ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး

November 16, 2012

ငြိမ်းချမ်းအေး
နိုဝင်ဘာ ၁၆၊ ၂၀၁၂

“ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” တေးစု က စပြီး သူနေထိုင်အသက်ရှင်ခဲ့တဲ့ ကမ္ဘာမြေကြီးအတွက် ငြိမ်းချမ်းတဲ့ သီချင်းသံစဉ်တွေနဲ့ ဆယ်စုနှစ် လေးစု တိုင် သီချင်းတေးစုပေါင်းများစွာဖြင့် ပြန်လည်ကျေးဇူးဆပ်ခဲ့တဲ့ ဂီတပညာရှင် ခင်မောင်တိုး တယောက် ခု သူချစ်တဲ့ ကမ္ဘာမြေကြီး၊ မိသားစု၊ လူသားတွေနဲ့ ဂီတသံစဉ်သီချင်းတွေ ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားခဲ့ပါပြီ…။  ကျနော်တို့ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ကမ္ဘာဟာ မပြည့်စုံမှုတွေ၊ အလိုမကျမှုတွေ၊ တုန့်နှောင်မှုတွေ၊ လွတ်လပ်မှု ကို ချင်ခြင်းတပ်မက်မှုတွေနဲ့ ပြည့်နေပေမယ့် ခင်မောင်တိုး နဲ့ မဇ္စျိမလှိုင်းအုပ်စု ရဲ့ လေးနက်တဲ့ ဒဿနအတွေးအခေါ်တွေပါတဲ့ သီချင်းစာသားတွေ နဲ့ တည်ငြိမ်အေးဆေးတဲ့ သံစဉ်တွေက ကျနော်တို့ရဲ့ ဒီ အကျည်းတန် ကမ္ဘာလေးကို ပိုမိုလှပ အဓိပ္ပာယ်ရှိစေခဲ့ရုံသာမက ဘဝအမော တိုက်ပွဲတွေကို ရင်ဆိုင်နိုင်ဖို့ ရုပ်ဝထ္တုအားဆေးတွေထက်ပိုတဲ့ စိတ္တ၊ ဝိညာဉ်အာဟာရဖြည့်အားဆေးတွေ ဖြစ်စေခဲ့ပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိစေခဲ့ပါတယ်။ သူလိုလူတယောက် ဆုံးတာဟာ ကျနော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ မျိုးဆက်တဆက် ဆုံးတာဖြစ်ပါတယ်။ ကျနော်တို့ ရင်ဘတ်နှလုံးသားကို ရှေ့ကမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ကျောက်ဆောင်တံတိုင်းခံတပ်ကြီး ပြိုလဲတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့သီချင်းသံစဉ်တွေကတဆင့် ပေးခဲ့တဲ့ စိတ္တသတ္တိ၊ အတွေးအခေါ်၊ လွတ်လပ်ခြင်း၊ ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းရေး သဘောထားတွေကတော့ ကျနော်တို့နဲ့အတူ အမြဲ ရှင်သန်ထင်ကျန်နေဦးမှာ ဖြစ်ပါတယ်။

သူ မကျန်းမမာ ဖြစ်ပြီး နောက်ဆုံးအချိန်ရောက်နေပြီဆိုတဲ့ သတင်းကို ထုံးစံအတိုင်း သတင်းဆိုးအများစု ကို သယ်ဆောင်လာလေ့ရှိတဲ့ “မုခစာအုပ်” ဆိုတဲ့ အရပ်ဒေသကနေ စကြားခဲ့ရတယ်။ အဲ့အရပ်ဒေသက မိတ်ဆွေ၊ သူငယ်ချင်းဟောင်းတွေ နဲ့ ပြန်လည်တွေ့ဆုံခွင့် နဲ့ စိတ်တူ၊ ကိုယ်တူ မိတ်ဆွေအသစ်တချို့ နဲ့ ဆုံဆည်းခွင့်၊ ခံစားချက်၊ ခံယူချက်၊ သဘောထားတွေ ဝေမျှခွင့်၊ စားသုံးခွင့် ရလို့ ကျေနပ်စရာ ကမ္ဘာငယ်လေးတခု ဖြစ်ပေမယ့် အမြဲလိုလိုကတော့ နေ့စဉ် တက်လာတဲ့  တိုင်းပြည်ရဲ့ သတင်းဆိုးတွေ၊ အနိဋ္ဌာရုံတွေ၊ အလိုမကျစရာ အသိမိုက်မဲမှုတွေ နဲ့ ဝေဆာပြည့်နှက်နေတတ်တဲ့အပြင် တခါတရံ အခုလို ကိုယ်ချစ်ခင်မြတ်နိုး၊ လေးစားအားကျ ရတဲ့..၊ ကိုယ့်ရဲ့ နှလုံးသားအာဟာရ ချင်ခြင်းတွေကို တသက်လုံးလိုလို ဖြည့်ဆွက်ပေးခဲ့တဲ့ ခင်မောင်တိုးလို အနုပညာရှင်တွေနဲ့ ဆက်စပ်တဲ့ မကောင်းသတင်းတွေကြောင့် စိတ်နှလုံး တုန်လှုပ်ခြောက်ခြားဖွယ် အရပ်လေးလည်း တပြိုင်တည်း ဖြစ်နေပြန်ပါတယ်။ သိပ်မကြာသေးခင်ကတင် တနိုင်ငံထဲ နေပေမယ့် တွေ့ဆုံရင်းနှီးခွင့် မရခဲ့ဘဲ အဝေးက လေးစားခဲ့ရဖူးတဲ့ ဂီတပညာရှင် ကိုဂျယ်ရီ (မန္တလေး “Excitement”၊ “The Shells” ရဲ့ လိဒ် ဂစ်တာသမား၊ ဗမာ့ကိုယ်ပိုင်သံစဉ် နာမည်ကြီး ခေတ်ပေါ်တေးသီချင်းပေါင်းများစွာကို သံစဉ်ရှာဖွေအသက်သွင်းပေးခဲ့သူ) နာရေး သတင်းကို အဲ့ဒေသလေးကနေတဆင့် သိခွင့်ရခဲ့လို့ စိတ်ထိခိုက်ကြေကွဲခဲ့ရပါသေးတယ်။ ခုတခါ ဗမာပြည်ရဲ့၊ ကိုယ့်ဘဝရဲ့ အလင်းလက်ဆုံး ဂီတ ကြယ်ပွင့်ကြီး တပွင့် ကြွေလွင့်တဲ့ သတင်းဆိုး ထပ်ကြားလိုက်ရပါတယ်။

ခင်မောင်တိုး ရဲ့ နောက်ဆုံးအချိန်မှာ မိသားစုအတွက်၊ ချစ်ခင်သူတွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ရတာက မျက်မှေက်ခေတ် ဗမာ့လူ့အဖွဲ့အစည်း (အထူးသဖြင့် ဗမာအွန်လိုင်းသုံးစွဲသူများအကြား) မှာ ကူးစက်မြန်ရောဂါ သဖွယ် ပျံ့နှံ့နေတဲ့ ရောဂါဆိုးတမျိုးဖြစ်တဲ့ မမှန်သတင်းတွေကို သေချာမစီစစ်၊ ကျင့်ဝတ် စည်းကမ်းတွေကို မစဉ်းစားမလိုက်နာဘဲ၊ ပုဂ္ဂလိက လွတ်လပ်မှုနဲ့အခွင့်အရေး ကို စာနာမထောက်ထား မငဲ့ညှာဘဲ “ခင်မောင်တိုးဆုံးပြီ”ဆိုတဲ့ သတင်းတွေကို နာမည်ကြီး (Celebrity) ဆိုသူများကအစ ဖြန့်ကြတာပါပဲ။ နောက်ဆုံး မိသားစုဝင်နဲ့ ဂီတရောင်းရင်းတွေက ခံစားချက်ပေါက်ကွဲပြီး ဒီလို မလုပ်ဖို့ တောင်းပန်ယူရတဲ့အထိ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရပါတယ်။ “ဖောင်ပိတ်ချိန်အမှီ သတင်းထည့်ရမှာ ဆုံးမဆုံးနိုင်သေးဘူး” ဆိုပြီး လူတွေရဲ့ စရိုက်ကို နာနာကြည်းကြဉ်းနဲ့ သရော်လှောင်လိုက်တဲ့ ကာတွန်းတကွက်တောင် ထွက်လာခဲ့ပါသေးတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လေ့လာသင်ယူ ကျင့်ကြံစရာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ အလေ့အကျင့်ကောင်းတွေ အများကြီး လိုနေသေးတယ်ဆိုတာ ခင်မောင်တိုးရဲ့ နောက်ဆုံးအချိန်က သက်သေထပ်ပြုလိုက်ပြန်ပါတယ်။

စိတ်ချရတဲ့ မိတ်ဆွေတယောက်က “တကယ်ဆုံးပြီ” ဆိုတဲ့ သတင်းကို မနေ့က အွန်လိုင်းနဲ့ပဲ လှမ်းအတည်ပြုတဲ့အချိန်မှာ လွန်ခဲ့တဲ့ ရက်တွေကတည်းက ရောဂါ အခြေအနေမှန်ကို သိထားခဲ့တော့ အံ့သြမှု မဖြစ်ခဲ့ရပါ။ ဒါပေမယ့် စိတ်ထိခိုက် ကြေကွယ်မှုကတော့ တားမရနိုင်ခဲ့ပါ။ ဒီသတင်းနဲ့အတူ နောက်ဆက်တွဲ ဆက်တိုက် တက်လာတော့မယ် ကိုယ်နဲ့ ရင်ဘတ်ချင်းတူ မိတ်ဆွေတချို့ရဲ့ ကြေကွဲမှုဝမ်းနည်းစကားတွေ၊ ဓာတ်ပုံ တွေကို ရင်မဆိုင်ချင်တာရယ်၊ ခင်မောင်တိုးအတွက် ဝမ်းနည်ခြင်း အထိမ်းအမှတ် ပြုလုပ်ချင်တာရယ် ကြောင့် မနေ့က တနေ့လုံး အွန်လိုင်းလောက နဲ့ အဆက်အသွယ်ဖြတ်၊ အင်္ဂလိပ်ဘန်းစကားနဲ့ဆိုရရင်တော့ ခေတ်ဆက်သွယ်ရေးနည်းပညာအားလုံးနဲ့ အဆက်အသွယ်ဖြတ် “Airplane Mode” လုပ်နေလိုက်ရပါတယ်။

