ဝါရှင်တန်မက်ထရိုအရပ် သပြေညိုကျောင်းရိပ်က မေငြိမ်း (Interview with May Nyane)
November 20, 2012
မိုးမခအင်တာဗျူး၊ နိုဝင်ဘာ ၂၀၊ ၂၀၁၂
          စာရေးဆရာမ၊ မြန်မာစာဆရာမ (ဒေါ်)မေငြိမ်းနဲ့ မိသားစုတို့ ၂၀၀၉ နှစ်ဆန်းပိုင်းမှာ အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသကို ပြောင်းရွှေ့အခြေချထိုင်ခဲ့တယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းလတွေမှာ စာရေးဆရာမနဲ့ မိသားစုဟာ ထိုင်းမြန်မာနယ်စပ်ဒေသမှာ ‘ရွေှ့ပြောင်းမိသားစု’အဖြစ် ရုန်းကန် စွန့်စားမှုတွေကို ဖြတ်သန်းခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စုရောက်ရှိပြီး စာပေနဲ့ စာနယ်ဇင်းအသိုင်းအ၀ိုင်းမှာ ကျင်လည်နေရင်းကနေ သူနေထိုင်ရာ ကွန်မြူနီတီနဲ့အတူ မြန်မာဘာသာစကားသင်တန်းကျောင်းလေးတခုကို ကိုယ်ထူ ကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး မိဘတွေ၊ လူငယ်တွေ၊ ကလေးတွေနဲ့ စုပေါင်းလို့ ဖွင့်လှစ်ခဲ့ကြတယ်။ စာသင်ကျောင်းလေးနံမယ်က သပြေညို။ ပြည်ပမှာ ရောက်ရှိနေတဲ့ စာရေးဆရာမ မေငြိမ်းကို မိုးမခက လက်ရှိဖြတ်သန်းနေမှုနဲ့ မြန်မာကွန်မြူနီတီရဲ့ သပြေညိုကျောင်းရိပ်ကလေးအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။   ။ စာရေးဆရာလား၊ ကျောင်းဆရာမလား၊
ဖြေ။     ။ တကယ်ကတော့ ကျမက စာရေးဆရာမဘ၀ကို အရင်ရောက်တာပါ။ စာရေးဆရာဖြစ်ပြီး ၅လ အကြာမှာ ကျောင်း ဆရာမ ဖြစ်ပါတယ်။ ကဗျာရေးဖြစ်တာကတော့ ပိုစောတာပေါ့။ ၁၉၈၅ မှာ ကဗျာစရေးတယ်။ ရန်ကုန် တက္ကသိုလ်ထဲမှာ ကဗျာစာအုပ်တွေအများကြီး ထုတ်တယ်။ ၁၉၈၆ မေလမှာ မဂ္ဂဇင်း ထဲစ ပါတယ်။ ပေဖူးလွှာ မဂ္ဂဇင်းမှာ..။ နောက် ၁၉၈၆မှာပဲ နိုဝင်ဘာလမှာ ရန်ကုန် တက္ကသိုလ် (လှိုင်) မြန်မာစာဌာနမှာ ဆရာမ စဖြစ်တယ်။ မြန်မာနိုင်ငံမှာ တရားဝင်ဆရာမဘ၀က ၂၀၀၅ ဖေဖော်ဝါရီ လထိ  ဒဂုံတက္ကသိုလ် မြန်မာစာဌာနမှာ ကထိက လုပ်ခဲ့တာ နောက်ဆုံးပေါ့။ ကျမက ကျောင်းဆရာမ ဘ၀နဲ့ လည်း ရေစက်ပါတယ်။ ခုကျတော့လည်း နိုင်ငံခြားဘာသာစကားသင်ကျောင်းတစ်ကျောင်းမှာ မြန်မာဘာသာစကားသင်ဆရာမ လုပ်ခွင့်ရနေပါတယ်။ စာရေးဆရာ အလုပ်ရော ကျောင်းဆရာမ အလုပ်ရော နှစ်မျိုးစလုံး ကို ကျမ အင်မတန် ကြိုက်ပါတယ်။ ဒါပေမဲ့ သေတပန် သက်တဆုံး တကယ် လုပ်သွားချင် တာက တော့ စာရေးဆရာမ … ပါ။ 
အခု ကျောင်းလေးကို ဘာကြောင့် စတင်ဖြစ်တာလဲ။
