လောကပါလ သားကောင်းများ (၄)

November 26, 2012

ဝီရသူ(မစိုးရိမ်)
နိုဝင်ဘာ ၂၆၊ ၂၀၁၂
 ● သာပေါင်းညာစားတို့၏ နာမောင်းခွါသွားမှုကို ရှက်မိသူ

မုဆိုးဟာ သမင်ထိုးလှံကို ကိုင်ပြီး ပြေးလာတော့ ထူးထူးဆန်းဆန်း မြင်လိုက်ရတဲ့အခါ တအံ့တသြနဲ့ပြောဆိုမိပါတယ်။ “ရွှေသမင်မင်းကို ကျော့ကွင်း၌ ဖွဲ့မိ၏။ ဤနှစ်ယောက်ကုန်သော သူတို့ကား ဟိရီသြတ္တပ္ပဖွဲ့ခြင်းဖြင့် ဖွဲ့မိ၏”ဆိုတဲ့စကားဟာ သိပ်တန်ဖိုးရှိပါတယ်။ အရှက်တရားဆိုတာ ဟာလဲ ရှက်တတ်မှရှက်စရာရှိတာပါ။ မရှက်တတ်ရင် ရှက်စရာမတွေ့ပါဘူး။ ရွှေသမင်မင်း ကောင်းစား တုန်းက ဆွေမျိုးတော်စပ်သူတွေ၊ မိတ်ဆွေတော်စပ်သူတွေ၊ တပည့်တော်စပ်သူတွေ၊ ခယ၀ပ်တွား သူတွေ အများကြီးရှိခဲ့မှာပေါ့။ ခုချိန်မှာတော့ သူတို့မရှိကြတော့ဘူး မဟုတ်လား။ ခုချိန်မှာ ဆွေမျိုး မတော်ကြတော့ဘူးလား၊ မိတ်ဆွေမတော်ကြတော့ဘူးလား၊ တပည့်မတော်ကြတော့ဘူးလား-လို့ မေးလိုက်ချင်စရာပဲနော်။ မောင်နှမနှစ်ယောက်ကတော့ အဲဒီလိုမဟုတ်ပါဘူး၊ အသာစံချိန်က မောင် နှမဟာ အနာခံချိန်မှာလဲ မောင်နှမပါပဲ။ သူတို့ရဲ့တော်စပ်မှုက ဂုဏ်ယူလို ၀င့်ကြွားလိုလို့ တော်စပ် ကြတဲ့ အပေါ်ယံတော်စပ်မှုမျိုး မဟုတ်ကြပါဘူး။ တကယ့်ကို သွေးနဲ့သားနဲ့ ပေါင်းစပ်ထားတဲ့ အတွင်းသားတော်စပ်မှုမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သာပေါင်းညာစားတာတို့  နာမောင်းခွာသွားတာတို့-စတဲ့ ဟန်မူရာတွေ ဂုဏ်ပကာသနတွေ မပါဝင်ကြတာပေါ့။

သူတော်ကောင်းစိတ်နဲ့ တွေးကြည့်ရင် တကယ်ရှက်စရာကြီးနော်၊ ရာထူးရှိလို့ ပေါင်းတယ်၊ ရာထူးကျတော့ ခွာတယ်။ လိုအပ်တော့လာတယ်၊ မလိုအပ်တော့ ထားရစ်ခဲ့တယ်၊ အသုံးချချင်လို့ ဆွေမျိုးတော်စပ်ကြတယ်။ အသုံးချပြီးလို့ ဆွေမျိုးပြတ်စဲကြတယ်။ ဒါတွေဟာ တကယ့်ရှက်စရာတွေ ပေါ့။ ဒါကို ရည်ရွယ်ပြီး မုဆိုးကြီးက ဟိရီသြတ္တပ္ပဖွဲ့ခြင်းဖြင့် ဖွဲ့မိ၏-လို့ ပြောတာဖြစ်ပါတယ်။

