ရောက်တတ်ရာရာ အတိုအစများ

November 7, 2012

မောင်ရင်ငတေ
နိုဝင်ဘာ ၇၊ ၂၀၁၂

● စပျစ်သီးခူးသမား

ဒီလဒီရာသီကကောက်ရိတ်သိမ်းပွဲရာသီ ပြင်သစ်လူမျိုးတို့ရဲ့ Les vendanges ခေါ်တဲ့ စပျစ်သီးခူးပွဲ ရာသီ၊ နှစ်စဉ်နှစ်တိုင်း သြဂုတ် စက်တင် ဘာ အောက်တိုဘာဆိုရင် ဒီစပျစ်သီးခူးပွဲလို ရာသီအလုပ် တွေပေါ်တဲ့အချိန်ပေါ့။ မောင်ရင်ငတေတို့လည်း ဒီရာသီရောက်မှာကိုမျှော်ပြီး အလုပ်ရမလားလို့ တောင့်တခဲ့ရတာပေါ့။ ဒီအလုပ်က အချိန်တိုတိုအတွင်းမှာ မြိုးမြိုးမျက်မျက် ရတာမဟုတ်လား၊ ပင်ပန်းသလားတော့ မမေးပါနဲ့ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာတော့ အတော့်ကိုပင်ပန်းတဲ့ အလုပ်ပါ။

ဒါပေမဲ့ ပင်ပန်းတယ်ဆိုပေမဲ့ စက်ရုံအလုပ်ရုံတွေထဲမှာလို လှောင်ပိတ် ကျဉ်းကြပ်မှုများစွာနဲ့ စိတ်ကောရုပ်ကော ထွက်ပေါက်ပိတ်နေတာမျိုး မဟုတ်ပါဘူး။ စိတ်လွတ်လပ်စွာ စိမ်းလန်းစိုပြေတဲ့ ကွင်း ပြင်ကျယ်တမျှော်တခေါ်ကြီးမှာ အုပ်စုလိုက်စုဖွဲ့ပြီး တပျော်တပါး လုပ်ရတာဆိုတော့ လုပ်ပျော်ခဲ့ပါတယ်။

ပြင်သစ်ဘဝသက်တမ်း ၁၂ နှစ် တာကာလမှာ သုံးကြိမ် သုံးနှစ် လုပ်ခဲ့ဖူးပါတယ်။ တနှစ်မှာတကြိမ် တကြိမ်ကိုအလွန်ဆုံးမှ ၁၅ ရက်၊ ရက် ၂၀ လောက်သာ အချိန်တို လုပ်ရတာပါ။ စပျစ်ရာသီပြန်အစမှာ အပင်တွေကိုပြုစုပျိုးထောင်ရတဲ့ အလုပ်မျိုးတွေရှိပေမဲ့ လူအင်အား သိပ်လိုအပ်တဲ့ အလုပ်မျိုးတွေ မဟုတ်တော့ကာ နဂိုကျွမ်းကျင်ပြီးသား လုပ်နေကြသူတွေနဲ့ဘဲ လုံလောက်ပါတယ်။ တခြားရေလောင်းပေါင်းသင်အလုပ်မျိုးကလည်း စက် တွေနဲ့အစားထိုး လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။

စပျစ်သီးခူးတာကတော့ စက်ရုပ်တွေနဲ့ အစားထိုးလုပ်လို့ကို မရနိုင်သေးတဲ့ လုပ်ငန်းဖြစ်ပြီး သဘာဝအရ အချိန်မီပြီးအောင် ခူးရတာဖြစ်လို့ လူအင်အားများစွာ လိုအပ်ပါတယ်။ လုပ်အားခအနေနဲ့ ပုံမှန်လုပ်အားခသတ်မှတ်နှုန်းအပြင် အပိုဆောင်းခတွေကလည်း မက်လောက် စရာရှိလို့ လုပ်ချင်သူတွေများလှပါတယ်။ ဒီအလုပ်ကအလုပ်အတည်တကျ မရှိသေးတဲ့ သူတွေရော၊ အလုပ်ခေတ္တခဏနားနေတဲ့သူတွေရော၊ ငွေလိုနေတဲ့သူတွေရော၊ အလုပ်ကောင်းကောင်း ရှိနေပေမဲ့ နွေရာသီအားလပ်ရက်မှာ ဘယ်ခရီးမှမသွားဘဲ လာလုပ်တဲ့ သူတွေရော၊ ကျောင်းတက် စရိတ်ရှာသူ ကျောင်းသားတွေရော၊ ကိုယ့်ရပ်ရွာဒေသပြန်ရင်း အပိုဝင်ငွေရှာ သူရော လူမျိုးစုံ ရည်ရွယ်ချက်မျိုးစုံ ပါဝင်ကြပါတယ်။

