သက်တံပေါ်က မာမာအေးနှင့် တွေ့ဆုံခြင်း – mar mar aye interview

November 3, 2012

သက်တံပေါ်က မာမာအေးနှင့် တွေ့ဆုံခြင်း      
ဝင်းငြိမ်း/ရွှေအမြုတေ မဂ္ဂဇင်း
 နိုဝင်ဘာ ၃၊ ၂၀၁၂ 

 

 

၂၀၁၁ ခုနှစ် မတိုင်ခင် တုန်းက ကျွန်တော်တို့ မဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာများ ပေါ်မှာ အစိုးရက Black List သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်များရဲ့ အမည်များကို ပင်လျှင် ဖော်ပြခွင့် မရှိတာကြောင့် မဖြစ်မနေ အဲဒီလူတွေ ရဲ့နာမည်ကို ဖော်ပြဖို့ လိုအပ်လာရင် အနုပညာ နာမည် မသုံးဘဲ နာမည်ရင်းများနဲ့ လှည့်ပတ် သုံးကြရ ပါတယ်။

ဒါလည်း စာပေစိ စစ်ရေးက နာမည်ရင်းကို သိတယ်ဆိုရင် “အဲဒါ ဘယ်သူ့ကိုပြောတာ မဟုတ်လား။ ဖြုတ်ပါ” ဆိုတဲ့ အမိန့်များကြောင့်

ဖြုတ်ကြရ ပြန်ပါတယ်။

နာမည်ဖော်ပြခွင့် မရှိတဲ့ အနုပညာသည်များထဲမှာ အဆိုတော်ကြီး ဒေါ်မာမာအေးလည်း ပါတာကြောင့် သူ့နာမည်ကို ဖော်ပြဖို့ လိုအပ်ရင် ရေးသူများက “မအေးမြင့်” လို့ သုံးကြပါတယ်။ ဦးဝင်းဖေကို ဆိုရင် “အုပ်ကြီး” လို့ သုံးကြပြီး ဆရာ တင်မိုးကိုတော့ “ဆရာဂျမ်း” လို့ သုံးကြပါတယ်။ အခုတော့လည်း အစိုးရသစ် အပြောင်းအလဲမှာ အရာရာ ပွင့်လင်းလာ ခဲ့ပြီမို့ ပြည်ပမှာ ရောက်ရှိနေတဲ့ အနုပညာသည် တော်တော်များများလည်း ပြည်တော်ပြန် ခရီးများနဲ့ ၀မ်းမြောက် ၀မ်းသာ ရှိနေကြပါပြီ။

၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်းက ကျွန်တော် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိစဉ် LA မှာ နှင်းဆီနီအိပ်မက် ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆု ရခဲ့ဖူးတဲ့ သရုပ်ဆောင် မေယုကို တွေ့ခဲ့ပါတယ်။ သာမန် အမျိုးသမီး တစ်ယောက် အဖြစ်နဲ့ သူ ရုန်းကန် လှုပ်ရှား နေရတာတွေကို နားထောင်ရတော့ နှမချင်း စာနာပြီး စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဖလော်ရီဒါ ပြည်နယ် ဖို့ဒ်လော်ဒါဒေးလ် မြို့မှာရှိတဲ့ ကျွန်တော့် မိခင်လို ဖြစ်တဲ့ စာရေး ဆရာမကြီး ဒေါ်ပတ္တမြားခင်ကို တွေ့ဖို့ ရောက်သွားတော့ မြန်မာ တိုင်းရင်းသားများ စုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ က ဒေါ်ပတ္တမြားခင်နဲ့ ကျွန်တော့်ကို ရေးသူ ဖတ်သူ ဆွေးနွေးပွဲ လုပ်ချင်တယ် လို့ဆိုတာကြောင့် လက်ခံ ခဲ့ပါတယ်။ မြန်မာ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကြင်ဟိုးရဲ့ နေအိမ်မှာ ကျင်းပတာပါ။ တိုက်ဆိုင်ချင်တော့ ဒေါက်တာ ကြင်ဟိုးရဲ့ ဇနီးက ကျွန်တော်နဲ့  စီးပွားရေး တက္ကသိုလ်မှာ တစ်နှစ်တည်း တက်ခဲ့တဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နေတာကို တွေ့ရပါတယ်။

ရေးသူ ဖတ်သူ ဆွေးနွေးပွဲမှာ တက်ရောက် လာတဲ့ မြန်မာ မိသားစုများက ဟင်းတစ်ခွက်စီယူလာကြတာကြောင့် အဲဒီညက ညစာ စားရတာ ဟင်းခွက် တစ်ရာနဲ့ ပွဲတော် တည်တဲ့ နရသီဟပတေ့ ဘုရင်မင်းမြတ် လို ဖြစ်ခဲ့ပါတယ်။ စားသူတွေက စားနေကြစဉ် ဒေါက်တာ ကြင်ဟိုးက “မာမာအေးနဲ့ အဆက်အသွယ် ရပြီးပြီလား”လို့ မေးပါတယ်။ ကျွန်တော်က တယ်လီဖုန်း နံပါတ် မသိတဲ့ အတွက် အဆက်အသွယ် မရသေး ကြောင်းပြောတော့ သူက ဖုန်းဆက်ပေးပါတယ်။ မမအေးနဲ့ ကျွန်တော် ခဏတစ်ဖြုတ် စကား ပြောဖြစ်ပါတယ်။ အခုတော့ ခေတ်စနစ် ပြောင်းပြီး ပြည်ပရောက် နေတဲ့ အနုပညာရှင်များ အကြောင်းကို ရေးသား ဖော်ပြခွင့်ပြု နေပြီဖြစ်တာကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးက အချစ်ကြီး ချစ်ခဲ့ကြတဲ့ အဆိုတော်ကြီး ဒေါ်မာမာအေးကို ဆက်သွယ်ပြီး ၂၃ နှစ်မြောက် ရွှေအမြုတေ မဂ္ဂဇင်းအတွက် အင်တာဗျူး ဖြေပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော် ပို့ပေးလိုက်တဲ့ မေးခွန်း တွေကို မမအေးက ပြန်ဖြေ  ပေးတာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်များ သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။ မေးသမျှကို မခြွင်းမချန် ဖြေဆိုပေးတဲ့ မမအေးကို အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။


မမအေး… ၂၀၁၀ သြ ဂုတ်လ ကျွန်တော် ဖလော်ရီဒါရောက်တော့ ဒေါက်တာ ကြင်ဟိုးနဲ့ တွေ့ခဲ့ရာက မမအေးကို ဖုန်းခေါ် ပေးတာကြောင့် စကားပြော ဖြစ်ခဲ့ကြတယ်။ အဲဒီတုန်းက မမအေး ပြောလိုက်တာ တစ်ခုကို ကျွန်တော် မှတ်မိ နေပါတယ်။ မမအေးက အမေရိကားမှာ ရောက်နေတာ နှစ်ဖက် အစိုးရတွေ ကတိ မတည်လို့ သောင်တင် နေတာလို့ ပြောခဲ့ပါတယ်။ အဲဒီ အကြောင်းကို မမအေး ပြောပြလို့ ရမလား။ အမေရိကားကို ဘာကြောင့် သွားခဲ့တယ်၊ ဘာကြောင့် ပြန်မလာဖြစ်ဘဲ သောင်တင် နေခဲ့တယ်ပေါ့။

