fbpx

နှစ်ဆယ့်တနှစ်တာ မလေးရှားမှာ နှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း – အပိုင်း (၂)

December 26, 2012

မောင်လူဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၁၂
ပြီးခဲ့တဲ့အပါတ်ကတော့ နှစ်ဆယ့်တနှစ်တာ မလေးရှား မှာ နှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း ဆောင်းပါး အပိုင်း (၁) ကိုရေးပြီး  ကျနော့်ဆီကို ဆက်ရေးဖို့တိုက်တွန်းကြတဲ့အီးမေးလ်တွေနဲ့ ကွန့်မန့်လေးတွေဖတ်ရတော့ ကိုယ့်တွေ့ခံစားနေရသူတွေများသားပဲလို့လည်း တွေးမိရင်း ပြုံးမိပါတယ်။

အဲဒီ ကာလများကတော့KUALALUMPUR မှာ ဗမာဆိုင်ဆိုတာလုံးဝမရှိသေးဘူးလေ။ ယခု MY DIN.. အရင်ကတော့ METROJAYA ပေါ့။ ကျနော်တို့ ဗမာတွေအများစု ရှိတဲ့နေရာက အဲဒီ.CENTRAL MARKET. တို့ . MY DIN. တို့  .KOTARAYA .. ရယ်.. BANKOK BANK.. ရှေ့ က ကွက်လပ်လေးပါပဲ။ အခုလိုလည်း ဗမာကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ လည်းမရှိသေးပါဘူး။ အဲဒီတုန်းက အင်္ဂလိပ် လိုပြော တတ်ရုံနဲ့ သိပ်ပြီးခရီးမပေါက်ဘူး။ မလေးလိုကို ပြောနိုင်ဆိုနိုင်မှ အဆင်ပြေပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ မလေးအိန္ဒိယ အများစု ကတော့ အင်္ဂလိပ်စကားကိုပြောနိုင်တာများပါတယ်။ မြို့တွင်းပြေးဆွဲနေတဲ့မီနီဘတ်စ်လေးတွေကလည်း သီးသန့်ကားဆိုပြီးရှိသေးတယ်။ မှန်အလုံပိတ်ကားလေးတွေပေါ့ဗျာ၊ သူကတော့ အဲယားကွန်းပါတယ်။ ရိုးရိုးမီနီဘတ်စ်လေးတွေကတော့ အဲယားကွန်းမပါဘူး။ ရိုးရိုး မီနီ ဘတ်စ်ကတော့ ကားခကို အပိုင်းလိုက်ခွဲယူတာ …သီးသန့်မီးနီဘတ်စ်လေးတွေကတော့ ဘယ်မှာဆင်းဆင်း ခရီးဆုံး..ကေအယ်လ်ခ အထိ ယူတယ်..သူက သီးသန့်မီနီဘတ်စ် အဲယားကွန်းကိုး။ အဲဒီအချိန်ကာလများဆီက ငွေလွှဲရင် အခု ဆွန်ဂိုင်းဝမ်းနဲ့ လော့ထ်တဲန်း lot .10  plaza နားက ဟွန်ဒီငွေလွှဲလုပ်တဲ့ ဦးတင်ရွှေလား.ဦးခင်ရွှေလား (နံမည်မေ့နေ)..မသိဘူး ..ရှိတယ်။ သူဆီမှာ ငွေသွားလွှဲရတယ်။ မလေးရှား မှာ ပထမဆုံးငွေ လွှဲလုပ်တဲ့သူတွေပေါ့။ အဲဒီတုန်းက ငွေလွှဲရင်ကြာတယ်။ တပါတ် ..နှစ်ပါတ်လောက်ထိကို ကြာတတ်တာ.၊ အဲဒီတုန်းက လုတာတွေ ၊ယက်တာတွေ မရှိဘူး။ ဆိုင်ကယ်စီးဆောင်းတဲ့ ဦးထုပ် ဟဲလ်မက်  တွေဆိုရင် ဆိုင်ကယ်ပေါ်မှာတင်ထားခဲ့တာ၊ ဆိုင်ကယ်နောက်ကြည့်မှန်ဂိုင်းပေါ်ချိပ်ထားခဲ့ ၊ တညလုံးထား လုံးဝမပျောက်ဘူး။ ဘယ်သူကမှ မယူဘူး။ စိတ်ချရတယ်။နောက်ပြီး နေရာ ဒေသ မတူဘူး။ တချို့နေရာဒေသက ရဲတွေကြတော့ ပိုက်ဆံတောင်းတတ်တယ်။ စာအုပ်မရှိရင် ပါမစ်မရှိရင်ပေါ့။ တချို့နေရာတွေမှာတော့ ရဲ တွေက အကူအညီတောင်ပေးကြတယ်။တနေရာနဲ့တနေရာမတူဘူး။ အဲဒီတုန်းကကျနော်တို့လူငယ်တွေကြားမှာ ခေတ်စားတာ တခု ရှိ တယ်။ အဲဒါကဘာလဲဆိုတော့ ရွှေ မကျင်နဲ့ ၊  ငါး မမျှားနဲ့ ၊ မြင်းမစီးနဲ့ဆိုတဲ့ စကားပဲဗျ …အထာစကားတွေပေါ့။  ရွှေမကျင်နဲ့ဆိုတာ ရွှေမ တွေကို ကြင်နာတာတွေမလုပ်နဲ့ ..(ရွှေမဆိုတာ ဗမာမိန်းကလေးများကိုဆိုလို) ပြဿနာတက်မယ်ပေါ့။ အဲလိုဆိုလိုတာ။ ငါးမမျှားနဲ့ ဆိုတာ က  မူးယစ်ဆေးဝါးပေါ့။ (ကွန်မက်သာဇင်ခေါ်မယ်ထင်တယ်) ချောင်းဆိုးရင်သောက်တဲ့ဆေးလို့ ပြောတယ်။ ပန်းရောင်အရည်လေးတွေ ..အဲဒါကို ဘာနဲ့ရောထားလည်း ကျနော်လည်းသိပ်မသိဘူး။

