သခင်ဘသောင်း (၁၉၀၁-၁၉၈၁) ၏ ခဲကြောင်းပုံကြမ်း

December 13, 2012

မောင်သော်က
ဒီဇင်ဘာ ၁၃၊ ၂၀၁၂
 ကျွန်တော်သည် စာပေနယ်သို့သာ မရောက်ရှိခဲ့လျှင် စာရေးဆရာကြီး သခင်ဘသောင်းအကြောင်းကို ရေး သားရန် ထိုက်တန်သူတစ်ဦး မဟုတ်ပါ။ သခင်ဘသောင်းနှင့် ခေတ်ပြိုင်သခင် စာရေးဆရာကြီး များသာလျှင် ရေးသားရန်သင့်သည့် ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်နှင့် ဆရာကြီးတို့၏ တွေ့ဆုံရမှုသည် နာမည်ကျော် ကလောင်ကြီးတစ်ချောင်းနှင့် အတောင်အလက် နုနယ်သေးသော ကလောင်ပေါက်စ လေးတစ်ဦး၏ တွေ့ဆုံ သိကျွမ်းရမှုသာဖြစ်ပါသည်။ သို့သော် စာပေနယ်တွင် ကလောင်သမား အချင်းချင်း သည် ရင့်သည်၊ နုသည် မရွေး ဖော်ရွေစွာ ပေါင်းတတ်သော စာပေဥာဉ်ရှိသူမို့ ဆရာကြီးနှင့် ကျွန်တော် သည် အသက်အရွယ်အားဖြင့် သားအဖပမာ ကွာခြားသော်လည်း ရင်းနှီးခင်မင်စွာပင် ပေါင်းသင်း ဆက်ဆံ ခဲ့ကြပါသည်။

စာရေးဆရာ သခင်ဘသောင်းကို ကျွန်တော် စတင် စွဲမက်ခဲ့ရသည်မှာ “ ပန်းသာမစာဥ “ စာအုပ်မှဖြစ်ပါ သည်။ ကျွန်တော့်အစ်ကိုကြီးသည် စစ်မဖြစ်မီက နဂါးနီစာအုပ်အသင်းဝင်ဖြစ်သည့်အလျောက် လစဉ်ထုတ် နဂါးနီ စာအုပ် များကို ရရှိခဲ့ပါသည်။ အိုင်းရစ် သူပုန်များဖြစ်သော “မိုက်ကယ် ကောလင်း” “ဒင်ဘရင်း” “ကိုယ်ပျောက်စစ်သား” “ လက်သီးပုန်း” “ဆင်ဖိန်း” “ သင်းထိုက်နဲ့သင်းကံ” စာအုပ်များကို ဖတ်ရှုရကာ ဗြိတိသျှ ကိုလိုနီစနစ် ဆန့်ကျင်ရေးစိတ်ဓာတ် တဖွားဖွားတက်ခဲ့ရသည့် စာဖတ်လူငယ်တစ်ဦး ဖြစ်ခဲ့ပါသည်။

ထိုစာအုပ်များ အတွင်းမှ “ပန်းသာမစာဥ” စာအုပ်ကို ဖတ်ရပြန်သောအခါ တစ်မျိုးရသ မဖော်ပြနိုင်သည့် ခံစားမှု တစ်ရပ် ကို ရရှိခဲ့ပါသည်။ Thomas Hardy ၏ Tess of Dumber ville ကို ပြန်ထားသည်ဟုလည်း အမှတ်မထားခဲ့မိ၊ သိလည်းမသိ။ ပန်းသာမြို့စားကြီး ဦးပန်းအောင်၊ ပန်းသာမောင်မောင်၊ မောင်ဒေ၀နှင့် မစာဥ ခေါ် “အု”တို့သာလျှင် အသက်ရှင်နေသော ဇာတ်ကောင်များအဖြစ် ကျွန်တော့်စိတ်ဝယ် စွဲနေမိခဲ့ သည်။ ဂျပန်ခေတ် တစ်ခေတ်လုံးတွင် အခေါက်ခေါက်ဖတ်မိသော စာအုပ်မှာ သခင်ဘသောင်း၏ “ပန်းသာ မစာဥ”၊ ဆရာကြီး ရွှေဥဒေါင်း၏ “အိုင်ဗင်ဟို”၊ ဆရာကြီး ပီမိုးနင်း၏ “သူရဲကောင်းသုံးယောက်” စာအုပ် များ ဖြစ်ပါသည်။ ဤကလောင်ရှင်ကြီးများသည် ဘာသာပြန်ဆိုခြင်း အတတ်ပညာ၊ အနုပညာ တို့၌ ကျွန်တော်၏ မြင်ဆရာများဖြစ်ခဲ့ကြပါသည်။

