ငတုံးတို့ တိုင်းပြည်

November 19, 2012

ဖိုးထက်
နိုဝင်ဘာ ၁၉၊ ၂၀၁၂
 “လူတစ်ယောက်က အလကားနေရင် အလကားလူဖြစ်မှာဘဲ။” ဆိုတဲ့ စာကြောင်းကို ဘယ်တက်ကျမ်းထဲမှာ ဖတ်ဘူးလဲ မသိဘူး။ ကျနော် ဖတ်ဘူးတယ်။  သိတဲ့အတိုင်း။ တက်ကျမ်းတွေဆိုတာလဲ ဖတ်တုန်းသာ ကောင်းတာ။ ပြီးတော့လဲ ခေါက်ရိုးကျိုးနေတဲ့ စိတ်ကို ဘယ်လိုပြင်ပါ့မလဲ။ ဒုံရင်းက ဒုံရင်း ပြန်ရောက်တာပါဘဲ။

ကျနော် အလကားနေ နေတဲ့ အချိန်တွေ အတော်များသွားခဲ့တယ်ထင်ပါရဲ့။ ဘာစာမှ မဖတ်၊ ဘာမှ မလေ့လာ။ ဘာကို မှ မသိချင်။ ဘယ်သူပြောတာမှ စိတ်မ၀င်စား။ အဲဒီတော့ အလကားလူကြီး ဖြစ်နေခဲ့တယ်။ သို့သော် အင်တာနက်က သတင်းတွေကတော့ ပြတ်သွားတယ်မရှိ လှပါဘူး။ သတင်းတွေ၊ သတင်းတွေ။ ကျနော်လိုကောင် ဘယ်လိုမှ လိုက်လို့မမှီတဲ့ သတင်းတွေ။ များမှ များ။ စုံမှ စုံ။

ကောင်းတဲ့ သတင်းတွေ။ အတုယူဖွယ် သတင်းတွေလဲ တွေ့ရပါရဲ့။ အမေရိကန်က ဘဲကြီး ဟိုး အမြင့်ကြီးကနေ လေထီးနဲ့ ခုန်ချတာကြည့်ပြီး လူဆိုတဲ့ သတ္တ၀ါဟာ ဒါကြောင့် လောကကြီးအပေါ် စိုးမိုးထားနိုင်တာလို့ တွေးမိခဲ့ပါရဲ့။ သူ့လို လူစွန့်စားတွေ ကျနော်တို့ သမိုင်းမှာ ရှိတယ် ထင်ပါတယ်။ မီးပုံးပျံဦးကျော်ရင် ဆိုတဲ့ လူကြီး မီးပုံးပျံကြီး စီးလိုက်သွားပြီး လေထီးမပါ၊ ဘာမပါဘဲ အလွတ်ခုန်ချတဲ့ လူစွမ်းကောင်းတွေ ရှိခဲ့တာဘဲလေ။ ထိခိုက်ဒဏ်ရာရတာတောင် မစွန့်လွှတ်ဘဲ ဆက်ပြီး စတန့်တွေ ပြခဲ့သေးတယ်ဆိုတော့ ဒီ ယန်းကီးကြီးကို သိပ်တော့လဲ အထင်မကြီးမိပါဘူး။

သူကမှ ခေတ်မှီ စက်ကရိယာတွေ၊ အထောက်အကူပြု ပစ္စည်းတွေ၊ လူတွေ အများကြီး သိုင်းဟဲ့၊ ၀ိုင်းဟဲ့ ဆိုပြီးမှ ခုန်ချရဲတာပါ။ ဦးကျော်ရင်သာ ရှိလို့ကတော့ ပုဆိုးခါးတောင်းလေး ကျိုက်ပြီး ခုန်ချပြလိုက်ချင်ရဲ့လို့တောင် ပြောမလား မသိပါဘူး။ ခက်ပါတယ်လေ။ ကျနော့်မှာလဲ သူများနိုင်ငံတွေ တိုးတက်၊ စည်ပင်တာတွေ့ရင် အတိတ်က ရွှေထီးကြီးတွေကို မေးငေါ့ငေါ့ထိုးပြပြီး ပျင်းတောင် ပျင်းသေးတယ် လုပ်ချင် လုပ်နေတတ်သာရယ်။

