မဆုံးတဲ့ခရီး မပြီးတဲ့ဆောင်းပါး

November 4, 2012

အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္တသိုလ်)
နိုဝင်ဘာ ၄၊ ၂၀၁၂
အဒ္ဓါ ပုထုဇ္ဖနာ သေက္ခာ၊ ခီဏာသဝါ ဂတဒ္ဓိနော = ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်တွေက ခရီးသွားတွေ၊ ရဟန္တာများကတော့ ခရီးနားများပေါ့။

စာတစ်ပုဒ်ရေးချင်နေတာ။ ဘာအကြောင်းရေးနေချင်မှန်း တိတိကျကျ မသိ။ ဒါမျိုးက ကိုယ့်အဖို့ ဖြစ်ခဲတဲ့အရာ။ ပုံမှန်အားဖြင့်ဆို ရေးချင်တဲ့အကြောင်းအရာတွေ များလွန်းလို့သာ ဘာကို စရေးရမယ်လို့ မသိဖြစ်တတ်တာမျိုး။ ခုတော့ တကယ့်ကိုမှ ထူးထူးဆန်းဆန်း။ ရေးချင်ပါလျက် ဘာအကြောင်းအရာကို ရေးရမယ်ဆိုတာ ဘယ်လိုမှ စဉ်းစားလို့ကို မရဖြစ်နေတာ။ ခုလို စဉ်းစားလို့ မရကာမှ ပိုပိုပြီး ရေးချင်စိတ်က ဖြစ်လာတယ်။ ဒါကြောင့် ဘာမှ ရေးစရာမရှိတဲ့အကြောင်းကို ရေးမယ်ဆိုပြီး ဒီစာကို စလိုက်တာ။ ဒါကြောင့် ဒီစာက ပြီးဆုံးချင်လျင်လည်း ဆုံး မယ်။ မပြီးဆုံးပဲလည်း ဖြစ်သွားနိုင်ပါတယ်။

ခုရက်ပိုင်းမှာ ဘာကိုများ စိတ်ဝင်စားနေခဲ့သလဲလို့ တွေးကြည့်မိတယ်။ ဘာရယ်လို့ တိတိကျကျ အဖြေမရခဲ့။ ဒါဆို ဘယ်အရာကိုများ အများဆုံးအချိန်ပေးပြီး လုပ်ခဲ့သလဲ။ ‘လောလောဆယ် အချိန်အများဆုံးပေးပြီး ကိုယ် လုပ်ဖြစ်ခဲ့တဲ့အရာတစ်ခုခုဟာ လောလောဆယ်အားဖြင့် ကိုယ်စိတ်ဝင်စားနေတဲ့အရာဖြစ်တတ်တယ်’လို့ မှတ်ခဲ့ ရဖူးတယ်။ ဒါဖြင့် ခုလောလောဆယ် ဘာအတွက် အချိန်အများဆုံးပေးခဲ့သလဲ။ ပေးခဲ့တဲ့အချိန်အများဆုံးအရာ ထဲက ဘာကိုများ မှတ်မှတ်သားသားစိတ်ထဲမှာ ရှိနေခဲ့သလဲ။ စဉ်းစားကြည့်ခဲ့တယ်။

ခုရက်ပိုင်းမှာ ခရီးတိုနှစ်ခု ထွက်ဖြစ်တယ်။ Lake Tahoe နဲ့ Yosemite အမျိုးသားဥယျာဉ်ဆီ။ နှစ်ခုလုံးက ကာ လီဖိုးနီယားပြည်နယ်ထဲမှာ။ နှစ်ခုလုံးကလည်း နီဗားဒါးပြည်နယ်အစပ်မှာ ရှိကြတယ်။ Lake Tahoe က တောင် ကြားမှာ။ တောင်ပေါ်လို့လည်း ပြောလို့ရတဲ့နေရာမှာ။ ကန်ရေမျက်နှာပြင်က ပင်လယ်ရေမျက်နှာထက် အမြင့်ပေ ခြောက်ထောင်ကျော်မှာဆိုတော့ တောင်ထိပ်ကရေကန်လို့လည်း ပြောနိုင်တာပေါ့။ တကယ့်မျက်စိ အမြင်အရ တော့ ဝိုင်းရံနေတဲ့ တောင်တန်းများကြားက ကြီးမားတဲ့ရေကန်ကြီးတစ်ခုသာ။ ဆောင်းအခါမှာ နှင်းလျောစီးသူ တွေရဲ့ နိဗ္ဗာန်ဘုံ။ စနိုး(နှင်းဖွေးဖွေး)နဲ့ စိမ်းတဲ့ ကာလီဖိုးနီးယားသား အများစုအတွက် မြောက်ပိုင်းကာလီဖိုးနီး ယားရှိ စနိုးတောင်တန်းတွေပေါတဲ့ ဒီဒေသက တစ်ခုတ်တရ သွားကြရတဲ့နေရာ။

