“မစ္စစ်စပီ မှ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းသို့” – Ashin Wiriya

December 30, 2012

 (illustration excerpt from U Ba Kyi)

 “မစ္စစ်စပီ မှ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းသို့”

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၂

            ဒီတစ်ခေါက် အမေရိကန်ရောက်တော့လည်း မစ္စစ်စပီမြစ် ရစ်ခွေစီးဆင်းရာ အမေရိကန်ရဲ့ အရှေ့ဖျား ပြည်နယ်တစ်ခုဖြစ်တဲ့ မင်နီဆိုးတာပြည်နယ် ပူးတွဲမြို့တော်ဖြစ်တဲ့ စိန့်ပေါမြို့ကို ရောက်ဖြစ်ခဲ့ပြန်ပါတယ်။ စိန့်ပေါမြို့ တော်ရဲ့ အစိတ်အပိုင်းမြို့တစ်ခုဖြစ်တဲ့ “မေပယ်ဝု”မြို့က သီတဂူဓမ္မဝိဟာရကျောင်း ဆရာတော်နဲ့ ဒကာဒကာမများ စီစဉ်တဲ့ တရားပွဲ ဟောပြောပေးဖို့နဲ့ မိမိရဲ့တူ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားကလေး အနုကြမ်းအစီးခံရပြီး ကွယ်လွန် ခဲ့ရတဲ့ ကိစ္စများကြောင့်ပါ။

            မင်နီဆိုးတားရဲ့ မြို့တော်ညီနောင်ဖြစ်တဲ့ စိန့်ပေါမြို့နဲ့ မနီယားပူးလစ်မြို့ နှစ်မြို့ကို ပိုင်းခြားစီးဆင်းနေတဲ့ မစ္စစ်စပီ မြစ်ဆိုတာ မိမိဖတ်ဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်(ဆရာကြည်အောင်ရဲ့ လမင်းတရာ ထင်ပါတယ်)ထဲမှာ “မစ္စစ်စပီ၊ မြစ်နဒီဝယ်” လို့ တွေ့ရကတည်းက အမည်စိမ်းတစ်ခုဖြစ်နေလို့ “ဘယ်နိုင်ငံ ဘယ်ဒေသကပါလိမ့်”ဆိုပြီး သိချင်နေခဲ့တာဆိုတော့ မနှစ်ကလည်း အဲဒီမြစ်ကို သင်္ဘောနဲ့ အဆန်စီးပြီး ဝန်းကျင်ရှုခင်းတွေ၊ ကမ်းနားဒီရေတောတွေကိုပါ သွားရောက် ကြည့်ရှုခဲ့ဖူးပါတယ်။

            မြစ်လို့သာ ဆိုရတယ်၊ အမှိုက်သရိုက်မရှိ၊ သဲခုံသောင်ခုံ မရှိ၊ ကမ်းပါးဇောက်ကြီးတွေလည်း မရှိ၊ ရေကလည်း စိမ်းကြည်ပြီး ခပ်ငြိမ်ငြိမ်ကလေး စီးဆင်းနေတာဖြစ်လို့ တူးမြောင်းကြီးတစ်ခုလို့ပဲ ထင်ရပါတယ်။

            မြန်မာစကားပုံမှာ “မင်းခစား ကမ်းနားသစ်ပင်”လို့ အဆိုရှိတယ်။ မတည်ငြိမ် မခိုင်မြဲဘူး၊ နေ့မြင် ညပျောက် သဘောမျိုး တွေလို့ ဆိုလိုဟန်ရှိပါတယ်။ သူတို့ဆီမှာတော့ ကမ်းနားသစ်ပင်တွေဖြစ်တဲ့ ဒီရေတောတွေကို အခိုင်အမာ စောင့်ရှောက်ထားတာ ဆိုတော့ မင်းခစားတွေရဲ့ ဘဝနဲ့လည်း မတူသလို မင်းဧကရာဇ်တွေလိုလည်း အလှည့်ကျ အချိန်ပိုင်းဘဝမျိုး မဟုတ်ကြပါဘူး။ ဟိုရှေးပဝေသဏီ စဉ်ဆက်ကတည်းက ခုထိ အမြဲတမ်း စိမ်းလန်းစိုပြေ ရှင်သန် နေကြပါတယ်။

            “ဒီလို ဒီရေတောတွေကို စနစ်တကျ ထိန်းသိမ်းထားနိုင်ခဲ့လို့လည်း ဒီမြစ်တွေက ခုအထိ ကမ်းမပြို၊ သောင် မထွန်းဘဲ အမြဲတမ်းပုံမှန် စီးဆင်းနေကြတာပေါ့”လို့ လိုက်ပို့တဲ့ ဒကာကြီးက ရှင်းပြပါတယ်။

            ဒီလို မြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့အခါ မန္တလေးက လူရွှင်တော်ကြီးတွေရဲ့ ပြက်လုံး တစ်ခုကိုလည်း ပြေးပြီး သတိရလိုက်မိခဲ့သေးတယ်။ မင်းသမီး ကပြီးတဲ့အခါ လူရွှင်တော်တစ်ယောက်က ထလာတဲ့ပြီး “ဟယ် .. ကောင်မလေးက အဆိုအကလည်း ကောင်း၊ ရုပ်ကလေးကလည်း လှပါဘိနဲ့၊ ဘယ်လောက်များ ချစ်စရာကောင်းလည်းဗျာ”ဆိုတော့ ခပ်ကြီးကြီး လူရွှင်တော်ကြီးက မင်းသမီးဘက်ကိုလည်း မကြည့်၊ ဘာမှလည်း မပြောဘဲ ငေးငေးငိုင်ငိုင်ကြီး လုပ်နေတယ်။

            “ဘာလဲ ခင်ဗျားက ကောင်မလေးကို လှည့်တောင် မကြည့်ဘူး၊ မလှလို့လား”ဆိုတော့ “ဟုတ်ပါဘူးကွာ၊ ကောင်မလေးလှတာ ကြည့်ပြီးရင် မယ်ကုဝဏ်ရုပ်ပေါက်နေတဲ့ အိမ်က အမယ်အိုကို ဓမတို(ဓားမတို)နဲ့ ထုချင် သလိုလိုကြီး ဖြစ်ဖြစ်လာလို့ပါ” တဲ့လေ။ မိမိလည်း ဒကာကြီး ပြောတာကို နားထောင်ရင်း ဘာမှ ပြန်မပြောမိဘဲ ငေးငေး ငိုင်ငိုင်ကြီး ဖြစ်နေခဲ့တယ်။

