မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့်တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) (Wai Moe, Maw Kun)

October 24, 2012

by Yangon Press International on Monday, 22 October 2012 at 00:37 ·

ဘာတီးလင့်တ်နာ

ဝေမိုးတွေ့မေးသည်။

အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့  ပြည်နယ်ရရှိ ဖို့…

(မော်ကွန်းမဂ္ဂဇင်းအမှတ်(၂)တွင်ပါရှိသော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ယခုလမော်ကွန်းမဂ္ဂဇင်းတွင် တိုင်းရင်းသားရေးရာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စသည်တို့နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

          လင့်တ်နာသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး နှစ်ပေါင်း များစွာ ရေးသားခဲ့သူဖြစ်ပြီး အာရှဒေသ၏ သြဇာတိက္ကမကြီး မားခဲ့သော Far Eastern Economic Review ၏ ပင်တိုင် ဆောင်းပါးရှင်လည်းဖြစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်မှ ၈၇ အထိ သူ၏ ရှမ်းတိုင်းရင်းသူဇနီးသည်နှင့်အတူ မြန်မာပြည်တွင်းသို့ အိန္ဒိယ ဘက်မှဝင်ရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင်နေထိုင်ကာ တိုင်းရင်းသားအရေး လေ့လာပြုစုနေသူ ဖြစ်သည်။

          ဆွီဒင်လူမျိုး သတင်းစာဆရာတစ်ယောက် ဖြစ်သည့် လင့်တ်နာသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စာအုပ်ရှစ်အုပ် ထက်မနည်း ရေးသားခဲ့ပြီး ၎င်းင်း၏ နောက်ဆုံးထုတ်စာအုပ်များ မှာ Aung San Suu Kyi and Burma’s Struggle for Democracy ဖြစ်ပါသည်။ မကြာသေးမီက ၎င်းအား မြန်မာအစိုးရက အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း ယခုအချိန်ထိ ပြည်ဝင်ခွင့်ဗီဇာမရရှိသေးဟုဆိုပါသည်။ (ယခုအင်တာဗျူးကို ပုံနှိပ်နေချိန်တွင် ဘာတီးလင့်တ်နာဗီဇာရရှိခဲ့သဖြင့် အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။)

          တွေ့ဆုံမေးမြန်းသူ ဝေမိုးသည် ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် ဧရာဝတီသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ အလွတ်တန်း သတင်းစာဆရာ အဖြစ် ရပ်တည်နေသူဖြစ်ကာ လင့်တ်နာအား မေလ ဒုတိယပတ်အတွင်းက ချင်းမိုင်မြို့ တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

MAWKUN:     မြန်မာပြည်က တိုင်းရင်းသားပြဿနာတွေဟာ အင်မတန်ရှုပ်ထွေးပြီး ကိုင်တွယ်ရခက်ခဲပါတယ်။ အမြင်တွေ လည်း  တော်တော်လေး ကွဲပြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

LINTNER: ဟုတ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိနေပါ တယ်။ သဘောတူညီ လက်ခံမှုလည်း မရှိကြပါဘူး။ အဲဒီအထဲက တစ်ခုက ဘာလဲဆိုရင် လူနည်းစုတိုင်းရင်းသား အုပ်စုတွေက ၁၉၆၂ ခုနှစ်မတိုင်မီကာလရဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆီကို ပြန်သွားချင်ကြတာပဲဖြစ်ပါတယ်။

          အဲဒီစနစ်မှာ တိုင်းနယ်ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေရှိကြတယ်။ မြန်မာနိုင်ငံဟာ  လွတ်လပ်ရေးရပြီးတဲ့နောက် ဖက်ဒရယ်မူကို ကျင့်သုံးခဲ့တယ်။ ၁၉၆၂ ခုနှစ်အထိပေါ့။ အဲဒီ နောက် ဗဟိုချုပ်ကိုင်တဲ့စနစ်ဖြစ်လာတယ်။ ဖက်ဒရယ် ပျောက်သွားတယ်။