အဲဒီလို နိုင်ငံတစ်ကာသတင်းတွေကော၊ သာကီမျိုးဆိုတဲ့ လူတွေ သတင်းတွေကော သတင်းစုံဖတ်။ ပြီးရင် ဘာကိုမှ အဆုံးထိရောက်အောင် မစဉ်းစားဘဲ အလကားလူ ဖြစ်နေခဲ့တာ ထင်ပါရဲ့။ သတင်းတွေ ဖတ်ရင်း ဖတ်ရင်း မနှိုင်းကောင်း၊ နှိုင်းကောင်း ဗုဒ္ဓဘုရားရှင်ကို သတိရလာတယ်။ ဘုရားရှင်က ဘုရားဖြစ်ဖြစ်ချင်း သတ္တလောကကြီးကို ခြုံငုံပြီး ကြည့်လိုက်တော့ သတ္တ၀ါတွေ၊ သတ္တ၀ါတွေ ဆိုးရွားလိုက်ကြတာဆိုပြီး တရားတောင် မဟောချင်လောက်အောင် စိတ်ပျက်သွားဘူးတယ်တဲ့။ ပြီးတော့မှ ဗြမ္မာကြီး တစ်ပါးက လာပြီး တောင်းပန်မှ လက်ခံတော်မူတယ်တဲ့ မှတ်သားထားဘူးတယ်။ သဗ္ဗုညုတဥာဏ်တော်နဲ့ လူတွေရဲ့ စိတ်နှလုံး ကအစ သိနေတဲ့ ဘုရားရှင်တောင် စိတ်ပျက်သလို ဖြစ်သွားဘူးရင် ဘာမှ မသိတဲ့ ကျနော် စိတ်ပျက် လက်ပျက်တွေ ဖြစ်နေတာ မလွန်ဘူးဟဲ့လို့ ကိုယ့် ကို ကိုယ် အားပေးမိသေးတယ်။

သတင်းတစ်ပုဒ်ဆိုပါစို့။ မြန်မာနိုင်ငံမှာ ဆရာကြီးလို့ ပြောလို့ရတဲ့ ဆိုင်ကြီးက မြန်မာငွေ ငါးထောင်နဲ့ Hand set တွေ ရောင်းပေးမယ်လို့ ဆိုပြီး ဖြစ်ကြတဲ့ ပြဿနာ သတင်းပါ။ ကျနော့်အတွက်တော့ သိပ်တော့ မထူးဆန်းပါဘူး။ ကိုယ့်နိုင်ငံမှ မဟုတ်ပါဘူး။ သူများနိုင်ငံတွေလဲ အဲဒီလို ရောင်းသူဘက်က သေသေချာချာ မပြင်ဆင်ဘဲနဲ့ လူအုပ်ကြီးကို စိတ်ဆွအောင်သွားလုပ်သလိုဖြစ်ရင် ဖြစ်ကြမှာဘဲ။ ဘာမှ မထူးဆန်းဘူးလို့ဘဲ ခံယူမိတယ်။ ဒီလိုနဲ့ အဲဒီသတင်းအကြောင်းကို သူငယ်ချင်း တစ်ယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း ဒင်းက ထတဲ့ပြီး “မြန်မာလူမျိုးဆိုတာ အချောင်ရရင် အဲဒီလိုဘဲဟဲ့။” ဆိုတဲ့ မှတ်ချက်ကြီးကြောင့် စကားကို အမြန်ဖြတ်ပြီး ထွက်လာခဲ့ရတယ်။

