ပေးဆပ်သူတဦးရဲ့ ထာဝရအနုပညာ (Interview with Kyaw Thu) # 2

October 15, 2012

ပေးဆပ်သူတဦးရဲ့ ထာဝရအနုပညာ

နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ကျော်သူ နဲ့ မေးခွန်းများ အပိုင်း ၂

မိုးမခ၊ အောက်တိုဘာ ၁၄၊ ၂၀၁၂

မေး။     ။ ဒါဆိုရင် တရားဥပဒေစိုးမိုးရေးပေါ့။ အမှန်အတိုင်း၊ တရားတဲ့အတိုင်း ဖြစ်ဖို့ပေါ့။ အသင်းအဖွဲ့ထဲမှာ အငြင်းပွားကြတယ်၊ ကိုယ့်ဖက်က အားကိုးအားထားပြုရမယ့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကလည်း မရှိဘူး။ ဒါဆိုရင် တရားသဖြင့် ဖြစ်အောင် အကိုတို့အနေနဲ့ အသင်းအဖွဲ့အနေနဲ့ ဘယ်လိုလုပ်ပြီး ဖော်ဆောင်မလဲ၊ အဆုံးအဖြတ်ကို ရယူမလဲ။ ဒီလိုမျိုး မေးရတာက ကျနော်တို့ ကွန်မြူနီတီတွေမှာ အပြင်မှာ အသင်းအဖွဲ့တွေမှာ အငြင်းပွားကြတယ်၊ သူမှန်တယ်၊ ကိုယ်မှန်တယ် အနိုင်လုကြတယ်၊ ဒါတွေကို ဘယ်လိုမျိုး ကျော်လွှားမလဲဆိုတာကို အကို့အတွေ့အကြုံဖက်ကနေ ဖြေပေးပါ။

ဖြေ။     ။ ဘယ်လိုပဲဖြစ်ဖြစ် နာရေးကူညီမှုအသင်းအနေနဲ့က ဘာကိစ္စပဲဖြစ်ဖြစ် ကျနော်တို့က အစည်းအဝေးထိုင်တယ်။ အမှုဆောင်အစည်းအဝေးမှာ အများဆန္ဒအတိုင်း ဆုံးဖြတ်တယ်။ ဒါပဲ။ ကျနော်တို့ နာရေးလုပ်ငန်းဆိုတာ အရင်မူလ ကျနော်တို့စခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကပဲ ရှိသေးတယ်။ သက်တန်းအားဖြင့် နုတယ် ဆိုပေမယ့်၊ ကျနော်တို့တွေက အောက်ခြေက စခဲ့တာ။ အားလုံးကို ကျနော်တို့တတွေက စိုက်ထုတ်ပြီး အကုန်စပြီး လုပ်ခဲ့တာ ဆိုတော့ ကျနော်တို့တွေရဲ့ လုပ်ရပ်နဲ့ ဖြတ်သန်းမှုတွေက အုပ်ချုပ်မှုအပိုင်းမှာ အများကြီး အထောက်အကူဖြစ်စေတယ်လို့ ပြောချင်ပါတယ်။

မေး။     ။ ဟုတ်ပါပြီ။ အသင်းရဲ့ မျိုးဆက်သစ်တွေ ခေါင်းဆောင်တွေ၊ ပေးဆပ်နိုင်သူတွေ ပေါ်ထွန်းလာဖို့၊ မွေးထုတ်နိုင်ဖို့အတွက်ကိုကော ဘာတွေ ဆောင်ရွက်နေတယ်လို့ ပြောနိုင်ပါသလဲ။

 ဖြေ။     ။ ကျနော်တို့ လုပ်နေတယ်။ volunteer တွေချည်းပဲ ကျနော်တို့က အားကိုးနေလို့ မရဘူး။ လုပ်အားပေးဆိုတာက တပတ်မှာ တရက် အနည်းဆုံးလာတာကိုး။ ဆိုတော့ အခြားရက်တွေမှာ အသင်းရဲ့ လှုပ်ရှားမှုတွေကို သူတို့ မျက်ခြေပြတ်သွားနိုင်တယ်။ ဒါကို မျက်ခြေမပြတ်အောင် volunteer တွေထဲကနေပြီးတော့ ကျနော်တို့တွေက အုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်ဆောင်ရွက်လာအောင် ဖိတ်ခေါ်တယ်။ အမြဲတမ်း အလုပ်လုပ်အောင်လို့ ၀န်ထမ်းအဖြစ် လစာပေးပြီးတော့ ချီးမြှင့်တယ်။ သူတို့တွေက ကျနော်တို့တွေနဲ့ လှုပ်ရှားမှုတွေမှာ အမြဲပါဝင်လာကြတယ်။ တချို့လူငယ်လေးတွေဆိုရင် အသင်းမှာ ညအိပ်တယ်။  ၁နှစ်ခွဲ ၂ နှစ်လောက် ရှိလာပြီ။ ကျနော်နဲ့ ညဖက်ဆို စကားပြောဖြစ်တယ်၊ ဆွေးနွေးတယ်။ ကျနော်တို့ရဲ့ ခံယူချက်တွေ သဘောထားတွေကို ပိုသိလာကြတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း နောက်ပိုင်းမှာက ဦးဆောင်မှုပေးတဲ့ အခမ်းကဏ္ဍကနေပဲ လုပ်နိုင်တော့မယ်။ နေရာတကာတော့ ကိုယ်က အကုန်လုံး ပါနိုင်မှာ မဟုတ်ဘူးလေ။ နာယကအဖြစ် ကြည့်ကြပ်ပေးနိုင်တာပဲ လုပ်နိုင်မယ် ထင်တယ်။