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆောင်းလထဲမှာ ဒီ Lake Tahoe ကို တစ်ခေါက်ရောက်ခဲ့ဘူးတယ်။ အဲဒီအချိန်က တော့ တစ်တောလုံး တစ်တောင်လုံး နှင်းတွေနဲ့ ဖွေးဖွေးဥလို့။ ကြည့်လေမြင်ရာ နေရာတကာမှာ အဖြူရောင် ဆွတ်ဆွတ်ချည်းသာ။ သစ်ပင်တွေလည်းအဖြူ။ အဆောက်အဦတွေလည်း အဖြူ။ တောင်တန်းကြီးတွေက လည်းအဖြူ။ လမ်းဘေးဝဲယာမှာတစ်လျောက်လုံးလည်း ဖွေးဖွေးဖြူလို့။ သီးခြားကမ္ဘာလေးတစ်ခုထဲ ရောက်သွား ရသလို ခံစားမိခဲ့ရတယ်။

တစ်နယ်တစ်ရပ်လုံး ဖုံးလွှမ်းသွားအောင် တစ်ရောင်ထဲဖြူစင်အလှ ချယ်သထားပုံက အံ့သြမှုနဲ့အတူ ကြည်နူး ခြင်းရသ အပြည့်အဝ ပေးစွမ်းခဲ့တယ်။ ပတ်ဝန်းကျင်က အအေးသဲလေတော့ အအေးထဲမှာ ကဲမယ့်သူတွေ တောင်မှပဲ နွေးနွေးထွေးထွေး ထူထူထဲထဲ။ ခေါင်းဆုံးခြေဆုံး တစ်ကိုယ်လုံးနီးပါးလုံအောင် ဖုံးအုပ်ထားကြလို့ အပျော်မျက်နှာလောက်သာ မြင်ရတဲ့ စနိုးပျော်များနဲ့ ပြည့်ကြပ်နေတဲ့ နေရာ။ တောင်တန်းမြင့်မြင့်တွေပေါ်ကနေ တစ်ရှိန်ထိုးစီးဆင်းလာကြတဲ့ စနိုးပျော်များရဲ့ စွန့်စားမှုအဖုံဖုံကို အံ့သြဘနန်း ငေးကြည့်ရင်း ကြက်သီးဖျန်းဖျန်း ဖြစ်မိဘူးတဲ့နေရာ။

ခုတစ်ခေါက်ကတော့ နွေခေါင်ခေါင်၊ နှင်းလည်း မဝေ၊ လေလည်း မအေး၊ နေခြည်နွေးနွေးအောက်မှာ Lake Tahoe မြို့လေးက နွေချစ်သူ နေချစ်သူ ရေချစ်သူများနဲ့ တစ်မျိုးတစ်ဖုံ စည်ကားလှပလို့။ ဖြူနီ ဝါပြာ ရောင် စုံဖြာတဲ့ ထုံးဖွဲ့ဆင်ယင်မှုများ။ အဆောက်အဦများ၊ ကားများ၊ မော်တော်ကြီးငယ်များ။ ပျားပန်းခတ်မျှ။ စိမ်းမြ မြတောင်တန်းနဲ့ ပြာလဲ့လဲ့ကန်ရေပြင်ကျယ်ကြား အသက်ဝင်နေတဲ့ ဆေးရောင်စုံ ပန်းချီကား တစ်ချပ်ပမာ။ ဖန်တီးမှုပြွမ်း စခန်းလေးက အပန်းများလည်း ပြေဖွယ်၊ အလွမ်းများလည်း ဝေဖွယ်။ အချို့သူတွေအတွက်တော့ အနမ်းများလည်း ခြွေဖွယ်ဖြစ်လေမလားပေါ့။