မြန်မာလူမျိုးမှလားဗျာ။ ဒီ ဒွန်ဒ္ဒြန်ရာကြီးမှာ လူဆိုတဲ့ အမျိုးက မွေးရာပါ သက်သက်သာသာ၊ အချောင်လိုချင်တဲ့ စိတ်ပါပြီးသား။ သက်သက်သာသာနေချင်ကြလို့ မော်တော်ကားတွေတီထွင်ကြတာပေါ့။ လေယာဉ်တွေ တီထွင်ကြတာပေါ့။ အလုပ် နည်းနည်းလုပ်ပြီး ပိုက်ဆံများများရတဲ့ အလုပ်တွေ ရှာနေကြတာပေါ့။ သူပြောပုံက မြန်မာလူမျိုးကို နှိမ်တယ်လို့ဘဲ ခံပျင်းမိတယ်။ ဒီကိစ္စမှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဘေးချိတ်။ ဒီတယ်လီဖုန်း မော်ဒယ်လ်ခပ်အောက်အောက်ရဖို့ လူတွေ အများကြီး တိုးရ၊ ဝှေ့ရတာ နိုင်ငံဆင်းရဲလို့ဘဲ လို့ မြင်မိတယ်။ နိုင်ငံဆင်းရဲတာ ဘယ်သူ့အပြစ်လဲ။ ကျနော်တို့ ပြည်သူတွေ အပြစ်လားဗျာ။ ကျနော်တို့ ပြည်သူတွေ တယ်လီဖုန်း Hand set မော်လ်ဒယ်ခပ်အောက်အောက်ကို လိုချင်တာ အပြစ်လားဗျာ။ မြန်မာလူမျိုး အချင်းချင်း တစ်ဆင့်နှိမ့်ကြည့်ချင်တဲ့ အဲဒီမျက်စိ၊ အတွေးတွေ ဒင်း ဘယ်က ရနေမှန်း မသိဘူးလို့ တွေးနေမိခဲ့တယ်။

နောက်ထပ်သတင်းတစ်ပုဒ်နဲ့ ပါတ်သက်ပြီး ကျနော့်မှာ ငယ်ပေါင်းကြီးပေါ်ဘော်ဒါနဲ့ စကားအခြေအတင် ကိုဖြစ်လိုက်ရသေးတာ။ ဒီကောင်နဲ့ ကျနော်က ပြောမနာဆိုမနာဆိုတော့ ကျနော်ပြောတာလဲ ဒင်းက နာမှာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် သူပြောတဲ့ စကားကြောင့် ငါ့သူငယ်ချင်း အရင်းကြီး၊ ငါခင်ရတဲ့ သူငယ်ချင်းကြီးက စိတ်ပျက်စရာကောင်းလိုက်တာလို့ ပြောပြစ်ခဲ့တာ။ ဒင်းက ဘုရားဖြစ်မယ့် အုတ်နီခဲ့ကြီးရဲ့။ လုပ်စမ်းပါအုံးဆိုပြီး ခနဲ့ တဲ့တဲ့နဲ့ လိုက်ချော့လို့ ကျနော် ဘာမှ ဆက်မပြောတော့ဘဲ နေခဲ့တယ်။

သတင်းက ဒီလိုဗျ။ မြန်ကြီးနားရထားက ဆီတင်တွဲ လမ်းချော်ပြီး မှောက်တဲ့ သတင်း။ ရထားလမ်းဘေးက ရွာတွေကနေ ထွက်လာကြပြီး ဆီတွေ အလုအယက်ခပ်နေကြတုံးမှာ မီးလောင် သေကြ၊ ကြေကြရတဲ့ သတင်း။ အဲဒီသတင်းအတွက် ဒီကောင်မှတ်ချက်ပေးတာ ကြည့်အုံး။ သေတာတောင် နည်းသေးတဲ့။ ဒီလောက် ငတ်ကြီး ကျနေတာကိုးတဲ့လေ။ ကျုပ်မှာ ဒေါသထွက်လွန်းလို့ ဘယ်အပေါက် ကထွက်ရမှန်းတောင် မသိ ခဲ့ဘူး။