အဲဒီတုန်းက အထာစကားကတော့  ငါး စားတယ်… ငါးမျှားတယ်ပေါ့။ ငါးစွဲသွားရင်လည်း ဘိန်းစားလိုပဲ ဖြစ်နေတာ..လူရုပ်မပေါက်ဘူးလေ။ နောက် မြင်းမစီးနဲ့ဆိုတာ .. အဲဒီတုန်းက စနိုကာဆိုင် (ဘိလိယက်ထိုးတာပါပဲ) တွေမှာ စနိုကာထိုးတယ်။  … အဲဒီနောက်မှာ မြင်းလောင်း တဲ့စက်တွေရှိတယ်။ မြင်းပြိုင်ပွဲ ပေါ့ ..ပိုက်ဆံကို ကောင်တာမှာ အကြွေသွားလဲ ရတယ်။ပြီးရင် ကိုယ်ကြိုက်တဲ့စက်ခုံရှေ့မှာ လူတွေဝိုင်းစုပြီး လောင်းကြပေါ့၊ မြင်းက စုံတွဲပေါ့။ ကိုယ်ကြိုက်သလောက်ထိုးလို့ရတယ်။ ကိုယ်ထိုးတဲ့ မြင်းစုံတွဲနံပါတ်က ပန်းဝင်ရင် ပိုက်ဆံအမ်းပေး တယ်။ အဆနဲ့ လျှော်တာပေါ့။ အဲဒီမြင်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။  အစပထမထိုးရင်တော့ တခါ နှစ်ခါ  သုံးခါလောက်တော့  လျှော်ပေးလိုက်တာပဲ။ တကျပ်ဖိုးထိုးလိုက်ရင် တခါတလေ ၁၀၀ ရင်းဂစ်လောက် လျှော်ပေးတယ်။ ကျနော်လည်း ဟုတ်ပြီဆိုရင် မြင်းရုံထဲမှာ မြင်းလောင်းတာ။ ပထမ တရက်နှစ်ရက်ကတော့ တနေ့ကို ရင်းဂစ် ၆၀ ကျော်ရလိုက်၊ ၁၀၀ကျော်ရလိုက်နဲ့ ဟုတ်နေတယ်။ နောက်နေ့တွေ လည်းကြတော့  ကျနော်ကလည်း လောဘတက်ပြီး နဲနဲများများလေးထိုးတာ။ ထိုးရင်းထိုးရင်းနဲ့ နောက်ဆုံးတော့ လက်ဖက်ရည်သောက်ဖို့ တောင်မကျန်တော့ဘူး။ အကုန် ကုန်ပါလေရော။ အဲဒီလို မြင်းထိုးလို့ ရှုံးတဲ့အခါဆိုရင် (မြင်းကန်တယ်လို့ခေါ်တယ်) ရှိသမျှ လစာ အကုန် ကုန်တာပဲ။ ဒါကြောင့် မြင်းမစီးနဲ့လို့   ပြောဆိုကြတာပါ။