          ဒီနှစ်ပိုင်းတွေထဲမှာ စစ်တပ်ဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပတ်သက်လို့ (အမျိုးသား) ညီလာခံတစ်ခုလုပ်ခဲ့တယ်။ ဖက်ဒရယ်ကို လက်မခံဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြီးတဲ့ နောက်မှာလည်း အများစု သဘောတူညီမှုတွေမရ ရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ လူနည်းစု လက်နက်ကိုင်အဖွဲ့ တွေက ဒီအခြေခံဥပဒေကို လက်မခံခဲ့ကြဘူးလေ။

          ဥပမာ-  ပြည်နယ်ကို ကြည့်ပါ။ အပစ်အခတ်ရပ်ခဲ့တာ ၁၇ နှစ်ကြာခဲ့တယ်။ ဘယ်သူမှ သူတို့လိုချင်တဲ့ လိုက်လျောမှု တွေ၊ အခွင့်အရေးတွေ မရခဲ့ကြဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲတာ ပျက်ပြယ်သွားတယ်။ အခြားတိုင်းရင်းသား လက်နက် ကိုင်တွေနဲ့လည်း ဒီသဘောမျိုးပါပဲ။

          ဒါက ပြဿနာဖြစ်နေရတဲ့ ရှုထောင့်တစ်ခုပေါ့။ နောက် တစ်ခုက အယူအဆအမျိုးမျိုးကွဲပြားနေတာပါပဲ။ ပါဝင်တဲ့သူ တွေကလည်း အမျိုးမျိုးကွဲပြားတယ်။ တွေးခေါ်ပုံတွေ မတူကြ ဘူး။ ပြီးတော့ ကိုယ်စားပြုတွေက ကွဲပြားတယ်။ လူနည်းစု တိုင်းရင်းသားတွေကို လက်ခံဖို့နေရာမှာ ကွဲပြားနေကြတယ်။

          ကချင်လွတ်လပ်ရေးအဖွဲ့တို့၊ ရှမ်းပြည်တပ်မတော်၊ ကရင် အမျိုးသား အစည်းအရုံးတို့ဟာ သူတို့တိုင်းရင်းသား လူမျိုးစု အရေးကို သူတို့ထိန်းချုပ်နယ်မြေမှာ လုပ်နေကြသလို  စစ်တပ် ကလဲ သူတို့ပုံစံနဲ့သူတို့ ဖြေရှင်းဖို့လုပ်နေတယ်။ အဲဒါကတော့ ဒေသဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို တိုင်းရင်းသားတွေ ခန့်လိုက်တာပါပဲ။ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ မပတ်သက်တဲ့  ကချင်တစ်ယောက်ကို ၀န်ကြီးချုပ်ခန့်သလိုပေါ့။ ဒီလိုနဲ့ အာဏာကို တရားဝင်အောင် တည်ဆောက်တယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဦးတည်ချက်တွေကိုလည်း ပျက်ပြယ်စေမယ်ပေါ့။

          ဒါပေမဲ့ လက်ရှိအနေအထားက ဒီလူတွေ (၀န်ကြီးချုပ် တွေ) အားလုံးဟာ အပေါ်ကချုပ်ကိုင်မှုတွေအောက်မှာပဲ အလုပ် လုပ်နေကြရတာပဲ ဖြစ်ပါတယ်။

MAWKUN:   ကချင်နဲ့ပတ်သက်တာတွေ ခင်ဗျားရေးသား ခဲ့တယ်။ ကျောက်စိမ်းမြေဆိုတဲ့ စာအုပ်လည်း ထုတ်ခဲ့တယ်။ ကချင်အရေးကို ခင်ဗျားဘယ်လိုမြင်လဲ။ ဘာကြောင့်လဲဆိုတော့ အစိုးရက အခုငြိမ်းချမ်းရေးကော်မတီသစ်ဖွဲ့ထားတယ်။ ဒါက ကချင်ကိုရည်ရွယ်တာမျိုးလို့ ယူဆတယ်။

