သီတင်းကျွတ်မှာ… ကိုယ့်စိတ်တွေ အိမ်ပြန်ရောက်သွားတဲ့အခါ… (Nay Phone Latt)

October 25, 2012

သီတင်းကျွတ်မှာ… ကိုယ့်စိတ်တွေ အိမ်ပြန်ရောက်သွားတဲ့အခါ…

နေဘုန်းလတ်၊ အောက်တိုဘာ ၂၅၊ ၂၀၁၂

               မနက်ဖြန် သီတင်းကျွတ်တော့မယ်…။

အရာရာကို  မေ့ထားချင်ပေမယ့်… အရာရာဟာ မေ့ထားဖို့ ခက်လှတယ်။

ရှူး… ဒိုင်း ဆိုတဲ့ မီးရှူးဖောက်သံတွေက ကိုယ့်စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ နေလို့မရအောင် အော်မြည်ရင်း သတိပေးနေကြရဲ့…။ နောင်တော်အကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် အခန်းရှေ့ အုတ်ကန်ဘောင်ပေါ်မှာ လာထွန်းပေးသွားတဲ့ ဖယောင်းတိုင်လေးသုံးတိုင်ရဲ့ မီးတောက်ဝါ၀ါလေးတွေကလည်း ကိုယ့်ကို ကျီစယ်ရင်း က,ခုန်နေကြသလိုလို…။ ပြီးတော့… သီတင်းကျွတ်ပြီကွ… လို့ လှမ်းအော်ရင်း ပျော်မြူးနေကြသလိုလို…။ ကြားမှာခြားထားတဲ့ သံတံခါးရဲ့ ခိုင်ခံ့မှုကြောင့် သူတို့အနား ကိုယ် တိုးသွားလို့ မရပေမယ့် အဝေးကနေ လှမ်းငေးရင်း ပြုံးပြလိုက်တယ်။

လေပြေဖွဖွ တိုက်တဲ့အခါ ဖယောင်းတိုင်မီးတောက်လေးတွေက ဘယ်ညာယိမ်းထိုး လှုပ်ရှားကြတယ်။ လေငြိမ်နေပြန်တဲ့ အခါကျတော့လည်း မီးတောက်လေးတွေက မိုးပေါ်ကို မတ်မတ်ထောင်လို့ အိနြေ္ဒရရနဲ့ ငြိမ်သက်ခန့်ညားနေကြရဲ့…။ တစ်ခါတစ်ခါ လေပြင်းက အနည်းငယ် ဝှေ့ယမ်းတဲ့အခါ မီးတောက်လေးတွေ ငြိမ်းသွားလုမတတ် မှိန်သွားတတ်ကြသေးတယ်။ ဖယောင်းတိုင်လေးတွေဟာ… အချိန်ကာလ ဆိုတဲ့ ဘောင်တစ်ခုအတွင်းမှာ သူတို့ကိုယ်သူတို့ ကျွမ်းလောင်ခံပေးကြရင်း ၀န်းကျင်အတွက် အလင်းကို ဆောင်ကျဉ်းပေးကြတာပေါ့…။ မီးတောက်ရဲ့ ဖြစ်တည်တောက်ပခြင်းဟာ ဖယောင်းတိုင်ရဲ့ ပျက်သုဉ်းချုပ်ငြိမ်းခြင်းပဲ…။

သူတည်းတစ်ယောက် ကောင်းမှုရောက်ဖို့ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း… တဲ့။ အနန္တသူရိယအမတ်ရဲ့ မျက်ဖြေလင်္ကာရွတ်သံက ကိုယ့်နားထဲကနေ လျှံထွက်ကျလာတယ်။ သူတစ်ပါးကို ကျွမ်းလောင်ပစ်လိုက်ပြီးမှ တောက်ပထွန်းလင်းခွင့် ရမယ်ဆိုရင် ကိုယ် မီးတောက်မဖြစ်ချင်တော့ပါဘူး…။ ကိုယ့်ကိုယ်ကို ဖျောကနဲ ငြှိမ်းသတ်လိုက်ပြီးတော့ပဲ အေးချမ်းပစ်လိုက်တော့မယ်…။