နှစ်ဖက် အစိုးရတွေ ဆိုတာထက် နှစ်ဖက် အစိုးရတဲ့ သူတွေလို့ ပြောမှ ပိုမှန်လိမ့်မယ် ကိုငြိမ်းရေ…။ ပြောလို့ ရပါတယ်။ မမအေး ပြောလိုတဲ့ အစိုးရတဲ့ သူတွေက ဦးပိုင် အဖွဲ့ရဲ့ ဘဏ်လူကြီးမင်းများနဲ့ U.S မှာရှိတဲ့ မြန်မာ ပြည်ထဲက ပြည်ပကို ထွက်ခွင့် မရတဲ့၊ အကျပ်အတည်း ကြုံနေတဲ့ သူတွေကို ကူညီနေပါတယ် ဆိုတဲ့ အဖွဲ့အစည်းကြီး တစ်ခုက တာဝန်ရှိသူ ဆိုတဲ့ တစ်ယောက်ကို ဆိုလိုခြင်းပါ။ တစ်အချက်က ဘဏ်ကိစ္စပါ။ ဦးပိုင်က ဘဏ်မှာ အသံသွင်း လုပ်စဉ် အခါက မလောက်တော့ ငွေ ချေးခဲ့ရတယ်။ ငွေမချေးဖူးတဲ့ ကျွန်မ ရသမျှ ထိုးဆပ်ရတဲ့ ဒုက္ခ ရခဲ့တယ်။ ကျွန်မ U.S ကပြန်ရင် အားလုံး ပေးဆပ်မယ်လို့ ဆိုင်ရာ ဘဏ်လူကြီးမင်းထံ ကိုယ်တိုင် တွေ့ဆုံ လျှောက်ထားခဲ့ပေမဲ့ ကျွန်မ ဒီကိုရောက်လို့ တစ်လလောက် ရှိတော့ ဘယ်နေ့ဘယ်ရက် နောက်ဆုံး မဆပ်နိုင်ရင် အိမ်သိမ်းမယ် ဆိုတဲ့ ရာဇသံ အိမ်ကို ရောက်တာကြောင့် မဖြစ်ဖြစ်အောင် မိတ်ဆွေမဆီက ငွေတောင်း ပြန်ပို့ ပေးဆပ် လိုက်ရတော့ ဒါကို ပြန်မဆပ်လို့ ကောင်းမလား ကိုငြိမ်းရယ်။ ရပါတယ် ဆိုတဲ့ ကတိ။ ကျွန်မ မရှိတုန်း သူတို့ ဖျက်တာပဲ။

ဒီမှာ ရရာ အလုပ်လုပ်ပြီး ကျွေးဆပ်ရအောင် စပြီး သောင်တင်ရတယ်။ ကိုယ့်အကြောင်း ကိုယ့်ဒုက္ခ မသိဘဲ ဟိုပိတ် ဒီဆို့တွေလည်း ခံရတယ်။ ၂၀၀၇ ခုနှစ် နှလုံး ခွဲစိတ်ပြီးချိန်က သက်တမ်းတိုးဖို့ နယူးယောက် သံရုံးမှာ နှစ်တိုင်းလိုပဲ ကြိုတင် လျှောက်ထားပါတယ်။ တစ်ပတ်ကြာရင် လာယူပါတဲ့။ အဲဒီကတိလည်း ပျက်တာပဲ။ နိုင်ငံကူး လက်မှတ်မှာ သက်တမ်း မတိုးပေးတော့ ဒီနိုင်ငံမယ် ယောင်လည်လည်၊ သောင်ပြင် လွှတ်တဲ့ ငှက်မိမယ် ပေါ့ကွယ်။ ဒီဘက်က မြန်မာကို ကူညီနေတဲ့ အဖွဲ့ကြီး ဆိုတာက အမျိုးသမီး ဂုဏ်သရေရှိ လူကြီးမင်းကလည်း အရင် ကျွန်မ တစ်ခေါက် ရောက်တော့ ဒီမှာ ယာယီ ပါမောက္ခ လုပ်မလား မေးတယ်၊ ခေါ်ပါတယ်။ အခု ကျွန်မ တကယ် လိုအပ်တဲ့ အချိန်မှာလည်း မြန်မာစာသင် ဆရာကြီး တစ်ယောက်က တစ်ဆင့် မြန်မာ့ရိုးရာ ဂီတအတွက် မှတ်တမ်းပြုသွားမလားလို့ ပြောပြန်တော့ ကျွန်မ ယုံလိုက်တယ်။ ဒေါက်တာ ကြင်ဟိုး ဖုန်းထဲမှာ သူပြောတာကို အသံ သွင်းထားတာ မင်းမေးရင် သိလိမ့်မယ်။ သူ အရေးတကြီး လုပ်ရမဲ့ ကိစ္စပေါင်း ၅၀ မှာ မာမာအေးလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ သူ့ကို တက္ကသိုလ်ကြီးတွေမှာ မှတ်တမ်းတွေ ဘယ်လို လုပ်တယ်ဆိုတာ လေ့လာ ခိုင်းထားနှင့်ပါ တဲ့။

ကျူးဘားဂီတ မှတ်တမ်းက ကောင်းတယ် တဲ့။ ဒါပေမဲ့ အခုထိ ကိုယ့်မှာ ဒုံရင်း ဒုံရင်းပဲ။ ဒီလို ဖုန်းနဲ့ ရှာဖွေပြီး လိုက်ဆက်တဲ့ ဆရာကြီးတစ်ယောက်ရဲ့စကား၊ ကတိမျိုး ဆိုတော့ စောင့်လိုက်တာ၊ စောင့်လိုက်တာ ကိုယ့် ဘ၀ အချိုးပြောင်း၊ လူပါ ဒေါင်းမသွားတာ ကံကောင်း။ အဲဒါ ဒီမှာသောင် တင်ရကြောင်း အကြောင်း နှစ်ရပ်ပါပဲ။ ဒီလာတာ ကတော့ တကယ် အလည် သက်သက်ပဲ။ ဗီဇာ ခြောက်လ ရလို့ စကားပြောရင် ခွေးအ လှည်း နင်းသလို မဖြစ်ရအောင် အင်္ဂလိပ်စာ သင်တန်းလေး တက်နေတုန်း ဒါတွေ ဖြစ်လာတော့တာပဲ ကိုငြိမ်းရေ…။

အမေရိကမှာ မမအေး ဂီတနဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေ လုပ်ဆောင် နေတယ်လို့ ကျွန်တော် သိထားပါတယ်။ ဘယ်လို လုပ်ငန်းတွေ လုပ်နေတယ် ဆိုတာ ပရိသတ်များ သိရအောင် ပြောပြပေးပါလား။