မေး။     ။ လူမှုရေး ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေ၊ ပေးဆပ်သူတွေ ပေါ်ထွန်းလာဖို့က လွယ်တော့ မလွယ်ဘူးပေါ့။

ဖြေ။     ။ မလွယ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကလည်း အရေးပါသေးတယ်။ ကျနော်တို့တတွေ စလုပ်ခါစတုန်းက ဆိုရင်၊ အခုဒီမြောက်ဒဂုံကို စပြီး လုပ်တုန်းကဆိုရင် နာရေးလမ်းကြောင်းလည်း ကိုယ်ပဲ၊ မြေကွက်တွေထဲမှာ သစ်ပင်စိုက်ဖို့ နောက်ချေးတွေ သွားရှာဝယ်ဖို့ ဆိုလည်း ကိုယ်ကိုယ်တိုင်ပဲ။ စီမံခန့်ခွဲတဲ့ဆီမှာလည်း ကိုယ်ကိုယ်တိုင်ပဲ။ နေရာတကာ ကိုယ်ချည်းပဲပေါ့။ နောက်တော့ အုပ်ချုပ်ရေးအပိုင်းကို အလုပ်တွေ အဆင့်ဆင့်ခွဲပြီး လုပ်ရတယ်။ လုပ်အားပေးတွေအပြင် ၀န်ထမ်းတွေကိုပါ ထားရတယ်။ လူငယ်တွေကို ခေါ်ထားတယ်ဆိုပေမယ့်လည်း လူငယ်တွေကို လူကြီးတွေအနေနဲ့ ထိန်းကြောင်းပေးရတာတွေ ရှိတယ်။ အားလုံးကို လွှတ်ထားပေးလို့ မရဘူး။ နောက်တခုကတော့ တာဝန်ယူမှု စိတ်ဓာတ်ပဲ။ ဟောလီဝုဒ်မှာ ရုပ်ရှင်ရိုက်တယ်ဆိုရင် သူ့ကျွမ်းကျင်ရာ အပိုင်းနဲ့သူ တာဝန်ယူတယ်၊ ကိုယ့်ကိစ္စကို ပြီးအောင်လုပ်တယ်။ အသံအပိုင်း၊ ကင်မရာအပိုင်း၊ ဆက်တင်အပိုင်း၊ သူ့နေရာ၊ သူလူနဲ့ သူပေါ့။ မြန်မာပြည်မှာဆိုရင် ဒါရိုက်တာက အကုန်လုံး လိုက်လုပ်ရတယ်။ မီးဆိုလည်း ဒီလိုထိုး၊ ကင်မရာလည်း ဒီလိုယူ စသည်ဖြင့် သူက အကုန်လုံးမှာ ပါနေရတယ်။ အဲသည်လိုမျိုး ကျနော်တို့ဆီမှာက ဖြစ်နေသေးတယ်။

 

မေး။     ။ အုပ်ချုပ်ရေးအပိုင်းပေါ့လေ။ အသင်းကြီးရဲ့ အလုပ်တွေ လည်ပတ်စီးဆင်းနေအောင်လို့ အုပ်ချုပ်ရေးအဆင့်ဆင့် တာဝန်တွေ ခွဲယူထားပုံကိုကော ပြောပြနိုင်မလား။

ဖြေ။     ။ အသင်းဆိုရင် အသင်းအုပ်ချုပ်ရေးအပိုင်းဆိုတာ ရှိတယ်။ တာဝန်တွေ ခွဲပေးထားတယ်။ ဈာပနဆိုရင် ဈာပနအုပ်ချုပ်ရေးမှာ အသုဘကိစ္စတို့၊ လမ်းကြောင်းပိုင်းတို့၊ သုဿန်ပိုင်း စသည်ဖြင့် အလုပ် ၃ ခု လောက် ခွဲထားတယ်။ နောက် ဆေးခန်းဆိုရင်လည်း လူနာတွေနဲ့ တိုကင်ပေးတာ၊ ဆရာဝန်နဲ့ ဆိုင်ရာ၊ ဆေးပေးတဲ့ အပိုင်းဆိုင်ရာတွေ ရှိတယ်။ အဲလိုမျိုး အလုပ်တွေ တာဝန်တွေ ခွဲခြားထားတယ်။ အဲသည်အလုပ်တွေကို လုပ်အားပေးတွေချည်းနဲ့ လည်ပတ်နေလို့ မရဘူး။ လုပ်အားပေးက ဒီနေ့လာပြီးတော့ နောက်နေ့ သူ့နေ့မဟုတ်ရင် မလာတော့ဘူး။ နောက်ဝင်လာတဲ့ လုပ်အားပေးတယောက်က ဒီအဆက်အစပ်တွေကို သိနေပြီး ဆက်လုပ်နိုင်ဖို့ လိုတယ်။ အဲသည်အတွက် အုပ်ချုပ်ရေးပိုင်းက ၀န်ထမ်းတွေက အဆင်ပြေ ချောမွေ့နေအောင် စီမံပေးရတယ်၊ ဆောင်ရွက်ပေးနေရတယ်။ ဒါတွေက အချိန်ပြည့်လုပ်နေမှ အသင်းဆိုတာက လည်ပတ်မှာလေ။ တာဝန်ယူတဲ့ ပေးဆပ်နိုင်တဲ့ ၀န်ထမ်းတွေ လိုတယ်။