“မင်း ဒီလိုတော့ မပြောနဲ့။ မင်းက ခေတ်ပညာတတ်လို့ သတ်မှတ်တဲ့လူ။ အန္တရယ်ရှိတယ်လို့ သိတဲ့သူ။ ဒီသေသွားတဲ့ လူတွေ၊ ဒဏ်ရာရတဲ့ လူတွေက မင်းလောက် ပညာတတ်ချင်မှ တတ်မယ်။ မင်းလောက်အသိရှိချင်မှ ရှိမယ်။ ဒါပေမယ့် မှောက်တဲ့ နေရာကိုလာပြီး ဆီခပ်ကြတာ သူဌေးဖြစ်ချင်ကြတဲ့ စိတ်နဲ့ ခိုးကြ၊ ၀ှက်ကြတာ မဟုတ်ဘူးကွ။ ခိုးတယ် ၀ှက်တယ်ဘဲထားအုံး သူတို့ အန္တရယ် သူတို့ မမြင်နိုင်လောက်အောင် လောဘဇောတိုက်နေတယ်လို့ ငါမထင်ဘူး။ မင်း အဲဒီနယ်ဘက်တွေ ရောက်ဘူးရင်သိမယ်။ လုပ်ကိုင်စားသောက်ရတာ ဘယ်လောက်ခက် ခဲတယ်ဆိုတာ မင်းမသိဘူး” ဆိုပြီး နှုတ်သီးကောင်း လျှာပါး ကျနော် ရန်တွေ့ပြစ်မိတယ်။

တယ်လီဖုန်းခပ်စုတ်စုတ်အတွက်၊ ဆီလေး နည်းနည်းပါးပါးရဖို့အတွက် တိုက် ခိုက်နေရတဲ့ လူတွေကို အပြစ်ပြောချင်တဲ့ ကျနော့် သူငယ်ချင်းလို အကောင်တွေ ဘယ်လောက်များ ရှိနေမှာလဲ။ လေးလ တစ်ခါလောက် မော်လ်ဒယ် တစ်မျိုးပြီး တစ်မျိုးထွက်နေတဲ့ Hand set တွေနောက်ကို ပိုက်ဆံတတ်နိုင်တဲ့ နိုင်ငံသားတွေ လိုက်နေကြတာဘဲ။ ကိုယ့်ဝင်ငွေနဲ့ကိုယ် မိသားစုကို ထောက်ပံ့နိုင်၊ သုံးနိုင် ရင် ဘယ်သူက လူအုပ်ကြားထဲ သွားပြီး အော်ဟစ် တန်းစီမှာတုံး။ ဘယ်သူက အန္တရယ်ရှိတဲ့ နေရာကိုသွားပြီး ဆီခပ်ဖို့ ကြိုးစားကြမှာတုံး။ အခုတော့ ဆင်းရဲနေတဲ့ ပြည်သူ ပြည်သားတွေကို ဆန်မရှိရင် ပေါင်မုန့်စားဆိုတဲ့ မိန်းမကြီး လေသံနဲ့ အထက်စီးက ပြောတဲ့ လေသံကို ကျနော့်မှာ အမုန်းကြီးမုန်းလွန်းလို့။ စိတ်ဒုက္ခတွေရောက်လို့ ပေါ့ဗျာ။

ဘယ်သူတွေက တိုင်းပြည်ကို နစ်မွန်းအောင် လုပ်ထားခဲ့ကြတာတုံး။ လူတိုင်းသိ၊ တစ်ကမ္ဘာလုံး အသိ။ လုပ်ခဲ့ကြတဲ့ လူတွေကို အပြစ်ပြောနေဖို့ ကျနော်က ဆိုလိုတာ မဟုတ်ပါဘူး။ ဘာအကျိုးမှလဲ မရှိပါဘူး။ ဒီလို ဒီလိုတွေ လုပ်ခဲ့ကြတယ်၊ ခိုးခဲ့ကြတယ်။ ၀ှက်ခဲ့ကြတယ်။ ဒါကို နောင်လာနောက်သားတွေ သိရင်၊ သင်ခန်းစာယူနိုင်ကြရင် ကျနော်တို့ တာဝန်ကျေပြီလို့ဘဲ မှတ်တယ်။

