ဧရာဝတီနိဒါန်း

November 6, 2012

မင်းကျော်သက်
နိုဝင်ဘာ ၆၊ ၂၀၁၂

မြသားငယ်တည့် ရေယမုန်
ငွေလှိုင်းတွေဖြူစွာနဲ့
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ
ကျူဝါးရုံ၊ တူစုံကွဲ့ဖော်နှော
ဘုမ္မတီးငယ်နဲ့ ငှက်ကြီးရွှေဝံပိုတို့
ဝဲခိုလို့မျော။

(အမည်မသိ ရှေးစာဆို)

စာဆိုရဲ့လေးချိုးကဗျာပါ “ မြစ်ဧရာ ” ဆိုတဲ့စာသားက ဧရာဝတီမြစ်ကြီးကို ညွှန်းနေတာ ဖြစ်ပါတယ်။ ကနေ့ မြန်မာပြည်သူပြည်သားများထဲက ဧရာဝတီကိုမသိတဲ့သူ ရှိမယ်မထင်ပါ ။ အကြောင်းကတော့ ဧရာဝတီနဲ့ မြန်မာ၊ မြန်မာနဲ့ ဧရာဝတီ မကွဲမပြား တစ်သားတည်းဆက်စပ်နေလို့ပါ ။

အရင်ဆုံး ဧရာဝတီဆိုတဲ့အမည်ကို စူးစမ်းတင်ပြချင်ပါတယ်။ အဘိဓာန်အဖွင့်က တုန်လှုပ်သောရေရှိသည့်မြစ်၊ ဧရာဝတမည်သော ခရမ်း ပိမ့်ပင်၊ လိမ္မော်ပင် အငယ်မျိုး (Citrus Auranteum) များပေါက် ရောက်ရာမြစ်ဖြစ်တယ်တဲ့။

ဧရာဝတီအမည်ရပုံကို ဘာသာစကားအရင်းအမြစ်ကနေ ကြံဆရာမှာ ဟိန္ဒီစကား “ဣရဝတီ” (ဆင်မြစ်) ကလာတယ် (သို့မဟုတ်) သင်္သက ရိုက်စကား “ပရုပဏီ” ကဆင်းသက်လာတာက ပိုနီးစပ်တယ်လို့လဲအယူရှိကြတယ်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ်မှာရှိတဲ့ မြစ်ငါးစင်းအဝင် အပါ ရာဗီ (ရာဝိ) မြစ်ရဲ့ ရှေးအခေါ် “ဧရာဝတီ” နဲ့လဲ တိုက်ဆိုင်နေပြန်ပါတယ်။

The Burman စာအုပ်ရေးတဲ့ဆရာရွှေရိုးကတော့ မြန်မာ့အကြီးအကျယ်ဆုံးမြစ်ကြီး “ဧရာဝတီ” ရဲ့အမည်ဟာ နတ်ဘုရာအိန္ဒြာ (Indra) သိကြားမင်းရဲ့စီးတော်ဆင် (Airawata) “ဧရာဝတ” ကလာတယ်။ ဧရာဝတီမြစ်ဝှမ်းဟာလဲ “ဧရာဝတ” ဆင်ကြီးရဲ့အဆက်အနွယ်တွေ ပေါက် ဖွားရှင်သန်ကြီးပြင်းရာဒေသလို့ ရှေးမြန်မာတွေကယုံကြည်ကြောင်းရေးသွားပါတယ်။

ဧရာဝတီဆိုတဲ့အမည်ကို ဘယ်ခေတ်ကာလလောက်က စပြီးခေါ်ကြတာလဲလို့မေးရင် မြန်မာ့သမိုင်းမှာ ဧရာဝတီအမည်ကို အထင်အရှား၊ အစောဆုံးတွေ့ရတာက အင်းဝခေတ်လို့ပြောရပါမယ်။

၁။ မြန်မာသက္ကရာဇ် (၈၇၁) ရေးထိုး (ခရစ်နှစ် ၁၅၀၉) ရတနာဗိမာန်ကျောင်းကျောက်စာ (စစ်ကိုင်းမြို့၊ ထူပါရုံကျောက်စာရုံမှာရှိ) စာ ကြောင်း ရေ (၁၇) မှာ …. “ဧရာဝတီ” နဒီမည်သော ရေကြည်မြလာ မြစ်အခြာဖြင့် မြှောက်တလွှားကား သုနာပရန္တ တောင်ဖက်ကာ တမ္ဗဒီပ…….