အခု ပြောပြနေတာ သုတေသန လုပ်ဖို့ သူတို့ ပြောပြီးတော့ လုပ်မယ်၊ မလုပ်ဖြစ်ဘူး ဆိုတာတောင် ခုထိ ပြန်ပြောဖော် မရခဲ့ပါဘူး။ ဒါကြောင့် မြန်မာ ကိစ္စ ကူမဲ့ တာဝန် ရှိသူရဲ့ကတိဟာလည်း ပျက်ခဲ့တာပဲ။ သူတို့ Grant ပေးမယ် ဆိုရင်တော့ ဂီတ သမား အတီး တစ်ယောက်နဲ့ ခေါ်ပြီး အတူလုပ်မှ အသံနဲ့ မှတ်တမ်း လုပ်လို့ ရမှာ။ ကိုယ် လုပ်ခဲ့မှာက မဟာဂီတ ရဲ့အစ ကြိုးသီချင်း(၁၃)ပုဒ်ရှိနေပြီး တာက အတီးများအတွက် စည်းဝါး သံကျနဲ့ သီချင်းရဲ့အလိုက်(မယ်လိုဒီ)သာ ဖြစ်ပါတယ်။ ဆိုနည်း ဆိုပုံ ဆိုပေါက်တွေ သီဆိုမှု အပိုင်း သေချာဂန မှတ်တမ်း မှတ်ရာ မရှိပါဘူး။ ဒါကြောင့် ဆိုနည်း မှတ်တမ်း လုပ်ပေးထား ခဲ့ချင်တာပါ။ ကျွန်မ ရင်ထဲက ရတနာ တွေစု၊ ပုံးနဲ့ ထားခဲ့မယ်လို့ စိတ်ကူးသာ ယဉ်နေရတယ်။ စားဝတ် နေရေး အတွက် လုပ်နေရသေးတော့ ခရီးမတွင်ဘူးလေ။ ဒါကြောင့် U.S ကဟာတွေ ပြောတဲ့အပေါ် ယုံစား အချိန်ပေးခဲ့မိတာပေါ့။ ဒါချည်း ထိုင်လုပ် နိုင်အောင် ချမ်းသာရင်လည်း ကောင်းသားနော့။ ကမ္ဘာ့ဂီတ ပညာရှင်ကြီး တွေလည်း သူတို့ရဲ့ ငွေရှင်ကြေး ရှင်ဂုဏ်ထူး ရှင်မြို့စား တွေကိုမှီပြီး သူတို့ ဂီတကို ထားခဲ့နိုင်တာတွေ ဖတ်ရဖူးပါတယ်။  ကိုယ်တို့ ဂီတကိုလည်း မြှင့်တင် ထိန်းသိမ်းပေးချင်သူတွေ ပေါ်လာရင် ကောင်းမှာပဲ။ ပရိသတ်တွေ ဘယ်လို သဘောရပါသလဲ။

မမအေးတို့ခေတ်က မြန်မာ့ အသံကနေ “ကာလပေါ် တူရိယာ အဖွဲ့ဖျော်ဖြေမှု” ဆိုတဲ့ အစီအစဉ် လွှင့်ထုတ်လေ့ ရှိပါတယ်။ အဲဒီ အစီအစဉ်ကနေ သီချင်းကောင်း တွေကို “ဓာတ်ပြားရ သီချင်းများ”ဆိုပြီး ဓာတ်ပြားအဖြစ် ခုတ်ပြီး မကြာခဏ လွှင့်ထုတ်ပေးတာကြောင့် သီချင်းသစ် ဆိုပေမဲ့ ပရိသတ် ပါးစပ်ဖျားမှာ ခဏအတွင်း ရေပန်း စားသွားလေ့ ရှိပါတယ်။ ဥပမာ မမအေး ဆိုခဲ့တဲ့ သက်တံပေါ်မှာ ကစားမယ်ဆိုတဲ့ သီချင်း မျိုးပေါ့။ ဒီနေ့ ခေတ်မှာတော့ အဲဒီလို တစ်မုဟုတ်ချင်း နာမည်ကြီးသွားတဲ့သီချင်းတွေ ပေါ်ထွက် မလာတော့တာ ဘာကြောင့် ပါလဲ။

ဒီကနေ့  ကြားရတဲ့ သီချင်းတွေ အများစုက မြန်မာတို့ရဲ့ နားမှာ နားဝင်မချို၊ ဖွဲ့ ဆိုတဲ့ အကြောင်းအရာကို သိနိုင်အောင် ဆိုတဲ့ စာက မပီသ၊ ကာရန် အချိတ်အဆက် နဘေက ပျက်သနဲ့ ကိုငြိမ်းရယ်။ ဘာကို မက်မက်စက်စက် ဖြစ်စရာ ရှိသလဲကွယ်။ ဂီတ ဆိုတာမှာ ကောင်မလေး လှလှ ကပြနေလို့တော့ အလကားပါပဲ။ သူ့အသံလည်း လှ၊ သူ့စကားလည်း ပီ၊ မယ်လိုဒီလည်း ကိုက်၊ ပရိသတ် ရင်ကို ခိုက်အောင် ခံစား ဖမ်းစား နိုင်အောင် ဆိုပါမှ။

ဒီနေ့ခေတ် ဂီတ လောကမှာ ရှားရှားပါးပါး ပေါ်ပေါက်လာတဲ့ မြန်မာသံ အဆိုတော်ကလေးတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်ပိုင် သီချင်းက မရှိသလောက် နည်းပါးပြီး ပြန်ဆိုတေး တွေကိုသာ ဆိုနေကြရ ပါတယ်။ အဲဒါကို ဖြေရှင်းနိုင် ဖို့ မမအေး ဘယ်လိုများ အကြံပေး ချင်ပါသလဲ။

မြန်မာ တိုင်းပြည်ကြီးမှာ မြန်မာသံ အဆိုတော် လေးတွေ ရှားရှားပါးပါး ပေါ်လာသတဲ့လားကွယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်ဂီတကိုယ် ချစ်ရကောင်းမှန်း မသိတော့ လောက်အောင် အားပေး ချီးမြှင့်မြှောက် စားခြင်းကင်း လာနေလို့ မြန်မြန် စင်ပေါ်ရောက်အောင် ခုန်ပေါက် လှုပ်ရှား ရေကြည်တဲ့နေရာ သွားကုန်ကြတာလည်း တစ်ကြောင်း ဖြစ်နေလိမ့်မယ်။ ဗမာ အဆိုတော်က ပီသကြည်မြ စည်းဝါး ဌာန် ကရိုဏ်း ကျဦးမှ ဖြစ်နိုင်တာပါ။ နိုင်ငံတော်ရဲ့ အသံလွှင့်ဌာနကြီး မြန်မာ့အသံ ခေါ် ပြည်လမ်းအသံလွှင့်ရုံဟာလည်း  တဖြည်းဖြည်း လုံခြုံရေးကိစ္စ၊ လုံခြုံရေး အကြောင်းပြ ပြပြီး လူအ၀င်အထွက်တွေ တင်းကျပ်၊ ဂီတ သမားတွေ၊ တီးဝိုင်းတွေ၊ အသံသွင်း ထုတ်လွှင့်ပေးမှုတွေ ရပ်လေတော့ ရွက်ပုန်းသီးလေးတွေ ပျောက်ကုန်ကြ ရှာတာ ပေါ့လေ။ တီးဝိုင်း အသံ မလွှင့်ဖြစ်ရင် သီချင်းသစ် ဘယ်မှာ နားထောင်လို့ရမှာလဲ။ သီချင်း ထုတ်လုပ်တဲ့သူတွေတော့ ရှိသားပေါ့။ ခေတ်အကြိုက် ခပ်ဟော့ဟော့ တွေပဲ များမှာပါ။ မြန်မာသံ ဘက်ကျတော့ လူသစ် သိပ်တင် ရဲမှာမဟုတ်ဘူး။ တင်ဖြစ် မယ်ဆိုရင်လည်း တစ်ဖက်က ပရိသတ် ကြိုက်ပြီးသား သီချင်းကောင်းနဲ့ တွဲထုတ်ပါတယ်။
လူကြိုက်တဲ့ ပစ္စည်းကို  အရောင်းထိုင်းပစ္စည်းနဲ့ ရောရောင်းတဲ့ သဘောမျိုးပေါ့။ ခုတော့ ပိုဆိုးနေမလား တောင် မသိဘူး။ ခိုးကူးတွေ နှိမ်မရလို့ ထိုင်နေကြ ဆိုလားပဲ။ တီးဝိုင်း အဖွဲ့တွေ ဟိုတုန်းကလို အသံပြန်လွှင့်ပေးမယ်။ ထုတ်လုပ်သူတွေအတွက် ခိုးကူးတာတွေ ပပျောက်အောင် လုပ်ပေးမယ်။ ပရိသတ်ကလည်း ကောင်းကောင်း မကောင်းကောင်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်မယ် ဆိုရင်တော့ တစ်ကျော့ ပြန်လာမှာပေါ့ရှင်။