ဘုန်းဘုန်းတုန်းကလဲ ဆွေမျိုးတော်စပ်သူတွေ၊ တပည့်တော်စပ်သူတွေ၊ ဆရာတင်မြှောက်ကြ သူတွေ၊ ခယ၀ပ်တွားသူတွေဟာ အလျှိုလျှိုနဲ့ ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်ကြပါတယ်။ အဲဒီအချိန်မှာ တကယ်ဆွေမျိုးတော်စပ်သူတွေ၊ တကယ်ကျေးဇူးရှိတဲ့ သူတွေကတောင် ဆွေမျိုး တော်ရမှာ ပတ်သက်ရမှာ ကြောက်နေလို့ ရေငုံနှုတ်ပိတ်နေကြတာကိုတောင်တွေ့ခဲ့ရတယ်။ အဲဒီ အထဲမှာမှ ထူးခြားတဲ့ ညီတော်စိတ္တတွေ၊ နှမတော် သုတနာတွေကိုလဲ တွေ့ရပါသေးတယ်။ ဘုန်းဘုန်း နဲ့ တော်စပ်ဖို့၊ ပတ်သက်ဖို့ ကြောက်နေတဲ့အချိန်မှာ ဒကာမကြီးဟာ ရဲရဲဝံ့ဝံ့နဲ့ အရာရာအား လုံးကို ရင်ဆိုင်ခဲ့တယ်။ တိုက်ရိုက်ပြောင်ပြောပြီး ၀င်တွေ့တယ်။ သူများတွေ ဘုန်းဘုန်းဓာတ်ပုံတွေကို ဖြုတ် ချပြီး ၀ှက်ထားချိန်မှာ ဒကာမကြီးဟာ ဘုန်းဘုန်းဓာတ်ပုံကို ပုံကြီးချဲ့ကာ ရဲရဲတင်းတင်း ကိုးကွယ် ရဲခဲ့တယ်။ ဒါတွေဟာ မိတ်ဆွေကောင်းတို့ရဲ့ သရုပ်သကန်ဖြစ်ပါတယ်။

● လောကပါလ သားကောင်းများ
ထောင်ထဲမှာ ဟိရီသြတ္တပ္ပနဲ့ အကျဉ်းကျတဲ့သူတွေလည်းရှိပါတယ်။ ဒါမပြောနဲ့ဆို ပြောတယ်။ ပြောလို့ ထောင်ကျတယ်၊ ဒါမရေးနဲ့ဆို ရေးတယ်၊ ရေးလို့ထောင်ကျတယ်။  ဒါမလုပ်နဲ့ဆို လုပ်၊ ဒီမသွားနဲ့ဆို သွား – စသည်ဖြင့် တားမြစ်တာတွေကို ကျူးလွန်လို့ ကျရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ ဘတ်ကကြည့်ရင်လည်း ဒါတွေကို သိထားတယ်။ သိလျက်နဲ့ ရေငုံနှုတ်ပိတ်နေရမယ်ဆိုရင် ဒါ သမိုင်း ကို သစ္စာဖောက်ရာ ရောက်သွားပြီ။ ဒါကိုစွမ်းနိုင်တယ်၊ စွမ်းနိုင်လျက်နဲ့ မလုပ်ဘဲနေမယ်ဆိုရင် ဓမ္မကို သစ္စာဖောက်ရာရောက်သွားပြီ။ ဒါရေးတတ်တယ်၊ ရေးတတ်လျက်နဲ့ မရေးဘဲနေရင် ထမင်းရှင်ကို သစ္စာဖောက်ရာရောက်သွားပြီ။ ဒီတော့ သူတို့ဟာ သမိုင်းရဲ့ တရားခံအဖြစ်မခံချင်၊ အမျိုးသား သစ္စာဖောက် အဖြစ်မခံချင်၊ ထမင်းရှင်ကို နွံမနှစ်ချင်၊ သမိုင်းကို သစ္စာမဖောက်ချင်ကြလို့ ဟိရီ သြတ္တပ္ပအတွက် ယုံကြည်ချက်အတွက်၊ ဓမ္မအတွက် ထောင်ကျခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေ ဟာ စိတ္တသမင်တွေ၊ သုတနာသမင်တွေပေါ့။