——————-

            ဒီနှစ်တစ်ခေါက် ရောက်တဲ့အခါမှာတော့ သီတဂူဓမ္မဝိဟာရကျောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးအောင်ကိုးက “အရှင်ဘုရားတို့ မနှစ်က မစ္စစ်စပီမြစ်ကို သင်္ဘောစီးပြီး ကြည့်ခဲ့တာက မြစ်ရဲ့အထက်ပိုင်း အဆန်ခရီးပဲ။ မြစ်ရဲ့ အောက်ပိုင်းမှာက သဲခံ ကျောက်ခဲ ရေကာတာကြီးတွေလုပ်ထားတာဆိုတော့ သင်္ဘောနဲ့ စုန်ပြီးကြည့်လို့ မရဘူး။ ဒီနှစ်တော့ အဲဒီအောက်ပိုင်းကို မြစ် ကမ်းနားအတိုင်း ဖောက်ထားတဲ့ ကားလမ်းကပဲ သွားကြည့်ကြမယ်။ အရင် တစ်ခေါက်က မြစ်ထဲကနေ မြစ်ကမ်းနဲ့ မြို့ကို ကြည့်တာပေါ့။ အခုတစ်ခေါက်က ကမ်းပေါ်ကနေ မြစ်တွင်းလည်း ကြည့်ပေါ့။ ကမ်းဘေးမှာ ရေတံခွန်တွေလည်း အတော်လေး လှတယ်”ဆိုပြီး စီစဉ်လိုက်ပို့ပါတယ်။

            ပထမဆုံး လူအတော်လေး စည်ကားပြီး အလှဆုံးဆိုတဲ့ ရေတံခွန်ကြီးရှိတဲ့ နေရာဆီ သွားပါတယ်။ ရေတံခွန်ကို ကြည့်ဖို့ အောက်ကို ပေသုံးဆယ်လောက် လှေခါးနဲ့ ဆင်းသွားရတယ်။ ပြောတဲ့အတိုင်းပဲ ရေတံခွန်က အတော်လေး လှပါတယ်။ မြစ်နဲ့က နှစ်ဖာလုံလောက်တော့ ကွာမယ်ထင်တယ်။

            “ဒီ ရေတံခွန်တွေက ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်ဆိုရင် ခဲကုန်ကြပြီ၊ နံရံကနေ ဖရောင်းစက်တွေ စီပြီး ခဲနေကြ သလိုပဲ၊ အဲဒီအချိန်မှာတော့ ဒီကိုလာတဲ့ လူရယ်လို့လည်း သိပ်မရှိတော့ဘူး”လို့ ပြောပါတယ်။

            ရေတံခွန်ကနေ မြစ်ကမ်းအထိ လူသွားလမ်းလေးတွေကို သဘာဝ ကျောက်ခဲများနဲ့ အသေအချာ စီပြီးခင်းထားပါတယ်၊ ရေစီးတဲ့ စမ်းချောင်းကလေးတွေပေါ်မှာတော့ သံချေးလည်း မတက်၊ ရေဒဏ်လည်း ခံနိုင်တဲ့ သတ္တုစပ် ဖိုင်ဘာပြားတွေနဲ့ လမ်းလျှောက် တံတားကလေးတွေ ခင်းထားတယ်။ ဒီရေတော သစ်ပင်တွေ၊ သဘာဝ ပန်းပင်တွေ ရောင်စုံနဲ့ အတော်သာယာ အေးချမ်းတဲ့ လျှောက်လမ်းကလေးပါပဲ။

            ဦးအောင်ကိုးက မြန်မာပြည်မှာ တက္ကသိုလ်နေစဉ်ကတည်းက စာပေဘက်မှာရော နိုင်ငံရေးဘက်မှာရော ဟိုစပ်စပ် ဒီစပ်စပ်လောက် ဝါသနာပါခဲ့တယ်။ တရားထိုင်တာ တရားနာတာလည်း ဝါသနာပါသေးတယ်။ အမေရိကန်မှာ လည်း ဥပဒေရေးရာ စကား ပြန် လုပ်ပေးရတာဆိုတော့ အကြောင်းအရာမျိုးစုံမှာ ဒုံးမဝေးဘူး။ သီတဂူဆရာတော်ကြီးရဲ့ အဝေးရောက်ကပ္ပိယနဲ့ တရားထောက် လုပ်နေတာဆိုတော့ စကားစဖော်ပေးရာမှာ အကြောင်းအရာစုံသလို စကား ထောက်လည်း ကောင်းပါတယ်။ ရေရေရာရာ သိပ်မရှိလှပေမယ့် ဖွယ်ဖွယ်ရာရာ စကားပြောကောင်းသူပါပဲ။

            အလုပ်တစ်ခုမှာ အထ လေးတတ်ပေမယ့် လုပ်ဖြစ်ရင်တော့ ကိုယ့်ပေါ့၊ နှုတ်ပေါ့လည်း ရှိတယ်။ ရှေ့နေ တစ်ပိုင်းဆိုတော့ အရေထူနေလို့လားတော့ မသိဘူး၊ ဘယ်ဘုန်းကြီးက ဘယ်လိုပဲ ငေါက် ငေါက် ဆူဆူ၊ ဘုကန့် လန့်ပဲ ပြောပြော စိတ်ဆိုး စိတ်ကောက်  မရှိတဲ့ ပြန်မပြော နားမထောင် လူ့သဘောကောင်းပါ။

            မြစ်ကမ်းစပ်က နားနေခုံတန်းလျှားမှာ တစ်ထောက်နားကြပြီး မြစ်ရဲ့ ရှုခင်းနဲ့ မြင်ရတဲ့ မြင်ကွင်းတို့ရဲ့ ရှေးဟောင်း နှောင်းဖြစ် များကို ရှင်းပြရင်း သူက –

            ဒီနိုင်ငံမှာတော့ မြစ်ချောင်း၊ အင်းအိုင်တွေ၊ ရေတံခွန်တွေ၊ သစ်ပင်တောတောင်တွေက တကယ့်ကို “တို့ ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ”အစစ်ပဲ ဘုရား။ အစိုးရကလည်း အထူးကြပ်မတ် စောင့်ရှောက်တယ်။ ကလေးတွေကိုလည်း မူကြိုအရွယ်ကတည်းက ဒီသဘာဝတွေကို ချစ်ခင်မြတ်နိုးတတ်အောင် သင်ပေးထားကြတော့၊ ဒီမှာ သစ်ပင် မခုတ်ရ၊ ငှက် မပစ်ရ၊ အမှိုက် မပစ်ရဆိုတာမျိုး တွေက စာရေးကပ်ပြီး သတိပေးနေစရာ မလိုတော့ဘူး။ ဒါတွေဟာ အခြေခံ လူ့ကျင့်ဝတ် စည်းကမ်းတွေ အဖြစ်နဲ့ ခံယူထားကြတာ။

