ရေနစ်တဲ့ ငါး

January 11, 2013

မောင်စံ (သီတဂူ)
ဇန်န၀ါရီ ၁၁၊ ၂၀၁၃

ဒီနေ့ သံချောင်း ကျောင်းမသွား၊ သူငယ်ချင်းများနှင့် လယ်ထဲတွင်ပုစွန်လုံးသွားနှိုက်သည်။ ကျောင်းပြေးချင်၍တော့မဟုတ်၊ ဦးကြီးမြ အိမ်မှာ ရောက်နေတုန်း ဟင်းကောင်းကောင်းဖြင့် ထမင်း ကျွေးချင်သည်။

မနေ့က ထမင်းဝိုင်းမှာ အမေမျက်ရည်ဝဲနေတာ သံချောင်းသတိထားမိသည်။ ဆင်းရဲလွန်းလို့ ဧည့်သည်အစ်ကိုအရင်းကိုတောင် သားလေး ငါးလေး ဝယ်ချက်မကျွေးနိုင်သည့်အတွက် စိတ်မကောင်း ဖြစ်နေပုံရသည်။ ဒီနေ့တော့ အမေပြုံးနိုင်ပေတော့မည်။ အမေပျော်လျှင် သံချောင်းလည်းပျော်သည်။ အမေ့ကို သံချောင်းချစ်သည်လေ။

သံချောင်းသည် ကျောင်းလွယ်အိတ်ကို စလွယ်သိုင်းလျက် ပုဆိုးတိုတိုဝတ်ကာ ပုစွန်တွင်းများ ကို တစ်တွင်းပြီး တစ်တွင်းနှိုက်သည်။ တစ်ကိုယ်လုံးရွှံ့များပေကျံပြီး ပုစွန်လုံးညှပ်သဖြင့် လက်တွင် ဒဏ်ရာများလည်း ဗရပွဖြစ်နေသည်။ သို့သော် သံချောင်းပျော်သည်။ ရသမျှပုစွန်လုံးများကို တက်မ ချိုး၊ ဗိုက်မှာစိုက်ပြီး ခါးပုံစထဲ အကုန်စုထည့်သည်။ အချိန်ကြာလာသည်နှင့်အမျှ ခါးပုံစပြုတ်ကျမတတ် ပုစွန်လုံးတွေ များများရရှိသည်။

“ကဲ ပြန်ကြရအောင်ဟေ့”

“အေး ဟုတ်တယ်၊ ကျောင်းဆင်းသံချောင်းတောင် ခေါက်သွားပြီ”

သံချောင်းတို့ ကျောင်းပြေးတစ်စု အပြုံးကိုယ်စီဖြင့် အိမ်ပြန်ကြသည်။ ယနေ့ည ထမင်းဝိုင်း တွင် ပြုံးနေမည့်အမေ့မျက်နှာကို ပုံဖေါ်ရင်း သံချောင်းကျေနပ်နေမိသည်။ ဟော အိမ်ရောက်ပြီ။

“ဟင် အမေ”!

ခြံပေါက်ဝတွင် ဒုတ်တစ်ချောင်းဖြင့် စောင့်ကြိုနေသည့်အမေ့ကိုကြည့်ပြီး သံချောင်းအံ့သြသွား သည်။

“လာခဲ့ ခွေးကောင်လေး၊ ကျောင်းမသွားဘဲ ဘယ် သဝေထိုးနေတာလဲ”

“ဟို… ဟို…”

ပြုံးနေမည့်အမေ့မျက်နှာကို မြင်ရရန်မျှော်လင့်ထားခဲ့သော သံချောင်း အမေ့လက်ထဲမှဒုတ်ကို မြင်ပြီး စကားတွေအယောင်ယောင်အမှားမှား၊ ဘယ်က စပြောရမည်မသိခင်…။

“လာစမ်း ကဲဟယ် … ကျောင်းပြေးဦး…”

“ဖုန်း … ဖုန်း..”

“လူကြီးက ပညာတတ်စေချင်လို့ အပင်ပန်းခံပြီးကျောင်းထားတယ်၊ ကျောင်းမသွားဘူး။ ဒီလောက်တောင် ဗွက်ထဲဆင်းချင်ရင်လည်း အဲဒီထဲမှာပဲ တစ်သက်လုံးနေ အိမ်ပြန်မလာနဲ့”

“မဟုတ်ဘူး အမေ”

“နင် ငါ့ကို ပြန်မပြောနဲ့၊ ထပ်လုပ်လိုက်ရမလား။ သံချောင်း နင်ကြပ်ကြပ်သတိထားနော်၊ အိမ်မှာ နင်ဂြိုဟ်အမွှေဆုံးပဲ၊ နင့်ကြောင့် ငါစိတ်ညစ်ရပေါင်းများပြီ”

“ဗျာ…”