သူငယ်ချင်းနှစ်ယောက်နဲ့ သတင်းနှစ်ပုဒ်နဲ့ စကားများရတာ အားမရသေးခင် ဒေါ်စုတင်တဲ့ ပညာရေး အဆိုကို ၆၄ ယောက်သော လွှတ်တော် အမတ်တွေ ကန့်ကွက်တယ်ဆိုတဲ့ သတင်းဖတ်ရတော့ သတင်းတစ်ပုဒ်ကို ဆက်စပ်ပြီး သတိရမိတယ်။ အမေရိကန်မှာ ကလေးတွေ ကျောင်းကားရပ်ထားတဲ့ အချိန် ကျော်မတက်ရဘူးလို့ သတ်မှတ်ထားပါရဲ့နဲ့ ပလက်ဖောင်းပေါ်ကနေ ဇွတ်ကျော်တက်မောင်းသွားတယ် ဆိုတဲ့ သတင်း။ အဲဒီအမျိုးသမီးကို တရားရုံးက “ကျမ ငတုံးကြီးပါ” ဆိုတဲ့ စာတမ်းကို ရင်ဘတ်မှာစွဲပြီး အခင်းဖြစ်တဲ့ နေရာမှာ သွားရပ်နေခိုင်းတဲ့ စီရင်ချက်ကို ကြားရတော့ ကျနော်က အားရတယ်။ မတော်တဆ ကလေး လေးတွေ တိုက်မိ ခိုက်မိရင် ဘယ်လိုလုပ်မှာတုံး။ ကောင်းတယ်။ မှတ်ကရောလို့ ငယ်ငယ်က ကျနော်ချွန်တွန်းလုပ် လို့ အမတွေ အရိုက်ခံရတဲ့ ခံစားမှုမျိုး ပြန်ရတယ်။

အခုဘဲ နိုင်ငံပညာရေးအတွက် အဆိုတောင်မှဘဲ ၆၄ ယောက်သော မြန်မာနိုင်ငံသား လွှတ်တော်ကိုယ်စားလှယ်ကြီးက ကန့်ကွက်တယ် ဆိုတော့ အမေရိကားကလို “ကျနော်တို့ ငတုံးကြီးတွေပါ” လို့ စာတမ်းစွဲပြီး ရန်ကုန်တက္ကသိုလ် အပေါက်ဝမှာ သွားထားချင်စိတ် ပေါက်လာ တယ်။ ပြီးတော့ ဆင်းရဲတဲ့ ပြည်သူလူထုကို ကိုယ်ချင်းမစာဘဲ ပညာတတ်လေသံတွေနဲ့ နှိမ်ပြောချင်တဲ့ ကျနော့် သူငယ်ချင်း နှစ်ကောင်ကိုလဲ “ကျနော်တို့ ငတုံးကြီးတွေပါ” လို့ လည်ပင်းမှာ စာဆွဲပြီး လ္ဘက်ရည် လိုက်တိုက်ချင်သေးတာရယ်။ အေး ငါတို့တုံးရင် နင်လဲ ငတုံးဘဲလို့ စောဒက တက်ကြလို့ ကျနော်ပါ ဆွဲရမယ်ဆိုရင်ဖြင့် စာသားနည်းနည်းပြင်ရမယ်။

“ကျနော် ငတုံးကြီးပါ။ သို့သော် မည်သူ့ကိုမှ ထိခိုက်အောင် မတုံးပါ” ဆိုတဲ့ စာသားဆွဲပြီး လမ်းလျှောက်ပြလိုက်ချင်ပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