မေး။     ။ ဟုတ်ပါပြီ။ ကျနော်တို့ အခုနားလည်လာတာကတော့ သည်မှာ စေတနာ့ဝန်ထမ်းတွေ ရှိတယ်၊ လုပ်အားပေးတွေရှိတယ်၊ အလှူရှင်တွေ ရှိတယ်ပေါ့။ အဲသည်မှာ လုပ်စရာအလုပ်ပေါ်လာတယ်။ သည်လူတွေ ၀ိုင်းလုပ်လိုက်ကြတယ်။ ဒါကို volunteer လုပ်လိုက်ကြတယ်ပေါ့လေ။ ပြီးသွားပြီ တပွဲ၊ ဟော နောက်အရေးပေါ်လာတော့ နောက်တပွဲ စုလိုက်ကြပြန်တယ်ပေါ့လေ။ ဒါက ကွန်မြူနီတီတွေထဲက လှုပ်ရှားမှုတွေကို ပြောတာပေါ့။ သို့သော် အကိုတို့လို အသင်းအဖွဲ့နဲ့ ရေရှည်ရပ်တည်ပြီး လုပ်တဲ့အရေးကျတော့ ခုနင်ကလို volunteer လောက်နဲ့ အချိန်ပိုင်းလောက် ပေးတာနဲ့ မပြီးတော့ဘူး။ ခံယူချက်တွေ၊ စိုက်ထုတ်မှုတွေပါလာတယ်။ တာဝန်ယူမှုတွေ၊ ကျွမ်းကျင်မှုတွေ လိုလာတယ်။ အုပ်ချုပ်မှုအပိုင်းတွေ၊ လည်ပတ်မှုအပိုင်းတွေ ရှိလာတယ်။ အဲသည်လို သစ်ပင်ကြီးတပင်စိုက်သလို အကိုင်းအခက်၊ အရိပ်အာဝါသတွေနဲ့ ဝေဆာမှုတွေ တည်မြဲမှုတွေ လိုအပ်လာတယ်ဆိုတာကို မြင်တွေ့လာပါတယ်။

ဖြေ။     ။ သစ်ပင်ကြီးတပင်လို ဥပမာပေးရင် ကျနော့်ဖက်ကပြောချင်တာကတော့ ကျနော်တို့တတွေက ရေလောင်းပေါင်းသင်လုပ်ရတယ်။ မြေသြဇာကျွေးရတယ်။ ပြီးတော့ မလိုအပ်တဲ့ အကိုင်းအခက်တွေကို ဖြတ်တောက် သုတ်သင်ရတာတွေ၊ လိုအပ်သလို ပုံသွင်းရတာတွေကို မလုပ်မဖြစ် လုပ်ကြရတယ်။ အလိုအလျောက် ဖြစ်လာတာတော့ မဟုတ်ဘူး။ ကျနော်တို့မှာ တာဝန်ယူတဲ့စိတ်အပြင် စည်းကမ်းဆိုတာလည်း လိုအပ်တယ်။ စည်းကမ်းကို ချမှတ်ရတယ်။ စည်ကမ်းကို လိုက်နာရတယ်။ စည်းကမ်းမလိုက်နာရင် အရေးယူရတယ်။ ဒီတော့ ကျနော်တို့ကို ပြောတာက ဒီမိုကရေစီဆိုပြီးတော့ အာဏာရှင်ဆန်တယ် ဘာညာပြောကြတယ်။ စည်းကမ်းဆိုတာ ပြတ်ပြတ်သားသား လုပ်ရမယ်။ အဲလိုမှ မလုပ်ရင် ကျနော်တို့လိုအသင်းမျိုးဟာ သွားမှာပဲ မှတ်လိုက်တော့။ ငါတို့က volunteer ပဲ၊ င့ါထမင်း ငါစားပြီး လာရတာပဲ။ အားတဲ့အချိန်လာမယ်။ မအားရင် မလုပ်ဘူးလို့ ပြောလို့မရဘူး။ volunteer  ဆိုပြီး ဘယ်လောက်ပေးဆပ်ရတယ်ဆိုတာကို သူတို့ မသိဘူး။ စည်းကမ်းရှိဖို့၊ တာဝန်ယူဖို့ဆိုတွေ ရှိတယ်ဆိုတာကို သိထားဖို့ လိုတယ်။