            ဒါကြောင့်လည်း ဒီမြစ်ချောင်းတွေ၊ ရေတံခွန်တွေ၊ သစ်ပင် သစ်တောတွေက ရှေးအစဉ်အလာအတိုင်း မတိမ်ကော မပျောက် ပျက်တာပေါ့။ တပည့်တော်တို့ဆီမှာက ကလေးတွေကို ဒီမှာလို သဘာဝကို ချစ်ခင် မြတ်နိုးတတ်အောင် နှိုးဆော်တာတို့၊ သင်ကြား ပို့ချပေးတာတို့က ရှိမှ မရှိခဲ့ပဲနော်။ ရောင်းစားရတဲ့ သစ်ပင်တွေထက် ရေမြေ ရာသီဥတုသဘာဝကို ထိန်းသိမ်းပေးတဲ့ သစ်ပင်တွေက ပိုပြီး အရေးပါတယ်ဆိုတာလည်း သိပ်သိသူ မရှိလှဘူးနဲ့ တူတယ်”လို့ အစချီပြီး သူ့ထင်မြင်ချက်များကို ရှင်းပြပါတယ်။

            မိမိက ကလေးတွေ သဘာဝကိုရော ဘာသာတရားကိုပါ ချစ်မြတ်နိုးတတ်အောင် ကဗျာစာဆို ပညာရှင်ကြီးတွေ၊ ဂီတပညာ ရှင်တွေကတော့ ရေးသားကြ၊ သီဆိုကြတာတွေ ရှိပါတယ်။ ပညာရှင်ကြီးတွေရဲ့ စေတနာတွေကို တာဝန်ရှိ သူတွေက တန်ဖိုးထားရ ကောင်းမှန်းမသိ၊ အကောင်အထည် ဖော်ရကောင်းမှန်း မသိကြလို့ ကလေးငယ်တွေရဲ့ ရင်ထဲ မရောက်ကြတာပါ။ ဘာမဆို ငယ်စွဲမှလည်း တကယ်မြဲတာ မဟုတ်လား။ ကြီးကာမှ ငှက် မပစ်ရ၊ ကွမ်းမထွေးရတို့၊ “သစ်တစ်ပင် ခုတ်၊ အချုပ်သုံးလ”တို့ ရေးထားတာလောက်ကတော့ ဘယ်မှုကြတော့မလဲ။

            အဲ … ပိုဆိုးတာက သစ်ပင်ကိုလည်း တစ်ပင်ခုတ်ရင်သာ အချုပ်သုံးလချတာဗျ၊ တစ်တောလုံး ပြုန်းသွားအောင် ခုတ်ပြန်တော့လည်း သူဌေးအဖြစ်နဲ့ သူကောင်းပြုခံကြရပြန်ရောလေ။ အဲဒီတော့ တစ်တောလုံး ခုတ်နိုင်သူက တစ်တောလုံး ဖြုန်းကြတော့ တစ်ပင် နိုင်သူကလည်း တစ်ပင်ခုတ်တာဟာ မဆန်းသလို ဖြစ်နေတာပေါ့”လို့ ပြန်ပြော လိုက်ရတယ်။ ဒကာကြီးက ဆက်လက်ပြီး –

            “အခုန ဆရာတော်ပြောသွားတဲ့အထဲမှာ ကလေးတွေကို သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတတ်အောင် ပညာရှင်တွေက ရေးသားသီဆိုခဲ့ကြတယ်ဆိုတာ ဘယ်ဟာလည်းဘုရာ့၊ ကမ္ဘာမကြေသီချင်းပြောတာလား”လို့ မေးပါ တယ်။

            “မဟုတ်ပါဘူး၊ ဒကာကြီးတို့ ကလေးဘဝက ဆရာကြီး မင်းသုဝဏ်ရေးတဲ့ ‘ပင်ညောင်ညို’ဆိုတဲ့ ကဗျာလေး ကျောင်းသုံး စာအုပ်တွေထဲမှာ ပါတယ်မို့လား၊ ‘အေးရိပ်သာတဲ့ ပင်ညောင်ညို’ဆိုတာလေ” ဆိုတော့ –

            “အော် .. ပါတယ်ဘုရား တပည့်တော်တို့လည်း ဆိုလို့ကောင်းလို့ အလွတ်ရနေတာပဲ”

            “အေးရိပ်သာတဲ့ ပင်ညောင်ညို၊ ဥဩတွန်သံချို။

         ဒိုးယိုစီးတဲ့ နဒီတွင်း၊ သမင်ရေသောက်ဆင်း။

         မြက်ခင်းလဲ့လဲ့ မြေညီညီ၊ ကံ့ကော်ဝတ်မှုံစီ။

         ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း၊ လူလေးသွားချင်စမ်း” ဆိုတာလေတဲ့။

            “အေး .. ဟုတ်တယ်၊ အဲဒီကဗျာကို ဒကာကြီး ဘယ်လို နားလည်သလဲဆိုတာ ပြောပါဦး”ဆိုတော့ “အဓိပ္ပါယ်တော့ အသေ အချာ မသိဘူးဘုရား၊ ဆိုကောင်းကောင်းရှိလို့သာ ဆိုနေခဲ့ဖူးတာ၊ အဲဒီကဗျာနဲ့ ရေမြေတော တောင်သဘာဝ ဘိုးဘွားအမွေကို ချစ်မြတ်နိုးတာနဲ့ ဘယ်လို ပတ်သက်သလဲဆိုတာ နည်းနည်းရှင်းပြပါဦး”တဲ့။ ဒါနဲ့ ကိုယ် သဘောပေါက်သလောက် သူ့ကို ရှင်းပြမိပါ တယ်။

            

(Min Thu Wun and Zaw Gyi)

        အဲဒီကဗျာလေးမှာ “အေးရိပ်သာတဲ့ ပင်ညောင်ညို”ဆိုတာဗျာ .. ကျုပ်တို့ အညာမှာတော့ ဒီအပင်က ရပ်ကြီး ရွာကြီးတို့ရဲ့ သင်္ကေတတစ်ခုလိုကို ဖြစ်နေတဲ့ အပင်ပဲ။ ထင်းအနေနဲ့လည်း ဆိုက်လို့မကောင်း၊ ဘုရားပွင့်တဲ့ ဗောဓိပင် မျိုးနွယ်လည်းဖြစ်ဆိုတော့ ဘယ်သူမှလည်း မခုတ်မလှဲကြဘူးလေ။ သူက ကွင်းလယ်မှာ အထီးထီး ထင်ရှားပြီး အပင် ကလည်း ပင်ကြီးရွက်စိပ်မျိုးဆိုတော့ နေပူပူခရီးပန်းလာတဲ့ လူတွေအတွက် အဝေးက မြင်လိုက်ရရင်ကို အေးမြသွားသလို ခံစားရတာပေါ့။