သံချောင်း အတော်စိတ်မကောင်းခြင်းကြီးစွာဖြင့် အမေ့မျက်နှာကို မော့ကြည့်လိုက်သည်။

သြော်… အမေရယ်.. ကျွန်တော့်ကြောင့် အမေစိတ်ညစ်ရပေါင်း များနေပြီလား၊ ကျွန်တော်က ဒီအိမ်မှာ တကယ်ပဲဂြိုဟ်ကောင် တစ်ယောက် လား၊ သံချောင်းအမေ့အတွက် အတော်စိတ်မကောင်း ဖြစ်မိသည်။ အမေ ဒုတ်ဖြင့်ရိုက်တာ မနာပါ။ သို့သော် အမေ့စကားတွေကြောင့် သံချောင်းရင်ထဲမှာ တော်တော်ထိခိုက် နာကျင်သွားသည်။

ခါးပုံစအတွင်း ပုစွန်လုံးများကို အိမ်ဘေးရှိမြောင်းထဲသွန်ချရင်း မိမိကြောင့်သေဆုံးခဲ့ရသော ပုစွန်လုံးများကိုလည်း သနားနေမိသည်။

“ငါဟာ အိမ်မှာ တကယ်ပဲ ဂြိုဟ်ကောင်လား၊ ငါ့ကြောင့် အမေသိပ်စိတ်ဆင်းရဲနေရလား၊ ငါ အမေ့ကို အရမ်းချစ်တယ်ဆိုတာ အမေမ သိဘူးလား၊ အစ်မကျတော့လည်း အကြီးဆုံးမို့လို့ချစ်တယ်၊ ညီလေးကျတော့လည်း အငယ်ဆုံးမို့လို့ အလိုလိုက်တယ်၊ ငါ့ကျတော့ အလတ်ကောင်တဲ့၊ ဆိုးလိုက် တဲ့ကံ”

အစ်မနှင့်ညီလေးကို အမေချစ်လို့ သံချောင်းမနာလိုမဖြစ်၊ ဖြစ်ချင်တာက သံချောင်းကိုလည်း ချစ်စေချင်သည်။ သံချောင်းကလည်း အားလုံးကိုချစ်သည်။ အစ အနောက်လည်းသန်သည်။ သံချောင်း စနောက်သည်ကို မခံနိုင်၍ အမေနှင့်တိုင်သဖြင့် အရိုက်ခံရပေါင်းလည်း မနည်းတော့ပြီ။ အစ်မ ဘုရားပန်းအိုးလဲနေစဉ် ကလိဝင်ထိုးလို့ ပန်းအိုးကျကွဲတုန်းကလည်း အရိုက်ခံရသည်။ အငယ် ကောင်စား နေသည့် ပြောင်းဖူးကို ယူပြီးဖွက်ထားတုန်းကလည်း အရိုက်ခံရသည်။ ဦးရှမ်းကြီး ကျွဲရေချ တာလိုက်သွားရင်း ချောင်းထဲမှာ ရေဆင်းကူးတုန်းကလည်း အရိုက်ခံရသည်။ အရီးညွန့်ခြံထဲ သရက်သီးတက်ခူးရင်း အပင်ပေါ်ကပြုတ်ကျတာ သိသွားတုန်းကလည်း အရိုက်ခံရသည်။ အဲဒီတုန်းက မှ မိအေးနှစ်ခါနာ ဖြစ်သည်။

အရိုက်ခံရဖန်များလာတော့ အမေသံချောင်းကို မချစ်ဟု ယူဆလာသည်။ ဒီလိုအချိန်မျိုးတွင် သံချောင်းကိုချစ်သော အဖေ့ကို တမ်းတ မိသည်။ သို့သော် အဖေသည် သံချောင်းဆီ အဘယ်နည်းနှင့် မျှ ပြန်မလာနိုင်တော့၊ အဖေဆုံးတာ သုံးနှစ်ရှိပေပြီ။

“ဟဲ့ ကောင်လေး၊ ခုထိအိမ်ပေါ်မတက်သေးဘူးလား၊ ရေစိုထဲမှာ အအေးမိပြီးဖျားရင် ဘယ်လို လုပ်မလဲ၊ ကဲဟယ် .. ကဲဟယ်..”

