fbpx

ကျွန်ုပ်တို့ကျတဲ့ မျက်ရည်

November 13, 2012

အရှင်သြသဓ (ဟပ်မွန်းဘေး)
နိုဝင်ဘာ ၁၃၊ ၂၀၁၂
 လောကမှာ လူတွေဟာ ဘဝကို မျက်ရည်နဲ့ စခဲ့ကြပါတယ်။ အသက်ရှင်သန် လှုပ်ရှားနေစဉ်မှာလည်း မျက်ရည်တွေနဲ့ နေကြရတယ်။ ဘဝကို အဆုံးသတ်သွားကြပြန်တော့လဲ မျက်ရည်နဲ့ဘဲ အဆုံးသတ် သွားကြရတယ်။ ဒီလို သုံးပိုင်းရှိရာမှာ အလယ်ပိုင်း အသက်ရှင်သန် လှုပ်ရှားနေစဉ်မှာ ကျတဲ့မျက်ရည်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် အကြောင်းရင်း မတူတတ်ကြပါဘူး။ လောကမှာ လူတွေဟာ ဝမ်းနည်းရင်လည်း မျက်ရည်ကျတယ်။ ဝမ်းသာရင်လည်း မျက်ရည်ကျတယ်။ ရောဂါ ရှိရင်လဲ မျက်ရည်ကျတယ်။ အခြား အခြားသော အကြောင်းတွေကြောင့်လည်း မျက်ရည်ကျတယ်။ ဒီလို မတူကွဲပြားနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁-ရက်နေ့က မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတကြီး ဦသိန်းစိန်ဟာ သမ္မတအိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး သူတို့မေးတဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပွဲစပြီး မကြာမီ မေးခွန်းသုံးခု လောက် ဖြေဆိုပြီးချိန်က စလို့ သမ္မကြီးဦးသိန်းစိန်ဟာ ဇောချွေးများပြန်လာတယ်လို့ ဆိုပါတယ်။ စိတ်လက်မအီမသာဖြစ်နေတဲ့ ပုံတွေလည်း တွေ့ရပါတယ်။ နောက်ဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မေးမြန်းချက် အရောက်မှာတော့ မျက်စိမျက်နှာများ ပျက်လာကာ အသံများတုန်လှုပ်လာပြီး မျက်ရည် များပါ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတကြီးကျတဲ့မျက်ရည်ကတော့ အကျဉ်းအကြပ်ထဲမှာ ဘယ်လိုဖြေရမှန်းမသိလို့ ကျတဲ့မျက်ရည်ပါ။

တခါက မြန်မာပြည်မှာ ရာတန်တွေသိမ်းတော့ ဒကာတစ်ယောက်ဟာ လက်ထဲမှာရှိတဲ့ငွေ အကုန်ဆုံး၊ စီးပွားတွေလဲ အကုန် ပျက်လို့ နေမထိ ထိုင်မသာဖြစ်ကာ တငိုငို တမှိုင်မှိုင်နဲ့ ရူးမတတ်ဖြစ်နေလို့ နောက်ဆုံး ကျောင်းရောက်လာပါတယ်။ ရောက်လာတာက တော့ ယောဆရာတော်ကျောင်းပါ။ စာရေးသူလဲ ရောက်နေချိန်မို့ သူ့အပူသောကမျက်ရည်တွေနဲ့ ယောဆရာတော်ကို လျှောက်ထားခဲ့ တာ ကြားရတော့ အတော့်ကို ဝမ်းနည်းစရာပါ။ သူ့မျက်ရည်တွေကတော့ စီးပွားဆုံးလို့ကျတဲ့ မျက်ရည်လို့ဆိုရမှာပါ။