ကျမ ၂၀၀၅ မတ်လမှာ တိုင်းပြည်ထဲက ထွက်လာပြီး ထိုင်းမှာ နေတယ်။ ဇင်းမယ် မှာ။ အဲဒီမှာလည်း ကျမ သားသမီးတွေကို မြန်မာစာ သင်တယ်။ နောက် ထိုင်းမှာ မြန်မာစာနဲ့ ပတ်သက်လို့ အကူအညီ တောင်းသမျှ လိုက်ကူတယ်..။ ကျမက မြန်မာစာကို ချစ်လို့ လေ့လာလိုက်စားခဲ့တော့ မြန်မာစာနဲ့ ပတ်သက်လို့ တန်ဖိုးရှိမယ့် ကိစ္စမှန်သမျှကို ကိုယ်တတ်နိုင်တာလေး လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ပါပဲ။ ဒီလိုနဲ့ ၂၀၀၈ ဒီဇင်ဘာလကုန်ပိုင်းမှာ အမေရိက ရောက်တော့လည်း ကျမက နွေရာသီမှာ ကျမ သားသမီးတွေကို မြန်မာစာသင်မှာမို့ ကျမအနားဝန်းကျင်က မြန်မာစာသင်ချင်တဲ့ ကလေးတွေပါ တက်ချင်ရင်လာတက်ဖို့ ခေါ်ရင်းနဲ့ စသင် ဖြစ်တာ။ ပထမတော့ တအိမ်အိမ်မှာ စုသင်မယ်ပေါ့။ နောက်တော့ ကျမတို့ ၀ါရှင်တန်ဒီစီ ဧရိယာ တ၀ိုက်မှာ ရှိတဲ့ ဘာပဲလုပ်လုပ် အတူတူ စုလုပ်နေကျ မြန်မာမိသားစုတွေကပဲ နွေရာသီ မြန်မာစာ ကျောင်း လေး ဖြစ်လာအောင် ၀ိုင်းပြီး အကောင်အထည်ဖော်ပေးခဲ့ကြတာပါ။
အဲသည်တုန်းက မြန်မာမိသားစုတွေ ဘယ်လိုဝိုင်းဝန်းခဲ့ကြတာလဲ
အဲဒီတုန်းက ကျမ အမေရိက ရောက်တာ တနှစ်ကျော်ကျော်ပဲ ရှိသေးတာ.. ဘာမှ သိပ်မသိသေးတော့ သူတို့ပဲ ၀ိုင်းပြီး ပိုက်ဆံတွေစုကြ.. လုံခြုံစိတ်ချရပြီး အာမခံရှိတဲ့ ကျောင်းခန်းငှားကြ.. တာဝန်ခံကြရ တာ..။ သားသမီး ရှိတဲ့သူလည်း ပါ.. သားသမီး မရှိတဲ့သူတွေလည်း ပါပြီး ၀ိုင်းထူထောင်ခဲ့ကြတာ။ ဗာဂျီနီးယားက မိသားစုတွေပါ ပါခဲ့တော့ မက်ထရိုပိုလီတန်ဧရိယာမိသားစုတွေ စခဲ့ကြတယ်လို့ ပြောရ မှာပါပဲ။ စတုန်းက နွေရာသီကျောင်းလောက်ပဲ မှန်းခဲ့တာ။ နောက်တော့ ကလေးတွေက မယုံနိုင် လောက်အောင် မြန်မာစာမှာ စိတ်ဝင်စားပြီး ကျောင်းမှာ ပျော်ကြတာနဲ့ တနှစ်ပတ်လုံးအတွက် စနေ ပုံမှန်  ကျောင်းလေး ဖြစ်သွားတော့တာပါ။
ဒါဆိုရင် အပတ်စဉ်မြန်မာကျောင်းလေးပေါ့။
စနေနေ့တိုင်း နေ့လယ် ၂နာရီခွဲကနေ ညနေ ၅နာရီခွဲအထိ ပါ။ ခု ကျောင်းသား စုစုပေါင်း ၅၂ ယောက် ရှိပါတယ်။ ဆရာ ဆရာမ က ကျမအပါအ၀င် ၁၂ယောက်။ သူငယ်တန်းကိုပဲ အဆင့်ခွဲ ၄ဆင့် ခွဲထားပါတယ်။ ပြီးတော့ အတန်းချိန်ကို အချိန်ဇယားအတိုင်း သင် ကြပါတယ်။ နိုင်ငံတော်သီချင်းဆိုတာကနေစပြီး အိမ်စာစစ်တာ..နာရီဝက်၊  ပြီးခဲ့တဲ့ အပတ်က သင်ခန်းစာ ကို ပြန် လေ့ကျင့်ချိန် နာရီဝက်.. သင်ခန်းစာအသစ် သင်ချိန် နဲ့ သင်ခန်းစာအသစ် လေ့ကျင့်ချိန် တစ်နာရီ..၊ စာဖတ်ချိန် နာရီဝက် နဲ့ စကား ပြောချိန် နာရီဝက်လို့ သတ်မှတ်ထားပါတယ်။
မိဘတွေ အကြောင်း ပြောပါဦး။
ဒီကျောင်းကို အဓိက ထောက်တိုင် သုံးဘက် နဲ့ လည်ပတ်နေတာမှာ ထောက်တိုင်တစ်တိုင်က မိဘ တွေပါပဲ။ ကျန်တဲ့ ထောက်တိုင်နှစ်တိုင်ဖြစ်တဲ့ ဆရာတွေနဲ့ ကျောင်းသားတွေ အရေးပါသလို မိဘတွေ ကလည်း အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကျောင်းက မူလတန်းကျောင်း တကျောင်း ရဲ့ မုန့်စားခန်းမကျယ်ကြီးကို နာရီနဲ့ စနေအပတ်စဉ် အခကြေးငွေ ပေးပြီး ငှားရတာမို့ရော၊ ကလေး တွေရဲ့ ACTIVITY တွေနဲ့ ကျောင်းကုန်ကျစရိတ်တွေအတွက်ရော ပိုက်ဆံ သုံးဖို့ လိုတာမို့လို့ ကျောင်းသား တစ်ယောက်ကို တစ်လ ၃၀ ကျောင်းလခ ပေးရပါတယ်။ မောင်နှမ နှစ်ယောက်ရှိရင် ၅၀ ပဲ ပေးရပါ တယ်။ အဲလို ငွေကြေးကိစ္စတွေပါတဲ့အပြင် နယ်မြေက သတ်မှတ်ထားတဲ့ ကျောင်း စည်းမျဉ်း စည်းကမ်းတွေ လိုက်နာရတာလည်း ရှိလေတော့ စာရင်းအင်း နဲ့ စည်းကမ်း ထိန်းသိမ်းရေး တွေ ရုံး လုပ်ငန်းတွေလည်း ရှိလာပါတယ်။
