“ခေါင်းကောင်းရင် ကိုယ်မရွေ့” (Dhamma Beri Sayadaw)

December 8, 2012

 “ခေါင်းကောင်းရင် ကိုယ်မရွေ့”

(ခေါင်းဆောင်ကောင်း ဂုဏ်ရည်)

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဒီဇင်ဘာ ၈၊ ၂၀၁၂

လောကထဲမှာတော့ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”လို့ မှတ်ချက်ဆိုရိုးစကား ရှိတယ်။ သာသနာတော်မှာ တော့ အဲဒီ  ဆိုရိုးစကားကို ဆန့်ကျင်ပြောင်းပြန်ပြုရလိမ့်မယ်လို့ ထင်တယ်။

            လောကနဲ့ သာသနာဆိုတာကလဲ အခြေခံတရားချင်းရော ဦးတည်ချက်ချင်းရော ဖြောင့်ဖြောင့်ဆန့်ကျင် ကြတာဆိုတော့ တချို့ဖြစ်ရပ်တွေကလည်း ဖြောင့်ဖြောင့် ဆန့်ကျင်ကြပါတယ်။ ဖြစ်ရပ်တွေ ဆန့်ကျင်တော့ ဒီဖြစ်ရပ်တွေ အပေါ်မှာ ကောက်ချက်ချတဲ့ ဆိုရိုးစကားတွေလည်း ပြောင်းပြန်ဆန့်ကျင်တာဟာ ဓမ္မတာပဲပေါ့။

            ဟုတ်တယ်လေ။ လောကဆိုတာက လောဘကို အရင်းတည်ပြီး သံသရာကို ရေစုန်လိုက်နေကြတာ မဟုတ်လား။ သာသနာ ဆိုတာကတော့ “ပဋိသောတဂါမိံ = ရေဆန်ကို ဦးတည်တယ်”လို့ မြတ်ဗုဒ္ဓကိုယ်တိုင် မိန့်ကြားခဲ့သလိုပဲ၊ သဒ္ဓါçပညာတို့ကို အရင်းတည်ပြီး သံသရာရေဆန်ဖြစ်တဲ့ နိဗ္ဗာန်ဆီကို ဦးတည်ကျင့်သုံးရတာကိုး။ ဒီလို ကျင့်သုံးဦးတည်မှုတွေက ဆန့်ကျင်တော့ တချို့ဖြစ်ရပ်တွေများဆိုရင် မထင်မှတ်လောက်အောင်ကို ဆန့်ကျင်ကြတယ်။ ဥပမာဆိုရင် လောကထဲမှာက အမှောင်ထဲနေသူကသာ အလင်းရောင်ရှိရာမှာ နေသူကို မြင်နိုင်ကြတယ်။ အလင်း ရောင်ထဲနေသူက အမှောင်ထဲ နေသူကို မမြင်နိုင်ကြဘူး။ သာသနာတော် မှာကျတော့ ဝိဇ္ဇာဥာဏ်အလင်း ရောင်အောက် ရောက်သူကသာ အဝိဇ္ဇာအမှောင်ထဲမှာနေသူတွေရဲ့ စိတ်နေ စိတ်ထားကိုပါမကျန် အရာရာကို မြင်နိုင်စွမ်းရှိကြပြီး အဝိဇ္ဇာအမှောင်ထဲနေသူက ဝိဇ္ဇာအလင်းအောက် နေသူတွေကိုကျတော့ မြင်နိုင်စွမ်းမရှိကြဘူးမို့လား။

            အခုလည်း အကြောင်းအကျိုး ကျေးဇူးပြုမှုကို ကောက်ချက်ချတဲ့ဆိုရိုးစကားမှာ လောကထဲမှာတော့ မှူးမတ်နဲ့နောက်လိုက် ဗိုလ်ပါဆိုတဲ့ ကိုယ်လုံးကြီးကောင်းပါမှ ဦးခေါင်းဖြစ်တဲ့ ဘုရင်က ရာဇပလ္လင်မြဲမှာဖြစ်လို့ “ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး”လို့ မှတ်ချက်ချဆိုရိုးပြုကြပေမယ့် သာသနာတော်မှာကျတော့ ပထမဆုံး သာသနာတော်ရဲ့ အာဒိကမ္မိကဘုရားရှင်ဆိုတဲ့ ခေါင်းက ကောင်းခဲ့လို့ နောက်လိုက်တပည့်သားဆိုတဲ့ ကိုယ်လုံးကြီးက မတိမ်ကော မပျောက်ပျက်၊ မရွေ့လျောဘဲ အရှည်ခန့် တည်တံ့နေတာဆိုတော့ လောကဆိုရိုးနဲ့ဆန့်ကျင်စွာပဲ “ခေါင်းကောင်းရင် ကိုယ်မရွေ့”လို့ မှတ်ချက်ဆိုရိုးပြုကြရမှာပါ။

            မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မြတ်ကြီးဟာ “ခေါင်းကောင်းရင် ကိုယ်မရွေ့”ဆိုတဲ့ ကြောင်းကျိုးဖြစ်စဉ်နဲ့ စတည်ပြီး ပေါ်ပေါက်ကြီးထွား တည်တံ့လာသလိုပဲ သာသနာဝန်ထမ်း ရှင်ရဟန်းတို့ရဲ့ သာသနာပြု(ပရိယတ်၊ပဋိပတ်) လုပ်ငန်းစဉ်မှာ စာသင်တိုက်ကြီးတွေ၊ ရိပ်သာကြီးတွေရဲ့ ဖြစ်စဉ်တွေမှာလည်း ခေါင်းကောင်းရင် ကိုယ်မရွေ့ပုံစံနဲ့ပဲ ကြီးထွားအောင်မြင်လာကြတာပါပဲ။