၂ ။ မြန်မာသက္ကရာဇ် ၉၉၈ခု(ခရစ်နှစ် ၁၆၄၉) ထိုး ကောင်းမှုတော်ဘုရားကျောက်စာ (စစ်ကိုင်းကောင်းမှုတော်ဘုရားမှာရှိ) မျက်နှာစာဘက် စာကြောင်းရေ (၂၁) …“ဧရာဝတီ” ဂမ္ဘီမြရေလျဉ် ရစ်ခွေသေး … ကျောဘက် စာကြောင်းရေ (၁၄) …“ဧရာဝတီ”  မြစ်ကြီးကိုဝ် မှားလှစွာသဝ် ရွှေလောင်ရွှေလှေ ရွှေဖောင်တိုအ် အရောင်ဖြအ့် ထိန်ထိန်ဝင်းဝင်း ထွန်းလင်းစေရယ်……

ပုဂံခေတ်မှာ ဧရာဝတီအခေါ် ရှိ မရှိအထောက်အထားမတွေ့ရလို့ ဧရာဝတီအခေါ် အင်းဝခေတ်ကစတယ်လို့ပဲ ယာယီအားဖြင့်မှတ်ထား ချင်ပါတယ် ။

ဧရာဝတီမြစ်ကြီးဟာ မြောက်ဘက်ကတောင်ဘက်ကို စီးဆင်းနေတာဖြစ်လို့ ရတနာဗိမာန်ကျောက်စာပါ ဧရာဝတီရဲ့မြောက်ဘက်၊ တောင် ဘက်ဆိုတဲ့အရေးအသားက မျက်စိလည်စရာဖြစ်နေတာကို မြစ်ကြီးရဲ့ပထဝီအပိုင်းမှာ ရှင်းပါ့မယ်။

ကျောင်းသင်္ခန်းစာတွေမှာပါပြီး အများအသိဖြစ်တဲ့ပထဝီဆိုင်ရာအချက်အလက်အကျဉ်းက ဧရာဝတီအစ   –  မြန်မာပြည်မြောက်ပိုင်း ပူတာ အိုမြို့နယ်နဲ့ တိဘက်မြန်မာနယ်စပ်ရှိ လန်ဂွေလာ (Languela) ရေခဲတောင်က မြစ်ဖျားခံလာတဲ့မေခမြစ် (ကချင်အခေါ် N’maikha အင်မိုင် ခ) နဲ့ ၎င်းမြစ်ရဲ့အနောက် ဘက်ကစတင်စီးဆင်းလာတဲ့ မလိခ (Malikha) တို့ပေါင်းဆုံပြီး ဧရာဝတီဖြစ်လာတယ်။ ဧရာဝတီဖြစ်ဖို့ အဓိကကျ တဲ့မြစ်က မေခပါ။ မေခမြစ်မှာ သံလွင်မြစ်ထက်တောင် ရေလုံးအင်အားပိုများတဲ့ ကာလတွေရှိတယ်တဲ့။

● မြစ်ဆုံ – မေခ၊ မလိခမြစ်နှစ်သွယ်ပေါင်းဆုံတဲ့နေရာကို မြစ်ဆုံလို့ခေါ်တယ်။ မြစ်ကြီးနားမြို့မြောက်ဘက် (၂၆) မိုင်အကွာမြောက်လတ္တီ တွဒ် ၂၅ံ၄၅’ မှာရှိတယ်။

● ဧရာဝတီမြစ်အရှည် – ဧရာဝတီအစကနေ ပင်လယ်ထဲစီးဝင်တဲ့အထိ အရှည်မိုင်ပေါင်း ၁၃၅၀ ခန့် ဧရာဝတီဟာ အ ရှေ့ရိုးမနဲ့ အလယ်ရိုးမ တောင်တန်းတွေအကြား ဖြတ်စီးဆင်းရလို့ တစ်ခါတစ်ရံ တောင်များနဲ့ နီးကပ်လွန်းပြီး မြစ်ကျဉ်းဖြစ်သွားတဲ့နေရာ လေးခုရှိပါတယ်။