ကျောင်းလေးတကျောင်းရဲ့ တာဝန်တွေ၊ လည်ပတ်မှုတွေက ဘယ်လိုရှိသလဲ။
အယောက် ၅၀ ၀န်းကျင်ရှိတဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ ငွေကြေးကိစ္စ၊ စည်းကမ်းတကျ ရှိဖို့ကိစ္စ နဲ့ အိမ်သာ သွားတာကအစ လိုက်ဂရုစိုက်ကြရတဲ့ ကိစ္စမှာ မိဘတွေက စနစ်တကျကို ဂျူတီတွေခွဲယူပြီး အပြည့်တာဝန်ယူကြတာပါ။ ငွေးကြေးကိစ္စကို Accountant ကို professional လုပ်နေကြတဲ့ အမေအဖွဲ့က အလှည့်ကျ တာဝန်ယူပါတယ်။ ရုံးပိုင်းဆိုင်ရာလိုအပ်ချက်ကိုလည်း အဲလိုအပိုင်းမှာ သေသေ ချာချာ သင်တန်းတက်ထားပြီး နားလည်တဲ့ အမေတွေက တာဝန်ယူပါတယ်။ ကျောင်း စည်းမျဉ်း စည်းကမ်း နဲ့ ညီဖို့ကိုလည်း သူတို့ကိုကိုယ်တိုင် Public School မှာ ဆရာမဖြစ်တဲ့ အမေ နဲ့ ကိုယ်ပိုင် ကလေး ထိန်း ကျောင်း ထောင်ထားတဲ့ အမေတွေနဲ့ တိုင်ပင်ပြီး လုပ်ကြတယ်။ အဖေတွေက ကျောင်း အလာ.. အပြန် နဲ့ ကစားကွင်းတွေမှာ ထိန်းပေးကြတယ်။ တစ်လ တစ်ခါ မိဘဆရာ အစည်းအဝေး လုပ် ပါတယ်။ သိပ် စည်းကမ်းရှိကြပြီး စိတ်ပါလက်ပါ လုပ်ကြတဲ့ မိဘတွေပါပဲ။
ဒါဆိုရင် ဆရာမက ဆရာမအလုပ်ကို ဇောက်ချပြီး လုပ်ခွင့်ရတာပေါ့။ မိဘတွေက ကိုယ့်ကလေး မြန်မာစာ တတ်မြောက်ဖို့  ဒီထက် ၀ိုင်းဝန်းဖို့ ဘာတွေ လိုအပ်သေးသလဲ။
ဒီတော့ ကျမ ကျောင်းနဲ့ ပတ်သက်တဲ့ လိုအပ်သမျှ ဘာမှခေါင်းထဲ ထည့်စရာမလိုဘဲ သင်ကြားရေးပဲ စိတ်နှစ်ထားရတာမို့ အင်မတန် ခေါင်းအေးအေး စိတ်ရှင်းရှင်းနဲ့ လုပ်နိုင်ပါတယ်။ ဒါတွေဟာ မိဘတွေ အား ကောင်းကြလို့ပါ။
အဲဒါတွေအပြင် ကျမတို့က တစ်ပတ်မှ ၃နာရီပဲ သင်ပေးနိုင်တာ။ ပြီးတော့ အိမ်စာတွေပဲ ပေးလိုက်နိုင် တာ။ ဒါကို မိဘတွေက အိမ်မှာ ကူလုပ်ပေးလို့သာ ကလေးတွေ တိုးတက်တာပေါ့။ သိသာတယ်။ မိဘတွေ မကူနိုင်တဲ့ ကလေးတွေက သိသိသာသာပဲ ကျန်ခဲ့တယ်။ အဲဒီအခါ မိဘတွေကို ကလေး တွေက အပြစ်တင်ကြတာဆိုတော့ မိဘတွေက ဂရုစိုက် လုပ်ပေးကြရရော။ ပြောရရင် မိဘတွေလည်း အလကား မနေရပါဘူး..။ အထူးသဖြင့် အမေတွေပေါ့။ ကလေးတွေ ကျောင်းချိန်တလျှောက် သူတို့ တာဝန်နဲ့သူတို့ ထိုင်စောင့်နေကြရတာပဲလေ..။ ပြီး အိမ်စာလည်း ကူလုပ်ရသေးတာ။
ကလေးတွေအကြောင်း ပြောပါဦး။