“ဖြန်း … ဖြန်း…”

အိမ်ဘေးရှိမြောင်းထဲ ပုစွန်လုံးများသွန်ချရင်း အတွေးထဲလွင့်မျောနေတုန်း အမေရောက်လာပြီး ထပ်တီးလိုက်မှ သတိပြန်ဝင်လာသည်။ သံချောင်းအမေ့ကို မော့ကြည့်သည်။ မော့ကြည့်တော့ မခန့် လေးစားလုပ်သည်ထင်ပြီး ထပ်ရိုက်သည်။ ရိုက်သည်၊ ရိုက်သည်၊ လက်ထဲမှ ဝါးခြမ်းပြား ကျိုးကျေ စုတ်ဖွာသွားသည်အထိ ရိုက်သည်။ အမေ သိပ်ဒေါသ ထွက်နေသည်။

သံချောင်းတစ်ချက်မှမတွန့်ပါ၊ ငိုလည်းမငိုပါ၊ သံချောင်းအမေ့ကိုကြည့်တာ မလေးစားလို့ မဟုတ်၊ သနားလို့ဖြစ်ပါသည်။ သံချောင်းအတွက် အမေ သိပ်ပင်ပန်းလွန်းနေပြီလေ။
*********

ညစာ စားဝိုင်းတွင် သံချောင်းကိုမတွေ့။ အမေ အိမ်ခန်းထဲ သွားရှာသည်။ အိမ်အောက်တွင်ရှာ သည်။ အိမ်နောက်တွင်ရှာသည်၊ မတွေ့။ အိမ်မှာစိတ်ကောက်လျှင် အဘိုးဘုန်းကြီးကျောင်းတွင် သွား နေလေ့ရှိသဖြင့် ကျောင်းကိုလိုက်သွားသည်၊ မတွေ့။ အမေ စိတ်ပူစ ပြုလာပြီ။

“ညကြီး မှောင်မှောင် ဒီကလေး ဘယ်များသွားပါလိမ့်”

ရင်ထဲတထိတ်ထိတ်ဖြစ်လာသည်။ နီးစပ်ရာ သံချောင်းသူငယ်ချင်းအိမ်များကိုလည်း လျှောက် ကြည့်သည်။ ရေတွင်းရေကန်တွေထဲ ဓာတ်မီးများဖြင့်ထိုးကြည့်သည်၊ ဘာအရိပ်အယောင်မျှမတွေ့။ လှေဆိပ် မြစ်ဆိပ်တို့တွင် ဦးကြီးမြသွားစုံစမ်းသည်၊ ဘာသဲလွန်စမျှမရ။ ညဉ့်အတော်နက်လာပြီ။ စားအံ့ဆဲဆဲ ထမင်းပွဲသည်လည်း သည်အတိုင်းပင်။ ဘယ်လိုမှရှာမရသဖြင့် အမေအိမ်ပြန်လာပြီး အစ်မနှင့် ညီလေးကိုဖက်ကာ ချုံးပွဲချ ငိုပါလေတော့သည်။

“သားလေးရေ.. မင်းဘယ်ကိုသွားနေလဲ၊ အမေ့ဆီ ပြန်လာပါ လူလေးရယ်…၊ မင်းကိုရိုက်တာ အမေမချစ်လို့ မဟုတ်ပါဘူး၊ သိပ်ချစ် လွန်းလို့ပါ။ သားလေးတစ်ခုခုဖြစ်မှာ စိုးရိမ်လွန်းလို့ပါ ကလေးရယ်…”

အမေ ညနေက သံချောင်းကို စိတ်လိုက်မာန်ပါ ရိုက်လိုက်မိပြီးကတည်းက စိတ်မကောင်း ဖြစ်နေခဲ့သည်။ ခုတော့ ပိုပြီးယူကျုံးမရ ခံစား လာရပြီ။

“သားလေး အမေ့ကို မုန်းသွားပြီလားကွယ်…၊ အမေ မင်းကိုသိပ်ချစ်တယ်၊ အမေ့ကို ခွဲမသွားပါ နဲ့လူလေးရယ်..”

သံချောင်းကို အမေတကယ်ချစ်ပါသည်။ ငယ်ငယ်ကတည်းက ချူချာလွန်းသဖြင့် သေမင်းထံမှ အတင်းအကြပ်ပြန်လုယူထားရသောအကြိမ်းပေါင်းလည်းမနည်း။ တစ်ခါတုန်းကဆိုလျှင် သံချောင်းကို ပြုစုရင်း အအိပ်ပျက် အစားပျက် ရက်တွေများလာသဖြင့် အမေကိုယ်တိုင် သတိလစ်မေ့မျောသွားခဲ့ဘူး သည်။ ဤသည်ကို သံချောင်းမသိ။

သံချောင်း နို့စို့အရွယ်က အဖေရယ် အမေရယ် အစ်မရယ် သံချောင်းရယ် မြစ်တစ်ဘက်ကမ်း မှရွာတွင်နေသော အဘိုးအဖွားတို့ကို သွားကန်တော့ပြီးအပြန် သံချောင်းကိုချီလျက် လှေဘောင်တွင် ထိုင်နေသောအဖေ ရုတ်တရက် လှေအစောင်းမှာ ဟန်ချက်ပျက်ပြီး သား အဖနှစ်ယောက်စလုံး မြစ်ထဲ ပြုတ်ကျသွားခဲ့သည်။ လှေပေါ်မှခရီးသည်အားလုံး ထိတ်လန့်အော်ဟစ်နေစဉ်အတွင်းမှာပဲ အမေ ရေထဲခုန် ချပြီး သံချောင်းကို လိုက်ဆယ်ဘို့ကြိုးစားသည်။