            အထူးသဖြင့်တော့ ဒီနေ့ မြန်မာပြည် ပရိယတ္တိစာသင်တိုက်ကြီးတွေထဲမှာ ခေါင်းဆောင်နာယက ဆရာတော် တွေရဲ့ အရည်အချင်းအရပဲ ကြည့်ကြည့်၊ နောက်လိုက်သံဃာဆိုတဲ့ ကိုယ်လုံးအရေအတွက် ပမာဏအရပဲ ကြည့်ကြည့် အရည်အချင်းရော၊ အရေ အတွက်ပါ အကြီးအကျယ်ဆုံးလို့ ဆိုနိုင်တဲ့ မန္တလေးမြို့၊ မစိုးရိမ်စာသင်တိုက်ကြီးများရဲ့ ဖြစ်စဉ်ကိုကြည့်ရင် ဒီ “ခေါင်းကောင်းရင် ကိုယ်မရွေ့”ဆိုတဲ့ ဖြစ်စဉ်ဟာ ပိုပြီးထင်ရှားတယ်လို့ ဆိုချင်ပါတယ်။ အာဒိကမ္မိကတိုက်တည် ဦးဆောင်ဆရာတော်ကြီးများဆိုတဲ့ ခေါင်းရော၊ သာသနာတော် တိုးတက်ရေးအတွက် လောက ဆွေရေး မျိုးရေးမဖက် ပရိယတ္တိသာသနာ့အရည်အချင်းဆိုတဲ့ ဓမ္မဆွေမျိုး တော်စပ်ရေး သက်သက်ကိုသာကြည့်ပြီး ဦးဆောင်နာယက(ကျောင်းထိုင်)အဖြစ် သတ်မှတ်ထားတဲ့ တိုက်စည်းကမ်းဆိုတဲ့ ခေါင်းပါ ကောင်းခဲ့ကြလို့ အခုအထိ တိုက်မ တိုက်ခွဲတွေပါ တည်တန့်ပြန့်ပွားတိုးတက် အောင်မြင်နေကြတာပါ။

            အခု ဒီဂုဏပူဇာစာတမ်းဟာလည်း မစိုးရိမ်တိုက်များနဲ့ ပတ်သက်တဲ့ မစိုးရိမ်တိုက်သစ်များရဲ့ ပဓာနမဟာ နာယကဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသမထေရ်မြတ်ရဲ့ သက်တော်(၈၀)ပြည့် ဝိဇာတမင်္ဂလာကို အကြောင်းပြု ပူဇော်ရေးသားမှာဖြစ်လို့ ဒီစာစုရဲ့ ခေါင်းစည်းကိုလည်း “ခေါင်းကောင်းရင် ကိုယ်မရွေ့”လို့ပဲ အမည်တပ်လိုက်ပါတယ်။

            ဒီခေါင်းစဉ်မှာပါတဲ့ “ခေါင်း”ဆိုတာကတော့  မစိုးရိမ်တိုက်သစ်ရဲ့ ဦးခေါင်းဖြစ်တဲ့ ပဓာနမဟာနာယကဆရာတော် တစ်ပါးကိုသာ ရည်ညွှန်းလိုတာ မဟုတ်ပါဘူး။ မစိုးရိမ်တိုက်များရဲ့ အာဒိကမ္မိကတိုက်တည် ဆရာတော်ဘုရားကြီးများ ကစပြီး ဒီနေ့အထိ မစိုးရိမ်တိုက်များမှာ နာယကအဖြစ် ဦးဆောင်သာသနာပြုတော်မူနေကြတဲ့ “ခေါင်း”အားလုံးကို ရည်ညွှန်းပါတယ်။ ဆရာတော်ရဲ့ အမေများနေ့ကို ပြောသလို ပြောရမယ်ဆိုရင်တော့ သရုပ်တူ ခေါင်းအားလုံးကို ဧကသိသ်ပြုထားတဲ့ သရူပေကသိသ် စကားပါ။

            ခေါင်းအားလုံးကို ဧကသိသ်ပြုထားပေမယ့် အဓိက ဦးတည်ပူဇော်မှာက မစိုးရိမ်တိုက်သစ်များရဲ့ ပဓာနမဟာ နာယကဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသကိုဖြစ်လို့ ဆရာတော်အကြောင်းများကိုပဲ ဥာဏ်မီသလောက် ရေးသား ပူဇော်ပါရစေ။ ရေးသားပူဇော်မယ်ဆိုတဲ့ အခါ အခု ဆရာတော်ရဲ့ သက်တော်က(၈၀)ရှိပြီဆိုတော့ လောကအလိုဆိုရင် ဘာရတုခေါ်မလဲ မသိဘူး။ ပတ္တမြားရတုလို့ ခေါ်ကြတယ် ထင်ပါတယ်။ လူပုဂ္ဂိုလ်တွေအတွက်တော့ အဲဒီအမည်အတိုင်းပဲ ခေါ်ကြပေါ့လေ။ သာသနာ ဝန်ထမ်းဖြစ်တဲ့ မထေရ်မြတ်ကြီးတွေ အတွက်ကတော့ သက်တော်(၈၀)ဆိုတာ မြတ်စွာ ဘုရားရှင် သက်တော်ထင်ရှား နေတော်မူခဲ့တဲ့ အသက်ပမာဏဖြစ်လို့ အမြတ်ဆုံး ရတနာဖြစ်တဲ့ ဘုရားရှင်ရဲ့ သက်တော်ကို အကြောင်းပြုပြီး “ရတနာ ရတု”လို့တောင် ခေါ်ဆို သတ်မှတ်လိုက်ချင်ပါတယ်။