LINTNER: ဒါဟာ (လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ) တစ်ဖွဲ့ချင်းလိုက်သဘောမျိုးပါပဲ။ အောက်ခြေမှာတော့ အမျိုးမျိုးတွေဖြစ်နေတယ်လို့ပြောနိုင်တယ်။ ရှမ်းပြည်နယ်မှာလည်း ရှမ်း ပြည်တောင်ပိုင်းနဲ့ လုပ်နေတာရှိတယ်။ ကချင်ကိစ္စမှာတော့ ကြည့်ရမယ့် ရှုထောင့်တွေကများတယ်။ အရင်က အပစ်အခတ် ရပ်စဲထားတယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာ နေ့စဉ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် စစ်တပ်ဘက်က ငြိမ်းချမ်း ရေးလုပ်လိုတဲ့ ဆန္ဒမရှိဘူး။

          ဘာကြောင့်လဲဆိုရင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးကို အဓိပ္ပာယ်ဖွင့်ဆိုပုံက တခြားသူတွေနဲ့ မတူဘူး။ အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့  ပြည်နယ်ရရှိ ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်လာခဲ့တာ ဆယ်စုနှစ်နဲ့ချီ နေပြီ။  ဒါကြောင့် အခြေခံကျကျ  ဘုံသဘောတူညီမှုမရနိုင်ကြဘူး။

          ဒါကြောင့် အခြေအနေက ပိုခက်ခဲတယ်။ ပိုခက်ခဲနိုင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားက ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ကြတဲ့ အဖွဲ့တွေအများအပြား ပါဝင်နေမှု ကြောင့်ပါပဲ။   လူတိုင်းက မြန်မာပြည်ကိုသွားပြီး ဒီပြဿနာကို ဖြေရှင်းချင်ကြတယ်။ သူတို့က အပစ်အခတ်ရပ်စဲဖို့ ကိစ္စကလွဲရင် ဘာမှမသိဘူး။

          သိပ်မကြာသေးခင်က နော်ဝေအစိုးရက ငြိမ်းချမ်းရေး ရန်ပုံငွေဆိုတာ တည်ထောင်တယ်။ အဲဒီမှာ NGOs တွေကပါ လာပြီး ငြိမ်းချမ်းရေး အဆိုပြုလွှာတွေကို တင်ကြတယ်။ သူတိုရဲ့ ငြိမ်းချမ်းရေး အယူအဆအသစ်ကို လာရောင်းကြတယ်။ ဒီလို အခြေအနေအရ သူတို့ကို ကျွန်တော်က ငြိမ်းချမ်းရေးကုန်သည်တွေလို့ခေါ်ချင်တယ်။ သူတို့လုပ်နေပုံတွေက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ ခဏလောက်အော်ပြီး ထွက်သွားမယ့်လူတွေပါ ပဲ။ တကယ်တမ်းမှာ မြန်မာပြည်သူတွေ တကယ်ကြုံတွေ့ခံစား နေရတာတွေကို သိပ်ထည့်တွက်ပုံမရပါဘူး။

          ဥပမာအားဖြင့် နော်ဝေရဲ့ ငြိမ်းချမ်းရေးအဆိုပြုလွှာကို လေ့လာနိုင်ပါတယ်။ ဒီအဆိုပြုလွှာဟာ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးလောက်ပဲ အဓိကထားနေတဲ့ သဘောဖြစ်နေပါတယ်။ ဒီထဲမှာ မြေမြှုပ်မိုင်းဖျက်သိမ်းဖို့ဆိုတဲ့ အချက် တစ်ချက်ပါတယ်။ ဒါဟာ တိုင်းရင်းသားလူနည်းစုအဖွဲ့ တွေရဲ့ ခံစစ်ကြောင်းကိုဖြုတ်တဲ့သဘောလောက်ပဲ ဖြစ်နေတယ်။ ဒါကြောင့် အလုပ်မဖြစ်နိုင်ပါဘူး။ ဒီလိုနိုင်ငံခြား NGO တွေနဲ့  အစိုးရတွေဟာ၊ ဥပမာအားဖြင့် နော်ဝေရဲ့ဟာပေါ့။ အလုပ် မဖြစ်ပါဘူး။ သူတို့က တိုင်းရင်းသား ပြဿနာကြီးထွားပေါက်ကွဲ ထွက်လာတဲ့ဟာကို သဘောမပေါက်ကြဘူး။