               တလင်းလင်း တလက်လက်နဲ့ ကောင်းကင်ပေါ် တရွေ့ရွေ့ မြင့်တက်နေကြတဲ့ မီးပုံးပျံလေးတွေကို သံဆူးကြိုးတွေ ကြားထဲကနေ တစ်လုံးစ နှစ်လုံးစ လှမ်းမြင်နေရတယ်။ ဝေးဆိုမှ… တကယ့်ကို အဝေးကြီးမှာဆိုပေမယ့်… ကိုယ့်ရဲ့ရင်ခုန်သံတွေကို… လှမ်းမြင်နေရတဲ့ မီးပုံးပျံလေးတွေနဲ့အတူ ချိတ်ဆွဲထည့်ပေးလိုက်တယ်။ လောင်စာရှိသလောက် မီးတောက်ရဲ့ ထွန်းတောက်မှုအားနဲ့ အမြင့်ဆုံးတစ်နေရာဆီ ရောက်ကြအပြီး တစ်ချိန်ချိန်မှာ သူတို့တွေ မြေပြင်ပေါ် ပြန်ပြီး သက်ဆင်းလာကြလိမ့်ဦးမယ်…။ ပြန်မကျမီ တလွင့်လွင့် တ၀ဲဝဲနဲ့ လေနှင်ရာဆီ… ဦးတည်ရာမဲ့ လွင့်ပါဝဲလှည့်နေရတာမျိုးလဲ ရှိကြလိမ့်မယ်…။

မြေကြီးပေါ်ကနေ ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်တဲ့ မီးပုံးပျံလေးတွေ အခိုက်အတံ့တစ်ခုအကြားမှာ မြေကြီးပေါ် ပြန်ဆင်းလာကြရတာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ…။ ဒါပေမယ့်… ကိုယ်က… သူတို့ကို ငေးကြည့်ရင်း သူတို့ကိုယ်စား ၀မ်းနည်းနေမိတယ်…။ ဘာဖြစ်လို့လဲ…။ သူတို့တွေ… တောက်ပလင်းချင်းစွာနဲ့ အမြင့်ကို တဖြည်းဖြည်း ထိုးတက်သွားကြချိန်မှာ ၀မ်းမြောက်ဝမ်းသာ ပျော်ရွှင်မှုတွေနဲ့ လက်ခုပ်သံတွေ ဆူညံပွက်ထ နေခဲ့ကြပေမယ့် လောင်စာကုန် မီးငြိမ်း ပျံတက်ခြင်းဖြစ်စဉ်ကို ဆက်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ် ပြန်သက်ဆင်းကြရချိန်မှာတော့ ဘယ်သူမှ သတိမထားမိတော့လောက်အောင် အရာရာဟာ တိတ်ဆိတ်ဆွံ့အစွာနဲ့ ချုပ်ငြိမ်းပြီးဆုံးသွားကြရတာလေ…။

ငယ်ငယ်ကဆို အလင်းရောင်တစ်ခုကို ကိုက်မြိုထားပြီး အမြင့်ကို တက်နေရတယ်ဆိုတဲ့ အမြင်နဲ့ ကိုယ် မီးပုံးပျံလေးတွေကို အားကျဖူးတယ်။ အခုတော့လဲ… ကိုယ်… မီးပုံးပျံ မဖြစ်ချင်တော့ပါဘူး…။ မပူသောအလင်းတစ်ခုနဲ့ ပျပျလေး လင်းနေရင်း တက်ခြင်း၊ ဆင်းခြင်း၊ ပျံဝဲခြင်းကို ကိုယ့်အားကိုယ့်အင်နဲ့ လွတ်လပ်စွာ ဖန်ဆင်းနိုင်တဲ့ ပိုးစုန်းကြူးလေးတစ်ကောင်ပဲ ဖြစ်ချင်တော့တယ်…။

               သီတင်းကျွတ်ရဲ့ အလင်းတွေနဲ့ ထိန်နေသော ညတွေက ကိုယ့်စိတ်ကူးကားချပ်မှာ အစီအရီနဲ့ ပေါ်လာနေကြတယ်။ ဗာဒံရွက်လေးတွေကို ခေါက်ချိုးပြီး လေကာထားတဲ့ စီရရီ ဖယောင်းတိုင်လေးများစွာနဲ့ လင်းမြလှပနေတဲ့ ကိုယ်တို့ရဲ့ လမ်းကလေးက ပြန်မြင်ယောင်ကြည့်မိရုံလေးနဲ့တင် ကိုယ့်ကို ချမ်းမြေ့မှုရသ ပေးတယ်။