            အဲဒီလို ထင်ရှားတဲ့အတွက် ဒီအပင်ကို ပဓာနပြုပြီး ဆရာကြီးက ဆိုလိုက်တာပါ။ အမှန်ကတော့ တခြားသစ်ပင်တွေ၊ သစ်တောတွေဆိုတာလည်း ဒီပညောင်ပင်ကြီးနဲ့ အလားတူပါပဲ။ ရတနာသုတ်မှာ ဘုရားရှင်က “ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ”ဆိုပြီး ဘုရားရှင် ဟောတော်မူတဲ့ ရတနာတရားတော်များဟာ ပင်ဖျားအထိ အပွင့်,အခက်,အရွက်တွေနဲ့ ဝေစီနေတဲ့ တောအုပ်ကြီးလိုပဲ”လို့တောင် တင်စားနှိုင်းယှဉ်ပြီး ဟောတော်မူခဲ့တယ်လေ။ မြတ်ဗုဒ္ဓရဲ့ တရားရတနာများဟာ သတ္တဝါတို့ရဲ့ ခန္ဓာကိုယ်အတွင်းက ကိလေသာ အပူအဆွေးများကို ငြိမ်းအေး စေတတ်တဲ့အတွက် ကိုးကွယ်အားထား မှီခိုရာ ရတနာအစစ် ဖြစ်သလို သစ်ပင်တောတောင် တို့ဟာလည်း ခန္ဓာကိုယ်ရဲ့ အပြင်က ပူသမျှ၊ ပန်းသမျှ၊ နွမ်းသမျှတွေကို အေးမြပြေပျောက်စေတဲ့အတွက် အားထားမှီခိုရာ သဘာဝ ရတနာတွေ ဖြစ်တယ်လို့ ဆိုလိုတာပေါ့။

            အဲဒီလိုပဲ ဆရာကြီးကလည်း ကလေးအရွယ်ကစပြီး ဒီလို သစ်ပင်တောတောင်ဆိုတဲ့ သဘာဝ ဘိုးဘွား အမွေစစ်တွေကို ရတနာတစ်မျိုးလို မြတ်နိုးချစ်ခင်တဲ့စိတ်တွေ ပေါ်လာအောင် ရေးလိုက်တာပေါ့။

            ပြီးတော့ ဒီအမေရိကားမှာ ကျေးငှက်သတ္တဝါတွေကို ဘုရားသခင်ကပေးတဲ့ သဘာဝတေးလက်ဆောင် တွေလို့ ကလေးတွေ မှတ်ထင်လာအောင် သင်ကြားကြတယ် မဟုတ်လား။ ဆရာကြီးကလည်း ကလေးငယ်တွေကို အဲဒီလိုပဲ ခံယူစေချင်တာပါ။ ဒါကြောင့် “ဥဩတွန်သံချို”လို့ ဆိုလိုက်တာပေါ့။ “ဥဩတွန်သံ”ဆိုတာကလည်း ထူးထူး ခြားခြား အသံသာတဲ့ ငှက်ကို ပဓာနထားပြီး ပြောလိုက်တာပါ။ အမှန်ကတော့ သစ်ပင်သစ်တောရဲ့ အရိပ်အောက်မှာပဲ ဖြစ်ဖြစ်၊ တောထဲ တောင်ထဲမှာပဲ ဖြစ်ဖြစ် သွားလာ နားနေကြသူတိုင်းအတွက် ကျေးငှက်သာရကာအားလုံးရဲ့ အသံတိုင်း ဟာ ချိုကြတာချည်းပါပဲ။

            အခုလိုနေရာမျိုးမှာ မကြားဘူးလား၊ ဟို ပန်းရည်စုပ် ငှက်ကလေးတွေ၊ တခြား ငှက်ကလေးတွေရဲ့အသံဟာ ဘယ်လောက် ချိုသာသလဲ။ ဒီလိုနေရာမျိုးမှာ အနားယူကြတဲ့အခါ တခြား လူဖန်တီး သီဆိုထားတဲ့ ကက်ဆက် သီချင်းလိုဟာမျိုး ဖွင့်ပြမယ်၊ ကြားရမယ် ဆိုရင်တောင် အနှောင့်အယှက်တစ်ခုလို ဖြစ်နေမှာ၊ ဒီသဘာဝရသကို ဘယ်မှီပါ့မလဲ။

            သဘာဝက ပေးတဲ့ ရသတိုင်းဟာ လူတွေ ဖန်တီးထားတဲ့ ရသထက် အစစသာလွန် ချိုမြိန်တယ်လေ။ ဒါကို တန်ဖိုးထားတတ် စေချင်လို့ ဆရာကြီးက သတိပေးလိုက်တာ။ ဒီအသိမျိုး လူတိုင်း လူတိုင်း ကလေးအရွယ်ကတည်းက ခံယူတတ်ကြမယ်ဆိုရင် သဘာဝရဲ့ ကျေးငှက်သားကောင်တွေ မျိုးတုံးတဲ့ အန္တရာယ်လည်း ဘယ်ရှိတော့မလဲ။         

ဒါပေမယ့် ဆရာကြီးရဲ့ ဒီစေတနာကို မိဖတို့၊ ဆရာတို့ကစပြီး ဘယ်တာဝန်ရှိသူကမှ တန်ဖိုးထား ရကောင်း မှန်းလည်း မသိ၊ သားစဉ်မြေးဆက် အမွေပေးရကောင်းမှန်းလည်း မသိကြတော့ ဘာဖြစ်ကုန်သလဲ။ ကြက်ပေါင်(ရာဘာ)ကွင်း ကိုင်နိုင်တဲ့ ကလေးအရွယ်မှာ လိပ်ပြာကလေးတွေ၊ ပုဇဉ်းကောင်လေးတွေကို ပစ်ကြ၊ လေးခွကိုင်နိုင်တော့ ငှက်တွေ အကောင်ငယ်တွေကို ပစ်ကြ၊ ဒူးလေးကိုင်နိုင်တော့ ဂျီ သမင်သားကောင်တွေ ပစ်ကြနဲ့ လက်ယဉ်လာလိုက်ကြတာ သေနတ် ကိုင်နိုင်တဲ့ အရွယ်လည်းရောက်ရော လူလူချင်း ပစ်ဖို့တောင် လက်မတွန့်ကြတော့တဲ့ အခြေအနေ ရောက်ကုန် ကြတာပေါ့”ဆိုတော့ “အား … ဟုတ်လိုက်လေဘုရား၊ ဆက်ပြောပါဦး”တဲ့။