တကယ်ကတော့ ဟိုးရှေးအခါကတော့ ပြင်သစ်လူမျိုး ရာခိုင်နှုန်း တော်တော်များများဟာ  အနည်းဆုံး တကြိမ်တခါတော့ ဒီစပျစ်သီးခူးဖူးရမယ်လို့ အစဉ်လာရှိခဲ့ပါတယ်။ မူလရှေးရိုးရာဓလေ့အရတော့ ကျေးတောရွာတွေမှာ မိသားစု တပိုင်တနိုင် စိုက်ပျိုးရေးတွေ မွေးမြူရေးတွေလုပ်ကြရင်း ထွက်ရှိလာတဲ့ သီးနှံတွေကို သူက ငါ့ကူ ငါကသူ့ကူ လုပ်ကိုင်ကြတာက စတင်ခဲ့ပါ ဘဲ။ တပျော်တပါး လုပ်ကြကိုင်ကြ ခူးကြရင်း ပျော်ပျော်ပါးပါး သောက်ကြစားကြတဲ့ ပွဲတော်ငယ်လေးတွေပေါ့။

ခုထိအောင်လည်း လုပ်ငန်းကြီး တွေကတော့ စီးပွားရေးဆန်ဆန် အခကြေးငွေပေးပြီး စပျစ်သီးခူးပွဲကို လုပ်ကြကိုင်ကြသလို ကိုယ်ပိုင် မိသားစုပိုင် စပျစ်ခင်းတွေမှာ ပျော်ရွင်စရာ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းတဲ့ ပွဲတော်ငယ်လေးတွေလို သဘောထား လုပ်ကြကိုင်ကြတာလည်း အများကြီးရှိနေဆဲပါ။ အပြည်ပြည်ဆိုင်ရာအဆင့်ဆိုပြီး ပွဲတော်တွေကိုလည်း နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ ကြံဖန်ပြီးတော့ လုပ်နေကြတာလည်း အများကြီးရှိတာပေါ့ဗျာ၊

မောင်ရင်ငတေနဲ့အတူတူ စပျစ်သီးခူးဖူးတဲ့သူတွေထဲမှာ ပရော်ဖက်ရှင်နယ် မူရင်းနယ်ပယ် အသီးသီးက လူအမျိုးမျိုးပါရှိပေမဲ့ အထူးခြားဆုံး ကတော့ အသက် ၆၀ ကျော်ခန့်   အမျိုးသမီးကြီး သုံးဦးရယ် အားကစားနည်းပြဆရာတဦးရယ် ဘယ်တော့မှ ဘာအလုပ်မှ အလုပ်အ တည်တကျ မလုပ်သူတဦးရယ်ပါ။ သူတို့တွေဟာ ပြင်သစ်လူမျိုး စစ်စစ်တွေလို့ ပြောလို့ရမဲ့ လူဖြူတွေပါ။ ဆင်းတောင့် ဆင်းရဲလည်း မဟုတ်ကြပါဘူး။ စပျစ်သီးခင်းတွေနဲ့ မနီးမဝေးမြို့လေးတွေ ဇာတိဖွားပါ။

အဖွားကြီးသုံးဦးက သားထောက်သမီးခံမရှိလို့ စားစရာမရှိလို့ လာခူးတဲ့ပုံလည်းမပေါ်ပါဘူး။ ဆွေမျိုး ဘုစုခရုတသိုက် အဖွားကြီးတွေခူးတာကို တပျော်တပါးလာအားပေးကြတာလည်း နေ့စဉ်လိုပါဘဲ၊ စပျစ်သီးလာခူးတာကလည်း သူတို့ကိုယ်တိုင် ကားမောင်းပြီး လာကြတာပါ။ သူတို့အပြောအရတော့ သူတို့ဟာ နှစ်စဉ်လိုလို ဒီအချိန်ရောက်ရင် ဒီအလုပ်ကို မလုပ်ဘဲ မနေနိုင်သလို ဖြစ်နေရကြောင်း နှစ်ပေါင်းသုံးဆယ်ကျော်ရှိပြီဖြစ်ကြောင်း အခုအခြားအလုပ်တွေ ဘာမှမလုပ်ဘဲ ပင်စင်စားနေရင်းနဲ့ ဒီရာသီပေါ် အလုပ်လေးတွေကိုတော့ အမြဲလုပ်ဖြစ်ပါ ကြောင်း ပြောပြကြပါတယ်။ အလုပ်လုပ်ရာမှာ မောင်ရင်ငတေတို့ သြချယူရအောင်လည်း လုပ်နိုင်ကြပါပေတယ်။ မြန်လည်းမြန် သန်လည်းသန် တုန်းပါ။ ညည်းသံမကြား စကားတပြောပြော သီချင်းတကြော်ကြော်နဲ့ အပြုံးမပျက်ဘဲ လုပ်လည်း အတော်ကြီးကို လုပ်နိုင်ကြပါပေတယ်။