နောက်တစ်ယောက်က စာရေးသူငယ်စဉ်က သူငယ်ချင်းပါ။ သူ့မှာ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက် ရှိပါတယ်။ နောက်ထပ် သားသမီး မယူကြတော့ပါဘူး။ မိဘအိမ်ကနေ ခွဲခဲ့ကြတော့ သမီးလေးကို သူ့မိဘတွေအဖေါ်ရအောင် အဖိုးအဖွားနဲ့ ထားခဲ့ ပါတယ်။ သားငယ်လေးကတော့ သူတို့နဲ့နေပါတယ်။ သားဆိုလို့ ဒီမြေးလေးတစ်ယောက်သာပါလို့ အဖိုးအဖွားတွေက ချစ်လိုက်တာလဲ မပြောပါနဲ့တော့။ အဲဒိအချိန်မှာ ကလေးဟာရုတ်တရက် အဖျားဝင်ပြီး သေဆုံးသွားပါတယ်။ အဖိုးအဖွား မိဘဆွေမျိုး အကုန်လုံး ချုံးပွဲချ ငိုလို့ ဘယ်သူမှ ဖျောင့်ဖျမရလို့ နောက်ဆုံး ကျွန်ုပ်ဆီခေါ်လာပါတယ်။ တရားသဘောလေးပေါက်အောင် အများတကာ ဖြစ်တာတွေနဲ့ ဥပမာပေး ဟောပြလိုက်လို့ သောကသက်သာရာ ရသွားပါတယ်။ သူတို့ကျတဲ့မျက်ရည်တွေကတော့ တစ်ဦးတည်းသောသားလေး ဆုံးရှုံးသွားလို့ ကျတဲ့မျက်ရည်ပါ။

နောက်ပြီး စာရေးသူရဲ့ ခမည်းတော်ကြီးဟာ ၁၉၈၇-ခုနှစ်၊ ဇွန်လလောက်က လေတခြမ်းဖြတ်ပါတယ်။ စာရေးသူ မန္တလေးမှာ ရှိနေလို့ ကြေးနန်းရိုက်အကြောင်းကြားပါတယ်။ ဒီတော့ လေယာဉ်လက်မှတ်စောင့်မနေဘဲ ရရာကားနဲ့ဘဲ မွေးရပ်မြေ ကလေးမြို့ကို သွားခဲ့ပါတယ်။ ကားဂိတ်က ဆင်းတာနဲ့ ဆေးရုံကို တန်းသွားခဲ့ပါတယ်။ ခမည်းတော်ကြီးဟာ စာရေးသူကိုတွေ့တော့ သူ့မျက်နှာက အရမ်းပျော်ပြီး ဝမ်းသာနေပုံ ပေါက်ပါတယ်။ ဒါပေမဲ့ မျက်လုံးက မျက်ရည်တွေကျနေတယ်။ ဒီတော့ စာရေးသူက “ဘာလို့မျက်ရည်တွေ ကျနေတာတုန်းလို့” မေးတော့၊ သူက ငိုလို့ ကျတာမဟုတ်ဘူးတဲ့၊ သူ့ဖာသာသူ လူတွေလာတိုင်း ဒီလိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ခမည်းတော်ကြီးကျတဲ့ မျက်ရည်ဟာ လေဖြတ်ရောဂါကြောင့်ကျတဲ့ မျက်ရည်ဖြစ်မယ်လို့ စာရေးသူ သဘောပေါက်လိုက်မိပါတယ်။