● ပထမမြစ်ကျဉ်း –  မြစ်ကြီးနားအောက် ဆင်ဘိုရွာအနီး

● ဒုတိယမြစ်ကျဉ်း –  ရွှေဂူမြို့အနီး

● တတိယမြစ်ကျဉ်း – သပိတ်ကျင်းမြို့အနီး

● စတုတ္တမြစ်ကျဉ်း  –  ပြည်မြို့အကောက်တောင်အနီး ဖြစ်ပါတယ်။

တက္ကသိုလ်ပထဝီသင်ရိုးမှာ မြန်မာနိုင်ငံဟာ ဧရာဝတီမြစ်စဉ်စုကိုမဏ္ဍိုင်ပြုပြီး တည်ဆောက်ထားတဲ့နိုင်ငံလို့ဆိုထားတဲ့အတွက် ဧရာဝတီ ထဲစီး ဝင်လာတဲ့မြစ်လက်တက်၊ ချောင်းတွေစာရင်းကိုလည်း အကျဉ်းလောက်ဖော်ပြချင်ပါတယ်။

ဧရာဝတီမြစ် ပင်လယ်ထဲစီးဝင်ရာအရပ်ကို မျက်နှာမူပြီး လက်ဝဲ၊ လက်က်ျာခွဲရရင် လက်ျာဘက်ကစီးဝင်တဲ့မြစ်ချောင်းတွေက – မိုးကောင်း ချောင်း၊ မဲဇာမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်၊ ယောချောင်း ၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း။ လက်ဝဲဘက်မှာက – မိုးလယ်ချောင်း၊ တပိန်မြစ်၊ ရွှေလီမြစ်၊ မြစ်ငယ်ခေါ် ဒုဌဝတီ၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ စမုန်မြစ်နဲ့ ပင်းချောင်း၊ ဒေါင်းသေချောင်း၊ ယင်း ချောင်း၊ နဝင်းချောင်းတို့ဖြစ်ပါတယ်။

ဧရာဝတီမြစ်ရဲ့ စီးဆင်းပုံထူးခြားချက်ကိုလဲ တင်ပြချင်ပါသေးတယ်။ မြစ်ဆုံကစပြီး မြောက်ကနေ တောင်ဘက်ကိုစီးဆင်းလာရာမှာ မန္တ လေးမြို့အလွန်ကျတော့ တောင်ဘက်ကိုတန်းတန်းမသွားဘဲ အနောက်ဘက်ကိုကွေ့ပြီး မြစ်ကြောင်းပြောင်းသွားတယ်။ ဒီအချက်ကို ရှေး မြန်မာဘုရင်တွေက ကောင်းကောင်းသိပါတယ်။ ရတနာဗိမာန်ကျောင်းကျောက်စာပါ ဧရာဝတီမြစ်ရဲ့မြောက်ဘက်ကို သုနာပရန္တခေါ်ပြီး တောင်ဘက်ကို တမ္ဗဒီပခေါ်တယ်လို့ရေးထားတာကို သတိရစေချင်ပါတယ်။

ရှေးလွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ပေါင်းများစွာအချိန်က ဧရာဝတီဟာမန္တလေးမြို့အနားကနေ တောင်ဘက်ကိုတန်းတန်းစီးသွားတဲ့အမှတ်လက္ခဏာအမှတ်အသားတွေ တွေ့ရတယ်တဲ့။ အဲဒီအချိန်က ဧရာဝတီမြစ်ပင်လယ်ထဲစီးဝင်တဲ့နေရာက အခု ပဲခူးမြို့ရှိရာလောက်မှာပါ။  အ ထောက်အထားအဖြစ်နဲ့ ကနေ့ ရန်ကုန် – မန္တလေးရထားလမ်းဖောက်ထားတဲ့နေရာတွေက မြေသြဇာလဲကောင်း၊ ပြန့်ပြန့်ပြူးပြူးလဲရှိလို့ အ ရင်မြစ်ဝှမ်းဟောင်းလို့ ယူဆကြတယ်။ ဧရာဝတီစွန့်ပစ်သွားတဲ့မြစ်ဝှမ်းဟောင်းနေရာမှာ အခုစစ်တောင်းမြစ်စီးဆင်းနေတာကိုလဲ သက်သေ တစ်ခုအဖြစ် စဉ်းစားနိုင်ပါတယ်လို့ ပညာရှင်တို့ကဆိုပါတယ်။

