ကိုယ့်ဘက်တော်သား သူ့လူများ

January 6, 2013

အရှင်ဇဝန (ကုန်းဇောင်း)
ဇန်န၀ါရီ ၆၊ ၂၀၁၃
တစ်ခါတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက် ဘုန်းတော်ကြီးကျောင်းမှာ အတူတကွ ပညာသင်ကြားခဲ့ကြတယ်။ တစ်ယောက်ကတော့ ဘုန်းတော်ကြီးထံမှာ ဂန္ဓာရီအတတ်ပညာတွေ အဂ္ဂိရတ်ပညာရပ်တွေကို စိတ်ပါ ဝင်စားပြီး ကြိုးစားလေ့လာရင်း ကျင့်ကြံပွားများလိုက်တာ ဝိဇ္ဇာဓိုရ်ဖြစ်သွားခဲ့တယ်။ တစ်ယောက်ကတော့ အဲဒီလို ဂန္ဓာရီအတတ်ပညာကို စိတ်မဝင်စားပဲ ကျောင်း ကနေထွက်သွားပြီး ရွာထဲမှာပဲ ဆင်းဆင်းရဲရဲ လုပ်ကိုင်စား သောက် ရင်းပဲ ဘဝကိုပျော်မွေ့နေခဲ့တယ်။ သူ့မှာ အလုပ်အကိုင်က လည်း မယ်မယ်ရရ မလုပ်ကိုင်တတ်တော့ တောထဲက သစ်ပင်တွေကို ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေရတယ်။

တစ်နေ့တော့ တောနက်ကြီးထဲမှာ ထင်းခုတ်နေတုန်း မထင်မှတ်ဘဲ အလှပေါ်အယဉ်ဆင့် အသွင်တင့်မည့် မိုးကျနတ်မယ်လေးလို အရမ်းလှပတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့မှာ အံ့သြခြင်း စိုးရိမ်ခြင်း တွေနဲ့ မှင်သက်မိပြီး ငေးကြည့်နေတုန်းမှာ ကောင်မလေးက သူ့ကို “အစ်ကို တစ်ယောကတည်းလား”တဲ့ ချိုလွင်သော စကားသံလေးနဲ့ စတင်နှုတ်ဆက်တော့သူကလည်း “တစ်ယောက်တည်းပေါ့ညီမရယ်၊ ညီမကကော ဒီလိုတောကြီး ထဲမှာ တစ်ယောက်ထဲလား အဖော်မပါဘူးလား”လို့ ပြန်မေးလိုက်တဲ့အခါကြတော့ “ညီမလေ အရင်တုန်းကတော့ ဒီတောကြီးထဲမှာ မိဘတွေနဲ့ အတူနေတာပါ၊ အခု မိဘတွေ ဆုံးပါးသွားတော့ ညီမတစ်ယောက်ထဲဘဲ စိုးရိမ် ကြောက်လန့်မှုတွေ၊ အထီးကျန်အားငယ်မှုတွေနဲ့ နေခဲ့ရပါတယ်”လို့ ဆိုလိုက်တော့ သူ့စိတ်ထဲ တော်တော်ကို သနား သွားမိတယ် ဒီတော့သူကဆက်ပြောလိုက်တယ် “ဒါဆို ညီမအမျိုးတွေ ဘာတွေ ရွာထဲမှာ မရှိဘူးလား၊ ရွာထဲကို ပြောင်းလာခဲ့ပါ့လား”ဆိုတော့ အစ်ကိုရယ် ညီမဘယ်လောက်ပဲ အထီးကျန်ပြီး စိုးရိမ်ကြောက်လန့်နေရပါစေ ညီမ မိဘတွေ ခေါင်းချသွားခဲ့တဲ့ ဒီတောထဲက အိမ်ကြီးမှာပဲ နေပါရစေ၊ အစ်ကိုက ညီမကို သနားတယ် ကြင်နာတယ် ညီမ အပေါ်မှာ စိုးရိမ်နေတယ်ဆိုရင်၊ အစ်ကိုက ညီမနဲ့အတူ နေပေးနိုင်မယ်ဆိုရင် အရမ်းကို ကောင်းမှာပဲ အစ်ကိုရယ်” ဆိုလိုက်တော့ ထင်းခုတ်သမား ဘသားချောကလည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ နတ်သမီးအလား ထင်မှားလောက်အောင် လှပတဲ့ကောင်မလေးကိုလည်းရမယ်၊ အိမ်ကြီးအိမ်ကောင်းနဲ့လည်း နေရမယ်ဆိုတော့ ငြင်း လိုက်ရင် ငါ့လောက် မိုက်တဲ့သူရှိဦးမလားပေါ့ သူ့စိတ်ထဲမှာ တွေးနေတာ ဒါပေမဲ့ စကားလှအောင်တော့ ပြောလိုက် သေးတယ် “အစ်ကို့အနေနဲ့ကတော့ ဘာမှ ငြင်းစရာမရှိပါဘူး၊ ဒါပေမဲ့ ညီမနဲ့အစ်ကိုနဲ့ အတူနေလို့ သင့်တော်ပါ့မလား ညီမရယ်”ဆိုတော့ ကောင်မလေးကလဲ “အစ်ကိုရယ် ဒီလောက်နက်တဲ့ တောကြီးထဲမှာဘယ်သူတွေကလာပြီး အထင် အမြင်သေးလို့ရမှာလဲ အစ်ကိုနဲ့ညီမ အတူတူပေါင်းသင်းနေ လိုက်တော့ရော ဘယ်သူကလာပြီး တရားစွဲမှာလဲ” ဆို လိုက်တော့မှ ထင်းခုတ်သမား ဘသားချောလဲ သဘောတွေ့ မနောခွေ့ပြီး သူတို့နှစ်ယောက် တောကြီးထဲက ခမ်းနား ထယ်ဝါလှတဲ့ အိမ်ကြီးမှာ အတူတူပေါင်းသင်းလာလိုက်လိုက်တာ သုံးလတောင် ကျော်ကြာလာခဲ့ပြီပေါ့။