မနှစ်က ၂၀၁၁-ခု၊ ဒီဇင်ဘာလမှာ စာရေးသူ အရှေ့မလေးရှားက ကိတကူနဘလုဆိုတဲ့ မြို့ကို သွားပြီးတရားပြခဲ့ပါတယ်။ ယောဂီထဲမှာ ခရစ်ယာန်ဘာသာဝင် ဒကာမကြီးတစ်ယောက်လဲ ပါပါတယ်။ အစပိုင်း တစ်ရက်နှစ်ရက်မှာ သူ့မျက်နှာတွေ မကောင်းပါ ဘူး။ ငိုနေသလိုဖြစ်လို့ သူ့ကို မေးကြည့်မိပါတယ်။ ဒီတော့ သူကပြောတယ်။ ဒီမှာ သီလယူတော့ ပါဏာတိပါတအကြောင်းတွေ၊ အကုသိုလ်အကြောင်းတွေ ကြားရတော့ သူလုပ်ခဲ့တဲ့ အမှားတွေကို သတိရပြီး ငိုတာဖြစ်ကြောင်း လျှောက်ပါတယ်။ သူဟာ အရင်က ကလေးနှစ်ယောက် ကိုယ်ဝန်ဖျက်ချခဲ့ဖူးကြောင်း၊ အခုတော့ သူ့မှာ မှားမှန်းသိပြီး သူဟာ မိခင်စိတ်မရှိတဲ့ မိန်းမရိုင်းကြီးပါလားလို့ ကိုယ့်ကိုယ်ကို နောင်တ ပူပန်မှုတွေဖြစ်နေကြောင်း မျက်ရည်များ စိုရွှဲလျက် ပြောရှာပါတယ်။ ဒီတော့ အပြစ်ကို အပြစ်မှန်းသိကာ နောင်ကိုရှောင်ကြဉ်လျှင် ဘဝအသစ်ဖြင့် ကုသိုလ်ကောင်းမှုများ လုပ်နိုင်ကြောင်း၊ တရားအသိဉာဏ်တွေလဲ ရနိုင်ကြောင်း ပြောပြလိုက် လို့ သူ့မျက်နှာလဲ ချက်ချင်းပြောင်းသွားပြီး စိတ်သက်သာရာ ရသွားပါတယ်။ သူကတော့ လုပ်ခဲ့မိတဲ့အမှားအတွက် နောင်တဖြစ်ကာ ကျလာတဲ့မျက်ရည်တွေပါ။

၁၉၉၄-ခုနှစ်လောက်တုန်း မိမိတို့အရပ်မှ ဆွေမျိုးတော်သူတစ်ယောက် ရောဂါရှိလို့ ရန်ကုန် ဂျပန်ဆေးရုံကြီးကို လာတက်ပါ တယ်။ မိမိက တတ်စွမ်းနိုင်သမျှ ကူညီပေးရပါတယ်။ သူ့မိန်းမက နေ့လည်ဘက်မှာ စောင့်ပေးတယ်။ စာရေးသူကတော့ ညနေပိုင်း နေ့တိုင်း သွားတွေ့ပါတယ်။ ရောဂါက တစ်ခါခွဲသည်။ ဟုတ်မလိုလိုနဲ့ မအောင်မြင်ပေ။ ပိုဆိုးလာပြန်သည်။ ထို့ကြောင့် ဆရာဝန်များက ဒုတိယအကြိမ် ထပ်ခွဲပြန်သည်။ မထူးပါ။ ပိုလို့ပင် ဆိုးလာပါတယ်။ သည်တော့ သူ့ကိုယ်သူ ရိပ်မိလာတယ်။ သည်တောင်ကို သူမကျော် နိုင်တော့ပေ။ သူ့မှာ သမီးလေး နှစ်ယောက်ရှိသည်။ ငယ်ကြသေး၏။ မိန်းမကလဲ ငယ်သေးသည်။ ထိုနေ့ ညနေပိုင်း ဆေးရုံက ဧည့်သည်ပြန်ချိန် ခေါင်းလောင်းခေါက်တော့ သူ့မိန်းမရော, ကျွန်ုပ်ရော ပြန်ကြရတော့မည်။ သည်တော့ သူ့မိန်းမလက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားပါတော့တယ်။ မျက်လုံးကလည်း အားငယ်နေတဲ့မျက်လုံး။ ပြီးတော့ မျက်ရည်တွေလည်း ကျလို့။ ငိုနေသည်ပြောက ပိုမှန်မည်။ ကျွန်ုပ်က တရားလေးတွေ သတိပေးနေသည်ကိုပင် သူနားမထောင်တော့။ ဇနီးနှင့်သမီး နှစ်ယောက်ကို ခွဲထားခဲ့ပြီး သေရမှာ ကို ကြောက်နေရှာသည်။ ဟုတ်ပါသည်။ နောက်နေ့မနက် ဆေးရုံမှာ လှုပ်ရှားမှုမဲ့နေသည့် သူ့အလောင်းကိုသာ ကုတင်ပေါ်မှာ တွေ့လိုက်ရတော့၏။ ဒါကြောင့် မနေ့က သူမျက်ရည်ကျသည်။ သေဖို့ပြင်ဆင် မထားသေးတဲ့အတွက် သေရမှာကြောက်၍ ကျတဲ့ မျက်ရည်တွေပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၆)ရက်နေ့ကတော့ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွက် ပြိုင်ဘက် ဖြစ်တဲ့ မတ်ရောမနီကို အပြတ်အသတ်နှင့် အနိုင်ရခဲ့ပါတယ်။ နောက်တစ်နေ့ အိမ်ဖြူတော်ကို မပြန်ခင် သူ့ရဲ့ စည်းရုံးလှုံဆော် ရေးဌာနချုပ်ကိုသွားပြီး ပါဝင် လှုပ်ရှားခဲ့ကြတဲ့ ဝန်ထမ်းတွေ,လုပ်အားပေးသူတွေကို ကိုယ်တိုင်သွားရောက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။ သူပြောပုံက–

