ကြံ့ဖွံ့၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကို ဝေဖန်သုံးသပ်ခြင်း အပိုင်း (၁) (U Myo (Law))

January 9, 2013

ကြံ့ဖွံ့၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကို ဝေဖန်သုံးသပ်ခြင်း အပိုင်း (၁)

ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၃

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွတ်တော် ဥပဒေ အမှတ် ၂၁)

(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂ရက်) ကို ဝေဖန် ဆန်းစစ် သုံးသပ်ချက်။   

အပိုင်း (၁)

                        ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁/၂၀၁၂ ဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ တွင် အခန်း ၂၀ ပါဝင်၍ ပုဒ်မပေါင်း ၅၇ ခုပါရှိပါသည်။ ယခင်ရှိခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၁၀/၁၉၈၈)ကို ယခု ဤဥပဒေ ဖြင့်ရုပ်သိမ်းလိုက်သည်။

            မြန်မာ နိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၅) တွင် ဖော်ပြထားသည်နှင့် အညီ လိုက်လျောအဆင်ပြေစေမည့် စီးပွားရေးဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းလာ သလောဟု ထင်မှတ်ဖွယ်ဖြစ်ရပါသည်။လိုက်လျောညီထွေ မဖြစ်သည့် န ၀ တ၊ န အ ဖ စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော  နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ (န ၀ တ ဥပဒေအမှတ်- ၉/၈၉) နှင့် တခြား တနွယ်ငင်တစင်ပါ အမျှင်တန်းလန်းဖြစ်နေသည့် ဥပဒေများကိုလည်း ရုပ်သိမ်းပစ်ရန် လိုအပ်ပါသည်။ပုဒ်မ (၃၅) နှင့် တဆက်တည်း ပုဒ်မ (၃၆) (ခ) တွင်” နိုင်ငံတော်သည်- စီးပွားရေးလုပ်ငန်းများတွင် တရား သဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်း ဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။” ဟု ဖော်ပြချက်နှင့် အညီ တရားဥပဒေစိုးမိုးရေးကို ဦးတည်၍ စီးပွားရေးဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခြင်း ဖြစ် မဖြစ်ကို ဆန်းစစ်သုံးသပ်ရပါမည်။

            အများပြည်သူတို့၏ အကျိုးစီးပွား ဆိုသည်မှာ အမျိုးသား အကျိုးစီးပွားကို ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံတိုင်း မိမိတိုင်းပြည်၏ အမျိုးသား အကျိုးစီးပွားကို တိုးတက်ဖွံ့ဖြိုးစေရန် လုပ်ဆောင်ကြရာတွင် ကိုယ်ကျိုးစီးပွားနှင့် အုပ်စုအကျိုးစီးပွားကို ရှေ့တန်းတင်မိပါလျှင် ငါးပါးမဟုတ် သင်္ဃာစဉ်ပါမှောက်တတ်ကြသည်ကို အထူးဂရုတစိုက် အလေးထားရန် လိုအပ်ပါသည်။အထူးသဖြင့် လက်ရှိ စစ်အုပ်စု ကြံ့ဖွံ့အစိုးရ၏ ကိုယ်ကျိုးစီးပွားနှင့် မည်ကဲ့သို့ ဆက်စပ်ချိပ်ကူးရန် ပြဋ္ဌာန်းထားခြင်း ဟုတ်မဟုတ် ဆွဲထုတ်ပြရန်လည်း လိုအပ်ပါသည်။ အမျိုးသား အကျိုးစီးပွားကို မည်သို့ကာကွယ်ပါမည်နည်း။

            ဤဥပဒေ အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက် ပုဒ်မ ၂(င) တွင်” နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား မဟုတ်သူကို ဆိုသည်။ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်း လည်းပါဝင်သည်။” ဟုဖော်ပြပါသည်။ ပုဒ်မ ၂(ဌ) တွင် ” ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော်၏ နယ်နိမိတ် အတွင်း ဤဥပဒေနှင့် အညီ ရင်းနှီးမြှုပ်နှံသူက ကြီးကြပ်ကွပ်ကဲသည့် ပိုင်ဆိုင်မှုပစ္စည်း အမျိုးမျိုးကို ဆိုသည်။ယင်းစကားရပ် တွင် အောက်ပါတို့လည်း ပါဝင်သည်-

(၁) ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အခြားပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့်များ၊

(၂) ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်)များ နှင့် ဒီဘင်ချာ ခေါ် ငွေချေး သက်သေခံ လက်မှတ်များ။

(၃) ငွေရေး ကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ် အဖြစ်ထားရှိသည့် ပဋိညာဉ် စာချုပ်အရ ငွေကြေးအခွင့်အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ၊