            မိမိက ဆရာတော်ထံမှာ စာဝါရယ်လို့ မလိုက်ခဲ့ရဖူးပါဘူး။ ဆရာတော်ရဲ့ လုပ်ရည်ကိုင်ရည်များနဲ့ စာဝါပို့ချချက် မှတ်စုများကို အားကျအတုယူခဲ့ရတဲ့ မြင်ဆရာ၊ ကြားဆရာအဖြစ်ပဲ လေးစားရတာပါ။ အထူးသဖြင့်တော့ ဆရာတော်ရဲ့ စာပေလက်ရာဖြစ်တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီး(ဘဒ္ဒန္တ သူရိယာဘိဝံသ)ရဲ့ ထေရုပ္ပတ္တိစာအုပ်နဲ့ စိန်ရတုအထိမ်းအမှတ် ဩဝါဒတရားတော်များ စာအုပ်တို့ကြောင့် ဆရာတော်ကို လောကုတ္တရာအရာမှာသာမက လောကီရေးမှာပါ လေးစား အားကျ ရပါတယ်။

            ဆရာတော်ရဲ့ စာပေလက်ရာများနဲ့ ပတ်သက်လို့ မိမိမှာ ပြောစရာတွေ အတော်များများရှိနေပါတယ်။ ဆရာတော်ရဲ့ စာအုပ်နှစ်အုပ်လုံးကိုပဲ သဘောကျလွန်းလို့ ဓမ္မာဓိပတိကျောင်း အရှင်ဣန္ဒကာလင်္ကာရာဘိဝံသကို အပူကပ်ပြီး ဆယ်စုံလောက် ပူဇော်လိုက်ပါတယ်။ ဒီစာအုပ်တွေကို စာသင်တိုက်တွေမှာ အုပ်ချုပ်နေကြတဲ့ မိမိရဲ့ တပည့်တွေဆီကိုလည်း ပို့ပေးပြီး ဖတ်ခိုင်းတယ်။ ခင်မင်တဲ့ စာရေးဆရာကြီးတွေဆီကိုလည်း ပို့ပေးပါတယ်။ အထူးသဖြင့်တော့ ဆရာကြီးဦးအောင်သင်းဆီ ကိုယ်တိုင်သွားပို့ပေးခဲ့ တယ်။ “အလုပ်အကြံမပါတဲ့ သရုပ်မှန်အတ္ထုပ္ပတ္တိနဲ့ ဩဝါဒစကားများကို နှစ်သက်မယ်ဆိုလို့ကတော့ ဒီစာအုပ် နှစ်အုပ်က ကျုပ်တွေ့ဖူး သမျှထဲက စံပြပဲ၊ ဖတ်ကြည့်စမ်းပါ”လို့ တိုက်တွန်းခဲ့လိုက်တယ်။

            နောက်နှစ်ရက်လောက်ကြာတော့ “ထေရုပ္ပတ္တိစာအုပ်ကို လက်ကမချ ဖတ်မိလိုက်တယ်၊ အရှင်ဘုရားပြောတာ နဲတောင်နဲသေးဘုရား၊ တကယ့်ကို သရုပ်လည်း မှန်၊ ဘဝကလည်း အတုယူ အားကျစရာကောင်းတဲ့ အတ္ထုပ္ပတ္တိကောင်း တစ်ပုဒ်ပါပဲ” ဆိုပြီး ဖုန်းဆက်လာပါတယ်။

            ဩဝါဒများနဲ့ ပတ်သက်လို့တော့ ဈေးကွက်ဂျာနယ် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” ကဏ္ဍမှာ သုံးပတ် ဆက်ပြီးရေးတယ်။ နောက်တစ်ကြိမ် ဆရာကြီးဆီရောက်တော့ “ဆရာလဲ မစိုးရိမ် ဆရာတော်ရဲ့ ဩဝါဒတွေကို အတော်သဘောကျပုံရတယ်။ ဦးဇင်းလဲ သဘောကျလွန်းလို့ အဲဒီစာအုပ်ကို ခေါင်းအုံးဘေးမှာ အမြဲထားတယ်။ ခုရက် ပိုင်းမှာ ပျင်းပျင်းရှိတိုင်း ဒီစာအုပ်ကိုပဲ လှန်ဖတ်နေမိတယ်”ဆိုတဲ့အကြောင်း ပြောတော့။

            “အရှင်ဘုရားက ပျင်းပျင်းရှိမှ လှန်ဖတ်ပြီး ခေါင်းအုံးဘေးမှာပဲ ချထားတာကိုးဘုရာ့၊ တပည့်တော်က စိတ်ပါလက်ပါ ဖတ်ပြီး ခေါင်းထဲကို ထည့်ထားတာ။ ဒါကြောင့် အရှင်ဘုရားက ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဘာမှမရေးဖြစ်ဘဲ တပည့်တော်က သုံးပုဒ်တောင် ဆက်ရေးဖြစ်တာပေါ့။ အရှင်ဘုရား အရင်က ပြောဖူးသလိုပေါ့ ရင်ထဲမှာ မဆန့်တော့လို့ နှုတ်ကနေ ထုတ်ဟ မြွက်ကြားတဲ့ ဝမ်းမြောက်စကားကို ဥဒါန်းလို့ ခေါ်တယ်ဆို။ အခု ဈေးကွက်ဂျာနယ်မှာပါတဲ့ တပည့်တော် စာသုံးပုဒ်ကလည်း ဒီစာအုပ်ဖတ်ပြီး တပည့်တော်လက်နဲ့ ကျူးလိုက်တဲ့ ဥဒါန်းပဲ ဘုရား”လို့ ပြောပါတယ်။