ထို့နောက် စွဲမက်ခဲ့ရသော ဘာသာပြန်စာအုပ်မှာ “တစ်ထောင့်တစ်ည”ပင်ဖြစ်ပါသည်။ ကမ္ဘာ့ဂန္တ၀င် စာပေတစ်ရပ်ဖြစ်သည့် တစ်ထောင့် တစ်ညကို မြန်မာဘာသာသို့ ဦးစွာဘာသာပြန်ခဲ့သူမှာ ဒေါက်တာ ရာမန် ဖြစ်ပါသည်။ မြန်မာ-မွတ်စလင်တိုင်းရင်းသားတစ်ဦးသည် မြန်မာ မှုအရာတွင် မည်မျှလိမ္မာကျွမ်းကျင်သည်ကို “ပသီပုံပြင်” ဖတ်ခဲ့လျှင် သိသာပါလိမ့်မည်။ ယင်းပုံပြင်စာအုပ်ကိုပင် သခင်ဘသောင်းက စကားပြေ ပုံပြောဟန်နှင့် ရေးသားလိုက်ပြန်သောအခါ ပိုမိုစွဲမက်ဖွယ်ရာကောင်းလှပါသည်။

“ဤဒွန္နယာကြီးမှာ အရာရာသည် အလ္လာဟု အရှင်မြတ်၏ အလိုတော်အရသာလျှင် ဖြစ်ရဘာသဒိ့။ ယှာဠဇတ် မင်းသမီးက စူလေမန် ဘုရင်ကြီးအား သို့ကလို လျှောက်ထားဘာသဒိ့၊ ဤအရေးအသားကို ဖတ်ရသည့်အခါ သခင်ဘသောင်းသည် မူစလင်အနွယ်ဝင် တစ်ဦး သော်လည်းကောင်း၊ အစ္စလာမ်စာပေကျမ်းဂန်နှင့် နီးစပ်သူသော်လည်းကောင်း ဖြစ်ရမည်ဟု ကျွန်တော်က တစ်ထစ်ချ ယူဆခဲ့ပါသည်။ အမှန်မှာမူ ဆရာကြီးသည် စာပေကျမ်းဂန်၌ အရာရာတွင် နှံ့စပ်သူ ဘာသာပြန်ကောင်းတစ်သူ တစ်ဦးဖြစ်ခဲ့ခြင်းကြောင့် သို့ကလို ထင်ရ သည်အထိ ဖြစ်ခဲ့ရပါသည်။

စာပေဗိမာန် မှ ကြီးမှူးကျင်းပသည့် “ ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ “ တွင် ဆရာကြီး သခင်ဘသောင်း က ဘာသာပြန်နှင့်ပတ်သက်သော စာတမ်းတစ်စောင် တင်သွင်းခဲ့ပါသည်။

အလွန်ကောင်းမွန်သော စာတမ်း တစ်စောင်ဖြစ်ပါသည်။ စာတမ်းရှင်က စာတမ်းတင်သွင်းရာ၌ အဆိုအမိန့် တစ်ရပ်ပါလာပါသည်။ ယင်းမှာ မြန်မာစာပေ၌ “နာမ်စား”များ သုံးရာတွင် ရှုပ်ထွေးသည်။ ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်၊ ငါ၊ ဘုရား၊ ကျွန်တော်မျိုး၊ တပည့်တော် စသည်ဖြင့် လည်းကောင်း၊ သင်၊ မင်း၊ ချင်း၊ ခင်ဗျား၊ အရှင်မင်းကြီး၊ အရှင်ဘုရား စသည်ဖြင့် ရှုပ်ထွေးလှသည်။ အင်္ဂလိပ် စာ၌မူ ရှင်း၏။ ပထမ ပုဂ္ဂိုလ်နာမ်စား၊ ဒုတိယပုဂ္ဂိုလ်နာမ် စားတို့ကို “အိုင်” “ယူ” နှစ်လုံးသာလျှင် သုံး၏။ သို့ကြောင့် ချင်းဖထဝေး က ရှင်ဘုရင်ကို လျှောက်ထားရာ၌ “ယာတောအလယ်မှာလေ၊ ငါပြောမယ် ရွှေရှင်ဘုရားရဲ့၊ နင်ဆင်ခြင်ဦး” ဟူ၍ ဆိုခဲ့ကြောင်း ထုတ်ဖော်ကာ သူ့စာတမ်းကို အခိုင်အမာ ပြုသွားသည်။