(၄) တည်ဆဲ ဥပဒေများနှင့် အညီ အသိညာဏ် ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊

(၅) သဘာဝ သယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း ဆိုင်ရာ အခွင့်အရေးများ အပါအ၀င် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် ပဋိညာဉ် စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။ -ဟုလည်းကောင်း၊

ပုဒ်မ ၂(ဍ) တွင် ” မြေငှားရမ်းခွင့် ရရှိသူ သို့မဟုတ် မြေအသုံးပြုခွင့် ရရှိသူ ဆိုသည်မှာ နိုင်ငံတော်က သတ်မှတ်ထားသည့် မြေငှားခ ကို နိုင်ငံတော်သို့ ပေးဆောင်၍ သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ မြေငှားရမ်းခွင့် ရရှိသူ သို့မဟုတ် မြေအသုံးပြုခွင့် ရရှိသူကို ဆိုသည်။” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။    

            စကားရပ်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင် တည်ဆဲ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၅၃ တွင် ပြဋ္ဌာန်းထားပါသည်။ ဤဥပဒေ အလို့ငှါ ယင်းစကားရပ်များတွင် – – – တို့လည်းပါဝင်သည် ဟု ထပ်ဖြည့် အချက်အလက်များဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခွင့်ကို တည်ဆဲ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေက ခွင့်ပြုမထားပါ။ ပုဒ်မ ၂(င) တွင် နိုင်ငံခြားသား ဆိုသော လူပုဂ္ဂိုလ် နှင့် နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်း ဆိုသော အဖွဲ့အစည်းကို တထပ်တည်းထား အဓိပ္ပါယ် ဖွင့်ဆို၍ မရပါ။ ဥပဒေ စကားရပ်ဖြစ်၍ တိကျရန်လိုပါသည်။ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၅ (က) (၁၂) တွင် နိုင်ငံခြားသား ဆိုသော စကားရပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုသည်၊ ဟု အတိအကျ ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့်  ပုဒ်မ ၂(င)ကို ပြင်ဆင်ပြဋ္ဌာန်းသင့်ပါသည်။     

            နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၌ ပုဒ်မ ၂ (ဌ) (၅) တွင် သဘာဝ သယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း ဆိုင်ရာ အခွင့်အရေးများ အပါအ၀င် သက်ဆိုင်ရာဥပဒေ သို့မဟုတ် ပဋိညာဉ် စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ လည်း ပါဝင်နေပါသဖြင့် ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းထားပြီးဖြစ်သည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ ဥပဒေ ၊ မြေယာဥပဒေ နှင့် မြေယာ နည်း ဥပဒေများနှင့် ကိုက်ညီမှု ရှိမရှိ ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းခြင်း ရှိမရှိ တိုက်ဆိုင် စစ်ဆေးသင့်ပါသည်။ လက်တလော  လယ်သမားများ၊ ပြည်သူများ တောင်းဆိုနေသော နိုင်ငံခြား ကုမ္ပဏီများအား ရပ်တန့်ပေးရန် တောင်းဆိုချက်များကို ပြည်ထောင်စုလွှတ်တော်မှ အလေးထားကာ ဆုံးဖြတ်ပြီး ဤပုဒ်မအား ပယ်ဖျက်ပေးသင့်ပါသည်။   

ပုဒ်မ ၂ (ဍ) တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် မြေငှါးရမ်းခ ပေးရုံမျှဖြင့် မြေအသုံးပြုခွင့် နှင့် အငှါးချထားခွင့်ကို နိုင်ငံခြားသား နှင့် နိုင်ငံခြားသား အဖွဲ့အစည်းများကို ပေးအပ်ထားသည်မှာ သင့်တော်မတော် ပြန်လည်စဉ်းစားသင့်ပါသည်။ အထူးသဖြင့် တောင်သူ လယ်သမားများ၏ ဘ၀အခြေအနေကို ငဲ့ကွက်သင့်ပါသည်။                                                                   

            ဤဥပဒေ အခန်း (၂) သက်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ။ ပုဒ်မ ၄ တွင်” အောက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည်-

            (က) နိုင်ငံတော် အတွင်း၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော လုပ်ငန်းများ၊

            (ခ) ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊

            (ဂ) သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ထိခိုက်ပျက်စီးစေ နိုင်သော လုပ်ငန်းများ၊

            (ဃ) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ၊

            (င) နိုင်ငံတကာ သဘောတူညီချက်များအရ ဘေးအန္တရာယ်ရှိသော ဓါတုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ သို့မဟုတ် အသုံးပြုသည့် လုပ်ငန်းများ၊  