ကျောင်းစဖွင့်တဲ့ ၂၀၁၀ နွေရာသီတုန်းကတော့ ကလေးတွေကို အဆင့်နှစ်ဆင့်ပဲ ခွဲပြီး သင်ခဲ့ပါတယ်။ မူကြို ၀လုံးတန်းဆင့် နဲ့ သင်ပုန်းကြီးဖတ်စာအဆင့်ပေါ့။ ခုတော့ အသက်အငယ်ဆုံးက ၅နှစ်။ အသက် အကြီးဆုံးက ၂၆ နှစ်။ အဆင့်က ၄ဆင့် ခွဲရပြီ။ ၀လုံး.. အက္ခရာတွေနဲ့ ကဗျာတွေ.. စကားတွေ သင် တာက တဆင့်။ နောက် သရနဲ့ ဗျည်းအတွဲတွေ သင်နေတာက တဆင့်။ နောက်တဆင့်က အသတ်စဉ် တွေ ဗျည်းတွဲတွေ သင်နေပြီ။ နောက်ဆုံးတဆင့်ကတော့ Adult တွေ သင်ပုန်းကြီး နဲ့ စကားပြောကို ကျမ ကိုယ့်ဘာသာ create လုပ်ပြီး သင်တာ။ ဗမာစကား လုံးဝ မပြောတတ်တဲ့ ..မြန်မာကလေးတွေ လည်း ပါတော့ တော်တော် စိတ်ရှည်ပြီး အချိန်ယူရပါတယ်။
မြန်မာစာသင်ရတာကို ကလေးတွေကိုယ်တိုင်က ပျော်ရဲ့လား။
ဒါပေမဲ့ စိတ်ချမ်းသာစရာကောင်းတာက ကျောင်းမှာ မြန်မာစာသင်ရတာကို ကလေးတိုင်းလိုလို ပျော် ကြတာ ပဲ။ ပထမပိုင်း မိဘတွေ တိုက်တွန်းလို့ လာကြရပေမဲ့ ကျောင်းမှာ စာသင်ပြီးတဲ့ နောက် ပျော် သွားကြ တာပဲ။ ဆယ်ကျော်သက်တချို့ မပျော် တာ ရှိပေမဲ့ သိသိသာသာ ကလန်ကဆန် လုပ်တာ မျိုးတော့ မရှိ ကြဘူး။ ဒီနိုင်ငံမှာက သူတို့ကသာ ကလန်ကဆန်လုပ်ရင် မိဘက အတင်း အမိန့်ပေး လို့ ရတာမျိုး မဟုတ်တော့ သူတို့ မငြင်းမဆန် လာကြတာကိုပဲ ကျမမှာ စိတ်ချမ်းသာနေရပါတယ်။ နောက်ထပ် တိုးတက်တာ တခုက ကလေးတွေ သိသိသာသာ လိမ်မာယဉ်ကျေးလာတာနဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး ပို စိတ်ဝင်စားလာကြတာပါပဲ။
ကျမနဲ့ အဓိကတွဲလုပ်တဲ့ ပရဟိတ ဆရာဆရာမတွေထဲမှာ ဦးဇော်ဇော်ဆိုတဲ့ ဆရာတယောက်နဲ့ ဒေါ်အေးသိင်္ဂီကျော် ဆိုတဲ့ ဆရာမ တစ်ယောက် အမာခံ ရှိပါတယ်။ ဦးဇော်ဇော်က ဒီမှာ ပညာရေး ဆိုင်ရာ မဟာဘွဲ့ ရထား ပြီး အဆင့်မြင့်ဌာနကြီးတစ်ခုမှာ ကွန်ပျူတာပညာရှင်ပါ။ ဒေါ်အေးသိင်္ဂီကျော် က မြန်မာနိုင်ငံက သိပ္ပံ ဂုဏ်ထူးဘွဲ့ ရထားပြီး ၀ါရှင်တန်ဒီစီမှာ accountant လုပ်ပါတယ်။ ကျန်တဲ့ လက်ထောက် ဆရာ ဆရာမ တွေကလည်း သူတို့ကိုယ်တိုင် ဒီမှာ ကျောင်းတက်နေကြတဲ့ သူတွေ ဆိုပေမဲ့ သပြေညိုကျောင်း မှာကတော့ သိပ်အားကိုးရတဲ့ ဆရာ ဆရာမ တွေပါပဲ။ အားလုံးက အလုပ် တွေကိုယ်စီ.. ပညာရေးတွေ ကိုယ်စီ နဲ့ကိုပဲ.. မြန်မာစာကျောင်း ကိုတော့ မရ အရ အချိန်ပေးပြီး မပျက် မကွက် လာကြတာပါ။ ဆရာဇော်ဇော်ရော.. ဆရာမ သိင်္ဂီပါ.. ဒီမှာ နောက်ထပ် ဘွဲ့တွေ ထပ်ယူ ဖို့ ကျောင်းတက်နေတာ တဘက် နဲ့။ ပြီးတော့ အလုပ်ဆိုလည်း တာဝန်ကြီးတဲ့အလုပ်တွေ လုပ်နေ ကြတဲ့ ကြားကပဲ သပြေညိုကို ရက်ပျက် မခံဘဲ လုပ်အားပေး ကူနေကြတာပါ။
ကိုယ့်မိသားစုရဲ့ အခန်းကဏ္ဍက ဘယ်နေရာက ပါသလဲ။
အဓိကကတော့ ကျမ အိမ်ထောင်ဖက်က ကူရတာပေါ့။ ကျမက စနေတရက်တည်း ၃နာရီပဲ စာသင် တာဆိုပေမဲ့ စနေ မနက်ကတည်းက ကိုယ့်သားသမီးတွေကို မြန်မာစာ အိမ်စာတွေ ကူလုပ်ရ.. ကူစစ် ရပါတယ်။ ပြီးတော့ အဲဒီနေ့အတွက် သင်ခန်းစာ ပြင်တာနဲ့ သင်ခန်းစာအတွက် လိုအပ်တဲ့ စာရွက်စာတန်း ပြင်တာတွေ ရှိတယ်။ ဆိုတော့ ကျမ အိမ်မှုကိစ္စကို သိပ်မကြည့်နိုင်ပါဘူး။ ပြီးတော့ တပတ် အားရက် နှစ်ရက်ရလို့ မိသားစု ခရီးထွက်ချင်တာမျိုး ရှိရင်တောင် ကျမက မြန်မာစာကျောင်းကို ငဲ့နေ ရတာမျိုးတော့ ရှိတာပေါ့။ 
