ရောက်တတ်ရာရာ အတိုအစများ ( ပါရီ ချိုင်းနားတောင်း လစ်တယ်လ်အိန္ဒိယ)

December 10, 2012

ရောက်တတ်ရာရာ အတိုအစများ  ( ပါရီ ချိုင်းနားတောင်း လစ်တယ်လ်အိန္ဒိယ)

မောင်ရင်ငတေ၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၂

နိုင်ငံတနိုင်ငံ မြို့ကြီးတမြို့မှာ မရှိလို့မရ မတွေ့လို့မရတာကတော့ China Town နဲ့ Little India ရပ်ကွက်များပါဘဲ၊ မောင်ရင်ငတေတို့ ရွှေနိုင်ငံကတော့ ဒီနိုင်ငံကြီးနှစ်ခုအကြားမှာ တည်ရှိခဲ့တော့ ဘယ်သူကမှ အထူးအဆန်းလုပ်ပြီး စာဖွဲ့နေသူမရှိပါဘူး၊ ဒန်ပေါက်တို့ ကြေးအိုးတို့ တုတ်ထိုးတို့ ဆိုတာ မြန်မာ့ရိုးရာစားစရာလို ဖြစ်နေခဲ့တာကြာပါပြီ၊ အခုဆိုရင် မာလာဟင်းဆိုတာ ဘယ်ဒေသက ထွက်ရှိတဲ့ အဓိကအစာလည်းတော့ သေချာမသိပါ၊ သို့ပေမဲ့ ရွှေလူမျိုးတွေလောကမှာ တော်တော် များများ စားလို့နေကြတာ သတိထားမိကြောင်းပါ၊

အခုပါရီမြို့တော်ကြီးမှာလည်း ဒီရပ်ကွက်ကြီး နှစ်ခုက တော်တော်ကိုကြီးကျယ်နေပါပြီ၊ နေ့တဒူဝ စားဝတ်နေရေးအတွက် အရေးပါတဲ့ ဈေးကွက် အဆင့်တောင် ရောက်လို့နေပါပြီ၊ ရောက်လည်းရောက်မှာပေါ့၊ မြောက်များလှစွာသော ရွှေ့ပြောင်း အခြေစိုက်သူအရေအတွက်ဟာ တနေ့တခြား များပြားလာတာဘဲရှိတယ် မဟုတ်ပါလား၊ ဒီဘက် နိုင်ငံတွေမှာ စီးပွားပျက်ကပ် ဘယ်လောက်ဘဲဆိုက်ဆိုက် အခက်အခဲတွေ ဘယ်လောက်ပင် များများ ရွှေ့ပြောင်းအခြေစိုက်သူများရဲ့ မွေးရပ်ဌာနီ မူလဒေသတွေမှာလည်း ကိုသာဆိုးတို့ တတွေသာ ဆက်လက်ချုပ်ကိုင် မင်းမူနေကြမြဲဆိုတော့ကာ ရွှေ့ပြောင်းအခြေစိုက်သူများကလည်း ဆက်လက်ပြီးတော့သာ ရွှေပြည်တော်မျှော်လေတိုင်းဝေးလို့ နေကြရအုံးမှာပါဘဲခင်ဗျာ၊

 

Le quartier indien ခေါ် အင်ဒီးယန်းရပ်ကွက်ကတော့ ပါရီမြို့ မြောက်ပိုင်းဘူတာရုံကြီး La gare de Paris-Nord (Gare du Nord) ဂါး ဒျူနော့ နဲ့ မေထရို လာရှပယ်လ် (Métro La Chapelle) အကြားမှာတည်ရှိပါတယ်၊ ဒီရပ်ကွက်မှာ အိန္ဒိယ ပါကစ္စတန် သီရိလင်္ကာ အစားအစာဆိုင်တွေ မျိုးစုံ ရှိနေပါတယ်၊ အဓိကကတော့ အင်ဒီးယန်းတမီလ်နဲ့ သီရိလင်္ကာ တိုက်ဂါးတမီလ်လူမျိုးတွေသာ များပြားလှတာပါ၊ ပြင်သစ်ကိုလိုနီဟောင်း Pondichéry ပွန်ဒီရှယ်ရီ နယ်ဖွားတွေလည်းရှိပါတယ်၊ တရားဝင်စာရင်းအရ အင်ဒီးယန်းပါကစ္စတန်တမီလ်လူမျိုးတွေ စုစုပေါင်း ငါးသိန်းကျော်လောက်ရှိပြီး တမီလ်လူမျိုးကတော့ ရှစ်သောင်းကနေတသိန်းလောက် ပြင်သစ်ပြည်မှာရှိပါတယ်(တရားဝင်နော်)၊