ဒီလိုနဲ့ ၁၉၉၂ – ၉၄ လောက်ထိ မလေးလူငယ်တွေအများစုက ဆံပင်အရှည်ထားကြတယ်။ ဗမာလူငယ်တွေလည်း ဆံပင်အရှည်ထားကြတယ်။ တီရှပ်အနက်ရောင်တွေ၊ဂျင်းဘောင်းဘီအနက်ရောင်တွေပေါ့။ မလေးနိုင်ငံသားလူငယ်တွေရော ဗမာနိုင်ငံသားလူငယ်တော်တော်များများလည်း အဲဒီအတိုင်းပဲ ..တီရှပ်အနက် ..ဂျင်းဘောင်းဘီအနက်တွေနဲ့ ၊ တီရှပ်ရဲ့ရင်ဘတ်က စတေကာတံဆိပ်တွေကလည်း မိုက်ကယ်ဂျက်ဆင် ပုံတွေ၊ အရိုးခေါင်းပုံတွေနဲ့ တော်တော်ခေတ်စားနေတဲ့အချိန်ပဲ။ အဲဒီတုန်းကမလေးရှားမှာ ဘာတွေခေတ်စားနေသလဲဆိုရင် မူးယစ်ဆေးဝါး နံပါတ်သရီးနဲ့ နံပါတ်ဖိုးတို့နဲ့ ဘဏ်တွေမှာ ဓါးမြတိုက်တာ အရမ်းခေတ်စားတယ်။ နောက်ပြီး ကျနော်တို့ဗမာလူမျိုးတွေ တော်တော်များများ ထိုးတတ်ကြတဲ့ tattoo (ဆေးမှင်ကြောင်အရုပ်) ဆိုတာ မလေးနိုင်ငံမှာ အထူးအဆန်းပဲ။ အဲလို tattoo အရုပ်ထိုးထားတဲ့သူဆိုရင် လူမိုက် တွေ လို့သဘောထားတယ်။ တကယ်လည်း အဲဒီတုန်းက မလေးရှားမှာ gangster ဆိုတဲ့လူဆိုးလူမိုက်တွေဟာ tattoo ရုပ်တွေပါတယ်။  ကျနော့်သူငယ်ချင်းက လက်မောင်းမှာ tattoo ထိုးထားတယ်။ စိန်ဂေါ်လီဂိုဏ်း ပေါ့။ ဗမာပြည်မှာတော့ တချိန်က ရုပ်ရှင်မင်းသားကျော်ဟိန်းက အဲဒီစိန်ဂေါ်လီဂိုဏ်းကလို့ပြောကြတယ်။ ကျော်ဟိန်းလက်မောင်းနှစ်ဖက်စလုံးမှာ စက်ဝိုင်းပုံတွေ tattoo ရုပ်တွေပါတာကိုး။ ကျနော်တို့ ခေတ် ဗမာပြည်မှာလည်း ကျော်ဟိန်းကခေတ်စားတဲ့အချိန်ဆိုတော့ သူလည်း အားကျပြီးထိုးခဲ့တယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီကောင်က ကရာတေးတို့..လက်ဝှေ့တို့ကို ကောင်းကောင်းတတ်တယ်။ လူကလည်း ခပ်သွက်သွက်ဆိုတော့ သူ့ကိုတော့ တရုတ်တွေကရော မလေး တွေကရော “ကျွတ်”  တယ်ပေါ့ဗျာ။ တော်ရုံတန်ရုံ တော့ သူ့ကိုသာခေါ်လိုက် ..ကိစ္စအားလုံးကို ပြီးတယ်။ နောက်ဒီကောင်ကအင်္ဂလိပ်စကားတင်မဟုတ်ဘူး။  မလေးစကားကိုလည်း တော်တော်ပြောနိုင်တယ်။ ဒီကောင့်ကို တရုတ်သူဌေးတွေကခေါ်တာ .. “တိုက်ဂေါ်” လို့ ခေါ်တယ်။ တိုက်ဂေါ် ဆိုတာ မလေးအခေါ်မှာတော့ လူဆိုးတွေလူမိုက်တွေပေါ့။