-စသည်ဖြင့်( ဋ ) အထိ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ပြဋ္ဌာန်းချက်များအတိုင်း ဆက်စပ်နေသည့် အထူးဥပဒေများကို တဆက်တည်းပြဋ္ဌာန်းရန် လိုအပ်ပါသည်။ဥပမာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ ပြည်သူ့ ကျန်းမာရေး ဥပဒေ၊  အစားအသောက်နှင့် ဆေးဝါးဆိုင်ရာဥပဒေ စသည်ဖြင့် ဆက်စပ်နေသည့် အကြောင်းခြင်းရာဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းနိုင်မှ တော်ကာကျပါမည်။ သို့မဟုတ်ပါက ဆင်ဖိုးထက် ချွန်းဖိုးကြီးလာနိုင်ပါသည်။တိုင်းပြည်၏ ရေရှည် အမျှော်အမြင်ဖြင့် အနာဂတ်ကို ချီတက်သင့်ပါသည်။ ဥပဒေများ နှင့် စီမံကိန်းများ ချမှတ်ရာတွင် ကိုယ့်တိုင်းပြည်၏ လူမှုစီးပွားရေး နိုင်ငံရေး အခြေအနေ လူမှုဘ၀များ ပေါ်တွင်သာ အခြေခံ၍  စဉ်းစား ဆုံးဖြတ်သင့်ပါသည်။   

                        ဤအခန်း(၂) ပုဒ်မ ၄ တွင်-ကန့်သတ်ထား၊ တားမြစ်ထားသည့် လုပ်ငန်းများ ရှိပါသည်။ ဤတွင် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ ပါဝင်ပါသည်။ သဘာဝပတ်ဝန်းကျင် ကိုမေ့ထား၍ မရပါ။ သဘာဝတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်ရှိ၊မရှိ။ ဘယ်လောက် ရှိခဲ့တယ်ဆိုတာ တိုင်းတာဖို့ ပွင့်လင်းမြင်သာတဲ့ နည်းစနစ်တွေ ချမှတ်နိုင်ဖို့အရေးကြီး လာပါပြီ။  ဥပမာ EIA လို့ခေါ်တဲ့ ( Environmental Impact Assessment) သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေ လေ့လာ ဆန်းစစ် ချက်တွေ ကြိုတင်ချမှတ်ဖို့၊ အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့် ပူးပေါင်း လုပ်ဆောင်သွားဖို့ လိုလာပါပြီ။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ စံချိန်စံနှုန်းတွေ တိုင်းတာနိုင်မှုတွေကို စီးပွားရေး လုပ်ငန်း ရှင်များ တိုင်းတာနိုင်အောင် ထုတ်ပြန်ပေးရမှာဖြစ်သလို၊ သည့်အတွက်လည်း ပြန်လည်တာဝန်ယူမှု၊ ပြန်လည် လုပ်ဆောင် ပေးရမည့် စံချိန်များကိုလည်းး အသေးစိတ်ဖော်ပြပေးနိုင် မည်ဆိုလျှင် ဤဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းထားသည် နှင့် ပိုမိုကိုက်ညီ လာပါလိမ့်မည်။ ဥပမာ- အစက စပြောရလျှင် ၄င်းတို့အသုံးပြုခဲ့သည့် လမ်းများ၊အနီးအနား ကျောင်းများ၊တံတားများ စသည့်အများပိုင် မရွေ့ပြောင်းနိုင်သော ပစ္စည်းများကို ပြန်လည် ပြင်ဆင်ပေးခြင်း မြေယာများ၊ အညစ်အကြေးများကို နိုင်ငံ တကာ စံနှုန်းနှင့်ကိုက်ညီအောင် စွန့်ပစ်ပေးခြင်း၊ စသည် တို့ကို ဆောင်ရွက်နိုင်မည့် နည်းလမ်းများပါ ချမှတ် ပေးနိုင်ရမှာ ဖြစ်ပါသည်။