နောက်တစ်ပိုဒ်က “ဒိုးယိုစီးတဲ့ နဒီတွင်း”တဲ့။ ဒါကလည်း မြစ်ချောင်း အင်းအိုင်အားလုံးကို ကိုယ်စားပြုတဲ့ ပဓာနစကားပါပဲ။ မြစ်တွေဟာ “ဒိုးယို”ဆိုတဲ့အတိုင်း ဘာမှ အဟန့်အတားမရှိ စီးဆင်းနေခြင်းရဲ့ မြတ်နိုးဖွယ်အလှကို ဖော်ပြတာပါ။ ခုလို စီးဆင်းနေတဲ့ မြစ်ချောင်းတွေဟာ အလှကြည့်ရုံသက်သက် မဟုတ်ဘူး။ လူသားအပါအဝင် သက်ရှိ အားလုံးရဲ့ အသက်သွေးကြောပမာ မှီခိုအားထားရာလည်း ဖြစ်ပါတယ်။ ဒါကို ဆရာကြီးက “သမင်ရေသောက်ဆင်း”ဆိုပြီး ဖွဲ့လိုက်တာ။ သမင် ဂျီငယ်စတဲ့ သဘာဝသားကောင်တို့ရဲ့ အလှအပကိုလည်း မြစ်နဲ့ယှဉ်တွဲ ခံစားပြီး ချစ်ခင်စောင့်ရှောက် တတ်ကြစေချင်လို့ပေါ့။ ဒီလိုသာ ဆရာကြီး စေတနာကို ခံယူ တတ်ခဲ့ကြရင် မြန်မာ့ရေမြေတောတောင်မှာ သဘာဝ သားကောင်တွေဆိုတာ တိရစ္ဆာန်ရုံကို တကူးတကသွားပြီး ကြည့်နေစရာတောင် မလိုလောက်အောင် ပြည့်စုံကြွယ်ဝကြပါတယ်။ ခုတော့ ကျုပ်တို့ဆီမှာ အဲဒီ တို့ဘိုးဘွား အမွေစစ်တွေလည်း ချစ်မြတ်နိုးသူ ကင်းမဲ့ပြီး လုံးပါးသာမက အချို့ဆို အမြစ်ပြတ် မျိုးတုံးတောင်ကုန်ကြပြီ မဟုတ်လား။ ဒီမှာတော့ သဘာဝသားကောင်တွေက ပေါများလွန်လို့ အဝေးပြေး ကားလမ်းပေါ်မှာ မတိုက်မိအောင်တောင် သတိပေး ဆိုင်းဘုတ်တွေတောင် ကပ်ထားရ တယ်လေ။

            နောက်အပိုဒ်က ဘာလဲ၊ “မြက်ခင်းလဲ့လဲ့ မြေညီညီ”တဲ့။ အခုဒီမှာ မြစ်ကမ်းဘေးက ဒီရေတောတွေရဲ့ အောက်ခြေမှာကိုပဲ ကြည့်ပါလား။ ခြုံပုတ်တွေ မရှိဘဲ မြက်ခင်းလဲ့လဲ့လေးတွေနဲ့ စိမ်းစိုနေတော့ သစ်တောလို့သာဆိုတယ်၊ အပန်းဖြေ ဥယျာဉ်ကြီးတွေ လိုပဲ၊ အားလပ်ရက်တွေမှာ လူတွေရဲ့ အပန်းဖြေ နားနေစရာတွေ ဖြစ်နေကြတယ်လေ။ ကျုပ်တို့ ဆီမှာလည်း ဆရာကြီးက ဒီလိုဖြစ်စေ ချင်လို့ရေးတာ။

            ပြီးတော့ “ကံ့ကော်ဝတ်မှုံစီ”တဲ့။ ဒါက ဒီအမေရိကန်နိုင်ငံမှာရော တခြား အနောက်နိုင်ငံတွေမှာရော အတွေ့ရနည်းတဲ့ အာရှရဲ့ ဂုဏ်ယူမြတ်နိုးစရာ သီးသန့်ဂုဏ်ထူးလို့တောင် ဆိုနိုင်မယ် ထင်တယ်ဗျ။ ဒီနိုင်ငံတွေမှာ အဆင်းလှတဲ့ ပန်းတွေ ပေါပေမယ့် အနံ့သင်းတဲ့ ပန်းက ရှားတယ် မဟုတ်လား။ ဒီလို သီးသန့် ဂုဏ်ယူ မြတ်နိုးစရာ ကလေးတွေကိုလည်း ဆရာကြီးက မမေ့ခဲ့ဘူး။ တွေးကြည့်လေ ဆရာကြီးကို လေးစားစရာလည်း ကောင်း၊ ကဗျာလေးကိုလည်း မြတ်နိုးစရာ ကောင်းလေပဲ။ အဲ .. ဒီကဗျာနဲ့ ဒီစေတနာကို တန်ဖိုး ထားရကောင်းမှန်း မသိသူတွေ အပေါ်ကိုတော့ ပိုပြီး ရင်နာစရာတော့ ဖြစ်နေမလား မသိဘူးပေါ့နော်။

            ဒီနေရာမှာ ကဗျာအကြောင်း မဆုံးခင် ပညာရှင်တို့ရဲ့ စကားလေးကိုလည်း နည်းနည်းဖြတ်ပြောလိုက်ရဦးမယ်။

            ကဗျာလင်္ကာတွေမှာ ရသကိုးပါးဆိုတာ ရှိတယ်၊ အဲဒီရသဆိုတာ စိတ်ထဲမှာ ခံစားရတာပေါ့။ ဒီလိုခံစားရတဲ့ ရသတွေဆိုတာ အပြင်က မြင်ရ ကြားရဆိုတဲ့ အဆင်း အသံအစရှိတဲ့ အာရုံခြောက်ပါးကိုပဲ အခြေခံပြီး ရရှိခံစားရတာလို့ ဆိုပါတယ်။ အဲဒီတော့ ရသစာပေကောင်း တစ်ခုရဲ့ ဂုဏ်အင်ထဲမှာ အဆင်း အသံစတဲ့ အာရုံခြောက်ပါးထဲက ဘယ်နှစ်ပါးလောက်အထိ ပါဝင်ဖွဲ့ဆိုထားသလဲ ဆိုတာလည်း အရေးကြီးတယ်တဲ့။ အာရုံခြောက်ပါးလုံး ပါဝင်အောင် ဖွဲ့နိုင်ရင်တော့ အပြောင်မြောက်ဆုံးလို့ ဆိုကြတယ်။