မောင်ရင်ငတေလည်း နိုင်ငံလေးငါးနိုင်ငံက စက်ရုံ အလုပ်ရုံတွေမှာ အောက်ခြေသိမ်း အလုပ်တွေ တော်တော်လေး ကြာအောင် လုပ်ဖူးပါတယ်။ ဒီအဖွားကြီးတွေကိုတော့ ဒီအလုပ်မှာမှီအောင်လိုက် မလုပ်နိုင်တော့ပါဘူး။ စီးကရက်လေး လက်ကြားညှပ် အရက်လေးကလည်း တမြမြနဲ့ဆိုတော့ အမောကလည်း မခံနိုင်တော့ပါဘူး။ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး ဘာရေးညာရေးတွေ အကြောင်းပြ လက်ကြောလည်း တယ်မတင်းချင်တော့ပါဘူး။

အားကစားနည်းပြတဦးကလည်း ဒီလိုပါဘဲ၊ လစာကောင်းတဲ့ အလုပ်ကိုလည်း အဲဒီအခါက လက်ရှိ လုပ်ကိုင်နေပြီး အားလပ်ရက်ရှည်ကာလမှာ ဒီအလုပ်ကို လာလုပ်တာပါ။ သူနေတဲ့နေရာကနေ ကီလိုမီတာ ၅၀ ကျော်လောက်ဝေးတဲ့ စပျစ်ခင်းရှိတဲ့နေရာကို မနက်အစောကြီးထ ကားမောင်း လာရတာပါ။ သူကားကလည်း မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်မှာဆိုရင်တော့ ခပ်ကြီးကြီး ခရိုနီကြီးရဲ့သားတွေ အလှစီးနေတဲ့ ဘီးလေးဘီးနဲ့ မောင်းရတဲ့ကားမျိုးပေါ့၊ ဆံရှည် ဗလကလည်း ခပ်တောင့်တောင့်ဆိုတော့ ကျုပ်တို့ပြည်မှာဆိုရင်တော့ ရုပ်ရှင်မင်းသား (ကိုရီးယားဇာတ်လမ်းတွဲ ရိုက်စားလို့ရတဲ့ ပုံစံမျိုးတော့မဟုတ်ပါဘူး) လုပ်စားလို့ရတယ်လို့ ပြောဖြစ်ပါတယ်။ အဲဒီသူက ဗလတောင့်တော့ မောင်ရင်ငတေတို့လို စပျစ်သီးခူးရုံမကပါဘူး။ ခူးပြီးသားတွေကိုထည့်ထားတဲ့ ကီလို ၃၀ ဆန့် ပလပ်စတစ်ပုံးကြီး သုံးပုံးတင်ထားတဲ့ တွန်းလှည်းကိုတွန်းပါတယ်။

ကီလိုတရာလောက်လေးတဲ့လှည်းကို အေးအေးသာသာဘဲ တွန်းနိုင်ပါတယ် တွန်းရတဲ့နေရာက လမ်းကောင်းလည်းမဟုတ်ဘူး ကျောက်ခဲတွေ စပျစ်ပင် အကိုင်းအခက် အကျိုးအပျက်တွေ ပွစိထနေတဲ့ တခါတလေ တောင်စောင်းနိမ့်လျှောလျှော စပျစ်ပင်တန်း နှစ်တန်းအကြား မညီမညာ မြေလမ်းမှာတွန်းရတာပါ။ အဆင်းတွန်းရတာလည်း တကယ်တမ်းတော့ လွယ်ကူလှတဲ့အလုပ် မဟုတ်ပါဘူးနော်၊ မောင်ရင်ငတေလည်း တလှည့်တလေတော့ (အဆင်း) တွန်းရတာပေါ့ဗျာ၊ အလုပ်ဆိုတော့ ပိုက်ဆံရတော့ လုပ်ရတာဘဲပေါ့၊ လျှာထွက်မတတ်ပါဘဲ၊ လှည်းတွန်းရတာ ပင်ပန်းလို့ဆိုတော့ ခူးရတာကော သက်သာမယ် မထင်လိုက်ပါနဲ့ဗျာ၊ ညာလက်ဖဝါးတွေဆိုရင် စပျစ်ခိုင်အညှာတွေကို ညှပ်ရလွန်းလို့ ကတ်ကျေးရာတွေနဲ့ ကြိမ်းစပ်လို့ပေါ့။ အညှာအရင်း မာတဲ့နေရာတွေကိုများ ညှပ်လိုက်မိရင်တော့ နာလိုက်တဲ့ဖြစ်ခြင်းပေါ့။ ရက်တိုတိုသာလုပ်ရတဲ့ အလုပ်မျိုးမို့လို့ တော်သေးတာပေါ့။

 