          ဘာကြောင့် ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေရတာလဲဆိုတာ သူတို့လုံးဝနားမလည်ကြဘူး။ သူတို့ရဲ့အဖြေရှာမှုက စာရွက်ပေါ်မှာအမြင်လှဖို့ပဲရှိနေတယ်။ ကျွန်တော့်အမြင် ဒါဟာ ပိုဆိုးတယ်လို့မြင်တယ်။ အဲဒီမှာ အတွေ့အကြုံမရှိတဲ့ အကြံပေးတွေ၊ စာရေးဆရာတွေ၊ စေ့စပ်ရေးမှူးတွေ ပါဝင်ပတ်သက်နေတယ်။ သူတို့ ဘာတွေလုပ်၊ ဘာတွေပြောနေတယ်ဆိုတာ ဘယ်သူတွေ နဲ့  စကားပြောနေတယ်ဆိုတာ နားမလည်နိုင်သလောက်ပါပဲ။

MAWKUN:     ဒါဆိုခင်ဗျားက နော်ဝေငြိမ်းချမ်းရေး အဆို တင်သွင်းတဲ့ အဖွဲ့မျိုးကို ရည်ညွှန်းချင်တာပေါ့။ သူတို့က အဲဒီလိုပုံစံမျိုးကို ပိုပြီးတော့ပြောကြတယ်။ အဲဒီအကြောင်းကို နည်းနည်းထပ်ပြီး ရှင်းပြပေးပါဦး။ ပြီးတော့ခင်ဗျားရဲ့ ရှုမြင်ချက်ကဘယ်လိုရှိသလဲ။

LINTNER:          သူတို့က အချိန်ဖြုန်းတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တစ်ခုကို ထူထောင်လိုက်တာပဲ။ လူတိုင်းဆီကငွေကို တောင်းခံနေတယ်။ ကုလသမဂ္ဂအရာရှိ အားလုံးကိုခေါ်မယ်။

          ၂၀၀၇ မှာ နှင်ထုတ်ခံရတဲ့ ချားလ်စ်ပတ်ထရီ (Charles Petrie) (၂၀၀၃ ကနေ နှင်ထုတ်မခံရမီအချိန်ထိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်လုပ်သွားသူ) ဟာ မြန်မာပြည်မှာ ဘာဖြစ်နေသလဲဆိုတာကို တော်တော့်ကို မမြင်တတ်လွန်းတဲ့သူဖြစ်တယ်။ သူပြောဖူးတာ တစ်ခုရှိတယ်။ သူက သံဃာ့လှုပ်ရှားမှုဟာ အဓိပ္ပာယ်မရှိဘူး။ အရေးမကြီးဘူး။ လက်မခံနိုင် ဘူးလို့ဆိုတယ်။ ဒါပေမဲ့ မြန်မာပြည်ကလူတွေရဲ့ နေထိုင်မှုဘ၀ ဟာ အလွန်ဆိုးရွားလာနေပြီဖြစ်လို့၊ တချို့လူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြကြတာလို့ သူပြောလိုက်တာမှာ သူမှားသွားတယ် ပေါ့ဗျာ။

          သူက မြန်မာပြည်အကြောင်းကို ဘာမှမသိတဲ့သူပါ။ သူ လုပ်ခဲ့တာက တွေ့ဆုံဆွေးနွေးမှုတစ်မျိုးထက် မပိုပါဘူး။ ဒါမျိုး တွေကလည်း လုပ်ခဲ့ကြပြီးပါပြီ။ သူတို့တွေက မြန်မာပြည်ဟာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ ပုံစံမျိုးသွားမလား၊ ဖက်ဒရယ် ပြည်ထောင်စုကို သွားမလား ဆိုတာကိုပဲ ထပ်ဆွေးနွေးနေတယ်။ ဒါပေမဲ့ ဒီလိုအဆိုပြုလွှာတွေဟာ အဓိကပြဿနာဖြစ်တဲ့  ၂၀၀၈ အခြေခံဥပဒေကိုတောင် ရည်òန်းပြောတာ မရှိပါဘူး။ ဒါဟာ အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို အကြောင်းပြပြီး စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို အင်အားသုံးလာခြင်းဖြစ်ပါတယ်။