လွတ်လပ်နွေးထွေးတဲ့ တစ်ခါက သီတင်းကျွတ်ညလေးတွေမှာ ကိုယ်တို့တွေ ဖယောင်းတိုင်ထွန်းရင်း၊ မီးပုံးလေးတွေ ချိတ်ဆွဲရင်း၊ မီးပုံးပျံလွှတ်ကြရင်း၊ မီးရှူးမီးပန်းတွေနဲ့ ကစားရင်း၊ ဗျောက်အိုးဖောက်ကြရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်ခဲ့ကြဖူးပါတယ်။ ကိုယ်တို့အားလုံးရဲ့ စိတ်ထဲမှာ သူတပါးကို စိတ်အနှောင့်အယှက် ပေးချင်တယ် ဆိုတဲ့ ယုတ်ညံ့သော အာသီသမျိုးတွေ မြူတစ်မှုန်စာလောက်တောင် မရှိခဲ့ကြတာ သေချာပါတယ်။

ချုပ်ချယ်ကန့်သတ်မှုတွေ ရှိလာတဲ့ နောက်ပိုင်းသီတင်းကျွတ် ညလေးတွေမှာလဲ ကိုယ်တို့တွေ တထိတ်ထိတ် တလန့်လန့်နဲ့ မ၀ံ့မရဲ စွန့်စားပျော်ရွှင်ခဲ့ကြဖူးတယ်။ လူငယ်ပီပီ ချုပ်ချယ်မှုတွေကို ကလန်တတ်တဲ့ စိတ်အခံလေးတွေနဲ့ပေါ့…။ ကိုယ် မှတ်မိနေသေးတယ်…။ ဗျောက်အိုးမဖောက်ရဘူး လို့ ဆိုက်ကားမှာ လော်စပီကာတင်ပြီး လိုက်အော်တယ်…။ သူတို့အော်သွားပြီး ရှေ့တစ်လမ်းကျော် အရောက်မှာပဲ ကိုယ်တို့သူငယ်ချင်းတွေ ဗျောက်အိုးအတွဲလိုက်ကို ချိတ်ပြီး ဖောက်ကြတယ်…။ တဗောင်း… ဗောင်းနဲ့ပေါ့…။ အော်တဲ့သူတွေ ပြန်လှည့်လာချိန်မှာ ကိုယ်တို့က မရှိတော့ဘူးလေ…။

စည်းကမ်းတွေကိုတော့ ကိုယ်တို့ လိုက်နာချင်စိတ် ရှိပါတယ်။ ဒါပေမယ့်… အဓိပ္ပါယ်မရှိတဲ့ အမိန့်တွေကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်တို့ ငြင်းဆန်နေကြဦးမှာပဲ…။

အခုလည်း အပြင်က ကလေးငယ်တွေ… တဗောင်းဗောင်း… တဒိုင်းဒိုင်းနဲ့ ဗျောက်အိုးဖောက်နေကြသံတွေကို ကြားနေရတယ်။ ဘာဖြစ်လဲ… ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ငြိမ်းချမ်းပျော်ရွှင်နေကြတဲ့ ကလေးငယ်တွေရဲ့ ချမ်းမြေ့မှုကို ဘာကြောင့် တားမြစ်ဖျက်ဆီးမှာလဲ…။ ဗျောက်အိုးသံ ကြားရုံနဲ့ လန့်နေတတ်တယ်ဆိုရင်လဲ နားပိတ်ထားရုံပဲရှိတယ် လို့ ကိုယ်ကတော့ မြင်တယ်။ ကိုယ်တို့နိုင်ငံရဲ့ ဆယ့်နှစ်လရာသီမပြတ်တဲ့ ပွဲတော်လေးတွေမှာ ထိုက်သင့်သော ပျော်ရွှင်စရာ အလေ့အထလေးတွေကိုတော့ အရင်အတိုင်း ရှိနေစေချင်ပါသေးတယ်။