“I’m really proud of all of you,” Obama said. “What you guys accomplished will go on in the annals of history.”

လို့ ဖြစ်ပါတယ်။ သူဟာ အထက်ပါစကားပြောရင်း မျက်ရည်များပါ ကျလာပါတယ်။ သမ္မတကြီး အိုဘားမားကတော့ သူ့လုပ်ဖေါ် ကိုင်ဘက်တွေရဲ့ ထောက်ခံအားပေးမှုဟာ ကျေးဇူးကြီးမားလွန်းလို့ ကျတဲ့မျက်ရည်ပါတဲ့။

ဟိုတုန်းက စာရေးသူ ရန်ကုန် မဟာစည်ရိပ်သာမှာ နေစဉ်က ဒကာမတစ်ယောက် တရားထိုင်လာပါတယ်။ အရင်က တရားထိုင်ရမှာ အင်မတန် ကြောက်သူပါ။ စာရေးသူက အခုနေ အားမထုတ်မိလျှင် မိမိအတွက် ဖြစ်လာနိုင်မည့် ဆုံးရှုံးမှုနဲ့ လုပ်လျှင် ရနိုင်မည့် ပစ္စုပ္ပန်တမလွန် အကျိုးများကိုပါ ပြောပြလို့ နောက်ဆုံး တရားထိုင်ဖြစ်သွားပါတယ်။ အစပိုင်းမှာ အတော်ကြိုးစားရှာပါတယ်။ သို့သော် တရားက မတက်ပါ။ ရက်ကလေး အတော်ကြာလာတော့ သမာဓိလေး တော်တော်ကောင်းလာတယ်။ ထူးဆန်းသည့် ခံစား မှုများ၊ အေးချမ်းမှုများ၊ ဘယ်တုန်းကမှ မရဖူးသည့် စိတ်ချမ်းသာမှုများ တွေ့လာရလို့ နောက်နေ့ တရားလျှောက်တော့ မျက်ရည်တွေနဲ့ စိတ်အားထက်သန်စွာ လျှောက်ပါလေတော့တယ်။ သူကတော့ တရားရဲ့ငြိမ်းအေးမှုလေးကို ခံစားလိုက်ရပြီး ဓမ္မပီတိကြောင့်ကျတဲ့ မျက်ရည်လို့ ပြောနိုင်ပါတယ်။