          နောက်ဆုံးမှာတော့ သူတို့ရဲ့အဆိုပြုလွှာဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အုပ်စုတွေကို လက်နက်ချဖို့ တောင်းဆိုနေ တာထက် သိပ်မပိုလှပါဘူး။ ဒါက အစိုးရကလိုချင်နေတာနဲ့ တစ်ထပ်တည်းကျနေတာပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက် ခံတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ အာဏာသိမ်းမှုနောက် ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ စခဲ့ပါတယ်။

          ၁၉၆၃၊ ၁၉၆၄ ကာလတွေကပေါ့။ ကချင်နဲ့  အစိုးရကြားက စကားပြောမှုကတော့  ၁၉၈၀ မှာ ပထမဆုံးအကြိမ်။ အဲဒီအချိန် က ကေအိုင်အိုဥက္ကဋ္ဌ ဘရန်ဆိုင်း ရန်ကုန်အထိသွားပြီး ဗိုလ်ချုပ် နေ၀င်းနဲ့တွေ့တယ်။ အဲဒီဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပေးခဲ့တာပါ။

          တရုတ်အစိုးရက မြန်မာပြည်အရေးမှာ နော်ဝေနိုင်ငံထက်    သြဇာသက်ရောက်မှု အများကြီးရှိတယ်။ ဒါပေမဲ့လည်း ဆွေးနွေး ညှိနှိုင်းပွဲက မအောင်မြင်ခဲ့ပါဘူး။ အမြင်ကွဲပြားမှုတွေကြောင့် မညှိနှိုင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ အဲဒါတော့ တစ်ဖက်က ဗဟိုချုပ် ကိုင်တဲ့နိုင်ငံအနေနဲ့ သွားချင်တယ်။ တစ်ဖက်က ဖက်ဒရယ် ပြည် ထောင်စုအနေနဲ့ သွားချင်တယ်။  ခေါင်းဆောင်တွေက သူတို့ကို တပ်ရုတ်သိမ်းလိုက်ပြီး  အိမ်ပြန်ကြဖို့ပဲပြောနေကြတယ်။ ဒါက ပိုဆိုးသွားပါတယ်။ ဘာမှ မထူးခြားဘူး။ ဒါပမဲ့ တချို့တွေက ငွေတွေ အများကြီးရလိုက်ကြတယ်။ ကျွန်တော်ပြောခဲ့သလို  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းစဉ် ဖြစ်လာတယ်။

MAWKUN: အစိုးရဘက်က စေ့စပ်ညှိနှိုင်းရေးမှူး ဦးအောင်မင်းနဲ့ နော်ဝေအဖွဲ့က ဖွံ့ဖြိုးတိုက်တက်မှု စီမံကိန်းတွေ အဲဒီဒေသမှာ လုပ်ပေးဖို့ ပြောနေကြတယ်။ တိုးတက်မှုတွေ ရှိလာရင် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ်လို့ မြင်ကြ တယ်။ ခင်ဗျားအမြင်ရော ဘယ်လိုလဲ။

LINTNER:          အဲဒီလို မဟုတ်ဘူးဗျ၊ သူတို့တိုက်ပွဲဝင်နေတာ နောက်ထပ်ကျောင်းတွေ ဆေးရုံတွေ၊ လမ်းတွေ ရလာဖို့ မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းနေကြတာပါ။ တံတားတွေ၊ လမ်းတွေဆောက်ပြလည်း ထူးမှာမဟုတ်ပါဘူး။ အဲဒီလူတွေက  သူတို့မှာ သီးခြားကိုယ်ပိုင်အမှတ်အသားတစ်ခုရှိပါတယ်ဆိုတာကို သိတယ်။ ဒါကို လိုချင်တယ်။ သူတို့ရဲ့ ရပိုင်ခွင့် တွေ သီးခြားအမှတ်အသား ကိုယ်ပိုင်ဝိသေသ ရှိနေတာကို  အသိအမှတ်ပြုစေချင်တယ်။

          ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ကြမယ်။ အဲဒီရွေးကောက်ပွဲ ဟာ တရားမျှတမှု၊ လွတ်လပ်မှုရှိတယ်။ NLD က နေရာအများစုမှာ အောင်ပွဲခံခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ရဲ့ အမတ်နေရာ တော်တော်များများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာ အများအပြားရတယ်။ ရခိုင်မှာဆိုရင်လဲ ရခိုင်ပါတီ တွေ အနိုင်ရခဲ့ကြပါတယ်။ ဒါကိုကြည့်ရင် သူတို့မှာ ထိန်းသိမ်း ကာကွယ်ရမယ့် သီးခြားကိုယ်ပိုင်ဝိသေသ ရှိတယ်ဆိုတာ တွေ့ရတယ်။ မြန်မာပြည် တိုင်းရင်းသားညီညွတ်မှုရရှိရေး ဘယ်လို တည်ဆောက်မလဲဆိုတဲ့ မေးခွန်းဟောင်းကြီး ထပ်ပြီးထင်ဟပ် ပြနေတယ်။

          ကျောင်းတွေ ထပ်ဆောက်မယ်ဆိုရင်လည်း မြန်မာစာ တွေကိုပဲ တိုင်းရင်းသားနယ်တွေမှာ သင်ခိုင်းတဲ့ အခြေအနေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးအစီအစဉ်ကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်ကိုမှဦးတည်နိုင်မှာ မဟုတ်ပါဘူး။  ဒေသအတွင်းဖွံ့ဖြိုးအောင်လုပ်ပါလို့ အကြံပေးရတာ အလွန် လွယ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ဆိုတဲ့ ယုံကြည်ချက်ကတော့ သီးခြားအကြောင်းတစ်ခုပါ။ အရှေ့တီ မောကို ဥပမာအဖြစ်ကြည့်လိုက်ပါ။ အရှေ့တီမောဟာ ၁၉၇၅ ခုနှစ်မှာ လွတ်လပ်ရေးတောင်းတယ်။ ပေါ်တူဂီကိုလိုနီအောက် မှာ နှစ်ပေါင်းရာနဲ့ချီပြီးနေခဲ့ရတယ်။ ကိုလိုနီစနစ်က သူတို့ကို လျစ်လျူရှုထားခဲ့တယ်။

          နောက်နှစ် ၁၉၇၆ ခုနှစ်မှာ အင်ဒိုနီးရှားက အရှေ့တီမောကို သိမ်းယူခဲ့တယ်။ အရှေ့တီမောမှာ အဲဒီအချိန် စာမတတ်သူ ၉၀ ရာခိုင်နှုန်းရှိတယ်။ အင်ဒိုနီးရှားအုပ်ချုပ်တဲ့ ၂၅ နှစ်အတွင်းမှာ စာမတတ်မြောက်သူ အတော်နည်းသွားတယ်။ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံတွေအများကြီးကို ဆောက်ပေးခဲ့တယ်။ ဒါပေမဲ့ အရှေ့တီမောရဲ့ ၈၀ ရာခိုင်နှုန်းက လွတ်လပ်ရေးကို တောင်းဆို နေဆဲပါပဲ။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွေ ရှိလာရုံနဲ့ လူတွေရဲ့ စိတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာတွေ့ရတယ်။

MAWKUN: တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အစိုးရရဲ့  ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အရေးယူပြီးတဲ့ နောက် ပိုင်းမှာ တိကျတဲ့လူဆိုပြီးမရှိခဲ့ဘူး။ နောက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ သူလည်း တိုင်းရင်းသားတွေ နဲ့ အောင်မြင်အောင် ညှိနှိုင်းမှု မလုပ်နိုင်ခဲ့ဘူး။ ဦးသိန်းစိန် သမ္မတ ဖြစ်ပြီးနောက်ပိုင်း ဦးအောင်သောင်း၊ ဦးအောင်မင်း  အစရှိတဲ့ သူတွေကို တာဝန်ပေးခဲ့တယ်။ ဒါတွေနဲ့  ပတ်သက်လို့  ဘယ်လို သုံးသပ်မိလဲ။