နောက်တယောက်ကတော့ အလုပ်အတည်တကျ မရှိပါဘူးတဲ့၊ ဒီလိုဘဲ ရာသီချိန်တွေမှာ (ငွေလိုနေတဲ့အခါမှ) စိုက်ချိန်မှာသွားစိုက်လိုက် ပျိုးချိန်မှာသွားပျိုးလိုက် ခူးချိန်မှာသွားခူးလိုက်ပေါ့။ ငါးဖမ်းရာသီမှာဆိုရင်လည်း ပင်လယ်ထဲမှာ ငါးသွားဖမ်းပါသေးသတဲ့၊ မောင်ရင်ငတေကိုတောင်မှ ငါးလိုက်ဖမ်းမလား ခေါ်နေပါသေးတယ်။ မောင်ရင်ငတေကတော့ ငရဲကြီးမှာစိုးလို့ မဖမ်းပါရစေနဲ့လို့ တောင်းပန်လိုက်ရပါတယ်။ မလုပ်ချင်လို့တော့ မဟုတ်ပါဘူးဗျာ၊ သူက တနှစ်မှာခြောက်လ ခုနှစ်လ ကျော်ဘဲ အလုပ်လုပ်ပါတယ်တဲ့၊ သူနေတဲ့မြို့က အမွေရထားတဲ့ လုံးချင်းအိမ်ကို အငှားထားတဲ့ ဝင်ငွေလည်း သူ့မှာရှိပါတယ်တဲ့၊ ကျန်တဲ့လေးငါးလကတော့ နိုင်ငံတော်က ထောက်ပံကြေးငွေ အနည်းငယ်ရပါတယ်တဲ့၊ အဲဒီလေးငါးလမှာ ဘာအလုပ်မှမလုပ်ဘဲ ကားတစီးနဲ့ သွားချင်ရာ လျှောက်သွားတယ်တဲ့၊

သူဝယ်တဲ့ကားကလည်း လမ်းပေါ်သွားလို့ရရုံလောက် ကားမျိုးပါတဲ့၊ အာမခံကုန်ခါနီး ယူရိုတထောင်ကျော်ကျော်သာ ပေးရတဲ့ကားမျိုးဝယ်ပြီး သုံးလေးငါးလစီးပြီးရင် ရရာဈေးနဲ့ ပြန်ရောင်းချင်ရောင်း ဒါမှမဟုတ် ရောင်းမရလည်း လမ်းဘေးပစ်ထားလိုက်ပါသတဲ့၊ ကားဖိုးက ခရီးစရိတ်လက်မှတ်ဖိုးထက် သက်သာပါကြောင်းပါတဲ့ခင်ဗျာ၊ ကိုယ်သွားလိုရာ ချောင်ကြိုချောင်ကြား အကုန်ရောက်နိုင်ပါတယ်တဲ့၊ သူက ချောင်းသေးသေးလေး တနေရာရာမှာ တနေကုန်နေပြီး ငါးသွားမျှားနေတတ်ပါတယ်တဲ့၊ သူခေါ်လို့တော့ အလုပ်အားလုံးပြီး နောက်တရက် ငါးသွားမျှားတာ ခဏလိုက်သွားဖြစ်ပါသေးတယ်။

မောင်ရင်ငတေတော့ ငြိမ်ငြိမ်လေးထိုင်ပြီး ငါးမျှားရတဲ့အလုပ်ကို စိတ်မဝင်စားပါဘူး။ စိတ်ဝင်စားစရာကောင်းတာက တောအုပ်ကလေးထဲမှာ သဘာဝအတိုင်း ဖြစ်နေအောင် ထိမ်းသိမ်းထားမှုတွေပါဘဲဗျာ၊ အဲဒီတုန်းက မောင်ရင်ငတေဆီမှာ မှတ်တမ်းတင်ဖို့ ကင်မရာမရှိခဲ့တာကြောင့် အခွင့်အရေးကောင်းတခု ဆုံးရှုံးခဲ့ရတာပေါ့။

နောက်ပြီးတော့ ထိုင်းနိုင်ငံကိုလည်း အရမ်းသဘောကျလို့ နှစ်တိုင်းလိုလို သုံးလေး ငါးလ သွားနေပါတယ်တဲ့၊ ထိုင်းမှာနေရတာ ဈေးကလည်းပေါ ကောင်မလေးတွေလည်း ပေါပါတယ်တဲ့၊ ထိုင်းစကားတောင် တော်တော်တတ် နေပါပြီတဲ့၊ မင်းတို့တိုင်းပြည်လည်း ငါသွားချင်တယ်တဲ့၊ မင်းတို့ ဗမာစကားသင်ရတာ ခက်သလားတဲ့၊ မောင်ရင်ငတေကတော့ သူ့ကိုဗမာစကား မသင်ပေးလိုက်မိပါဘူးဗျာ၊ သူ့ဆီက အတတ်ပညာကောင်းတွေလည်း မောင်ရင်ငတေဆီ ကူးမလာပါဘူး။ ဒီလို ပြင်သစ်တွေ ဥရောပတိုက်သားတွေ အများကြီးရှိကြောင်းပါခင်ဗျာ၊ အခုနှစ်ပိုင်းလောက်ဆိုရင် ရွှေပြည်တော်ရဲ့ တံခါးဖွင့်ဝါဒသစ်နဲ့အတူ အင်းလေးတို့ ပုဂံတို့ကိုများ ဒီကိုရွှေပြင်သစ် ရောက်များ ရောက်နေပြီလားဆိုတာတော့ မသိကြောင်းပါခင်ဗျား၊