ဒီလို ရုပ်ကိုတားဆီးလို့ ရနိုင်ပေမယ့် စိတ်ဆိုတာကို ဖြတ်နိုင်အောင် ပါရမီ မရင့်သန်တော့ ခင်မောင်တိုး နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ခေါင်းထဲမှာ ပြည့်နှက်လာပါတယ်။ ရင်ဘက်ထဲမှာ ဖိတ်လျှံလာပါတယ်။

သူ့အကြောင်းတွေလို့ ဆိုရလောက်အောင်က တကယ်တော့ သူနဲ့ ကိုယ်နဲ့ ကြား ပုဂ္ဂိုလ်ရေးး ခင်မင်မှု ရှိခဲ့ဖူးတာမဟုတ်ဘူး။ သူ့ကို ချစ်ခင်အားပေးတဲ့ အများ ပရိတ်သတ် လိုပဲ သူ့ကို သူ့ရဲ့ စင်တင်တေးဂီတပွဲတွေမှာ တွေ့ဖူး၊ ဆုံဖူး၊ စကားအနည်းငယ်ပြောဖူး၊ အော်တိုလက်မှတ်တောင်းဖူး၊ ဓာတ်ပုံတွဲ ရိုက်ဖူး စတဲ့ မပြောပလောက်တဲ့ အဖြစ်အပျက် တွေပဲ ရှိခဲ့တယ်။ ဒါပေမယ့် သူ့သီချင်းတွေကတော့ ကျနော့်အတွက် ဘဝတခု ဖြစ်ခဲ့ပါတယ်။ သူရဲ့ တေးသီချင်းစာအုပ်တွေဟာ ငယ်စဉ်ဘဝ သွားလေရာမှာ ပါတဲ့ ခရီးဆောင် အဖော်ဖြစ်ခဲ့ပါတယ်။ ဆိုနီဝေါ့လ်မင် ကက်ဆက် ကလေး (Sony Walkman Cassette) ပိုင်ဆိုင်လာရတော့လည်း သူ့ရဲ့ တေးစီးရီး ကက်ဆက်ခွေ တချို့ဟာ အမြဲတမ်း ကိုယ်နဲ့ မကွာ ရှိနေတဲ့ တကိုယ်ရည် အသုံးအဆာင်ပစ္စည်းလေးတွေ ဖြစ်ခဲ့ပါတယ်။ သူ့တေးသီချင်းတွေက ပေးတဲ့ အမြင်၊ ခံယူချက် နဲ့ သဘော တွေဟာ ဘဝတခုလုံး ကျင့်ကြံအားထုတ်စရာ တရားတွေ ဖြစ်ခဲ့ပါတယ်။ သူ့တေးသီချင်းတွေက ပေးတဲ့ အားမာန်တွေဟာ ဘဝကို ရင်ဆိုင်နိုင်ဖို့အတွက် သတ္တိတွေ ဖြစ်ခဲ့ရပါတယ်။

ဒီလို သူ့ကို ဘဝတခုလုံးစာ ရင်းနှီးခဲ့ရတဲ့အတွက် သူ့အကြောင်း၊ အထူးသဖြင့် သူဖန်တီး အသက်သွင်းခဲ့တဲ့ သီချင်းတွေ အကြောင်းကို စဉ်းစာမိလာပါတယ်။

သူ့သီချင်းတွေ၊ သူရဲ့ သီချင်းတေးစုတွေအကြောင်းပြောရင် သူကိုယ်တိုင်လည်း သူ့ဂီတ သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူချင်တဲ့ ကိုယ်ပိုင်သံစဉ် စစ်စစ် သီချင်းများနဲ့ စုစည်းထားတဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၇၉)” ကို စပြောရပါ့မယ်။ ဒီအခွေကို ဆယ်နှစ်လောက် နောက်ကျပြီးမှ ခင်မောင်တိုးရဲ့ အခွေဟောင်း အနေနဲ့ ရှာဖွေ ဝယ်ယူနားထောင်ခဲ့ရပါတယ်။ စတင်နားထောင်ဖူးတဲ့ အချိန်မှာ ခိုင်ထူး ရဲ့ “အဉ္ဇလီ” ကို ရင်ထဲစွဲနေပြီး ဖြစ်ပေမယ့် ခင်မောင်တိုးရဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ” ဟာ ရင်ထဲကို ပိုလို့ စူးဝင် စွဲငြိစေခဲ့ပါတယ်။ အဲ့တေးစုထဲကပဲ “စိမ်းရက်လေခြင်း” ကို နောက်ပိုင်း လေးဖြူ ပြန်လည်ခံစားသီဆိုခဲ့ဖူးပါတယ်။ လေးဖြူဗားရှင်းရဲ့ ကြိုစားမှု နဲ့ ဂီတ ဖန်တီမှုတွေကို လေးစားအသိအမှတ်ပြုပေမယ့် ကျနော့်အတွက်တော့ ခင်မောင်တိုးရဲ့ “စိမ်းရက်လေခြင်း” သာ ရင်ထဲ အစဉ်စွဲဖို့ ဖြစ်ခဲ့ရပါတယ်။

သူကိုယ်တိုင် ရေး/ဆို ခဲ့တဲ့ “ဝိုင်းရဲ့ဆည်းဆာ” သီချင်းကို ခေါင်းစီးတေးအနေနဲ့ တင်ခဲ့တဲ့ “ဝိုင်းရဲ့ဆည်းဆာ (၁၉၈၀)” တေးစုဟာလည်း သူ့ကို ဂီတဘဝအောင်မြင်မှု နဲ့ ခြေလှမ်းတွေကို စတင် ကျယ်ပြန့်စေခဲ့တဲ့ ထူးခြားတဲ့ တေးစုဖြစ်ခဲ့ပါတယ်။ “ဝိုင်းရဲ့ဆည်းဆာ” သီချင်း ကတော့ အလှဂုဏ်မောက်နေတဲ့ မိန်းကလေး တယောက် အကြောင်းနဲ့ သင်္ခါရ သဘောကို ရေးဖွဲခဲ့တဲ့ သီချင်းကောင်းလေးပေါ့။ “ဝိုင်းရဲ့ဆည်းဆာ (၂)” ကိုတော့ ဂီတညီအကို ဖြစ်သူ ကိုမောင်မောင် နဲ့ တွဲဖက် ရေးသားခဲ့ပါတယ်။ အဲ့တေးစုထဲကပဲ ခင်မောင်တိုးနဲ့ အမြဲမတွဲမခွဲ လက်တွဲညီခဲ့တဲ့ ကိုနေဝင်း ၊ ကိုမောင်မောင် တို့ နဲ့ တွဲ ရေးသားခဲ့တဲ့ “ခေါင်းညိတ်လျှာလွှဲ” သီချင်းလေးဟာလည်း စာသား၊ သံစဉ် ထူးခြားလှတဲ့ သီချင်းကောင်းလေးပါပဲ။ သူနဲ့ ကိုနေဝင်း တွဲရေးခဲ့တဲ့ “ပြင်ဆင်နိုင်ခွင့် မင်းအတွက် ဘယ်နေ့လဲ” နဲ့ “အသည်းမြေကို အရင်းတည်သောအချစ်” သီချင်းနှစ်ပုဒ် ကလည်း ချစ်ခြင်းတရား နဲ့ စိတ်ဓာတ်အားမာန် ပြည့်စေတဲ့ သီချင်းလေးတွေဖြစ်ခဲ့ပါတယ်။ ထူးထူးခြားခြား စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းကို ဆိုခဲ့တဲ့ “ဒီရင်ခွင်ဟာမင်းအတွက် အလုံဆုံးပဲ ” သီချင်းလေးဟာလည်း ခင်မောင်တိုး ချစ်သူတွေကြားမှာ အမြဲ အမှတ်ရနေမယ့် သီချင်းလေးပါပဲ။ သူငယ်ချင်းဖြစ်သူ တင်မောင်လှိုင်ရေးတဲ့ “ရတနာသူ” ကတော့ ဘယ်ခေတ်မှာမဆို လူငယ်ကြားရေပန်းစားလောက်အောင် စာသား၊ သံစဉ် နဲ့ ဆိုဟန်ကောင်းခဲ့ပါတယ်။ မိဘမေတ္တာဖွဲ့ ကိုမောင်မောင်ရေး “ကြိုးမဲ့ချည်တိုင်” နဲ့ အဆောင်ညတွေသီချင်းဆိုရင် မပါမဖြစ် ပါရတဲ့ ကိုနေဝင်းရေး “ချစ်သူတရေးနိုး” သီချင်းတွေဟာလည်း ခင်မောင်တိုးရဲ့ အသံဝါဝါကြီးနဲ့ လိုက်ဖက်လှပြီး ကြေကွဲမှု ရသကို ပေးနိုင်ခဲ့ပါတယ်။ ကိုနေဝင်း၊ ကိုရဲလွင်တို့ရဲ့ နာမည်ကျော် တေးစာသားတွေကို ခင်မောင်တိုးရဲ့ တည်ငြိမ်အေးဆေး အားမန်ပြည့်တဲ့ အသံ၊ ဆိုဟန် နဲ့ ပေါင်းစပ်ထားတဲ့ “ခွန်အားဖြည့် မိငယ်” နဲ့ “လင်းပါစေ ရှင်နေမင်း” သီချင်းနှစ်ပုဒ်ကတော့ ခေတ်တိုင်းအတွက်၊ လူတိုင်းအတွက် ဘဝတိုက်ပွဲကို ရင်ဆိုင်နိုင်ဖို့ရာ အားဆေးကောင်းတွေအဖြစ် ဆက်လက် ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။