ဒီလို အိန္ဒိယစားသောက်ဆိုင်တွေမှာတော့ ထမင်းပေါ် ဟင်းပုံစားတပွဲကို အနိမ့်ဆုံး လေးငါးယူရို ကျသင့်ပါတယ်၊ တော်ရုံတန်ရုံ ရက်စတောရန့်ဆိုရင်တော့ ၁၀ ယူရိုဝန်းကျင်ခန့်ပေးရင် စားလို့ရပါပြီ၊ Le biryani ဘရိယာနီခေါ် ဆီမပါပြားမပါ အနီရောင်ဒန်ပေါက် ခြောက်ကပ်ကပ်ကလည်း ၅ ယူရိုလောက် အကုန်ခံနိုင်ရင် စားလို့ရပါတယ်၊ မောင်ရင်ငတေတို့လို မြန်မာ့နည်းမြန်မာ့ဟန် ချွေတာရေး လမ်းစဉ်ကြီးအောက်မှာ လူလားမြောက် ကြီးပြင်းလာခဲ့ရသူတွေက  မြန်မာအစာသည် တို့အစာ မြန်မာအစားသည် တို့အစား ဆိုသလို တနေ့လောက် ဆီပြန်ဟင်းလေးနဲ့ ထမင်းမစားရရင် ငပိငံပြာရည်လေးမပါရင် မနေတတ်မထိုင်တတ် ဖြစ်သူတွေများသမို့ (အချို့အချို့သော ဆီဦး ထောပတ် ကြိုက်သူများလည်းရှိပါတယ်) မြန်မာဆိုင်မရှိတဲ့ ဒီလိုအရပ်ဒေသမှာ သူတို့ဖွင့်ထားတဲ့ ဒီလိုစားသောက်ဆိုင်များ ဒီလိုကုန်စုံဆိုင်များကိုဘဲ အားပေးရတာပေါ့၊ မောင်ရင်ငတေတို့အတွက် ပြဿနာက ဒီဆိုင်တွေက မီနူးဟင်းလျှာတွေ ဟင်းချက်ပုံ ဟင်ချက်နည်းတွေက နှစ်ပေါင်းကြာလာ သော်လည်းဘဲ မပြောင်းမလဲ တပုံစံတည်းဖြစ်နေတာပါ၊ ဘယ်တော့စားစား ဒီဟင်း ဒီပုံစံ ဒီအရသာကိုတော့ တော်တော်လေးကိုဘဲ စိတ်ပျက်မိပါတယ်၊

 

မောင်ရင်ငတေတို့လူမျိုးတွေရဲ့ ဟင်းချက်တဲ့နည်းပညာတွေက ဖော်မြူလာ တိတိကျကျမရှိဘဲ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းနည်းဆိုတော့ကာ တမြို့တည်း တဈေးတည်း တနေရာတည်း ဆိုင်ချင်းကပ်ရက်မှာ ဟင်းရဲ့ အရောင်အနံ့အရသာ မတူကွဲပြားခြားနားတာ အားလုံးသိကြပါတယ်၊

မုန့်ဟင်းခါး ဆိုတာခြင်း တူနေပေမဲ့ မြောင်းမြမုန့်ဟင်းခါး ဟင်္သာတမုန့်ဟင်းခါး ရန်ကုန်မုန့်ဟင်းခါး ရေနံချောင်းမုန့်ဟင်းခါး ထားဝယ်မုန့်ဟင်းခါး ရွှေတောင်မုန့်ဟင်းခါး  ဒေသအမျိုးမျိုး အရသာ အမျိုးမျိုးပါ၊ ဒါကြောင့် မောင်ရင်ငတေတို့လို လမ်းဘေးနားကဆိုင် ခွေးခြေခုံလေးတွေပေါ်မှာထိုင်ပြီး တဆိုင်တမျိုး ဝါးတီးဖွင့်လာခဲ့ကြတဲ့သူတွေဟာ ဒီနိုင်ငံလိုမျိုး ရောက်ရှိနေထိုင်ကြတဲ့ ကာလတွေ ကြာလာတဲ့အခါ ကိုယ်တိုင် ကြော်လှော်ချက်ပြုတ်သည်ဆိုတဲ့ ဖေ့ဘုတ်ခ်တို့ ဘလောက်ခ်တို့ကနေ တင်ပြလာကြတဲ့ ချက်နည်းပြုတ်နည်းများကို ရှာဖွေဖတ်ရှု အားကျလာပြီးတော့ အပြိုင်အဆိုင် ကိုယ်တိုင် ချက်ပြုတ်လာကြတော့ပါတယ်၊

