အမေ့အိမ်က အပြန်၊ ခြင်္သေ့လည်ပြန် အကြည့်၊ ကြိုးကြာငှက်လည်း မရှိတော့ပြီ

November 17, 2012

ဉာဏ်ဦးမောင်
နိုဝင်ဘာ ၁၇၊ ၂၀၁၂
လျှော့လျှော့ပေါ့ပေါ့ ပြောရလျင် ခုဆို ကိုယ့်အသက်က သက်လတ်ပိုင်းအရွယ်။ တောမှာမွေးတဲ့ တောသားတစ် ယောက်။ အနုပညာနဲ့တော့ မစိမ်းတဲ့သူ။ ကိုယ့်အရွယ်အရဆိုလျင်ဖြင့် ခေတ်နောက်ကျတယ် လို့ဆိုလေမလား၊ ခေတ်မီတယ်လို့ဆိုလေမလားမသိ။ အနုပညာနယ်ပယ်၊ တိတိကျကျ ပြောရလျင် တေးသီချင်းနယ်ပယ်က မြန် မာပြည်ရဲ့ စတီရီယိုဂန္ထဝင်အဆိုတော်ကြီးသုံးဦးနဲ့ ကောင်းကောင်းရင်းနှီးခဲ့ဖူးတယ်။

တစ်ဦးက ဘိုထီးလို့ခေါ်ကြတဲ့ စိုင်းထီးဆိုင်။ သူ့ကိုစတွေ့တော့ ကိုယ့်အသက်က မငယ်လှတော့။ ငယ်စဉ်က တည်းက စိုင်းထီးဆိုင်အကြောင်းကြားနေခဲ့ဖူးပေမယ့် သူနဲ့စတွေ့တာ ရင်းနှီးတာက ရှစ်ဆယ်ခုနစ်အလွန်များ မှာမှ။ မန္တလေး လားရှိုးပြေးဆွဲတဲ့ လားရှိုးမန်း ဟိုင်းလပ်ကားပေါ်မှာ သူနဲ့စတင်ရင်းနှီးခဲ့ရတာ။

မှတ်မှတ်ရရ။ အဲဒီနေ့က နှင်းတွေသိပ်သိပ်သည်းသည်းကို ဝေနေခဲ့တယ်။ လားရှိုးကိုအသွား မန္တလေးက ကား စထွက်တယ်ဆိုလျင်ကိုပဲ အောင်ပင်လယ်သွား ၃၅ လမ်းမက မပီဝိုးဝါး။ နီကြင်ကြင် ခပ်ကျဲကျဲ လမ်းဘေးမီးတိုင် များဆီကလာတဲ့ အလင်းက ထူထဲထဲနှင်းကို မဖောက်ခွဲနိုင်ခဲ့။ မြို့အလွန် အောင်ပင်လယ် လယ်ကွင်းများထိပ်မှာ နှင်းတွေ ဝေ့သီရစ်ဝဲနေလို့ ဒရိုင်ဘာက ကားကိုဖြည်းဖြည်းချင်းသာ မောင်းနေခဲ့တယ်။ အောင်ပင်လယ် လယ် ကွင်းများအဆုံး တောင်ခြေအရောက်မှာတော့ မြူတွေကြားကနေ မှုန်ပျပျ ရှမ်းရိုးမတောင် တန်းကြီးကို ဘွား ကနဲမြင်လိုက်ရတယ်။

အညာမြေပြန့်လွင်ပြင်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ကိုယ်က တောင်တန်းတွေ မြစ်ကျယ်တွေနဲ့ တော်တော်အလှန်း ဝေးခဲ့သူ။ ဒီတော့ နှင်းမှုန်ကြားမှာ ဝိုးတဝါးမြင်ရတဲ့ ရှမ်းရိုးမ တောင်တန်းကြီးက ကိုယ့်အတွက်ထူးဆန်းအံ့သြမှု အပြည့်အဝပေးခဲ့တယ်။ ဒါတင်မက ကိုယ့်စိတ်ကို ဟိုး..တောင်တန်းပြာထိပ်ဆီအထိ အရောက်ဆွဲခေါ်သွား သလို ခံစားမိခဲ့တယ်။ စာထဲမှာသာ ဖတ်ခဲ့ဖူးတဲ့ တောင်တန်းကြီး။ ပုံထဲမှာသာတွေ့ခဲ့ဖူးတဲ့ တောင်တန်းကြီး။ ဒီတောင်တန်းကြီးကို ခုလို ရုတ်တရက် မျက်စိရှေ့မှာ ထီးထီးမားမား နီးနီကပ်ကပ်တွေ့ရတော့ ကြည်နူးခြင်းက ရင်မှာအပြည့်ဖြစ်ခဲ့ရတယ်။