ဒီသီချင်းနှစ်ပုဒ် ခေတ်မရွေးဖူးဆိုတာကို ခုနောက်ဆုံး ထွက်ခဲ့တဲ့ သူ့ရဲ့ “ခွန်အားဖြည့် မိငယ်” တေးစုမှာ တခြား သီချင်းကောင်းများစွာနဲ့အတူ အဲ့နှစ်ပုဒ်လည်း ပြန်လည်ပါဝင်ခဲ့ပြီး အောင်မြင်မှု ရခဲ့တာက သက်သေပါပဲ။ အဲ့ “ခွန်အားဖြည့် မိငယ်(၂၀၁၂) ” အခွေဟာလည်း သူနဲ့ တသက်မခွဲ လက်တွဲခဲ့တဲ့အထဲက ကျန်ရှိနေတဲ့ ကိုရဲလွင်၊ ဇော်မျိုးထွဋ်၊ တွတ်ကီ၊ ဂျေမောင်မောင်တို့ရဲ့ ဝိုင်းဝန်းပူးပေါင်းကြိုးစားမှုနဲ့အတူ အမြဲအမှတ်တရ ဖြစ်ရတော့မယ် အခွေ ဖြစ်သွားပါတော့တယ်။

ခင်မောင်တိုး ရဲ့ ဂီတဘဝကို အထွတ်အထိပ် ရောက်စေခဲ့တဲ့ “မဟာဆန်သူ (၁၉၈၄)” တေးစု ကတော့ အမြဲဂန္တဝင် ထင်ကျန်နေမယ့် သီချင်းကောင်းမြောက်များစွာနဲ့ လှလှပပ ခန်းခန်းနားနား တကယ့် မဟာဆန်ဆန် စုဖွဲ့ထားတဲ့ တေးစုကောင်းတခု ဖြစ်ပါတယ်။ နှလုံးသွေးချင်းနီးလှတဲ့ ဂီတရဲဘော်ရဲဘက်များဖြစ်ကြတဲ့ ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် သုံးယောက်ပေါင်း ဖန်တီးထားတဲ့ ခေါင်းစီးတေး “မဟာဆန်သူ”ကို ခင်မောင်တိုးရဲ့ မဟာဆန်လှတဲ့ အသံနဲ့ ဆိုဟန် ပေါင်းစပ်လိုက်တော့ တပြည်လုံးမှာ လျှမ်းလျှမ်းတောက်တောက် အောင်မြင်မှု ရခဲ့ပါတယ်။ အဲ့တေးစုရဲ့ ဒုတိယ တပုဒ်ဖြစ်တဲ့ သူကိုယ်တိုင်ရယ်၊ ကိုနေဝင်းရယ်၊ ကိုမောင်မောင်ရယ် ပေါင်းရေးခဲ့တဲ့ “ထားရစ်တော့အလွမ်း” သီချင်းလေးဟာလည်း ကျနော့် လူငယ်ဘဝညတွေမှာ စိုးမိုးခဲ့ဖူးပါတယ်။ သူနဲ့ ကိုနေဝင်း ပူးပေါင်းရေးသားခဲ့တဲ့ “မကူးနဲ့ငါး” သီချင်းဟာလည်း  လောကသဘော၊ ဘဝအဘိဓမ္မာ အဖြစ်နဲ့ သင်ယူခဲ့ရပါတယ်။ တရားသဘော၊ ဒဿနတွေ ပြည့်နှက်နေတဲ့အပြင် ဗမာဆန်လှတဲ့ ကိုမောင်မောင်ရဲ့ တေးစာသားဖန်တီးဟန် ၊ ခင်မောင်တိုးရဲ့ ဆိုဟန် ပေါင်းစပ်ထားတဲ့ “ဆည်းလည်းလှိုက်သံ” နဲ့ “ပြန်မလှည့်တော့ဘူး” တေးနှစ်ပုဒ်ဟာလည်း ဂန္တဝင် (Classic) ဆိုတာထက် ပို အဓိပ္ပာယ်ပြည့်ဝ ကမ္ဘာဆုံးအထိ ထင်ကျန်နေဦးမှာဖြစ်ပါတယ်။ နောင် ရုပ်ရှင် နဲ့ အတူ နာမည်ပိုကြီးခဲ့ရတဲ့ ကိုမောင်မောင်ရေး “ဒဏ္ဍာရီ” နဲ့ ဂီတသံစဉ်၊ နောက်ခံတေးဂီတ၊ ဆိုဟန် တည်ထွင်ဆန်းသစ်လှတဲ့ ကိုရဲလွင် ရေး “ဒွိဟစိတ်နဲ့သုံညမှာ” သီချင်းတွေဟာလည်း “မဟာဆန်သူ (၁၉၈၄)” တေးစုမှာ ထူးခြားမှုတွေအဖြစ် မှတ်တမ်းတင်ရပါမယ်။

ကျနော့်အတွက်၊ ကျနော်နဲ့ ခေတ်ပြိုင် လူငယ်တွေအတွက် ဘဝတလျှောက်လုံးစာ ကျင့်ကြံအားထုတ်စရာ သင်ခန်းစာ နဲ့ ဘဝအမြင်၊ ခံယူချက်တွေကို မွေးဖွားပေးခဲ့တဲ့ ခင်မောင်တိုးရဲ့ တေးစုကတော့ “ကြိုးကြာသံ (၁၉၈၅)” ဖြစ်ပါတယ်။ ဒီတေးစုဟာ “ခင်မောင်တိုး” နဲ့ “မဇ္ဇျိမလှိုင်း” အုပ်စုဝင်တွေ ကျနော့်ရဲ့ ဂီတဘုရား၊ ဘဝမှာ ကိုးကွယ်ဆည်းကပ်စရာ ဒုတိယဘုရားတွေ အဖြစ် ဖြစ်စေခဲ့တဲ့ တေးစုလည်း ဖြစ်ပါတယ်။ “ကြိုးကြာသံ” တေးစု ရဲ့ ပထမဦးဆုံး သီချင်းဖြစ်တဲ့ သူနဲ့ ကိုမောင်မောင် ပူးပေါင်းရေးခဲ့တဲ့ “လေပြေညင်း” သီချင်းလေးဟာ တီးလုံး အင်ထရို အဝင်က  စပြီး ကျနော့်ရဲ့ ရင်နှလုံးကို ဆွဲကိုင်လှုပ်စေခဲ့ပါတယ်။ သီချင်းတပုဒ်လုံးမှာ စာသား၊ သံစဉ်၊ ဆိုဟန်နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ တီးခတ်ဟန်တွေဟာ ကြောက်ခမန်းလိလိ ကောင်းလွန်းတော့ ဘဝမှာ အကြိမ်တထောင်ထက်မနည်း နားထောင်ဖူးတဲ့ လက်ချိုးရည်လို့ရတဲ့ ရှားပါးသီချင်း နဲ့ အခွေ ဖြစ်ခဲ့ရပါတယ်။ ဒုတိယ အပုဒ် ခေါင်းစီးတေး “ကြိုးကြာသံ” ကတော့ “မောင်ငြိမ်းချမ်းရေ.. မင်းရဲ့ဘဝမှာ ဒီလို နေပြီး..၊ ဒီလို သေတော့ဟေ့” လို့ ကက်ဆက်တိတ်ခွေကြိုးထဲကနေ လှမ်း ဆိုလိုက်သလိုပါပဲ။ “ကြိုးကြာသံ” သီချင်းနဲ့ပတ်သက်လို့ ကိုမောင်မောင် နဲ့ ခင်မောင်တိုး ရဲ့ ပရိသတ်တွေ၊ စာရေးဆရာတွေက အမျိုးမျိုးချီးမွမ်းခန်း ဖွင့်ခဲ့ဖူးကြပါတယ်။ ကျနော်ကတော့ အထက်မှာ ရေးခဲ့တဲ့ စကားစုကလေးတခု နဲ့ပဲ သီချင်း၊ စာသား နဲ့ ဆိုဟန် ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုချင်ပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလ တခုမှာ ကျနော့် ထက်လေးနှစ်ကြီးသူ အကိုဖြစ်သူက ဘီဘီစီ ဗမာပိုင်း သတင်းဌာန၊ လူငယ့်ရေးရာအစီအစဉ် တခုရဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗမာလူငယ်တွေရဲ့ ဘဝ နဲ့ အသိ ကို ပေးတဲ့၊ ကိုယ်စားပြုတဲ့ သီချင်းတွေအကြောင်းပြောတော့ ခင်မောင်တိုးရဲ့ “ကြိုးကြာသံ” သီချင်းကို ထည့်သွင်းပြောဆို ရှင်းပြခဲ့ဖူးတာလည်း အမှတ်ရမိပါတယ်။ ဒီလောက်ဆိုရင် “ကြိုးကြာသံ” ရဲ့ အား နဲ့ ထိရောက်မှု စက်ဝန်း အတိမ်အနက်အကြောင်း  သီချင်းကို မခံစားဖူးတဲ့ ဒီခေတ်လူငယ်များနဲ့ နောင်ခေတ်မှာ မွေးဖွားလာမယ့် လူငယ်များ ခံစားနားလည်နိုင်မယ်လို့ ယူဆပါတယ်။

“ကြိုးကြာသံ” တေးစုထဲကပဲ ခင်မောင်တိုး နဲ့ ကိုမောင်မောင် ပူးတွဲရေးခဲ့တဲ့ “ညီစေမင်း” ၊ ခင်မောင်တိုး နဲ့ ကိုနေဝင်း ပူးတွဲရေးခဲ့တဲ့ “အမုန်းမိတ်ဆွေ”၊ ကိုမောင်မောင် ရဲ့ “ခန္ဓာဝန်” ၊ “ပန်းတို့ပွင့်တယ်လို့”၊ နိုင်မင်း ရဲ့ “အတွေးပန်းချီ၊ ကိုရဲလွင် (မောင်သစ်မင်း ကဗျာ) ရဲ့ “အချစ်မဲ့ခရီးသည်” စတဲ့ သီချင်းတွေနဲ့ ခင်မောင်တိုးရဲ့ ပြောင်မြောက်လှတဲ့ ဆိုဟန်တွေကလည်း ဗမာဂီတကိုယ်ပိုင်သံစဉ် တေးဂီတ သမိုင်းမှာ အမြဲ မှတ်တမ်းဝင်ရမယ့် သီချင်းကောင်းတွေ ဖြစ်ခဲ့ပါတယ်။