သူ့သူငယ်ချင်း ၀ိဇ္ဇာဓိုရ်က ဂန္ဓရီခရီးလှည့်လည်ရင်း သူ့ရဲ့ငယ်သူငယ်ချင်း ထင်းခုတ်သမားကို သတိရလာ တယ်။ ငါ့သူငယ်ချင်း ဘယ်ကိုရောက်နေလဲ ဘာတွေများ ဖြစ်နေလဲသွားကြည့်ဦးမှဆိုပြီး သူ့ရဲ့ဂန္ဓာရီအတတ်ပညာနဲ့ ရှာကြည့်လိုက်တော့ “ ဖြစ်မှဖြစ် ရလေ ငါ့သူငယ်ချင်းရယ်၊ နတ်သမီးကညာအလှတစ်ပါးလို ဖန်ဆင်းထားတဲ့ ဘီလူးမ ကို လူထင်ပြီး ပေါင်းသင်းနေတာကိုး ဘီလူးမက သူ့အလိုဆန္ဒပြည့်ဝအောင် သူ့ကိုလှည့်ပတ်ဖြားယောင်းနေတာ။ သူ့အလိုဆန္ဒပြည့်တဲ့နေ့၊ သူ့ကို မလိုတော့တဲ့နေ့၊ သူ့ကိုဒေါသထွက်တဲ့နေ့ သူ့ကို အစာအဖြစ်နဲ့ သတ်စားတော့ မှာပါ့ လား” သိလိုက်ရတယ်။

ဒါနဲ့ သူငယ်ချင်းဆီကို ရောက်အောင်လာခဲ့တယ်။ ထင်းခုတ်သမားသူငယ်ချင်းကလဲ အားရဝမ်းသာနဲ့ “ မင်းကို သတိရနေတာ သူငယ်ချင်းရယ်၊ မင်းငါတို့ဆီမှာ အကြာကြီးနေကွာ”စသည်ဖြင့် စကားစမြည်တွေပြောဆိုပြီး သူ့ဇနီး ချောလေးကိုလည်း ကြွားချင်တာနဲ့ မိတ်ဆက်ပေးတယ်။ သူ့ဇနီးချောလေးကတော့ သိလိုက်ပြီ ဒီလူဟာ သာမန်လူ တစ်ယောက်တော့မဖြစ်နိုင်ဘူးပေါ့။ ငါ့အကြောင်း များသိနေမလားလို့ စဉ်းစားရင်း စိုးရိမ်ကြောင့်ကြစိတ်နဲ့ ဟန်ဆောင် ဧည့်ခံစကားပြောနေရတာပေါ့။ သူ့ဇနီးလေး အပြင်သွားတဲ့အ ခါကျမှ သူ့သူငယ်ချင်းကို ဝိဇ္ဇဓိုရ်က အေးအေးဆေးဆေး ရှင်းပြတယ်။