၁၉၈၂-ခုလောက်တုန်းက စာရေးသူ ရန်ကင်းမှာနေခဲ့ပါတယ်။ ဘောက်ထော်က ဆွမ်းစားပင့်လို့ စာရေးသူလဲ ပင့်သံဃာ စေ့အောင် လိုက်သွားရပါတယ်။ အဲဒိပွဲမှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်ကြီး ဦးသေဋ္ဌိလလည်း ပါလာတယ်။ ဆွမ်းကျွေးတဲ့ ဒကာမ ကြီးက အဘိဓမ္မာသင်တန်းသူလို့ သိရပါတယ်။ ဒါကြောင့် ဆရာတော်ကြီးက တရားချီးမြှင့်တဲ့အခါ အဘိဓမ္မာအကြောင်းလေး ထည့်ပြော ပါတယ်။ လှူဒါန်းလျှင် သောမနဿဖြစ်ဖို့လည်း အရေးကြီးကြောင်း၊ ကမ္မဿကတာ ဉာဏ်ပါပြီး ဉာဏသမ္ပယုတ် ဖြစ်ဖို့လည်း လိုကြောင်း၊ တက်ကြွသည့်စိတ်ဓာတ်ဖြင့် အသင်္ခါရိကဖြစ်ဖို့လည်း လိုအပ်ကြောင်းများ ထည့်ပြောသွားပါတယ်။ အလှူမှာ ဝမ်းသာလျှင် က,တာတောင် အပြစ်မရှိကြောင်း ဝိသာခါကျောင်းအမကြီး ကျောင်းလှူပွဲအပြီး ဝမ်းသာလွန်းလို့ ကျောင်းပတ်ပြီးက,တာကို ဥပမာထား ဟောသွားပါတယ်။ တရားပွဲပြီးတော့ သူ့အလှူလဲ အောင်မြင်၊ ဆရာတော်ကြီးကိုယ်တိုင်လဲကြွ တရားဟော၊ ဟောပြန်တော့လည်း သောမနဿဖြစ်ဖို့အကြောင်းဖြစ်နေတော့ ရေစက်ချဆုံးတော့ သာဓုတောင် မခေါ်နိုင်ရှာဘူး။ ငိုပါလေရော့။ မေးကြည့်တော့ ဝမ်းသာ လွန်းလို့ပါ….တဲ့။ တရားနာရတာ ဝမ်းသာလွန်းလို့ကျတဲ့ ဓမ္မဿဝနပီတိ မျက်ရည်လို့ ဆိုရမှာပါ။

နောက်ပြီး ဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ သံဃာတော်ပေါင်း ထောင်ချီ၍ စာချနေသည့် စာပေအလွန်တတ်သည် မဟာသိဝမထေရ် ကြီးဟာ တနေ့မှာ သံဝေဂရပြီး ရွာအနီးတောသို့ တရားအားထုတ်ရန် ထွက်သွားပါတယ်။ စာတွေ သည့်ကလောက်တတ်ထားမှတော့ တစ်ဝါတွင်းလောက် အားထုတ်လိုက်လျှင် ရဟန်းကိစ္စ ပြီးသွားမှာပါဟု ထင်ကာ အားထုတ်ပါတယ်။ ဝါကျွတ်တော့ သူထင်သလို ရဟန္တာ ဖြစ်ဖို့ အသာထား၊ နိမိတ်တောင် မထင်သေးပါဘူး။ သည်တော့ နောက်တစ်ဝါဆိုရင် ဖြစ်ပါလိမ့်မယ်လို့ အားမလျှော့ဘဲ ဆက်လုပ်ပါ တယ်။ နောက်တစ်ဝါလည်း ရဟန္တာက မဖြစ်သေးပါ။ နောက်တော့ နှစ်တွေကြာလာတာနဲ့ ဝီရိယလိုနေလို့ဖြစ်မယ်ဆိုပြီး ကုတင်ကိုသိမ်း၊ ကျောခင်းမအိပ်တော့ဘဲ ထိုင်ခြင်း,ရပ်ခြင်း,သွားခြင်း ဣရိယာပုထ် သုံးပါးနဲ့သာ နေပါတော့တယ်။ သည်လိုနဲ့ နှစ် ၃၀-ကြာသည့် တိုင်အောင် ရဟန္တာမဖြစ်သေးသဖြင့် ဝါကျွတ်တော့ စိတ်ဓာတ်တွေ ကျပြီး ဆရာတော်ကြီး ချုံးပွဲချကာ ငိုပါလေတော့တယ်။ မဟာသိဝ မထေရ်ကြီးကတော့ တရားမရလို့ စိတ်ဓာတ်ကျကာ ဝမ်းနည်းပြီး ငိုတဲ့မျက်ရည်ပါ။