တောင်စဉ်တောင်ဝှမ်း တောင်ခါးပန်းမှာ ဝေ့ဝဲရစ်သီနေတဲ့ မြူလွှာမြူဆိုင်း အပြိုင်းပြိုင်းကို အငမ်းမရ ငေးမော ကြည့်ရှုရင်း တောင်ခါးပန်းမှာဖောက်ထားတဲ့ ကွေ့ကွေ့ကောက်ကောက် ကျဉ်းကျဉ်းကျပ်ကျပ် လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကားပေါ်ကမြင်ရတဲ့ အသူတရာနက်တဲ့ ချောက်ကမ္ပါးယံကြီးတွေကလည်း အသည်းတအေး အေး ရင်တဖိုဖိုဖြစ်စေခဲ့ပြန်တယ်။

တကွေ့ကွေ့မှာ လှန်းတွေ့ရတဲ့ ဟိုးဝေးဝေးက ဒုဋ္ဌဝတီမြစ်ရဲ့ ကွေ့ကွေ့ကောက်ကောက် မြစ်ရေမြင်ကလည်း ထွက် ပြူစနေရောင်ခလို့ ဘော်ငွေရောင် တလက်လက်ထလို့။ အဲဒီအချိန် အဲဒီအရွယ်အထိ ကိုယ့်ဘဝသက်တမ်း တလျှောက် သွားခဲ့ဖူးတဲ့ခရီးများထဲမှာ သတိတရဖြစ်ရဆုံးနဲ့ တမ်းတမ်းတတ ဖြစ်ခဲ့ရတဲ့ ခရီးတစ်ခု။

အံ့သြလွမ်းမောဖွယ်အတိ ပြည့်နေတဲ့အချိန်မှာပဲ ကားဒရိုင်ဘာက စိုင်းထီးဆိုင်ရဲ့ ‘ချစ်တဲ့ ရှမ်းရိုးမ’ဆိုတဲ့ သီချင်း ကိုဖွင့်ခဲ့တယ်။ ……အဝေးကမြင်ရုံဆို မပျော်နိုင်ပါ၊ အပြာရောင် တောင်တန်းဆီကိုသာ၊ အောင့်မေ့ အခါခါ၊ တမ်း တ အခါခါ၊ မရောက်ခဲ့ မပြန်ခဲ့နိုင်တာလည်း သိပ်ကိုကြာ….. ဆိုတဲ့သီချင်စာသားက အချိန်ကိုက် အခါကိုက်။ နှစ်လုံးသားကို တိုက်ရိုက်ထိခဲ့တယ်။ ဒါတင်မက မပြန်နိုင်တာကြာတဲ့ ကိုယ့်မွေးရပ်မြေ အညာရွာကို မဆီမဆိုင် တောင်ပြာတန်းကြားကနေ လွမ်းအားပိုမိခဲ့ရသေးတယ်။ လားရှိုးလမ်းခရီးတစ်လျောက်လုံးမှာ ကားဒရိုင်ဘာက စိုင်းထီးဆိုင်သီချင်းချည်းကိုသာ ဖွင့်ခဲ့တယ်။

လမ်းလျောက်ကြားခဲ့ရတဲ့ သီချင်းတွေထဲမှာ မောင့်လပြည့်ဝန်း၊ လေညာအရပ်က အချစ်။ သခင့်ဆီ အပြေးပြန် လာမယ်၊ ငယ်ချစ်ဦး၊ ခွဲစိတ်ခမ်းက ဆရာမ။ နွေနံနက်ခင်း။ လားရှိုးခရီးကအပြန်မှာတော့ စိုင်းထီးဆိုင်သီချင်း တွေက ကိုယ့်နား၊ ကိုယ့်နှုတ်ဖျားမှာ ဝေ့ဝဲရစ်သီရုံမျှမက ကိုယ့်နှလုံးသားတိုင်ပါ ယီးလေးတွဲခို နေရာယူလို့။

ဘယ်လောက်များကိုယ်က စိုင်းထီးဆိုင်သီချင်းတွေကို နားထောင်ဖြစ်သလဲဆိုလျင် ရင်းနှီးတဲ့မိတ်ဆွေအချို့က ကိုယ့်ကိုယ် ထီးဆိုင်၊ ကိုယ်ထီးလို့တောင် ခေါ်ခဲ့ကြတဲ့အထိ။ ခုတိုင်အောင်ပဲ ငယ်သူငယ်များနဲ့တွေ့တိုင်း ထီး ဆိုင် ကိုယ်ထီးလို့ခေါ်နေသူတွေက ရှိနေဆဲ။