ခုတော့ပါရီမြို့ရောက် မောင်ရင်ငတေရဲ့မိတ်ကောင်း ရွှေဘော်ဒါအပေါင်းဟာ  အပတ်စဉ်လိုလိုဘဲ အပြန်အလှန် သူ့အိမ်ကိုယ့်အိမ် အကြောင်းအမျိုးမျိုးပြ ပွဲတွေလုပ်ကြလွန်းလို့  ဗမာအစာ ရှမ်းအစာ အင်းအစာ ထိုင်းအစာ ဘိတ်ထားဝယ်အစာက အစ မငတ်တော့ပါဘူး၊ မောင်ရင်ငတေတောင်မှ ကျွမ်းကျင်ရာလိမ္မာလာလို့ ပြန်တော်မူငတေ မုန့်ဟင်းခါး ဆိုပြီး ရန်ကုန်-မန္တလေး အမြန်ကွန်ကရစ်လမ်းမကြီးဘေး တနေရာလောက်မှာ ဆိုင်းထမ်းလေးနဲ့ ပြန်ပြီးအခြေချလုပ်ကိုင် စားသောက်ရင် ကောင်းမလားလို့ စဉ်းစားနေကြောင်းပါ၊ နေရာကောင်း အဆက်သွယ်ကောင်း ရှယ်ယာဝင်ချင်သူများ အကြံဥာဏ်ပေးကြစေလိုပါတယ်၊

ဒီလိုကုန်စုံဆိုင်မျိုးတွေမှာ ငှက်ပျောအူကအစ ခဝဲသီး ဒန့်ဒလွန်သီး ကွမ်းသီးကွမ်းရွက် မြင်းခွာရွက် ဟင်းခတ်အမွှေးအကြိုင်အစုံ ရနိုင်ပါတယ်၊ ခေါင်းလိမ်းဖို့အုန်းဆီလည်းရပါတယ်၊ ရွှေပြည်တော်မှာ လူသုံးလူကြိုက်များခဲ့တဲ့ Lux ဆပ်ပြာတို့ Pond ပေါင်ဒါတို့လို မိတ်အင်အိန္ဒိယ ပစ္စည်းတွေလည်း အမှတ်တရဝယ်လို့ရပါတယ်၊ ဒါ့အပြင် မိတ်အင်ဘင်္ဂလားဒေ့ရှ် စာတမ်းကပ်ထားခံရတဲ့ ကမ်းရိုးတန်းပင်လယ်ရေပြင်က ဖမ်းဆီးလာတဲ့ ဒို့ဗမာငါးသလောက်တွေလည်း ရှိတတ်ပါတယ်၊ ဘယ်လိုမှဝယ်မရနိုင်တာတွေကတော့ ပုန်းရည်ကြီး၊ လက်ဘက်သုတ်စားဖို့လက်ဘက်သားရယ် ဆေးပေါ့လိပ်ရယ်ပေါ့၊ မောင်ရင်ငတေရဲ့ဖေးဗရိတ် ပဲကြီးလှော် ဆိုတာကတော့ ဘယ်လူမျိုးမှ မစားဘူးလို့ထင်ပါတယ်၊ တူတာတောင် ရှာမတွေ့ဘူးပါခင်ဗျာ၊

မောင်ရင်ငတေတို့ ရွှေပြည်တော် နိုင်ငံသားတွေဟာ တော်တော်တော့ ထူးဆန်းတဲ့လူမျိုးပါ၊ တကယ်ပါ၊ အင်ဒီးယန်းတွေ စိန တိုင်းရင်းသားတွေ မစားကြတဲ့ စားစရာတွေကိုတောင် ကြံဖန်ပြီး စားကြတာပါ၊ တကမ္ဘာလုံးမှာ လက်ဘက်ရည် သောက်သူတွေရှိပါတယ် လက်ဘက်ကိုသုတ်စားသူများ မတွေ့ဖူးပါခင်ဗျာ၊ မောင်ရင်ငတေတို့ လူမျိုးများကဲ့သို့ လက်ဘက်သုတ်စားသော လူမျိုးများရှိပါက မောင်ရင်ငတေ လက်ဘက်သုတ် သုတ်ကြွေးချင်ကြောင်းပါခင်ဗျာ၊ ဖက်ပေါ်ပုံစားရတဲ့ ချစ်တီးထမင်းဆိုင်ကိုတော့ ဒီမှာ တခါမျှမတွေ့ဖူး မစားဖူးပါဘူး၊

 