ဘုရားလက်ထက်က ကောလိယမင်းမျိုးကနေ နွားအကျင့်ကို ကျင့်နေတဲ့ ပုဏ္ဏနှင့် ခွေးအကျင့်ကို ကျင့်နေတဲ့ သေနိယတို့ဟာ သူတို့နေရာ ကောလိယတိုင်းကို ဘုရားရောက်လာတော့ သွားတွေ့ကြပါတယ်။ ပြီးတော့ သူတို့အကျင့်တွေအကြောင်း မေးမြန်းကြ တယ်။ သူတို့ဟာ ခွေးအကျင့်နှင့် နွားအကျင့်တွေကို ပင်ပင်ပန်းပန်း နှစ်ရှည်လများ ပြည့်ပြည့်စုံစုံ ကျင့်ထားသူတွေ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် သူတို့သေလျှင် ဘယ်ဘုံဌာနကို ရောက်ကြပါမလဲလို့ မေးကြပါတယ်။ ဒီတော့ ဘုရားက သုံးကြိမ်တိုင်တိုင် မမေးမြန်းဖို့ ပိတ်ပင်ပါသေးတယ်။ သူတို့က အတင်းမေးတာနဲ့ နောက်ဆုံးတော့ ဘုရားက “ပုဏ္ဏနှင့် သေနိယတို့…. ခွေး အကျင့်ကို ကျင့်သူဟာ ခွေးသာဖြစ်နိုင်ပြီး၊ နွားအကျင့်ကို ကျင့်သူဟာလဲ နွားဘဲဖြစ်နိုင်တယ်။ အကယ်၍ ဒီအယူသာမှန်တယ်လို့ ဒိဋ္ဌိနဲ့စွဲနေရင် ငရဲကိုပင် ကျနိုင်သေးတယ်”လို့ ပြောတော့ သူတို့ နှစ်ယောက်လုံး ငိုပါလေတော့တယ်။ ဘာလို့ငိုတာတုန်းမေးတော့ သူတို့ဟာ ဒီအကျင့်တွေကို နှစ်ရှည်လများ ကျင့်ထားကြပြီး အခုမှ မှားမှန်းသိလို့ ငိုတာပါဘုရားဆိုပြီး လျှောက်ကြတယ်။ သူတို့ကတော့ အကျင့်မှားတွေကို ကျင့်ခဲ့မိ လို့ နောင်တရပြီး ကျတဲ့မျက်ရည်ပါတဲ့။

ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကတော့ အသက် ၇၉-နှစ်အရွယ်မှာ အိုမင်းရင့်ရော်မှုကြောင့် ပြင်းထန်တဲ့ ရောဂါဝေဒနာ တွေ ခံစားလာရပါတယ်။ ဒါနဲ့ အိမ်က အခိုင်းအစေလေးကို ရှင်သာရိပုတြာနှင့် ရှင်အာနန္ဒကို အပင့်ခိုင်းလိုက်ပါတယ်။ မထေရ်နှစ်ပါး လည်း ရောက်လာပြီး ရောဂါအခြေအနေကို မေးကြည့်တော့ ပို၍သာ တိုးနေကြောင်း ကျောင်းဒကာကြီးက လျှောက်ထားလိုက်ပါတယ်။ ဒီတော့ ရှင်သာရိပုတြာမထေရ်ကြီးက ကျောင်းဒကာကြီးကို တရားဆယ်မျိုး အစဉ်အတိုင်းဟောသွားပါတယ်။ တရားဆုံးတော့ ကျောင်း ဒကာကြီးက ငိုပါလေတော့တယ်။ အဲဒီမှာ ရှင်အာနန္ဒက “စည်းစိမ်တွေကို တွယ်တာနေလို့ ငိုတာလား၊ သေရမှာကို ကြောက်လို့ငိုတာ လား”လို့ မေးမြန်းလိုက်တော့ “ဒီလို မဟုတ်ပါဘူးဘုရား၊ ဒီကျောင်းမှာ ၂၄-နှစ်ပတ်လုံး ဘုရားသတင်းသုံးခဲ့ပေမဲ့ ဒီလောက်ကောင်းတဲ့ တရားကို ဘုရားဆီကလဲ မနာဖူးဘူး။ အရှင်ဘုရားတို့ဆီကလဲ မနာဖူးဘူး။ အခုမှ နာရလို့ ငိုတာပါဘုရား”တဲ့။ ကျောင်းဒကာကြီး ကတော့ ဘုရားနားမှာ ကပ်နေပေမဲ့ အနှစ်ပါတဲ့တရားကို သေခါနီးလေးမှ ကပ်နာလိုက်ရလို့ ငိုတာပါတဲ့။ တရားကောင်းနာလိုက်ရလို့ ကျတဲ့မျက်ရည်ပါ။