မောင်ရင်ငတေကတော့ အမြဲလိုလို ဘိုင်ကျနေတာကြောင့် ပိုက်ဆံရဖို့ သွားခူးခဲ့ရတာပါ။ ပိုက်ဆံရဖို့ အဓိကရည်ရွယ်ချက် ဆိုပေမဲ့ တကယ်လုပ်ကိုင်တဲ့အခါမှာ ဆွဲဆောင်မှုတွေ အများကြီးရှိတဲ့ အလုပ် ပုံစံမျိုးပါ။ ဒါကြောင့်မို့ သုံးကြိမ်တိုင်တိုင်သွားရောက် လုပ်ကိုင်ခဲ့ဖူးပါတယ်။ မောင်ရင်ငတေ သွားပြီး လုပ်ခဲ့တဲ့နေရာက ဝိုင်ထုတ်လုပ်တဲ့ လုပ်ငန်းနေရာမဟုတ်ဘဲ နာမည်ကျော် ရှန်ပိန် Champagne ထွက်ရှိရာ ရှန်ပိန်ပြည်နယ် Champagne (province) မှာ ဖြစ်ပါတယ်။

ရှန်ပိန်နယ်ဟာ ပါရီမြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၆၀ ခန့် ဝေးပါတယ်။ တကယ်တော့ ရှန်ပိန်ဆိုတာ (အင်္ဂလိပ်လို Sparkling wine ပြင်သစ်လို Vin de Champagne) ဝိုင်အဖြူတမျိုးပါဘဲ၊ လွယ်လွယ်ပြောရင်တော့ အမြုပ်ထွက်တဲ့ ဝိုင်အဖြူ အမျိုးအစားပါဘဲ၊ ရှန်ပိန်ကို ပီနိုနွာ Pinot noir, ရှာဒွန်နေး Chardonnay ဆိုတဲ့ စပျစ်ပင်အမျိုးအစားတို့မှ အဓိကထုတ်လုပ်တာဖြစ်ပါတယ်။ ဝိုင်ဘဲဖြစ်ဖြစ် ရှန်ပိန်ဘဲဖြစ်ဖြစ် ကော့ညက်ဘဲဖြစ်ဖြစ် ဘရန်ဒီဘဲဖြစ်ဖြစ် ဒီစပျစ်သီးအမျိုးအစား (အဖြူရောင် အနီရောင်) တွေက နေဘဲ ဖြစ်လာတာပါ။ ချက်လုပ်ပုံချက်လုပ်နည်းကိုတော့ သေသေချာ လေ့လာဖို့လိုအပ်တာကြောင့် ဒီနေရာကနေ ဖြီးဖြန်းမပြောတော့ပါဘူး။ တခါတုန်းဆီကတော့ လေ့လာဖို့အခွင့်ရေး ရခဲ့ဖူးပေမဲ့ ဧည့်ခံတဲ့အမြည်းဖန်ခွက်တွေ တခွက်ပြီးတခွက် သောက်လိုက်မိလို့ လေ့လာရေးစခန်းကို မရောက်လိုက်တော့ပါဘူးခင်ဗျာ၊ ဧည့်ခံတဲ့သူ သိပ်သဘောကောင်းလို့ပါဗျာ၊

မောင်ရင်ငတေခူးခဲ့တဲ့ ကုမ္ပဏီကတော့ ကမ္ဘာ့နာမည်ကျော် Moët & Chandon ဘဲဖြစ်ပါတယ်။ ၁၇၄၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Moët & Chandon ဟာ ၁၉၈၀ ဝန်းကျင်နှစ်များမှာတော့ တနှစ်ကို ပုလင်းသန်းပေါင်း ၅၀ ကျော်ထုတ်လုပ်တဲ့ ကမ္ဘာ့ကော့ညက် ဈေးကွက်ရဲ့ ၄၀ ရာနှုန်းရှိတဲ့ နာမည်ကျော် Hennessy ကော့ညှက်ရယ်၊ Louis Vuitton ဆိုတဲ့ ညိုညစ်ညစ် အဆင်းအရောင်နဲ့ မတရားဈေးကြီးလွန်းလှတဲ့ ဖက်ရှင်ပစ္စည်းလက်ကိုင်အိတ်တွေ ထုတ်လုပ်တဲ့ကုမ္ပဏီရယ် သုံးခု ပူးပေါင်းထားတဲ့ LVMH ကိုလည်းပိုင်ဆိုင်သူတဦးဖြစ်လာပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က တည်ရှိလာတဲ့ သူဌေးကုမ္ပဏီကြီးသုံးခုရဲ့ လုပ်ငန်းပူးပေါင်းမှုတခုပေါ့ဗျာ၊ ဘယ်သူကဘယ်သူကို လက်ဝါးကြီးအုပ်သွားတာလည်းတော့ မောင်ရင်ငတေ့ အလုပ်မဟုတ်ပါဘူး။ ဒါအပြင် နာမည်ကျော် ဖက်ရှင်နဲ့ရေမွှေး ထုတ်လုပ်တဲ့ Christian Dior ဆိုတာကိုလည်း ရှယ်ယာတဝက်နီးပါး ပိုင်ပါတယ်တဲ့၊