            အခု ဆရာကြီးရဲ့ကဗျာကလေးကို အဲဒီစံနဲ့လည်း တိုင်းကြည့်နိုင်ပါတယ်။ ကဗျာထဲမှာ “အေးရိပ်သာတဲ့”ဆိုတဲ့ စကားက ခန္ဓာကိုယ်နဲ့ ထိတွေ့ခံစားနိုင်တဲ့ အေးမြတဲ့ အတွေ့အထိ(ဖောဋ္ဌဗ္ဗ)အာရုံကို ပြတာ။ “ပင်ညောင်ညို”ဆိုတာ ကတော့ မျက်စိပသာဒမှာ လှပစွဲထင် စေတဲ့ အဆင်းအာရုံပေါ့။  “ဥဩတွန်သံချို”ဆိုတာက အသံအာရုံ မဟုတ်လား။  

“ဒိုးယိုစီးတဲ့ နဒီတွင်း” ဆိုတာကတော့ မြစ်ပြင်ရဲ့ အဆင်းအလှနဲ့ ရေစီးသံတို့ကို မြင်နိုင် ကြားနိုင်ပါတယ်။ “သမင်ရေသောက်ဆင်း” ဆိုတဲ့ နေရာမှာတော့ ရေသောက်တဲ့ ရသာရုံရော၊ မြစ်ပြင်နဲ့ တွဲနေတဲ့ သမင်ရဲ့ အဆင်းရော ပါဝင်ပါတယ်။

            “မြက်ခင်းလဲ့လဲ့ မြေညီညီ”ကလည်း အဆင်းအာရုံ၊ အတွေ့အထိအာရုံ နှစ်မျိုးလုံး ပြတာပါပဲ။ “ကံ့ကော်ဝတ်မှုံစီ”ဆိုတာက အနံ့အာရုံ မဟုတ်လား။ ဒီအထိ ကြည့်လိုက်ရင် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဆိုတဲ့ အပြင် အာရုံ ငါးပါးလုံး အပြည့်စုံကို ခံစားနိုင်ပါလိမ့်မယ်။

            အဲ … နောက်ဆုံးဖြစ်တဲ့ မနောဒွါရနဲ့ခံယူရမယ့် ဓမ္မာရုံနဲ့ ပတ်သက်လို့ကျတော့ ဆရာကြီးက “ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း၊ လူလေးသွားချင်စမ်း”ဆိုပြီး ရေးပြလိုက်ပါတယ်။ ဒီအပိုဒ်ဟာ ဒီကဗျာရဲ့ အထွတ်ဦးခေါင်းပိုင်းလို့ ဆိုရမှာ ပါ။

            လူပုံတစ်ခုကို ရေးဆွဲထုဆစ်ရာမှာ ကိုယ်နေကိုယ်ဟန်က ဘယ်လောက်ပဲ လှပကျော့ရှင်းနေနေ၊ ဦးခေါင်းမပါရင် လူရုပ်မပီ သလိုပါပဲ။ စာကောင်း ပေကောင်း၊ အဟောအပြောကောင်းတို့မှာလည်း ဒီအထွတ်အထိပ် ဦးခေါင်းပိုင်း မပါရင် အင်္ဂါမစုံတော့တဲ့အတွက် ကဗျာရုပ် စာရုပ် မပီတော့ပါဘူး။

            မြတ်စွာဘုရားရှင် ဟောတော်မူတဲ့ တရားဒေသနာတွေမှာ ဆိုရင်လည်း နောက်ဆုံးပိုင်းမှာ “အရဟတ္တနိကုဋ္ဋေန” အရဟတ္တဖိုလ် ဆိုက်လောက်အောင် အထွတ်တပ်ဆင်ပြီး”လို့ ပါဝင်ရပါတယ်။ ဒါကြောင့် ဆရာကြီးရဲ့ ဒီနောက်ဆုံးအပိုင်းဟာလည်း ကဗျာ ကိုယ်လုံးကြီးရဲ့ အရေးအပါဆုံး အထွတ်ဦးခေါင်းလို့ ဆိုလိုက်တာပါ။

            ရှေ့အချိုးသုံးခုမှာ ရေ၊ မြေ၊ တော၊ တောင်၊ သားငှက်တိရစ္ဆာန်စတဲ့ သဘာဝအလှ ရတနာတွေကို အာရုံ ငါးပါးလုံးစုံအောင် ခံစားမြတ်နိုးတတ်ဖို့ ပြောပြီးတဲ့အခါ တကယ့်ဘဝရဲ့ အမွန်မြတ်ဆုံး ရတနာဖြစ်တဲ့ ရတနာသုံးပါးဆိုတဲ့ ဓမ္မာရုံနဲ့ ကလေး များရဲ့ဘဝကို အထွတ်ဦးခေါင်းတပ်ပေးကြဖို့ ဒီအပိုဒ်နဲ့ သတိပေးလိုက်တာပါ။

            “ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း”ဆိုတာ အမြတ်ဆုံး ရတနာသုံးပါးကိုရနိုင်တဲ့ ကျောင်းကန်ဘုရားများဆီကို ဇာလီတို့ ပျော်သလို လူလေးများကိုလည်း သွားရောက်ပြီး ပျော်ပျော်ရွှင်ရွှင် ကြည်ညိုနာယူချင်စိတ်တွေ ပေါ်လာစေဖို့ မိဘဆရာသမားတွေမှာ တာဝန် မလစ်ဟင်းစေကြနဲ့လို့ ပြောချင်တာပါပဲ။

            ဒီအပိုဒ်မှာတော့ တစ်ချက်တည်းနဲ့ နှစ်ချက် သုံးချက်မက ပြတ်စေတဲ့ ၀င်္က၀ုတ္တိအလင်္ကာကို သုံးလိုက်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာ “ကျောင်းကန်ဘုရားဆီကို လူကလေးတွေ သွားချင်ကြစမ်းပါ”လို့ တိုက်ရိုက်မဆိုဘဲ “ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း”လို့ သွယ်ဝိုက်အလင်္ကာနဲ့ သုံးလိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို မှန်းဆ ကြည့်ကြရမယ်။