မေး။     ။ နောက်တခုကတော့ပေါ့လေ။ အဲသည်လို လုပ်အားပေးတွေကို အမြဲတမ်း စိတ်ဓာတ်တွေ မြှင့်တင်ပေးဖို့၊ အင်အားတွေ၊ ယုံကြည်ချက်တွေနဲ့ တက်ကြွနေဖို့ကိုလည်း ခေါင်းဆောင်တွေက အမြဲ အားပေးနေဖို့ လိုတာပေါ့။ မဟုတ်ဘူးလား။

ဖြေ။     ။ လိုပါတယ်။ ကျနော်အခုတခေါက် အမေရိကားကို လာတော့ ဟောလီဝုဒ်မှာ ရောင်းတဲ့ အမှတ်တရအော်စကာရုပ်တုလေးတွေ ၀ယ်လာတယ်။ ကျနော်တို့ လူငယ်လေးတွေကို ကျနော်အနေနဲ့ ဆုပေးမယ်ပေါ့လေ။ လူမှုရေးအော်စကာဆိုပြီး ပေးဖို့ စဉ်းစားထားတယ်။ ဒါကို ကျနော့်ပိုက်ဆံနဲ့ ကျနော်ဝယ်တာနော်။ ကျနော်တို့ ဆေးခန်းမှာ လူနာနားနေဆောင်မှာ ပြဖို့ ပညာပေး ရုပ်သံအစီအစဉ်လေးတွေကို အသင်းသားတွေနဲ့ ရိုက်ထားတာတွေ ရှိတယ်။ ဆေးခန်းမှာ ဆေးရောင်းစားတာတွေ၊ နေရာရောင်းစားတာတွေ၊ တိုကင်ယူရောင်းတာတွေ မလုပ်ဖို့ ပညာပေး ဇာတ်ကားလေးတွေ ရှိတယ်။ နာရေးဘက်မှာဆိုရင်လည်း မသာပွဲစားလိုမျိုး မလုပ်ကြဖို့ ပညာပေး ကားအတိုတွေ ရှိတယ်။ စည်းကမ်းရှိအောင် ပညာပေးတဲ့ အစီအစဉ်တွေပေါ့လေ။ မင်းသားမင်းသမီး မပါဘူး။ အဲသည်ထဲက အကောင်းဆုံးသရုပ်ဆောင်တဲ့ အသင်းသားတွေ၊ volunteer တွေကို အခုလိုမျိုး ဆုတွေ ချီးမြှင့်မယ်။ ကျန်တဲ့ လုပ်အားပေးတွေကိုလည်း ဆုအသေးလေးတွေ ချီးမြှင့်မယ် အဲလိုမျိုး စဉ်းစားထားတယ်၊ ပြင်ဆင်နေတယ်။ ဒါမှလည်း သူတို့အားရှိမယ်။ တက်ကြွနေမယ်။

မေး။     ။ နောက်တခုပြောချင်တာကတော့ နာရေးကူညီမှုအသင်းရဲ့ ထူးခြားချက်က ရုပ်ရှင်မင်းသား ကျော်သူ ရှိနေတယ်။ အဲသည် လူမှုရေးအသင်းတခုမှာ အသင်းလှုပ်ရှားမှုတွေ၊ အသင်းသားတွေရဲ့ အလုပ်တွေမှာ တခုမဟုတ် တခု creativity  ( အနုပညာဖန်တီးမှု) တွေ ပါနေတယ်။ ဒါကြောင့်လည်း အခြား လူမှုရေးအသင်းတွေ အခြားအသင်းအဖွဲ့တွေက အကိုတို့အသင်းကို အမြဲတမ်း မော့ကြည့်နေရတယ်။ စောင့်ကြည့်နေရတယ်။ မျှော်ကြည့်နေရတယ်လို့ ပြောချင်တယ်။ အကိုက အမြဲတမ်းပြောတယ်၊ ကျနော်က ရုပ်ရှင်အနုပညာရှင်ဘ၀ကို စွန့်လွှတ်လိုက်တယ်။ ကျနော့်ကို အနုပညာဖန်တီးခွင့်တွေကို ပိတ်ပင်လိုက်တယ်။ တကယ်တမ်းပြန်ကြည့်လိုက်ရင် အကိုက လက်ရှိပေးဆပ်မှုတွေကို အနုပညာဖန်တီးမှုတွေနဲ့ creativityတွေနဲ့ ပြည်သူလူထုတွေအတွက် ပေးဆပ်နေတာဖြစ်နေတယ်လေ။ အကိုရဲ့ အနုပညာကို စွန့်လွှတ်လိုက်ရတယ်၊ ပိတ်ပင်ခြင်း ခံလိုက်ရတယ်လို့ မပြောနိုင်ပါဘူး။ အဲလို ပြောရင် အကိုက ဘယ်လို ဖြေမလဲ။