LINTNER:          ဒီလိုအဖွဲ့ ခွဲထားတဲ့ သူတို့ရဲ့ နောက်ဆုံးပန်း တိုင်က ဘာလဲဆိုတာကြည့်လိုက်ပါ။ ဦးအောင်သောင်း ဒါမှ မဟုတ် ဦးအောင်မင်းတို့က တာဝန်ယူတာ အရေးမကြီးပါဘူး။ အစိုးရဘက်က စေ့စပ်ရေးမှူးတွေ ရည်မှန်းချက်က ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အားလုံးရောက်လာဖို့ပဲ။ အဲဒီရဲ့အဓိပ္ပာယ် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို  အပြီးသတ်ချေမှုန်း တဲ့ သဘောပါပဲ။ အစိုးရကနည်းမျိုးစုံနဲ့ ပြိုင်ဘက်တွေကို ရှင်းနိုင် တယ်။ ဆွေးနွေးလိုက်၊ တိုက်လိုက်။ တိုက်လိုက်၊ ဆွေးနွေးလိုက် ပေါ့။ ဒါပေမဲ့ ဦးအောင်မင်းဖြစ်ဖြစ်၊ ဦးအောင်သောင်းဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ အခြေခံဥပဒေကို အတူတူပြောင်းကြရအောင်လို့ပြောမယ့်ပုံ မတွေ့ ရသေးပါဘူး။

          သူတို့စိတ်ထဲမှာ ပြည်နယ်အစိုးရသစ်ဟာ ပြည်နယ်လူထု ကို ကိုယ်စားပြုနေပြီ။ တစ်ဖက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖယ်ထုတ်ထားမယ်။ လက်နက်ကိုင်အုပ်စုတွေကို ချေဖျက်ပစ်ရမယ်။ တစ်ဖက်မှာ လက်နက်ကိုင်အဖွဲ့တွေက ဒါကို လက်မခံကြဘူး။ ဒီလို အခြေအနေတွေကြောင့် ဘုံသဘောတူညီ မှု မရနိုင်ဘူးပေါ့။

MAWKUN:        ဒါဆို ခင်ဗျားဆိုလိုချင်တာက အစိုးရက  ငြိမ်းချမ်းရေးစကားပွဲတွေလုပ်ပြီး အချိန်ဝယ်နေတယ်လို့ ပြောချင်တာလား။

LINTNER:          ဟုတ်ပါတယ်။ အခုဖြစ်နေတာက သေနတ် မိုးထားတဲ့ စကားဝိုင်းလိုဖြစ်နေတယ်။ သူတို့ရဲ့တာဝန်က လက် နက်ကိုင် အုပ်စုတွေကိုအဆုံးသတ်ပြီး နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ အစိုးရကပြောတဲ့ ဥပဒေဘောင် အတွင်းဝင်လာဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ စိတ်ကြိုက်ရွေးထား တဲ့  ပြည်နယ်အစိုးရတွေရှိတယ်။ ဒါကြောင့် အစိုးရက နိုင်ငံရေး အရ ဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေကို ယုံယုံကြည်ကြည် မလုပ် သေးဘူးလို့  ဆိုရမယ်။

MAWKUN: မကြာသေးခင်က ဦးအောင်မင်း နော်ဝေ၊ ဆွစ်ဇာလန်တို့ကိုသွားတယ်။ သူတို့ပြန်လာတော့ ဦးသိန်းစိန် အစိုးရက ငြိမ်းချမ်းရေးကော်မတီသစ်တစ်ခုဖွဲ့တယ်။ ဒါဟာ နော်ဝေဖိအားလို့ ပြောနိုင်မလား။