သို့သော် ရေမကူးတတ်သဖြင့် ရေထဲတွင်ယက်ကန်ယက်ကန်လှုပ်ရှားရင်း အမေပါနစ်မြုပ် သွားခဲ့သည်။ လှေထိုးသားများ ဝိုင်းဝန်း ဆယ်ယူသဖြင့် အမေကုန်းပေါ်ပြန်ရောက်လာကာ ရေများအန် ထုတ်ပြီး သတိရသည်နှင့်တပြိုင်နက် သံချောင်းကိုမေးသည်။ အမေ ရင်တွေပူလောင်နေသည်။ အဖေ့ အတွက်တော့ပူစရာမလို၊ အဖေက ကျွမ်းကျင်ရေလုပ်သား။ အစ်မကတော့ အမေ့ကိုဖက်ပြီး တအီးအီး ငိုနေသည်။ ထိုစဉ်အတွင်းမှာပဲ သံချောင်းကိုပွေ့ယူပြီး အဖေကမ်းပေါ်တက်လာသည်။

အဲဒီကတည်းက အမေ သံချောင်းကိုပိုပြီး ဂရုစိုက်လာသည်။ မျက်စိအောက်မှအပျောက်မခံ။ တစ်ခါတစ်ခါစိတ်ကောက်ပြီး အဘိုးဘုန်းကြီးနှင့်သွားနေသည့်အခါ အိမ်မှာအမေ မနေတတ်။ ပြန်လိုက် ခေါ်သည်။ သူငယ်ချင်းများနှင့်ထင်ရာသွား၊ ပျော်သလိုနေသည်ကို အလိုလိုက်ချင်ပေမင့် စိတ်ဓာတ် ပျက်စီးသွားမည်စိုး၍ တစ်ခါတစ်ခါ ရိုက်ပြီးဆုံးမရသည်။ သံချောင်းကိုရိုက်ပြီးတိုင်း အိမ်ခန်းထဲမှာ အမေသွားငိုသည်။ ဒီနေ့ညနေကလည်း အမေ အကြီးအကျယ်ငိုခဲ့ပြီးပြီ၊ အခုလည်း ငိုနေရဆဲပါပဲ။

“အမေ.. အမေ…”

“ဟင်! ဦးကြီးမြရေ လာပါဦး၊ ဒီမှာ အမေ့ကို ခေါ်လို့မရတော့ဘူး”

အစ်မသည် ငိုယိုပြီး ဦးကြီးမြကိုလှမ်းခေါ်သည်။ ဦးကြီးမြလာကြည့်တော့ သံချောင်းအိပ်ယာ ဘေးတွင် ထိုင်လျှက်သတိလစ် မေ့မျောနေသောအမေ့ကို တွေ့ရသည်။
********

သံချောင်း အိမ်မှထွက်ပြေးလာခဲ့သည်။ သံချောင်းကြောင့် အမေစိတ်ညစ်ရပေါင်းများပြီ… တဲ့။ အမေ့ကို ဆက်ပြီးဒုက္ခမပေးချင်တော့၊ အမေ့မေတ္တာကို မခံစားရတဲ့ သားတစ်ယောက်အဖြစ်နဲ့လည်း ဒီ လောကကြီးထဲမှာ မနေလိုတော့၊ သံချောင်း တစ်လမ်းလုံးငိုပြီး တစ်ည လုံးလျှောက်လာခဲ့သည်။ တစ်ရွာပြီးတစ်ရွာ၊ တစ်နယ်ပြီးတစ်နယ် ဖြတ်သန်းလာခဲ့ရာ မိမိကိုယ်ကို ဘယ်နေရာရောက်နေမှန်းပင် မသိတော့။

ညဉ့်နက်အားကြီးချိန် တစ်နေရာအရောက် ကြယ်ရောင်မှုန်ပျပျအောက်မှ အမှောင်ထုထဲတွင် သင်္ချိုင်းဂူတချို့ကို သွားတွေ့သည်။ ခပ်လှမ်းလှမ်းတွင် ဇရပ်အိုတစ်ခုရှိပြီး ပတ်ဝန်းကျင်တွင် ဧရာမ ကုက္ကိုပင်ကြီးများဖြင့် အုံ့ဆိုင်းညို့မှိုင်းနေသည်။ ညှီစို့စို့အနံ့တမျိုး လည်းရသည်။ သံချောင်း အုတ်ဂူ များအကြား ဝင်ရောက်သွားချိန် ရုတ်တရက်ထပျံပြေးကြသော လင်းနို့များ၊ တောခွေးများ၏လှုပ်ရှားမှု မှတပါး အားလုံးငြိမ်သက်နေသည်။ သံချောင်း ဘေးဘီဝဲယာကိုဝေ့ဝိုက်ကြည့်ရင်း သုဿာန်စောင့်သရဲ ကြီးကိုရှာနေသည်။ ချွတ်ချွတ် သံကြားလို့ နောက်လှည့်ကြည့်တော့လည်း မတွေ့၊ ခြုံပုတ်ထဲမှ ကြွက် တိုးသံပဲဖြစ်မည်။