ပိုက်ဆံဝါလားသူဌေးကြီးတွေရဲ့ စတော့ရှယ်ယာ ဈေးကစားမှုများဘဲပေါ့။ Moët & Chandon ပိုင်ဆိုင်တဲ့ ရှန်ပိန်နယ်က ရှန်ပိန်စပျစ်ခင်းတွေကလည်း ဟက်တာ ၁၀၀၀ (ဧကပေါင်း ၂၅၀၀) လောက်ရှိနေပြီး တနှစ်ကို ပုလင်းပေါင်း ၂၆ သန်းခန့် ထွက်ရှိပါတယ်။ ဒီရှန်ပိန် ထုတ်လုပ်တဲ့လုပ်ငန်းဟာ ဘယ်လောက်တောင်မှ ကြီးကျယ်သလဲတော့ မမေးပါနဲ့၊ ရှန်ပိန်ဟာ ဝိုင်လို ဒီနှစ်ထုတ် နောက်နှစ်သောက်လို့ကောင်းတာ မဟုတ်ပါဘူး။ အနည်းဆုံး ၅ နှစ်လောက်တော့ မြေအောက်လှိုဏ်ထဲမှာ သိမ်းထားရတာဆိုတော့ကာ Moët & Chandon ရဲ့ ပုလင်းသွပ်ထားတဲ့ ရှန်ပိန်တွေကိုထားတဲ့ မြေအောက်လှိုဏ်ခေါင်းအရှည်ကိုက ၂၈ ကီလိုမီတာ အရှည်ရှိပါတယ်တဲ့ဗျာ၊

ရှန်ပိန်ပြည်နယ်မှာ စပျစ်သီးခူးတဲ့ရာသီကလည်း အဆိုးဝါးဆုံးလို့ဆိုရမဲ့ ရာသီဥတုဖြစ်ကြောင်းပါ။ တခြားနေရာတွေကိုတော့ သွားမခူးဖူးလို့ ရာသီဥတု ဒီလောက်ဆိုးမဆိုး သေချာမသိပေမဲ့ ပြောနိုင်တာ တခုကတော့ ရာသီဥတု ကောင်းနိုင်စရာ မရှိတာကိုပါ။ မောင်ရင်ငတေ ခူးဖူးတဲ့ သုံးကြိမ်စလုံး စက်တင်ဘာ လလယ်ပိုင်းလောက်မှာ ခူးရတာပါ။ အဲဒီသုံးကြိမ်မှာ ပထမအကြိမ်နဲ့ တတိယအကြိမ်မှာ မိုးကရွာလိုက်တိတ်လိုက် နေပူလာလိုက် မိုးအုံ့သွားလိုက်နဲ့ ရာသီဥတုက နာရီဝက်လောက်အတွင်းမှာ အဲလိုဘဲ ခဏခဏ ပြောင်းနေတာပါ။

ပထမအကြိမ်က ခူးနေရင်းနဲ့ တပတ်လောက်ရှိလာတဲ့အခါ မိုးတွေကရွာရုံမကဘဲ မိုးကြိုးတွေပစ် မိုးတွေခြိမ်းတာများလာလို့ ဒုတိယပိုင်းအဖြစ် နောက်နှစ်ပတ်လောက်ကြာပြီးတော့မှ ပြန်ဆက်ခူးရပါတယ်။ မိုးရွာလိုက် နေပူလိုက်နဲ့ဆိုတော့ ဝတ်ထားတဲ့ အဝတ်တွေက စိုလိုက်ခြောက်လိုက်နဲ့ပေါ့ ဒုတိယအကြိမ် ခူးတုံးကတော့ နေပူတဲ့အချိန် ပိုများပါတယ်။ နေပူတာများတော့လည်း ချွေးကထွက် ပူလို့ အကျီလက်ရှည်ကမဝတ်နိုင် အဲဒီတော့ စပျစ်စေးတွေက ကပ်စီးကပ်စီးပေါ့ဗျာ၊