အဘိညာဏ် ဈာန်သမာပတ်နဲ့ပြည့်စုံတဲ့ ကာဠဒေဝိလရသေ့ကြီးဟာ ဘုရားအလောင်းတော် ဖွားမြင်တာကို ကြားလို့ နန်းတော်ထဲ ကြွလာပါတယ်။ သုဒ္ဓေါဓနမင်းကြီးက သားတော်လေးကို ပြလိုက်တော့ ဘုရားဖြစ်မဲ့လက္ခဏာအရပ်ရပ်တို့နှင့် ပြည့်စုံနေလို့ သိဒ္ဓတ္ထမင်းသားလေးဟာ ဘုရားဧကန်ဖြစ်လိမ့်မယ်လို့ အနာဂတံသဉာဏ်ဖြင့်သိပြီး အားရဝမ်းသာ ပြုံးရယ်ပါတယ်။ နောက်ပြီး မင်းသား လေး ဘုရားဖြစ်ချိန် မိမိမှာ ဖူးခွင့်ရဦးမည်လောလို့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဘုရားဖြစ်ချိန်မှာ သူ့ဟာသေလွန်၍ အရူပဗြဟ္မာ့ဘုံသို့ ရောက်နေလေပြီ။ ထိုအခါ သူ့မှာ ဘုရားနှင့်လွဲရလေပြီဆိုတာ သိလိုက်ရလို့ စိတ်မကောင်းခြင်းများစွာနဲ့ ငိုပါလေပြန်တယ်။ ကာဠဒေဝိလရသေ့ကြီးကတော့ ဘုရားနှင့်လွဲလို့ ဝမ်းနည်းပြီး ကျတဲ့မျက်ရည်ပါတဲ့။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆)ရက်၊ အင်္ဂါနေ့ညက တော့ ကျွန်ုပ်ကိုယ်တိုင် မျက်ရည်ကျခဲ့ပါတယ်။ ညပိုင်း တရားထိုင်ပြီးတော့ သမ္မတရွေးကောက်ပွဲသတင်း ကြည့် မိပါတယ်။ ကြည့်ပြီး မကြာခင် ၁၅-မိနစ်လောက်မှာ မျက်စိစပ်လာပါတယ်။ နောက်တော့ မျက်လုံးပူပြီး မျက်ရည်များပါ ကျလာပါတယ်။ ဒါနဲ့ ရိုးရိုးမျက်စိ ခြောက်လို့ ဖြစ်တယ်ထင်ပြီး မျက်စဉ်းလေးခပ်ကာ သတင်းဆက်ကြည့်ပြန် ပါတယ်။ ကြာကြာ မကြည့်နိုင်ပါ။ မျက်ရည်ကျလာပြန်ပါတယ်။ နောက်တော့ မကြည့် တချက် ကြည့်တချက်နဲ့ အနိုင်အရှုံးရောက်မှဘဲ ပိတ်ပြီး အိပ်လိုက်ပါတယ်။ ဒိမတိုင်ခင် သုံးရက်လောက်ကတော့ ဘယ်ဘက် နားနောက်ကအကြော နာတာရှိပါတယ်။ တခါတလေ အထက်ကိုတက်ပြီး ခေါင်းဦးရေ အောက်ကနေ သစ်မြစ်လိုဖြာပြီး နာတတ်တယ်။ တခါတလေ နားခေါင်းထဲအတိုင်း အတွင်းဘက် စူးဝင်ကာ ဦးနှောက်ထဲအထိ နာတတ်တယ်။ ဒါက ပထမပိုင်း စဖြစ်တဲ့ လက္ခဏာတွေပါ။