အဲဒီတုန်းက ပြဿာနာတခုခု ဖြစ်လို့ မေးကြရင် မင်းက  “ တိုက်ဂေါ်” လားလို့ မေးလေ့မေးထ ရှိကြတယ်။  ဗမာတွေကလည်း အဲဒီကာလက ချစ်စရာအလေ့တခုကို ကျနော်ပြောအုန်းမယ်။ ဗမာမိန်းကလေးတွေက တခြားနိုင်ငံသား..မလေးတရုတ်တို့ မလေးတို့နဲ့ယူတာ မရှိသ လောက် နဲတယ်။ ယူလည်းမယူကြဖူး။ အမျိုးချစ်တာလား.. နိုင်ငံခြားသား မယုံတာလားမသိဘူး။ ဗမာ ဗမာအချင်းချင်းပဲ ယူလေ့ရှိတယ်။ ရည်းစားထားရင်လည်း အဲလိုပဲ။ ဒါပေမဲ့ အဲဒီတုန်းက ဗမာမိန်းကလေးတယောက်ကို လွန်လွန်ကျုးကျုးလုပ်မိပြီဆိုရင်တော့.. ယူတော့ပဲ ၊ မယူပဲနဲ့ ထားရစ်ခဲ့တယ်ဆိုရင် အဲဒီကျန်ခဲ့တဲ့မိန်းကလေးက တခြားဗမာယောင်္ကျားလေးတွေကိုပြောပြလိုက်။ အဲဒီကောင် မချောင်ဘူး။ မြေ လှန်ရှာတာ.. သူများနိုင်ငံမှာ ကိုယ့်ဗမာမိန်းကလေးမယူနိုင်ဘဲနဲ့ စော်ကားရသလားဆိုပြီးတော့ ၀ိုင်းသမတော့တာပဲ။ မိန်းကလေးတွေကို အဲဒီကာလက တော်တော်လေးကို တန်ဖိုးထားကြပါတယ်။မောင်နှမသားချင်းလိုကို ဂရုစိုက်ကြတယ်။ များသောအားဖြင့်လည်း မြို့နေလူ တန်းစားများကြတယ်။ အဲဒီတုန်းက မလေးရှားကို လာကြတဲ့သူတွေတော်တော်များများက ကျောင်းဆရာတွေ၊ ဆရာဝန်တွေ၊ အင်္ဂျင်နီယာ ဆင်းတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ အထက်တန်းစာရေးမတွေ၊ စာရေးတွေ၊ အဲလိုလူတွေများပါတယ်။

အဲဒီတုန်းက အလုပ်တခုကနေ နောက်တခုကိုပြောင်းရင်ပွဲစားခ ပေးရတယ်။ အလုပ်အမျိုးအစားနဲ့ ၀င်ငွေပေါ်မူတည်ပြီး ပွဲစားခပေးရတယ်။ ပွဲစားခက ရင်းဂစ် ၁၅၀ ကနေ ၂၅၀ ထိကိုပေးရတာ။ အဲဒီတုန်းက မလေးရှားကိုလာရင် ပုံစံနှစ်မျိုးနဲ့လာကြတယ်။ တမျိုးက အောက် လမ်း ခေါ်တဲ့ ကျနော်တို့လာတဲ့ပုံစံမျိုး။ ချောင်းကျော်..မြောင်းကျော်ပေါ့ဗျာ။ နောက်တမျိုးက ရန်ကုန်ကနေပြီးတော့ တရားဝင် passport နဲ့ ရန် ကုန် ထိုင်းသံရုံးမှာဗီဇာယူပြီး ထိုင်းကိုအရင်လာတယ်။ ထိုင်းက လေဆိပ်က အဲဒီတုန်းက ဒွန်မောင်းလေဆိပ်ပဲ။ အခုသုဝဏ္ဍဘုမ္မိ လေဆိပ် ဆိုတာမရှိသေးဘူး။ ဒွန်မောင်းလေဆိပ်ကို မြန်မာနိုင်ငံကူး passport နဲ့ဝင်ပေါ့။ အဲဒီကနေ ဗီဇာတလတုံးလေး ထုပေးလိုက်တယ်။ အဲဒီက နေ ရထားနဲ့ မလေးနယ်စပ်မြို့လေးဖြစ်တဲ့ ဆွန်ဂိုင်းဂလုပ်ဂ်ကို ဆင်းရပြီး မလေးထဲကိုခိုးဝင်ကြရတာပါ။

အခုလို  ကောလင်း (calling) ဆိုတာ အိမ်မက်တောင်မမက်နိုင်သေးတဲ့ အချိန်ကာလတွေပေါ့။ မြန်မာပြည်မှာလည်း စစ်အာဏာရှင်စစ်တပ် နဲ့အတူ ဗိုလ်ခင်ညွန့် (ထောက်လှမ်းရေး) တန်ခိုးထက်နေတဲ့အချိန်ပေါ့။ ထိုင်းဖက်ကမ်း ဆွန်ဂိုင်းဂလုပ်ဂ်ကနေ ဒီဖက်မလေးနယ်စပ်မြို့ ကိုတာဘာဒူးဖက်ကို ခိုးဝင်မိပြီလဲဆိုရော ထိုင်းဗီဇာနဲ့ မြန်မာpassport က သုံးမရတော့ဘူး။ အဲဒီတုန်းက မလေးရှားမှာ အလုပ်လုပ်ခွင့်ပါ မစ် ( permit ) ဆိုတာ မပေးသေးဘူး။ ဟိုးအရင် ရထားတဲ့သူတွေသာ ရှိကြတာ။ အဲဒီတုန်းက မလေးပါမစ်က တံဆိပ်တုံးကြီးတွေထုပေးတာ၊ နှစ်ခုတွဲလေး။ တခုက အကြီး၊ တခုကအသေးလေး။