“ကြိုးကြာသံ” ရဲ့ အောင်မြင်မှုနဲ့အတူ ဆက်တိုက် ထွက်ရှိလာခဲ့တဲ့ တေးစုကတော့ ခင်မောင်တိုးရဲ့ ကိုယ်ပိုင် သီချင်းဟောင်း၊ သီချင်းကောင်းအများစုကို “မဇ္ဇျိမလှိုင်း” ရဲ့ တီးဟန် အသစ် ၊ ဂီတစီစဉ်ဖန်တီးမှု အသစ်၊ ခင်မောင်တိုးရဲ့ ဆိုဟန် အသစ် နဲ့ New Version ထွက်လာခဲ့တဲ့ “မျက်သွယ် (၁၉၈၆)” ဖြစ်ပါတယ်။ တီးဟန်၊ ဆိုဟန် ကောင်းလွန်းတော့ ဒီအခွေကို ခင်မောင်တိုးရဲ့ အကောင်းဆုံးအခွေရယ်လို့တောင် လေ့လာသူ၊ ဝါသနာရှင်များအကြားသတ်မှတ်လေ့ရှိပါတယ်။ သီချင်းသစ်တပုဒ်ဖြစ်တဲ့ ကိုမောင်မောင်ရဲ့ “နှင်းဆီပန်သူ” မှာ ကိုမောင်မောင် ဖန်တီးစီစဉ်တဲ့ တေးသံစဉ် စာသား၊ ခင်မောင်တိုးရဲ့ ဆိုဟန် နဲ့ “မဇ္ဇျိမလှိုင်း” ရဲ့ တီးခတ်ဟန်ဟာ နောင် ဒီလိုဖန်တီးမှု၊ တီးဟန်၊ ဆိုဟန်မျိုး နောင်ဘယ်တော့မှ မရတော့ဘူးလို့တောင် လူတချို့ဆိုလေ့ရှိပါတယ်။ အဲ့တေးစုထဲက သူတို့ သူငယ်ချင်းတသိုက် ကျောင်းသားဘဝ ခရမ်းပြာညတွေမှာ အမြဲသီဆိုခဲ့ကြတဲ့ ကိုရဲလွင်ရဲ့ နာမည်ကျော် “သဇင်ည” နဲ့  တင်မောင်လှိုင် ရဲ “ညှို့သူ” သီချင်းနှစ်ပုဒ်ကို ခင်မောင်တိုး နဲ့ အဖွဲ့ အသစ်ပြန်လည် ခံစားဖန်တီး သီဆို မှုဟာ ကျနော့်အတွက် အမြဲ နားထောင် ခံစားလွမ်းမောရတဲ့ သီချင်းတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ထဲက ကိုမောင်မောင်ရဲ့ “စောင်းကြိုးရှိုက်သံ” အသစ်ဗားရှင်း ကလည်း အလားတူပါပဲ။

ဒီတေးစုတွေနောက် ထွက်လာခဲ့တဲ့ ရောင်စဉ်ခုနှစ်သွယ် (၁၉၈၈) တေးစုဟာလည်း ပိုမိုရင့်ကျက်လာတဲ့ ဆိုဟန်၊ တေးစာသာ၊ ဂီတ ဖန်တီးမှုတွေနဲ့ ထုံမွှမ်းလှပခမ်းနားနေပါတယ်။ အဲ့ထဲက ခင်မောင်တိုး ကိုယ်တိုင် ကိုမောင်မောင်နဲ့ ပူးတွဲ ရေးခဲ့တဲ့ “ကာရန်သီညီစေ့မယ်” အချစ်သီချင်းလှလှလေးဟာအမြဲ ခံစားနားထောင်ရတဲ့ သီချင်းလေးဖြစ်ခဲ့ပါတယ်။ ကိုမောင်မောင်ရဲ့ ကလပ်စီကယ် ဂစ်တာ အစွမ်း နဲ့ ခင်မောင်တိုး ရဲ့ တည်ငြိမ်တဲ့ ဆိုဟန် ပေါင်းစပ်ထားတဲ့ “နန်းချယ်ရီ” သီချင်းလေးဟာလည်း ဗမာ့ဂီတသမိုင်းမှာ မှတ်တိုင် တခုအဖြစ် ကျန်ရစ်နေပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ထွက်ရှိလာခဲ့တဲ့ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” တေးစုကတော့ ကိုရဲလွင် (သံစဉ်) ၊ ကိုအောင်ဝင်း (စာသား) တို့ရဲ့ နာမည်ကျော် “ဝေးခဲ့ပြီ ပန်းခရမ်းပြာ”၊ “မြက်ခင်းစိမ်းနဲ့ တဲငယ်လေး’ သီချင်းတွေနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်တည်ဆောင်နိုင်ခဲ့ပါတယ်။ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” သီချင်း ကို ခင်မောင်တိုး ဆိုဟန် ကောင်းလွန်းပြီး လူကြိုက်များလွန်းတော့ ခုဆုံးသွားရှာပြီဖြစ်တဲ့ ကိုအောင်ဝင်း တယောက်လည်း “ပန်းခရမ်းပြာ ကိုအောင်ဝင်း” ရယ်လို့ ကိုရဲလွင် (မူလ ပန်းခရမ်းပြာ သီချင်းဖန်တီးသူ) နဲ့ အတူ “ပန်းခရမ်းပြာ” နာမည်တပ် လူအများရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတော့တယ်။ အဲ့တေးစုထဲက ခင်မောင်တိုး နဲ့ ကိုနေဝင်း ပူးတွဲရေး “အချစ်ရဲ့ ဘဝမှတ်တမ်း”၊ ကိုမောင်မောင် ရဲ့ “အေးအတူပူအမျှ”၊ ခင်မောင်ပါ ရေး “ပျိုးမေတ္တာမိုး”၊ နိုင်မင်းရေး “ဝေဒနာညနေခင်း” သီချင်းတွေဟာလည်း လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။

ဗမာ့ ကိုယ်ပိုင်သံစဉ် ဂီတ လောက ရဲ့ ထိပ်ထိပ်ကြဲ ဘုရင် နှစ်ပါး ဖြစ်တဲ့ သူရယ်၊ စိုင်းထီးဆိုင် ရယ် ရဲ့ စုစည်း အားထုတ်တင်ဆက်ထားတဲ့ “လေးညှို့ရှင် (၁၉၉၁)” တေးစုဟာလည်း ထူးခြားလှပြီး “ခင်မောင်တိုး” ဆိုတဲ့ “ဂီတလေးညှို့ရှင်ကြီး” ကနေ ပစ်လွှတ်လိုက်တဲ့ ဂီတသံစဉ် တေးသီချင်းတွေဟာ အဲ့ခေတ် လူငယ်ထုရဲ့ ရင်ဘတ် နှလုံးသားထဲကို စူးစူးနစ်နစ် စိုက်ဝင်ခဲ့ရပါတယ်။

သီချင်းတွေကို စံချိန်မှီ၊ အရည်အချင်းပြည့်၊ ငွေနောက်မလိုက်၊ စီးပွားမဆန်၊ အနုပညာအရည်အသွးဦးစားပေး စီစဉ်၊ ဖန်တီး လေ့ရှိတဲ့ ခင်မောင်တိုး ဟာ ၁၉၉၃ ခုနှစ်မှာတော့ ထူးထူးခြားခြား “ပန်တော်ဦး” နဲ့ “မြစ်တစ်စင်းဖြစ်တည်မှု” ဆိုပြီး တကိုယ်တော် တေးစု နှစ်ခု ဆက်တိုက် ထွက်ခဲ့ပါတယ်။ တေးစု နှစ်ခုစလုံးဟာလည်း ထွက်တဲ့ အချိန်နီး၊ မြန်ပေမယ့် အချိန်ယူ ပြင်ဆင်ထားခဲ့တဲ့ သီချင်းကောင်းတွေနဲ့ စံချိန်မှီဆိုတာထက် ပိုသာတဲ့ အရည်အသွေးကောင်း တေးစု နှစ်ခုဖြစ်ခဲ့ပါတယ်။

“ပန်တော်ဦး” ထဲမှာ ပန်းချီမောင်ဒီ ရဲ့ နာမည်ကြီး ကဗျာ “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” ကို ကိုရဲလွင် ကဗျာစာသားတလုံး မတည်းဖြတ်ဘဲ နဲ့ (၃) နှစ်ကြာ သံစဉ်သွင်းဖန်တီးခဲ့တဲ့ သီချင်းကို ခင်မောင်တိုး ဆိုလိုက်တော့ ကျနော့် အတွက် အဲ့သီချင်းဟာ မော်ဒန် ပန်းချီကားတချပ်ဖြစ်ခဲ့ပါတယ်။ ကဗျာတပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ ဘဝ၊ ဒဿန၊ အတွေးအခေါ် တခုပေးတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ခဲ့ရပါတော့တယ်။ “ဒို့အဘိုးက ကွမ်းတရိုးဝါးရင်းနဲ့ ပြောပြခဲ့ဖူး…” တဲ့.. ဘဝ အကြောင်း၊ လောကအမြင်တွေ၊ ကျင့်ဝတ် နီတိ ပုံပြင်တွေ ကို ခင်မောင်တိုးက ဂီတတေးသွား အနေနဲ့ ဟစ်ကြွေး ဆုံးမသွားသလို ခံစားခဲ့ရပါတယ်။ ကျနော် တဦးတည်းသဘောနဲ့ ခင်မောင်တိုး ရဲ့ အကောင်းဆုံး သီချင်းကို ရွေးခွင့်ရရင် အဲ့သီချင်းကို ရွေးပါမယ်။ ဘဝမှာ အကြိမ်တထောင်မက နားထောင်ဖူးတဲ့ ရှားပါးသီချင်း စာရင်းဝင်လည်း ဖြစ်ပါတယ်။ ကျနော် အဲ့သီချင်း ရဲ့ သဘော၊ သဘာဝ၊ ဒဿန နဲ့ လောကအမြင်ကို စာတွေ စရေးတတ်တဲ့ အချိန်ကစလို့ ဆောင်းပါးရှည်ရေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ ကျနော့်ရဲ့ ပုံဖော်ဖန်တီးမှုနိုင်မှု အနုပညာဝမ်းစာ က နည်းလွန်းတော့ “မြင်းထိန်း ငတာ” မဖြစ်ချင်လို့ အကြိမ်ကြိမ်လက်လျှော့ ခဲ့ရပါတယ်။