“သူငယ်ချင်းရေ မင်းနဲ့ပေါင်းသင်းနေတဲ့ မင်းဇနီးချောလေးက လူသားမဟုတ်ဘူးကွ လူသားစားတဲ့ ဘီလူးမ” လို့ပြောတော့ သူကမယုံဘူးလေ။

“ဟုတ်လို့လားကွာ ဒီလောက်လှတဲ့ ငါ့ဇနီးချောလေးက လူသားစားတဲ့ ဘီလူးမ ဖြစ်နိုင်ပါ့မလား၊ တကယ်လို့ ဖြစ်နေရင်ကော ငါ့ကိုအရမ်းချစ် တဲ့ငါ့ဇနီးချောလေးကတော့ ငါ့ကို ပြန်ပြီးတော့ မစား လောက်ပါဘူး”ဆိုတော့

“ငါ့သူငယ်ချင်းက တော်တော် အ တာကိုးကွ၊ မင်းမြဲမြဲမှတ်ထား သာမာန်လူတွေတောင် ကြည့်တတ် ရင် ဘီလူးမဆိုတာ သိနိုင်တယ်ကွ၊ သူ့မျက်ထောင့်က နီတာရယ်၊ အရိပ်မထွက်တာရယ်၊ ဖနောင့်အရမ်းတိုတာရယ် အဲဒါတွေက လူမဟုတ်ဘူး ဘီလူးမဆိုတာ သိနိုင်တဲ့ အချက်တွေပဲ၊”

“မင်းဇနီးချောလေးက ဘီလူးမဖြစ်ရင်တောင်  မင်းကိုတော့ မစားလောက်ပါဘူးလို့ မင်းကထင်နေတာကိုးကွ၊ သူ့အာသာ ဆန္ဒပြင်းပြနေချိန်မှာတော့ ကာမဂုဏ်အတွက် မင်းကို အသုံးချမှာပေါ့၊ အာသာဆန္ဒလေးတွေနည်းလာပြီး မင်းကိုရိုးသွားတဲ့အခါ မင်းကို အစားအစာအဖြစ်နဲ့ အသုံးအချပြီး သူ့ခန္ဓာကိုယ်အတွက် အာဟာရဖြည့်တင်းဖို့ မင်းကို အရံသင့်မွေးမြူထားတာကွ” ဆို လိုက်တော့မှ

“ ဒါဆို ငါဘယ်လိုလုပ်ရမလဲ ငါ့ကို ပြောပါဦး သူငယ်ချင်း”လို့ မျက်နှာငယ်လေးနဲ့ အကူညီတောင်းရှာတယ်။

“ဒီလိုလုပ် သူငယ်ချင်း မင်းရွာထဲကို ပြန်ပြေးရင်လဲ မင်းဘယ်လိုမှ မလွတ်နိုင်တော့ဘူး၊ ဒီတောနက်ကြီးထဲနေ ရွာကိုအမြန်ဆုံး ရောက်နိုင်တဲ့ နည်းလမ်းကိုလဲ မင်းမသိတော့ဘူး။ ဒီတော့ မင်းသူ့ကို သတ်ပြီးမှ ပြေးလို့ရမယ်။ သတ်ပြီး ချက်ခြင်းမပြေးရင်လည်း သူ့ရဲ့ အပေါင်းအဖေါ်တွေက မင်းကိုပြန်သတ်လိမ့်မယ်။ ဒါ့ကြောင့် မင်းအိပ်ယာ ဝင်တာနဲ့ မင်းတို့အိပ်ယာဘေးမှာ မီးခြစ်၊ဖယောင်းတိုင်၊ လက်နက်အသင့် ဝှက်ထားရမယ်။ သူ့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာပဲ မင်းသူ့ကိုသတ်လို့ရမယ်။ ရွာပြန်လမ်းကို ငါ ကူညီလမ်းပြပေးမယ်”လို့ အကြံပေးလိုက်တယ်။