မြစ်ကြောင်းပြောင်းရတဲ့အကြောင်းအရင်းကတော့ ရှေးပဝေသဏီအချိန်က မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်းတို့ကြောင့် တောင် ကုန်းအသစ်တွေဖြစ်လာပြီး ရုတ်ခြည်းမြစ်ကြောင်းပြောင်းရတယ်လို့ ဘူမိဗေဒပညာရှင်တွေက ရှင်းပါတယ်။ ပုပ္ပါးမီးတောင်ဟောင်း တည်ရှိမှု က ဒီအချက်ကိုပြောပြနေပါတယ်။ ပခုက္ကူမြို့နားရောက်တော့ တောင်ဘက်သို့တန်းတန်းစီးဆင်းပြီးနောက် ပဲခူးရိုးမနဲ့ ရခိုင်ရိုးမအကြားမြေပြန့် ကိုဖြတ်ပြီး မုတ္တမကွေ့ထဲကိုစီးဝင်ပါတယ်။

မေခနဲ့ မလိခပေါင်းတဲ့မြစ်ဆုံကနေ ချင်းတွင်းမြစ်စီးဝင်တဲ့အထိကို အထက်ပိုင်းဧရာဝတီခေါ်ပြီး အဲဒီနေရာက ဟင်္သာတမြို့အထိကိုတော့ အောက်ပိုင်းဧရာဝတီလို့ သတ်မှတ်ကြတယ်။

အောက်ပိုင်းဧရာဝတီထဲမှာ မြန်မာနိုင်ငံတစ်ခုလုံးအတွက် အရေးအကြီးဆုံး ဆန်စပါးထုတ်လုပ်ရာ လူဦးရေထူထပ်ရာ မြစ်ဝကျွန်းပေါ်ဒေသပါ နေပါတယ်။ မြစ်ဝကျွန်းပေါ်အစက ပြည်မြို့အောက် (၅၃) မိုင်အကွာမှာရှိတဲ့ မြန်အောင်မြို့နားမှာပါ။ ဧရာဝတီနဲ့အတူ နှစ်စဉ်နုန်းမြေတန်ချိန် (၂၆၁) သန်းစီးပါလာပြီး ဖြစ်လာတဲ့မြစ်ဝကျွန်းပေါ်က ထိပ်ဖျားကနေပင်လယ်အရောက် မိုင် (၁၈၀)၊ အနံက ပုသိမ်မြစ်ဝကနေ ရန်ကုန်မြစ်ဝ အထိ မိုင်ပေါင်း (၁၅၀)၊ ဧရိယာစတုရန်းမိုင်ပေါင်း (၁၂၀၀၀) ခန့်ရှိတဲ့ ယပ်တောင်ပုံသဏ္ဍာန် Fan–Shaped (or) Arcuate Delta ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀,၀၀၀ ) ကတော့ ဧရာဝတီမြစ်ဝဟာ ယခုပြည်မြို့အနားမှာလို့ ဘူမိဗေဒ ဆရာတွေကခန့်မှန်းကြတယ်။

မြန်မာပြည်ရဲ့အသုံးအဝင်ဆုံးမြစ်ဖြစ်ကြောင်း ကျောင်းပထဝီသင်ကြားချက်မှာပါတဲ့အတိုင်းပြန်ပြောရရင် မြစ်ဝကနေ ဗန်းမော်မြို့အထိ မိုင် (၈၀၀) ကျော်က လှေ၊ သင်္ဘောတွေ ရာသီမရွေးသွားလာနိုင်တဲ့ သဘာဝလမ်းမကြီးပါ။ ချင်းတွင်း၊ ဧရာဝတီမြစ်ဝှမ်းသစ်တောတွေက သစ် ဖောင်၊ ဝါးဖောင်တွေမျှောဖို့အသုံးချနိုင်တယ်။ မြစ်တလျှောက်မှာ မြေသြဇာထက်သန်တဲ့ နုန်းမြေ၊ ကိုင်းမြေတွေဖြစ်စေလို့ ကောက်ပဲသီးနှံတွေစိုက်လုပ်နိုင်တယ်။ မြစ်ကမ်းတလျှောက်ရှိ မြို့ရွှာတွေအတွက်သောက်သုံးရေရတယ်။ စိုက်ပျိုးရေးလုပ်ဖို့ ရေမလုံလောက်တဲ့နေရာတွေ အတွက် မြစ်ရေသွယ်ယူနိုင်တယ်။

ပထဝီအချက်အလက်တွေပြောပြီးတဲ့နောက် အရေးအကြီးဆုံးဖြစ်တဲ့ ဧရာဝတီနဲ့မြန်မာ့ယဉ်ကျေးမှု ဖြစ်တည်လာပုံကိုပြောပါရစေ။