ဖြေ။     ။ ဟုတ်တယ်။ ကျနော်ကိုယ်တိုင်က အနုပညာနဲ့ အုပ်ချုပ်နေရတယ်လို့ ပြောလို့ရပါတယ်။ အရင်တုန်းက ရုပ်ရှင်မင်းသားတုန်းကတော့ ကိုယ်နံမယ်ကြီးဖို့၊ ကိုယ်ပိုက်ဆံရဖို့၊ ကိုယ့်မှာ ပရိသတ်များဖို့ ကိုယ့်အတွက်ချည်းပဲ။ သူတို့တွေက ပရိသတ်ကြီးအတွက် လုပ်နေတာလို့ ပြောရင် လိမ်နေတာ။ ကျနော်အဲလိုပဲ ပြောချင်တယ်။ အခု ဒီမှာကျတော့ အများအတွက် လုပ်နေတာဖြစ်သွားပြီ။ ကိုယ့်မှာ ရထားတဲ့ အနုပညာနဲ့ အများပြည်သူအတွက် အသုံးချနေရာတာ ဖြစ်သွားပြီလို့ ပြောရင် ရပါတယ်။

မေး။     ။ ခုနင်က ပြောသွားတယ်။ နာရေးကူညီမှုအသင်းအနေနဲ့ လူတွေအတွက် ပညာပေးရုပ်သံတွေ ထုတ်လုပ်တယ်။ အဲသည်လိုမျိုး လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ အကြောင်းအကျိုးတွေ သိရှိနားလည်စေဖို့၊ ပြန့်ပွားစေဖို့ ရပ်နီး ရပ်ဝေး လူထုပရိသတ်တွေအတွက် ဘာတွေ ထုတ်လုပ်ဖို့ ရှိသလဲ။ ထုတ်ဝေဖို့ ရှိသလဲ။

ဖြေ။     ။ ကျနော်တို့ အသင်းသားတွေ၊ လုပ်အားပေးတွေရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်ကို စုစည်းပြီးတော့ သူတို့ရေးသားတာတွေ၊ တင်ပြတာတွေကို စာအုပ်စာတမ်းအနေနဲ့ ထုတ်ဝေနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ စာပေလောကထဲက ဆရာတွေ၊ ဆရာမတွေကလည်း ချီးမြှင့်ကြတဲ့ စာမူတွေလည်း ပါမယ်ပေါ့လေ။ ကျနော်တို့ အသင်းသားတွေ၊ လုပ်အားပေးတွေအထဲက ကဗျာတွေ တော်တော်များများ စုထားမိပြီ။ အရင် ၁၀နှစ်ပြည့်တုန်းကလည်း ကျနော်တို့ဆီက စာအုပ်အမှတ်တရ ထုတ်ဖြစ်တာလည်း ရှိပါတယ်။ ဒါတွေ ဆက်လုပ်မှာပါ။ ပြီးတော့ ကြုံကြိုက်လို့ ပြောရလို့ရှိရင် ကျနော်အခု နာရေးပြက္ခဒိန်တခု လုပ်ဖို့ စီစဉ်နေတယ်။ ဒါက ကျနော့်ဖာသာ စိုက်ထုတ်ပြီး လုပ်မှာနော်။ ကျနော့်အဖေကို ကျနော်က သားပြက္ခဒိန်တခု လုပ်ချင်တယ်၊ ငွေထုတ်ပေးပါဆိုပြီး ပြောပြီး လုပ်တာ။ အဲသည်ပြက္ခဒိန်မှာ ဆိုရင် ရက်ရာဇာတွေ ပြဿဒါးတွေ တခုမှ မပါဘူး။ ကျနော်က နိုင်ငံဂုဏ်ဆောင်တဲ့ ကွယ်လွန်သွားပြီးတဲ့ လူပုဂ္ဂိုလ်ကြီးတွေရဲ့ ကွန်လွန်တဲ့ ရက်တွေပဲ ထည့်ပြီးတော့ကို ထုတ်မှာ။ အဲသည်လိုမျိုး ပြင်ဆင်နေတာတွေ ရှိတယ်။

မေး။     ။ ဟုတ်ကဲ့ပါ။ နာရေးကူညီမှုလုပ်နေတဲ့ အသင်းတခု၊ လူအစုအဖွဲ့တခုအနေနဲ့ တပါးသူတွေရဲ့သေခြင်းကို မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ရင်ဆိုင်နေရချိန် တလျောက်လုံးမှာပဲ ကိုကျော်သူတို့တတွေဟာ အဲသည်နာရေးကူညီမှုလုပ်ငန်းတွေကို ကန့်သတ်တာတွေ၊ တားဆီးတာတွေ၊ အရေးယူတာတွေလုပ်ခဲ့တဲ့ အာဏာရှင်စနစ်တွေ၊ အာဏာရှင်စနစ်ရဲ့အလိုတော်ရိတွေကိုလည်း မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်ရင်ဆိုင်ပြီး ကြံ့ကြံ့ခံ ဖြတ်ကျော်ခဲ့ရတယ်။ အဲသည်လိုမျိုး အာဏာရှင်တွေရဲ့ မတရားချုပ်ချယ် နှိပ်ကွပ်မှုတွေကို နီးနီးကပ်ကပ် ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံပေါ့လေ။ အာဏာရှင်စနစ်ဘက်က ရပ်တည်လိုက်ပါသူတွေရဲ့  အတက်အကျတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပါဦး။