 

မြန်မာသံ သီချင်းသစ်တွေ ပေါ်ထွက် မလာတာ တေးရေး ဆရာတွေကြောင့်လား၊ သီချင်း သီဆိုသူတွေကြောင့်လား။

မြန်မာသံ သီချင်းတွေကို မြန်မာတွေက အားမပေးလို့ပါ။ ရေးတဲ့သူကလည်း ရေးတုန်းပါပဲ။ ဆိုတဲ့သူကလည်း ဆိုတာပါပဲ။ “မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား”လို့ ကြွေး ကြော်ခဲ့တဲ့ ရွှေမြန်မာ မလွတ်လပ်မီ  တော်လှန်ရေးခေတ်၊ သူ့ကျွန်ဘ၀မှာ  အတူပါခဲ့တဲ့ မြန်မာ့ ဂီတကို တို့ဂီတလို့ မကြွေးကြော်တော့ဘူးလား ကိုယ် ပြန်မေးချင်ပါတယ်။

မမအေး ကိုယ်တိုင် အဆို သင်တန်း ဖွင့်ခဲ့ဖူးသူ ဆိုတော့ ကျွန်တော် တစ်ခု မေးချင်ပါတယ်။ တော်ရုံ ၀ါသနာပါသူ တစ်ယောက်ကို အဆိုတော် ဖြစ်လာအောင် အတန်းပညာ သင်သလို သင်ကြား ပေးလို့ ရနိုင်ပါသလား။

သီချင်း ဆိုတတ်အောင် သင်ပေးလို့ကတော့ ရတယ်၊ အဆိုတော်ဖြစ်လာအောင်ကတော့ သူ့ရဲ့ ကံ ဉာဏ်ဝီရိယ အပြင် သူ့ဝန်းကျင် နဲ့လည်း ဆိုင်သေးတာကြောင့် ကံသေကံမ မပြောနိုင်ပါဘူး။

မမအေး သီဆိုခဲ့တဲ့ ရေဒီယိုသီ ချင်းတွေ ထောင်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ကျွန်တော့်ဆီမှာ စုဆောင်းထားတာ အပုဒ် တစ်ထောင် ကျော်ရှိတဲ့အတွက် တကယ် သီဆို ခဲ့တာထောင် ပေါင်းများစွာလို့ ကျွန်တော် ခန့်မှန်းခြင်းပါ။ အဲဒီ သီချင်းတွေကို အရင်အစိုးရ လက်ထက်က အသံလွှင့်ဖို့ ခွင့်မပြုခဲ့တာကြောင့် မမအေးရဲ့ ဓာတ်ပြားသီချင်း မှန်သမျှကို ဖျက်ဆီး လိုက်တယ်လို့ ကြားရပါတယ်။ အဲဒီဖြစ်ရပ် အပေါ် မမအေးရဲ့ ခံစားချက်ကို သိချင်ပါ တယ်။

ဓာတ်ပြားတွေလည်း အနိစ္စ၊ ကိုယ်လည်း အနိစ္စလို့ တရားနဲ့ ဖြေရတယ်ကွယ်။ ပြန်မဆိုနိုင်တဲ့ သီချင်းတွေ ပျောက်သွားမှာတော့ အစိုးသားပေါ့။

အသက်အရွယ် ရလာတဲ့အခါမှာ အသံလည်း အိုသွား နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မမအေးရဲ့ သီချင်းသစ်တွေကို ကြားရာ မှာတော့ အသံ မအိုသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုဖြစ်အောင် မမအေး အနေနဲ့ အထူးတလည် လေ့ကျင့်တာမျိုးများ ရှိပါသလား။

အထူးတလည် လေ့ကျင့် ရတာမျိုး မရှိပါဘူး။ သီချင်းထဲမှာ ကိုယ်တိုင် ရောက်သွားအောင် ဆိုတာမျိုး ဆိုခဲ့တာပါပဲ။ စိတ်နှစ်ထားတဲ့ သဘောပါ။

အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ မမအေးရဲ့ တစ်နေ့တာ လှုပ်ရှားမှု တွေကို ပရိသတ်များ သိအောင် ပြောပြ ပေးပါလား။

ရောက်စတုန်းက ဒီက ကျောင်း အတွေ့ အကြုံရအောင် အင်္ဂလိပ် စာသင်တန်း တက်တော့ အားတဲ့အခါ စာရေး စာဖတ် တာပါပဲ။ တည်းတဲ့အိမ်က ညီမလို ဆိုတော့ ဘာမှ ကူစရာ မရှိဘူးကိုး။ သီချင်းပွဲ ဆိုတာက တစ်ခါတစ်ရံမှ ဆိုဖြစ်တာပါ။

LA မှာ ကျောင်းသား ဗီဇာရဖို့ သွားနေတော့ ညဘက် ကျောင်းတက် ရတာပဲ ရှိတယ်။ ကျောင်းက ဘာ သာရေးကျောင်းကြီး ခဏခဏ အာမင် အာမင် လုပ်ရ။ အချိန်ပြည့် ကျောင်းမတက် နိုင်လည်း “အိုင်-၂၀”ဆိုတာ မရနိုင်ဘူး ဆိုတာနဲ့ ထွက်ခဲ့ရော။

ပစ္စဘာ့ဂ်မြို့မှာ အစ်မကြီးတစ် ယောက်ကို သီချင်းသွား သင်တော့လည်း သင်တဲ့ အချိန်လေး ခဏပဲမို့ စာဖတ်လိုက်၊ လေပစ်လိုက်ပါပဲ။