အပေါ်ပုံကဆိုင်ကတော့ Tigers of Tamil Eelam တမီလ်တိုက်ဂါးဟောင်းများ ကျက်စားရာဆိုင် ဖြစ်ပါတယ်၊ ဒီဆိုင်မှာ အမြဲတမ်းဝန်ထမ်း ၃၀ ကျော်ရှိတယ်ဆိုတာကတော့ အံ့သြစရာပါ၊ ဒီလောက် လူအင်အားအသုံးပြုထားတာတောင်  အမြဲလိုလိုပြည့်နေတဲ့ တိုက်ဂါးဟောင်း စားသုံးသူများကြောင့် စားသောက်ချိန်ထက် စောင့်မျှော်ရချိန်က ပိုလို့ကြာနိုင်ပါတယ်၊

ပါရီမြို့ရဲ့နာမည်ကြီး သီရိလင်္ကာတမီလ် စားသောက်ဆိုင်များမှာ မောင်ရင်ငတေတို့အကြိုက် ဘယာကြော် မတ်ပဲကြော် တိုရှည် ပလာတာ စမူဆာ အာလူးပူတီ လက်ဘက်ရည် မုန့်အချို အမျိုးစုံ ရနိုင်ပါတယ်၊ Le tamoul (Tamil) တမီလ်လူမျိုးတွေဟာ ၁၉၈၀ နောက်ပိုင်းကာလလောက်ကတည်းက သူတို့ရဲ့မွေးရပ်မြေ Jaffna ဂျက်ဖနာဒေသကိုစွန့်ခွာပြီး ဒီဘက်အနောက်နိုင်ငံတွေကို မိသားစုလိုက် အလုံးအရင်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာကြတာဖြစ်လို့ အခုအခါမှာတော့ အခြေတကျအတည်တကျ ဖြစ်နေကြပါပြီ၊ မောင်ရင်ငတေမိတ်ဆွေ ဂျက်ဖနာဇာတိဖွား တမီလ်လူမျိုးတယောက်နဲ့ ၂၀၀၉ ခုနှစ်ကုန်ခါနီးမှာ တွေ့ကြတုန်းကပြောသွားတဲ့စကားတခွန်းကို ခုထိမှတ်မိနေဆဲပါ၊

သူပြောသွားတာက ငါတို့ကတော့ မွေးရပ်မြေဆိုတာ မရှိတော့ပါဘူးကွာတဲ့ မင်းတို့ကတော့ တချိန်ကျရင် ပြန်လို့ရအုံးမှာပါတဲ့ခင်ဗျာ၊ ခုထိတော့ သူတို့လည်းပြန်လို့မရသလို မောင်ရင်ငတေလည်း ပြန်ချိန်မတန်လို့ မပြန်နိုင်သေးပါဘူး၊ သတိပြုမိတာက အာရှနွယ်ဖွားအများစုဟာ အာရပ်နွယ်ဖွားတွေ အာဖရိကန်နွယ်ဖွားတွေထက် ဘာအလုပ်ကိုမဆို အောက်ခြေသိမ်း လုပ်နိုင်ကြတာပါဘဲ၊ လခစားအလုပ်ထက် လမ်းဘေးဈေးထိုင် ရောင်းပြီး ကြီးပွားတိုးတက်အောင်လုပ်နိုင်ကြတာပါ၊ မောင်ရင်ငတေလိုကောင်မျိုးတွေက လွဲရင်ပေါ့၊

 

ပါရီမြို့ပေါ်မှာ Le quartier chinois တရုတ်တန်းဆိုပြီး ခေါ်လို့ရနိုင်တဲ့ ရပ်ကွက်ကတော့ နှစ်ခု ရှိပါတယ်၊ မြို့လည်ခေါင်နား Belleville ဘဲလ်ဗီးလ်ရပ်ကွက်မှာ တခုရှိပြီး မြို့တောင်ဘက်က ၁၃ ရပ်ကွက်မှာ တခုရှိပါတယ်၊ တရုတ်တန်း တရုတ်စားသောက်ဆိုင် မရှိတဲ့နေရာ မရှိတဲ့မြို့ရယ်လို့ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး၊ ဥရောပရဲ့ ရောက်လေရာအရပ်မှာ မြို့သေးသေးလေးတွေမှာတောင် ချိုင်းနီးစ်ရက်စတောရန့်ဆိုတဲ့ ဆိုင်းဘုတ်တွေကတော့တွေ့ရမှာပါ၊ ပါရီလို လူဦးရေထူထပ်တဲ့အပြင် ကမ္ဘာလှည့်တိုးလ်ရစ်တွေ လာကြလွန်းတဲ့မြို့မှာ တရုတ်စားတော်ဆက်တွေက လက်ညိုးထိုးမလွဲလို့ ရှိနေတာ မဆန်းပါဘူး၊ များပြားလှသော ဖောက်သည်အာရှတိုက်သားတွေရဲ့ အားပေးမှုကြောင့် ပါရီမြို့က တရုတ်တန်းကတော့ တော်တော်ကြီးထွားလာတယ်လို့ ပြောကြပါတယ်၊