ဒီရာသီLake Tahoe  ကိုရောက်ဖြစ်ခဲ့တဲ့သူတွေအတွက် အဓိက လုပ်ဆောင်တတ်တာက သုံးခုဖြစ်မယ်ထင် ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ တောထဲကစခန်းများမှာ ရွက်ဖျဉ်တဲတွေထိုးကာ အေးအေးဆေးဆေး အနား ယူချက်ပြုတ်စားသောက်ပြီး စက်ဘီးလမ်းလျှောက်ခြင်းစတဲ့ Campaign  ထွက်တဲ့အလုပ်ရယ်၊ ပင်လယ်ငယ် တစ်ခုမျှကျယ်တဲ့ ရေကန်ထဲမှာ ကိုယ်ပိုင်လှေစီးခြင်း၊ အပျော်စီး သင်္ဘောစီးခြင်းနဲ့ ပေကိုးထောင်ကျော်ကျော် မြင့်တဲ့ တောင်ထိပ်ပေါ်ကို Gondola Ride   ခေါ် ကေဘယ်ကြိုးများနဲ့တက်ရတဲ့ အလုပ်ရယ်ပါပဲ။

Lake Tahoe ကိုရောက်တော့ နေ့လယ် ၁၁ နာရီဝန်းကျင်။ နေ့လည်စာစားသောက်၊ တည်းခိုခန်းမှာနားပြီး ကမ်း နားကိုသွားခဲ့တော့ နေ့လယ် ၃ နာရီထွက်တဲ့ သင်္ဘောချိန်ကို မမီလိုက်ဘူး။ ဒါကြောင့် ညနေ ငါးနာရီခွဲမှာ ထွက် တဲ့ အပျော်သင်္ဘော ခရီးစဉ်လက်မှတ်ကိုယူလိုက်တယ်။ ညစာအတွက်တော့ ခုံနေရာ မရနိုင်တော့ဘူးတဲ့။ ညစာ နဲ့ဆို ဈေးနှုန်းကတစ်မျိုး။ ညစာမလိုတဲ့ ကိုယ်တို့အတွက်တော့ ညစာအတွက် နေရာမရှိတဲ့တာ ဘာမှ ထူးလို့ ဝမ်းနည်းဖွယ်ဖြစ်ပါ့မလဲ။

၅ နာရီခွဲမှာ ကန်တွင်းအပန်းပြေခရီးကို စတင်ခဲ့တယ်။ ဇူလိုင်လရဲ့ အနောက်ယွန်းယွန်း ဂေါယာကျွန်းဆီ ကျစ နေက အရှိန်ပြင်းပြင်း တောက်လောင်နေဆဲ။ ကန်ရေပြင်ကျယ်ကို ဖြတ်တိုက်လာတဲ့ လေအေးအေးကြောင့် သင်္ဘောအတွင်းနဲ့ အရိပ်ကျကျ ကုန်းပတ်လည်မှာတော့ အေးမြမြ။ ကမ်းနားရေပြင်ပေါ်မှာတော့ ဘောတံတား များ၊ လှေငယ်မော်တော်ငယ်များက နီညိုဝါပြာ ရောင်စုံရောင်ဖြာလျက်။ လှေလှော်သူလှော်၊ ရွက်တိုက်သူတိုက်၊ ရေချိုးသူချိုး၊ ရေကူးသူကူး၊ နေလှုံသူလှုံ။ အရောင်အသွေးစုံလှတဲ့ မြင်ကွင်းက သစ်လွင်လန်းဆန်းခြင်း အပျော်မြစ်တစ်စင်း စီးဆင်းနေဟန်။

ကန်ရေပြင် ဟိုမှာဖက်ဆီက တောင်တန်းများတခိုမှာတော့ မြူလေလား တိမ်လေလား ခွဲခြားမရနိုင်တဲ့ အခိုး အရိပ်များက ဟိုနားတစ်စ ဒီနားတစ်စွယ်။ တောင်ထိပ်တောင်ဝှမ်း တောင်ခါးပန်းမှာ ရီးလေးတွဲခို မှိုင်းညိုရိပ် သန်း။ အလွမ်းရပ်ဝန်း ထွန်းသည့်လေဟန်။

ကန်ရေပြင်ကျယ်တလျောက် ငြိမ့်ငြိမ့်ညောင်းညောင်း ခုတ်မောင်းလာတဲ့ သင်္ဘောပေါ်မှာတော့ အဖြူအမည်း၊ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ အရွယ်စုံ၊ အနွယ်စုံ၊ နယ်စုံကသူတွေနဲ့။ ကိုယ့်အစုနဲ့ကိုယ်၊ စကားပြောသူပြော၊ ဓာတ်ပုံရိုက်သူရိုက်၊ ကန်ရေပြင်ကို ငေးသူငေး။ တောင်တန်းတွေဆီ မျှော်သူမျှော်။ အပျော်မျက်နှာ၊ အလွမ်းမျက် နှာများနဲ့။ အပမ်းဖြေခရီး ထွက်လာကြသူတွေ။