ကမ္ဘာမြေပေါ်မှာ လူသားဆိုတာမပေါ်ပေါက်ခင်အခါ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၅) သန်းကပဲ ဧရာဝတီဖြစ်တည်ခဲ့ပြီးသားပါ။ မြန်မာလို အပူပိုင်း ဒေသတွေမှာ မိုးစွေကာလ (Pluvial) (၄) ကြိမ်နဲ့ မိုးပါးကာလ (Interpluvial) (၃) ကြိမ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်သိန်းခွဲနဲ့ နှစ်ပေါင်းတစ်သောင်းအကြားကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဧရာဝတီဟာ မိုးများရင် မြစ်ကမ်းကျယ်လာပြီး မိုးနည်းရင် မြစ်ကမ်းကျဉ်းသွားမယ်။ မြစ်ကမ်းအဆင့် (Terrace) ငါးမျိုးတွေ့ရပါတယ်။ ယခုဧရာဝတီရဲ့ လက်ရှိကမ်းဟာ ပဉ္စမကမ်းပါ။

ဒီအချက်တွေကိုဖော်ပြရတာက ဧရာဝတီမြစ်ဝှမ်းမှာ နေသွားတဲ့ကျောက်ခေတ်လူသားတွေ အကြောင်းပြောချင်လို့ပါ။ အနောက်အာရှမှာ ကျောက်ခေတ်သစ်က အနှစ် (၉၀၀၀) နဲ့ (၅၅၀၀) ကြားပေါ်ခဲ့တယ်။ သမိုင်းပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ် သစ်ကို လွန်ခဲ့တဲ့အနှစ် (၃၀၀၀) အထိ တွေ့နိုင်သေးတယ်လို့ ပြောပါတယ်။ မြန်မာမှာ ဆန်စပါးစစိုက်တာက လွန်ခဲ့တဲ့အနှစ် (၈၀၀၀) ခန့်ကလို့လဲ ခန့်မှန်းပေးပါတယ်။

ဧရာဝတီရဲ့ တတိယနဲ့စတုတ္တကမ်း (Terrace) တွေမှာ ကျောက်ခေတ်လက်နက်တွေ အများဆုံးတွေ့ရတယ်။ ၊ ရှမ်းနဲ့ သံတွဲ၊ ဘိတ် အထိတွေ့နိုင်ပေမဲ့ အလယ်ပိုင်းမြန်မာနိုင်ငံဧရာဝတီမြစ်ကမ်းက မြို့တွေဖြစ်တဲ့ မြင်းခြံ၊ ပခုက္ကူ၊ ပေါက်၊ ညောင်ဦး၊ ပုဂံ၊ စဥ့်ကူး၊ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ ပြည်နေရာတွေက ဆရာကြီး ဒေါက်တာသန်းထွန်းအဆိုအမိန့်အရ အဓိကကျတဲ့ (Neolithic) နှောင်းခေတ် အညာသားစခန်းများဖြစ်နေပါတယ်။

တကယ်တန်းပြောရရင် မြန်မာမှာက ကျောက်ခေတ်လူသားဟောင်း (Paeleolithic man) ရဲ့အထောက်အထားတွေကို နွယ်ခွေရွှာ (ချောင်း ဦးမြို့နယ်) မှာတွေ့ပြီးဖြစ်ပါတယ်။ အနှစ်လေးသိန်းက မတ်ရပ်လူ (Homo Erectus ) ဖြစ်ပြီး ဘေဂျင်းလူ၊ ဂျာဗားလူတို့နဲ့ တစ်ခေတ်တည်းပါ ။ မြန်မာ့ကျောက်ခေတ်ဟောင်းလူကို ခေတ်ဦးအညာသားလို့ အမည်ပေးထားတယ်။ ဒီလူတွေဟာ တောင်ပိုင်းတရုတ်အခြေခံလို့ ယူဆကြ တယ်။ ကျောက်ခေတ်သစ်လူကိုတော့ မလေးကျွန်းဆွယ်ကလူတွေနဲ့တူနေလို့ မြန်မာကိုအရှေ့တောင်နဲ့ အရှေ့အရပ်ကဝင်လာတယ်လို့ ထင်ရကြောင်း ဆရာကြီးဒေါက်တာသန်းထွန်းကပဲ ရေးသွားပါတယ်။