“ပန်တော်ဦး” ထဲမှာပဲ “ဘာလိုသေးလဲ” (ကိုရဲလွင် သံစဉ် ၊ မောင်သစ်မင်း ကဗျာ ၊ မူရင်း စိုးပိုင် ဆို) ကို ပြန်လည် ခံစား အသစ်ဖန်တီး သီဆိုထားတဲ့ အချစ်သီချင်း ရိုးရိုးလေး ဟာလည်း စိုးပိုင်ရဲ့ ဆိုဟန်နဲ့ အသားကျပြီးသား ဖြစ်နေတဲ့ နား နဲ့ ခံစားမှု နှလုံးကို ကျော်လွန် ဖြတ်သန်းနိုင်လောက်အောင် ခင်မောင်တိုးရဲ့ ဆိုဟန်က ကောင်းခဲ့ပါတယ်။

ဒီအခွေထဲက တခြားသီချင်းတွေရဲ့ ကောင်းမွန်မှုကို စာဖွဲ့ရရင်လည်း စာတပုဒ်စာမက ဖြစ်သွားပါမယ်။ ထူးခြားတာပဲ ဆိုရရင်တော့ ၁၉၉၃ မှာ ထွက်ခဲ့တဲ့ ဒီတေးစု နှစ်ခုလုံးမှာ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ တေးသံစဉ် စီစဉ်မှု၊ တီးခတ်မှု၊ ဆိုဟန်တွေဟာ ခေတ်နဲ့ ပို အံ့ဝင် ခွင်ကျ ဖြစ်လာတာကို ထည့်ပြောရပါမယ်။ အီလက်ထရောနစ် ဂစ်တာ အပြင်းစား အနောက်တိုင်း သံစဉ်တွေနဲ့ ပိုနားစွဲ နှစ်ခြိုက်နေပြီဖြစ်တဲ့ လူငယ်ထုကို ကိုယ်စားပြုနိုင်ဖို့ရာအတွက် ခံစားမှုတူ ပေးစွမ်းနိုင်တဲ့ ကိုယ်ပိုင်သံစဉ် ဂီတသစ်ဖန်တီးမှု ပုံစံကွဲတွေ ချပြထားတဲ့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ ကြိုးစားမှု၊ ပညာပြည့်ဝမှု နဲ့ စေတနာ ကို ဒီနှစ်ခွေလုံးမှာ သိသိသာသာ မြင်ခဲ့ရတဲ့ အတွက် ဖြစ်ပါတယ်။

ဥပမာ အနေနဲ့တော့ “မြစ်တစ်စင်းဖြစ်တည်မှု” မှာ ပါခဲ့တဲ့ အနုပညာရောင်းရင်း ညီငယ်တဦးဖြစ်တဲ့ ပန်းချီ ကိုမြိုး ရဲ့ ကဗျာစာသားကို အခြေခံပြီးကိုရဲလွင် နဲ့ ခင်မောင်တိုး ပူးတွဲ သံစဉ်ရှာ ဖန်တီးခဲ့တဲ့ “ခရမ်းပြာအိပ်မက်” ကို ပြရပါမယ်။ အပြင်းစား ဟယ်ဗီးမယ်တဲလ် သီချင်းတပုဒ်လို ခံစားမှု ပေးစွမ်းနိုင်ခဲ့ပြီး ခေတ်ဟန်အပြည့်ပါခဲ့ပါတယ်။

ပန်းချီ ကိုမြိုး ရဲ့ တခြား ကဗျာစာသားတခုကို ကိုရဲလွင် နဲ့ ခင်မောင်တိုးပဲ ပူးတွဲ သံစဉ်ရှာ အသက်သွင်းခဲ့တဲ့ “လွမ်းတမ်းတတယ်ခိုင်” သီချင်း၊ ကိုရဲလွင် သံစဉ်၊ ကိုအောင်ဝင်း စာသား ကို ခင်မောင်တိုး လှလှပပ သီဆိုခဲ့တဲ့ “ဆုံးဖြတ်တဲ့အတိုင်း” သီချင်းနဲ့ အခြား ဂီတညီငယ် “မဇ္ဇျိမလှိုင်း” ရဲ့ ဝိုင်းတော်သား သားထွေး ရေးတဲ့ “ရင်ခုန်စွာလိုက်ခဲ့” သီချင်းတွေဟာလည်း ဂန္တဝင်တွင်မယ့် အချစ်သီချင်းကောင်းလေး တွေအဖြစ် “မြစ်တစ်စင်းဖြစ်တည်မှု” တေးစုထဲမှာ ပါဝင်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ တကိုယ်တော် စင်တင်တေးဂီတပွဲကြီးကို ရန်ကုန်မှာ လုပ်ခဲ့ပြီး Live သီဆိုထားတဲ့ သီချင်းတွေကို အသံသွင်း၊ အခွေနှစ်ခွေတွဲ (ကက်ဆက်အခွေကာဗာအကြီး နဲ့ သီချင်းစာအုပ်အသေး ပါတွဲလျက်) ထူးထူးခြားခြားထွက်ခဲ့ပါတယ်။ Live ဆိုတာကို ရန်ကုန်မှာ ရှိမနေလို့ သွားမကြည့်ရတဲ့ သားဖြစ်သူကျနော်ကို အဖေက ကိုယ်တိုင် အခွေနှစ်ခွေတွဲ ဝယ်ပေးခဲ့တာလည်း အမြဲမှတ်မှတ်ရရ ရှိနေရပါတယ်။ ကိုမောင်မောင် ရဲ့ နာမည်ကျော် “ဝတ်မှုံ (မူရင်း မွန်းအောင်ဆို)” ကို ခင်မောင်တိုး ပြန်လည်ဆန်းသစ် Live ဆိုဟန် နားထောင်ပြီး “ဒီတပုဒ်နားထောင်လိုက်ရတာနဲ့ကို ဒီနှစ်ခွေတွဲက တန်တယ်” လို့ အဖေ့ကို ပြန်ပြောတော့ အဖေ ကျေနပ်သွားခဲ့တာလည်း သတိရမိပါတယ်။ အဲ့နောက်ပိုင်းဆက်တိုက် ထွက်ခဲ့တဲ့ “ရည်ရွယ်သူ” မှာ စိုင်းထီးဆိုင် ရဲ့ “လောင်စာအချစ်မီး” ကို ခင်မောင်တိုး ကိုယ်ပိုင်ဟန်နဲ့ အသစ်ခံစားဆိုတာကို နားထောင်ခဲ့ရတော့လည်း အလားတူ ခံစားမှုမျိုး ရရရှိခဲ့ပါတယ်။

(၉၅/၉၆) မှာပဲ တက္ကသိုလ်နောက်ခံ ကာဗာ နဲ့ ထွက်လာခဲ့တဲ့ “မှီတွယ်ရာ.. လွမ်း” တေးစုဟာလည်း တက္ကသိုလ် ဘဝ အပျော်၊အပါး၊အလွမ်း၊အမောတွေကို ကြိုတင်ရင်ခုန်တတ်နေပြီဖြစ်တဲ့ အရွယ်ဆိုတော့ အမှတ်ထင်ထင် ဖြစ်ခဲ့ပါတယ်။ ဆက်တိုက်လိုလိုပဲ ထွက်လာခဲ့တဲ့ “လှိုင်းထက်ကခြေရာ” မှာ စန္ဒာရား လှထွဋ် ရေး နာမည်ကြီး ရုပ်ရှင်နောက်ခံတေး “တပြည်သူမရွှေထား” ပါဝင်ခဲ့တာကိုလည်း အမှတ်ထားမိခဲ့ပါတယ်။