ဒီစီက ကျောင်းသားလေး တစ်ယောက် ၀ါသနာပါ လွန်းလို့ သီချင်းလာ သင်ပေးပါ အမေ ဆိုတာနဲ့ သုံးလ လောက် အတူ သွားနေပေး၊ သင်ပေးပေမဲ့ ဒီကလေးက တစ်နေကုန် အလုပ်သွား၊ ပြန်လာရင် ထမင်း ချက်စားနဲ့ အချိန်မရ။ သူ့သူငယ်ချင်းတွေ ရောက်လာ ပြန်တော့ ပိုအချိန်က မရ။ စိတ်ပျက် လှတာနဲ့ နယူး ယောက်ပြန်သွား၊ မိသားစု တစ်စုနဲ့ နေတော့ သူတို့မှာ ကလေးငယ်တွေနဲ့ ကိုယ်က ဆေးလိပ်သမား ဆိုတော့ ခက်တယ်။ ဒါနဲ့ ရွှေမန်းဝင်းမောင် အလုပ်လုပ်တဲ့ “ကြာပန်း”နာမည်နဲ့ အကသင်တန်းကျောင်းမှာ မြန်မာ အဆိုသင်တန်း တစ်ကြိမ် ဖွင့်ခဲ့ပါတယ်။ အဲဒီက တပည့်လေး တစ်ယောက်မှာ မိဘတွေ ရှိတုန်းက တစ်ခန်းပိုတယ်၊ လိုက်နေကြည့်ပါဆိုတာနဲ့ သွားနေသေးတယ်။ အဲဒီမှာ အသက်မွေးဝမ်းကျောင်း ပညာ တစ်ခုခု လက်မှတ် ရထားမှဖြစ်မဲ့ နိုင်ငံမျိုးမှာ နေရတော့မဲ့ဘ၀ကြုံပြီ ဆိုတော့ ဆေးရုံ ဆေးခန်းအလုပ်က လုပ်မယ် ဆိုလည်း လုပ်နိုင်တယ်။ တိုင်းပြည်ပြန်သွားရင်လည်း ကျေးလက်မှာ ကလေးတွေ သင်ပြ၊ ကျန်းမာရေး ဘယ်လိုလုပ်မှ ဘယ်လို ပြုစုရ ဆိုတာတွေ ဆင့်ပွားဆယ်ရာလုပ်ဖို့ ရည်ရွယ်ပြီး MOA သင်တန်း  ၂၀၀၀ မှာ တက်လိုက်ရင်း ညအလုပ် ၀င်လုပ်တယ်။

တစ်နေ့ တစ်နေ့ အိပ်ချိန် ၃ နာရီပဲ ရှိတယ်။ ကျောင်းက ညနေ ၅ နာရီက ည ၁၀ နာရီခွဲ အထိတက်၊ မြို့ထဲက အလုပ်က ညသန်းခေါင် ၁၂ နာရီက မနက် ၈ နာရီအလုပ်ပါ။ စာတွေ နမူနာ အမျိုးမျိုးတွေ စာကူးစက်ပေါ် တင်ပြီး ခလုတ်နှိပ်ကူး ပေးရတာမျိုး လုပ်ရတာ မပင်ပန်းပါဘူး။

မနက် ၈ နာရီအလုပ်ကထွက် ဘူတာရုံကို လမ်းလျှောက်သွား “စတား ဘတ် ကော်ဖီဆိုင်”က ဘူတာ အ၀င်ဝတင် ရှိတော့ ကော်ဖီဝင်သောက်၊  ဆိုင်က မထွက် မချင်း ကြိုက်သလို သောက်လို့ရတယ်။ စက္ကူဘူးလေးနဲ့ တစ်ဘူး ထည့်သွား လို့လည်း ရတော့  ဈေးကြီးပေမဲ့ ကိုက်ပါတယ်။ ရထား ပေါ်၊ ကားပေါ် အိမ်မရောက်မချင်း သောက်ရင်း ပြန်တာပေါ့။ အိမ်ကျတော့ အ၀တ်လဲ ဘုရား ဆွမ်းတော်ကပ်၊ ထမင်း တစ်လုတ် နှစ်လုတ် စားပြီးတော့ နေ့ ၁၁ နာရီ လောက်အိပ်၊ ၂ နာရီ ပြန် ထ၊ အိမ်စာ ပေးလိုက်တာတွေ လုပ်၊ ညနေ ၄ နာရီဆို အိမ်ကထွက် ကျောင်းအပြေးတက်နဲ့ ၂ နှစ်ကြီးများတောင် ကြိုးစားခဲ့ရတယ်။ အောင်ချက်လည်း ကောင်းပါတယ်။ ဆရာ၊ ဆရာမတွေကလည်း ချစ်ကြပါတယ်။ သွေးဖောက်တဲ့ပညာနဲ့ ရုံးခန်းဆိုင်ရာ အထောက် အကူပညာ အတွက် အောင်လက်မှတ် ၂ ခု ရပြီးပါပြီ။

အမေရိကန် ပြည်နယ်ပေါင်း ငါးဆယ် ဘယ်မှာလုပ်လုပ် (အလုပ်) ရနိုင်တဲ့ စာမေးပွဲကြီးလည်း အောင်ပြီးပြီ။ ဒီအပင်ပန်းခံကြိုးစား ပြခဲ့တဲ့ အချက်က အမြတ်ထွက်ပါတယ်။ ကိုယ်နေခဲ့တဲ့ ကျောင်းက ကိုယ့်နာမည် ပြောတာနဲ့ ဗမာတွေဆို အလွယ်တကူ လက်ခံတော့ တာပဲတဲ့။ ကိုယ့်နိုင်ငံမှာ ပညာသင်ချိန် မရတော့လို့ နာမည် နောက်က ABCD တွေ အမြီး မတပ်ခဲ့ ရပါဘူး။ ဒီမယ် အမြီးတပ်ချင်ရင် တပ်လို့ရပြီ။ မာမာအေး(NC MOA, NCPT) ဒါမျိုးပေါ့လေ။ ကျောင်းပြီးတဲ့နေ့ကလည်း အမှတ်တရလေးပဲ။ (၀၂.၀၂. ၂၀၀၂) နှစ်လေးလုံး ဆုံတဲ့နေ့ ဖြစ်နေပါတယ်။

၂၀၀၃ ခုနှစ်မှာ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က အသံလွှင့်ဖို့ တစ်ချိန် ပေးတာနဲ့ “ပြောပြစရာတွေလည်း တစ်ပုံကြီး ရှိသေးတယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြာသပတေးညတိုင်း အသံလွှင့် နေတာ ခုထိပါပဲ။ နေ့စဉ်စာဖတ်၊ သတင်း နားထောင်၊ ဘာသာရေး၊ သာသနာရေး၊ လူမှုရေး တွေကူ၊ စာမူတွေ ရေး၊ အသံ သွင်း ပျင်းစရာကို မရှိပါဘူး။ မေးတဲ့သူက တစ်နေ့တာ လှုပ်ရှားမှုတဲ့၊ နေ့တွေက တစ်နေ့နဲ့ တစ်နေ့ တူတာမှ မဟုတ်ဘဲ။ ဘာတွေ လုပ်နေလဲ အကုန်ပဲ ပြောလိုက်တော့ ရှင်းရောပေါ့နော။

မမအေး ပြည်တော်ပြန်အောင်လို့ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က အာမခံတဲ့စာ ပို့ပေးထားတယ်လို့ ကြားသိနေရပါတယ်။ ဟုတ်ပါသလား မမအေး။

အာမခံစာ ဟုတ်မဟုတ်တော့ မသိပါဘူး။ ဗီဇာ ထုတ်ပေးဖို့ သဘောတူကြောင်း သက်ဆိုင်ရာကို ထုတ်ပေးတဲ့ စာမိတ္တူတော့ E-mail ထဲ ထည့်ပို့လို့ ရထားပါတယ်ကွယ်။