“ဟော တွေ့ပြီ”

အုပ်ဆိုင်းနေသည့် ကုက္ကိုပင်ကြီး၏ကိုင်းဖျားတွင် ငြိမ့်တောင့်ငြိမ့်တောင့်လှုပ်နေသည်။ သံချောင်း ကုက္ကိုပင်ရင်းသို့ တရွေ့ရွေ့တိုးသွားရင်း ပင်ခြေအရောက်တွင် ဝေါကနဲ ငှက်တစ်အုပ် ထပျံသဖြင့် ကုက္ကိုကိုင်းများ လှုပ်ရမ်းကုန်ကြသည်။

“သရဲကြီးရယ် ကျွန်တော့်ကိုစားပါ၊ အမေ့ကို စိတ်ညစ်အောင် လုပ်မိတဲ့သား၊ ကျွန်တော့်ကြောင့် အမေဘယ်တော့မှ စိတ်မညစ်ရအောင် လုပ်ပေးပါ၊ အမေချစ်တာကိုမှ မခံရတဲ့သား ကျွန်တော့်ကို မထားပါနဲ့၊ အစိမ်းလိုက်ကိုက်စားပစ်ပါ၊ ကိုက်စားပစ်ပါ… ကျွန်တော်ဂြိုဟ်ကောင်ပါ သရဲကြီးရယ်… အီး… အီး…..”

သံချောင်း ကုက္ကိုပင်ရင်းတွင် ခေါင်းစိုက်ပြီး သရဲကြီးကိုတိုင်တည်ကာ ငိုယိုနေသည်။ သရဲစား လို့သေသွားလျှင် အရာရာအဆင်ပြေသွားလိမ့်မည်ဟု သံချောင်းထင်နေသည်။ သို့သော် သရဲမစားခင် အမေ့ကိုတော့ ဝအောင်မြင်သွားချင်သေးသည်။ ထရံကြားမှ ဖြုတ်ယူလာခဲ့သော အမေ့ဓာတ်ပုံ လေးကို ထုတ်ကြည့်သည်။ အမှောင်ထု အားကြီးနေသဖြင့် ရေးရေးမျှမမြင်။ မျက်ရည်စက်များ အမေ့ဓာတ်ပုံပေါ် တပေါက်ပေါက်ကျသည်။ ခဏအကြာ အမေ့ဓာတ်ပုံကို ရင်တွင်အပ်ကာ ကုက္ကိုပင် ခြေရင်းတွင် လှဲအိပ်လိုက်သည်၊ အမေ့ကိုဖက်ထားရင်း သရဲစားခံတော့မည်။

“ကျွန်တော့်ကိုစားပါ သရဲကြီးရယ်…..”
*******

သံချောင်း ကိုယ်ရော စိတ်ပါပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရာမှ တစုံတဦးက ပုခုံး ကို ကိုင်လှုပ်နှိုးနေသလိုခံစားရသဖြင့် မျက်လုံး ဖွင့်ကြည့်လိုက်သည်။

“ဟင်..!”

မိန်းမကြီးတစ်ဦးက သံချောင်းကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။

“အိုး… မိုးစင်စင်လင်းနေပြီ၊ ညက သရဲကြီးသံချောင်းကိုမစား။ ဒါဖြင့်သူကဘယ်သူလဲ၊ သရဲမ ကြီးလား၊ မဖြစ်နိုင်၊ အဝတ်အစားမှာ ခပ်နွမ်း နွမ်းဖြစ်သော်လည်း အရမ်းကြီးညစ်ပတ် စုတ်ပြဲမနေ၊ အသားအရည် စိုပြေပြီး မျက်နှာမှာကြည်လင်နေသည်၊ စိတ်မနှံ့ရှာသည့် အရူးမကြီး တယောက်သာ ဖြစ်မည်။”

“သားလေး… ငါ့သားလေး အမေ့ဆီ ပြန်လာတယ်နော်”

အရူးမကြီးသည် မျက်ရည်များကျကာ ဝမ်းသာအားရ ဖက်မည်အပြု သံချောင်းအနည်းငယ် နောက်တွန့်သွားသည်။