မောင်ရင်ငတေ မရောက်ဖူးတဲ့ အမေရိကားက တရုတ်တန်းတွေကတော့ ဘယ်လောက် ကြီးကျယ်သလဲ မသိပေမဲ့ ဥရောပတခွင်က တရုပ်တန်းတွေထဲမှာတော့ ပါရီတရုတ်တန်းက အကြီးမားဆုံးပါဘဲ၊ အင်္ဂလိပ်စာ မတောက်တခေါက်နဲ့ ဘာအလုပ်မှ မရနိုင်ပေမဲ့ တရုတ်လို ရှဲရှဲညီတတ်ရင်တော့ ဆိုင်နောက်ဖေးမှာ အောက်ဈေးနဲ့ ပန်ကန်ဆေးလို့ ရနိုင်ပါတယ်၊ ဟောင်ကောင်စတိုင်လ် တိုက်ခန်းအမြင့်ကြီးတွေမှာ ကျောတနေရာစာ ကုတင်တလုံး ယူရိုတရာနဲ့ အိမ်ငှားနေလို့ ရနိုင်ပါတယ်၊ အပေါင်းသင်းကောင်းရင် လမ်းဘေးပလက်ဖောင်းမှာ ဈေးရောင်းစားပြီး ဆိုင်ပိုင်ရှင် သူဌေးဖြစ်ခွင့်လိုင်စင် ရနိုင်ပါတယ်၊ မောင်ရင်ငတေလိုကောင်မျိုးနဲ့ ပေါင်းရင်တော့ အဲလိုမျိုး အခွင့်ရေးတွေ ရဖို့မလွယ်ပါဘူး၊

 

ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ တရားဝင်စာရင်းအရတော့ ပြင်သစ်ပြည်မှာ ၇ သိန်းကျော်စာရင်း ပေါက်ပါတယ်၊ ထိုင်းမှာ ၁၀သန်း အမေရိကမှာ ၄ သန်းနီးပါး မြန်မာပြည်မှာ ၂ သန်းနီးပါးရှိတယ်လို့ မောင်ရင်ငတေ ဖတ်ဖူးပါတယ်၊ တကယ့်တကယ်မှာတော့ ဘယ်လောက်တောင်များ ရှိနေပြီလည်း လို့ကတော့ ဘုရားမှတပါး ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး၊ တယောက်ချင်း လိုက်ပြီးရေကြည့်လို့မှ မရနိုင်တာနော်၊

တရုတ်ဆိုပေမဲ့လည်း မောင်ရင်ငတေတို့ရဲ့ဆွေမျိုးပေါက်ဖော် ပြည်မကြီးကတရုတ် လူမျိုးတွေထက် အာဆီယံနိုင်ငံ ပြင်သစ်ကိုလိုနီဟောင်း တိုင်းပြည်များဖြစ်ကြတဲ့ လာအို ဗီယက်နမ် ကမ္ဘောဒီယားခမာလူမျိုး တရုတ်နွယ်ဖွားတွေသာ များပြားတာပါ၊ ပြည်မကြီးကတရုတ်တွေက သိပ် မကြာခင်ကာလတွေကမှ ရောက်ရှိလာတဲ့ စာရွက်မရှိသူတွေသာများပါတယ်၊

အပြောများကြတာက တရုတ်သွေးပါသူ လူငယ်လူရွယ်တွေထဲက တရားဝင်သေတဲ့သူ အရမ်းအရမ်းကို နည်းပါတယ်တဲ့ မရှိကြပါဘူးတဲ့၊ သေတဲ့သူကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းကို နောက်တယောက်က လွှဲပြောင်း ကိုင်ဆောင်ကြစမြဲပါဘဲတဲ့ ကြားဖူးတာပြောပြတာပါ၊ ဟုတ်မဟုတ်ကတော့ ကိုယ့်စားရိတ်ကိုယ်စား မစုံစမ်းဖူးဘူးပါဘူး၊ ကိုယ်ပြောချင်ရာတွေဘဲပြောနေလို့ ဂိုဏ်းစတားတွေရဲ့ ဘေးရန်ကလည်း ကြောက်ရပါသေးတယ်၊