စာတမ်းကို ဆွေးနွေးသူများအလှည့်တွင် အကွက်ပေါ်လျှင် နောက်ရွှတ်တတ်သော ကျွန်တော့်ဗီဇက ကျွန်တော့် အား စင်ပေါ် ဆွဲခေါ်သွားသည်။ ကျွန်တော်က စာတမ်းရှင် သခင်ဘသောင်း၏အဆိုကို ချေဖျက် ဆွေးနွေးခဲ့သည်။ (ထောက်ခံဆွေးနွေးခြင်းမဟုတ်ပါ)။ ကျွန်တော်က မြန်မာစကားသည် ကြွယ်ဝ သည်။ အမွှမ်းအပြောက်များသည်။ စကားတစ်လုံးကိုပင် သူ့နေရာနှင့်သူ လျော်ညီအောင် ရေလဲ နှင့် သုံးသည်။

ဤ သည်မှာပင် မြန်မာစာပေ၏ အလှဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၊ ကျွန်မ၊ ငါ၊ ကျွန်တော်မျိုး၊ တပည့်တော် ရှိနေသည်များကို ရှိပါစေ။ ကြွယ်ဝပါစေ။ အင်္ဂလိပ်စာပေနှင့် ထပ်တူအောင် “အိုင်” “ယူ” မှာ ပင် မကန့်သတ် ပါနှင့်ဟု တင်ပြသည်။ ကျွန်တော့်တင်ပြချက်အဆုံးတွင် တင်ပြချက်ကို အခိုင်အမာ ပြုရန် အတွက် စင်မြင့် ထက်တွင် ရပ်နေသော ကျွန်တော်က ရှေ့ဆုံးတန်းတွင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာကြီး ဦးလူဖေ၀င်း၊ ဒေါက်တာ မောင်ဖြူးတို့နှင့်အတူ ထိုင်နားထောင်နေသော ဆရာကြီး သခင် ဘသောင်း ကို မျက်နှာမူလိုက်ကာ ….
“ ကဲ … ဆရာကြီး သခင်ဘသောင်းရေ၊ ငါ ပြောစရာရှိတာကတော့ ဒါပါပဲ၊ နင်ကတော့ ဘယ်လိုသဘောလဲ မသိဘူး။ ငါကတော့ နင့်စာတမ်းကို အပြည့်အစုံ မထောက်ခံနိုင်ပါဘူး ခင်ဗျာ “ ဟု ပြောချ လိုက်ရာ ခန်းမ တစ်ခုလုံးပွဲကျသွားခဲ့ပါသည်။

ရှေ့ဆုံးတန်းမှ ဆရာကြီးများလည်း ခွက်ထိုးခွက်လန် ရယ်ကြပါသည်။ ဆရာကြီး သခင်ဘသောင်း ကိုယ်တိုင် လည်း မျက်ရည်ထွက်အောင် ရယ်ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဆရာကြီး ကကျွန်တော့်အား “ ဟေ့ … မောင်သော်က နင် သက်သက် ငါ့ကို တွယ်တာပဲ” ဟု ရယ်ရယ်မောမော ပြော သွားခဲ့ပါသည်။ သူ့ စာတမ်း မှ အချက်တစ်ချက်ကို ကျွန်တော် ချေဖျက်သော်လည်း သူ စိတ်မဆိုးခဲ့ပါ။ စာပေ စိတ်အပြည့်အ၀ ရှိသည့် စာရေးဆရာကြီးဖြစ်ပါသည်။

