဟိုတိမ်း ဒီရှောင်ရင်းကပဲ၊ စက်တင်ဘာ ကုန်ဆုံး။ ဂမ္ဘာရီ ကုန္ရွံဳး။

ဒီလိုနဲ့ အောက်တိုဘာက ၀ါးလုံးထိုးဝင်ရောက်လာ။ ပြေးနေတဲ့သူရဲ့ မျက်နှာ မိုးလေပိုပက်မှာလို့ (ဆရာ မောင်သာရ)ဆိုလေတဲ့အတိုင်း။ ဒီအတိုင်းပါပဲလေ။ အောက်တိုဘာမိုးကလည်း၊ ကံဆိုးတဲ့ကဗျာဆရာ သွားလေရာ အငြှိုးနဲ့ လိုက်လို့ ရွာတယ်။

          ပြေး ပြေးပြေး။ ကျနော် တယ်လီဖုန်းကလေးရှိတဲ့ ပုန်းခိုကျင်းကနေထွက်ပြီး၊နောက်တစ်နေရာ၊ တယ်လီဖုန်းမရှိတဲ့ ပုန်းကျင်းကလေးတစ်ခုထဲကို ပြောင်းဝပ်ခိုရပြန်သည်။ ရေဒီယိုကလေးကတော့ ကျနော့်အပေါ်မှာ သစ္စာရှိသည်။ ဒီလိုနှင့် မနက်ခင်းတစ်ခုမှ မနက်ခင်းတစ်ခုသို့ ။ ညသန်းခေါင်တစ်ခုမှ ညသန်းခေါင်တစ်ခုသို့ ။

တစ်နေရာမှာတော့ ကျနော် ကြေးမုံသတင်းစာ အဟောင်းတစ်စောင်ဖတ်လိုက်ရသည်။ အောက်တိုဘာ ပထမပတ်ထဲမှာလို့ ထင်သည်။

          အဲဒီ ကြေးမုံသတင်းစာထဲမှာ၊ နအဖဘက်သား ပေါ်လစီဆောင်းပါးရှင်တစ်ယောက်က၊ ပူပူနွေးနွေး ရွှေဝါရောင်တော်လှန်ရေးနှင့် ကျနော်တို့ ၊ ကိုဇာဂနာတို့ ၊ ကျော်သူတို့  အကြောင်းရေးထားသည်။ ဇာဂနာက  သူ့ မိန်းမနဲ့ ကလေးတွေရှိရာ အမေရိကကိုလိုက်သွားဖို့ ၊ စစ်အစိုးရက သူ့ ကို ပတ်စ်ပို့ ထုတ်မပေးလို့ အစိုးရ ကိုဆဲဆိုတိုက်ခိုက်နေတာတို့ ၊ ကျော်သူက ဘာမှနားမလည်ဘဲ သူများမြှောက်ပေးတိုင်းလုပ်နေတာ၊ ကျော်သူ ညနေဆိုရင် မူးနေပြီတို့ ၊ အောင်ဝေးကတော့ တစ်လျှောက်လုံး အစိုးရကိုဆန့် ကျင်နေတဲ့ အလံနီပဲတို့ ။ စုံနေ

အောင် ရှုတ်ချရေးသားထားသည်။ “ဇာဂနာ၊ ကျော်သူ၊ အောင်ဝေး“ ဒီညီနောင်သုံးဖော်ကို စစ်အစိုးရ သတင်းစာက အသေအကြေတိုက်ခိုက်လို့ ပါ။ တိုက်ပေါ့ ။ ဘာဖြစ်လဲ။ ရန်သူ ဆန့် ကျင်ခံရခြင်းဟာ၊ ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။ ဒါ ကျနော်တို့ ကို မောကွန်းတင်ပေးတာလို့ ပဲသဘောထားသည်။

          ကျနော် ဂရုမစိုက်။ သို့ သော်…။ ကျနော် ပုန်းခိုကျင်းကလေးထဲကနေ နည်းနည်းတော့ ဒေါသဖြစ်ရ သည်။ ဆောင်းပါး (အပုပ်ချဆောင်းပါး)ရေးတဲ့သူက၊ သေချာမသိဘဲ၊ ရမ်းသမ်း ဖျန်းသမ်းနဲ့ အောင်ဝေးကို အလံနီဆိုပြီး ရေးလိုက်တာကိုတော့ ကျနော် ဒေါသူပုန်ထမိတာအမှန်ပါပဲ။ ဒါ အောင်ဝေးကို အသရေဖျက်တာ သက်သက်ပဲ။ ပုဒ်မ (၅၀၀) နဲ့ တရားစွဲလို့ ရတယ်။ ကျနော် အလံနီမဟုတ်ပါဘဲရက်နဲ့ ။

          ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းမှာ ကျနော်တို့ တွေ ထောင်ထဲရောက်ကြတာ၊ ဗကပ လိုလားသူ၊ ဗကပ အနွယ်၊ ဗကပ ကျောင်းသားတွေ အဖြစ်နဲ့ ရောက်ခဲ့ကြ၊ နီခဲ့ကြတာပါ။ ငယ်ငယ်တုန်းကတော့ ကွန်မြူနစ် ဆိုပါတော့။ ကျနော်တို့ ကို ကျနော်တို့ ခေတ်ကြီးက ဒီအတိုင်းပြဋ္ဌာန်းပေးခဲ့တာ မဟုတ်လား။ ကျနော်တို့  လက်ဝဲ ကျောင်းသားတွေဖြစ်ခဲ့တာပေါ့ ။ နောင် ကြီးလာတော့၊ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတော့၊ တိုက်ပွဲအပေါ်မှာမူတည်ပြီး ကျနော်တို့ အတွေးအခေါ်တွေ ပြောင်းလဲလိုက်ကြပါတယ်။ ငယ်ငယ်တုန်းက လီနင် နဲ့ တွေ့ တယ်။ ကြီးလာတော့ လင်ကွန်း နဲ့ တွေ့ ချင်တယ်။

          အခုတော့ ကျနော်တို့ လေ့လာသင်ယူခဲ့တဲ့ မတ်ဝါဒကြီးလည်း ဂန္ထ၀င်ဖြစ်ပြီး ပြတိုက်ထဲ ရောက်သွား ပါပြီ။ ကျနော်တို့ လည်း ဒီမိုကရေစီလိုလားသူ၊ ဒီမိုကရေစီတိုက်ပွဲဝင်နေသူတွေ ဖြစ်လာကြပါပြီ။ (ဤကား စကားချပ်)

          နဂိုကမှ လွတ်လမ်းရှာမတွေ့ လို့ ပြေးရ လွှားရ ပုန်းခိုနေရတဲ့အထဲ၊ အခုလို ကိုယ့်ကို အလံနီလို့  မဟုတ်တမ်းတရားစွပ်စွဲတာကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့ဘူး။ မကျေနပ်ဘူး။ ဒါပေမဲ့၊ ပြေးနေ ပုန်းနေရတဲ့သူ ဆိုတော့ ဘယ်လိုမှ ပြန်တုန့် ပြန်လို့ မရဘူး။

          ကျနော် ဒီလိုဖြစ်နေတာ အောက်တိုဘာလ ပထမပတ်ထဲမှာပါ။ ကျနော့်အတွက် ခွင်က တဖြည်းဖြည်း နဲ့ ကျဉ်းကျဉ်းလာပြီ။ ပြေး ပြေး ပြေး။ ပုန်းခိုကျင်းတစ်ခုတည်းမှာ နှစ်ခါပြန် ပုန်းလို့ မရ။ ကျနော်စွန့် စားမှဖြစ်တော့မည်။ ကျနော် စွန့် လွှတ်ရတော့မည်။ ကျနော် တွေဝေနေလို့ မရတော့။ ကဗျာဆရာ၏စွန့် စားခန်းကို အလွမ်းနည်းနည်း၊ အကြမ်းများများနှင့်စတင်မှဖြစ်တော့မည်။ စတင်ရတော့မည်။

          ကျနော် ဖောရက်စ်ဂမ့်။ ပြေး ပြေး ပြေး။ ပြေးနိုင်မှ လွတ်မည်။

          အောက်တိုဘာ မိုးထဲလေထဲမှာ ကဗျာဆရာလည်း ကဗျာမရေးနိုင်တော့ပါ။ စိုးရိမ် ထိတ်လန့် နေရတဲ့ အချိန်၊ ကျီးလန့် စာစားနေရတဲ့အချိန်မှာ ကဗျာနတ်သမီးလည်း လမိုင်း မကပ်တော့ပါ။ အနုပညာဈာန်လည်း မနိုးကြားနိုင်တော့။ နှင်းတွေ သည်းသည်းထန်ထန်ကျနေရင်၊ ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူးလေ။

ဒါပေမဲ့ ကျနော် ကဗျာတော့ ဘယ်တော့မှမချပါ။ ကဗျာမချပါ။ ကဗျာက ကျနော့်လက်နက်ပဲမဟုတ်လား။ ဒီ လက်နက်မှ မရှိတော့ရင်၊ ကျနော့်မှာ ဘာရှိနိုင်တော့မှာလဲ။