ဒါဆိုရင် ခင်ပွန်းဖြစ်သူက ပါရမီဖြည့်ဖက်ဖြစ်နေတာပေါ့။ ကိုယ့်ကလေးတွေကိုကော မြန်မာစာသင်တန်းမှာ အခမဲ့ တက်ခိုင်းတာမျိုးလား။
ကျမကိုယ်တိုင် အခကြေးငွေမယူဘဲ စေတနာနဲ့ စာသင်ပေးတဲ့အပြင် ကျမသား နဲ့ သမီးကိုပါ ကျောင်းလခပေးပြီး မြန်မာစာကျောင်း ထားပါတယ်ရှင်။  ကျမအိမ်ထောင်ဖက်ကိုယ်တိုင်ကလည်း အိမ်အလုပ်တွေ ကူရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်တတ်တဲ့သူ မဟုတ်ပါဘူး။
ဒါပေမယ့် …?
အော် … ကျမတို့ ဆရာတွေ၊ ဆရာမတွေ၊ မိသားစုတွေ အားလုံး ဒီလိုမျို ကြိုးစား ပမ်းစား စာသင်နေကြတာတွေ၊ ၀ိုင်းဝန်းထူထောင်လုပ်ကိုင်နေကြတာတွေကို တနေရာရာကနေ အထောက်အပံ့တွေ ရနေလို့ပဲလို့ ပြောကြဆိုကြတာမျိုးတွေ၊ ကျောင်းကို စိတ်ဝင်စားပြီး ဧည့်သည်တွေ လာကြည့်ကြ၊ အားပေးကြတာကိုပဲ ကလေးတွေကို ဗန်းပြပြီး အသုံးချနေတယ်လို့ ပြောကြတာမျိုးတွေကို ကျမတို့တွေ ရှေ့မှာကော၊ ကွယ်ရာမှာပါ အပြောခံရတာတွေ ရှိပါတယ်။ ကြုံရပါတယ်။
ဒါဆိုရင် အများအတွက်လည်း စေတနာ့ဝန်ထမ်းလည်း လုပ်ရသေးတယ်၊ အပြောလည်း ခံသေးတယ် ဆိုပြီး စိတ်ပျက်သွားတာတွေ၊ နောက်ဆုတ်သွားတာတွေ မရှိဘူးလား။
ဘယ်အလုပ်မဆို အဖျက်အနှောင့်အယှက်ရှိတယ်ဆိုတာကို ကျမ ဗုဒ္ဓတရားတော်တွေထဲကနေရော ဘ၀အတွေ့အကြုံတွေအရရော သိခဲ့ရတာ အကြိမ်ကြိမ်ပါ..။ ခုလည်း ဘာမှမဟုတ်တဲ့ ဒီ ကျောင်းလေး မှာလည်း ကြုံရတာပဲ..။ ဒါပေမဲ့ အဲဒီအတားအဆီးတွေကို ကျမ ဖြတ်ကျော်ဖို့အတွက် အရေးကြီးဆုံးက ဘာလဲဆိုတဲ့ အဖြေကိုရှာပြီးတော့ပဲ ဖြေရှင်းကျော်ဖြတ်ပါတယ်။ ကျမအတွက် ဒီကျောင်းလေးတည်မြဲနေဖို့သာ အရေးကြီးဆုံးလို့ သတ်မှတ်ပြီး ဒါကိုပဲ ဦးတည်ကြိုးစားပြီး ဆက်သွားလိုက်ရင် အားလုံး အောင်မြင်ပြီးမြောက် သွားတာပါ။ အဲသည်အတွက် မိတ်ဆွေကောင်းတွေဆိုတာ ဒီလိုမျိုး ကြုံတွေလာရင် အတူတူ ရင်ဆိုင်ကြဖို့ လိုပါတယ်။ လက်တွဲဖြုတ်စရာ မလိုပါဘူး။
အဲသည်လိုမျိုး အထင်လွဲတဲ့စကားတွေ၊ အထင်မှားတဲ့စကားတွေ ဘယ်သူမျိုးတွေက ပြောတယ်လို့ ထင်သလဲ။
အခွင့်အရေးမယူဘဲ၊ အခကြေးငွေ မရရှိဘဲ လူတွေအတွက် အလုပ်လုပ်ကြတယ်ဆိုတာကို နားမလည်တဲ့သူတွေ၊ မလုပ်ဖူးတဲ့သူတွေက ပရဟိတဆိုတာကို နားလည်နိုင်မှာ မဟုတ်ဘူးလေ။ ဒါ ဖြစ်နေကျပါ။
ဒီမှာ မြန်မာစာသင်တာ မြန်မာပြည်နဲ့ ဘာတွေ ကွဲပြားသလဲ။ ဘယ်လို ပြင်ဆင်သလဲ။ ဘယ်လို သင်သလဲ။