ကျနော်တို့အရင်ကျတဲ့သူတွေကတော့ passport က ခုလို သေးသေးလေးမဟုတ်ဘူး။ အကြီးကြီးပဲ။ လက်တ၀ါးလောက်ရှိတယ်။ ဓါတ်ပုံကို တော့ ပထမစာမျက်နှာအတွင်းဖက်မှာ ကလစ်ကြီးနဲ့ ရိုက်ထားပြီး ဓါတ်ပုံတခြမ်းလောက်ကို passport ထုတ်ပေးတဲ့ဌာနက တံဆိပ်အ၀ိုင်းတုံးကြီးထုပေးထားတယ်။ အဲဒီလိုသူတွေသာ အလုပ်လုပ်ခွင့်ပါမစ်တွေရှိကြတာဆိုတော့ အဲဒီတုန်းက အလုပ်လုပ်ခွင့်ပါမစ်ရှိတဲ့သူတွေကလူနည်းစု.. ဟိတ်ကြီးဟန်ကြီးနဲ့ ပေါ့။ သူတို့က ဘယ်ကိုမသွားနဲ့ ..ဘယ်နေရာကိုမသွားနဲ့ လို့ခြိမ်းခြောက်ပြီးပြောထားရင် ကျနော်တို့လည်း မသွားရဲတော့ဘူး။ ကိုယ်ကအဲဒီတုန်းကဘာမှမရှိဘူးလေ။ တော်ကြာ….. ရဲဖမ်းမိလို့ မရှင်းနိုင်ရင် camp ထဲရောက်၊ အဲဒီကနေ မြန်မာ ပြည်ပြန်ပို့ရင် …နိုင်ငံရေးနဲ့မကင်းတဲ့သူတွေဆိုတော့  ဗိုလ်ခင်ညွန့်လက်ထဲရောက်ရင် အမဲ ဖျက်တော့မှာကိုး။ ဒီတော့ ကျနော်တို့လည်း သတိထားရတာပေါ့။

passport နဲ့ ထိုင်းနိုင်ငံထိ တရားဝင်ပေမဲ့ မလေးရှားနိုင်ငံထဲလည်းရောက်ရော တရားမ၀င်တော့ဘူး။ မလေး ပါမစ် ( permit ) အလုပ်လုပ်ခွင့်ပါမစ်မှမရှိပဲကိုး၊ ဆိုတော့ မလေးအလုပ်လုပ်ခွင့်ပါမစ်မရှိပဲနဲ့ ကေအယ်လ်မြို့ထဲကို လမ်းသလားတဲ့ သူတွေတော့ ရဲ နဲ့တွေ့ရင် ရဲက အလုပ်လုပ်ခွင့်ပါမစ်ရှိမရှိမေးတယ်စစ်တယ် ၊မရှိရင်တော့  ရဲ က ဖမ်း၊ . KOTARAYA နားမှာမိရင်တော့ .KOTARAYA.ကုန်တိုက်ဘေးက လမ်းကြိုလမ်းကြားလေးထဲကိုလက်ဆွဲခေါ်သွားပြီးအကုန်နှိုက်ရှာတော့တာ ၊ အဲလိုပဲ METROJAYA,ကုန်တိုက်နားမှာမိရင် အဲဒီကုန်တိုက်ဘေးဒေါင့်နေရာမှာတို့၊တခါ  BANKKOK ဘဏ်နားမှာမိရင်လည်း  ခပ်လှမ်းလှမ်းချောင်တခုခုတို့နေရာမျိုး.. CENTRAL MARKET လိုနေရာမျိုးမှာရဲ ဖမ်းမိရင်လည်း  အဲဒီစင်ထရယ်မားကက် နောက်ဖက်လူမမြင်တဲ့နေရာကို လက်ဆွဲခေါ်သွားပြီးအကုန်နှိုက်ရှာပြီး တွေ့ရင်အကုန်ယူတော့တာ၊ရှာလို့မတွေ့ရင် . ငွေတောင်းတယ်။မပေးနိုင်ရင်( camp ) ထဲကို ပို့တော့တာပဲ။တခါကတော့ ကျနော်ကို ရဲ ဖမ်းတယ်။ မြို့ထဲမှာမဟုတ်ဘူး။ cheras baru. ဖက်မှာ၊..ရဲ က မီးတန်းကား ( petrol )ကင်းလှည့်တဲ့ကားပေါ့။ကျနော့်ကို ကားထဲအတင်းထည့်ပြီး ကားမောင်းနေရင်းနဲ့ နောက်ခန်းထဲမှာ နောက်ရဲတယောက်က ကျနော့်ဂျင်းဘောင်းဘီခါးပတ်ကိုအတင်းချွတ်ခိုင်းတယ်။