ဒါတွေက သမိုင်းမတင်မီခေတ်က မြန်မာ့မြေပေါ်ရှိ လူတွေအကြောင်းပါ။ သမိုင်းတင်ရတဲ့ မြန်မာ့ယဉ်ကျေးမှုကတော့ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း အေဒီ (၁၀၄၄ – ၁၀၇၇) ပုဂံမင်းကြီး (အနိရုဒ္ဓ) အနော်ရထာခေတ်က စပါတယ်။ ပုဂံဟာ ဧရာဝတီဲမြစ်ကမ်းဘေးမှာရှိတဲ့ မြန်မာ့အဦး အစရှေးဟောင်းမြို့တော်ပါ။

ရှေးမြန်မာဘုရင်တွေက သူတို့ရဲ့မြို့တော်တွေကို (The Dry Zone) ခမ်းချောက်ဒေသတွေမှာအခြေစိုက်ကြတယ်လို့ဆိုပေမဲ့ ပင်းယနဲ့ရွှေ ဘိုက လွဲလို့ကျန်တဲ့မြို့တော်တွေ၊ ပျူတို့ရဲ့သရေခေတ္တရာ (ပြည်) မြို့အပါအဝင် ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးတို့က ဧရာဝတီ မြစ်ကမ်းဘေးမှာ ရှိနေကြတာကိုက ဧရာဝတီမြစ်ကြီးအခြေပြုတယ်ဆိုတာ ထင်ရှားပါတယ်။ မြန်မာတွေက မြစ်ဝှမ်းမှာနေလို့ မြစ်ကြောင်းကျွမ်းကျင်သူတွေဖြစ်ဟန်ရှိပြီး ပင်လယ်နဲ့အလှမ်းကွာဝေးတဲ့အတွက် ကုန်းတွင်းအခြေပြု လက်နက်နိုင်ငံ (Land Power Nation) သာ ဖြစ် တယ်လို့ သုံးသပ်ကြတယ်။

ရှေးအခါက ပျူခေတ်နဲ့ပုဂံခေတ်မှာပါ မြန်မာ့ရန်သူက မြောက်နဲ့အရှေ့မြောက်ဘက်မှာရှိနေလို့ ကင်းစခန်းခံတပ်မြို့တွေက မြို့တော်တွေရဲ့ မြောက်ဘက်မှာရှိနေကြတယ်။ ခရစ်နှစ် (၈၃၂) မှာ ဧရာဝတီကမ်းအနီးမှာရှိတဲ့ ပျူမြို့တော် သရေခေတ္တရာ (ယခုပြည်အနီး) ကို နန်ကျောင် က လာဖျက်တယ်။ နန်ကျောင်ဆိုတာက ယခုယူနန်နယ်အနီးမှာနေတဲ့ ပိုင်ယီခေါ် တရုတ်သျှမ်းတွေပါ။ တစ်ခါ ခရစ်နှစ် ၁၂၈၃ စက်တင်ဘာ လောက်မှာ ပုဂံကိုမွန်ဂိုကျူးကျော်စစ်ဝင်လာပြီး ဒီဇင်ဘာ ၃,၁၂၈၃ မှာ ငါဆောင်ချံတိုက်ပွဲဖြစ်တယ်။ ငါဆောင်ချံက ဗန်းမော် (သို့) ဗန်းမော် အနီးဆိုတော့ ဧရာဝတီကမ်းမှာပါ။ မွန်ဂိုတွေဝင်လာတော့ နရသီဟပတေ့တရုတ်ပြေးမင်းက ပုဂံကနေပြည်မြို့ကို စုန်ပြေးပြီး ပြည်အနောက် လှည်းကျအရပ်မှာနေရတယ်။

ဒီအချက်တွေကတော့ ရန်သူရော၊ မြန်မာပါ ဧရာဝတီမြစ်ကြီးက အရေးကြီး အဓိကကျတယ်ဆိုတာသိကြောင်းပြသနေတဲ့ အထောက် အထားတွေလို့ ပြောရမှာပါ ။ နောက်ဆုံး အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ကတော့ ဧရာဝတီလမ်းကိုအသုံးပြုပြီး မန္တလေးမြို့တော်သိမ်းသွားတာ အများအသိဖြစ်ပါတယ်။ နယ်ချဲ့က ဧရာဝတီရဲ့အဓိကကျမှုကို အသုံးချသွားတာပဲ ဖြစ်ပါတယ်။