ဆရာကြီးအသက် ၇၀ ပြည့်သည့်နေ့က စာပေအပေါင်းအသင်းနှင့်တပည့်တပန်းများက အရက်ပုလင်း ၇၀ ဖြင့် ဂါရ၀ပြုကြပါသည်။ “ မင်းတို့ သိပ်မသောက်ကြနဲ့ကွ၊ လျှော့သောက်၊ အသည်းကင်ဆာ ဖြစ် တတ်တယ်၊ ဆေးလိပ်မသောက်နဲ့၊ အဆုပ်ရောဂါဖြစ်နိုင်တယ်၊ အသက်ကြီးတဲ့ ငါကတော့ အရက်လည်း သောက်၊ ဆေး ပြင်းလိပ်လည်းသောက်၊ ကင်ဆာမကလို့ ဖြစ်ချင်တာဖြစ်၊ ဒီအရွယ်ရောက်လာတာ ဒါအမြတ် ပဲကွ၊ ဘာမှ ဆင်ခြင်စရာမလိုတော့ဘူး၊ မင်းတို့ကို လျှော့သောက်ဖို့ ဆုံးမရင် ငါက ဖိသောက် လို့ရတယ်” ဟု ရွယ်ရွှန်း ဖတ်ရွှန်းပြောခဲ့သည်။
ထို့နောက်တွင် မူ သူ မကျန်းမာ ဟု ကျွန်တော် ကြားရ၍ သွားခဲ့သည်။

ဆရာဝန် က အရက်မသောက်ရန် ညွှန် ကြားထားသဖြင့် အရက်ကို လုံးဝ မသောက်တော့ အိပ်ရာထဲ လဲနေပေပြီ။ ကျွန်တော် မကြည့်ချင်၊ မကြည့် ရက်ပါ။ ကျွန်တော် ကြည့်ချင်သည်မှာ တဟဲဟဲရယ်နေသော သခင်ဘသောင်း၊ ရမ်ခွက်ကို လက်တစ်ဖက် တွင် မြတ်နိုးစွာကိုင်ထားသော သခင်ဘသောင်းကိုသာလျှင် တွေ့ချင်ပါသည်။ “ ငါသောက်လို့တော့ မဖြစ် ဘူးကွ၊ ဒါပေမဲ့ မင်းလာရင်၊ မင်းပုလင်း ယူလာပေါ့ကွာ၊ ငါ့အိပ်ရာဘေး မှာ ထိုင်သောက်၊ စကားပြောရတာ ပေါ့၊ ရပါတယ်ကွ” ဟု သူက ဖိတ်ခေါ်ပါသည်။ သို့သော် ဆရာဝန်၏ တားမြစ်ချက်ကြောင့်သာ ရပ်ထားရ သည်။ အရက်ကြိုက်တတ်သော လူမမာ ရှေ့တွင် တစ်ယောက်တည်း အရက်သောက်နိုင်သည့် အသည်း နှလုံးမျိုး ကျွန်တော့်တွင် မရှိခြင်းကြောင့် သူ့ထံ သို့ မရောက်ဖြစ်တော့ပါ။

တစ်ခါက နိုင်ငံခြားသားတစ်ဦး၏အိမ် ဧည့်ခံပွဲတစ်ခု၌ သူ့အား ကျွန်တော်က အိမ်ရှင်နိုင်ငံခြားသားနဲ့ မိတ် ဆက် ပေးပါသည်။ ဆရာ ဦးညိုမြလည်း ရှိနေပါသည်။ “ ဒီပုဂ္ဂိုလ်ကြီးကတော့ သခင်ဘသောင်းပါ၊ မြန်မာပြည်မှာ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ၊ ပထမဆုံးသော သခင်အမည် ခံသူ ဖြစ်ပါတယ်” ဟု မိတ်ဆက်ပေးလိုက်သည်။ နိုင်ငံခြားသား အိမ်ရှင်က လေးစားစွာ ရိုကျိုးစွာ လက်ဆွဲ နှုတ်ဆက် သည်။ ဆရာကြီးက ရယ်မောလျက် “ ဟုတ်ပါတယ်၊ မြန်မာပြည်မှာဖြစ်ခဲ့တဲ့ ကိစ္စ၀ိစ္စအားလုံးရဲ့ တရားခံ ရေသောက် မြစ်ဟာ ကျွန်တော်ပဲဖြစ်ပါတယ်” ဟု မိမိကဏ္ဍကို အရွှမ်းဖောက် နှိမ့်ချ ကာ ပြန်ပြော လိုက်သည်။ နိုင်ငံခြား သားအိမ်ရှင်က ဤတစ်ချက်တည်းနှင့်ပင် သူ့အား လေးစား ကြည်ညိုပြီး ဖြစ်သွားသည်။ စိတ်ထားရင့်သန် သူများသာလျှင် မိမိကိုယ်ကို နှိမ့်ချတတ်သည်။ မိမိကဏ္ဍကို မိမိ ကိုယ်တိုင် အရောင်တင်ခြင်းမရှိ။