နောက်နေ့(နိုဝင်ဘာ ရ-ရက်နေ့)မနက်မှာတော့ ဘုရားဝတ်ကိုတောင် ဆုံးအောင်မတက်နိုင်တော့ပါဘူး။ နားနောက်က နာတာ တော်တော်လေး ဆိုးလာလို့ ဘုရားဝတ်တက်ရင်း တစ်ဝက်လောက်မှာ အခန်းပြန်ပြီး နားနေရပါတယ်။ အာရုံဆွမ်းစားတော့ ဘယ်ဘက် အပေါ်နှုတ်ခမ်းက ရော့တော့တော့နဲ့ စားရင် ဟင်းရေကို စုပ်လို့မရဘူး။ ပြန်ထွက်ချင်တယ်။ ဒါနဲ့ မသင်ကာလို့ ကျောင်းပြန်ရောက်တော့ မှန်ရှေ့မှာ ပါးစပ်ကို လေမှုတ်ကြည့်တော့……….။ ဟုတ်ပါတယ်…..bell’s polsy ဖြစ်နေတာပါ။ ဒါကြောင့် ဆရာဝန်ကို ချက်ချင်းခေါ်ပြီး အပွိင့်မန့် လုပ်၊ သူချိန်းတဲ့ မနက် ၉-နာရီ ၁၅ မိနစ်မှာ သွားတွေ့။ စစ်ဆေးပြီး ဆေးများပေးလိုက်ပါတယ်။ အခု ဆေးသောက်လျက်ပါ။ နားနောက်က နာတာတော့ သက်သာသွားပါပြီ။ စားသောက်တဲ့အခါမှာတော့ ဘယ်ဘက်အပေါ်နှုတ်ခမ်း မလုံတဲ့အတွက် အတော့်ကို ကသိကအောက် ဖြစ်လှပါတယ်။ မျက်လုံးကတော့ မှိတ်ရင် အနည်းငယ်ပွင့်နေသေးတဲ့အတွက် မျက်စိ ခြောက်ပြီး မျက်ရည်ကျကျနေလို့ မျက်လုံးကို အုပ်ထားရပါသေးတယ်။ တစ်ပါတ်နှစ်ပါတ်အတွင်း ပျောက်ပါလိမ့်မယ်လို့တော့ ဆရာဝန်က ပြောပါတယ်။ ကျွန်ုပ်ကျတဲ့မျက်ရည်ကတော့ bell’s polsy ရောဂါကြောင့် ကျတဲ့မျက်ရည်လို့ ဆိုပါရစေတော့။

အင်း…..မျက်ရည်တွေကျပြီ ဆိုမှဖြင့် ငါ့မျက်ရည် ဘာကြောင့်ကျသလဲဆိုတာ ဆင်ခြင်မိဖို့ လိုလာပါတယ်။ သောကတွေ လောဘတွေ အပူဗျာပါဒတွေကြောင့် ကျတဲ့မျက်ရည်တွေကတော့ ကျွန်ုပ်တို့သံသရာကို ရှည်စေဖို့ဖြစ်လို့ မကောင်းဘူးပြောရမှာပါ။ တရားကြောင့် ကျတဲ့မျက်ရည်မှသာ အငိုတိတ်ရာ မျက်ရည်တွေလုံးဝ ခမ်းခြောက်ရာ အမတာနိဗ္ဗာန်နန်းဆီကို လှမ်းချီနိုင်မှာမို့ တရားကြောင့် ကျတဲ့မျက်ရည်များမှသာ ဆေးပေါင်းခမည် ဖြစ်ပါကြောင်း အကြံကောင်းပေးအပ်ပါတယ်။

မျက်ရည်ခမ်းခြောက်၊ နိဗ္ဗာန်ပေါက်၊ အမြန်ရောက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)