နာရီဝက်ကျော်ကျော် ခုတ်မောင်းလာတဲ့ သင်္ဘောလေးက တဖြေးဖြေးနဲ့ တောင်တန်းတွေဖက်ကို ပိုနီးနီးလာ တယ်။ သဘောင်္ာထွက်စက တောင်ထိပ်ဖျားတွေရဲ့အထက်မှာ တော်တော်ဝေးဝေးကွာလှန်းနေတဲ့ နေမင်းကြီးက ကျနေအချိန်ကြောင့်ရယ်၊ သင်္ဘောက တောင်ခြေကိုနီးလာတာရယ်ကြောင့် တောင်ထိပ်ဖျားနဲ့ ပိုပိုနီးနီးလာ တယ်။ ကန်ရေပြင်ရဲ့ အစိတ်ပိုင်းတော်တော်များများပေါ်မှာလည်း တောင်ရိပ်က သိသိသာသာကျလာလို့ တဖြေး ဖြေး ပိုပိုပြီးမှောင်လာတယ်။ ကောင်းကင်တပြင်လုံးမှာတော့ နေမင်းရဲ့အရှိန်တောက်တောက်က ထင်ထင်လင်း လင်း တောက်ပနေဆဲ။ ခပ်လှန်းလှန်းတောင်ခြေဆီလှန်းကြည့်လိုက်တဲ့အခါမှာတော့ အမှောင်ပင်သမ်းစပြု နေပြီ။

လာရာလမ်းဖက်ဆီ နောက်ပြန်လှည့်ကြည့်လိုက်တော့ သင်္ဘောစထွက်ခဲ့တဲ့ အရှေ့ဖက်ကမ်းခြေ တစ်ဝိုက်နဲ့ ကမ်းခြေဘေးတောင်တန်းကြီးတွေပေါ်မှာ နေရဲ့အလင်းက ထိန်ဝင်းတောက်ပနေဆဲ။ မျက်စိတဆုံး မြင်ရတဲ့ အရှေ့ဖက်ကမ်း တောင်တန်းကြီးများက ရွှေဝါရောင်တောက်ပလို့။ နေဝင်ဆည်းဆာချိန်ရဲ့ တိမ်ရောင်ပြန် အောက်မှာ ရွှေရောင်တောက်နေတဲ့ တောင်တန်းကြီးက ခန့်ခန့်ထည်ထည်။ တောင်ခြေတခိုမှာရှိလေတဲ့ ထင်းရူး ပင်များကလည်း စိမ်းစိမ်းမြ ကတ္တီပါလွှာ အလှသားကို ရွှေနားကွပ်ထားလေဟန်။

နေရောင်ခတဲ့ ကန်ရေပြင်လွှာပိုင်းက လက်လက်ထနေချိန်မှာပဲ တောင်ရိပ်ထိုးကျနေတဲ့ ရေလွှာပိုင်းက အပြာ ရင့်ရင့်၊ အနက်ဖျော့ဖျော့။ နီလာလေလား၊ မဟူရာလေလား ခွဲခြားမရ။ တိုးတိုးပြီးနေရာယူလာတဲ့ အမှောင်ကြား မှာ အနောက်ဖက်ကမ်းခြေရှိ မြင်ကွင်းများက ပိုပို ဝိုးဝါးလာတယ်။

အနောက်ဖက်ကမ်းနဲ့မလှန်းမကမ်းရှိ ကျွန်းငယ်တစ်ခုကို သင်္ဘောစပတ်စဉ်က ကျွန်းလေးရဲ့အလှက ထင်ထင် ရှားရှား။ ကျွန်းလေးကို ပတ်နေဆဲမှာပင်လျင် တိုးလျိုးဝင်ရောင်လာတဲ့ညက ကျွန်းအလှကို တစစနဲ့ ခပ်ဝါးဝါး ဖြစ်စေခဲ့ပြီ။ နောက်မိနစ်အနည်းငယ်မျှဆိုလျင်ပင် ကျွန်းလေးက မြင်ကွင်းကနေ ပျောက်ကွယ်ပေတော့မယ်။ အမှောင်ဆိုတာက အမြင်အာရုံတွေကို ဖုံးကွယ်စေတတ်ရိုး။  ကမ်းခြေတောင်ပါး တောစိမ်းစိမ်းကြားမှာ ဝိုးတဝါး မြင်ခဲ့ရတဲ့ တိုက်အိမ်လေးနဲ့ တိုက်အိမ်လေးရှေ့ရှိ ကျွန်းလေးပေါ်ကနေ လက်ဝှေ့ရမ်းနှုတ်ဆက်ပြနေတဲ့ မြင်ကွင်း လေးက လွမ်းမောဖွယ်လေလား။ ဝမ်းနည်းစရာလေလား။ ခွဲခြားမရနိုင် ဖြစ်ခဲ့မိတယ်။