“သားရယ် … အမေ့ကို မမှတ်မိတော့ဘူးလား၊ မင်းအမေလေ…၊ သူတို့က မင်းကိုသေပြီဆိုပြီး ဒီမှာလာမြှုပ်ကြတာ၊ အမေလက်မခံနိုင်ဘူး၊ မင်းမသေဘူး…၊ ငါ့သားလေး မသေရပါဘူး။ တနေ့ အမေ့ ဆီပြန်လာမှာပဲဆိုပြီး နေ့တိုင်း ဒီကလာစောင့်နေတာပါကွယ်…၊ အမေဟာ မင်းရဲ့ အမေအစစ်ပါ သားလေးရယ်…။”

အရူးမကြီးသည် သူပြောချင်သည်များကို တရစပ်ပြောပြီး တရှုံ့ရှုံ့ငိုနေသည်။ သံချောင်း အရူးမ ကြီးကိုတလှည့် အမေ့ဓာတ်ပုံကိုတ လှည့်ကြည့်ပြီး သနားလာသည်။ သံချောင်းကို “သား….” လို့ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်သည့်အတွက် ရင်ထဲမှာ အမျိုးအမည်မသိသော ကြည်နူးအေးမြမှုကိုလည်း ခံစားရသည်။ အရူးမကြီး၏မျက်နှာတွင် မိခင်တို့၏မေတ္တာ၊ ကြင်နာမှု အရိပ်အငွေ့များကို တွေ့မြင်နေ ရသည်။

သံချောင်းအမေ့ကို သတိရသည်။ အမေ့ရင်ခွင်တွင် ခေါင်းအပ်ပြီး “အမေ….”လို့ အားရပါးရ အကျယ်ကြီးခေါ်လိုက်ချင်သည်။ အမေ့ဓာတ်ပုံလေးကို ကြည့်သည်။ ပြီး အရူးမကြီးကိုကြည့်သည် အမေ့ရုပ်သွင်ကို မြင်လာသည်။

“အမေ…”

“ဟင် ! သား…”

အရူးမကြီးသည် ဝမ်းသာအားရ သံချောင်းကိုဖက်လိုက်သည်။ သူမရင်ခွင်ထဲတွင် သံချောင်း ကြည်နူးစွာ မျက်ရည်ကျနေသည်။

အရူးမကြီးတွင် ရှားရှားပါးပါး သားလေးတစ်ယောက်ရှိခဲ့ဘူးသည်။ သံချောင်းအရွယ် ရှင်ပြုမည့် ဆဲဆဲတွင် ရုတ်တရက်သေဆုံးခဲ့သဖြင့် သားဇောကပ်ကာ စိတ်နောက်သွားခဲ့ခြင်းဖြစ်သည်။ သားကို မြှုပ်နှံရာဤသင်္ချိုင်းသို့ နေ့စဉ်လာ၍ သားလေးပြန်လည်နိုးထလာမည့်နေ့ကို စောင့်နေရှာသည်။ တရွာလုံး တနယ်လုံးက သူမကိုသနားကြသည်။ အမျိုးမျိုးဖြောင့်ဖျသော်လည်းမရ၊ မနက်မိုးလင်းသည် နှင့်တပြိုင်နက် သင်္ချိုင်းသို့ရောက်လာသည်၊ ယနေ့တော့ သူမဆန္ဒပြည့်ပြီ။

သူမ၏နာမည်အရင်းမှာ ဒေါ်မြဟန်ဖြစ်သည်၊ သို့သော်တရွာလုံးက လေးလေးစားစား သူမကို အမေဟန်ဟုခေါ်ကြသည်။ အမေဟန်သည် သားအတွက် နေ့စဉ်ယူလာနေကျဖြစ်သော စားစရာများ ကို သံချောင်းအားချကျွေးသည်။ တရွာလုံးကပေးကြသဖြင့် အမေဟန်တွင် စားစရာပေါသည်။

“သားလေး ရော့ စားလိုက်ဦး၊ မင်း သိပ်ဆာနေမှာပေါ့”

ကြွပ်ကြွပ်အိတ် ခပ်နွမ်းနွမ်းဖြင့် ထည့်ယူလာသော ဘီစကွတ်မုန့်အကျိုးအကြေများ၊ ကန်စွန်းဥ ပြုတ်များနှင့် ငှက်ပျောသီးများကို သံချောင်းရှေ့ချပေးသည်။ သံချောင်း အမေဟန်ကို မော့ကြည့်လိုက် သည်။

“စားလေ… သားလေး၊ ကန်စွန်းဥပြုတ်ကို မင်းသိပ်ကြိုက်တယ် မဟုတ်လား”

“ဗျာ… !”