ဆရာကြီး၏ နောက်ဆုံးနေ့များတွင် ဆရာကြီးအတွက် ကျွန်တော် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသောနေ့မှာ “ နိုင်ငံဂုဏ်ရည် ပထမအဆင့်” ကို ဆရာကြီး ရရှိကြောင်း သိရှိရသည့်နေ့ဖြစ်ပါသည်။

အသုဘ သခင်စတိုင်

ဆရာကြီး သခင်ဘသောင်း ကွယ်လွန်သွားပြီဟ]ူသော သတင်းသည် မမျှော်လင့်သည် မဟုတ်သော်လည်း မကြိုဆိုဘဲ ရောက်လာသည်။ ဇရာဒုဗ္ဗလာ ဝေဒနာ၏ ဖိစီးခြင်းမှ လွတ်မြောက်သော နေ့ပေတည်း။ သခင်ဘသောင်းသည် နှစ်ဆယ်ရာစု၏ သားဖြစ်သည်။ နှစ်ဆယ်ရာစုကို နှစ်ပေါင်း ရှစ်ဆယ်တိတိ အသက်ရှင် နေထိုင်သွားခဲ့သည်။ ၀ံသာနုခေတ် နိုင်ငံရေးမှ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေး ကာလ အထိ နိုးကြွထက်ကြွစွာ ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ (“ တို့ဗမာ” ခေတ်မှသည် မျက်မှောက် ခေတ် အထိ လက်သီးလက်မောင်းတန်းခဲ့သူဖြစ်သည်။

အသုဘချသည့်နေ့က ရန်ကုန်ဆေးရုံကြီး၏ ရေခဲတိုက်ဝ ရှုခင်းသည် လူ့ဘ၀သံဝေဂ၊ နိုင်ငံရေးသံဝေဂရ ဖွယ်သော ရှုခင်းဖြစ်သည်။ ဇရာ၏ ဖိစီးမှုကြောင့် ကြွေလုလုရော်ရွက်ခြောက်ပမာ ယဲ့ယဲ့ကလေးသာ ကျန် တော့သော သခင်ကြီးများ၊ နိုင်ငံရေးဇာတ်ခုံမှ ကန့်လန့်ကာချ အနားယူသွားသော နိုင်ငံရေးသမားဟောင်း ကြီးများ၊ ပါတီဌာနချုပ်မှ ပုဂ္ဂိုလ်များ၊ စာပေလုပ်သားများနှင့် စည်ကားသိုက်မြိုက်လှသည်။ အားလုံး လိုလို သည်ပင် စိတ်မကောင်းကြ၊ နှမြောတသဖြစ်ကြသည်။ ဆရာကြီး၏ ရုပ်အလောင်းခေါင်း ကို သုံးရောင်ခြယ် အလံဖြင့် တင့်တယ်စွာ၊ သူ့လုပ်ရပ်နှင့် ကိုက်ညီစွာ၊ ဂုဏ်ပြုအလံဖုံးအုပ်ထားသည်။ ခေါင်းရင်း တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဌာနချုပ်မှ ပေးပို့သည့် လွမ်းသူ့ပန်းခွေ။

ဝန်ကြီးချုပ်ဟောင်း ဦးနုမှအစ သခင် သခင်မ စုံညီစွာပင် ကြံတောသုသာန်အထိ လိုက်ပါ ပို့ဆောင်ကြသည်။ ကြံတောသုသာန်၌ ဂူသွင်းမြှုပ်နှံခြင်းပြုသည်။ ကြံတောသုသာန် နာနတ်တော မြန်မာသင်္ချိုင်း ၌ ဂူသွင်းမြှုပ်နှံသော အသုဘအခမ်းအနားမှာ အသုဘအခမ်းအနားနှင့် တူလှသည်။ တည်ငြိမ် သည်။ လေး နက်သည်။ ဣနြေ္ဒရသည်။