အိမ်ပြန်ရတော့မယ် ဆိုတဲ့ အသိက မမအေးကို ဘယ်လိုခံစား စေပါသလဲ။

ပြန်လာပါ။ ပြန်လာပါလို့ စကားပေး နေတာ ကြာပြီ။ ခုတော့ အတည်ပြုချက် သေချာပြီပေါ့လို့ စိတ်မချတာကြီး ပျောက်သွားတာပါပဲ။

ရန်ကုန်မှာ ပွဲတစ်ပွဲ သီဆိုဖို့ ဘိုဘို အင်တာတိန်းမန့်နဲ့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မမအေး ဘယ်နှပုဒ်လောက်အထိ သီဆိုမယ်လို့ ခန့်မှန်းထားပြီး ဘယ်လို သီချင်းမျိုးတွေ ရွေးမယ်ဆိုတာ သိပါရစေ။

ဘိုဘိုတို့က ဘာတွေ ဘယ်လို စီစဉ်ထားမယ် ဆိုတာ မသိပါဘူး။ ဘယ်နှပုဒ်ဆို ဖြစ်မလဲ ဆိုတာ သူတို့ အစီအစဉ် တွေပေါ်မှာ ကြည့်မှ သိရမှာပါ။ ဘယ်လို သီချင်းမျိုးတွေ ရွေးမှာလဲဆိုတော့ ပရိသတ်ကို ရွေးခိုင်းပါလို့ ပြောထားတယ်။ ဥပမာကွယ် လက်မှတ်ကို ကြိုရောင်းပေါ့။ ကြည့်မဲ့သူက ကိုယ်ကြိုက်တဲ့ သီချင်းတစ်ပုဒ် တောင်းဆိုခဲ့ဖို့ပါပဲ။ စာရင်းပိတ် တဲ့အခါ လူကြိုက်အများဆုံး တောင်းဆိုတဲ့ သီချင်းတွေကို တန်းစီရွေး ချယ် ဆိုပေး ချင်လို့ပါ။ အမေရိက ရောက် တချို့မိတ်ဆွေ တွေက လိုက်လာကြည့် မယ်။ လက်မှတ်ကြိုဝယ် ပေးပါလို့ ခိုင်းတဲ့သူက ခိုင်းနေပြီ။ ပွဲစီစဉ်မဲ့ သူဆီတောင် မပြော ရသေးဘူး။

ဇာတ်မင်းသား နန်းဝင်းနဲ့ တွေ့တော့ မမအေးနဲ့ ဖုန်းပြော ဖြစ်ကြောင်း၊ မမအေးက သူရယ်၊ သိန်းဇော် ရယ်နဲ့ တွဲပြီး ဖျော်ဖြေပွဲ တစ်ခုလောက် စီစဉ်ပါလားလို့ တိုက်တွန်းကြောင်း နန်းဝင်းက ပြောပါတယ်။ ဘယ်လို စိတ်ကူးလို့လဲ မမအေး။

ဒီနှစ်ဝန်းကျင်မှာ အလင်္ကာ ကျော်စွာ ရွှေပြည်အေး၊ ဆရာကြီး မြို့မငြိမ်း၊ ဆရာ ရွှေတိုင်ညွန့်တို့ ရာပြည့်ပွဲတွေ တွေ့ရမြင်ရ ကြားရတယ်။ နန်းတော်ရှေ့ ဆရာတင်ကြီး သီချင်းတွေ လည်း ဒါမျိုး ပွဲလုပ်သင့် တယ်ထင်လို့ နန်းဝင်းတို့၊ နန်းခင်မွှေးတို့က တပည့် စာရင်းဝင်တွေမို့ ပြောလိုက်တာပါ။ ကိုငြိမ်းမင်းနဲ့ နန်းခင်အေးတို့ သမီးလေးကလည်း မမအေးဆီ အလည် လာရောက်လို့ ဖုန်းဆက် ပြောခဲ့တာပေါ့။ တစ်လောက သဘင့်ဦးသျှောင် ဂရိတ် ဦးဘိုးစိန် ပွဲကြီး မှာ နန်းဝင်းနဲ့ သိန်းဇော်တို့ ပါတာလည်း မတွေ့တော့ ဘာဖြစ် နေကြ တာလဲ စိတ်ထဲ သတိတရ အရွယ် မကုန်ခင် စင်ပေါ် ပြန်အ၀င် ကလေး ပြစေချင်လို့ ပြောလိုက်တာပဲ။ သူတို့ပွဲ လုပ်ဖြစ်ရင် ၀င်ကူ မယ်လို့ပါ။ သူတို့တင် မကပါဘူး။ ဆိုင်းလောက သားတွေစု၊ ပွဲတစ်ခု လုပ်ဖို့လည်း တိုက်တွန်း ထားပါတယ်။ ကိုယ်ရောက်တုန်း အားလုံးကို စိတ်ချမ်း သာ စေချင်လို့ ပါပဲ။

မမအေးရဲ့ သီချင်း ပေါင်းများစွာထဲက စန္ဒရား ချစ်ဆွေရဲ့ စန္ဒရားလက်သံနဲ့ မမအေး ဆိုတဲ့ မောင့် အချစ် မြားစူးကို မြန်မာ့ ရုပ်မြင်သံကြားက လွှင့်ထုတ် ဖူးပါတယ်။ မောင့် အချစ်မြားစူးကို ဗားရှင်း အမျိုးမျိုး ကျွန်တော် ကြားဖူးပေမဲ့ အဲဒီအဆို ကတော့ အားလုံးထဲမှာ အပြောင်မြောက်ဆုံးလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီသီဆိုမှုက မမအေး အတွက် ပိုပြီး ထူးခြား ခဲ့လို့လား။

ဘယ်နှယ့် “မောင့်အချစ် မြားစူး” ဖြစ်ရတာလဲ ကိုငြိမ်းရယ်၊ “မောင့်အချစ် မြား”အထိပဲ ထားပါ။ “စူး”မပါဘူးရှင်ရဲ့။

ဟုတ်တယ် မမအေး၊ ကျွန်တော် သိထားတာကလည်း “မောင့်အချစ် မြား”ပါ။ ဒါပေမဲ့ အခု ရုပ်မြင်သံကြား အစီအစဉ်တွေ၊ FM ရေဒီယိုတွေက ဒီသီချင်း လွှင့်မယ်လို့ ကြေညာရင် (မမအေး အသံနဲ့ မဟုတ်ဘူးနော်) “မောင့် အချစ်မြားစူး”လို့ ကြေညာကြတော့ ကျွန်တော် မျက်စိ လည်သွားတာ။ ကိုယ်သိတာကပဲ မှားပြီလားပေါ့။

TV ရိုက်တဲ့အခါ Live ဆိုရင်း ရိုက်မှ အသက်ဝင်တာ ဖြစ်လို့ပေါ့ ဆရာရဲ့။ သီချင်း ဖွင့်ပြီး ပါးစပ်ပေါက် လိုက် ကိုက်ရရင် အဲဒါ သတိထား နေရတာနဲ့ အသက် မ၀င်ဘူး။ မျက်လုံးမှာ ရှင်းရှင်း အဓိပ္ပာယ် ပေါ်အောင် မပြနိုင် ဘူးလို့ မှတ်လိုက်ပေးတော့။