ဧရာဝတီရဲ့အရေးပါပုံသာဓကတစ်ခုကိုလဲ ထပ်ဆောင်းတင်ပြပါရစေဦး။ မော်တော်ကားလမ်း၊ မီးရထားလမ်းတွေ ပေါ်ခါစက ဧရာဝတီရဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အောက် ပါဇယားကလေးကို ကြည့်စေလိုပါတယ်။

ခုနှစ်                            ပို့ဆောင်ကုန်တန်ချိန်                     ခရီးသည်
၁၉၃၉                          ၁၀၅,၂၅၇
၁၉၅၀-၅၁                     ၁၃၅,၃၂၇,၅၃၅                             ၂,၅၃၁,၀၅၇

၁၉၃၉ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၁၉၅၁ မှာ အဆပေါင်း ၁၃၀ ကျော်ဖြစ်လာတာကို တွေ့ရပါမယ်။ ရေကြောင်းအားသာချက် နောက်တစ်ခုကို လဲတင်ပြပါဦးမယ်။ ယနေ့ခေတ်ပေါ်ဘီး ၂၂ လုံးပါ နောက်တွဲကုန်တင်ထရပ်ကားကြီးတစ်စီးက ကုန်ချိန်တန် (၄၀-၅၀) သာတင်နိုင်ပေမဲ့ မြစ်ကြောင်းသွားတဲ့သမ္ဗန်တစ်ခုက ကုန်ချိန်တန် ၁၀၀၀ ကျော် လွယ်လွယ်လေးသယ်နိုင်တယ်။ စရိတ်စကလဲ သက်သာပါတယ်။

ဧရာဝတီမြစ်ကြီးရဲ့ အဓိကအကျိုးကျေးဇူးတစ်ခုကတော့ မြစ်ဝကျွန်းပေါ်ဖြစ်ပေါ်လာစေတဲ့အတွက် မြန်မာ့မြစ်ဝကျွန်းပေါ်ဟာ မြို့ပြယဉ်ကျေး မှုရဲ့ အချက်အချာ၊ ဆုံချက်ဗဟိုချက်ဖြစ်လာခြင်းပါပဲ။ ဧရာဝတီမြစ်ဝှမ်းအကြောင်းရေးသူ J E Spencer က မြစ်ဝကျွန်းပေါ်ဒေသဟာ လူဦး ရေအထူထပ်ဆုံး၊ စိုက်ပျိုးထုတ်လုပ်မှုအများဆုံး၊ စီးပွားရေး၊ နိုင်ငံရေးတိုးတက်မှုအရှိဆုံး၊ ယဉ်ကျေးမှုအရာမှာ ခေတ်မှီဆန်းပြားမှုပြောင်းလဲမှုတွေနဲ့ အထိတွေ့ဆုံးနေရာဖြစ်နေတဲ့အတွက် မြန်မာ့အရေးကိစ္စတွေမှာ အစဉ်လွှမ်းမိုးနေမှာသာဖြစ်ပါတယ်တဲ့။

တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ၁၆ ဧပြီ ၁၇၅၅ မှာဒဂုံမြို့ကိုသိမ်းယူပြီး ရန်ကုန်လို့သတ် မှတ်ပါ တယ်။ အဲဒီအချိန်က ရန်ကုန်မြို့လူဦးရေဘယ်လောက်ရှိသလဲ မသိပါ။ ၁၉၄ရ ခုနှစ်မှာတော့ လူဦးရေ ၆၀၀၀,၀၀၀ ရှိနေပြီလို့ သိရပါတယ်။ ယနေ့အချိန် ၂၀၁၂ ခုမှာ (၁၀) ဆတိုးပြီး (၆) သန်းခန့်လို့ပြောနေကြပါတယ် ။ ဧရာဝတီရဲ့ကျေးဇူးလို့ပြောရမှာပါ။

ကမ္ဘာကျော်အနုပညာရှင်၊ သိပ္ပံပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီ ပြောဖူးတာတစ်ခုရှိပါတယ်။ ကမ္ဘာကြီးကို အသက်ရှိတယ်လို့ သဘောထား ကြည့်မယ်ဆိုရင် မြေလွှာ  မြေမှုန်တွေက အသားစိုင် အသားလွှာ၊ တောင်တန်းကြီးတွေကတော့ အရိုးအဆစ်၊ မြေကြီးထဲမှာစီးဆင်းနေတဲ့ စမ်းချောင်း စမ်းပေါက်တွေကတော့ “သွေး” ဖြစ်ပါမယ်တဲ့။ ဒီပညာရှင်ကြီးရဲ့ ခိုင်းနှိုင်းချက်ကိုယူပြီး စာရေးသူက မြန်မာပြည်ကြီးကို “သက်ရှိ” လို့ သဘောထားချင်ပါတယ်။ ဒီလိုဆိုရင် မြန်မာ့အသက် သွေးတွေစီးဆင်းနေတာက “ဧရာဝတီမြစ်ကြီး” ပဲဖြစ်ပါမယ်။