အသိမိတ်ဆွေကောင်းကောင်းမရှိပဲ မန္တလေးကိုရောက်လာခဲ့တဲ့ကိုယ့်အတွက် အခက်အခဲဖြစ်ခဲ့ရတယ်။ ဒီ အချိန်မျိုး စိုင်းထီးဆိုင်ရဲ့ ‘မန္တလေးရောက် ရှမ်းကလေးတစ်ယောက်ရဲ့အဖြစ်ဟာ မလွယ်ပါလား’ဆိုတဲ့ သီချင်းစာ သားကိုကြားမိလျင် မန္တလေးရောက် ရှမ်းကလေးတစ်ယောက်အဖြစ်သာ မလွယ်တာ မဟုတ်ပါဘူး။ မန္တလေး ရောက် အညာသားစစ်စစ် ဗမာတစ်ယောက်ရဲ့ အဖြစ်ဟာလည်း မလွယ်ပါဘူးရယ်လို့ သူ့ကိုပြန်ပြောချင်ခဲ့ဖူး တယ်။ ခုတော့ သူလည်း မရှိတော့ပြီမို့ ပြောခွင့်မသာနိုင်တော့ဘူးပေါ့။ စိုင်းထီးဆိုင်ရဲ့ သီချင်းခေါင်းစီးများထဲမှာ ခြင်္သေ့လည်ပြန်ဆိုတဲ့ ခေါင်းစီးစာသားကိုလည်း အမှတ်ထင်ထင်ရှိနေမိတယ်။

နောက်များမှာတော့ ခင်မောင်တိုးသီချင်းတွေကို အလွန်နှစ်သက်တဲ့ မိတ်ဆွေတစ်ယောက်က ဒီအခွေလေး နားထောင်ကြည့်ပါ၊ တွေးရဆွေးရ လွမ်းတမ်းတရတာကြိုက်တဲ့ ကိုယ့်လူလည်း နှစ်သက်မယ်ထင်ပါတယ်လို့ ဆိုပြီး ခင်မောင်တိုးလက်ရွေးစဉ် သီချင်းတစ်ခွေကို လက်ဆောင်ပေးပါတယ်။ သေသေချာချာနားထောင်ဖြစ် တော့ တော်တော်သဘောကျမိတယ်။ ဒီနောက်မှာတော့ ကိုယ့်ဖေးဗရိတ်တွေထဲမှာ ခင်မောင်တိုးတစ်ယောက် ထပ်တိုးလာတယ်။ မဟာဆန်သူ၊ ဝေးခဲ့ပြီ ပန်းခရမ်းပြာ၊ လေးညှို့ရှင်စတဲ့ခင်မောင်တိုးသီချင်းများကလည်း ကိုယ့်အသည်းစွဲသီချင်းများ ဖြစ်လာရပြန်တယ်။ သူ့သီချင်းတွေထဲမှာ ‘မိုးဦးဝင်ရောက်လာတဲ့အခါ.. ရိုးမကိုဖြတ် ပြန်ရင်း.. ဆိုတဲ့ ကြိုးကြာသံသီချင်းခေါင်းစဉ်က အမှတ်ထင်ထင်။ ခုတော့ ခင်မောင်တိုးတစ်ယောက်လည်း သူ့သီချင်းထဲကအတိုင်း ဟိုးဝေးဝေးကြီး မိုင်ထောင်ချီခရီးကို ပျံသန်းသွားခဲ့လေပြီပေါ့။

ရှစ်ဆယ့်ရှစ် အရေးအခင်းအပြီး ကိုယ့်နေရာကိုယ့်ဌာနမှာ နေခွင့်မသာတော့ သူငယ်ချင်းတွေ တကွဲတပြား ဟို ဟိုဒီဒီအဝေး သင့်တော်ရာမှာ ပြေးသွားကြရတယ်။ ကိုယ်ရောက်ခဲ့တဲ့နေရာက မြို့ပြနဲ့ဝေးတဲ့တောရွာလေး တစ်ရွာမှာ။ ဒီနေရာလေးက ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးရဲ့ မွေးရပ်မြေ။ စိတ်ချမ်းသာလက်ချမ်းသာ နေနိုင် အောင်ဆိုပြီး မိတ်ဆွေက ကိုယ့်ကိုသီးသန့်အဆောင်ငယ်လေးတစ်ခုမှာ နေရာချပေးထားတယ်။ စာဖတ်ချင်လျင် ဖတ်၊ အိပ်ချင်လျင်အိပ်၊ တွေးချင်ရာတွေး၊ ဒီမိုကရေစီအပြည့်ရှိတဲ့ နေရာလေးလို့ သတ်မှတ်ကာ နေချင်သလို နေဖို့ကိုလည်း အခွင့်ပေးထားတယ်။