ဒီဘက်ခေတ်မှ ဥရောပတိုက်ကို ရောက်ရှိလာကြတဲ့သူတွေ အများစုဟာ ဒုက္ခသည်အမည်စာရင်းပေါက်တဲ့ နိုင်ငံမျိုးတွေဆီက ရောက်ရှိလာသူများသာ နေထိုင်ခွင့်စာရွက် ရရှိဖို့ပိုလွယ်တာပါ၊ ဒါကြောင့်မောင်ရင်ငတေတို့လည်း နေထိုင်လုပ်ကိုင်ခွင့်ကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာပေါ့နော်၊ ဒုက္ခသည်အမည် စာရင်းပေါက်အောင် ကြိုးစားအားထုတ်ခဲ့သူများကို ကြံဖန်ပြီး ကျေးဇူးတင်ရမှာပါ၊

တရုတ်လူမျိုးတွေဟာ ဘယ်နိုင်ငံ ဘယ်ဒေသရောက်ရောက် ဘယ်လိုအကြောင်းမျိုးနဲ့ ရောက်လာ ရောက်လာ ငွေတပြားမှပါမလာလည်း ဒီနေ့ရောက်နောက်နေ့ ပလက်ဖောင်းပေါ်မှာ ဈေးထိုင် ရောင်းပါတော့တယ်၊ ဈေးရောင်းမယ် ရလာတဲ့ငွေလေးတွေကိုရေတွက်မယ်၊ နှစ်အနည်းငယ်အကြာ မှာတော့ သူဌေးပေါက်စလေးတွေ ဖြစ်လာတော့တာပါဘဲ၊ အဲဒါကိုယ်တွေ့ပါ၊ လမ်းဘေးဆိုင် ဆိုင်သေးဆိုင်မွှား တဦးချင်းပိုင် အုပ်စုဖွဲ့ဆိုင်များလည်း မှိုလိုပေါက်နေတာပါ၊ အလုပ်လုပ်နိုင်ကြတာ အားရစရာပါ၊

မြန်မာလူမျိုးပိုင် မြန်မာနာမည်နဲ့ဆိုင်ကတော့ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ပါရီမြို့တော်ကြီးမှာ တဆိုင်ဆိုတဆိုင်မှ အခုကာလမှာ မရှိပါဘူးခင်ဗျာ၊ မောင်ရင်ငတေတို့ ခေတ်မတိုင်မှီ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်ကျော် ကာလကတော့ မြန်မာစားသောက်ဆိုင် မြန်မာနာမည်နဲ့ ရှိခဲ့ဖူးတယ်လို့ ရှေးလူကြီးသူမများပြောတာကို မှတ်သားဘွယ်ရာ ကြားဖူးပါတယ်၊ ၂၀၀၀ ပြည့်လွန်ကာလမှာတော့ မျက်စေ့လည်လမ်းမှားပြီး ရောက်ရှိအခြေချ နေထိုင်လာခဲ့တဲ့ ရွှေပြည်တော်သား လူငယ်တချို့ရဲ့ ဆိုင်လေးများကတော့ တဆိုင်စ နှစ်ဆိုင်စရှိလာပါပြီ၊  ဒါပေမဲ့ Le restaurant de Birmanie ဆိုတဲ့ ဆိုင်းဘုတ် မဟုတ်သေးတဲ့ မတင်သေးတဲ့ မဟာဆူရှီ ဆိုင်ကလေးများအဖြစ်ပေါ့ ခင်ဗျာ၊ မကြာခင်ကာလမှာတော့ ရွှေအမည်နဲ့ ရွှေအစားအစာတွေ ရောင်းချမယ့် ရွှေလူမျိုးတို့ရဲ့ဆိုင်တွေ ပါရီတခွင်မှာ ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းပါ၊

 

တရုတ်ဈေးကွက်မှာ အဓိကအကြီးဆုံး နာမည်အပေါက်ဆုံးကတော့ Paris Store နဲ့  Tang Frères တန်ညီအကိုများ ဆိုင်အုပ်စုနှစ်စုပါဘဲ၊ ၁၉၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ပါရီစတိုးဆိုင်အုပ်စု ကတော့ ဟောင်ကောင်ကို ဗဟိုပြုပြီး အာရှဒေသထွက် အစားအစာတွေကို ဥရောပတလွှားမှာ အဓိကတင်သွင်း ဖြန့်ဖြူးရောင်းချနေတဲ့အုပ်စုပါ၊ ဝယ်နေကြ ဖောက်သည်တွေရဲ့ ဝယ်လိုအား ကောင်းလှမှုကြောင့် ဒီဆိုင်တွေမှာ ဈေးဝယ်သူတွေ အမြဲလိုလို တိုးကြိတ်နေကြတာ တွေ့ရမှာပါ၊ ဒါကြောင့်လည်း ဈေးလျှော့ရောင်းတာတို့ အရောင်းမြှင့်တင်တာတို့ လုပ်စရာ မလိုအပ်တော့ပါဘူး ထင်ပါရဲ့၊ တခါဖူးမှ ဈေးလျှော့ရောင်းတဲ့ပွဲတော်မျိုးတွေ မတွေ့ဖူးဘူးကြောင်းပါ၊