            စာအုပ်နဲ့ပတ်သက်ပြီး စပ်မိစပ်ရာ ပြောဆိုရင်းက “ဒီလောက်စာရေးကောင်းတဲ့ ဆရာတော်တစ်ပါးက တစ်ဖက်ကကြည့်ရင် တော့ စာချရတဲ့ကိစ္စ၊ တိုက်တာ အုပ်ချုပ်ရေးကိစ္စတွေများတာလည်း ဆရာတော်ဩဝါဒတွေကို ဖတ်ကြည့်တော့ အတော်များတာပဲ ဘုရာ့၊ ဟိုစကားပုံလိုပေါ့ “တံမြက်စည်း တစ်ချောင်း လှည်းကောင်းတိုင်း လှည်းလိုက်တာ၊ ဘုရားစင်ကစပြီး ခွေးကတက် ရောက်ကရော” ဆိုသလိုဖြစ်နေတော့ မအားလပ်တာလည်း မှန်တော့ မှန်ပါတယ်။ ဒါပေမယ့် ရသလောက်အချိန်ကလေးလုပြီး ဒီထက် ပိုရေးစေချင်သေးတယ်။ အရှင်ဘုရားလည်း ဒီလို ဆန္ဒမျိုးဖြစ်မယ် ထင်ပါတယ်”တဲ့။

            မိမိက “ကျုပ်စိတ်ထဲမှာဖြစ်တဲ့ ဆန္ဒကတော့ – ဆရာကြီးရွှေဥဒေါင်းဆိုရင်ဗျာ သူ့ရဲ့ “တစ်သက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ”ဆိုတဲ့ စာအုပ်ကြီးကို ရေးခဲ့တာ၊ သူ့ဘဝအကြောင်းသာမကဘူး သူကျင်လည်ဖြတ်သန်းခဲ့ရတဲ့ ခေတ်နဲ့ ပတ်ဝန်းကျင်အကြောင်း နောင်လာနောင်သားတွေ အများကြီး သိခွင့်ရကြတယ်။ ဒါပေမယ့် သူ့မှတ်တမ်းထဲမှာ လောက အကြောင်းတွေပဲ များတယ်၊ သာသနာတော်နဲ့ ပတ်သက်ပြီး မပါလှဘူး။ ဒါကလည်း သူထဲထဲဝင်ဝင် ကျင်လည်ခဲ့ရတာ မဟုတ်ဘဲကိုး။ သာသနာတော်နဲ့ ပတ်သက်တဲ့ ခေတ်နဲ့ဝန်းကျင်အကြောင်းကတော့ ဒီဆရာတော်လို ပုဂ္ဂိုလ်မျိုးက “တစ်ဘဝတာ အတွေ့အကြုံ အတွေးအမြင်”ဆိုတာမျိုး ရေးခဲ့မယ်ဆိုရင် သာသနာတော်အတွက်လည်း တန်ဖိုးရှိမယ်။ လောကအတွက် ကြည့်ရင်လည်း အတုယူစရာ မှတ်သားလိုက်နာစရာ ဗဟုသုတတွေ အများကြီးရမယ်ဗျာ။ အဲဒီလို စာအုပ်ကြီးရေးခဲ့စေချင်တာ”ဆိုတော့ “ ဟာ … ဘယ့်နှယ် ပြောပါလိမ့် အတိုင်းထက်အလွန်ပေါ့ဘုရား”လို့ ထောက်ခံခဲ့ပါ တယ်။

            ဆရာတော်ကို ခုချိန်ကျမှ ဒီအကြောင်းလျှောက်ထားမယ်ဆိုရင်တော့ “ဘာလဲ မင်းတို့က ငါအရွယ်ရှိတုန်းက လည်း ကိုယ်စွမ်းဥာဏ်စွမ်းဟူသမျှကို ညှစ်ယူခဲ့ကြပြီ၊ အခု အရိုးပေါ် အရေတင် အရွယ်ကြီးရောက်တော့လည်း အရိုးကိုညှစ်ပြီး အဆီထုတ်ယူချင်ကြတုန်းပဲလား”လို့များ မိန့်ကြားလေမလားပဲ။ အဲလို မိန့်ကြားရင်လည်း “အရိုးနဲ့ အရေပဲကျန်တော့တယ်ဆိုလည်း ပြာမဖြစ်သေးသမျှ အဆီတော့ ညှစ်လို့ရလောက်ပါသေးတယ်ဘုရားလို့ လျှောက်လိုက် ချင်စမ်းပါဘိ”ဆိုတဲ့ အတွေးများလည်း ပေါ်ခဲ့ပါတယ်။ အခုလည်း ပေါ်နေဆဲပါပဲ။ နောင်လည်း ပေါ်နေ မျှော်နေမိမှာပါပဲ။ လျှောက်တော့ မလျှောက်ထားဝံ့ပါဘူး။

            ဆရာတော်နဲ့ ပတ်သက်လို့ မိမိစိတ်မှာ အာရုံပြုကြည်ညိုမိတဲ့ နောက်ထပ် အမှတ်ထင်ထင် အကြောင်းအရာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ “ ခေါင်းဆောင်ကောင်းတို့ရဲ့ ဂုဏ်ရည်ဆိုတဲ့”အကြောင်းပါ။ မနှစ်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကို ဘေး(ပင်လင်ကွေ့)ဧရိယာထဲက ဟေးဝပ်ဆိုတဲ့မြို့လေးမှာ မစိုးရိမ်စာသင် သားဟောင်း အရှင်ဥာဏိကာဘိဝံသ တည်ထောင်တဲ့ မုဒိတာရွှေကျောင်း ဖွင့်ပွဲမှာ ဆရာတော်နဲ့ ဆုံမိခဲ့ပါသေးတယ်။ အဲဒီတုန်းက မိမိက ညစဉ်ညတိုင်း အဲဒီဘေးဧရိယာထဲမှာ ပါဝင်တဲ့ ဒေးလီစီးတီးမြို့က ထေရဝါဒဓမ္မအသင်းမှာ ဓမ္မစကြာ သင်တန်းစပြီး သင်ပြနေတဲ့အချိန်နဲ့တိုက်ဆိုင်လို့ ဓမ္မစကြာရဲ့နိဒါန်းပိုင်းက ဘုရားရှင်ရဲ့ ခေါင်းဆောင်ကောင်း ဂုဏ်ရည် အကြောင်း ပြောခဲ့စဉ်ကလည်း မစိုးရိမ်တိုက်သစ်အကြောင်း ဆရာတော် အကြောင်းတို့ကို နှိုင်းယှဉ်ပြီး နည်းနည်း ပြောခဲ့ဖြစ်ပါသေးတယ်။ အဲဒီအကြောင်းအရာကို အခုလည်း ထပ်ပြီး ပြောပါရစေ။