နှစ်ပိုင်းအနည်းငယ် ခြားပြီး ၁၉၉၉/၂၀၀၀ ပတ်ဝန်းကျင်မှာ ထွက်လာခဲ့တဲ့ “သီချင်းတပုဒ်” နဲ့ “တိတ်တခိုး” တေးစုတွေဟာလည်း ခင်မောင်တိုး ပရိသတ်တွေ စောင့်ရတာ တန်အောင် ကောင်းတဲ့ အခွေတွေဖြစ်ခဲ့ပါတယ်။ RIT ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ နာမည်ကြီး ကဗျာတွေကို ဂီတညီငယ် နိုင်မင်းက သံစဉ်သွင်းပေးခဲ့တဲ့ “တိတ်တခိုး” ဟာ ခင်မောင်တိုးရဲ့ အောင်မြင်မှု မကျသေးဘူး ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ခင်မောင်တိုးရဲ့ ပီသ၊ ရှင်းပြတ် တဲ့ အသံ၊ ညက်ညော်တဲ့ ဆိုဟန် နဲ့ “မဇ္ဇျိမလှိုင်း” ရဲ့ လှပတဲ့ တေးသံစဉ်တွေကြောင့် ကဗျာ က နေ သံစဉ်သီချင်းအဖြစ် အနုပညာပုံသဏ္ဍာန် ပြောင်းထားပေမယ့် အနုပညာရသ ပေးစွမ်းနိုင်မှုကတော့ မယုတ်လျော့ မပြောင်းလဲ့တဲ့အပြင် ပိုတောင် အသက်ဝင် ရသမြောက် လှပခဲ့ပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းတော့ ကျနော် စိတ်နှလုံး၊အာရုံဟာ သီချင်းသစ်၊ အထူးသဖြင့် ပေါ်ပင် ခေတ်စားလာတဲ့ ခေတ်ဂီတ ပုံစံ၊ ရပ်ဝန်း နဲ့ ခေတ်အဆိုတော်တွေအပေါ် ခံစား မမွေ့လျော်နိုင်တော့ဘဲ.. သီချင်းဟောင်း နဲ့ လူဟောင်းတွေနဲ့ပဲ ဂီတချင်ခြင်းပြေ ကျေနပ်လာသလို ခင်မောင်တိုးလည်း ဈေးကွက်အနေအထားကြောင့် သီချင်းအသစ်တွေ မတင်ဆက်နိုင်တော့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နီးစပ်တဲ့ အသိုင်းအဝိုင်းကတဆင့်၊ စာနယ်ဇင်း အင်တာဗျူးတွေကတဆင့် ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” သီချင်းအသစ်တွေ ဖန်တီးနေမြဲဆိုတာတော့ သိခွင့်ရခဲ့ပါတယ်။ ခုအချိန်မှာ ခင်မောင်တိုး သီချင်းအသစ် ထွက်လို့ရှိရင် ချက်ချင်း ဝယ်ယူနားထောင် နေဦးမှာ ဖြစ်ပေမယ့်လည်း သူပေးခဲ့တဲ့ သီချင်းတွေဟာ ကျနော့် ဘဝအတွက်၊ စိတ်နှလုံး အာဟာရ အတွက် လိုတာထက်တောင် ပိုနေပြီဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလ များမှာ တိုင်းပြည်မှာ ကြီးစိုးခဲ့တဲ့ ဗုံမဟုတ်၊ ပတ်မဟုတ်ကောင်တွေရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် နဲ့ ဆံပင်ရှည်ထား အနုပညာ ဖြော်ဖြေမှုတွေ မလုပ်ရဘူးလို့ တားမြစ်ပြီး ပြဿနာ လူတန်းစာ၊ ပြဿနာခေတ်၊ ပြဿနာ လူငယ်တွေကို အမြဲကိုယ်စားပြုတဲ့ “ပြဿနာ အုပ်စု” အထိမ်းအမှတ်၊ အမှတ်အသား “ဆံပင်ရှည်ထားခြင်း” ကို ထိခိုက်လာတော့ “ငါသီချင်းဆို မစားဘူးကွ..” ဆိုပြီး မန္တလေး ပြန်သွားခဲ့တယ်လို့ ကြားဖူးထားခဲ့တဲ့ ဂီတ ဘဝသာမက လူမှု ပုဂ္ဂလိက ဘဝမှာလည်း အနေမှန်ခဲ့တဲ့ ခင်မောင်တိုးတယောက် ၂၀၀၀ ခုနှစ် အလယ်များမှာ မလုပ်ချင်တဲ့ အလုပ်တချို့၊ ကျနော် မမြင်ရက်၊ မမြင်ချင်၊ မခံစားနိုင်တဲ့ အလုပ်တချို့ စိတ်မပါဘဲ လုပ်ခဲ့ရတာကို တွေ့ရတော့လည်း ကြေကွဲဝမ်းနည်းမိခဲ့ပေမယ့် သူ့အပေါ် လေးစားမှုကတော့ မလျော့ခဲ့ပါဘူး..။ နောက်ပိုင်း သူ့သားအကြီး နဲ့ မိတ်ဆွေအရင်း ဖြစ်ရလို့ သူ ဒီလို ကိစ္စတွေကို အမျိုးမျိုး ငြင်းပယ်၊ ရှောင်ပုန်းခဲ့ပေမယ့် နောက်ဆုံး မတတ်သာ၊ အကြပ်ကိုင်လို့ လုပ်ခဲ့ရပုံတွေကို အဖြစ်မှန်သိခွင့်ရတော့လည်း သူ့အပေါ် ပိုလို့ စာနာနားလည်ဖြစ်ခဲ့ရပြီး ခေတ်ဆိုး၊ စနစ်ဆိုး နဲ့ လူဆိုးတွေကို ပြစ်ပြစ်နှစ်နှစ် ဆဲချင်စိတ်ဖြစ်ခဲ့ရပါတယ်။ သူ့ဘဝတလျှောက် ထွက်ခဲ့တဲ့ သီချင်းများစွာရဲ့ စာသားတွေဟာလည်း ပုံအမျိုးမျိုးဖျက်၊ မင်နီအမျိုးမျိုးကို ရှောင်ပြီးမှ ခံစားသူ ပရိတ်သတ်ရှေ့ ရောက်လာခဲ့တာ များပါတယ်။ သူတို့နဲ့ မထိုက်တန်တဲ့ စနစ်အဖွဲ့အစည်း၊ ဘက်မညီတဲ့ ကောင်းကင်၊ သမမမျှတတဲ့ ရာသီဥတုတွေကြား ကန္တာရခရီးကြမ်း နှစ်များကို ဂီတအပေါ် ချစ်မြတ်နိုးမှု၊ ရူးသွပ်မှုစိတ်နဲ့ သက်ဆုံးတိုင် မယိုင်မလဲလျှောက်ခဲ့ကြတဲ့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ ကျေးဇူးနဲ့ ပေးဆပ်မှု၊ သက်ရောက်မှုက ကျနော်တို့ လူ့အဖွဲ့အစည်းအပေါ် ကြီးမားလှပါတယ်။

ခုတော့ သူတယောက် အားလုံးကို နှုတ်ဆက်ပြီး အောင်မြင်မှုပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာနဲ့ ကျေးဇူးတရား တပွေ့တပိုက်ကြီးကို ထားခဲ့ပြီး လူလောကကို လှလှပပ၊ သိက္ခာ ရှိရှိ ကျောခိုင်း ထွက်ခွာသွားခဲ့ပြီ။

သူရဲ့ ကျန်ရစ်ခဲ့တဲ့ ဂီတ ရောင်းရင်း ညီအကို “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားတွေဖြစ်တဲ့ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇော်မျိုးထွဋ်၊ သားထွေး၊ တွတ်ကီ စတဲ့ ဂီတရဲဘော်တွေက သူ့အကြောင်းတွေပြော၊ အလွမ်းသီချင်းတွေ ရေး/တီး/ဆို ရင်းနဲ့ပဲ လူ့အဖွဲ့အစည်းသာယာလှပငြိမ်းချမ်းအောင် ဆက်လက်လုပ်ဆောင်သွားရတော့မှာပေါ့..။

သူတို့ “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားချင်း ဘယ်လောက် အနေနီး၊ စိတ်သဘောနီး၊ နှလုံးသွေးချင်းနီး၊ ရင်ဘတ်ချင်းနီးပြီး ချစ်ခင်ခဲ့ကြတာဆိုတာ သူတို့ ပူးပေါင်း ဖန်တီးခဲ့တဲ့ သီချင်းကောင်းတွေက သက်သေပါပဲ..။ ကိုမောင်မောင် မင်္ဂလာဆောင်တော့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ (ခင်ဝမ်း အပါအဝင်) က Live Show ကျင်းပပြီး မင်္ဂလာ လက်ဖွဲ့ပေးဖူးခဲ့တယ်။ ခင်မောင်တိုး မင်္ဂလာဆောင်တော့ ကိုရဲလွင် နဲ့ ကိုမောင်မောင် က “ဘ၀လမ်းအစခရီး” ဆိုတဲ့ သီချင်းလေးတပုဒ်ကို ခင်မောင်တိုးနဲ့ တွဲရေးပြီး လက်ဖွဲ့ပေးဖူးခဲ့တယ်။ အဲ့လို ဖြတ်သန်းခဲ့ကြတဲ့ ဘဝတွေမှာ ခုတော့ ကျန်ရစ်ခဲ့သူတွေက လွမ်းဆွတ်တသရတော့မှာပေါ့..။

ဗမာပြည်ရဲ့ ရှားပါး ဂီတပညာရှင် တဦးဖြစ်တဲ့ မိုးကျော် (အမေရိကန်ကပြား) ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးရှာတော့ သူ့ရဲ့ ဂီတရောင်းရင်းတွေဖြစ်တဲ့ ရာပြည့် က “တေးမြုံငှက်သို့ တမ်းချင်း” ၊  တင်ဝင်း (ဆေး/မန်း) က “မိုးကျော်” (ခိုင်ထူး ဆို) ၊ ကိုနေဝင်း က “ကြွေချိန်မသင့်ကြွေတဲ့ပန်းမို့’၊ ကိုဇာလျန်း “ကြယ်ကြွေချိန် ကျူးရင့်ကြိုး” ဆိုပြီး သီချင်းစပ်ဆို၊ သီဆို ဂုဏ်ပြုလွမ်းကြသလို ခင်မောင်တိုး ကလည်း “ပြန်မလှည့်တော့ဘူး” ဆိုတဲ့ သင်္ခါရတရား သဘောအပြည့်ပါတဲ့ သီချင်းလေးကို ဆိုပြီး အမှတ်တရ လွမ်းဆွတ်ခဲ့ဖူးပါတယ်။ ခုတော့ သူကိုယ်တိုင် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပရိတ်သတ်ကို ကျေနပ်အောင် နှုတ်ဆက်ခွင့် မရဘဲ ရေခြားမြေခြားမှာ ဆေးကုရင်း “ပြန်မလှည့်တော့မယ့် လမ်းကို” လျှောက်လှမ်းသွားခဲ့ပါပြီ..။

“မဇ္ဇျိမလှိုင်း”  ဝိုင်းတော်သားလိုလို ဖြစ်ခဲ့တဲ့ ဂီတ မိတ်ဆွေ ရောင်းရင်းကြီး၊ ဗမာပြည်ရဲ့ ရှားပါး အနုပညာ အစိုင်အခဲကြီး ခင်ဝမ်း (ဂျပန်ကပြား) တယောက်ဆုံးတော့ သူက “ခုနှစ်နှစ်အလွန်” ဆိုပြီး လွမ်းတသသ ဖြစ်ခဲ့ရတယ်..။ ခုတော့ ကျန်ခဲ့တဲ့သူတွေက သူ့ကို ပြန်ပြီး လွမ်းဆွတ်ရင်းနဲ့ သူ့ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာ ဖန်တီးခဲ့မှုတွေကို ဖော်ထုတ်ရဦးတော့မှာပေါ့..။

ဒီနေရာမှာ စကားချပ် အနေနဲ့ ခင်မောင်တိုးရဲ့ ကျန်ရစ်သူ မိသားစု၊ ဂီတလောက က တေးထုတ်လုပ်သူတွေ နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ကို အနူးအညွတ် မေတ္တာ ရပ်ခံချင်တာကတော့ ခင်မောင်တိုး သီဆိုခဲ့တဲ့ ဂန္တဝင်တေးသီချင်းကောင်းတွေကို ခုခေတ်  နောက်ပေါက် အဆိုတော်များပေးဆို ဖျက်ဆီးပြီး ပေါ့ပျက်ပျက်၊ ပစ်စလက်ခတ်၊ ဖြစ်ကတတ်စမ်း လွမ်းဆွတ်မှုမျိုး မလုပ်ဖို့ပါပဲ ခင်ဗျာ..။ ရင်ဘတ်ချင်းတူတဲ့ “မဇ္ဇျိမလှိုင်း”  အုပ်စုဝင်ထဲကတော့ ဘယ်သူဆိုဆို ဆိုကြပါခင်ဗျာ..။

ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီသဘော ရှိတယ်ဆိုတာ၊ သူ့ နဲ့ သူ့ရဲဘော် တေးရေး နဲ့ “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားတွေ နှလုံးသားချင်းနီး နားလည်သဘောတူညီမှုထားကာ သူအသက်ရှင်စဉ်တုန်း သူ့သီချင်းဟောင်း၊ အကောင်းတွေ သူများပေးဆို အများစု ဖျက်ဆီးခြင်း မခံခဲ့ရတာကိုကြည့်ရင် သိနိုင်ပါတယ်။

သိပ်မကြာသေးခင်တုန်းက ကိုနေဝင်းကို ဂုဏ်ပြုတဲ့ Live Show လုပ်တော့ ကိုနေဝင်းရဲ့ သီချင်းကောင်းတွေ ဆိုချင်သလို ဆိုကြပြီး ပျက်စီးသွားတာ ခံစားရလို့ မကျေမနပ်ဖြစ်နေတဲ့ စိတ်အနာ မပျောက်သေးခင် ခုအချိန် ခင်မောင်တိုးရဲ့ သီချင်းတွေကို အလားတူ အဖြစ်ဆိုးမျိုး မကြုံပါရစေနဲ့ ခင်ဗျာ..။

နိဂုံးချုပ်အနေနဲ့တော့ သင်္ခါရ သဘောကိုပဲ တွေးမိ သံဝေဂဖြစ်ရတဲ့ အကြောင်းကို ရေးချင်ပါတယ်။ ဟိုတလောက သုခမိန်လှိုင် (သိဒ္ဓတ္တလှိုင် ကဗျာဆရာ/တေးရေးဆရာ) က သူ့ရဲ့ လူမှုကွယ်ရက်စာမျက်နှာမှာ “မင်းမင်းလတ်ကို လိုက်ပို့ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံအယ်လ်ဘမ်တခု တင်ပါတယ်။ မင်းမင်းလတ် ဆုံးတော့ (၁၉၉၇) လိုက်ပို့ကြတဲ့ ဂီတ မိတ်ဆွေတွေရဲ့ ပုံတွေ စုစည်းထားတာပါ။ အဲ့ထဲမှာ ပါခဲ့တဲ့ ခင်ဝမ်း (၂၀၀၀)၊ ထူးအိမ်သင် (၂၀၀၄) ၊ စိုင်းထီးဆိုင် (၂၀၀၈) အစရှိတဲ့ ဗမာပြည်ရဲ့ ရှားပါးအဖိုးတန်တဲ့ ကြယ်ပွင့်ကြီးတွေ တပွင့်ပြီးတပွင့် မြေခသက်ဆင်းခဲ့ရပုံကို ဓာတ်ပုံစုစည်းမှု အနုပညာနဲ့ သုခမိန်လှိုင် က တင်ဆင်ထားတာပါ..။

ခုတော့ နောက်ထပ် ကြယ်တပွင့်တပွင့် ကြွေသွားခဲ့ရပြန်တာပေါ့..။

ရတနာမြိုင် မှာ “သံပြိုင်တင့်ဆန်း ပွင့်ဝေခဲ့တဲ့” “အရိုင်း (The Wild Ones)” နဲ့ “လိုင်း (The Medium Wave)” ရဲ့ ထိပ်သီး အဆိုတော်ကြီး နှစ်ဦးလုံး ခု မရှိတော့ပါဘူး။

ဒီလို အကောင်းသိပ်ကြိုက်တဲ့ ဘုရားသခင်က ကျနော်တို့ ရဲ့ လောကလူ့ဘောင်အတွက် ဘုရားလိုတန်ခိုးထက် အစွမ်းဖြစ်စေတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ခဏခဏ ခေါ်.. ခေါ် သွားတတ်တော့ ခု ကျန်နေသေးတဲ့ ကိုနေဝင်း၊ ကိုရဲလွင်၊ သားထွေး အစရှိတဲ့ ကျန်ရှိနေသေးတဲ့ ခင်မောင်တိုး ရဲ့ ဂီတ ရဲဘော်ရောင်းရင်းကြီးတွေကိုတော့ ကျနော်တို့နဲ့အတူ နှစ်ပေါင်းများစွာ ဆက်လက်ရှိပေးဖို့ ဘုရားသခင်ကို တပါတည်း တောင်းပန်ချင်ပါတယ်။

ဂီတမိတ်ဆွေ ရောင်းရင်း သူငယ်ချင်းအရင်းတွေကို နောက်ဆုံးအချိန်အမှီ လိုက်လိုက်တွေ့နေရတဲ့ ဂျေမောင်မောင် ကိုလည်း နောင်ဒီလို ခရီးတွေ ထွက် ထွက်နေရတာလည်း မမြင်ချင်တော့ပါဘူး။

လူလောက ကို ကောင်းကျိုးများစွာပြုခဲ့တဲ့ ခင်မောင်တိုး တယောက် ကောင်းရာသုဂတိလားမှာ သေချာတဲ့ အတွက် အထူးဆုမတောင်းတော့ပါ..။ ဒါပေမယ့် ခင်မောင်တိုး တယောက် မြင့်မြတ်တဲ့ ဘုံဘဝမှာ ကိုမောင်မောင်၊ ခင်ဝမ်း၊ ကိုမျိုးခင်၊ မိုးကျော်၊ ပန်းချီ ကေမြိုး၊ ကိုအောင်ဝင်း တို့နဲ့ အတူ သီချင်းတွေ တွဲရေး၊ တီး၊ ဆို လုပ်ခွင့်ရဖို့တော့ ဖြစ်နိုင်ရင် ဆုတောင်းပေးလိုက်ချင်ပါတယ်..။

ကြေကွဲဝမ်းနည်းစွာဖြင့်ဆိုတာထက်ပိုတဲ့ စိတ်ခံစားမှုဖြင့် ….

● မှတ်ချက်
ဒီစာကို ၁၆ ၊ နိုဝင်ဘာ ၊၂၀၁၂ ၊ သောကြာနေ့၊ ဒေသစံတော်ချိန် ညနေ (၆) နာရီ ခန့်မှာ စတင်ရေးသားပြီး ည ၁၁ နာရီ ၊ ၃၄ မိနစ်မှာ ပြီးတယ်..။  ဦးနှောက်ဖြင့် မရေးဘဲ နှလုံးသားခံစားချက်အတိုင်းရေးတယ်..။ ခံစားရသလို ရေးထားခြင်းဖြစ်တဲ့အတွက် ခုနှစ် နဲ့ အချက်အလက်များကို ပြန်လည် မစီစစ်၊ လွဲနေတဲ့ အချက်များ၊ (အထူးသဖြင့် တေးစုများထွက်ခဲ့တဲ့ ခုနှစ်တွေ လွဲနေရင်) နောင် သမိုင်းမှတ်တမ်းအမှန်ကျန်အောင် သိသူများ ထောက်ပြ ပြင်ပေးနိုင်ပါတယ်..။ စာထဲတွင် ခင်မောင်တိုး အပါအဝင် အနုပညာရှင်များရဲ့ နာမည်တွေကို အနုပညာနာမည်အတိုင်း (ဦး/ကို မတပ်ဘဲ) ညွှန်းဆိုခေါ်ဝေါ်ထားပါတယ်။ ခင်မောင်တိုး ရဲ့ ဘဝအကျဉ်း ကိုလည်း လက်လှမ်းမမီသူများ ဖတ်နိုင်ဖို့ အောက်မှာ သိသလောက် အကျဉ်းချုံး ဖော်ပြလိုက်ပါတယ်။

● ခင်မောင်တိုး၏ ဂီတဘဝအကျဉ်း
၁၉၅၀ ခု ဧပြီ  ၁ ရက် နေ့၊ စစ်ကိုင်းတိုင်း မော်လိုက်မြို့၌ အဖ အရေးပိုင်မင်း ဦးခင်မောင် နှင့် အမိ ဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမဆယ့်သုံးယောက်အနက် သုံးယောက်မြောက်သား ဖြစ်သည်။ ငယ်ဘဝတလျှောက် အစိုးရအမှုထမ်း ဖခင်ဖြစ်သူ တာဝန်ထမ်းဆောင်ရာ ဗမာပြည့်အနှံ့ လိုက်ပါ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၉၆၅ ခုနှစ်၌ ဆယ်တန်း အောင်မြင်ပြီး ၁၉၆၆ ခုနှစ်တွင် သထုံမြို့မှ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ ခင်မောင်တိုး သည် သူငယ်ချင်းများနဲ့အတူ “ပြဿနာ အုပ်စု” အနေဖြင့် RIT ကျောင်းသားဘဝ သီချင်းများ ရေး၊ တီး၊ ဆို၊ စလုပ်ခဲ့သည်။ ကျောင်းသားဘဝကတည်းက ခင်မောင်တိုးသည် ရစ်သမ် ဂစ်တာအတီး နဲ့ အဆို ကောင်းခဲ့သူ ဖြစ်သည်။ ကျောင်း သူငယ်ချင်းများဖြစ်သူ ကိုရဲလွင်၊ တင်မောင်လှိုင်၊ ကိုမောင်မောင်၊ ကိုစိုး အစရှိသူတို့နှင့် ကျောင်းပွဲများ၊ အဆာင်ညများ၌ တီး၊ ဆို ရင်း စတီရီယိုခေတ်ဦး အပြင်ဂီတလောက၌လည်း  တေးစုပေါင်းများစွာ အသံသွင်း၊ ထုတ်နိုင်ရန် ကြိုးစားခဲ့သည်။