● အသက်ရှင်ဖို့ ထမင်းစားသူနှင့် ထမင်းစားဖို့ အသက်ရှင်နေသူများ
နောက်တစ်ခု ပြောချင်တာကတော့ မုဆိုးကြီး၏ သတ္တိပါ။ မုဆိုးကြီးဟာ ညီတော်စိတ္တ သမင်ထံမှ ရွှေသမင်မင်းရဲ့ ဂုဏ်ကျေးဇူးကို ကြားလိုက်ရတဲ့အခါ အခုလိုတွေးမိပါတယ်။ “မင်းကြီးက ချီးမြှင့်မယ့် စည်းစိမ်ဥစ္စာ ငါ့အတွက် ဘာအကျိုးရှိမှာလဲ၊ ငါဟာ ရွှေသမင်ကို သတ်လိုက်ရင် မြေမျိုခံရ ရင်လည်း ခံရမယ်၊ မိုးကြိုးပစ်ခံရရင်လည်း ခံရမယ်၊ ခုပဲ ရွှေသမင်ကို လွှတ်လိုက်မယ်”တဲ့။
မုဆိုးဟာ ဘုရင့်အမိန့်နဲ့ ဘုရင်ကတာဝန်ပေးလို့ သမင်ဖမ်းရသူ၊ သမင်ရလျှင် ဆုလာဘ် အများကြီးရမယ့်သူ ဖြစ်ပါတယ်။ မုဆိုးဟာ ပါရမီဓာတ်ခံပါသူ  ဖြစ်လေတော့ မင်းမိန့်ကို တော်လှန် ပစ်လိုက်ပါတယ်။ ဆုလာဘ်တွေကို စွန့်လွှတ်ပစ်လိုက်ပါတယ်။ လူတွေဟာ  ကိုယ်ကောင်း စားဖို့၊ ကိုယ်ချမ်းသာဖို့၊ ကိုယ်ထမင်းနပ်မှန်နေဖို့အတွက် ဘာကိုပဲလုပ်ရလုပ်ရဆိုတဲ့ လူတွေများ ပါတယ်။ အဲဒီလူတွေဟာ ငရဲနဲ့အာဏာ၊ ၀ဋ်ကြွေးနဲ့ဆုလာဘ်၊ အကုသိုလ်နဲ့ အရာအထူးတွေကို “တည့်”ချင်း လဲလိုတဲ့သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သူတွေ၊ လောကရဲ့ အလှကိုဖျက်ဆီး ကြတဲ့သူတွေ၊ လောကကို အကျည်းတန်စေတဲ့သူတွေ၊ လောကရဲ့ အမှိုက်သရိုက်တွေသာ ဖြစ်ပါ တယ်။ မုဆိုးကတော့ ဆုလာဘ်ကို အကုသိုလ်နဲ့ “တည့်”ချင်းမလဲနိုင်သူ၊ ငါကောင်းစား ရေးအတွက် သူ့အသက်ကို မစတေးနိုင်သူဖြစ်ပါတယ်။

● မုဆိုးချေးတွေ ကျွေးကြစေ
တကယ်တမ်းကျတော့လဲ  မုဆိုးလို ဆုံးဖြတ်ချက်မှန်ဖို့ဆိုတာ စွန့်လွှတ်ရဲမှ အနစ်နာခံရဲမှ ရင်ဆိုင်ရဲမှ သတ္တိရှိမှ ဖြစ်နိုင်တာပါ။ တစ်အချက်- မုဆိုးဟာ ဥစ္စာစည်းစိမ်ကို စွန့်လွှတ်ရပါမယ်။ နှစ်အချက်- မင်းကပေးတဲ့ ပြစ်ဒဏ်ကို ခေါင်းနှင့်ခံရပါတော့မယ်။ နှစ်ချက်စလုံးကို မုဆိုးကရွေးချယ် သွားတာပါ။ ဒီလို သူတော်ကောင်းတွေကို ငါမသတ်ရဲဘူး၊ ငါမသတ်နိုင်ဘူး။ ဆုလာဘ်ကို မျှော်ကိုးပြီး သတ်ရင် မြေမျိုခံရမှာ၊ မိုးကြိုးပစ်ခံရမှာ၊ အပါယ်သွားရမှာ ဆိုတဲ့အတွေးကို သူတော်ကောင်းမဟုတ် သူတွေက တွေးနိုင်ပါ့မလား။ သူတော်ကောင်းဓာတ်ခံ ပါရမီဓာတ်ခံရှိလို့ မုဆိုးဟာ ဒီလိုတွေးမိတာပေါ့။ မုဆိုးကို ကြည့်ပြီး တာဝန်အရဆိုပြီး ဘုန်းကြီးတွေကို လက်ထိပ်ခတ်တဲ့သူတွေ၊ ညှဉ်းပမ်းနှိပ်စက် သူတွေ၊ ဓားမပါ လက်နက်မပါတဲ့ အပြစ်မဲ့သံဃာတွေကို ပစ်မိန့်ပေးသူတွေ၊ ပစ်လည်းပစ်ရဲတဲ့ သူတွေကို သတိရလိုက်မိပါတယ်။ သူတို့တတွေဟာ တဒင်္ဂ ရာထူးအာဏာအတွက် အပါယ်ငရဲကို လက်ယက်ခေါ်ခဲ့ကြသူတွေပါ၊ ရာထူးနဲ့ငရဲကို အလိုက်ပေး လဲတာမျိုး မဟုတ်ဘဲ “တည့်”ချင်းလဲ ကြသူတွေသာ ဖြစ်ပါတယ်။