5 Responses to ငတုံးတို့ တိုင်းပြည်

  1. Naing on November 20, 2012 at 8:23 am

    ရေးသားချက်ကောင်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း အစပိုင်း ဆီခပ်သူတွေကို နဲနဲ အပြစ်တင်မိပါသေးတယ်။ မီးလောင်ရင် ၀င်လုတဲ့သူတွေ၊ သင်္ဘောတွေနစ်ရင် လူတွေကို မကယ်ပဲ လက်ဝက် ရတနာ လုတွေကိုကော ဘယ်လိုမြင်ပါသလဲ။

  2. ဘုရင် on November 20, 2012 at 10:16 am

    အလွန်ကောင်းပါသည်။ တန်ဖိုးရှိသောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ တစ်ခါကသတင်းစာတွင် ကျောင်းသားတွေ အတွက်အကြံပြုရေးထားတဲ့ဆောင်းပါးတစ်ပုဒ်လိုပါပဲ သိပ်ကြိုက်တယ်။အဲဒီဆောင်းပါးမှာဆောင်းပါးရှင်က ကျွန်တော် နိုင်ငံကကလေးတွေအားလုံးအင်္ဂလိပ်စကားပြောတတ်ဖို့အတွက် သူငယ်တန်းကနေစပြီး အင်္ဂလိပ်စကား ပြောသင်ပေးသင့်တဲ့အကြောင်း၊ ဆယ်တန်းအောင်တာနဲ့အင်္ဂလိပ်ပြောတတ်လာမယ်ဆိုတဲ့ အကြောင်း ရေးသားထားတာ သဘောကျမိပါတယ်။ ကျောင်းတွေမှာ အဲလိုများသင်ပေးလိုက်ရင် မနေ့က အိုဘားမား ပြောသွားတဲ့စကားတွေကို တိုက်ရိုက်နားလည်ကြတဲ့ အဖြစ်မျိုးကြုံရမှာပါ။ ပညာရေးပတ်သက်တဲ့ ကောင်းတဲ့ အကြံတွေကို တာဝန်ရှိတဲ့သူတွေ လက်ခံသင့်တယ်လို့ ထင်ပါတယ်။

  3. dadaoo on November 20, 2012 at 9:12 pm

    သိပ်ကောင်းတဲ့ စာပါ ။ မိသားစုထဲကစသိ ၊ သူငယ်တန်းကကိုဆက်သိ ….တက္ကသိုလ်လဲထွက်ရော တေိာတေိာ ကောငိး ရော ။

  4. မောင်ပျာလောင် on November 21, 2012 at 3:29 am

    ဦးဖိုးထက်ရယ် လွှတ်တော်ထဲက ၆၄ ယောက်ဟာ လုံးဝ ငတုံးကြီးတွေမဟုတ်ပါဘူး၊ လမ်းတစ်ချမ်းခင်းကြီးနဲ့ ပေါင်းပြီး တစ်ချမ်းတုံးကြီးတွေပါ။ အမေစု ဘာတင်တင် ကန့် ကွက်မယ်ဆိုပြီး တစ်ချမ်းတုံးကြီးနဲ့  ၀င်လှီးတာပါ၊ အဲဒီ့အထဲမှာ ပညာရေးဝန်ကြီးလည်း ပါနေတော့ – – – ချောင်းရိုးမှာ – ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ – လို့ ဆိုနေတဲ့အချိန်မှာ၊
    ချောင်းတစ်ဖက်ကမ်းမှာတော့ – ချေးတုံကြီးမျောလာတာကို မစားရ၀ခမန်း ဂတ် ဂတ် လို့ အော်ပြီးလိုက်နေတဲ့ ဘဲ ၆၄ ကောင်နဲ့ မတူဘူးလား ? ? ?

    • aungkyisoe on November 21, 2012 at 3:27 pm

      very nice comment !!ppppppppppp

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်