ဖြေ။     ။ ကျနော် တခါတလေ မျက်စိလည်သွားတယ်လို့ ပြောရမယ်။ တခါတုန်းက ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီး ဖြစ်တဲ့အချိန် ကျနော် ရုပ်ရှင်အစည်းအရုံးကို ရောက်သွားတယ်။ အဲသည်မှာ ဦးကျော်ဆန်းနဲ့တွေ့တော့ တခြားလူကြီးတွေ ရှိနေတဲ့ကြားကနေ ကျနော့်ဆီကို လာပြီး လက်ဆွဲပြီးတော့ ကိုကျော်သူ ကိုကျော်သူ ခင်ဗျားကို ကျနော်လေးစားတယ်ဗျာ၊ ခင်ဗျားတို့ နာရေးအသင်းအကြောင်းကျနော်တို့ သတင်းစာထဲ ထည့်ပေးမယ်။ အဲလိုပြောခဲ့တဲ့လူက ကျနော်တို့ကို တိုက်ခိုက်တယ်။ ဦးအောင်သိန်းလင်း မြို့တော်ဝန်ဖြစ်တော့ ကျနော့်ကို ခေါ်ပြီးတော့ ပြောတယ်။ ကိုကျော်သူ ခင်ဗျားက ကျနော်တို့ လုပ်ရမယ့်အလုပ်တွေ လုပ်ပေးနေတယ်။ ကျနော် ကျေးဇူးတင်တယ်။ ကျနော်တို့ ဘာတွေလုပ်ပေးရမလဲ ပြောပါလို့ ပြောခဲ့တဲ့သူ။ ပြီးတော့ ကျနော်တို့ကို ဖိနှိပ်တာတွေ တားဆီးတာတွေ လုပ်တော့တာပဲ။ အဲဒါတွေကို ကျနော် နားမလည်နိုင်တော့ဘူး။ အဲသည်တော့ သူတို့ရဲ့ ဘက်ကရောင်းက ညွှန်ကြားမှုတွေ ရှိလို့ပဲလား၊ ဘေးက ပယောဂတွေ ရှိလို့ပဲလား မပြောတတ်တော့ဘူး။ လူတွေက အာဏာရှိပြီးတော့ အာဏာမဲ့သွားတဲ့ ဘ၀ကို ပြောင်းသွားလို့ ဆိုတာကို ထားလိုက်ဦး၊ သူတို့ကို်ယ်တိုင်က ပြောင်းပြောင်းကုန်တာ။ အာဏာရှိတဲ့သူတွေကို်ယ်တိုင်က စိတ်ဓာတ်တွေ ပြောင်းလဲကုန်တာ၊ သဘောထားတွေ ပြောင်းကုန်တာတွေ ဖြစ်ကုန်တာ။ ဒါပေမယ့်လည်း ကျနော်က နာရေးလုပ်နေတာဆိုတော့ ကျနော့်အတွက် မဆန်းတော့ပါဘူး။ သူတို့တွေက သွားတာပဲလေ။

မေး။     ။ အဲသည်တော့ အကို့မှာ အဲသည်လို ရင်ဆိုင်ရတာတွေနဲ့ ပတ်သက်ပြီး ခံနိုင်ရည် ရှိသွားပြီပေါ့။ မထူးဆန်းတော့ဘူးပေါ့။

ဖြေ။     ။ ဟုတ်တယ်။ တဦးပြီး တဦး သွားနေတာကို နေ့စဉ်မြင်နေရတဲ့ အလုပ်ကို လုပ်နေရတဲ့ သူလေ။ ကျော်သူဆိုတာကို သေခြင်းတရားကြီးနဲ့ တွဲမြင်နေရတာ ဆိုတော့ ကျနော့်အတွက်ကတော့ မထူးဆန်းတော့ဘူးလို့ ပြောချင်ပါတယ်။

မေး။     ။ လူမှုရေးအတွက် ပေးဆပ်နေသူတွေမှာ လုပ်အားပေးတွေမှာ ကြောက်စိတ်တွေ နည်းသွားပြီလား။

ဖြေ။     ။ နည်းသင့်သလောက် နည်းသလို၊ ရှိတဲ့အစိတ်အပိုင်းတွေလည်း ရှိနေတုန်းပဲ။ ဥပမာ ကျနော်ခုနကပြောတဲ့ မျက်စိကုဆရာဝန်အဖွဲ့တွေဆိုရင် သူတို့က လက်ရှိအစိုးရ၀န်ထမ်းတွေ ပါတယ်။ သူတို့က ကျနော်တို့ မျက်စိဆေးခန်းမှာ စေတနာ့ဝန်ထမ်းကုပေးတယ်။ ဒါပေမယ့် သူတို့ အထက်က လူကြီးတွေ၊ ဗဟိုကလူတွေကို ခွဲစိတ်ခန်း ခွင့်ပြုချက်ကျဖို့ ကူပြီး မပြောရဲဘူး။ ဘာလို့ဆိုတော့ အထက်က မကြည်လို့ သူတို့တွေ အလုပ်ထိခိုက်မှာကို စိုးရိမ်ရတယ်လေ။ နယ်တွေ ဘာတွေ ပြောင်းခံရမှာကို ကြောက်ရတယ်။ ဒါမျိုးတွေ ရှိနေတုန်းပဲ။