ကိုယ်တည်းခိုနေထိုင်ရာ အဆောင်ငယ်လေးရဲ့ ပြတင်းတံခါးကနေ လမ်းမျှော်ကြည့်လိုက်ရင် လယ်ကွင်းနှစ်ကွင်း အကျော်လောက်မှာ ရန်ကုန်မန္တလေး အမြန်ရထားလမ်းမ။ ရထားလမ်းကိုကျော်ပြီး ဟိုးခပ်ဝေးဝေးကို မျှော် ကြည့်လိုက်လျင်တော့ မှိုင်းညို့ညို့ ရှမ်းရိုးမတောင်တန်းကြီးကို ရေးရေးမျှ လှန်းမြင်ရတယ်။ ရထားဥသြသံ ကြား လျင် တို့တွေလှုပ်ရှားနေထိုင်ခဲ့ကြတဲ့ မန္တလေးမြို့ရဲ့တနေရာက အခန်းကျဉ်းလေးကို သတိရမိကြောင်း မိတ်ဆွေ ကို ပြောမိတော့ သူကထူးအိမ်သင်ရဲ့ လက်ရွေးစဉ် တေးစီးရီးတစ်ခွေယူလာပြီးပေးတယ်။ ဒါက မော်ဒန်ငိုချင်း တေးစီးရီးတစ်ခုလို့လည်း ပြောခဲ့တယ်။ သီချင်းတွေက အမေ့အိမ်၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ။ ရာဇဝင်များရဲ့ သတို့သမီး၊ အရင်အတိုင်း။ နာရီပေါ်က မျက်ရည်စက်များ၊ ဗင့်စင့်ဗင်ဂိုးတမ်းချင်းစတဲ့သီချင်းတွေ။ ရထားဥသြ သံတွေကြားတိုင်း အိမ်ပြန်ချင်စိတ်ဖြစ်နေတတ်တဲ့ကိုယ့်အဖို့ ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းက အိမ်ပြန်ချင် စိတ်ကို တွန်းအားပေးသလိုဖြစ်ခဲ့လို့ မိတ်ဆွေပြောတဲ့ မော်ဒန်ငိုချင်းဆိုတဲ့စကားက တကယ့်ကိုမှ မှန်ကန်တဲ့ မှတ်ချက်ပြုမှုရယ်လို့ လက်ခံခဲ့ပါတယ်။

ဒီလောက်ဆိုလျင်တော့ စတီရီယို ဂန္ထဝင်ပုဂ္ဂိုလ်ကြီးများနဲ့ ဘယ်လိုရင်းနှီးခဲ့ဖူးတယ်ဆိုတာ နားလည်လောက်ပြီ ပေါ့။ တကယ်တော့ သူတို့တွေနဲ့ အပြင်မှာ တွေ့ဖူးမြင်ဖူး စကားလက်ဆုံကြဖူးလို့ ရင်းနှီးခဲ့တာ မဟုတ်ပါဘူး။ လဖက်ရည်ဆိုင်ထိုင်ရာကနေ၊ ကက်ဆက်တိတ်ခွေ၊ စီဒီခွေ၊ အမျိုးမျိုးသော တေးအယ်လ်ဘမ်များကနေ၊ ခု နောက်ပိုင်းမှာတော့ အင်တာနက်ကနေ၊ သူတို့ရဲ့တေးသီချင်းသံတွေကို ကြားခဲ့ရတယ်။ ကြားခဲ့လွန်းလို့ အချို့ တေးသီချင်းများဆိုလျင်ဖြင့် အလွတ်တောင် ရလုနီးပါး။ သူတို့ဆိုဟန်၊ သူတို့အသံပါမက သူတို့မာန်တွေကိုပါ တောင် ကောင်းကောင်းဖမ်းစားနိုင်ပြီလို့ ဆိုနိုင်လောက်သည်အထိ ရင်းနှီးနေခဲ့တာ။ ခုတော့ သူတို့အားလုံး သူတို့ချစ်တဲ့ ပရိတ်သတ်တွေနဲ့အတူ သူတို့အနုပညာ၊ သူတို့သီချင်းသံတွေကို စွန့်ခွါလို့သွားခဲ့ကြပြီ။