               ၂၀၁၁ ရဲ့ သီတင်းကျွတ်လပြည့်နေ့ဟာ ကိုယ်အိမ်ပြန်ရမယ့်နေ့ပဲ လို့ မျှော်လင့်ခဲ့ပေမယ့် အဲဒီအတိုင်း မဖြစ်ခဲ့ဘူး။ ကိုယ့်ကို လာကြိုတဲ့ ညီလေးက ကိုယ့်ကို ခဏတွေ့ပြီး ပြန်သွားရတယ်။ ကိုယ့်ကို တွေ့ဖို့ စောင့်နေတဲ့ ညီလေးရဲ့ မျက်ဝန်းတွေထဲမှာ ဝေ့သီရစ်ဝိုင်းနေတဲ့ မျက်ရည်စတွေက ကိုယ့်ရင်ကို နင့်နေအောင် နာကျင်စေတယ်။ ကိုယ်… စိတ်ကို အနိုင်နိုင်ထိန်းရင်း… ညီလေးရဲ့ ၀မ်းနည်းမှုတွေကို ဖြေဖျောက်ပေးနိုင်ဖို့ ကြိုးစားတည်ငြိမ်နိုင်ခဲ့ပါတယ်။ တကယ်ဆို… ဒီအချိန်မှာ… ကိုယ့်ရဲ့လက်တွေက ညီလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခွင့် ရနေသင့်တာ…၊ အခုတော့… အဲဒီလက်တွေကို တင်းတင်းဆုပ်ထားရင်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေလုပ်ဖို့ ပြောသင့်ပြောထိုက်တဲ့ စကားတွေကို သံဇကာနှစ်ထပ်ခြားထားရက်ကနေပဲ ပြောနေရတော့တယ်။

တကယ်ဆို… ဒီအချိန်ဟာ… ချစ်သူရဲ့အသံကို ကြားခွင့်ရ၊ ချစ်သူကို နှစ်သိမ့်မှုပေးနိုင်မယ့် စကားတွေ ပြောခွင့်ရနေသင့်တဲ့ အချိန်ပေါ့…။ ဒါပေမယ့်… ဟိုးဝေးဝေး အရပ်တစ်နေရာဆီကနေ ချစ်သူ ဖုန်းလှမ်းဆက်တယ် ဆိုတဲ့ သတင်းစကားနဲ့ပဲ ကိုယ်ကျေနပ်ခဲ့ရတယ်။

အိမ်က မိသားစုတွေလဲ ကိုယ့်ကို မျှော်နေကြရော့မယ်…။ ကိုယ်… အိမ်ပြန်မလာနိုင်သေးဘူးဆိုတာကို သိရတဲ့အခါ… သူတို့တွေ နာကျင်ခံစား နေကြရလိမ့်မယ်… ဒါမှမဟုတ်… ခံပြင်းဒေါသ ထွက်နေကြလိမ့်မယ်… ဒါမှမဟုတ်… ၀မ်းနည်းရှိုက်ငိုနေကြလိမ့်မယ်…။ ကိုယ်ကလည်း… ချစ်သောမိသားစုနဲ့ ဝေးရာမှာ ဘယ်သူ့ကိုမှ ဘယ်လိုနည်းမျိုးနဲ့မှ အားမပေးနိုင်ဘဲ ရင်ထဲက ပျို့တက်လာတဲ့ ခံစားချက် တနင့်တပိုးနဲ့ ကိုယ်တိုင် ယိမ်းယိုင်ပြိုလဲလို့…။

အကြာကြီး ပြိုလဲနေလို့တော ဘယ်ဖြစ်မလဲလေ…။

ကူဖော်ကူဖက်မရှိတဲ့ အခန်းကျဉ်းလေးထဲမှာ… ကိုယ့်ကိုယ်ကိုယ် ပြန်ထူမတ်လိုက်တယ်။

ကိုယ့်ကိုချစ်သော… ကိုယ်က ချစ်ရသော သူတို့အတွက်… ကိုယ် မတ်မတ်ရပ်နေဖို့ လိုအပ်သေးတယ်။ အိမ်မှာ အတူတူရှိနေကြမယ့် မိသားစုဆီ ကိုယ့်စိတ်တွေကို အရောက်ပို့လိုက်တယ်။