မေး။     ။ မေးချင်တာတခုကတော့ ၁၀နှစ်ကျော် ရေရှည်ရပ်တည်နိုင်အောင် ကြိုးပမ်းနေတဲ့ လူမှုရေးအသင်းအဖွဲ့တခုအနေနဲ့ အတွေ့အကြုံဖြတ်သန်းမှုအရပေါ့လေ၊ အဲသလိုမျိုး ထူထောင်၊ ဖြတ်သန်းရမယ့် ဖြတ်သန်းနေတဲ့ အခြားအဖွဲ့အစည်းတွေအတွက် ဘာများ သင်ခန်းစာယူစရာတွေ ဆင်ခြင်စရာတွေ ရှိတယ်ဆိုတာ ပြောချင်သလဲ။

ဖြေ။     ။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့လေ၊ ဘယ်မှာပဲလုပ်လုပ်၊ ကျနော့်အတွေ့အကြုံအရပြောရရင် လူကြီး လူငယ် ပြဿနာဆိုတာ ရှိတယ်။ ကျနော်ဖွင့်ပေးခဲ့တဲ့ နာရေးကူညီမှုအသင်းတွေ ရှိတယ်။ တချို့အသင်းတွေဆိုရင် စစချင်းမှာ တက်တက်ကြွကြွနဲ့။ နောက် ၄၊ ၅၊ ၆ နှစ်လောက်ကြာတော့ အသင်းက ပျက်သွားပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူကြီး လူငယ် ပြဿနာဖြစ်လို့။ လူကြီးတွေက အရင်းအနှီးတွေ အရှိန်အ၀ါတွေနဲ့ လုပ်ခဲ့တယ်။ လူငယ်တွေက အပင်ပန်းခံပြီး အင်နဲ့ အားနဲ့ လုပ်ခဲ့ကြတယ်။ နောက်တော့ သူတို့အချင်းချင်းမှာ ငါပိုလုပ်ရတယ်၊ သူပိုလုပ်ရတယ်နဲ့ လူကြီး လူငယ်တွေကြားထဲမှာ ပြဿနာတွေဖြစ်ပြီး ကွဲကုန်ရော။ ဒါမျိုးတွေ ရင်ဆိုင်ရတယ်။ ဖြတ်သန်းမှု ပြဿနာတွေရှိတယ်။ လူတန်းစားအလွှာတွေ မတူညီကြတဲ့အတွက် လူတန်းစားတွေအချင်းချင်းမှာလည်း နားလည်မှုပြဿနာတွေ ဖြစ်တာတွေ ရှိတယ်။ ကျနော်တို့ဆီမှာလည်း ဖြစ်ဖူးတယ်။ ပညာတတ်အသိုင်းအ၀ိုင်းတခုက ၀င်လာပြီးတော့ သူတို့က အုပ်ချုပ်မှုအပိုင်းတွေ၊ ဈာပနာအပိုင်းတွေမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လို စီမံရမယ်ဆိုတာမျိုးတွေ သင်တန်းပေးတာမျိုးတွေ လုပ်မယ်ပြောလာတယ်။ ကျနော်တို့ကတော့ လက်တွေ့မှာ ကိုယ်တိုင် အလောင်း ဘယ်နှလောင်း ထမ်းဖူးသလဲလို့ မေးလိုက်တယ်။ ပညာရှင်တွေက သီအိုရီတွေ၊ စာတွေ့တွေကို လုပ်ငန်းခွင်တွေထဲကို ပုံစံသွင်းချင်ကြတယ်။ ဒါပေမယ့် လူမှုရေးလုပ်ငန်းဆိုတာကလည်း နေရာတကာကို စာတွေ့ချည်းနဲ့ ချိန်ထိုးလို့ မရဘူး၊ လက်တွေ့ကိုယ်တိုင် ဆင်းပြီးမှ အကောင်အထည်ဖော်ရတာကို နားလည်ရမယ်။ လူကြီးတွေကလည်း အတွေ့အကြုံတွေ၊ ရင့်ကျက်မှုတွေနဲ့ ရင်းနှီးခဲ့ကြတယ်။ လူငယ်တွေကလည်း သစ်လွင်တဲ့ အင်အားတွေ စွန့်လွှတ်စွန့်စားမှုတွေနဲ့ ပေးဆပ်လိုကြတယ်။ အဲဒီဟာကို ယှဉ်တွဲပြီး သွားနိုင်ရမယ်လို့ ပြောချင်တယ်။

မေး။     ။ အဲသည်လိုမျိုးပေါ့လေ သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာတွေမှာ ကို်ယ့်အတွင်းထဲကိုပဲ ကိုယ်ကြည့်ပြီး ပြင်ဆင်တာတွေ၊ သတိထားတာတွေနဲ့တင် ပြီးရောလား၊ အပြင်က အနှောက်အယှက် အဖျက်အမှောင့်တွေကိုကော ကျနော်တို့တွေက အသင်းအဖွဲ့တွေအနေနဲ့၊ အသင်းသားတွေအနေနဲ့ သတိထားစရာ ဘာရှိတယ်လို့  ပြောချင်သလဲ။