အပြန်လမ်းမှာတော့ လပြည့်ညရဲ့ လဝန်းဝိုင်းဝိုင်းစက်စက်ကြီးက အရှေ့ဖက်ကမ်း လာရာလမ်းဆီက တောင် တန်းပေါ်မှာ မေးတင်လို့။ အနောက်ဖက်တောင်စွယ်မှာ ငုတ်လျိုးစပြုနေတဲ့ နေမင်းကတော့ သူ့အလင်းတွေကို တစစ ရုပ်သိမ်းလို့။ သို့ပေမယ့် ကောင်းကင်းမှာ နေရဲ့အလင်းရှိန် ကောင်းကောင်းမပျောက်သေးသမို့ လရဲ့ အရောင်က မထွန်းတောက်နိုင်သေး။ အလင်းမဲ့နေသေးတဲ့ လမင်းကြီးက ကောင်းကင်ကို တံဆိပ်ထုထားတဲ့ ဖွေးဖွေးဝိုင်းဝိုင်း အရာဝတ္ထုတစ်ခုမျှသာ။ မကြာမီအချိန်ပိုင်းအတွင်းမှာတော့ နေမင်းအလင်းပျောက်ကွယ်တာနဲ့ လရဲ့အလင်းက တောက်ပလာပေလိမ့်မယ်။ နေနဲ့လ နေ့နဲ့ညဆိုတာ တစ်လှည့်စီ သာခွင့်လာခွင့် ပေးတတ်ကြရိုး မဟုတ်လား။

မြိုပြဘဝမှာ နေနေသူတစ်ဦးအဖို့ နေနဲ့လကို တပြိုင်ထဲ ထင်ထင်ရှားရှား ခုလိုမြင်ရဖို့က ရတောင့်ရခဲအခွင့်အရေး တစ်ခု။ နေအဝင် လအထွက်၊ ကန်ရေပြင်အလယ်မှာ လေညင်းလေးက သွဲ့သွဲ့။ မပူမအေး မျှတသာယာလှတဲ့ ညချမ်းတစ်ခုကို တွေ့ခွင့်ရတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မစကြာတရားဦးကို အမှတ်ထင်ထင် သတိရမိတယ်။ ဒွေ မေ ဘိက္ခ ဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ-အကောင်းကြိုက်လွန် အစွန်းနဲ့ မကောင်းကြိုက်လွန် အစွန်းနှစ်ပါးဟာ အမှန်လမ်းတွေ မဟုတ်သမို့ ရှောင်ရှားရမယ့်အရာတွေဖြစ်တယ်လို့ နားထဲမှာကြားလိုက်မိသလိုပင် ထင်မိလိုက် တယ်။

ခုလို သင်္ဘောတစ်စီးပေါ်မှာ လေညင်းခံရင်း သဘာဝ အလှရသကို ကျကျနန ခံစားနေခြင်းကရော အကောင်း ကြိုက်လမ်းကို လိုက်ခဲ့သလိုများဖြစ်နေပြီလားလို့လည်း တွေးမိခဲ့သေးတယ်။ သို့ပေမယ့် တိတ်ဆိတ်ငြိမ်သက် ခြင်းတွေ၊ ကောင်းကင်ကျယ်ကျယ်၊ ရေပြင်ကျယ်ကျယ်၊ ပင်လယ်သမုဒ္ဒရာ။ မြစ်ချောင်းတွေနဲ့ တောတောင် တွေရဲ့အလှကို ကြိုက်တတ်တဲ့ ကိုယ်ကတော့ ခုလို ခရီးထွက်ခြင်းဆိုတာကို ဆက်လက်ပြီး လုပ်ဖြစ်နေလိမ့် ဦးမယ်။ ဒီလိုဆိုတော့လည်း မဆုံးနိုင်တဲ့ခရီးကို မနားသေးပဲ ဆက်လက်ပြီးလျှောက်နေသူတစ်ဦးသာပဲ၊ ခရီး သွားတစ်ဦးသာလျင်ပဲ ဖြစ်နေလိမ့်ဦးမယ်။ ။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

One Response to မဆုံးတဲ့ခရီး မပြီးတဲ့ဆောင်းပါး

  1. တောက်ပကြယ်စင် on November 5, 2012 at 2:06 pm

    ဖတ်ရတာ အရမ်းကြည်နူးဖို့ ကောင်းလိုက်တာဘုရား…

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်