ဒီဇင်ဘာ ၂၇၊ ၂၀၁၂
ဒီရံပုံငွေပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကြွရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာကြတဲ့လူထုပိရိသတ်ကြီးကို ပညာရေးနဲ့ ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။ “ကျမတို့ နိုင်ငံရဲ့ပညာရေးကို တက္ကသိုလ်အားလုံးက လေးစားအောင်လို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါတယ်။ အဲ့သလို စခြင်းဟာ ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရအလွယ်ဆုံး အထိရောက်ဆုံး လုပ်နိုင်တဲ့ လုပ်ငန်းတခုအဖြစ် ရွေးချယ်ထားတာပါ။ အဲ့ဒါကြောင့်မို့ လို့  ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ကျမတို့ နိုင်ငံရဲ့ပညာရေးထွန်းပေါက်မှုရဲ့ သင်္ကေတဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အားလုံးက နေပြီးတော့ဝိုင်းပြီး ကြိုးစားကူညီပေးကြပါ။ အထူးသဖြင့် ကျမတို့ က အလှူရှင်များလိုအပ်ပါတယ်။
ပညာရှင်များ လိုပါတယ်။ စေတနာရှင်များ လိုပါတယ်” ရန်ကုန်တက္ကသိုလ်ဟာ တချိန်တခါက အာရှသာမကတကမ္ဘာလုံးကအသိအမှတ်ပြုခံရတဲ့ တက္ကသိုလ်ဖြစ်ခဲ့ကြောင်း၊ ယခုအချိန်မှာ အာရှမှာပင်နေရာမရှိတဲ့တက္ကသိုလ်တခုဖြစ်နေကြောင်း လက်ရှိအခြေအနေတွေကို ထင်သာမြင်သာရှိတဲ့အတိုင်းပြောကြားခဲ့ပါတယ်။ ဒီရံပုံငွေပွဲတော်ဖွင့်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလဲ တက်ရောက်ခဲ့တာကြောင့် အစိုးရအဖွဲ့ လဲ ပြန်ကြားမှာဖြစ်ပါတယ်။ ပညာရေးအဆင့်မြှင့်ဖို့  အစိုးရတွေ လုပ်မလုပ် စောင့်ကြည့် ရဦးမှာပါ။
ယခင်က ဒီချုပ်ရဲ့ အခမဲ့ပညာရေးကျောင်းတွေကို အာဏာပိုင်များက အမျိုး မျိုး နှောက်ယှက်မှုတွေရှိခဲ့ဖူးပါတယ်။ခုခါမှာတော့ ရံပုံငွေရှာပွဲပါခွင့်ပြုလာလို့  အနည်းငယ် ဖြေလျော့မှုတွေရှိလာပြီလို့  ထင်ရသယောင်ရှိပါတယ်။ ဒီပွဲကို Sky net မှ ဒါရိုက်တာတဦးဖြစ်သူ ဒေါ်မီးမီးက သိန်း(၁၃၀၀)ကျပ် လှူပါတယ်။ Air Bagan ၊ AGD Bank နဲ့ Bagan Entertainment တို့ က သိန်း(၇၀၀)ကျပ် လှူဒါန်းပါတယ်။ (၄၁)သိန်း(အမည်မသိ)အလှူရှင်တဦး၊ (၂၅-သိန်းခွဲ) အမည်မသိအလှူရှင်တဦးနဲ့  စိတ်တိုင်းကျလက်ဖက်ရည်ဆိုင် ဦးအောင်ထိုက်မှ (၁၀၀၀၀) ကျပ်လှူတာတွေကို မှတ်တမ်းတင်ဓာတ်ပုံပါများအရသိရပါတယ်။ နောက်အလှူရှင်များလဲ ရှိဦးမယ်ထင်ပါတယ်။ ဘီလျှံချီပြီး ချမ်းသာတဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက လှူတာတော့ မကြားရ မတွေ့ မိသေးပါဘူး။