            ဓမ္မစက္ကပဝတ္တနသုတ်ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီး စတင်ပေါ်ပေါက်လာစေတဲ့ အဦးဆုံးဒေသနာတော်ကြီး ဖြစ်လို့ ဓမ္မစကြာရဲ့နိဒါန်းကို ဘာဝတ္ထဆိုက်အောင် သဘောပေါက်ကြရင် သာသနာတော်ရဲ့ နိဒါန်းကိုလည်း သဘောပေါက်စရာ ရှိပါတယ်။ ဒီလိုသဘောပေါက်ခဲ့ရင် မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီး ဘာကြောင့် ဒီလောက်ထိ အရှည်ကြံ့ တည်တံ့နိုင်တယ်ဆိုတာကို လည်း သဘောပေါက်ကြမှာပါ။

            ဓမ္မစကြာမှာ “ဒုက္ခလွတ်ငြိမ်းရာကို ဦးတည်ရည်မှန်းပြီး ကျင့်ကြံကြမယ့် တပည့်သားများအနေနဲ့ အဦးဆုံးလိုက်နာရမှာ ကတော့ – အရိယာတို့ရဲ့ လက်သုံးလည်း မဟုတ်၊ ရည်မှန်းတဲ့ အကျိုးကိုလည်း မပြီးစေတဲ့ အစွန်းတရားနှစ်ပါးကို ပယ်စွန့်ရမယ်” ဆိုတဲ့ နိဒါန်းစကားနဲ့ တရားဦးဒေသနာကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

            ဒီပယ်စွန့်ရမယ့် အစွန်းတရား နှစ်ပါးဆိုတာကတော့ –

            (၁) လောကီအာရုံ ကာမဂုဏ်တွေကို ကြိုးစားရှာဖွေခံစားနေရခြင်းဟာ တကယ့်ချမ်းသာသုခကြီးပဲလို့ ခံယူကျင့်သုံး အားထုတ် နေကြတဲ့ “ကာမသုခလ္လိကာနုယောဂ”ဆိုတဲ့ အစွန်းတရားရယ်။

            (၂) အာရုံခံစားမှု မှန်သမျှကို ဖြတ်တောက်ပြီး ခန္ဓာကိုယ်ကြီးကို ဘက်ပေါင်းစုံက ညှဉ်းဆဲကျင့်ကြံ အပင်ပန်းခံနေမှသာ ချမ်းသာစစ် ချမ်းသာမှန်(နိဗ္ဗာန်)ကို ရမယ်လို့ ခံယူကျင့်သုံးနေတဲ့ “အတ္တကိလမထာနုယောဂ”ဆိုတဲ့ အစွန်းတရားရယ်တို့ပါပဲတဲ့။

            မြတ်ဗုဒ္ဓရဲ့ အခုနောက်ဆုံးဘဝမှာ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ဘဝရဲ့ အစိတ်အပိုင်းနှစ်ခုနဲ့ အခုအပယ်ခိုင်းတဲ့ ဒီအစွန်းတရား နှစ်ပါးတို့ကို လေ့လာကြည့်လိုက်ရင် မြတ်ဗုဒ္ဓရဲ့ ခေါင်းဆောင်ကောင်းဂုဏ်ရည်ကို အထင်အရှား တွေ့မြင်နိုင်လိမ့်မယ်။

            မြတ်ဗုဒ္ဓအလောင်းတော်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားဟာ ကပိလဝတ်နန်းတော်ထဲမှာ အသက်(၂၉)နှစ်အထိ နေခဲ့တယ်။ အဲဒီမှာ နေခဲ့ရတဲ့ဘဝဟာ လောကအမြင်အရ ကြည့်မယ်ဆိုရင်တော့ တကယ့်ကို နတ်တို့ရဲ့ စည်းစိမ်လို့တောင် ဆိုနိုင်လောက်တယ်။ ဥတုသုံးလီနဲ့ ကိုက်ညီအောင်စီမံထားတဲ့ ထီးနန်းသုံးဆောင်ရယ်၊ အချောဆုံး အလှဆုံးဆိုတဲ့ မောင်းမမိဿံတွေရယ် (စာထဲမှာတော့ လေးသောင်းလောက်လို့တောင် ဆိုတယ်)။ မင်းအာဏာကို အသုံးချပြီး ရှာလို့ ရနိုင်သမျှ ကာမဂုဏ် စည်းစိမ်တွေရယ်နဲ့ ခံစားစံစား နေရတာကိုး။

            ဒါပေမယ့် အသက်(၂၉)နှစ် အရွယ်ရောက်လို့ သားဦးလေး ရာဟုလာဖွားတဲ့နေ့မှာပဲ ဥယျာဉ်တော်ထဲ လှည့်လည်ရင်း လောကကြီးရဲ့ နိဂုံးကို မြင်လိုက်ရတော့ ဒါတွေ အားလုံးဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းနဲ့ နိဂုံးချုပ်ကြပြီး ဝမ်းနည်းပူဆွေး ငိုကြွေးရင်း ဇာတ်သိမ်းကြရမှာပဲဆိုတာ မျက်ဝါးထင်ထင် တွေ့မြင် သိရှိသွားတယ်။ ဒါနဲ့ပဲ ထီးနန်း စည်းစိမ်အပါအဝင် ကာမသုခလ္လိက မှန်သမျှကို စွန့်ပစ်ပြီး ဥရုဝေလတောဆီ ထွက်ခွါသွားခဲ့တာပါ။