ကွယ်လွန်ခဲ့ပြီဖြစ်သော အဖိုး၊ သက်ရှိထင်ရှားရှိတဲ့ အဖွား၊ ချစ်လှစွာသော အဖေနဲ့အမေ၊ ခင်မင်တွယ်တာရတဲ့ အဒေါ်တွေ၊ ဦးလေးတွေ၊ ကိုယ်မြတ်နိုးချစ်ခင်ရတဲ့ ညီ၊ အစ်ကို၊ မောင်နှမတွေ… အားလုံးရဲ့ စိတ်ထဲမှာ ကိုယ်ရှိနေရင်း…၊ ကိုယ့်စိတ်ထဲကလဲ အားလုံးကို သတိရနေရင်း… ကိုယ် မိသားစုနဲ့အတူ ရှိနေလိုက်တယ်။ ကိုယ့်ထက်ကြီးသူတွေ အားလုံးကို ကန်တော့တယ်…၊ မုန့်ဖိုးတောင်းတယ်…။ ကိုယ့်အောက်ငယ်တဲ့ ညီ၊ ညီမတွေရဲ့ အကန်တော့ခံတယ်…၊ မုန့်ဖိုးတွေ ပေးတယ်…။ ပြီးတော့… ကိုယ်တို့မောင်နှမတွေအားလုံး ရသမျှ မုန့်ဖိုးတွေနဲ့ ကစားကွင်းမှာ သွားဆော့ကြတယ်…၊ မီးရှူးမီးပန်းတွေ ၀ယ်ကြတယ်…၊ မီးပုံးပျံလဲ ၀ယ်တယ်…။ ပြီးတော့… ဒေါ်လေးရဲ့အိမ်ရှေ့မှာ မီးရှူးမီးပန်းတွေနဲ့ ဆော့တယ်…၊ မီးပုံးပျံ လွှတ်တယ်…။ အတူရှိနေခွင့် မရပေမယ့် အတူရှိနေရသလိုပါပဲ…။ ရင်ဘတ်တွေထဲမှာ ကွက်လပ်တွေ ကိုယ်စီကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီ နေရင်း အချိန်ကာလတွေကို သတိရခြင်းတွေနဲ့ ဖွဲ့သီနေကြရတဲ့ မိသားစုတွေ… အမြန်ဆုံး ပြန်ဆုံတွေ့နိုင်ကြပါစေလို့ ကိုယ် တိုးတိုးလေး ဆုတောင်းနေမိတယ်။

               သီတင်းကျွတ်ဟာ… ကိုယ့်ဆီကို မျှော်လင့်ခြင်းတွေ သယ်လာပြီး မျှော်လင့်နေရခြင်းသက်သက်ကိုပဲ ကိုယ့်အတွက် ချန်ထားရစ်ခဲ့တယ်။

အခန်းရှေ့ ကန်ဘောင်ပေါ်က ဖယောင်းတိုင်လေးတွေ ငြိမ်းသွားကြပြီ…။

ကိုယ်ကတော့… ကိုယ့်ရင်ထဲက မျှော်လင့်ခြင်းမီးတောက်လေး ငြိမ်းမသွားရအောင် ဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့် ပျိုးထောင်နေရတော့တယ်။

ကောင်းကောင်းမကျက်သေးတဲ့ ဒဏ်ရာတွေ အထပ်ထပ်အပေါ် နောက်ထပ် ဒဏ်ရာဒဏ်ချက်တစ်ခု ထပ်ရလိုက်သလိုပါပဲ…။ ခံစားနာကျင်ရပေမယ့် ခံနိုင်ရည်တော့ ရှိနေခဲ့ပါပြီ…။

မနေ့ကနဲ့ ဘာမှမခြားတဲ့ မနက်ဖြန်တစ်ခုကို ရင်နာနာနဲ့ပဲ အစဉ်အလာမပျက် ဖြတ်သန်းရှေ့ဆက်ရဦးတော့မှာပေါ့…။ ပျံသန်းခွင့် ရသွားပြီဖြစ်တဲ့ အကျဉ်းစံ ငှက်တချို့အတွက် ၀မ်းမြောက်ပျော်ရွှင်ရပါတယ်…။ ကိုယ်တို့ကတော့… အဝေးက တောင်ပံခတ်သံတွေကို လှမ်းနားစွင့်ရင်း စိတ်ကူးနဲ့ပဲ ပျံသန်းရွက်လွှင့်ကြရဦးမယ်။

ဗျောက်အိုးတစ်လုံးလို ပေါက်ကွဲလိုက်ချင်နေတဲ့ ဒေါသရဲ့စနစ်တံကို မီးမတို့မိခင် ဆွဲဖြုတ်လိုက်တယ်။ ကိုယ့်ကြောင့် လူတွေ မထိတ်လန့်စေချင်ပါဘူးလေ…။

ကိုယ်က… ဆူညံပေါက်ကွဲတတ်တဲ့ ဗျောက်အိုးမဖြစ်ချင်ပါဘူး…။

မီးတောက်တွေ တဖွားဖွားနဲ့ လှနေတဲ့ မီးရှူးမီးပန်းမျိုးလဲ မဖြစ်ချင်ဘူး…။

ကိုယ်က… တိတ်တိတ်ကလေး လင်းနေရင်း လောကကို အလှဆင်နိုင်တဲ့ ရောင်စုံမီးပုံးလေးလိုပဲ ဖြစ်ချင်ခဲ့တာ…။

ငယ်ငယ်တုန်းကတော့… ယုန်ရုပ် မီးပုံးလေးတွေထဲ ဖယောင်းတိုင် ထည့်ထွန်းပြီး လမ်းပေါ်မှာ လျှောက်တွန်းခဲ့ကြဖူးတယ်…။ အချို့… လက်တွန်းမီးပုံးလေးတွေဆို အသံတောင် မြည်သေးရဲ့…။ ယုန်ရုပ်၊ ကားရုပ်၊ ဟယ်လီကော်ပတာရုပ်၊ လေယာဉ်ပျံရုပ်… နဲ့ အမျိုးအစားကလဲ အစုံပေါ့…။ နည်းနည်းအရွယ်ရောက်လာတော့ လက်တွန်းမီးပုံးလေးတွေ မတွန်းတော့ဘဲ စက္ကူမီးပုံးလေးတွေ ၀ယ်ပြီး ကိုယ်တို့ရဲ့ အိမ်ရှေ့ဝရံတာမှာ ဖေဖေနဲ့အတူ မီးပုံးထွန်းကြတယ်။ အဲဒီလို သီတင်းကျွတ်ကာလတွေမှာဆို ကိုယ်တို့ရဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်လေးက ရောင်စုံမီးပုံးလေးတွေ ချိတ်ကာ တွဲကာနဲ့ သိပ်ကို လှနေတော့တာပေါ့…။ နောက်ပိုင်းတော့ စက္ကူမီးပုံးလေးတွေနေရာမှာ ရောင်စုံမီးလုံးလေးတွေက အစားထိုး နေရာယူလာကြတယ်။ ဒါပေမယ့်… ကိုယ်ကတော့ မီးပုံးလေးတွေကိုပဲ ခင်တွယ်စိတ်နဲ့ ၀ယ်ယူချိတ်ဆွဲမိနေတုန်းပါပဲ…။

               သီတင်းကျွတ်ပြီးရင်… တစ်ဆောင်းသစ်ဦးတော့မယ်…။ တစ်ဆောင်းသစ်ပြီးရင်… တစ်နှစ်ထပ်ကူးမယ်…။ ဒီလိုနဲ့ပဲ… အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလွန်မြောက်နေခြင်းနဲ့အတူ… ကိုယ်တို့ရဲ့ လွတ်မြောက်ချိန်ဆီကိုလည်း… တဖြည်းဖြည်းနဲ့ ရောက်လာပါလိမ့်ဦးမယ်…။

တံခါးတွေကို ဆွဲဖွင့်ပေးမယ့်သူတွေ ရှိနေသရွေ့ တံခါးတွေကတော့… တစ်နေ့နေ့ ပွင့်ကိုပွင့်လာဦးမှာ သေချာပါတယ်လေ…။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေရင်း… စောင့်သင့်စောင့်ထိုက်တဲ့ အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမရဦးမယ်…။ စိတ်ထဲကနေတော့ ဒီလိုလေး ကြိတ်ဆုတောင်းနေမိတယ်…။ အချိန်စောင့်ရခြင်းတွေ လွန်မြောက်နိုင်ပါစေ… အချိန်ဆွဲနေခြင်းတွေ ပြီးဆုံးသွားပါစေ… လို့…။

နေဘုန်းလတ်

(အောက်တိုဘာ ၁၂၊ ၂၀၁၁ (ဗုဒ္ဓဟူးနေ့)၊ ဖားအံအကျဉ်းထောင်ထဲမှာ ရေးခဲ့တဲ့စာ ပြန်လည်ဖော်ပြပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

One Response to သီတင်းကျွတ်မှာ… ကိုယ့်စိတ်တွေ အိမ်ပြန်ရောက်သွားတဲ့အခါ… (Nay Phone Latt)

  1. mg mg on October 25, 2012 at 1:45 pm

    အရင်တုန်းကတော့ မသိသလိုပဲ ၊ အစ်ကိုရဲ့စာလေးဖတ်လိုက်ရမှ အလွမ်းတွေ ၊သတိရချက်တွေ နိုးထလာတယ် ၊ မြန်မာပြည်ကို ပြန်ချင်တဲ့ စိတ်က ပြင်းထန်လာတယ်၊ မြန်မာပြည်ရဲ့ မိသားစုတွေနဲ့သီတင်းကျွတ်လေးမှာ အတူတူ နေချင်လိုက်တာ ဒါပေမယ့် ပြန်ခွင့်မပေးသေးတဲ့ ကံကြမ္မာရေ အချိန်တွေကို အပြစ်တင်မိတယ်..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်