အို …. အဆွေတော် သခင်ဘသောင်း …
တကောင်းအဘိရာဇာ တို့ဗမာသခင်မျိုးမှ အစချီကာ သခင်ဘသောင်း၏ လုပ်ဆောင်ချက်အရပ်ရပ်ကို ချီး ကျူး ထောပနာပြုသည့် စာတမ်းတစ်စောင်ကို သခင်ကြီးမြင့်က ဆရာကြီး၏ သင်္ချိုင်းထိပ်မှ ဖတ်ကာ ဂုဏ်ပြု သည်။ သင်္ချိုင်းပတ်ပတ်လည်တွင် ၀ိုင်းရပ်နေကြသည့် ပရိသတ်များက အလွန်ဣနြေ္ဒရစွာ တုပ်တုပ်မျှ မလှုပ် ကြဘဲ အလေးအနက်ပြု နားထောင်ကြသည်။ မြေးလူးငိုသည့် အပူသည် မရှိ။ တည်ငြိမ် လေးနက်စွာ လှိုက်၍ ဆွေးသူ၊ ရင်ဆို့သွားသူများသာ ရှိသည်။

သခင်ဘသောင်းသည် ငြိမ်းချမ်းခြင်းကို ရှာခဲ့သော် ငြိမ်း ချမ်းမှုအစစ်ကို ရပေပြီ။ လေးနက်တည်ငြိမ်သော အသံဖြင့် ဂုဏ်ပြုစာတမ်းကို ဖတ်ပြီးသည်၏ အဆုံး၌ သခင်ကြီးမြင့်က “ သခင်မျိုးစေ့” ဟု တိုင်ပေးလိုက်ရာ၊ ပရိသတ်များက “တို့ဗမာ” ဟုလက်သီးလက်မောင်း တန်း ဟစ်ကြွေးရင်း သခင်ဘသောင်း ၏ အလောင်းကို မြေချလိုက်ကြတော့သည်။ ၁၃၀၀ ပြည့်နှစ် အရေး တော်ပုံမှ ကြွေးကြော်သံ သည် ဤအကြိမ်တွင် ကြံတောသုသာန်မြေမှ ပေါ်ထွက်လာကာ စကြ၀ဠာဆီသို့ ပျံ့နှံ့သွားပေတော့သည်။

သခင်ဘသောင်းတို့
အို … ပထ၀ီပံသု
ဂုဏ်ပြုအပ်သည့် သားကောင်း
သခင်ဘသောင်းအား
သင့်ရင်ခွင်ကြား
ဆောင်ထားလေလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။

အို … အမိမြန်မာ
တကောင်းအဘိရာဇာမှ
ဦးဥတ္တမ တလီ
အာဇာနည်အပေါင်း
သိကောင်းလေလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီ ထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။

အို … အမိမြန်မာစာ
မြန်မာစကား တို့စကား
တို့စကားနဲ့ တို့စာ လေးစားပါ
ကြွေးကြော်ကြေညာသူအတွက်မူ
သင်ဂုဏ်ယူလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီး ထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။

အို … ပန်းသာမစာဥခင်ဗျား
မြို့စားကြီး ဦးပန်းအောင်
ပန်းသာမောင်မောင်နှင့် မောင်ဒေဝ
ဆီးကြ၊ ကြိုကြစမ်းလေလော့။
သခင်ဘသောင်းကား
လဲလျောင်းလေပြီထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။

အို … ယှာဠဇာတ် ဇလိုင်ခါ
ဤဒွန္နယာကြပီးမှာ
အလ္လာအရှင်မြတ် … အမိန့်တော်လျှင်
သခင်ဘသောင်းတစ်ယောက်မူ
ခံယူသွားကြောင်း သတင်း
မယ်မင်းသခင် ဘုရင်ကြီးအား
တထောင့်တညမှာ
လျှောက်ထားပါလော့၊
သခင်ဘသောင်းကား
လဲလျောင်းလေပြီ ထာဝရ
ကူးပြောင်းလေပြီ တစ်ဘ၀။

သောင်းပြောင်းထွေလာရယ်စရာ၊ ဇွန်၊ ၁၉၈၁

မူရင်း
http://www.facebook.com/notes/maung-luu-nge/%E1%80%9E%E1%80%81%E1%80%84%E1%80%B9%E1%80%98%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%89%E1%81%80%E1%81%81-%E1%81%81%E1%81%89%E1%81%88%E1%81%81-%E1%80%81%E1%80%B2%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%B6%E1%80%AF%E1%81%BE%E1%80%80%E1%80%99%E1%80%B9%E1%80%B8-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%80/531138483565683


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်