            ကဗျာရဲ့ ရှေ့သုံးချိုးမှာ သဘာဝရေမြေ တောတောင်စတဲ့ တို့ဘိုးဘွားအမွေစစ်တွေကို ချစ်မြတ် နိုးတတ်နေပြီဖြစ်လို့ ဒီကဗျာလေးကိုလည်း အရသာရှိရှိ နှစ်သက်လာကြတဲ့အခါ ဒီ “ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း”ဆိုတဲ့ အပိုဒ်ရောက်တာနဲ့ တစ်ပြိုင်နက် “ဇာလီ”ဆိုတာ ဘာလဲ။ ကျောင်းသင်္ခဏ်းဆိုတာ ဘာလဲဆိုတာ သိချင်လာတော့မှာ။ သိချင်လို့ မေးလာရင် မိဘတို့ ဆရာသမားတို့က ဝေဿန္တရာဇာတ်တော်ကြီးကို ကလေးများသိတန်သလောက် ပြောကို ပြောပြကြရတော့မှာပေါ့။ မသိရင်လည်း လေ့လာဖတ်ရှုကြရတော့ မှာပေါ့။

            ဒီဇာတ်တော်ထဲမှာ မိခင်တစ်ယောက်ရဲ့ မေတ္တာကရုဏာတွေ။ အာဇာနည်အလောင်းတော်ကြီးတို့ရဲ့ အများအတွက် ထီးနန်း စည်းစိမ်ကိုပါ စွန့်လွှတ်ဆောင်ရွက်ပုံတွေကိုလည်း သိခွင့်ရကြမယ်။ ပြီးတော့ နန်းတွင်းမှာ မွေးဖွားပြီး အထိန်းတော် အချော့တော် တွေနဲ့ ပျော်ပါးကြရမယ့် ဇာလီတို့ မောင်နှမဟာ ဝင်္ကဘာတောင်ပေါ်က တောရကျောင်းသင်္ခဏ်းမှာ ဘာကြောင့် ပျော်နိုင်ကြတယ်၊ ဘယ်လိုပျော်မွေ့စရာတွေရှိတယ်ဆိုတာတွေပါ သိလာကြမှာ ပေါ့။ အဲဒီမှာ တရားဓမ္မနဲ့ မွေ့ပျော်တတ်ကြတဲ့ သူတော်ကောင်းတို့ရဲ့ အကျင့်တွေ။ တရားရှင်တို့ နေထိုင်ရာ ကျောင်း သင်္ခဏ်းရဲ့ အေးချမ်းပုံတွေကိုလည်း ကလေးနဲ့တန်ရုံလောက် သိခွင့်ရကြမှာပဲ။

            ဒီလို သိပြီးတော့ ကလေးငယ်တို့ရဲ့ စိတ်ထားတွေ ဘယ်လိုပြောင်းလဲ ဖြစ်ပေါ်သွားမလဲ။ ဆရာကြီးမင်းသုဝဏ်က ကလေးသူငယ်တွေရဲ့ စိတ်ထဲ ဘယ်လိုစိတ်ဓာတ်တွေ ဖြစ်ပေါ်စေချင်သလဲဆိုတာ ဆရာကြီးရဲ့ တခြားကလေး ကဗျာတစ်ပုဒ်ဖြစ်တဲ့ “ဆွမ်းအုပ်နီနီ”ဆိုတဲ့ ကဗျာလေးနဲ့ တွဲဖက်လေ့လာကြည့်ရင် ပိုပြီးသိသာတယ်။

            အဲဒီကဗျာလေးမှာကျတော့ အမေက “ဆွမ်းအုပ်နီနီ အမေရွက်လို့၊ နက်ဖြန်မနက် ကျောင်းတက်မယ်”လို့လည်း ဆိုလိုက်ရော ကလေးငယ်က ဘာပြန်ပြောသလဲ၊ “မောင်လည်း လိုက်မယ် ချန်မထားနဲ့၊ အမေသွားတော့ ပျင်းလှတယ်”လို့ ပြန်ပြောတယ် မဟုတ်လား။ အဲဒါ ဆရာကြီး ဖြစ်စေချင်တဲ့ ကလေးငယ်တို့ရဲ့ စိတ်ထားကို ပြလိုက်တာပဲ။

            သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ကလေးငယ်ဆိုတာ ဆော့ကစားရတာကို ပျော်မွေ့တတ်ကြတာပဲ။ အမေ အဖေ မရှိတဲ့အခါဆိုရင် အဖော်တွေနဲ့ ဆော့ကစားရတာက ပိုပြီး လွတ်လပ်တော့ ပိုပြီး ပျော်နိုင်ကြမယ် မဟုတ်လား။ အခုတော့ ဒီကလေးက “အမေနဲ့အတူ ကျောင်းကန်ဘုရား လိုက်မယ်၊ အိမ်မှာ အမေမရှိရင် ပျင်းလှတယ်”ဆိုတဲ့ စကားမျိုး ဆိုတတ်လာပြီလေ။ ဒါဟာ ဘယ်သူ့ကို အားကျအတုယူလာတဲ့ စိတ်ဓာတ်လဲ။ အဲဒါဟာ ကဗျာဆရာရဲ့ မေတ္တာစေတနာ စွမ်း၊ ပညာစွမ်းနဲ့ ကဗျာရဲ့ စည်းရုံးနိုင်စွမ်းအားပဲ။

            ဆရာကြီးက ဇာလီတို့ မောင်နှမဟာ အမေအဖေတို့နဲ့ ခွဲပြီး နန်းတွင်းလို အရာရာပြည့်စုံတဲ့ နေရာမျိုးမှာတောင် မနေရစ်ခဲ့ဘဲ တောကြီး တောင်ကြီးထဲအထိ လိုက်နေကြပုံ။ ရောက်တဲ့အရပ်မှာ ကျောင်းသင်္ခဏ်းနဲ့ တရားဓမ္မအရိပ်ကို ခိုလှုံပျော်မွေ့ကြပုံတွေကို ညွှန်ပြထားတော့ ကလေးတွေ အားကျလာပြီပေါ့။ “ဟိုမှာ နတ်ဘုံ နတ်နန်းနဲ့ နတ်စည်းစိမ်လို ခံစားရမယ့် နန်းတွင်းကိုတောင် မပျော်ကြဘဲ ကျောင်းသင်္ခဏ်းမှာ ပျော်ကြတယ်ဆိုရင် မိဘများ ကျောင်းကန် ဘုရားသွားတဲ့ အခါမှာ တို့က ဘာဖြစ်လို့ ဒီလိုသာမန် ရပ်ရွာလေးထဲမှာ နေရစ်ခဲ့မလဲ၊ ဒါဟာ ပျင်းစရာကြီးပဲ။ အမေ အဖေ တို့နဲ့အတူ တို့လည်း ကျောင်းကန်ဘုရားမှာ ပျော်မှာပေါ့”ဆိုတဲ့ စိတ်ဓာတ်တွေ ကူးလာတာလေ။ အဲဒါ ကလေးတွေအပေါ် ဆရာကြီးဖြစ်စေချင်တဲ့ စိတ်ထားပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကို ဆရာကြီးက မွေးမြူပေးလိုက်တာပဲ။ ဒါကြောင့် ဒီအပိုဒ်ကို ဒီကဗျာရဲ့ “အထွတ်ဦးခေါင်း”လို့ ပြောတာ။