ဖြေ။     ။ အသင်းအဖွဲ့တွေ၊ လုပ်ငန်းတွေ ဖြစ်ထွန်းလာတယ်၊ အောင်မြင်လာတယ်ဆိုရင် ပြင်ပကနေပြီးတော့ အနှောက်အယှက်တွေ၊ အတိုက်အခိုက်တွေ ရင်ဆိုင်ရတာကတော့ မဆန်းပါဘူး။ ထုံးစံပါပဲ။ အဲသည်ထဲမှာ ကျနော် ခုခေတ်နဲ့ ဆက်စပ်ပြီး ပြောချင်တာတခုကတော့ မိမိကိုယ်ကျိုးစီးပွား အမြတ်အစွန်းကိုပဲ ကြည့်ပြီး ကျနော်တို့တတွေကို သွေးခွဲ သပ်လျိုတာတွေ အမြတ်ထုတ်တာတွေလုပ်တဲ့ ခရိုနီတွေရဲ့ ဒဏ်တွေကို ရင်ဆိုင်နိုင်ဖို့ပါပဲ။ အဲသည်လူတွေဟာ လွှတ်တော်ထဲလည်းဝင်မှာပဲ။ ပါတီတွေထဲလည်း  ၀င်မှာပဲ။ စီးပွားရေးထဲမှာလည်း ခရိုနီတွေ ၀င်တာပဲ။ အဆိုးဆုံးကတော့ လူမှုရေးနယ်ပယ်ထဲကို ၀င်တာပဲ။ ဒါတွေကို ကျနော်တို့က ကြံ့ကြံ့ခံနိုင်ဖို့ လိုပါတယ်။ သူတို့တွေ ၀င်လာရင် အဲသည်အသင်းအဖွဲ့တွေ ပြိုကွဲမှာ၊ ဖဲ့ထုတ်ခံရမှာကို ကျနော်တို့တွေက ခံနိုင်ရမယ်။ ရင်ဆိုင်ရမယ်။ အခုလိုအချိန်မှာ ပိုပြီးတော့ ဒါတွေကို ခံနိုင်ရည်ရှိဖို့ အရေးကြီးတယ်လို့ ပြောချင်တယ်။

မေး။     ။ အစိုးရတရပ်ဟာ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်နေတယ်ဆိုတာကို  အကိုတို့ ဘယ်လိုမျိုး တိုင်းတာမလဲ။ အခုအချိန်ကနေပြီးတော့ လာမယ့် ၂၀၁၅ အချိန်အထိ ဘယ်လိုမျိုး တွေးထင်ထားတာမျိုး ရှိသလဲ။

ဖြေ။     ။ ကျနော် ရေးခဲ့ဖူးတဲ့ စာရှိတယ်။ ကျနော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဆိုပြီးတော့ပေါ့။ အဲသည်မှာ ကျနော်ပြောခဲ့တယ်။ အခုအချိန်မှာ ကျနော့်အနေနဲ့ကတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ဆက်ပြီး တာဝန်ကျေအောင် ဆက်လုပ်နေဦးမှာပဲ။ အရင်အစိုးရတုန်းကလည်း ကျနော်တို့တွေက အလောင်းတွေ ကောက်ပြီး အသုဘချပေးနေခဲ့တာပဲ။ အခုလည်း ကျနော်တို့ ဆက်ပြီး မသာချတဲ့အလုပ် ဆက်လုပ်နေတာပဲ။ ကျနော်တို့ကတော့ လက်ရှိ အသုဘချနေရတဲ့ အသုဘအလောင်းအရေအတွက်နဲ့ပဲ အစိုးရကို တိုင်းတာချင်တယ်။ တိုင်းပြည်တပြည်မှာ နေ့စဉ် ချပေးနေရတဲ့ ဆင်းရဲလို့ မွဲတေလို့၊ ကျန်မားရေးစောင့်ရှောက်မှု မရှိလို့ သေကုန်ကြတဲ့ မသာအရေအတွက်တွေ တိုးနေရင်တော့ ဒီအစိုးရက မဟုတ်သေးဘူး။ ကျနော်တို့လုပ်နေတဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေမှာ အကူအညီ အကာအကွယ်မဲ့သူတွေ ဒုက္ခသည်တွေများနေတယ် … ဆက်ပြီး ကူညီပေးနေရတုန်းပဲလား ဆိုတာမျိုးနဲ့ပဲ အစိုးရတရပ်ရဲ့ အရည်အချင်းကို တိုင်းတာရမှာဖြစ်ပါတယ်။

မေး။     ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ကိုကျော်သူ။

(ဓာတ်ပုံများ – မိုးမခ၊ ကိုကျော်သူ၏ အမှတ်တရလက်ရေးများ၊ ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများအတွက် အမှတ်တရ ရေးသည့်စာ နှင့် မိုးမခမီဒီယာ ၀ိုင်းတော်သားများအတွက် အမှတ်တရရေးသည့်စာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အင်တာဗျူး, ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်