ဒီခေတ် ကလေးတွေက မာမာအေး ဆိုတာ အဆိုတော် တစ်ယောက် အဖြစ်သာ ကြားဖူး သိဖူးမှာပါ။ မမအေး သရုပ် ဆောင်လုပ် ဖူးတယ် ဆိုတာကိုတော့ သိကြမှာ မဟုတ်ပါဘူး။ ဘာကြောင့် သရုပ်ဆောင် လုပ်ဖြစ်ခဲ့တယ်၊ ဘယ်ကားတွေ ရိုက်ခဲ့ဖူးတယ်၊ ဘာကြောင့် ဆက်မလုပ် ဖြစ်သလဲ ဆိုတာတွေ ပြောပြ စေချင်ပါတယ်။

သရုပ်ဆောင် လုပ်ဖြစ်ခဲ့ တာက ကိုယ့်အညှာကို လာလာ ထိသလို ခံရတာတွေ ရှိလို့ပါ။ တို့များ အောင်မြင် နေစဉ်မှာ မမခင်ယုမေ၊ တွံတေး သိန်းတန်၊ သူငယ်ချင်း ငယ်ပေါင်း သန်းဖေလေး တို့တစ်တွေ ရုပ်ရှင် အနုပညာ မြေကို ရောက်သွားကြ၊ ပေါက်သွားကြတာ သိတဲ့အတိုင်းပဲ။ ဒါကို တချို့က မာအေးရော လိုင်းမကူး ဘူးလား၊ မရဲဘူးလား ဘာလားနဲ့ ကျီစယ် သလိုလိုနဲ့ လူက ဖိအား ပေးမဲ့ အချိုးတွေနဲ့ ရင် ဆိုင်ရတာ မကြာခဏပဲ။ ယောက်ျား ကြောက်ရလို့ လားဆို တဲ့သူက တစ်မျိုး။ စိတ်ဆိုး လို့လည်း မဖြစ်တော့ ညစ်နေ တာပေါ့။ ကိုယ်က ဇာတ်စင်ကစ အနုပညာနွယ် ဆက်ခဲ့တဲ့ သူပဲဟာ။ ဘာမလုပ် နိုင်စရာ ရှိလဲ။ ကိုယ်ရုပ်ရှင်ကို ကူးရင် အလွယ် ကလေးရယ်။ ကိုယ့်မှာ ဂီတက ပရိသတ်တစ်ဝက် ပါပြီးသား မဟုတ်လား။ ရုပ်ရှင် ပရိသတ် ၂၅ ရာခိုင်နှုန်းပဲ ရဦးတော့ ၇၅ ရာခိုင်နှုန်းနဲ့ အောင်တဲ့ကျောင်းသား စကောလာ ဂရိတ်များ ရသလို နေမယ် မဟုတ်လား ကွယ်။ သရုပ်ဆောင် လုပ်ပါဆိုတာ သုမောင်တို့ ကိုဝဏ္ဏတို့ အဖေ စာရေးဆရာ သာဓုက အိမ်ထောင် မကျခင် ကတည်းက တွေ့တိုင်း ပြောခဲ့တာ။ မင်းသားကြီး ၀င်းဦးလည်း ပြောတာပဲ။

ရွှေဟင်္သာ ဦးဟန်သိန်းက တော့ အကြိမ်ကြိမ် ပြောရုံမက အစ်ကိုလေး (ဗိုလ်ကလေးတင့်အောင်) ကိုပါ ခေါ်ချလာပြီး မာအေး အတွက် ဂီတ ဇာတ်လမ်း သန့်သန့် ရေးခိုင်းပြီး အစ်ကိုလေး ကိုယ်တိုင် ဒါရိုက်တာ လုပ်မှာ ပါဆိုလို့ ခင်ပွန်းက လိုက်လျော ပေးခဲ့တော့ ကိုယ့်အတွက် တစ်နယ် တိုးတာပေါ့။ ဒါကြောင့် မြန်မာ့ အသံ ဦးသန်းမြင့် ခေါ်တဲ့ အဘ ရေးပေးတဲ့ “မြခြူသံ” ဇာတ်ကားကို စပြီး ရိုက်ကူးဖို့ ဖြစ်လာတယ်။ ဒုတိယ“သူ့ကိုမှ ချစ်သည်” ဒါရိုက်တာ အသစ် ကျပ်ချွတ် အောင်မြင့် မြတ်ရဲ့ ပထမဆုံး ရိုက်တဲ့ ဇာတ်ကားပါ။ နောက်ဆုံး ရိုက်တာ တိုးနိုင် ဓာတ်ပြား ကုမ္ပဏီ ပိုင်ရှင် အမေ ဒေါ်သန်းရင်နဲ့ ကျွန်မ အပါအ၀င် စုတင်ကြတဲ့ ရွှေကရ၀ိက် ကုမ္ပဏီက ဒါရိုက်တာ ကိုစိန်သော်နဲ့ ရိုက်ခဲ့တယ်။ အောင်လင်း ၀တ္ထုနာမည် ကျော် “မန်ဒါလီ”ပေါ့။ ကိုယ်က ပပ ၀တီမှ မဟုတ်တာ။ မင်းသမီး တာရှည် ဘယ်လုပ် လို့ဖြစ်မှာလဲ။ ရုပ်ရှင်ကား တစ်ကားဟာ အစောဆုံး တစ်နှစ်လောက် အချိန် စောင့်ရတယ်။ ရုပ်ရှင် တစ်ကားရဲ့ဝင်ငွေဟာ သီချင်းဆိုတဲ့ တစ်နှစ်စာ လောက်တောင် ရှိတာမှ မဟုတ် တာဘဲ။ ရုပ်ရှင်ကင်မရာက  တစ်ခုတည်း။ ဟိုလှည့်ရိုက်၊ ဒီလှည့် ရိုက်၊ မီးတွေ ထိုးလိုက်၊ မှိတ်လိုက်၊ လူလည်း ပူလိုက်၊ အေးလိုက်၊ ကြာရင် အသံတောင် ထိခိုက် နိုင်မလား စိုးလာပါတယ်။

ဟိုတုန်းက ရုပ်ရှင်ရိုက် ဖို့ရာ မမမေရှင်လည်း အလုပ်က ထွက်ရိုက်ရတယ်။ တွံတေး သိန်းတန်လည်း ထွက်ရတာပဲ။ ကျွန်မအလှည့် ရောက်တော့ မြန်မာ့အသံမှာ ကျွန်မ ခံစား ရတာတွေ သိပုံရတဲ့ တာဝန်ခံ ဗိုလ်မှူးကြီး တင်ထွန်းက ရုံးကနေ ထွက် မခိုင်း တော့ပါဘူး။ ကျွန်မ ကလည်း ခွင့်မယူဘဲ ရုံးတာဝန် မပျက်ဘဲ ရိုက်မှာပါလို့ ပြောပြီး တောင်းဆိုခဲ့ တာပါ။ ရုပ်ရှင်က ဂီတလောက် ၀ါသနာ မစွဲလေတော့ သုံးကားပဲ ရိုက်ပြီး အနိုင်နဲ့ ပိုင်းထားလိုက်တာပါ။