အဓိကကတော့ သင်ပုံစနစ်ပဲ ကွာမှာပါ။ ဒီနှစ်ဆိုရင် နွေရာသီကျောင်းပိတ်ရက်ထဲမှာတုန်းက ကျမ ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းလေး လုပ်ပါတယ်။ ခု နှစ်ကျောင်းပြန်ဖွင့်တော့ တကယ်ကို သိသိသာသာပဲ ဆရာမလေးတွေ စာသင်တာ တော်တော်ကို ထိရောက်ပြီး ပိုပြီးတော့လည်း သူတို့ကိုယ် သူတို့ ယုံကြည်လာကြတယ်။ ပြီးတော့ သင်ကြားတာမှာလည်း ကလေးတွေ စိတ်ဝင်စား အောင်သူတို့ဘာသာ တီထွင် လာကြတယ်။ ဥပမာ Flesh Card လေးတွေ သုံးတာ .. ပုံဆွဲခိုင်းပြီး စာတွေ ဖြည့်တာတို့… စာလုံးပဟေဠိဖွက်တာမျိုးလို.. Activities တွေ ပိုလုပ်လာတယ်။ သပြေညိုမှာ မြန်မာပြည်က သူငယ်တန်းဖတ်စာကိုပဲ သင်တယ်ဆိုပေမဲ့ အသုံး သိပ်မတွင်တဲ့ ခက်တဲ့ စကားလုံး တချို့ကို ဖော့ခဲ့ ချန်ခဲ့ တာမျိုးတော့ ရှိတယ်။ ပြီးတော့ ကလေးတွေ သိသင့်တဲ့ အံဝင်ခွင်ကျဖြစ်တဲ့ စကားလုံးမျိုးတွေ ထပ် ဖြည့် ထည့်တယ်။ တကယ်တော့ မြန်မာပြည်က သူငယ်တန်းဖတ်စာမှာ ခေတ် နဲ့ အမီ  ပြင်ရ ဖြည့်စွက် ရ တော့မှာတွေ အများကြီး ရှိနေပါပြီ။ ကျမကတော့ လောလောဆယ် ကိုယ် နိုင်သလောက် ဖြုတ်တာ.. ဖြည့်တာ လုပ်ပြီး သင်ပါတယ်။
ဒီက အမေရိကန်ပြည်ရဲ့ လူနေမှု အလေ့အထတွေ စရိုက်တွေက သင်တန်းကို ဘယ်လို သက်ရောက်သလဲ။
သက်ရောက်မှုတွေမှာတော့ ကောင်းတာရော မကောင်းတာရော ရှိပါတယ်။ ဒါပေမဲ့ ကောင်းတာက ပိုများတယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် သင်ကြားရေးမှာ…။ သူတို့လေးတွေက အမေရိကန် ပညာရေးထဲက ကလေးတွေဆိုတော့ သူတို့ကို သင်ရင် ၀ါးချလို့ မရဘူး။ ရေဆုံးရေဖျား မေးတော့တာ။ ဒါကို ဆရာဆရာမတွေက ဖြေကို ဖြေရတယ်။ မဖြေနိုင်ရင် ကျေနပ်လောက်အောင် ပြောပြပြီး နောက် ရက်မှာ အဖြေပေးကို ပေးရတယ်။ ဆိုတော့ သင်ခန်းစာ တခု တခု အသစ်တက်ဖို့ ကြာတယ်။ အချိန် ပေးရ တယ်။ ဒါပေမဲ့ ပြီးသွားတဲ့ သင်ခန်းစာဆိုရင်လည်း တကယ် သိသွား တတ်သွားတော့တာ။ အမေရိကန်တပိုင်း ကလေးတွေဆိုတော့ စာတပုဒ် သင်တိုင်း သူတို့မှာ လက်တွေထောင်ပြီးတော့ မေးစရာမေးခွန်းတွေက အလုအယက် ရှိပြီးသားပဲ။ ဒါက သိပ်ကောင်းတဲ့ အကျင့်ပဲ။ ဒီတော့ ဆရာ ဆရာမတွေ မိဘတွေ ကိုယ်တိုင်တောင် သတိမထားမိဘဲ သူတို့က သင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေ အကြောင်းအရာတွေကိုပါ သိနေကြတော့တာ။
အမေရိကန်က မြန်မာတွေက မြန်မာစာ တတ်သွားတော့ ဘာဖြစ်လာသလဲ။
ကောင်းကွက်တခုက စာသင်ရင်းနဲ့ စာထဲကနေတဆင့် မြန်မာ့ယဉ်ကျေးမှုကို သူတို့ သိ သွား တယ်။ အဲဒီမှာ တိတိကျကျ မသင်ရဘဲနဲ့ ကျွဲကူးရေပါဆိုသလို သူတို့ ဗမာဆန်လာတယ်။ ကိုယ့် ယဉ်ကျေးမှုကို ရင်းနှီးလာတယ်၊ သိလာ လက်ခံတတ်လာတယ်။ နောက်တခုက မြန်မာ အသိုင်းအ၀ိုင်း ချင်း ပိုနီးစပ်လာတယ်။ ဒါက ကျောင်းသားကျောင်းသူတွေရော.. ဆရာ ဆရာမလေးတွေရောပဲ။ တော်တော် မြန်မာဆန်လာတယ်။ မိသားစု ဆန်လာတယ်။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု ယုံကြည်မှု တွေထဲက ပြုပြင်သင့်တဲ့ ဓလေ့စရိုက်တွေ ကိုလည်း မြင်တတ် ဝေဖန်တတ်လာကြတယ်။ ဒါက အကောင်းရလဒ်ပဲလို့ ကျမ ထင်တယ်။
အတော်ဟုတ်နေပြီပေါ့။ သပြေညိုမြန်မာစာကျောင်းက ဘာတွေ ကွဲပြားတာရှိသလဲ။