သူတို့အပြောက စပျစ်သီးခူးချိန်ဟာ ရာသီဥတုကိုမူတည်ပြီးတော့မှ ခူးရတာတဲ့၊ ဆိုတော့ကာ စပျစ်သီးခူးတာဟာ ရာသီဆိုးမှ ခူးရတာလို့ ကောက်ချက်ချရမလိုဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မောင်ရင်ငတေတို့အဖွဲ့က စပျစ်သီး ခူးဖော်ခူးဖက်တင်မက စပျစ်ဝိုင် သောက်ဖော်သောက်ဖက်တွေလည်း ဖြစ်ပါတယ်။ နေပူပူ မိုးရွာရွာ အားကစားသမားတွေကတော့ ကစားရမှာဘဲ မဟုတ်လား၊ ကြိုတင်ဖန်တီးလာတဲ့ ကိုကာကိုလာဗူးထဲ ပြောင်းထည့်လာတဲ့ နှစ်မချို့ဝိုင်ကို တယောက်တလှည့် အားပေးကြရင်း ရရာ စိတ်ကူးပေါက်ရာ ဘာသာစကားပေါင်းစုံ သီချင်းတွေကို တယောက်တပေါက် အော်ဟစ်ရင်း နောက်ရင်းပြောင်ရင်း စပျစ်သီးတွေကို ခူးခဲ့ရတာတွေဟာ ပြန်တွေးကြည့်ရင် ငွေရဖို့လုပ်ခဲ့ဖူးတဲ့ အလုပ်တွေထဲမှာ လွမ်းစရာအပြည့် လွမ်းစရာအကောင်းဆုံးပါ။

စပျစ်ခင်းတွေနဲ့ မနီးမဝေးမှာ ရှေ့တန်းစခန်းလို့ဆိုရမဲ့ စုရပ်ဌာနရှိပါတယ်။ ဒီစုရပ်ကို စပျစ်သီးခူးမယ့် သူများဟာ မနက်စောစော ၆ နာရီကျော်လောက်မှာ အရောက်လာရပါတယ်။ အရင်ကတော့ ဒီစုရပ်နေရာမှာဘဲ တည်းခိုစရာတွေ လုပ်ပေးထားပါတယ်။ အခုတော့ မရှိတော့ဘူးလို့ ကြားတယ်။ လာပြီးတည်းခိုလုပ်ကိုင်သူတွေက ‘မ’ တရာသားတွေဖြစ်တာမို့ လူမျိုးစုံ အကြမ်းအရမ်းသမားလည်း ပါတယ်မဟုတ်ပါလား၊ ကြာတော့ ပြသနာပေါင်းစုံ ဖြစ်လာလို့လားမသိ တည်းခိုစရာ အစီအစဉ်က ကိုယ့်ဘာသာကိုယ် ဖန်တီးရပါတော့တယ်။

မောင်ရင်ငတေတို့ ရွှေလူမျိုးတွေကတော့ ခင်ရာဆွေမျိုး မဟုတ်လား၊ ရွှေအိမ်မှာ တည်းခိုတာပေါ့။ ကံအားလျှော်စွာ ရွှေမိတ်ဆွေတဦးကလည်း အဲဒီဒေသမှာ ရောက်ရှိနေထိုင်ခိုက်နဲ့ ကြုံခဲ့ရတာကိုဗျ၊ အဲဒီအိမ်မှာဘဲ တဖွဲ့လုံးစုပြုံအိပ် စုပြုံပြီးချက်ပြုတ် စားကြသောက်ကြပေါ့ဗျာ၊  ရွှေတွေမဟုတ်လား သတင်းတွေဖလှယ်ကြသလို အတင်းအဖျင်းတွေနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိတာပေါ့၊

မနက်စောစော အိပ်ရာထကြပြီး ၆ နာရီကျော်မှာ စုရပ်ကိုရောက်လာကြပြီး စုရပ်မှတဆင့် အုပ်စုရှစ်စုလောက် (တအုပ်စုကိုခုနှစ်ယောက်ခန့်ဆိုတော့ အားလုံးပေါင်း ၆၀ လောက်ရှိတာပေါ့) ကို ဘတ်စကားကြီးတစီးစီနဲ့ (စုစုပေါင်း ဘတ်စ်အစီး ၂၀ ကျော်လောက်တော့ ရှိမယ်ထင်ပါတယ်) သက်ဆိုင်ရာ စပျစ်ခင်းတွေရှိရာကို သွားကြရပါတယ်။ ကားပေါ်ပါလာသူတွေအားလုံးဟာ နှစ်စဉ်နှစ်တိုင်းလိုလို အတူတူခူးနေကြသူတွေ အများစုဆိုတော့ တယောက်နဲ့တယောက် သိပြီးသားတွေဖြစ်သလို အဖွဲ့ခေါင်းဆောင် မန်နေဂျာမကြီးကလည်း ဒီဒေသမှမွေး ဒီအရပ်မှာကြီးပြင်းပြီး ဒီအလုပ်ကိုလုပ်နေတာ ကြာပြီဖြစ်လို့ အားလုံးလိုလိုနဲ့ သိပြီးသားဖြစ်ပါတယ်။ မောင်ရင်ငတေတို့လို မျက်နှာသစ်တွေကတော့ အနည်းငယ်သာပါတာပါ။