ပြီးတော့ ..ဂျင်းဘောင်းဘီဇစ်ကို အတင်းဖွင့်ပြီး အတွင်းခံ ဘောင်းဘီထဲကိုလက်နှိုက်ရှာတယ်။ အဲဒီတုန်းက ကျနော်ကမလေးလိုသိပ်မကျွမ်းကျင်သေးဘူး။အင်္ဂလိပ်လိုပဲပြောလိုက်တယ်။ အတွင်းခံဘောင်းဘီထဲမှာ ပိုက်ဆံမရှိဘူး။ ..*** ပဲ ရှိတယ် လို့ကျနော်ပြောလိုက်တယ်။ စိတ်ကလည်းညစ်နေတဲ့အချိန်၊နောက်ပြီးပိုက်ဆံကလည်း ငါးကျပ်ပဲပါတာဆိုတော့ ပေးလိုက်ရတယ်။ ပိုက်ဆံဂျင်းဘောင်းဘီ ရှေ့အိပ်လေးထဲ ထည့်ထားတာ၊ ၊ ပြီးတော့ ..ကားပေါ်ကနေ အတင်းဆင်းခိုင်းတယ်။ သူဆင်းခိုင်းတဲ့နေရာကို ကျနော်ကမသိဘူး။ဒါနဲ့ ..ဒီနေရာကို ငါမသိဘူး။ မင်းတို့ငါ့ကို ဖမ်းခဲ့တဲ့မှတ်တိုင်ကိုပြန်ပို့ပေးလို့ပြောလို့ ..ပြန်တော့ပို့ပေးတယ်။ပိုက်ဆံငါးကျပ်ကိုအတင်းယူသွားတယ်။ လမ်းစားရိတ် ပြား ၇၀ ဆင့်တောင်မနဲတောင်းယူရတယ်။ မလေးကရဲ တွေ..အဲလောက် ငတ်ကြီးကျ တာ .? ..အဲဒီတုန်းက လစာထုတ်လို့ မြို့ထဲကိုငွေလွှဲဖို့သွားမယ်ဆိုရင် တော်တော်သတိထားရတယ်။  ရဲ နဲ့ တိုးလို့ကတော့  ရဲက တွေ့သမျှ အကုန်သိမ်းတော့တာ၊ တခါသား ဆို ..ကျနော်သူ့ငယ်ချင်း ကမာရွတ်က ၊ မင်းမင်း တဲ့ ..သူက လစာကို လေးငါးလလောက်စုထားတာ ၊ သူတို့မိသားစုနေတဲ့အိမ်ဂရံကိုမိဘတွေက အဆင်မပြေလို့ပေါင်ထားတာကို ပြန်ရွေးပေးဖို့ ငွေမှီအောင်လေးငါးလစုထားတဲ့ငွေ သွားအလွှဲမှာ ယခု MYDIN,  အရင်က METROJAYA. ပေါ့။အဲဒီမှာ ရဲ က ဖမ်းပြီး စစ်တာ ..အလုပ်လုပ်ခွင့်ပါမစ် မရှိတော့ ရဲ က ပါသမျှ ငွေ အားလုံးကို အကုန်ယူလိုက်တယ်။ မင်းမင်း ခဗျာ …ထိုင်ရှိခိုးပြီးတောင်းပန်တာ ၊ မရဘူး …ရဲက မင်းမင်းဆီက မလေးငွေ ၄၀၀၀ကျော်လောက်လည်း ယူလည်းပြီးတော့ ပြေးတော့တာ ..ရဲက အဲဒီနေရာမှာကို မနေတော့ဘူး။ မင်းမင်းခဗျာမျက်နှာပေါ်က မျက်ရည်တွေ တသွင်သွင်စီးကျလာပြီးဒီကောင်လည်းဘာမှကိုစကားမပြောနိုင်တော့ပဲ ငုပ်တုပ်ထိုင်နေရင်း မျက်ရည်တွေကအဆက်အပြတ် ကိုစီးကျလာတာ .. ကျနော့်ရင်ထဲမှာတော်တော်ထိခိုက်တယ်။ ခုချိန်ထိ မျက်လုံးထဲက မထွက်ဘူး။  နောက်ပြီး ရန်ကုန်ကမာရွတ်မှာရှိနေတဲ့ သူ့မိသားစု အိမ်ဂရံပေါင်ထားတာကို သူ့မိသားစု ဘယ်လိုရှင်းမလဲ ..? သူမိသားစု မရှင်းနိုင်လို့ ဒီမလေးရှားမှာရှိတဲ့ သူ့သားကိုလှမ်းပြီးအကူအညီတောင်းခါမှ ဒီမှာဒီလို ဖြစ်ရတယ်ဆိုတော့း  ကျနော်လည်း သက်ပြင်းရှည်ကြီးကိုပဲ မှုတ်ထုတ်လိုက်မိတော့တယ်။ ရဲ ထွက်မသွားခင် ကျနော်က ရဲ ကို ပြန်မေးသေးတယ်။ မင်းက ပိုက်ဆံတွေအကုန်ယူတော့ ငါတို့က ဘယ်လိုပြန်မလဲ လို့ပြန်မေးပြောပြောစဉ်က ရဲ က ဘယ်မှာနေတာလဲ မေးပြီး အပြန်ဘတ်စ်စကားခ ဆိုပြီးရင်းဂစ် ၂ ကျပ် ပြန်ပေးခဲ့တယ်။ နောက်.. ကျနော် မင်းမင်းကို စိတ်ပြေအောင် စောင့်ပြီးခေါ်ပြီးမှ  လိုင်းကား ဘတ်စကားအမှတ်  61  နဲ့ ပြန်လာခဲ့တော့တယ်။