လောလောဆယ်တော့ မြေစမ်း ခရမ်းပျိုးတဲ့ အဆင့်ပဲ ရှိသေးတာပါ။ ကျမက မြန်မာစာ မြန်မာ စကား ကို သေသေချာချာ တတ်စေချင်တာဆိုတော့ သင်ရိုးပြီးဖို့ ဖတ်စာအုပ်ထဲက စာတွေ အလွတ် ရဖို့တို့ မြန်မြန်ကြီး ဖတ်တတ်ဖို့က အဓိက မဟုတ်ဘူး။ စာလုံးတွေကို အဓိပ္ပါယ်သေချာသိပြီး လက်တွေ့ သုံး နိုင်ဖို့ကိုပဲ အဓိက ထား သင်တာ။ ဒါကို မိဘတွေ နားလည်လက်ခံဖို့တော့ လိုပါတယ်။ ပြီးတော့ ကျမ ကျောင်းက ယဉ်ကျေးလိမ်မာသင်တန်းမဟုတ်တော့ ဘုရားစာတော့ မသင်ဘူး။ ဒါပေမဲ့ နောက်ပိုင်း ကလေးတွေ စာအတော်အတန်တတ်လာရင်တော့ ဦးဘကြည်ရဲ့ ဗုဒ္ဓ၀င်ရုပ်ပြစာအုပ်ကို သင်မှာ။ နောက် သင့်တော်တဲ့ ကလေးကဗျာတွေ ပုံပြင်တွေ သင်မှာ စဉ်းစားပြင်ဆင်ထားပြီးသားပါ။
ဘာတွေ ဆက်လုပ်မှာလဲ။ ဒီထက်ပိုပြီး ကျယ်ပြန့်အောင် ရပ်ဝေးပြည်နယ်တွေက မြန်မာအသိုင်းအ၀ိုင်းတွေ အတုယူနိုင်အောင် ဘယ်လို လုပ်မလဲ။
ကျမ အချိန်လေးရတိုင်း နည်းနည်းချင်း လုပ်ကြည့်နေတာ ပြည်ပရောက် မြန်မာ ကလေး တွေအတွက် အလွယ်နည်း မြန်မာစကားပြောတတ်ဖို့ မြန်မာစာတတ်ဖို့ အခြေခံသင်ခန်းစာ သင်ရိုး စာအုပ်လေး တအုပ် ဖြစ်လာအောင်လို့။ တယောက်တည်းတော့ နိုင်ပါ့မလားပဲ။ ခုကတော့ ကိုယ့် ကျောင်းလေးမှာပဲ စမ်းသပ်နေရတာပေါ့။
အင်တာနက်မှာက အထူးသဖြင့် ယူကျုလို ချယ်နယ်တွေမှာ မြန်မာတွေကော၊ တခြားသူတွေကော ဟင်းချက်နည်းတွေ၊ ၀ါသနာပါရာ သင်တန်းတွေ ပို့ချချက်တွေ တင်ကြတယ်လေ။ အဲသည်လိုမျိုး သပြေညို ချန်နယ်လေးသာ ရှိရင် အနီး အဝေးကလူတွေအတွက် ပိုပြီး လက်လှမ်းမီမယ် မထင်ဖူးလား။
VOA က သတင်းဆောင်းပါးပုံစံလေး လာရိုက်သွားတာလေးပဲ ရှိဖူးပါတယ်။ ကျောင်းအနေနဲ့တော့ မတင်ဖူးဘူး။ ကျမ အဲလောက် မလုပ်နိုင်သေးဘူး။ ဒိုင်ခံ လုပ်ပေးနိုင်မယ့်သူလည်း ရှားတယ်။ ဒါပေမဲ့ ကျောင်လေး တကယ်အရှိန်ရပြီး ကျမတို့သင်ရိုးတွေလည်း အခိုင်အမာဖြစ်ပြီဆိုရင်တော့ ဒါကို ဖြန့်ဝေ ဖို့ ကျမ တခုခု လုပ်ဖြစ်မှာပါ။
ကျောင်းတခုအနေနဲ့ လည်ပတ်ရပ်တည်တဲ့ဆီမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရသလဲ၊ ဖြတ်ကျော်ရသလဲ။
အခက်အခဲတွေကတော့ ကလေးတွေက အခြေအနေအမျိုးမျိုး ဖြစ်နေတာပါ။ မြန်မာစကား အကုန် နားလည်ပြီး မပြောတတ်တဲ့သူတွေ.. နောက် နားလည်းမလည် ပြောလည်းမပြောနိုင်တဲ့သူတွေ.. အသက် အရွယ်တွေက အမျိုးမျိုး ၅နှစ်ကနေ ၂၅ နှစ်ထိ အရွယ်စုံကို ဘယ်လိုတန်းခွဲ ခွဲရမလဲ..။ အဲဒီ ထဲမှာမှ နည်းနည်းနှေးတဲ့ကလေးတွေပါသလို.. နည်းနည်း ရှက်နေတဲ့ကလေးတွေ ပါတယ်။ သူတို့ကို တန်းတူ ဘယ်လို သင်မလဲ.. ဘယ်လို သင်ခန်းစာပေးမလဲ.. ဘယ်လို Activity တွေ ပေးမလဲ… တော်တော်တော့ ဦးနှောက်စားပါတယ်။ ပြီးတော့ သူတို့ ဖတ်နိုင်ကြတယ်.. ပြောလာနိုင်ကြတယ်.. ဒါပေမဲ့ ရေးဖို့ ခက်နေတယ်။ အဲဒီအခက်အခဲကို ရှင်းဖို့ လေ့ကျင့်ချိန်က နည်းတယ်လေ။ တပတ်မှာမှ ၃နာရီပဲ ရတာကိုး..။