ဤဥပဒေ ပုဒ်မ ၄ (ဃ) မှာဖော်ပြထားသည့်  “ နိုင်ငံတော်အတွင်းသို့ ဘေး အန္တရယ်ရှိသော သို့ အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့်လုပ်ငန်းများ” ကို ပုဒ်မ (၅) အရသာ ခွင့်ပြုခဲ့မည်ဆိုလျှင် ကိုယ့်နိုင်ငံမှာ ရှိသည့် တချို့သော ဥပဒေတွေကို ထပ်ဖြည့်ပြင်ဆင်ရမှာဖြစ်သလို ဥပဒေသစ်များ ဥပမာ – ( စားသုံးသူများနှင့် ဆိုင်သော အခွင့်အရေးများ ဥပဒေ) စသည်တို့ကို ထပ်မံရေးဆွဲ ထုတ်ပြန်ပေးရပါမည်။ စက်ရုံအလုပ်ရုံ ဆောက်လုပ်မှု ဆိုင်ရာများ စည်းကမ်းသတ်မှတ်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာစမ်းသပ်ချက်များ ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးဥပဒေမှာလည်း ပြင်ဆင် ဖြည့်စွက်ခြင်း၊ နိုင်ငံခြား ဓာတု ဆေးဝါး ရာခိုင်နှုန်းများ ပါဝင်မှု စံချိန်တို့ ချမှတ်စစ်ဆေးခြင်း၊ မျိုးစိတ်များ လေ့လာ ဓါတ်ခွဲစမ်းသပ်ခြင်းများဖြင့် ပိုမိုထိရောက်စွာ ဆက်လက် ဖော်ဆောင်ရမှာဖြစ်ပ်ါသည်။

                           ပုဒ်မ ၅ တွင် “ ပုဒ်မ ၄ အရ ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသား အထူးသဖြင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးကျေးဇူး အလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ကိုရယူ၍ ခွင့်ပြုနိုင်သည်။” – ဟု ပြဋ္ဌာန်းချက်ပါအရ ဆိုလျှင် တိုင်းရင်းသားပြည်သူအများတို့၏ အကျိုးစီးပွားအတွက်ကြောင့် ဖြစ်သည့်အတွက် ၎င်းတို့၏ သဘောထားအမှန်ကို စစ်တမ်း ကောက်ယူခြင်း Participatory Discussion အတူပူးပေါင်းပါဝင် ဆွေးနွေးမှုများ ညိနှိုင်းမှုများဖြင့် ဆောင်ရွက်ပေးခြင်းဖြင့်လည်း ကောင်းမွန် ပွင့်လင်းသော ယုံကြည်မှုကို တိုင်းရင်းသားပြည်သူများ ထံမှ ရယူနိုင်ပါသည်။ အမျိုးသားအကျိုးစီးပွား၏ သဘောသဘာဝ နှင့် ကံကြမ္မာ ကို ပြည်သူ့ ကိုယ်စားလှယ်အားလုံးက စီရင်ဆုံးဖြတ်နိုင်ရပါမည်။

            ဤဥပဒေ အခန်း(၄) အခြေခံမူများ၊ ပုဒ်မ ၈ တွင် ” ရင်းနှီးမြှုပ်နှံမှုအား အောက်ပါမူများကို အခြေခံပြီး ခွင့်ပြုရမည်-

(က) အမျိုးသား စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက ရည်မှန်းချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများက မဆောင်ရွက်နိုင်သေးသော ငွေကြေး အင်အားနှင့် နည်းပညာ မပြည့်စုံသော လုပ်ငန်းများကို အထောက်အကူပြုရေး၊

(တ) နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ဘဏ်နှင့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊

(ဒ) နိုင်ငံတော်၏ စွမ်းအင်နှင့် သယံဇာတများကို ပြည်တွင်းသုံးစွဲမှု ရေတို၊ ရေရှည် ဖူလုံစေရေး။

– စသည်တို့ပြဋ္ဌာန်းပါရှိ ပါသည်။ ပြည်တွင်း စားသုံးမှု ကို ရေတိုရေရှည် စီမံကိန်းများရေးဆွဲပြီး အကောင်အထည် ဖော်သင့်ပါသည်။ နည်းပညာ မပြည့်စုံသော လုပ်ငန်းများကို အဓိက ထားရမည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများက မဆောင်ရွက်နိုင်သော ငွေကြေးအင်အားကို ရယူရာတွင် အထူးသတိထားရန် လိုအပ်ပါမည်။ နှောင်ကြိုးတန်းလန်းဖြင့် ချည်နှောင်ထားမည့် မလွတ်လပ်သည့် ဈေးကွက်စီးပွားရေးမျိုးမှ ရှောင်ရှားသင့်ပါသည်။ ဘဏ်လုပ်ငန်းများတွင် ဘဏ္ဍာ အရင်းရှင်ကြီးများ၏ လက်ဝါးကြီးအုပ် သွေးစုတ်အမြတ်ထုတ်မှုမှ လွတ်ကင်းရန် အထူးလိုအပ်မည် ဖြစ်ပါသည်။ ကောင်းမှု မြတ်နိုး ကောင်းအောင်ကျိုး၍ မိမိနိုင်ငံ၏ အမျိုးသား စီးပွားရေးကို ကောင်းမှုကိုယ်၌ တည်စေအပ်ပါသည်။

ဦးမျိုး (ဥပဒေ)

၂၂ – ၁၁ – ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်