            ပညာရှင်ကြီးတို့ရဲ့ ဒီလို စေတနာမျိုးတွေကို ဆရာကြီးဇော်ဂျီရဲ့ “သင် သေသွားသော်” ကဗျာထဲမှာလည်း တွေ့နိုင်တာပဲ။ ဆရာကြီးဇော်ဂျီက သဘာဝပတ်ဝန်းကျင် ဘိုးဘွားအမွေအနှစ်များနဲ့ ပတ်သက်လို့တော့ “သင် ဖွားရာမြေ၊ သင်တို့ မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏” ဆိုပြီး လိုတိုရှင်းကလေးကိုပဲ ပြပါတယ်။

            ဒီအပိုဒ်ကလေးကလည်း စာကြောင်းလေးကသာ တိုတို ကျဉ်းကျဉ်းကလေးလို့ ထင်ရတာ။ ဒီနေ့တို့ ဘိုးဘွားအမွေတွေ မတိုးပွားတဲ့ အပြင် အောက်ခြေကစပြီး အမြစ်ပြုတ် ပြုန်းတီးနေတာကို တွေ့ကြရတဲ့ အခါမှာတော့ ဆရာကြီးရဲ့ အမြော် အမြင်ကလည်း ဘယ်လောက် ကြီးမားလေးနက်တယ်ဆိုတာ သိပ်ပြီး သိသာတယ်။

            အဲနောက်ဆုံးကဗျာရဲ့ အထွတ်ဦးခေါင်းပိုင်းမှာတော့ ဆရာကြီးဇော်ဂျီကတောင် ပိုပြီး ကျယ်ဝန်းသေးတယ် “သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊ ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း”ဆိုတာလေ။

            ဒါကြောင့် စာဆို ပညာရှင်များဘက်က ပညာရှင်ကြီးများပီပီ အစောကြီးကတည်းက တာဝန်ကျေကြပါတယ်။ ပညာရဲ့တန်ဖိုးကို နားမလည်ကြတဲ့ တာဝန်မဲ့သူတို့ကြောင့်သာ ဆရာကြီးတွေရဲ့ စေတနာတွေ နောင်လာနောင်သားများ ရင်ထဲအထိ မရောက်ကြလို့ သဘာဝအမွေအနှစ်တွေကို ချစ်ခင်စိတ်တွေ ခေါင်းပါးပြီး ရေမြေတောတောင်တွေအားလုံး ပညာမဲ့çမေတ္တာမဲ့ သူတို့ရဲ့ လက်အောက်မှာ အသက်ပျောက်သွားကြရတာ”ဆိုတဲ့ အကြောင်း မိမိသဘော ပေါက် သလောက် ရှင်းပြလိုက်တော့ ဒကာကြီးက –

            “အား .. ကောင်းလိုက်လေဘုရား၊ တပည့်တော်တို့လည်း ဒီဆရာကြီးတွေရဲ့ ဒီကဗျာတွေကို အလွတ်ရ ခဲ့ကြပေမယ့် ဒီစေတနာတွေကို ဒီလောက်နက်နက်နဲနဲ သဘောမပေါက်ဘူး။ ကဗျာရဲ့ ခွန်အား၊ ပညာရှင်တို့ရဲ့ စွမ်းအားက တယ်ကြီးမားပါလား၊ ဒီနေ့ည ဒီအကြောင်းအရာကိုပဲ ဟောပေးပါဘုရား”လို့ လျှောက်ထားပါတယ်။ မိမိက –

            “ဒီက ကလေးတွေရဲ့ အခြေအနေက သဘာဝပတ်ဝန်းကျင် ဘိုးဘွားအမွေတို့ကို ချစ်မြတ်နိုးရေးဘက်မှာ ဒီလောက်အထိ ဒုံးမဝေးကြပါဘူး။ ဒီအကြောင်းအရာတွေကတော့ မြန်မာပြည်က ကလေးတွေမှာသာ ပိုပြီး လိုအပ်နေလို့ သူတို့လေးတွေရဲ့ ယဉ်ကျေး လိမ္မာပွဲတွေကျမှပဲ ဟောတော့မယ်။ ဒီက ကလေးတွေအတွက် လိုအပ်နေတဲ့အချက်က ကဗျာရဲ့ အထွတ်ဦးခေါင်းဖြစ်တဲ့ “ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း၊ လူလေးသွားချင်စမ်း”ဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်ရေးပဲဗျာ။ အဲဒါ ဒီမှာ ရောက်နေကြတဲ့ ဒကာကြီးတို့တတွေနဲ့ ကျုပ်တို့အားလုံး တာဝန်ပဲ။ ဒီနေ့တော့ ဒီတာဝန်ကျေပွန်ရေးကိုပဲ အဓိကစောင်းပေးဟောပါမယ်”ဆိုတဲ့ အကြောင်း ပြောလိုက်ရတယ်။

            စကားကောင်းနေရင်း အချိန်ကုန်သွားခဲ့လို့ မြစ်ကြောင်းရဲ့ ဟိုး အောက်ပိုင်းတွေအထိတော့ မရောက်ခဲ့ပါဘူး။ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းကိုပဲ ပြန်ခဲ့ကြပါတယ်။ ညပိုင်းမှာတော့ ကလေးများကိုသာမက လူကြီးများကိုပါ ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်းလို ကျောင်းကန်ဘုရားတွေဆီ သွားရောက်ပျော်ရွှင်စမ်းချင်ကြဖို့  တတ်နိုင်သမျှ ဟောပြောပြီး တိုက်တွန်း အားပေးခဲ့ပါတယ်။

   ကဗျာကဝိ ဆရာကြီးနှစ်ဦးရဲ့ စာပေကျေးဇူးဂုဏ်တွေကို ဒီဟောပြောခဲ့တဲ့ စာစုနဲ့ ကျေးဇူးတုံ့ပြုလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်