အဲဒီအခက်အခဲတွေအတွက် ကျမတို့ ဆရာဆရာမတွေ အမြဲလို ညှိကြတယ်။ တိုင်ပင်ကြတယ်။ ကျမက မြန်မာစာ သင်ဖို့ ကျွမ်းကျင်ပေမဲ့ Activity တွေကျတော့ ဒီက ပညာရေးထဲကြီးပြင်းရတဲ့ လက်ထောက် ဆရာ ဆရာမတွေက ကျွမ်းကျင် တယ်။ ပြီးတော့ လစဉ် လုပ်တဲ့ မိဘဆရာ အစည်း အဝေးထဲမှာ တိုင်ပင်ကြတယ်။ မိဘတွေဆီက အကြံဉာဏ် ယူတယ်။ ဒီလိုနဲ့ပဲ အဆင်ပြေပြေ ကျော်  ဖြတ်သွားရတာပါပဲ။
ကျောင်းလေးကနေ ဘာတွေ မျှော်လင့်သလဲ။
မြန်မာနွယ်ဖွားကလေးတွေကို ကိုယ့်ဇာတိစကားစာပေရဲ့ တန်ဖိုးကို သိစေချင်တယ်။ မပျောက်ပျက် အောင် ထိန်းဖို့ လိုတယ်.. တာဝန်ရှိတယ်ဆိုတာကိုလည်း သိစေချင်တယ်။ ပြီးတော့ တချိန်ကျရင် ဒီ အမေရိကန်က တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန် အလုပ်လုပ်နိုင်စေချင်တယ်။ အဲဒီ အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာသုံးဘာသာစကားကို အဆင့်မီမီတတ်သလိုမျိုး ကိုယ့်ဇာတိစကားကို ခြေခြေမြစ်မြစ် သိပြီး ပြောတတ်သလိုမျိုး ထူးချွန်စေချင်တယ်။ ဒါဆို ကျမတို့ နိုင်ငံအတွက် သိပ်အလုပ်ဖြစ်မယ်လို့ ထင်တယ်။
ခု သပြေညိုက ကလေးတွေဟာ ကျမရဲ့ မျှော်လင့်ချက်တွေပါပဲ။ ခု အယောက် ၅၀ ကနေ အများကြီး တိုး မလာရင်တောင် ခု ရှိသလောက်က တကယ် တတ်တဲ့ တော်တဲ့ ကလေးတွေ ဖြစ်လာဖို့။ နောက် အဲဒီထဲက ၁၀ယောက်လောက်ပဲ ကိုယ့်နိုင်ငံအတွက် ပြန်ရရင်တောင်.. ကျမ ကျေနပ်ပြီ။ သူတို့ကို အဆင့် အတန်းမီမီ  စာတွေ ရေးနိုင် ဖတ်နိုင်တဲ့အထိ သင်ပေး ပျိုးထောင်ပြုစုပေး သွားမယ်လို့ မျှော်လင့် ထားပါတယ်။ ပြီးတော့ သူတို့ရဲ့ စာဖတ်နိုင်စွမ်းရည်ကို လိုက်ပြီး စာကြည့်ခန်း၊ စာကြည့် ၀ိုင်းတွေ လုပ်သွားပေးဖို့ထိ ကျမ ပြင်ဆင်ထားပါတယ်။ ကျမ သက်ရှည်ကျန်းမာ နေနေနိုင်သေးတဲ့ အချိန်ထိတော့ လုပ်သွားနိုင်မှာပေါ့လေ။
ကျေးဇူးတင်ပါတယ် ဆရာမ။ မင်္ဂလာပါ ဆရာမ။
မင်္ဂလာပါ ရှင်။   ။
ဓာတ်ပုံများ – အောက်တိုဘာ ၁၇၊ ၂၀၁၂ (သပြေညို မြန်မာစာကျောင်း ဆရာကန်တော့ပွဲနေ့ အမှတ်တရ)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အင်တာဗျူး, ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်
By
မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...
Read more »
မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ
By
” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....
Read more »
မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ
By
 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...
Read more »
စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ
By
  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်