ပန်းချီပညာရှင်များကလဲ ပန်းချီရေးဆွဲဒါနပြုခဲ့ကြပါတယ်။ ပန်းချီကားချပ်တွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလက်မှတ်ရေးထိုးပေးခဲ့ကြောင်းလဲ သိရပါတယ်။ ဂီတပညာရှင်များ (ရေး၊ ဆို၊ တီး)တွေက အနုပညာလုပ်အားနဲ့ ဝိုင်းဝန်းကြပါတယ်။ ဒီပွဲမှာ မဇ္ဈိမလှိုင်း၊ အိုင်းရင်းခရော့၊ လေးဇီးကလပ်၊ အော်ရိုလာ၊ ပလပ်သရီး၊ အက်ဆစ်၊ ရွှေသံစဉ်၊ မေတ္တာရွှေစင်၊ Heaven Born ၊ Spectrum ၊ Too Big အစရှိတဲ့ တေးဂီတ (၁၀)ဝိုင်းက ပါဝင်တီးခတ်မှာဖြစ်ပါတယ်။ အဆိုတော်များကတော့ သျှီ၊ ထွန်းအိန္ဒြာဗိုလ်၊ သံသာဝင်း၊ နွဲ့ ယဉ်ဝင်း၊ ဘိုဘိုဟန်၊ ဆောင်းဦးလှိုင်၊
အနဂ္ဂ အစရှိတဲ့ စတူဒီယိုခေတ်ဦးမှ ဟစ်ဟော့ခေတ်အထိ အဆိုတော်ပေါင်း(၈၀)ကျော်ပါဝင်သီဆိုပြီး အနုပညာ ဒါနပြုမှာဖြစ်ပါတယ်။
အခမဲ့ ပညာဒါနကျောင်းများအတွက် ရံပုံငွေပွဲတော် လက်မှတ်များကို ဒီဇင်ဘာ၊၂၀၊ ၂၀၁၂၊နေ့ မှာ စတင်ရောင်းချပေးပါတယ်။
လက်မှတ်ရောင်းဌာနများကတော့…
(၁) အမျိုးသားဒီမိုကရေစီ ရုံးချုပ်
(၂) အရိန္နမာ စာရေးကိရိယာဆိုင်
(၃) Shoe Gallery
(၄) A.V Links (Tawwin Center)
(၅) ကောင်းကြိုက်ဒံပေါက်ဆိုင်များ
(၆) KoKo Beauty Saloon (Tawwin Center)
(၇) ပြည်သူ့ ရင်ပြင်
(၈) စွမ်းအင်ဖွံ့ ဖြိုးရေးဆိုင်ရာ ပညာဒါနကျောင်း (၃၅-လမ်း၊ကျောက်တံတားမြို့ နယ်) တို့ မှာ ရောင်းချပေးခဲ့ပြီး ဂီတပွဲအတွက် ကြည့်ခွင့်လက်မှတ်များ ကို (၁၅၀၀၀)ကျပ်၊ (၇၅၀၀)ကျပ် နှစ်မျိုးခွဲထားပြီး လက်မှတ် တစောင်ကို (၂) ရက်ကြည့်ရှုနိုင်တယ်လို့  သိရပါတယ်။
ပွဲတော်လာများအတွက် ဗဟုသုတဖြစ်ဖွယ် စာအုပ်များ အရောင်းခန်းလဲပါပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံပါ အမှတ်တရပစ္စည်းစုံအရောင်းခန်းများကလဲ ပွဲတော်ရဲ့ရှုမညီးဖွယ်အဖြစ် တန်ဆာဆင်ထားပါသေးတယ်။ အထူးခြားဆုံးနဲ့  ရင်ခုန်စရာအကောင်းဆုံးကတော့ လူထုချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရပစ္စည်း (၂) ခုကိုတေးဂီးတဖြေဖျော်ပွဲမှာ လေလံတင်ရောင်းချမယ့်အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။
မှတ်ချက်။ ။ သတင်းဓာတ်ပုံများကို အဆိုတော်-သျှီ၊ သံသာဝင်း၊ အောင်နေမျိုး၊ ဂျေပိုင်(ဧရာဝတီသတင်းဌာန)၊ မိုးဂျော်၊ အမျိုး သား ဒီမိုက ရေစီ အဖွဲ့ ချုပ်တို့ ရဲ့ ဖေ့စ်ဘုတ်မှကူးယူပါတယ်။ နိုင်ငံတကာရှိ မြန်မာနိုင်ငံသားများ အလှူပွဲအတွက် ဝမ်းမြောက်သာဓုခေါ်နိုင်ရန် ရည်ရွယ်၍ ဖော်ပြခြင်းဖြစ်သဖြင့် နားလည် ခွင့်ပြုပါရန် ကာယကံရှင်များအားတောင်းပန် အကြောင်းကြားအပ်ပါတယ်။
Recent Comments