LINTNER:          မဟုတ်ဘူးဗျ။ ဒါက ကစားပွဲတစ်ခု၊ လှည့် ကွက်တစ်ခုပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြောင်းချင် ပြောင်းမယ်။ သူတိုရဲ့ အဆုံးစွန်ရည်မှန်းချက်ကတော့ ပြောင်း လဲမှာ၊ စွန့်လွှတ်မှာမဟုတ်ပါဘူး။ လက်နက်ကိုင်အုပ်စုတွေကို ချေမှုန်းပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းဖို့ပါပဲ။

MAWKUN: နိုင်ငံတကာ၊ ဥပမာ-နော်ဝေတို့ရဲ့ ပါဝင် ပတ်သက်မှုတွေရော ဘာထပ်ပြောချင်သေးလဲ။ ငြိမ်းချမ်းရေး ရနိုင်မလား။

LINTNER: ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲဗျာ။ အခုအထိ အခြေခံပြဿနာရပ်တွေကို ထည့်ပြီးမဆွေးနွေးသေးဘူး။ ဖက်ဒရယ် စနစ်ရှိရမယ့်အစား ဗဟိုချုပ်ကိုင်မှုစနစ်ကို ပထမအဆင့်မှာ ဆက်ထားနေသေးတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရှိနေတယ်လို့ ယုံကြည်တာဟာ ရူးနှမ်းတဲ့ကိစ္စပဲ။ တကယ့်အမှန်က အဲဒီလိုမဟုတ်ပါဘူး။ အစိုးရက အလွန်ကို သိမ်မွေ့တဲ့ ကစားနည်းတစ်မျိုးကို ကစားနေတာပါ။ လေးနက်တဲ့ တစ်စုံတစ်ရာ ဖြစ်နေပြီလို့ နို်င်ငံခြားသားတွေ ယုံကြည်အောင် လုပ်ပြနေကြတာပါ။ လက်နက်ကိုင်အုပ်စုတွေကတော့ သူတို့ကို ဖိအားပေး လှုပ်ရှားနေတာ ပဲလို့သိကြတယ်။

MAWKUN:        ဒါဆို တစ်ခုမေးချင်တာက SSA- South (ရှမ်းပြည်တပ်မတော် – တောင်ပိုင်း) တို့၊ KNU တို့က အခု တလော ဦးအောင်မင်းနဲ့ သဘောတူလက်မှတ်ထိုးဖို့ စိုင်းပြင်း နေကြတာ ဘာကြောင့်လဲ။ သူတို့မှာ ဘာအကျပ်အတည်းတွေ ရှိလို့လဲ။

LINTNER: သူတို့က စကားဝိုင်းတွေကနေ နိုင်ငံရေးအရ အဖြေထွက်မယ်လို့ ယုံကြည်နေပုံရတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် သူတို့ ကချင်ပြဿနာကို လေ့လာသင့်တယ်။ ကချင်တွေဟာ ဒီလို အပစ်အခတ်ရပ်စဲရေးတွေကနေ နိုင်ငံရေးအရ အဖြေရှာလို့  ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လုပ်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘာမှ မရခဲ့ဘူး။ အစိုးရက သူတို့လိုချင်တာ တွေကိုသာ လိုသလို ဆုံးဖြတ်သွားခဲ့တယ်။  ဦးအောင်မင်းက ပြောဆိုဆက်ဆံလို့ကောင်းတယ်။ ဒါ ကြောင့် သူနဲ့စကားပြောရင် အဆင်ပြေတာလောက်နဲ့ ငါတို့ တိုင်းရင်းသားတွေရဲ့ ရည်မှန်း ချက်တွေ၊ ငြိမ်းချမ်းရေးတွေ ရမယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ ဘာ လို့လဲဆိုတော့ ဦးအောင်မင်း စတဲ့ အစိုးရစေ့စပ်ရေးမှူးတွေဟာ ဖက်ဒရယ် ပြည်ထောင်စု အယူအဆထက်စာရင် ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာရသူတွေဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့  လူမျိုးစု အခွင့်အရေးတွေကို အာမ မခံနိုင်ပါဘူး။

(သူရိန်ဝင်းဘာသာပြန်သည်။)

အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အင်တာဗျူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်