 

Tang Frères တန်ဘရားသား ညီအကိုနှစ်ဦးကတော့ တရုတ်နွယ်ဖွား လာအိုနိုင်ငံသားများပါ၊ ၁၉၇၅ ခုနှစ်ကမှာ ပြင်သစ်ပြည်ကို ရွှေ့ပြောင်းအခြေစိုက် ရောက်ရှိလာပြီး ၁၉၈၁ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကုန်စုံဆိုင်လုပ်ငန်းဟာ ယခုနှစ်ပေါင်း ၃၀ ကြာလာတဲ့ အခါမှာတော့ အအောင်မြင်ဆုံးလုပ်ငန်းတခု ဖြစ်လာခဲ့ပါပြီ၊ သူတို့ဟာ စားသောက်ဆိုင် အရောင်းဆိုင်လုပ်ငန်း သွင်းကုန်ထုတ်ကုန်လုပ်ငန်းအပြင် ရုပ်မြင်သံကြားမီဒီယာလုပ်ငန်းတို့ကို အကြီးအကျယ်လုပ်ကိုင် နိုင်နေပါပြီ၊ ပြင်သစ်နိုင်ငံရဲ့ အအောင်မြင်ဆုံး လုပ်ငန်းရှင်အဆင့် ၅၆ မှာ ရောက်ရှိနေပါပြီ၊

မောင်ရင်ငတေတို့လိုကောင်တွေကတော့ အရက်လေးတမြမြ စီးကရက်လေး လက်ကြားညှပ်လို့ အာဘောင်အာရင်းသန်သန်နဲ့ တောအကြောင်းတောင်အကြောင်း တောင်တောင်အီအီ နိုင်ငံရေးရာ အဖြာဖြာကို လေဖမ်းဒန်းစီး ဒူးတိုက်ဆွေးနွေး ဘေးထိုင်ဘိုင်ကျ ဘုပြောရင်းနဲ့ အဖွဲ့တွေဖွဲ့ ကွဲ ထပ်ဖွဲ့၊ အဲလိုနဲ့ နှစ်ပေါင်းအတော်ကြာလာသော်လည်း ဥရောပမှာ ဟုတ်တိပတ်တိ ဘာတခုမှဖြစ် မလာပါဘူး၊ အဲ ဟုတ်ဟုတ်ငြားငြားဖြစ်လာခဲ့တဲ့ သူတွေကလည်း မောင်ရင်ငတေတို့ကို အတွေ့မခံ တော့ပါဘူး၊ ပိုက်ဆံချေးမှာစိုးလို့နဲ့တူပါတယ်ဗျာ၊ တခုတော့ရှိတာက မောင်ရင်ငတေတို့က ရှိတဲ့ တိုက်ခန်းလေးတခုကို ပေါင်နှံရောင်းချပြီး ရောက်လာတာပါ၊ သူတို့ကတော့ ဘာတွေ ဘယ်ကရပြီး ဘယ်လိုများရောင်းချပြီး ငွေထုပ်ကြီးနဲ့များ ရောက်ရှိလာတာ ဟုတ်လေမလားလို့ မရဲတရဲတွေး မိပါတယ်၊ မရဲတရဲဆိုတာက တရုတ်ကြီးကို ကြောက်လို့မဟုတ်ပါဘူး၊ ဒီလိုမျိုးအောင်မြင်ကြီးပွား သွားတဲ့သူတွေကို မုဒိတာ ဘာလို့မထားနိုင်ရကောင်းလားဆိုပြီး တယောက်ကစပြီး ဖွလိုက်တာနဲ့ တအုပ်ကြီးလိုက်ပြီးအုပ်မဲ့ ဖွအုပ်စုဝင် ဆရာသမားတွေကို ကြောက်လို့ပါဗျာ၊

 

တရုတ်တန်းမှ မက်ဒေါနယ်လ်ဆိုင်ကလည်း တရုတ်စာဆိုင်းဘုတ်နဲ့ပါဘဲ၊ မက်ဒေါ်လ်နယ်ဆိုပြီး မဖွင့်မီက တရုတ်အစားအစာ ရောင်းတဲ့ဆိုင်ဖြစ်ခဲ့လို့ တရုတ်စာတွေ တရုတ်ဟန်တွေ ကျန်နေခဲ့တာပါလို့ သိမှီလိုက်သူတချို့က ပြောပြကြပါတယ်၊ မက်ဒေါနယ်လ်ပိုင်ရှင်ကတော့ ဒီစာတွေ ဟန်တွေကို ဖျက်ဆီးမပစ်ဘဲ ထိမ်းသိမ်းပြီး ဈေးကွက်ကို ဆွဲဆောင်လေသလားလို့တော့ မပြောတတ်ပါဘူးဗျာ၊