ဟုတ်သည် သိပ်ကြိုက်သည်၊ သံချောင်း ကြိုက်တတ်မှန်းသိလို့ပဲ အမေမကြာမကြာ ပြုတ် ကျွေးသည်။ ကန်စွန်းဥပြုတ်မြင်ပြီး အမေ့ကို သတိရပြန်သည်။ သတိရတိုင်းလည်း မျက်ရည်ကျရသည်။

“ဟင်… သားလေး ငိုနေတယ်၊ ဒါမကြိုက်လို့လား၊ ကြိုက်တာပြောလေ အမေဝယ်ကျွေးမယ်”

“ဟင်အင်း မဟုတ်ပါဘူး၊ ကျွန်တော် ကြိုက်ပါတယ်”

သံချောင်းကြိုက်ပါသည်။ ကြိုက်လွန်းလို့ အိမ်မှာကန်စွန်းဥပြုတ်လျှင် မိမိရသည့်ဝေစုအပြင် အမေ့လက်ထဲမှပင် လုယူလိုက်သေးသည်။ အစားအသောက်နှင့်ပတ်သက်လျှင် အမေဘာမှမပြော၊ ပြန်ပေးလျှင်လည်းမယူ “ငါ့သားပဲ စားလိုက်တော့”ဟု အမြဲပြောတတ်သည်။

“သြော်… အမေရယ်…”

သံချောင်း ကန်စွန်းဥ တစ်လုံးယူပြီး အမေဟန်ကိုပေးသည်။

“ရော့ အမေ အရင်စားပါ”

“စားပါ သားလေးရယ်၊ မင်းမျက်နှာမြင်နေရရင် အမေဘာမှ မလိုအပ်တော့ပါဘူး”

သား၏ “အမေ” ခေါ်သံ မကြားရတာကြာပြီဖြစ်သော အမေဟန်သည် သံချောင်းခေါ်လိုက် သော “အမေ”ဆိုသည့်အသံတွင် နစ်ဝင်ကြည်နူး နေလေသည်။ သံချောင်းကိုတွေ့ပြီးနောက် စိတ်တွေ တဖြည်းဖြည်းအနယ်ထိုင်လာသည်။ လှုပ်ရှားမှုများ တည်ငြိမ်သိမ်မွေ့လာသည်။ သူရူးဟူ၍ပင် မဆိုနိုင်၊ ပကတိ ပီဘိ မိခင်တစ်ယောက်ပမာ။

သံချောင်း ညကတည်းက ဘာမှမစားရသေး၊ ဗိုက်ဆာဆာနှင့် ကန်စွန်းဥပြုတ်များ တစ်ခုပြီး တစ်ခုပလုပ်ပလောင်းစားနေသည်။ အမေဟန်ကြည့်ရင်း ပီတိဖြစ်နေသည်။ သံချောင်းစားရင်း ရေ သောက်ချင်သည့်ဟန် ဟိုဟိုသည်သည်ကြည့်သည်။

“ဟင် သားလေး ရေသောက်ချင်နေတယ်နော်၊ ဟုတ်သားပဲ”

အမေဟန်မှာ ရေဗူးမပါ၊ ယူခဲ့ဘို့လည်းစိတ်ကူးမရှိ။ မိမိရေဆာတိုင်း ဇရပ်ဘေးကမြောင်းထဲ ဆင်းပြီးငုံ့သောက်လိုက်သည်ချည့်။ ယခုတော့ အသိစိတ် အနည်းငယ်ပြန်ဝင်လာပြီဖြစ်၍ ထိုမြောင်း ထဲမှရေကို မသောက်သင့်မှန်းသိလာပြီ၊ သားကိုလည်း ထိုရေကိုယူ၍ မတိုက်ချင်၊ သားလေး ရောဂါရသွားလျှင် မခက်ပါလား။

“ကဲ သားရေ၊ ခဏလောက် သည်းခံလိုက်ဦး၊ အိမ်ပြန်ကြရအောင် ဟိုကျမှသောက်တော့၊ အမေလည်း အိမ်ကျမှ ရေမိုးချိုးရဦးမယ်”
*******

အမေဟန်၏အိမ်ကလေးတွင် လူများစုဝေးရောက်ရှိလာကြသည်။ တဆင့်စကား တဆင့်နား ဖြင့် အမေဟန် အရူးပျောက်သွားပြီဟုဆိုသည်ကို ဝမ်းသာအားရ လာရောက်ကြည့်ရှုအားပေးကြခြင်း ဖြစ်သည်။ အချိုက စားစရာသောက်စရာများ အဝတ်အထည်များ ယူလာပေးကြသည်။

သန့်သန့်ရှင်းရှင်း ဖီလိမ်းပြင်ဆင်လိုက်တော့လည်း အမေဟန်သည် တကယ့်ကျောင်းအမကြီး အသွင်၊ မြင်ရသူတိုင်းရဲ့ရင်မှာ ဝမ်းသာလွန်းလို့ မျက်ရည်များပင် စို့ကြရသည်။ လူတိုင်းက သံချောင်း ကို ကျေးဇူးတင်နေကြသည်။ အမေဟန်သည် ရုတ်တရက် အိမ်ထဲဝင်သွားပြီး အနှစ်နှစ် အလလက သိမ်းထားသော သင်္ကန်းပရိက္ခယာအစုံကို ထုတ်ယူလာသဖြင့် လူအများအံ့သြကုန်ကြသည်။ ဤ ပရိက္ခယာသည် သားလေးမသေခင်က ရှင်ပြုဘို့ဝယ်ထားသော ပရိက္ခယာဖြစ်သည်။