တကိုယ်တော် အနေဖြင့် “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” နှင့် “ရင်ခုန်နေသော အိမ်မက်ငယ် (၁၉၇၃)” တေးစု နှစ်ခု စတင်ထွက်နိုင်ခဲ့သည်။ နိုင်ငံခြားသံစဉ် သီချင်းအများစု ပါဝင်ခဲ့သော်လည်း “မျက်သွယ်”၊ “လွမ်းပုံပြင်”၊ “ညှို့သူ(?)” တို့ကဲ့သို့ ကိုယ်ပိုင်သံစဉ်ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများ ပါဝင်ခဲ့သည်။

၁၉၇၉ ၌ ဂီတရဲဘော်များဖြစ်ကြသူ ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုဇော်မျိုးထွဋ် တို့နှင့် ပူးပေါင်း၍  ‘‘လိစ္ဆ၀ီ’ တေးဂီတ အဖွဲ့ကို ဖွဲ့ပြီး ကိုယ်ပိုင်သံစဉ် တေးဗဟိုပြု တေးသီချင်းများ ရေး၊ တီး၊ ဆို ခဲ့သည်။ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၇၉)”၊ “ဝိုင်းရဲ့ဆည်းဆာ (၁၉၈၀)”၊ “စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ / Selection (၁၉၈၁)” တေးစု သုံးခု ထွက်ခဲ့သည်။

ထို့နောက် ၁၉၈၃ ၌ အဖွဲ့ နာမည်ကို ‘လိစ္ဆ၀ီ’ မှ ‘မဇ္ဇျိမလှိုင်း’ ဟု ထပ်မံ ပြောင်းလဲခဲ့ပြီး “မဟာဆန်သူ(၁၉၈၄)”၊  “ကြိုးကြာသံ (၁၉၈၅)”၊  “မျက်သွယ် / Selection (၁၉၈၆)”၊  “ရောင်စဉ်ခုနစ်သွယ် (၁၉၈၈)”၊  “ဝေးခဲ့ပြီပန်းခရမ်းပြာ (၁၉၉၀)“၊  “လေးညှို့ရှင် (၁၉၉၁)”၊ “ပန်းချစ်သူ အပါအဝင် ရုပ်ရှင်သီချင်းများ (၁၉၉၂)”၊ “ပန်တော်ဦး (၁၉၉၃)”၊ “မြစ်တစင်းဖြစ်တည်မှု (၁၉၉၃)”၊ “Live 94 (Live Show) နှစ်ခွေတွဲ (၁၉၉၄)”၊ “ရည်ရွယ်သူ (၁၉၉၅)”၊ “မှီတွယ်ရာ လွမ်း (၁၉၉၆)”၊ “လှိုင်းထက်ကခြေရာ (၁၉၉၇)”၊ “ရင်ခတ်အလွမ်း / မွန်းအောင် သီချင်းများ ပြန်လည်သီဆိုမှု (၁၉၉၈)“၊ “သီချင်းတပုဒ် (၁၉၉၉)”၊ “တိတ်တခိုး / မောင်စိန်ဝင်း ကဗျာ နိုင်မင်း သံစဉ် များကို သီဆိုမှု (၂၀၀၀)“၊ “ခုနစ်နှစ်အလွန် / ခင်ဝမ်း အမှတ်တရ (၂၀၀၇)” တေးစုအများ အပါအဝင် “အကြိုက်ဆုံးမန္တလေးသီချင်းများ (ခေတ်ဟောင်းသီချင်းများ)”၊ “သည်းဦးသစ္စာ (Selection)”၊ “ ခွန်အားဖြည့်ပါမိငယ် (၂၀၁၂)” အစရှိသဖြင့် မျက်မှောက်ခေတ်အထိ တေးစု ပေါင်းမြောက်များစွာ သီဆို ထုတ်ဝေ  အောင်မြင်ခဲ့သည်။

၂၀၁၂ ခု နိုဝင်ဘာလ (၁၅) ရက်နေ့ စင်္ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခဲ့သည်။

“ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်” မှ စတင်၍ ဆယ်စုနှစ် (၄) စု တိုင် ရှင်သန် ခဲ့သည့် ခင်မောင်တိုး နှင့် ဂီတ ရဲဘော်ရဲဘက် သူငင်ချင်း မိတ်ဆွေ ဂီတစာဆို များ၊ ဂီတပညာရှင်များ ဖန်တီး တီးခတ် သီဆို ခဲ့သည့် တေးသီချင်းကောင်းများစွာကို ခံစားနားဆင် နှလုံးသား အာဟာရ ဖြည့်တင်း မှီဝဲ စားသုံးခွင့် ရခဲ့သဖြင့် ခင်မောင်တိုး အပါအဝင် ‘ပြဿနာ’၊ ‘လိစ္ဆ၀ီ’ နှင့် ‘မဇ္ဇျိမလှိုင်း’ အုပ်စုဝင် အားလုံးကို အထူးကျေးဇူးတင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

7 Responses to ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး

  1. Toe Win on November 17, 2012 at 5:43 am

    ကိုတိုးကြီးကို စွဲလန်းလေးစားသလို သူ့ကို အရူးအမူး ခံစားနိုင်စွမ်းတဲ့ ကိုငြိမ်းချမ်းအေးကို လေးစားခင်မင်မိပါတယ်
    ဒီစာထဲမှာမှ ကိုဂျယ်ရီ ဆုံးသွားတာ သိလိုက်ရလို့ ထပ်ဆင့် နှမြောတုန်လူပ်မိတယ်

  2. kyaw htin on November 17, 2012 at 8:16 am

    ခင်ဗျားစာဖတ်ရတာ ရင်ဆို့သွားသလိုပဲ၊ ကိုတိုးဆုံးတဲ့နေ့က ဘုရားမီးပူဇော်၊ အခန်းမီးမှိတ်ပြီး သူ့သီချင်းတွေ တုးတုးလေးဖွင့်နားထောင်ရင်း ကိုမောင်၊ ကိုခင်ဝမ်းကြီးနဲ့ ဒီလူကြီး ဆုံနေလောက်ပြီ၊ သီချင်းတွေဆိုဖို့ပြင်နေလောက်တယ်လို့ အဝေးက ခရမ်းပြာသူ မိန်းမကို ဖုန်းဆက်ဖြစ်သေးတယ်ဗျာ၊

  3. maung myint swe on November 17, 2012 at 10:50 am

    my favourite they all khin wann;htooeainthin,bo htee late eachother different 4years very wonderful.

  4. စောလှခိုင် on November 17, 2012 at 1:23 pm

    တန်ဖိုးရှိတဲ့လူသားတယောက် ကျောခိုင်းထွက်တော့ ကြေကွဲကြရပြီပေါ့။ ။ဒါပေမယ့်တန်ဖိုးရှိတဲ့အရာတွေကိုထားခဲ့တယ်လေ…………….။ ။ကြေကွဲနှမြောမိတာကတော့အမှန်ဘဲ……….။ ။

  5. ကိုသူရ on November 17, 2012 at 11:51 pm

    ခေတ်ဆိုးပညာရေးစနစ်ရဲ့ သားကောင်ဖြစ်နေရတဲ့ တက္ကသိုလ်ကျောင်းသား တပည့် တွေကို ခေါင်းဆောင်ပြီး ၂၀၀၁ မှာ ကျွန်တော် ပေပေါင်း ၇၈၀၀ လောက်မြင့်တဲ့တောင်ကိုတက်ခဲ့တယ်။ အိပ်ပျက်ညတွေကြောင့် ငယ်ငယ်တုန်းကလို မဟုတ်ပဲ မောလှိုက်လာတာကို လူသူမသိအောင် နေရင်း တောင်တန်းရဲ့တစ်ဝက်မှာ ကက်ဆက်ငယ်နဲ့ ကြိုးကြာသံ ကို ဖွင့်ခဲ့တယ်။ ကလေးတွေ တအံ့တသြ ၀မ်းသာစွာခံစားကြ၊ တိုက်ဆိုင် နာယူရင်း တောင်ထိပ်ထိ ဆက်တက်ခဲ့ကြတာကို သတိရမိတယ်။ အနုပညာ နဲ့ စိတ်ဓာတ်စွမ်းအားကို ရယူကြရင်း ဆက်လုပ်ခဲ့တာ ဒီသီချင်းသံ ကိုတိုးကြီးရဲ့နောက်ဆုံး ၈၈ ပွဲမှာ ပြန်ကြား ရတော့ ကြည်နူးဝမ်းသာမှုနဲ့ မျက်ရည်ကျခဲ့ရတယ်။ ကြိုးကြာသံရဲ့ အရှင်သခင် ငြိမ်းချမ်းပါစေ ခင်ဗျား။

  6. lwanoomaung on November 18, 2012 at 7:02 pm

    အားလုံးနဲ့ထပ်တူထပ်မျှခံစားရပါသည်…………

  7. Freddie on November 20, 2012 at 2:16 pm

    သိပ်နှစ်သက်စွဲလမ်းရတဲ့သူတွေ (ခ သုံးလုံး)ထဲက ခင်ဝမ်း၊ခင်မောင်တိုး၊ ခိုင်ထူး မှာ ခိုင်ထူးတစ်ယောက်ထဲကျန်တော့တယ်။ ၀င်းဦးမဆုံးခင်တုန်းက အင်တာဗျူးတွေ၊ ပြန်လည်တင်ဆက်မှုတွေ လုပ်ကြသလို ခင်ဝမ်း၊ ခင်မောင်တိုး၊ ခိုင်ထူးသီချင်းတွေကိုလဲ မိုးကျော်တီးခဲ့တဲ့ Original version တွေကော၊ New version တွေကော စုဆောင်းထားကြရင် မြန်မာပြည်ရဲ့ ကိုယ်ပိုင်သံစဉ် မော်ကွန်းတိုက် ၁၉၇၀ – ၂၀၁၀ (Myanmar Musics Archive 1970- 2010) ဖြစ်သွားမယ်ထင်တယ်၊ လက်လှမ်းမှီသူများ ကျေးဇူးပြုပြီး ပြုစုပေးကြဘို့ မေတ္တာရပ်ခံပါတယ်ဗျာ။ လှိုက်လှိုက်လှဲလှဲ ခံစားရတဲ့ မြန်မာသီချင်းတွေချည်းဘဲမဟုတ်လား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်