တရုတ်တန်းကဆိုင်ပြီပြီ ဘာမှမစားဘဲ လာထိုင်လေပန်း နေသူတွေလည်း အများသားပါ၊ ရေနွေကြမ်းတော့ အလကားမရဘူးပေါ့၊ မောင်ရင်ငတေတို့အိမ်တွေမှာ အင်တာနက် မတပ်ဆင်နိုင်ခင် ကာလတွေတုန်းက အားကိုးဖွယ်ရာ Free Wi-Fi Zone စံနစ် စတင်ခဲ့ရာဆိုင်ပေါ့၊ ကိုယ့်ရဲ့ ကွန်ပြူတာအစုတ်လေးယူသွားပြီးတော့ ဖတ်ချင်ရာတွေ့ရာ သတင်းပလင်းတွေကို မြန်မြန် ဒေါင်းပြီးတော့ အိမ်ပြန်ရောက်တော့မှ ပြန်ဖတ်ခဲ့ရတာပေါ့၊ ကွန်ပြူတာဘက်ထရီကလည်း သိပ်မ ကောင်း ဆိုင်မှာလည်းအားသွင်းဖို့ မီးပလပ်ပေါက်ထားမပေးဆိုတော့ ရတဲ့အချိန်တနာရီလောက်မှာ ရသလိုလုပ်ခဲ့ရတာပါ၊ ကိုးနတ်ရှင်ကိုတော့ မပူဇော် မပသ ရပါဘူးခင်ဗျာ၊ အဲသလို ဘာမှမမှာ မစားဘဲ အသပြာတပြားဖိုးမှမကုန်ဘဲ အင်တာနက်ကြည့်ခဲ့ရတဲ့ ကျေးဇူးရှင် ပါရီတရုတ်တန်းက မက်ဒေါနယ်လ် စားသောက်ဆိုင်ကလေးပါ၊

 

အခုတော့လည်း လွမ်းမောစရာ အင်တာနက် Wi-Fi ဝီဖီစံနစ် ဖြစ်လို့သွားပါပြီ၊ ခုဆို အဲလို ဝီဖီဇုန်ရှိရာဆိုင်တွေကို တကူးတက သွားစရာမလိုတော့ပါဘူး၊ ကိုယ်ပိုင်မရှိတောင်မှ မိတ်ဆွေသူငယ်ချင်းများရဲ့  Free Wi-Fi ရဲ့ ID နဲ့ Password ကလေးများ တောင်းပြီး ပြင်သစ်နိုင်ငံတလွှား ကြိုက်ရာနေရာ လမ်းဘေးဖလက်ဖောင်း ဓါတ်တိုင်အောက် ဧဧလူလူ ထိုင်ရင်းငေးရင်း သောက်ရင်းမြည်းရင်း ကမ္ဘာတဝှမ်းက ချစ်သောမိတ်ဆွေများနဲ့  ချတ်တင်လုပ် စကားပြောလို့ အသုံးပြုလို့ ရနေပါပြီ၊ ပြင်သစ်ရောက်လို့ လိုအပ်သူများ လိုချင်သူများ ဆက်သွယ်မေးမြန်း တောင်းယူနိုင်ကြောင်းပါ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်ရင်ငတေ, ရေခြားမြေခြား မြန်မာများ

3 Responses to ရောက်တတ်ရာရာ အတိုအစများ ( ပါရီ ချိုင်းနားတောင်း လစ်တယ်လ်အိန္ဒိယ)

  1. mgoogyaw on December 10, 2012 at 6:02 pm

    Mg Yin Nga Tay,thank you very much,for I can read about,Paris, FRANCE.I have learn many experience from your article.Please write more about French,and Europe,life style.Remarkable.

  2. myo thu on December 10, 2012 at 9:08 pm

    ကောင်းတယ်ဗျာ။နောင်လည်းရေးပါ။ပြင်သစ်အကြောင်းဘာမှမသိဘူး။Knowledgeအများကြီးရတယ်၊ကျေးဇူး

  3. မောင်ရင်ငတေ on December 11, 2012 at 12:48 pm

    အားပေးတဲ့အတွက် ကျေးဇူးဘဲဗျာ ………….
    ဆက်လက်ပြီးရေးဖို့ ကြိုးစားပါမယ် ……

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်