ဒါနဲ့ပဲ ထင်းခုတ်သမားက ညအိပ်ယာဝင် မီးခြစ် ဖယောင်းတိုင် လက်နက်တွေကို အသင့်ပြင်ပြီး သတိထား အိပ်တယ်။သူ့ဇနီးချောလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှ အိပ်ယာကထ၊ မီးခြစ်ဆံကို ခြစ်ပြီး ဖယောင်းတိုင်ကို ညှိလိုက်ချိန် အမလေးတပြီး ဆံပင်မွှေးတွေတောင် ထောင်လာတယ် လက်ထဲက ဖယောင်းတိုင်တောင် လွတ်ကျတော့ မလိုဖြစ်သွားတယ် ကြောက်စရာကောင်း လိုတ်တာ။ ဘီလူးမမျက်နှာကြီးက အိပ်နေတုန်းမှာ သူ့ပင်ကို မျက်နှာအတိုင်း မြင်နေရတာပါ့လားလို့ သိလိုက်ရတယ်။ သူ့ကိုသူ ပြန်စဉ်းစားလိုက်တယ် ငါ အကြီးအကျယ် အလိမ်ခံ လိုက်ရတာပါ့ လား၊ ကြည့်စမ်းပါဦး ဆိုးဝါးလိုက်တဲ့ မျက်နှာကြီး၊ ရွံစရာကောင်းလွန်း တဲ့ ခန္ဓာကိုယ်ကြီး ဒါကြီးကို ငါက ငါ့ဇနီးချော လေး နတ်သမီးပျိုလေးလို ထင်မှတ်ပြီး မြတ်မြတ်နိုးနိုး ပေါင်းသင်းနေလာလိုက်တာ၊ ဒီကနေ့တော့ ငါဒါကြီးကို အပြတ် ရှင်းမယ်ဆိုပြီး အသွားထက်လှတဲ့ ထင်းခုတ်ဓားမကြီးနဲ့ လည်ပင်းကို တစ်အားပိုင်းပြီး ထွက်ပြေး လာခဲ့တယ်။ သူ့ သူငယ်ချင်း အကူအညီနဲ့ မိုးမလင်းခင် ရွာကိုရောက်ပါတယ်။ ရွာကိုရောက်တော့မှ သူ့ဆရာဘုန်းကြီးဆီ ပြန်သွားပြီး သာသနာ့ဘောင်အတွင်း ဝင်ရောက်ကာ တရားထူးတရားမြတ်ရအောင်ပဲ အမြဲကျင့်ကြံနေထိုင်ပါတော့တယ်။

ဒါကို ပုံပြင်ဒဏ္ဍာရီပါကွာလို့ပဲဆိုဆို စိတ်ကူးယဉ်ပါလို့ပဲပြောပြောပါ ငါတို့ ဒီအထဲမှာ ဘာတွေရလိုက် သလဲ ဆိုတာကို အဓိကထား စဉ်းစားကြည့်ရအောင်။ ငါတို့ရလိုက်တာက ဒီဇာတ်လမ်းလိုပဲ ငါတို့ဘဝမှာ တွေ့ကြုံလာခဲ့တဲ့ ငါတို့ ချစ်လှပါတယ်ဆိုတဲ့ချစ်သူတွေ၊ ငါတို့ ခင်မင်ကြင်နာလှပါတယ်ဆိုတဲ့ ငါတို့ အပေါင်းအသင်းသူငယ်ချင်းတွေဟာ ငါတို့ထင်သလို ငါတို့လူတွေမှ ဟုတ်ရဲ့လား? သူ့လူ ကိုယ့်ဘက်သား ဆိုသလို ကိုယ့်ချစ်သူ ၊ကိုယ့်သူငယ်ချင်းတွေဟာ တကယ်တော့ သူများချစ်သူ သူများသူငယ်ချင်းတွေများ ဖြစ်နေရော့သလား စဉ်းစားဖို့ပါပဲ။

တစ်ဖက်ကပြန်တွေးကြည့်တော့လဲ လူတိုင်းကို ဒီလိုပေတံနဲ့သာ လိုက်တိုင်းနေရင်လည်း ကမ္ဘာ့ အပြင်ဘက် ကိုပဲ ထွက်နေရတော့ မလိုဖြစ်မနေဘူးလား? ငါတို့တွေ ဟုတ်တိုင်းမှန်စွာ တွေးတောသင့်တာကတော့ ငါ့ချစ်သူဖြစ်ဖြစ် မဖြစ်ဖြစ် ဒါငါ့အလုပ်မဟုတ်ဘူး။ အဓိကကတော့ ငါဘက်က ငါ့ချစ်သူကို ငါ့ချစ်သူလို ချစ်ခင်မြတ်နိုးဘို့ သစ္စာရှိဖို့ပဲ။ သူ့ဘက်က ပြောင်းလဲဖောက်ပြန်ပြီး သူများချစ် သူဖြစ်တော့လဲ သူ့ကံနဲ့သူလို့ စိတ်ထားလေး ပြင်လိုက်ရင် နည်းနည်း လေးတော့ စိတ်သက်သာရာ ရသွားမှာပါ။ သိပ်ကိုချစ်ခင်စွဲလန်းလွန်းရင် တော့ စွဲလန်းသလောက် ခံစားချက်က ပြင်းပြင်းရှရှ၊  ဝဋ်ဒုက္ခက ကြီးကြီးမားမားပါပဲ။

ငါတစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ ငါ့သူငယ်ချင်းတွေကကော ငါ့သူငယ်ချင်း အစစ်ကောဟုတ်ရဲ့လား? ငါ့အပေါ် မလိုမုန်း ထားပြုနေကြတဲ့ လူတွေရဲ့ သူငယ်ချင်းများဖြစ်နေမလားလို့ တွေးကြည့်ပြန်ရင်လဲ တစ်ယောက်ကို တစ်ယောက် မယုံသင်္ကာဖြစ် စရာတွေပါပဲ။

ဒီတော့ ကိုယ့်ကိုယ်ပြန်သုံးသပ်ရမှာက ငါက သူတော်ကောင်းတစ်ယောက်ပဲ၊ သူတော်ကောင်းဆိုတာက သူများတော်တော် မတော်တော် ကိုယ်ကတော့ ကောင်းကိုကောင်းနေရမယ်။ သူများကောင်းကောင်း မကောင်း ကောင်း ကိုယ်ကတော့ ကောင်းကိုကောင်းနေရမယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် သူတော်ကောင်းအစစ် မဖြစ်နိုင်ဘူးလို့တွေးပြီး သူတို့ဘက်က တော်လာအောင် ကိုယ့်ဘက် အမြဲကောင်းအောင်ကြိုးစားနေဖို့ပါပဲ။ အဲဒီလို တွေးလိုက်ရင်တော့ မိတ်ဆွေယောင်ဆောင်သော ရန်သူပဲဖြစ်ဖြစ်၊ ရန်သူယောင်ဆောင်သော မိတ်ဆွေပဲဖြစ်ဖြစ် ပေါင်းသင်းလို ရသွားပါပြီ၊ အ ထိုက်အလျှောက် စိတ်သက်သာရာလဲ ရသွားပါပြီ။

တစ်ခုလေးတော့ သတိထားလိုက်ပါ။ လူတိုင်းကို ယုံမှတ်ပြီး ပုံမအပ်ဖို့တော့ လိုပါတယ်။ လူတိုင်းကို သိပ်တွယ် တာလွန်းပြီး ငါ့လူတွေပဲ ငါ့လူတွေပဲလို့ အရမ်းမစွဲလန်းဖို့လဲ လိုပါတယ်။ ကိုယ်က တွယ်တာလွန်းရင် တစ်ချိန်ချိန်မှာ အခန့်မသင့်လို့ သေကွဲရှင်ကွဲသွားကြတဲ့အခါ ကိုယ်ပဲ မချိမဆန့်ခံစားရတယ်လေ။ ကိုယ့်ကို မတွယ်တာ တတ်တဲ့ ကိုယ့်သူငယ်ချင်းကတော့ ကိုယ်နဲ့ ဝေးလေကောင်းလေ သဘောထားပြီး ကွယ်ရာမှာပျော်လို့ ရွှင်လို့ဆိုတဲ့ အဖြစ်သနစ် မျိုးတွေ တစ်ပုံတစ်ပင်ရှိတတ်ပါတယ်။ တွေ့ခဲ့ဆုံခဲ့ ရင်းနှီးခဲ့တဲ့ သူတိုင်းကို တကယ့်မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ခင် လိုက်ပါ ကူညီလိုက်ပါ။ ဝေးကွာသွားတဲ့အခါမှာ အမှတ်ရတဲ့အချိန်မှာ မေတ္တာပို့သနေပါ ။ လွမ်းမောတမ်းတ မနေပါနဲ့ စိတ်ပင်ပန်းပါတယ်။

ဒီထက်တစ်ဆင့်တက်ပြီး နက်နက်နဲနဲလေး တွေးကြည့်လိုက်ကြရအောင်။ ငါ့တို့ကိုယ်တိုင် တစ်သက်လုံး ကျွေးမွေးပြုစုစောင့် ရှောက်လာခဲ့ပြီး ငါတို့ပိုင်တယ်ထင်တဲ့ ငါတို့ခန္ဓာကိုယ်ကြီးကကော ငါတို့ကိုယ်ဟုတ်ရဲ့လား? ဆိုတာကို သေသေချာချာ တွေး ကြည့်သင့်ပါတယ်။ ဇာတ်လမ်းလေးထဲက ဘီလူးမက သူ့ကို ဘီလူးမမှန်းမသိအောင် သူတို့တန်ခိုးစွမ်းအားနဲ့ နတ်သမီးလေလို ဖန်ဆင်းပြထားသလို ငါတို့ကိုလည်း အဆင်းမျိုးစုံ ရူပါရုံတွေ၊ အသံမျိုးစုံ သဒ္ဒါရုံတွေ၊ အနံ့မျိုးစုံ ဂန္ဓာရုံတွေ၊ အရသာမျိုးစုံ ရသာရုံတွေ၊ အတွေ့ထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံတွေက အသိမှန်အမြင်မှန်တွေ မှုန်ဝါးသွားအောင်၊ ပျောက်ကွယ်သွားအောင် ဖမ်းစားနေကြတယ်လေ။ အဲဒီ အာရုံငါးပါး ကာမဂုဏ်တရားတွေက ငါတို့ကို တပ်မက်အောင် စွဲလန်းအောင် မရအရယူချင်အောင် မြှူဆွယ်နေကြတယ်လေ။ ငါတို့တစ်တွေဟာ တစ်နေ့ တစ်နေ့ အာရုံငါးပါး ကာမဂုဏ်တရားတို့နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ ငါတို့ဟာ တဏှာရဲ့ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြတာကိုရော စဉ်းစားမိကြရဲ့လား။

တဏှာရဲ့ကျေးကျွန် ခန္ဓာရဲ့ကျေးကျွန် ဘဝသံသရာအဆက်ဆက် လည်ခဲ့ကြတာတွေ၊ ကိုယ့်ခန္ဓာကိုယ်ကြီးရဲ့ လိုလားတောင့်တ ချက်တွေကို ဖြည့်ဆည်းဖို့၊ သားကျွေးမှု မယားကျွေးမှုအတွက် ဖြည့်ဆည်းပေးဖို့ ငရဲမကြောက် အပါယ်မကြောက် မကောင်းမှု ဒုစရိုက်တွေလုပ်ခဲ့ကြလို့ အပါယ်လေးပါး အောက်သံသရာမှာ နှစ်ပေါင်းများစွာ မချိ မဆန့် ခံစားခဲ့ကြရတာတွေကို တွေးကြည်မယ်ဆိုရင် ဘီလူးမယောက်ျားအဖြစ်သနစ်ထက် ပိုဆိုးပါတယ်။

အတ္တ သမံ ပေမံ နတ္ထိ – မိမိကိုယ်ကို အချစ်ဆုံးပါ ဆိုပြီး ငါတို့အရမ်းချစ်လှပါတယ်ငါတို့ ခန္ဓာကိုယ်ကြီးကကော ငါတို့အကြိုက် ငါတို့အလိုကို တကယ်လိုက်မှာလား။ လယ်တီဆရာတော်ကြီးကတော့ “ သေမင်းအစာ ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍ အရူးပြင်ပြင် ၊ နင့်ကိုယ်ထင်၏ တဲ့။ ငါတို့ကိုယ် ငါတို့ပိုင်ပါတယ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးက သေမင်းအစာတဲ့။ သေမင်းအစာဖြစ်ရုံ တင်ဘယ်ကမလဲ။ ငါတို့က ကျန်းကျန်းမာမာ လှလှပပ သွက်သွက်လက်လက် နေချင်တိုင်းနေ စားချင်တိုင်းစား ကာမဂုဏ်ခံစား ချင်တိုင်းခံစား နေချင်တယ်လေ။ ခန္ဓာကိုယ်ကြီးက ဒါကို ငါတို့ အကြိုက် တစ်သက်လုံး လက်ခံနိုင်မလား။ ငါတို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေချင်တာပေါ့။ ဒါပေမဲ့ လူတိုင်း လူတိုင်း အနည်းဆုံး ရောဂါတစ်မျိုးမျိုးတော့ ရှိနေကြတာချည်းပါပဲ။

အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ ငါတို့စိတ်ကြိုက် အပျော်ကျူးချင်တိုင်းကျူးကြမယ်လေ ငါတို့ ခန္ဓာကိုယ် ကြီးက ဒါကိုလက်ခံနိုင်မလား။ အပျော်ကျူးချင်တိုင်းကျူးကြတော့ကော ငါတို့အလိုဆန္ဒတွေ လောဘတဏှာတွေ လျှော့ပါးသွားမှာလား။ ခန္ဓာကိုယ် ကြီးက ငါတို့အကြိုက်မလိုက်နိုင်သလို ငါတို့ အလိုဆန္ဒလောဘတဏှာတွေကလည်း လျှော့ပါးသွားတယ်လို့ကိုမရှိပါဘူး။ လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား ဆိုတဲ့အတိုင်း ငါတို့ကိုယ် ငါတို့ပိုင်တယ်ထင်ပြီး တဏှာရဲ့ ကျေးကျွန်အဖြစ်နဲ့ အသိမှန် အမြင်မှန် မရကြသေးသ၍ကတော့ သံသရာကြီးထဲမှာ ဒီလိုပဲ တဏှာကျေးကျွန်ဘဝနဲ့ မျောပါနေဦးမှာပါပဲ။

နောက်ပြီး လယ်တီဆရာတော်က ဆုံးမထားသေး တယ် အသက်သတ် လက်မရွံ့ကို အသက်ခွန် ဘဏ္ဍာ သွင်းစေဖို့ ထမင်းအစာစုံနဲ့ ခန္ဓာရုံမြုံပြတီးဆီက အပြီးဖြေကာ စောင့်ရှာကြတယ် စိုးနှောင့်သင်္ချေ တဲ့။ လက်မရွံ့ အာဏာပါးကွက်သားနဲ့တူတဲ့ သေမင်း(သေခြင်းတရား)ကို ငါခန္ဓာ ကိုယ်ကို အသက်ခွန်ဘဏ္ဍာအဖြစ်အပ်နှံဖို့ အစားအစာလေးတွေ ဝဝလင်လင်စား၊ ခန္ဓာကိုယ် လှလှပပလေးတွေ ဝတ် ဆင်ပြီးတော့ ခန္ဓာကိုယ်ပြူတင်းတံခါးကနေ စောင့်မျှော်နေကြရသလိုပဲတဲ့။

မချိမဆန့်ခံစားချက်တွေ အိုနာသေ ဆင်းရဲတွေနဲ့ လုံးထွေးရစ်ပတ်ပြီး သံသရာကြီးထဲလည်ပတ်နေအောင် ဘယ်သူက လုပ်ကြံဖန် ဆင်းတာလဲ? ငါတို့ကိုယ်တိုင်ပဲ လုပ်ကြံဖန်ဆင်းတာပဲလေ။ ငါတို့ဆိုတာထက် ငါတို့ခန္ဓာ အတ္တဘောကြီးကို အဖန်ဖန်တည် ဆောက်ပေးနေတဲ့ သမုဒယသစ္စာ လောဘတဏှာက ငါတို့ကို သံသရာဝဋ် ဆင်းရဲမှာ ဘဝသစ်တွေတစ်ခုပြီးတစ်ခု မွေးဖွားလာအောင် ဖန်ဆင်းပေးနေတယ်။ လောဘတဏှာတွေ ဖြစ်မှန်း မသိအောင်၊ ဒေါသအာဃာတွေဖြစ်မှန်းမသိအောင် အသိမှန် အမြင်မှန်မရအောင် မောဟက အကာအကွယ်ပေး ထားတယ်။ “လောကီဘုံဝယ်၊ သာယာဘွယ်ဟု၊ တာတွယ်နေငြား၊ ဝေနေများတို့၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ၊ ဦးစွာပြ၏။ ဒုက္ခသောင်းပြောင်း၊ ဆင်းရဲကြောင်းကား၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာဘူး၊ မဟာ ဗြဟ္မာ့၊ ထာဝရတို့၊ ဘုရားတစ်သင်း၊ မဖန်ဆင်းဘူး၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ဗရမ်းဗတာ၊ ဖြစ်ကြရာဟော၊ သမုဒယော တည်း”လို့ ဆရာတော်ကြီးတွေက ဆုံးမခဲ့ကြတယ်။ ငါတို့ နေ့စဉ်ကြုံတွေ့နေကြရတဲ့ ဆင်းရဲဒုက္ခတွေရယ် အိုနာသေ ဆင်းရဲကြီးတွေရယ် ဒါတွေဟာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူး။ တန်ခိုးရှင်ကြီးတွေက ဖန်ဆင်းထားတာလဲ မဟုတ်ဘူး။ ဘဝကိုခုံမင်တွယ်တာတပ်မက်တဲ့ ငါတို့လောဘတွေ၊ မလိုမုန်းထား အာဃာတတွေထားတတ်တဲ့ ငါတို့ ဒေါသတွေ၊ မိုက်လုံးထွားထွား ငါတို့မောဟတရားတွေကြောင့် ငါတို့တစ်တွေ ဒုက္ခသံသရာထဲမှာ နစ်မွန်းနေကြရ တာပါပဲ။ ငါတို့တွေ သံသရာအဆက်ဆက်ကခန္ဓာ့ဒုက္ခတွေငြိမ်းအောင်၊ တဏှာရဲ့ ကျေးကျွန်အဖြစ်ကနေလွတ်အောင်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ထင်မှတ်နေတဲ့ အမြင်မှား သက္ကာယဒိဋ္ဌိ ကင်းအောင် ဝိပဿနာတရားကို ကြိုးစားပွားများကြ ရအောင် ငါတို့ကိုယ် ငါတို့နေ့စဉ် သွန်သင်ဆုံးမနေရမယ်။ သစ်ခုတ်သမားက အသိဉာဏ်အလင်း ရောင်ကို ရလိုက်တော့ ဘီလူးမကြီးမှန်းသိသလို  ငါတို့မပိုင်ဆိုင်သော ခန္ဓာငါးပါး လူသတ်သမား ခန္ဓာကိုယ်ကြီးကို ငါ့ကိုယ် ငါ့ ခန္ဓာလို့ စွဲလန်းမှုကင်းအောင်၊ လောဘ ဒေါသ မောဟစတဲ့ ကိလေသာ အညစ်အကြေးကင်းအောင် ဝိပဿနာတရား ကျင့်ကြံပွား များနေကြရမယ်-လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ဖို့ လိုအပ်နေပါပြီ။ ဒါ့ကြောင့် အချိန်ရှိတုန်းလေးမှာ အသိတရား မြန်မြန်ရနိုင်ကြပါစေ။ သဘောမှန် အမြင်မှန် လျှင်မြန်စွာရနိုင်ကြပါစေကြောင်း ဆုတောင်းရင်းလယ်တီ ဆရာတော် ကြီးရဲ့ ဆိုပိန့်မညှာ ဆုံးမစာထဲက လင်္ကာအပိုင်းအစလေးကို အရမ်းသဘောကျလို့ အသိမှန်အမြင်ရအောင် ထည့်ပေး လိုက်ပါရစေ။

မျက်မြင်လောက ၊ ဤဘဝကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏၊ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင် ၊ နင့်ကိုယ်ထင်၏၊ နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သန္တာန်ကို၊ နင်ဉာဏ်မစူး၊ အပျော်မြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်ဖုံဖုံ၊ လွန်ခဲ့ကုန်ပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ ယုယုယယ ၊ နင်အားကျလျှက်၊ ဓားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာလည်း၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုတ်ငယ်လျှက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊ တစ်ငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘဝ၊ အနန္တတွင်၊ ဘဝမဆုံး၊ အများထုံးလည်း၊ အနှုံးမပျက် ၊ အောက်နရက်ဝယ်၊ တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်၊ နင်လိုလူမိုက် သွားလမ်းတည်း ။

နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန် သိဉာဏ်စူးစိုက် ဖြစ်ခိုက်ရုပ်နာမ် အမြင်မှန် ရှင်သန်နိုင်ကြပါစေသော်….

သရုပ်ဖော်ပုံအား ဤနေရာမှ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)