အဲဒီတုန်းက နိုင်ငံခြားသားတွေကို လုတာ၊ယက်တာ ရိုက်တာ၊နှက်တာတွေ ၁၉၉၄ လောက်ထိသိပ်မရှိသေးဘူး။ အထူးသဖြင့် ကျနော်တို့ ဗမာ တွေကို သိပ်ပြီးတော့မလုပ်ရဲဘူး။ ဗမာတော်တော်များများက ကိုယ့်သူဌေးကိုတောင် လစာမပေးတာတို့၊ ကလိမ်ကကျစ်လုပ်တာ တို့လုပ်လာရင် သူဌေးကို ပြန်ပြီး စိန်ခေါ်တာ၊ချိန်းခြောက်တာ ၊ ပြန်ပြီးလုပ်တာတွေ ရှိတယ်။အဲဒီတုန်းက စနိုကာ မြင်းဂိမ်းဆိုင်တွေမှာတော့ လုတာ ယက်တာတွေ ရှိလာပြီ ၊ ဘာဖြစ်လို့လည်းဆိုတော့ စနိုကာချည်းပဲ ဖွင့်ရင် သိပ်တွက်ခြေမကိုက်ဘူး။ လောင်းကစားဂိမ်းပါတွဲဖွင့်မှ  တွက်ခြေကိုက်တာကိုး၊ အဲဒီလောင်းကစားကလည်း မလေးရှားမှာ လိုင်စင်မပေးဘူး။ ခုချိန်ထိလည်း ရှိတယ်။ အခုတော့ ကွန်ပြူတာနဲ့ပေါ့လေ၊အရင်တုန်းကလို စက်ခုံကြီးတွေနဲ့ မဟုတ်တော့ဘူး။ ခုလည်း ဂိမ်းဆိုင်တွေဆိုတာ လိုင် စင် မရှိဘူး မပေးဘူး။   နောက် တဖြည်းဖြည်းနဲ့ ကေအယ်လ် မှာလည်း မြန်မာကုန်စုံရောင်းတဲ့ဆိုင်တွေ ၊ စတိုးတွေ၊ စားသောက်ဆိုင်တွေနဲ့ ဖွင့်လာကြတယ်။

ယခု မလေးရှားကေအယ်လ် မှာ အစောဆုံးဗမာဆိုင်တွေကတော့( ဇေယျာ ) ..ကို တင်မောင်ဆွေ  ပါပဲ၊ နောက် ကိုသက်လွင်တို့( သိဓ္ဒိ၀င်ဆိုင်) နောက်  ( အိန္ဒြာ ) ကိုခင်မောင်ဝင်း တို့ မရှေးမနှောင်းပါပဲ ၊ ဇေယျာ ဆိုင်က ( ကိုတင်မောင်ဆွေ )က အရင်တုန်းက ချောင်ကစ်ဖက်မှာနေတာ၊ ချောင်ကစ်က အဲဒီတုန်းကတော်တော်စည်တဲ့နေရာ၊ ရှုပ်တဲ့နေရာတခုပါ၊ မူးယစ်ဆေးဝါးနဲ့ မိန်းမလိုချင်ရင် ချောင်ကစ်သာ သွား;..ပေါ တယ်။ ကိုယ်ကတောင်ရှာစရာတောင်မလိုဘူး .သူတို့ကကိုထွက်လာပြီးလက်ဆွဲခေါ်တာ၊ ရင်းဂစ် ၁၀ .၁၅ ကျပ် ကနေ အစားစားပေါ့လေ၊ ဇေယျာ ကိုတင်မောင်ဆွေဆိုရင်လည်း အဲဒီ ချောင်ကစ်ဖက်ကနေပြီးတော့ ကျိုးစားပြီးတက်လာရတာ၊ ခုတော့စားသောက်ဆိုင်တွေပါဖွင့်ထားပြီးကြီးပွားတိုးတက်နေပါပြီ။ ဘ၀တွေကို တော်တော် နာခဲ့တဲ့သူတွေပေါ့။ကိုခင်မောင်ဝင်း ( အိန္ဒြာ )တို့လည်း အတူတူပါပဲ၊ အဲဒီဝန်းကျင်များကဆိုရင်  ဟွန်ဒီငွေလွှဲလုပ်တဲ့သူမှန်သမျှက ငွေလွှဲမဲ့သူတွေရှိတဲ့နေရာကိုငွေလွှဲမဲ့သူများရင် လာပြီးတော့ ငွေကောက်ကြရတာ၊ ရဲ  ပြဿာနာတွေ ရှိလို့ပါပဲ။