မြန်မာနိုင်ငံကို မမအေးလာမှာက အပြီးအပိုင် ပြန်လာ တာလား။ ခဏ လာတာလား။ သိပါရစေ။

ဥပမာလေးနဲ့ ပြောရအောင်ကွယ်။ မမအေးက ရတနာလေးတစ်ပွင့် ဆိုပါ တော့။ အထား မတတ်လို့ ပျောက်သွားခဲ့ပြီပဲ။ ရေအဆုံး ကုန်းတစ်ဝက် ဆိုတဲ့ ဖြတ်ထုံး အတိုင်း ပြန်တွေ့တော့ ကိုယ့်ကို တစ်ဝက်ပဲ ဆိုင်ကြပေတော့ ပေါ့နော်။ ကိုယ့် ကျန်းမာရေးက သိပ်စိတ်ချရတော့တာမဟုတ်ဘူး ကိုငြိမ်းရယ်။ နှလုံးသွေးကြောတွေ ခွဲထုတ် ဖြုတ်လဲ ပေးထားရတာ။ ကိုယ်တစ်ခြမ်းလည်း လေထိလို့ကပ်သွားတာ ကံကောင်းလို့။ ကိုယ် ဟာ “အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးစမ်းပါ မေမေ”လို့ ဒုက္ခတွေ ခံစားရတုန်းက အမေ့ဆီမှာ တောင်းဆိုမိလို့ U.S က ခွဲစိတ် ရှင်သန်စေခဲ့တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။ ဆေးရုံက ဆင်းတော့ ဆရာဝန်တွေကို ဘယ်တော့တစ်ခါ ပြန်လာ ပြရမလဲလို့ မေးတော့ မင်းကို လူသစ်လုပ်ပေးလိုက်ပြီ၊ ပြန်လာပြစရာ မလိုဘူးတဲ့ ကိုငြိမ်းရဲ့။ ကိုယ့်မှာ သွေးတိုးလည်း ရှိသတဲ့။ အဆီ များတဲ့ ပြဿနာ ရှိသတဲ့။ အခု “ဂေါက်” ဖြစ်ပြန်ပြီတဲ့။ နောက်ဆုံးက အလာဂျီ ဆိုပဲ။ တစ်နေ့ တစ်နေ့ သောက်လိုက် ရတဲ့ဆေး၊ တစ်လကို ဒေါ်လာ တစ်ထောင်မက သက်ကြီး ထောက်ပံ့တဲ့ ကျန်းမာရေး ဌာနက ကုန်ကျခံ ပေးလို့ပဲ။ မဟုတ်ရင် လူပါ ဂေါက်သွားမှာ ကြောက်ရတယ်။ ဒီမှာ နေလို့ မကျန်းမာရင် ကိုယ် ဘယ်က ငွေနဲ့ကုရမတုံး။ နာမည်ဖြတ်၊ သီချင်းပိတ်၊ သတင်းပိတ်၊ တံခါးပိတ် ဂျိတ်လုပ်ထားခဲ့တဲ့ ဆယ်စု တစ်ခုစာ ကိုယ် ဘယ်မှာရှာခဲ့ရလို့လဲ။ စောစောက ဝေးရမဲ့ အစား ဝေးဝေးမှာ တစ်ရက် ပိုနေရင် ကိုယ် လုပ်ချင်တာ၊ ကိုယ် လုပ်သင့်တာ အားလုံး အတွက် တစ်ရက် ပိုလုပ်နိုင်မှာပဲ။ နားလည်ပေးနိုင် ကြပါစေလို့ ဆုတောင်း နေပါ တယ်။

လင်းလွန်းခင်စာပေက မမအေး ရေးတဲ့ “ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း” ကို အခုမှ ဖတ်ဖူးတဲ့ ပရိသတ်တွေက မာမာအေးက စာရေးလည်း ကောင်းသားပဲလို့ ဆိုကြပါတယ်။ မမအေး စာဆက်ရေးဖို့ စိတ်ကူး ရှိပါသလား။

ပရိသတ်ဆီက ဒီအသံ ကြားရတာ ၀မ်းသာပါတယ်။ ကျွန်မ စာတွေရေးမှာပါ။ ကျွန်မ အိမ်ဆောက်တော့ ကြီးလာရင် ကိုယ်ရေး ကိုယ်ထုတ်လုပ်မယ် စိတ်ကူးတာနဲ့ စာပုံနှိပ်စက် ထားနိုင်အောင် မြေအောက် ဖောင်ဒေးရှင်းကို  ကျွန်မ အရပ်လောက် ကျောက်လောင်းထားခဲ့ပါတယ်။ “ပြောပြစရာတွေ”ကို အကျယ် ၁၂၀ လုပ်တောင် “ရေးစရာတွေ တစ်ပုံကြီး” ဖြစ်မှာပါနော်။

မြန်မာသံ စစ်စစ်များကိုသာမက ကော်ပီသီချင်းများကိုလည်း ပိုင်ပိုင် နိုင်နိုင် သီဆိုခဲ့တဲ့ ဒေါ်မာမာအေးက အခုဆိုရင် အသက် ၇၀ ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ သူ့အသံက အခုထက်ထိ ဆွဲဆောင်မှု အပြည့်အ၀ရှိနေဆဲ ဆိုတာ ပြည်ပ အသံလွှင့်ဌာနများက လွှင့်ထုတ်တဲ့ သူ့သီချင်းသစ်များကို နားဆင်ဖူးသူတိုင်း သိကြမှာပါ။ ၂၀၁၂ ခုနှစ် မကုန်ခင်မှာ သူ မြန်မာနိုင်ငံကို လာရောက်ပြီး ချစ်တဲ့ ပရိသတ်များကို သီဆိုဖျော်ဖြေဖို့ အစီအစဉ် ရှိပါတယ်။ ဒီပွဲကို စီစဉ်နေတဲ့ ကိုဘိုစန်းက ဒေါ်မာမာအေး ပွဲဖြစ်တာကြောင့် ပရိသတ် များများဆံ့နိုင်မယ့်နေရာကို ကြိုးစား နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နေရာ အတိအကျ မပြောနိုင်သေးပါဘူး။ ပွဲဖြစ်မှာကတော့ သေချာပါတယ်။

ဆယ်ကျော်သက် အရွယ်က သီဆိုခဲ့တဲ့ သက်တံပေါ်မှာကစားမယ်က အစ အခုထက်ထိ အောင်မြင်မှု သရဖူ ဆောင်းနေဆဲ ဖြစ်တဲ့ တေးသံရှင်ကြီး ဒေါ် မာမာအေး ကျန်းမာ အသက်ရှည်စွာနဲ့ မြန်မာ့ ဂီတ လောကအတွက် အကျိုးရှိမဲ့ လုပ်ငန်းများ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်း ပါတယ်။

မအားမလပ် တဲ့ကြားက ရွှေအမြုတေမဂ္ဂဇင်းအတွက် စေတနာ အပြည့်အ၀နဲ့ ဖြေကြားပေးခဲ့တဲ့ မမအေးကို အထူး ကျေးဇူးတင်ကြောင်းပါ။


(မူရင်း – ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၂) http://shweamyutay.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ပင်တိုင်ကဏ္ဍ, မာမာအေး, မျက်မှောက်ရေးရာ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments