မြန်မာလူငယ်တွေဖန်တီးတဲ့ သံလွင်မီဒီယာ – မိတ်ဆက်

November 1, 2012

မြန်မာလူငယ်တွေဖန်တီးတဲ့ သံလွင်မီဒီယာ – မိတ်ဆက်

မိုးမခ၊ အောက်တိုဘာ ၃၁၊ ၂၀၁၂

လွန်ခဲ့တဲ့ ၁၀ ကျော်တုန်းက

မြန်မာအင်တာနက်ခေတ်မှာ လူငယ်တွေ စတင်တဲ့ ဘလောဂ့်၊ ၀က်ဆိုက်၊ အီးမေးအဖွဲ့တွေ ၁၉၉၉ နောက်ပိုင်းမှာ ပြည်ပတွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲသည်မှာ ထိုင်းနဲ့ စင်္ကာပူက ကျောင်းသားတွေ၊ လူငယ်တွေ ဖန်တီးတဲ့ အင်တာနက်စာမျက်နှာတွေ ထင်ရှားပါတယ်။ AIT ကျောင်းသားများ၊ NUS, NTU က ကျောင်းသားတွေ တင်ဆက်တဲ့ Yahoo & Geocities အီးမေးဂရုပ်တွေ၊ ၀က်ဆိုက်တွေကို အမှတ်ရကြဦးမယ် ထင်ပါတယ်။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း မြန်မာပြည်တွင်းမှာ အစိုးရထိန်းချုပ်တဲ့ အီးမေးစနစ် လူထုကြားထဲ ရောက်လာပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းနဲ့ အင်တာနက်ထိတွေ့မှု အရှိန်စတင်တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၀၂ နှစ်ဆန်းက စပြီး မြန်မာပြည်မှာ အင်တာနက်ဝန်ဆောင်မှုတွေ စတင်ခဲ့ရာက အာဏာပိုင်များ၊ လုပ်ငန်းရှင်များ၊ ပြည်ပကုမ္ပဏီများ စတဲ့ ကန့်သတ်ထားသောအသိုင်းအ၀ိုင်းကနေ ပြည်တွင်း အလွှာအသီးသီးကို အင်တာနက်ထိတွေ့မှု ပြန့်နှံ့လာခဲ့ပါတယ်။

စစ်အစိုးရနဲ့ အပေါင်းအပါများရဲ့  ၂၀၀၃ မေလ ဒီပဲယင်းအရေးအခင်းနဲ့ အင်န်အယ်ဒီပါတီဝင်များနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့  လုပ်ကြံမှုကြီးနောက်ပိုင်း အင်တာနက်ဆက်သွယ်ရေးဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ လူထုနိုးကြားမှုဆီကို ဦးလှည့်လာခဲ့ပါတယ်။ အဲသည်အချိန်ကစလို့ ပြည်တွင်း၊ ပြည်ပမှာ အီးမေးအဖွဲ့များ၊ အင်တာနက်စာမျက်နှာများ၊ အများအပြား ပေါ်ထွန်းလာပြီး အင်တာနက်ပေါ်က အမည်မခံဘဲ လျို့ဝှက်နိုးကြားတဲ့ မြန်မာ့အရေးလှုပ်ရှားမှုများကနေ လူကိုယ်တိုင် အမည်ခံပြီး ဖြစ်စေ၊ ဒေသနဲ့ ကျောင်းအမည်တွေ ထုတ်ဖော်ပြီးဖြစ်စေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြပါတယ်။

သံလွင်အိပ်မက်နဲ့ မီဒီယာရဲ့ အစ

          အဲသည်လို အင်တာနက်နဲ့ လူငယ်တွေရဲ့ လွတ်လပ်တဲ့ နိုးကြားမှု၊ လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ လှုပ်ရှားမှုကို ပြောရမယ်ဆိုရင် သံလွင်မီဒီယာကို ကောက်နုတ်ပြရမယ် ဖြစ်ပါတယ်။ ဟိုးတုန်းကတည်းက စတင်ခဲ့ပြီး ယခုချိန်ထိလည်း ဆက်လက်တည်ရှိနေသေးတာကလည်း အဓိကအချက်တခု ဖြစ်ပါတယ်။

          သူတို့ရဲ့ သံလွင်အိပ်မက်အကြောင်းကို သည်လို ရေးသားထားပါတယ်။

” …သံလွင် ဟု အတိုကောက် ခေါ်ဝေါ်ကြသော သံလွင်မီဒီယာကို ၂၀၀၄ ခုနှစ် သြဂုတ်လတွင် စာပေဝါသနာရှင် လူငယ်တစ်စုမှ စတင်ဖန်တီးခဲ့ကြပါသည်။ သံလွင်မီဒီယာ၏ သင်္ကေတ (Logo) မှာ အနက်ရောင် မြန်မာနိုင်ငံမြေပုံတွင် သံလွင်မြစ်ကို ထင်ရှားစွာ ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ပါသည်။  www.thanlwin.com တွင် အခြေပြုသည့် သံလွင်မီဒီယာသည် လက်ရှိအချိန်အထိ အင်တာနက်တွင် ဖတ်ရှုနိုင်သည့် Online Media အဖြစ်သာ တည်ရှိနေသော်လည်း အနာဂတ်ကာလတွင် ပိုမိုကျယ်ပြန့်၍ ပြည်သူကို အကျိုးပြုနိုင်သော မီဒီယာတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်ပါသည်။ …”

သံလွင်အိပ်မက် ဖြတ်သန်းမှု ကောက်နုတ်ချက်များ
သံလွင်အိပ်မက်
          သံလွင်မီဒီယာနှင့်အတူ ပေါက်ဖွားလာသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို မြန်မာတို့အတွက် လိုအပ်လျက်ရှိသည့် e-zine ခေါ် အင်တာနက်ပေါ်တွင် ဖတ်ရှုနိုင်သည့် မဂ္ဂဇင်းအဖြစ် စီစဉ်ခဲ့ပါသည်။ ပုံနှိပ်မဂ္ဂဇင်းတစ်စောင် မဟုတ်သော်လည်း မဂ္ဂဇင်းတစ်စောင်တွင် ပါဝင်သင့်သော ကဏ္ဍများ စုံလင်စွာပါဝင်နိုင်ရန် အထူးပင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သံလွင်အိပ်မက်နှင့် ဝိုင်းတော်သား အယ်ဒီတာများ၏ ရည်ရွယ်ချက်များမှာ –
(၁) သုတ၊ရသ အဖုံဖုံပေးစွမ်းနိုင်သည့် စာပေဖန်တီးသူများအား မြေတောင်မြှောက်ပံ့ပိုးရန်
(၂) အဆိပ်အတောက်ကင်းသော စာပေများကို စုစည်း၍ စာဖတ်သူများထံ မျှဝေရန်
(၃) တိုင်းပြည်နှင့် လူမျိုးအကျိုးကို မီဒီယာ၊ မဂ္ဂဇင်းတစ်ခုအနေဖြင့် တာဝန်ကျေစွာ သယ်ပိုးဆောင်ရွက်သွားရန် တို့ဖြစ်ပါသည်။
၂၀၀၅ ခုနှစ်နောက်ပိုင်း သံလွင်အိပ်မက်ကို လူသိများလာပြီးနောက် အင်တာနက်ပေါ်တွင် စာရေးသူ၊ စာချစ်သူများအကြား ဆုံစည်းရာ၊ လက်ရည်သွေးရာ၊ ခံစားချက်များ ဖလှယ်ရာ အင်တာနက် စာမျက်နှာတစ်ခုအဖြစ် ရပ်တည်လာသည်မှာ ယခု ၂၀၁၂ ခုနှစ်တွင် ၈ နှစ်တိုင်ပြီဖြစ်ပါသည်။ ထို ၈ နှစ်တာဖြတ်သန်းခဲ့သော သံလွင်အိပ်မက် သမိုင်းကြောင်းကို အောက်ပါအတိုင်းမှတ်တမ်း တင်အပ်ပါသည်။
၂၀၀၄
ညီညီ(သံလွင်)၊ စည်သူ(သံလွင်) နှင့် ကိုဇေ(သံလွင်) တို့မှ ဦးစီး၍ သြဂုတ်လတွင် ပထမဆုံး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို စီစဉ်ဖြန့်ချီခဲ့သည်။ ၄ လ တစ်ကြိမ်ထုတ်ဝေရန် သဘောတူခဲ့ကြသည်။
၂၀၀၅
ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ကိုဇေ(သံလွင်) အနားယူခဲ့ပြီး နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။ စည်သူ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ယူခဲ့သည်။
၂၀၀၆
အယ်ဒီတာအဖွဲ့တွင် ကိုငယ်(မန္တလေး) ပါဝင်လာခဲ့ပြီး ပိုမိုအင်အားတောင့်တင်းလာသဖြင့် သံလွင်အိပ်မက်ကို ၄ လ တစ်ကြိမ်မှ ၃ လ တစ်ကြိမ် ပြောင်းလဲ ထုတ်ဝေခဲ့သည်။
၂၀၀၇
ဘလော့ဂါမောင်ပွတ် အေးချမ်း(သံလွင်) အမည်ဖြင့် သံလွင်အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။
၂၀၀၈
နေမျိုး(သံလွင်) ကို နိုင်ငံရေးပုဒ်မများဖြင့် ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလတွင် ထောင်တွင်း မျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ ချမှတ်ခြင်းခံခဲ့ရသည်။ ညီညီ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ကို ယူခဲ့ပြီး သံလွင် website ကို ခေတ်မီအဆင့်မြင့်ပုံစံအသစ်ဖြင့် စတင်လွှင့်တင်ခဲ့သည်။ သံလွင်ပရိသတ်များအတွက် မြန်မာနှင့် ကမ္ဘာ့သတင်းများကို သံလွင်မီဒီယာအနေဖြင့် ဖော်ပြခဲ့သည်။
၂၀၀၉
အပြောင်းအလဲအနေဖြင့် သံလွင်အိပ်မက်ကို အကြောင်းအရာ တစ်ခုအပေါ် အလေးပေးဖော်ပြသည့် Theme များ သတ်မှတ်ကာ ထုတ်ဝေခဲ့သည်။ သံလွင်မီဒီယာနှင့် သံလွင်အိပ်မက် ငါးနှစ်ပြည့်အထိမ်းအမှတ် အထူးထုတ် စာစောင်ကို ဇူလိုင်လတွင် စာမူအင်အား တောင့်တင်းစွာဖြင့် ထုတ်ဝေနိုင်ခဲ့ရာ အားပေးမှုအထူးရရှိခဲ့သည်။ ၎င်းနှင့် ပတ်သတ်၍ VOA အသံလွှင့်ဌာနမှ ရေဒီယိုအင်တာဗျူးတင်ဆက်ခဲ့သည်။
၂၀၁၀-၂၀၁၁
၂ နှစ်အတွင်း သံလွင်အိပ်မက် ၂ ကြိမ်သာ ထုတ်ဝေနိုင်ခဲ့သလို ပုံမှန်တင်ဆက်နေသည့် သတင်းကဏ္ဍကိုလည်း ရပ်နားခဲ့ရသဖြင့် ပရိသတ်နှင့် ထိတွေ့မှု အတန်အသင့် ကင်းကွာသွားခဲ့ရသည်။ သံလွင်မီဒီယာအတွက် Facebook စာမျက်နှာ ဖွင့်လှစ်ခဲ့သည်။
၂၀၁၂
အကျဉ်းချခံထားရသည့် အယ်ဒီတာ နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် ဇန်နဝါရီလတွင် ပြန်လည် လွတ်မြောက်လာကာ အယ်ဒီတာချုပ်အနေဖြင့် သံလွင်အိပ်မက်ရှေ့ဆက်နိုင်ရန် အားဖြည့်ကူညီခဲ့သည်။ ဇူလိုင်လတွင် ညီညီ(သံလွင်) သံလွင်အိပ်မက်မှ အနားယူခဲ့သည်။
စာမူများကို စုဆောင်းထားပြီး ၃ လ တစ်ကြိမ်ထုတ်ဝေနေမည့်အစား ပြောင်းလဲမှု မြန်ဆန်သော ခေတ်နှင့် လျော်ကန်မှု ရှိစေရန် သင့်လျော်ရာ စာမူများကို အချိန်အနည်းငယ်အတွင်း ဖော်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ မပြောင်းလဲမီ အချိန်အထိ သံလွင်အိပ်မက် အစောင် ၂၀ ခန့် ထုတ်ဝေခဲ့ပြီး စာမူများကို အခြားမီဒီယာများနှင့် ပုံနှိပ်စာနယ်ဇင်းများမှ ဆင့်ပွားဖော်ပြခဲ့ကြသည်။ မီဒီယာတစ်ခုအနေဖြင့် သုတ၊ရသ စာပေများ တင်ဆက်ရုံသာမက အခြားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာ့အရေးကို ဘက်စုံမှကူညီပံ့ပိုးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
သံလွင်နဲ့ မိုးမခ – မိတ်ဆွေ
          တကယ်တန်း သူတို့အကြောင်းကို ပြောနေတဲ့အချိန်မှာ ပြန်စဉ်းစားလိုက်တော့ မိုးမခအွန်လိုင်း ကိုယ်တိုင်ကလည်း ၂၀၀၃ ဧပြီမှာ စတင်ခဲ့၊ ပြည်တွင်း ပြည်ပက စာပေနဲ့ စာနယ်ဇင်းသမားတွေရဲ့ စေတနာ့ဝန်ထမ်း ကူညီမှုတွေနဲ့ တင်ဆက်နိုင်ခဲ့၊ မြန်မာ့အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် မိမိတို့ ရောက်ရာ ရရာနေရာက ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ခုချိန်မှာမှ သူတို့ကို မိတ်ဆက်တဲ့ စာကို တင်ရတာ အားနာစရာပါ။ တကယ်တန်းကတော့ မြန်မာပြည်အရေးအတွက် တခရီးတည်းသွားကြသူတွေ ချစ်ခင်မှု အသိအမှတ်ပြုမှု အထိမ်းအမှတ်ပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်