            ဒါကြောင့် ကာမသုခလ္လိကာနုယောဂအစွန်းတရားကို ပယ်ရမယ်ဆိုတဲ့စကားဟာ ဟိုပုံပြင်ထဲကလို စပျစ်သီးမှည့်ကို မမှီတဲ့ အတွက် ချဉ်တယ်ဆိုပြီး မှတ်ချက်ချတဲ့ စကားမျိုးမဟုတ်ဘူး၊ ကိုယ်တွေ့ ကိုယ်ကြုံ အသေအချာ သိပြီးလို့ အကျိုးမရှိတာ သေချာတဲ့ အတွက် အစွန့်ခိုင်းတာပါ။

            အဲဒီနောက် ဥရုဝေလတောထဲမှာ အတ္တကိလမထာနုယောဂဆိုတဲ့ အစွန်းကိုလည်း နောက်ထပ်သာ တစ်လှမ်းလောက် ဆက်တိုးလိုက်ရင် မရဏချောက်ကမ်းပါးမှာ ပြုတ်ကျသေဆုံးဖို့ပဲ ရှိတော့တယ်ဆိုရလောက်အောင်ကို ကိုယ်တိုင်လျှောက်လှမ်းခဲ့ပြီးလို့ ပင်ပန်းရုံကလွဲပြီး ဘာအကျိုးမှ မရှိဘူးဆိုတာ ကိုယ်တွေ့ကိုယ်ကြုံသိခဲ့ပြီးသားပဲ။ ဒါကြောင့် ဒီအစွန်းတရားကိုလည်း စွန့်ပယ်ပစ်ရ မယ်လို့ ဟောတော်မူတာပါ။

            ဒီအချက်အလက်တွေကို ကောက်ချက်ချကြည့်မယ်ဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကိုယ်ချမှတ်တဲ့ လမ်းစဉ်  သဘောတရားအတွက် နောက်လိုက်တပည့်သားတွေကို အစမ်းသပ်ခံ သားကောင်အဖြစ်နဲ့ အသုံးမချဘူး၊ အမှား အမှန် မကွဲပြားသေးတဲ့ သဘောတရားများနဲ့ ပတ်သက်ပြီး ကိုယ်တိုင်က အစမ်းသပ်ခံ သားကောင် အဖြစ်နဲ့ ကျင့်သုံး ကြည့်ရမယ်။ သေချာပေါက် အမှားအယွင်း မရှိဘဲ ရည်မှန်းတဲ့ ပန်းတိုင်ကို အမှန်အကန် ရောက်စေ တယ် ဆိုတာ သိရှိပြီးမှသာ နောက်လိုက်တပည့်သားတွေကို အမှားအယွင်းမရှိ လမ်းညွှန်ပြသနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါတယ်။

            သာသနာတော်ကို စတင်ဖော်ဆောင်တဲ့ မြတ်ဗုဒ္ဓက အခုလို ခေါင်းဆောင်ကောင်းဂုဏ်ရည်အပြည့်ရှိပြီး တည်ထောင်ခဲ့တာ ဖြစ်လို့လည်း မြတ်ဗုဒ္ဓရဲ့ သာသနာတော်မြတ်ကြီး ဒီလောက်အထိ အရှည်ကြံ့ တည်တံ့နေနိုင်တာပါ။

            မြတ်ဗုဒ္ဓနည်းတူပဲ ခေါင်းဆောင်ကောင်းတို့ရဲ့ ဂုဏ်ရည်အပြည့်နဲ့ တပည့်သားတွေကို ဦးဆောင်ကြတဲ့ ခေါင်းဆောင်ကောင်း တွေဆိုတာ ဒီနေ့အထိလည်း သာသနာတော်မှာ ရှိနေဆဲပါပဲ။

            အထင်ရှားဆုံး သာဓကအဖြစ်နဲ့ ပြရရင်တော့ အခု အမေရိကန်ကို ခေတ္တရောက်ရှိနေတဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသကို ကြည့်ရင်လည်း သိသာပါတယ်။ ဒီနေရာမှာ အချက်အလက်တွေကို ခြုံငုံသဘော ပေါက်ဖို့အတွက် မစိုးရိမ်တိုက်များနဲ့ မစိုးရိမ်သံဃာတို့နဲ့ မစိုးရိမ် စိတ်ဓာတ် တို့ကိုတော့ နည်းနည်း သဘောပေါက်ထားရပါလိမ့်မယ်။

            မစိုးရိမ်တိုက် ဆရာတော် သံဃာတော်တွေရဲ့ စိတ်ဓာတ်က “ဓမ္မရေးလည်း မဖျင်းနဲ့ လောကရေးလည်း မကင်းနဲ့”ဆိုတဲ့ စိတ်ဓာတ်မျိုးလို့ ဆိုရပါလိမ့်မယ်။ ပရိယတ္တိစာပေအရာမှာ အနည်းဆုံး “သကျသီဟ”လို့ခေါ်တဲ့ ပရိယတ္တိဓမ္မာစရိယဘွဲ့လောက်မှ ရမထားရင် မစိုးရိမ်တိုက်တွေမှာ နာယကစာချ(ကျောင်းထိုင်)အဖြစ် မသတ်မှတ်ပါဘူး။ အချို့ကျောင်းတွေ၊ ကျောင်းတိုက်တွေမှာ ကျောင်းထိုင်ဘုန်းကြီးတို့၊ စာချဘုန်းကြီးတို့ဆိုရင် ပညာအရည်အချင်းကရော ဘယ်လိုလဲဆိုတာ မေးဖို့ လိုကောင်း လိုတတ်ပါတယ်။ မစိုးရိမ်ကျောင်းတိုက်တွေမှာ နာယကစာချတဲ့ဆိုလိုက်ရင် ပညာအရည်အချင်းက မေးစရာမလိုဘူး အားလုံးသိကြပြီးသားပါ။ ဓမ္မရေးဘက်မှာ အဲဒီလို မဖျင်းရအောင် စည်းကမ်း ချမှတ်ပြီး ကြိုးစားကြပါတယ်။