ဒီလိုနဲ့ .. ၁၉၉၅. ၁၉၉၆ ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ မလေးရှားအစိုးရ က ဖွင့်ပေးတယ်။ ပထမဆုံးပဲ ..ဗမာကိုတော့ အထူးစပါယ်ရှယ် ဆိုပြီးတော့ ဗီဇာကြေးက  ၁၉. ၅၀ ယူထားတာတွေ့တယ်။ တခြား .ဘင်္ဂလားဒေ့ရှ် တို့ ၊ အင်ဒိုနီးရှားတို့ ၊ပါကစ္စတန်တို့၊ အိန္ဒိယတို့ ကတော့ ကျနော်တို့ထက် နည်းတယ်။ အတိအကျတော့ ကျနော်လည်းမမှတ်မိတော့ဘူး။ အဲဒီဝန်းကျင်က  မလေးရှားမှာ နိုင်ငံရေးတက်ကြွသူ ဆိုလို့ကျနော်သိတာ..  ကျနော်ရယ် ၊ ကိုမင်းကျော်ရယ်၊ နောက် မစိမ်းခက် ( ကလန်းဖက်မှာနေ ) သမီးလေးတယောက်နဲ့၊ သူ့အမျိုးသားက ကလန်းဖက်က စက်ရုံတရုံမှာအလုပ်လုပ်တယ်။ မစိမ်းခက်က ABSDF ကျောင်းသားတပ်မတော်က  တပ်ဖွဲ့ဝင်တွေလိုပြောတယ်။ မစိမ်းခက်ဆိုရင် မြန်မာ့ဥယျာဉ်စားသောက်ဆိုင်မှာ ပန်းကန်ဆေးအလုပ်လုပ်ရင်းနဲ့ ကို နိုင်ငံရေးလှုပ်ရှားမှု့တွေကို လုပ်ခဲ့တာတွေ့ရတယ်။ တခါကများဆိုရင် မစိမ်းခက် က ထိုင်းကိုအောက်လမ်းကနေ ဆင်းသွားတယ်။ အပြန်မှာ ကျောင်းသားအလံတော်နဲ့ ထိုင်းကမြန်မာသံရုံးကိုကျောင်းသားတပ်မတော်က ၀င်စီးတဲ့အခွေကိုမလေးထဲကို သွင်းလာတာ၊ သယ်လာရင်းနဲ့ ရှေ့မှာ  check point တွေ့တာနဲ့ မစိမ်းခက်လည်း ကြောက်လန့်ပြီး ကျောင်းသားအလံတော်နဲ့ ထိုင်းသံရုံးကို ၀င်စီးတဲ့ တိတ်အခွေကို တောထဲမှာ ပစ်ထားခဲ့ရတယ်။မစိမ်းခက်လည်း  တော်တော့်ကို နှမြောပြီး စိတ်ထိခိုက် စိတ်မကောင်းဖြစ်ရတာကို ကျနော့်အိမ်မှာ ကျနော့်ကို အသေးစိတ်ကိုပြောပြခဲ့တယ်။ အဲဒီကာလက ကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့အုပ်စုတွေက အစည်းအဝေးလုပ်ရင် ကလန်းကားဂိတ် ( ယခု  ပါဆာဆီးနီး ကားဂိတ် ) အဲဒီကုန်တိုက်ပေါ်မှာ ကွန်ပြူတာ ကဖေးဆိုင်မှာ တရက်ကို ဘယ်လောက်ပေးမယ်ဆိုပြီး အစည်းအဝေး တွေလုပ်ကြတယ်။ အဲဒီရက်ဆိုရင် အဲဒီကွန်ပြူတာဆိုင်က ပိတ်ပေးထားတယ်။ နေရာ ဌားတာပေါ့ ။ မစိမ်းခက်လည်း သမီးလေးတယောက်နဲ့ တော်တော့်ကို ရုန်းကန်ခဲ့ရရှာတယ်။ ( ယခုတော့ ဘယ်ရောက်နေလဲမသိတော့ )

(မှတ်ချက်). နှစ်ဆယ့်တနှစ်တာ မလေးရှားမှနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း အပိုင်း (၃) အနေနဲ့ဖြင့် ယခင်အချိန်က.. jalan minkaung .u thant ..လမ်းရှိ မြန်မာသံရုံး ရဲ့နှိပ်စက်ပုံတွေကိုထပ်မံတင်ပြပါအုန်းမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)