အနုပညာအသိုင်းအဝန်းကသူတွေ ကွယ်လွန်တယ်ကြားရတိုင်း မိုးမိုးအင်းလျား ဈာပနမှတ်တမ်းမှာ ဆရာကြီး ဦးတင်မိုး ရေးထိုးခဲ့တဲ့ စာတိုလေးကို မမြဲသတိရမိတယ်။ ‘ချစ်သူတို့သက်တမ်း တိုလှ၏၊ မုန်းသူတို့ သက်တမ်း ရှည်လှ၏။ ကြေကွဲ၍ မဆုံးပါ’တဲ့။ စိုင်းထီးဆိုင်၊ထူးအိမ်သင်၊ ခု ခင်မောင်တိုး။ သူတို့အားလုံးရဲ့ သက်တမ်းဟာ ပျမ်းမျှလူ့သက်တမ်းအရ ပြောမယ်ဆိုလျင်ကိုပဲ တိုတောင်းတယ်လို့ ပြောရမည့်အရွယ်များသာဖြစ်တယ်။ နေမယ်ဆိုက နေနိုင်ကောင်းသေးတဲ့ အရွယ်ပိုင်ရှင်များသာဖြစ်တယ်။ ဒီအထဲမှာ အများတကာချစ်ခင်မှုကို ခံရတာကြောင့် မသေစေလိုသူတွေဖြစ်သမို့ ချစ်သူတို့သက်တမ်းအရ ပြောရမယ်ဆိုလျင်တော့ အလွန့်အလွန်မှ တိုတောင်းလွန်းတယ်လို့ ပြောရမည့်အရွယ်များသာဖြစ်တယ်။

ငယ်ကြီးနိမ့်မြင့် ဖြူမဲညိုဝါ အာဏာရှိမဲ့ မခွဲမခြား တသားတည်းပဲ သဘောထားတဲ့ သေမင်းကတော့ သူ့အသင်း အပင်းတိုးဖို့ရန်အတွက်ဆို ချစ်သူကိုလည်း ဆွဲလို့ခေါ်၊ မုန်းသူဆိုလည်း ချန်မထားလေတတ်တာက သူ့ရဲ့နိယာမ၊ သူ့ရဲ့ဓမ္မတာပဲ မဟုတ်လား။ ဒီတော့လည်း ရှည်စေလိုသူတွေရဲ့သက်တမ်းလည်း ပြဌာန်းထားတဲ့ သူ့ကံတရား အရသာ။ ပိုပိုကြာကြာ နေစေလိုပေမယ့်လည်း ပိုရှည်ခွင့်ဆိုတာ ဘယ်မှာဖြစ်လာနိုင်ပါ့မလဲ။

ခုတော့ ဘိုထီးလည်း မရှိ၊ ကိုငှက်ကြီးလည်း ပျောက်ကွယ်၊ ကိုတိုးကြီးလည်း ထွက်ခွါသွားခဲ့ပြီမို့ တကယ်လို့များ အမေ့အိမ်ကိုပြန်ခဲ့လို့ ခြင်္သေ့လည်ပြန်ကြည့်ဖြစ်ခဲ့မယ်ဆိုလျင်တောင် ကြိုးကြာငှက်တို့ကိုတော့ ဘယ်လိုမှ တွေ့ ခွင့်သာနိုင်တော့မယ် မဟုတ်တော့ပါဘူး။

သို့ပေမယ့် ဝေဟင်မှာ လွင့်ပျံဝဲကျန်နေရစ်မည့် သူတို့ရဲ့တေးသံတွေ။ သူတို့ကိုချစ်သူတွေရဲ့ နှလုံးသားမှာ စွဲထင် ကျန်နေမည့် သူတို့ရဲ့ပုံရိပ်နဲ့ တေးသံတွေကတော့ နောင်နှစ်ပေါင်းရှည်ကြာ ရှင်ကျန်နေပေလိမ့်ဦးမယ်။ သူတို့ တွေဟာဖြင့် တိုလျလှတဲ့ သူတို့တွေရဲ့သက်တမ်းများကြားကပဲ ရှည်လျားလှတဲ့အလွမ်းများကိုတော့ ချစ်သူတွေ အတွက် အမှတ်တရ ချန်ထားရစ်နိုင်ခဲ့ကြတယ်။ ဒါသည်ပင်လျင် ဂန္ထဝင်များရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဂန္ထဝင်များသာပဲ မဟုတ်ပါလားလေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to အမေ့အိမ်က အပြန်၊ ခြင်္သေ့လည်ပြန် အကြည့်၊ ကြိုးကြာငှက်လည်း မရှိတော့ပြီ

  1. Arkar on November 18, 2012 at 12:30 pm

    It was a sad day for Myanmar own tune music industry.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်