            လောကရေးဘက်မှာလည်း နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပန်းခဲ့စဉ်ကစပြီး နောက်ပိုင်းခေတ် အဆက် ဆက်မှာ ပြည်သူတွေရဲ့ ဒုက္ခလွတ်မြောက်ရေး ကြိုးပန်းမှုတိုင်းမှာ မစိုးရိမ်သံဃာများက တတပ်တအား ပါဝင်ကြတာ ချည်းပါပဲ။ ဒါကလည်း ပြောသလို လုပ်၊ လုပ်သလို ပြော ဆိုတဲ့အတိုင်း မစိုးရိမ်ရဲ့ ပကတိသရုပ်မှန် စိတ်ဓာတ်လို့ပဲ ဆိုရမယ်ထင်ပါတယ်။

            ဟုတ်တယ်လေ၊ သံဃာတော်အရှင်မြတ်များအနေနဲ့ နေ့စဉ် နေ့တိုင်း ပရိတ်မေတ္တာဘာဝနာ ပွားခါနီးမှာတော့ “သာသနဿ စ လောကဿ၊ ဝုဍ္ဎိုဘဝတု သဗ္ဗဒါ = သာသနာရော လောကပါ စဉ်ဆက်မပြတ် ကြီးပွားတိုးတက်ပါစေ”လို့ ပြောဆို ရွတ်ဖတ်တော်မူကြပြီး လောကကြီး ဒုက္ခရောက်တဲ့အခါမှာတော့ “ဒေဝါ ရက္ခန္တု သဗ္ဗဒါ = နတ်တွေက မပြတ်စောင့်ရှောက်ကြပါစေ”လောက်နဲ့ မသိကျိုးကျွံပြုနေမယ်ဆိုရင် အပြောနဲ့အလုပ်က မကိုက်ညီသလို ဖြစ်နေမယ်။ မစိုးရိမ်ဆရာတော်များကတော့ မသိကျိုးကျွံ ပြုမနေကြပါဘူး။ လောကရေးနဲ့ မကင်းကြပဲ ဒုက္ခကို မျှဝေခံစား တတ်ကြပါတယ်။ ဒါဟာ ပြောသလို လုပ်၊ လုပ်သလို ပြောတတ်တဲ့ မစိုးရိမ်ရဲ့စိတ်ဓာတ်လို့ ဆိုနိုင်ပါလိမ့်မယ်။

            အဲဒီလို မျှဝေခံစားရာမှာလည်း စာသင်သားသံဃာငယ်တွေချည်းသာ အစတေးခံစေခဲ့တာ မဟုတ်ပါဘူး။ နာယကဆရာတော် များကိုယ်တိုင်လည်း ပါဝင်တန်သမျှ ပါဝင်ပြီး မျှဝေခံစားကြတာပါ။ အခြွုကလာတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဆိုတာလည်း အရင်ဒီမှာ သီတင်းသုံးနေတဲ့ မစိုးရိမ် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသနဲ့အတူ ရှစ်လေးလုံး မျှဝေခံစားပွဲရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ နန်းတွင်း မဆိတ်ငြိမ် တောရမှာ မျှဝေခံစား သီတင်းသုံးခဲ့ရတဲ့ ဆရာတော် ဖြစ်ပါတယ်။

            အဲဒီနောက် ၁၃၆၅-ခုနှစ်၊ တန်ဆောင်မုန်းလဆန်းလောက်မှာ ဒုက္ခတွေကို သည်းမခံနိုင်ကြတော့တဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပြန်တယ်။ ထုံးစံအတိုင်း မစိုးရိမ်တိုက်သစ်သံဃာတွေကလည်း ပြည်သူနဲ့အတူ မျှဝေခံစားကြတာပါပဲ။ အဲဒီနှစ် တန်ဆောင်မုန်းလဆန်း(၄)ရက်နေ့မှာတော့ တစ်ကျောင်းတိုက်လုံး သံဃာတွေ ခါထုတ်(နှင်ထုတ်)လိုက်ပြီး ကျောင်းပိတ်လိုက်တယ်။

            ဒီကိစ္စနဲ့ပတ်သက်လို့ ၁၃၆၇-ခု၊ ဝါခေါင်လကွယ်နေ့မှာ ဩဝါဒပေးတဲ့အခါ-

            “အဲ ..ပြီးခဲ့တဲ့ ၁၃၆၅ ခုနှစ်တုန်းက ငါက တိုက်ခါပစ်လိုက်တယ်။ မခါရင် ငါက သိတယ်၊ အဲဒီည ဦးဇင်းတွေ တစ်ပါး နှစ်ပါး အနည်းဆုံး သေဦးမယ်၊ အပစ်ခံရဦးမယ်၊ အဲဒါသိတယ်။ အဲဒါသိတော့ ဘာမှ နားမလည်တဲ့ ဦးဇင်းတွေ ကိုရင်တွေ အလကား သက်သက် အသက် အဆုံးအရှုံးမခံနိုင်ဘူး။ အေး .. ဒီတော့ နံနက်ပိုင်း ငါ လဘက်ရည်သောက်တဲ့ အချိန်မှာ တိုက်ထဲရှိတဲ့ နာယကတွေ အကုန်ခေါ်၊ အကုန်ခေါ်ပြီးတော့ “မင်းတို့ ကျောင်းခါပစ်မှ ဖြစ်မယ်၊ မခါရင် မဖြစ်ဘူး၊ မခါရင် အလကား ဒဏ်ရာ အနာတရတွေ ဖြစ်ကုန်မယ်”ဆိုပြီးတော့ ကျောင်းခါ ပစ်လိုက်တယ်။