မုဆိုးကတော့ အသက်ကို အသက်ချင်းလဲပြီး သူ့အသက်ကို ရင်းနှီးခဲ့ရပါပြီ။ ဆုလာဘ်နဲ့ ပြစ်ဒဏ်ကိုလည်း လဲယူလိုက်ပါပြီ။ ရွှေသမင်ရဲ့အသက်ကိုလွှတ်ရင် သူအသတ်ခံရမယ်၊ ရွှေသမင် ဖမ်းမိလျက် လွှတ်လိုက်တာသိရင် ဆုလာဘ်တွေမရတော့ဘဲ အပြစ်ပေးခံရပါတော့မယ်။ ဒါကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြသွားတဲ့ မုဆိုးကို ဘုန်းဘုန်းက အကြည်ညိုဆုံးပါပဲ။ လူမိုက်တွေကတော့ မြေမျိုတာနောက်မှ မိုးကြိုးပစ်ခံရတာနောက်မှ အပါယ်ငရဲဆိုတာနောက်မှ အခုစည်းစိမ်ခံရတယ်၊ အခုချမ်းသာမယ်၊ နောင်ခါလာ နောင်ခါဈေးဆိုပြီး ရွှေသမင်ကို သတ်ကြမှာ အမှန်ပဲနော်၊ မုဆိုးကြီးကတော့ မြေမျိုလည်း မခံနိုင်၊ မိုးကြိုးပစ်လည်းမခံနိုင်၊ အပါယ်ငရဲလည်း အကျမခံနိုင်တော့ ဆုလာဘ်တွေ စည်းစိမ်ဥစ္စာ တွေကို မမက်မောတော့ဘူးပေါ့။ တကယ်တော့လည်း လူ့ဘ၀ဆိုတာက ဓားသွားထက်က ပျားရည် စက်လို ချိုမြိန်တာကနည်းနည်း အန္တရာယ်ကများများ ဖြစ်နေတာပါပဲ။

မုဆိုးဟာ ရွှေသမင်မင်းက သူ့ကို နန်းတော်ခေါ်သွားဖို့ ပြောတာတောင် လက်မခံနိုင်တော့ဘူး။ မင်းဆိုတာ ပြောလို့မရဘူးလေ၊ အခုပဲတရားနာဖို့ ဖမ်းခိုင်းပြီး ငါပြန်မလွှတ်တော့ဘူးဆို ဘယ်နှယ့် လုပ်မလဲ၊ ခဏဆိုပြီး တသက်လုံးနေခဲ့ရသူတွေ အစည်းအဝေးဆိုပြီး ထောင်ထဲရောက် သွားရတဲ့ သူတွေလည်းရှိတော့ မုဆိုးက မယုံရဲတော့ဘူးပေါ့။ ရွှေသမင်မင်းရဲ့ ကံကြမ္မာဟာ မုဆိုးအပေါ်မှာ တည်သလို မုဆိုးရဲ့ကံကြမ္မာဟာလည်း ရှင်ဘုရင်လက်ထဲမှာ ရှိနေပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ မပိုင်လေတော့ သမင်မင်းကိုလည်း မခေါ်ရဲဘူးပေါ့။ လွတ်လွတ်ကျွတ်ကျွတ်ကြီးကို စွန့်လွှတ်ပြီး ရဲရဲဝံ့ဝံ့  ရင်ဆိုင်သွားတဲ့ မုဆိုးကြီးလို တာဝန်အရ- ဆိုသူတွေ သတ္တိရှိကြရင်၊ ပေးဆပ်ဝံ့ကြရင်၊ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားသိကြရင်၊ တစ်ဘ၀စာ ကောင်းစားရေးနဲ့ သံသရာကောင်းစားရေးကို ခွဲခြားသိ ကြရင်၊ တစ်ဘ၀ တစ်နပ်စာအတွက် သံသရာဆင်းရဲမှာကို မလုပ်ရဲကြရင်၊ မုဆိုးကြီးလို စွန့်ရက်ရဲ ကြရင်၊ ပေးဆပ်ရဲကြရင်၊ ရင်ဆိုင်ရဲကြရင်၊ ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးမိပါ သေးတယ်…..။

၁၃၆၈-ခု၊ ဝါဆိုလဆန်း(၁၀)ရက် (4-7-2006)
မန္တလေး၊ ဗဟိုအကျဉ်းထောင်မှာ၊ ရေးသားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်