          နောက်ဆုံးတော့၊ ဒီလက်နက်ကိုပဲ မြဲမြဲဆုပ်ကိုင်ပြီး၊ ကျနော် ထွက်ပေါက်ကို စွန့် စားတိုးဝင်ခဲ့တယ်။ လွတ်မြောက်ရာလမ်းဟာ ကြမ်းတမ်းခက်ထန် ပင်ပန်းလွန်းလှပါတယ်။ ကျနော့်မှာ ကဗျာရှိနေရင်၊ ဘာမဆို အရာရာကို ရင်ဆိုင်ရဲတယ်။ အဲဒီနေ့ က ရန်ကုန်မြို့ ကြီးကို ကျနော်နှုတ်ဆက်ခဲ့တယ်။ ထွက်တော်မူ နန်းက ခွာခဲ့တယ်။ အောက်တိုဘာလ(၉)ရက်။ ၂၀၀၇။

          အခုတော့ ဒဏ်ရာက ငါးနှစ်ပြည့်ပြီ။ ငါးနှစ်ပြည့်တဲ့အချိန်မှာ ကျနော် အဲဒီနေ့ ကို ပြန်လွမ်းမိပါတယ်။ ဖလော်ရီဒါ စာပေဟောပြောပွဲက လွမ်းလာတဲ့အလွမ်းဟာ၊ မစ်ရှီဂန် ပြန်ရောက်တော့လည်း လွမ်းနေတုန်း။ 

ရွှေဝါရောင်တော်လှန်ရေးကြီး ငါးနှစ်ပြည့်တဲ့ စက်တင်ဘာလထဲမှာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကကိုရောက်လို့ လာပါတယ်။

          ဒေါ်အောင်ဆန်းစုကြည်နဲ့  အမေရိကရောက် ပြည်ထောင်စုဗမာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးပေါင်းစုံတွေ့ ဆုံခဲ့ကြပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံက မေးလာတဲ့မေးခွန်းတွေကို၊ ကျနော်တို့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြန်လည်ဖြေကြားပေးခဲ့တာပါ။ အဲဒီမှာ အများဆုံး မေးကြတဲ့ မေးခွန်းက “တိုင်းရင်းသားအခွင့်အရေး“ ကိစ္စဖြစ်နေပါတယ်။ ဘယ်သူကမှ ဘာတစ်လုံးမှ မမေးခဲ့တဲ့ မေးခွန်းကတော့ “ရွှေဝါရောင်တော်လှန်ရေး“ နဲ့ ပတ်သက်တဲ့မေးခွန်းပါပဲဗျာ။

          နေရာတိုင်း နေရာတိုင်းမှာ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့၊ တန်းတူညီမျှမှုတို့ ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ကိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အသေအလဲ ထပ်ကာတလဲလဲ မေးခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီမေးခွန်းတိုင်းကို စိတ်ရှည်လက်ရှည် ထပ်ကာတလဲလဲဖြေခဲ့တာပါ။

          ဘယ်သူ့ ဘယ်သူကမှ ပူပူနွေးနွေး ကမ္ဘာတုန်ဟည်းခဲ့တဲ့၊ ငါးနှစ်ပဲကြာမြင့်သေးတဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ ပတ်သက်လို့ “ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ ရွှေဝါရောင်တော်လှန်ရေးအပေါ်မှာ ဘယ်လို သဘောထားပါသလဲ“ ၊ “ဒေါ်အောင်ဆန်းစုကြည်ရှင့်၊ ရွှေဝါရောင် တော်လှန်ရေးနဲ့  ပတ်သက်လို့ ၊  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကိုသိပရစေ“ အဲဒီလိုမေးခွန်းတစ်ခွန်းတလေမှ၊ ဘယ်သူမှ မမေးခဲ့ကြပါ။

          ခြွင်းချက်တော့ရှိပါသည်။ အာရ်အက်ဖ်အေ ရေဒီယို မြန်မာပိုင်းအစီအစဉ်က၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက်တွေ့ ဆုံမေးမြန်းခန်းမှာတော့၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေက၊ အခုလို ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်အခါသမယမှာ…လို့ အစချီပြီး၊ ဘယ်သူကမှ မမေးခဲ့တဲ့ အထက်က မေးခွန်းကိုမေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ အလေးအနက် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

          ဖလော်ရီဒါ အစ၊ မစ်ရှီဂန် အလယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြိုဆိုခဲ့တဲ့၊ အင်ဒီယားနား အဆုံး၊ ကျနော် လွမ်းနေတုန်း။ ထွက်တော်မူ နန်းကခွာခဲ့တဲ့နေ့ ကိုလွမ်းနေတုန်း။ ရွှေဝါရောင်ရေ၊ ငါ လွမ်းနေတုန်း။ အခုတော့ အမေ့ခံရွှေဝါရောင်ဖြစ်နေပါပေါ့ လား။

          ရွှေဝါရောင်ရေ… မကြေကွဲနဲ့။       ။

          ( ပြီးပါပြီ )

        အောင်ဝေး

        အောက်တိုဘာ ၉- ၂၀၁၂။

(Photo – Aung Way at SF Bay, 2009)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အောင်ဝေး, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)