ဧရာဝတီကြောင့် မြန်မာဆိုတာဖြစ်လာရတယ်။ မြန်မာ့ယဉ်ကျေးမှုလဲပေါ်ထွန်းလာရတယ်လို့ အထက်မှာပြောခဲ့ပြီးပါပြီ။ ဧရာဝတီဟာ မြန် မာ့ ကျေးဇူးရှင်ပါ။ ဧရာဝတီနဲ့ပတ်သက်လာရင် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၊ အစိုးရတစ်ခုမဆိုထားနဲ့ ယနေ့ရှိနေတဲ့ ပြည်သူပြည် သား သန်း (၆၀) ကတောင် ဆုံးဖြတ်ပိုင်ခွင့်မရှိသေးဘူးလို့ ယူဆချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကနေ့အချိန်မှာ မွေးဖွားမလာသေးတဲ့နောင်လာနောက်သား မြန်မာများကလဲ ပိုင်ဆိုင်ခွင့်ရှိနေလို့ဖြစ်ပါတယ်။

ဧရာဝတီရဲ့ထူးခြားချက်က မြန်မာ့မြေမှာအစပြုပြီး မြန်မာ့မြေမှာပဲ ပင်လယ်ထဲစီးဝင်အဆုံးသတ်သွားတဲ့ မြန်မာတို့ရဲ့မြစ်ကြီးစစ်စစ် ဖြစ်နေ ခြင်းပါပဲ။ ဒါကြောင့် ဧရာဝတီမြစ်ကြီးကို သဘာဝအတိုင်းတည်ရှိနေဖို့ မိမိတို့အသွေးအသားကိုကာကွယ်ဖို့လိုသလို မြန်မာပြည်သူပြည်သား အားလုံးက အရိုးကြေကြေ အရေခမ်းခမ်းစောင့်ရှောက် ထိန်းသိမ်းသွားကြဖို့က မွေးရာပါတာဝန်ပင်ဖြစ်ပါကြောင်း တင်ပြတိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ……။
 
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

ရည်ညွှန်း
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)
၂။ ဟုတ်စိန် (ဦး) ပါဠိမြန်မာအဘိဓာန်
၃။ ရှေးဟောင်းမြန်မာကျောက်စာများ (ပဉ္စမတွဲ)
၎။ ဖိုးလတ် (ဦး) (စုဆောင်းသူ)  သီချင်းပဒေသာ – ပထမအုပ်
၅။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဉ္စမနှစ် ပထဝီဝင်၊ နိုင်ငံရေးပထဝီဝင်ပို့ချချက်များအတွဲ (၂)
၆။ ဦးဘသောင်း၊ ဆရာရှုတိုင်းအောင်- မြန်မာပြည်ပထဝီ
ရ။ အထက်တန်းပညာဦးစီးဌာန – မြန်မာနိုင်ငံပထဝီဝင်- ဒုတိယနှစ် (ဝိဇ္ဇာ) ပထဝီသင်ရိုး ၂၀၂
၈။ စောရင် (ဒေါ်) (ရေးသား) – အလယ်တန်း မြန်မာနိုင်ငံပထဝီ
အေးရှင် (ဒေါ်) (စာတည်း) – စာပေဗိမာန်
၉။ Shwe Yoe – The Burman
၁၀။ French FG – A Geography of Burma For Dudley Stamp C.L School
၁၁။ Inland water Transport Board – Hand Book of Sailing and General Information 1952 (Irrawaddy Section)
၁၂။ Spencer J.E – The Irrawaddy valley becomes Burma
၁၃။ သန်းထွန်း ဒေါက်တာ – မြန်မာ့သမိုင်းပုံ
၁၄။ သန်းထွန်း ဒေါက်တာ – ခေတ်ဟောင်း မြန်မာရာဇဝင်
၁၅။ အုန်းကြည် (ဒေါ်) – အလောင်းမင်းတရား


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)