            ဒီလို ကျောင်းခါပစ်လိုက်တော့ ငါတော့ နာမည်ပျက်မှာပေါ့။ ပျက်ပါစေ၊ နာမည်ပျက်တာ ငါ အရေးမစိုက်ဘူး။ သူနိုင်နင်း အောင် မအုပ်ချုပ်နိုင်ဘူး၊ ဘာညာနဲ့ ပြောမှာပေါ့။ ပြောပါစေ၊ နိုင်နင်းအောင် အုပ်ချုပ်နိုင်လို့ ဂုဏ်ပြုပြု၊ ပြစ်တင် ကဲ့ရဲ့ ကဲ့ရဲ့၊ ဘာမှ နားမလည်တဲ့ ဒီကိုရင် ဦးဇင်းတွေ အလကား အသက်မဆုံးရှုံးဖို့ အရေးကြီးတယ်။ အဲ လူ့အသက် တစ်ချောင်းဆိုတာ ဘုရားရှင် ကလည်း “မနုဿတ္တ ဘာဝေါ ဒုလ္လဘော”တဲ့။ လူ့ဘဝရခဲတယ်လို့ ဟောထား ပြီးသား။ ဒီတော့ ရခဲတဲ့ လူ့အသက်တစ်ချောင်း ဘာမှမဟုတ်တဲ့ ကိစ္စနဲ့ အသေမခံစေရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်း ပိတ်ခဲ့တာ”လို့ ရှင်းပြပါတယ်။ (ဩဝါဒတရားတော်များ၊၇၆)

            ဒီလို တိုက်ပိတ်လိုက်တာဟာ ဆရာတော်အနေနဲ့ အသိမဲ့ အကြောက်ကြီးပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ သူကိုယ်တိုင် ထောင်ကျခံရတဲ့အထိ အစမ်းသပ်ခံ၊ အစတေးခံခဲ့ပြီးတဲ့အတွက် အတွေ့အကြုံအရ ရောက်လာမည့်ဘေးကို ကြိုတင်သိမြင်လို့သာ ကာကွယ်ပေးခဲ့တာ ဖြစ်တယ်ဆိုတာ ဒီပွဲမျိုး နွှဲဖူး ကြုံဖူးသူတိုင်း သိကြပါလိမ့်မယ်။

            ဒါကြောင့် မစိုးရိမ်တိုက်သစ်ရဲ့ ဦးစီးခေါင်းဆောင် ပဓာနမဟာနာယက ဆရာတော်ဘုရားဟာလည်း ဘုရားရှင်ရဲ့ တပည့်သား ပီပီ ဘုရားရှင်တို့ ထုံးကို နှလုံးမူပြီး တပည့်သားတို့ကို အစမ်းသပ်ခံ၊ အစတေးခံများ မဖြစ်စေဘဲ ကိုယ်တိုင်သာ အစမ်းသပ် အစတေးခံပြီး တပည့်သားများကို ကာကွယ်ပေးတဲ့ ဂုဏ်ရည်ပြည့် ခေါင်းဆောင်ကောင်း တစ်ဦးလို့ ဆိုရပါလိမ့်မယ်။ မြတ်စွာဘုရား ရှင်ရဲ့ သာသနာတော်ကြီး ဒီနေ့အထိ အရည်ကြံ့ တည်တံ့နေသလို မစိုးရိမ်စာသင်တိုက်တွေဟာလည်း စတင်တည်ထောင် ချိန်ကစပြီး ဒီနေ့အထိ စဉ်ဆက်မပြတ် တိုးတက်ပြန့်ပွား တည်တံ့နေတာဟာ ဒီလို ဂုဏ်ရည်ပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတွေ ကြောင့်ပဲဆိုတာ မှန်းဆပြီး သဘောပေါက် လောက်ပါတယ် ဆိုတဲ့အကြောင်း သင်တန်းသားများကို နှိုင်းယှဉ်ပြောခဲ့ဖူးပါတယ်။

            ဆရာတော်နဲ့ ပတ်သက်ပြီး ရေးရမယ်ဆိုရင်တော့ ဩဝါဒတရားများ အဖွင့်ကျမ်းတစ်ဆောင်လောက်များ ဖြစ်သွားမလားပဲ။ ဒါပေမယ့် တခြားတပည့်တွေကလည်း ရေးသားပူဇော်ကြဦးမှာဆိုတော့ ဒီလောက်နဲ့ပဲ ရပ်နားသင့်မယ် ထင်ပါတယ်။

            ဆရာတော်ရဲ့ သက်တော်(၈၀)ပြည့် ဝိဇာတမင်္ဂလာကို အကြောင်းပြုပြီး ဆရာတော်ရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်၊ ပရိယတ္တိဂုဏ်၊ ခေါင်းဆောင်နာယကဂုဏ်ရည်တို့ကို ဒီစာတမ်းနဲ့ ပူဇော်ကန်တော့ပါတယ်ဘုရား။           ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

၂.၁၂.၂၀၁၂

(Photo – 9th July 2011, Hayward, Opening Ceremony of Mudita Shwe Kyaung,  Masoeyein Sayadaw & Dhamma Beri Syayadaw)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်