၇ နာရီတိတိကစပြီး စပျစ်ခူးတဲ့အလုပ်ကို စလုပ်ကြပါတယ်။ အဖွဲ့တဖွဲ့ကို ခြောက်ယောက်ကနေ ရှစ်ယောက်လောက်ထိ စိတ်တူရာခင်မင်ရာနီးစပ်ရာ ပေါင်းစပ်ထားတဲ့ ကိုယ့်လူနဲ့ကိုယ်ဖွဲ့ကြတာပါ။ အနီးစပ်ဆုံးပေါင်းစပ်ပြီး အဖွဲ့ဖွဲ့ထားပေမဲ့ ရှိသမျှသောရွှေတွေ အလုပ်လုပ်ချင်လို့သာ ကြံဖန်ပြီး ဆုံဆည်းကြရတာဆိုတော့ကာ၊ ထုံးစံအတိုင်း တကယ်ပေါင်းလုပ်ကြတော့ တကျက်ကျက်ပေါ့ဗျာ၊ စုပေါင်းလုပ်ကြရာတာဆိုတော့ လူညီရင်ညီသလို အလုပ်လုပ်ရတာ ကောင်းပါတယ်။ ပေးတဲ့ လုပ်အားခကလည်း အခြေခံသတ်မှတ်ချက်ရှိတယ်ဆိုပေမဲ့ အုပ်စုလိုက်ခူးလို့ရတဲ့ စပျစ်သီး အလေးချိန်ကိုလည်း ထည့်သွင်းတွက်ချက်တာဆိုတော့ အလေးချိန်များများ ခူးနိုင်တဲ့အဖွဲ့ဟာ ပိုပြီး ပိုက်ဆံများများရတဲ့စနစ် ဖြစ်ပါတယ်။ စုစုပေါင်းရတဲ့ လုပ်အားခငွေကိုလည်း အုပ်စုတွင်းမှာ အညီအမျှ ခွဲဝေယူတဲ့စနစ်ပါ။ ဘုံစနစ်ဆိုတော့ နာတဲ့သူ သာတဲ့သူ ရှိစမြဲပေါ့။

မနက် ရ နာရီကနေ ညနေ ၅ နာရီထိလုပ်ကြတာ တနေ့ကို အသားတင်အနည်းဆုံး ယူရို ၁၀၀ ခန့်ရကြပါတယ်။ လုပ်အားကောင်းတဲ့ အဖွဲ့ဆိုရင် ဒိထက်မက ရနိုင်ပါတယ်။ မောင်ရင်ငတေတို့ ရွှေအဖွဲ့ကတော့ ၁၀၀ မကျော်ပါဘူး။ ကိစ္စမရှိပါဘူး။ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲတတ်နေပြီ မဟုတ်ပါလား၊ ရွှေပြည်တော်မှာ ကောက်စိုက်ခ တရက်တသိန်းရရင်တော့များ မောင်ရင်ငတေ ကောက်သွားစိုက် လိုက်ချင်ပါသေးတယ်ဗျာ၊ မောင်ရင်ငတေကတော့ တနှစ်ခြား သုံးကြိမ်သုံးခါတိတိ ခူးပြီးနောက် မခူးဖြစ်တာ အခုတော့ သုံးလေးနှစ်ရှိပါပြီ၊ နောက်တကြိမ်လောက်တော့ အခြေအနေပေးရင် ခူးချင်ပါသေးတယ်။ မောင်ရင်ငတေရဲ့ခူးဖော်မိတ်ဆွေ ပြင်သစ်ဖွားကြီးအိုတွေကတော့ အသေမချင်း လုပ်နိုင်ကိုင်နိုင်သေးသ၍တော့ ဆက်လက်ပြီး စပျစ်သီးခူးသူများ ဖြစ်နေကြအုံးမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ရေခြားမြေခြား မြန်မာများ, ဖြစ်ရပ်များ၊ အမှတ်တရများ

2 Responses to ရောက်တတ်ရာရာ အတိုအစများ

  1. ရန်ဝင်း (တောင်တံခါး) on November 8, 2012 at 9:05 am

    ကောင်းလိုက်တဲ့ ဆောင်းပါးပါပဲဗျာ။ ကျေးဇူးပဲ ဆရာရေ။ ဆရာရေးတဲ့ ရောက်တတ်ရာရာ ဆောင်းပါးတွေ အားလုံးကောင်းတယ်။ စောင့်ပြီး ဖတ်မယ်ဗျို့။
    a few seconds ago · Like

    • မောင်ရင်ငတေ on November 9, 2012 at 12:53 am

      ကျေးဇူးတင်ပါတယ် ဆရာ ရန် ……..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်