“သားရေ… ဟောဒါ မင်းအတွက် အမေဝယ်ထားတာလေ၊ မင်း ကိုရင်ဝတ်ချင်တယ်ဆို၊ လာ ဘုန်းကြီးကျောင်း သွားကြရအောင်နော်”

သံချောင်း ပရိက္ခယာကိုတစ်လှည့် အမေဟန်ကိုတစ်လှည့်ကြည့်သည်။ ဟုတ်သည် သံချောင်း ကိုရင်ဝတ်ချင်သည်ဟု အမေ့ကိုပြောဘူးသည်။ သို့သော် ပရိက္ခယာမဝယ်နိုင်သေးသည်ကတကြောင်း အငယ်ကောင်ကို အရွယ်ရောက်အောင် စောင့်ချင်သေးသည်ကတကြောင်းကြောင့် ကိုရင်ဖြစ်ခွင့်မရ သေးပေ။ ခုတော့ သည်အမေက သံချောင်းကို ကိုရင်ဝတ်ပေးတော့မည်…တဲ့၊ အို… ဝမ်းသာလိုက် သည့်ဖြစ်ခြင်း၊ သံချောင်း အမေဟန်ကို ဖက်၍ငိုလိုက်သည်။ အမေဟန်လည်း ငိုသည်၊ လာရောက် ကြည့်ရှုနေကြသူတွေအားလုံးလည်း ငိုကုန်ကြသည်။ ဝမ်းသား၍ ကျသော မျက်ရည်များပင်။
*********

သံချောင်း အိမ်ကထွက်လာသည်မှာ တစ်ပတ်ခန့်ကြာသွားပြီ။ အမေဟန်ကိုလည်း အမေရင်း ကဲ့သို့ သံယောဇဉ်ဖြစ်နေသည်။ ရွာသူရွာသားများကလည်း အမေဟန်နှင့်ပတ်သက်ပြီး သံချောင်းကို သံယောဇဉ်ဖြစ်နေကြပြီ။ သံချောင်းအတွက် အားလုံးအဆင်ပြေပါသည်။ သို့သော် ကျန်ရစ်ခဲ့သည့် အမေ့ကိုတော့ တစ်စက္ကန့်လေးမျှမမေ့၊ ညအိပ်ယာဝင်တိုင်း အမေ့ကိုရည်မှန်းပြီး သံချောင်းရှိခိုးသည်။ အမေစိတ်ညစ်အောင် လုပ်ခဲ့မိသမျှအတွက်လည်း သံချောင်းနောင်တရနေသည်။ ခုလို မပြောမဆို အိမ်ကထွက်လာခဲ့သည့်အတွက်ရော အမေစိတ်ဆိုးနေဦးမည်လား၊ တွေးမိတိုင်း သံချောင်း စိတ် မကောင်းဖြစ်ရသည်။

“ကဲကဲ (၉) နာရီထိုးတာနဲ့ မဏ္ဍပ်က စထွက်ကြမယ်။ အိုးစည် ဒိုးပတ်အဖွဲ့သားများ ကွမ်း တောင်ကိုင် ပန်းတောင်ကိုင် လှပျိုဖြူများ အားလုံးအားလုံး အသီးသီးနေရာယူထားကြပါ။”

ရွာလူကြီး၏ ဆော်သြသံကြားမှ သံချောင်းအတွေးသံသရာမှ ပြန်နိုးထလာသည်။ သံချောင်းကို ဒီနေ့ ရှင်လောင်းလှည့်ကြမည်။ အမေဟန်သည် သံချောင်းရောက်စကတည်းကပင် သင်္ကန်းဝတ်ပေး ချင်သော်လည်း ရွာသူရွားသားများ၏တောင်းဆိုမှုအရ ကုသိုလ်ပါဝင်ပြုလုပ်ချင်သည်ဟုဆိုကြသဖြင့် ရက်သတ္တ တစ်ပတ်ရွှေ့ဆိုင်းခဲ့သည်။

တစ်ရွာလုံး၏ဝိုင်းဝန်းကူညီမှုဖြင့် အမေဟန့်အိမ်တွင် အလှူပွဲကြီး စည်ကားသိုက်မြိုက်နေပေ သည်။ ရပ်ရွာလူကြီးများက မဏ္ဍပ်ထဲတွင် ကာလသား/ကာလသမီးများ အိုးစည် ဒိုးပတ်အဖွဲ့များကို ရှင်လောင်းလှည့်ရာတွင် အစီစဉ်တကျလိုက်ပါနိုင်ရန် နေရာချပေးနေသည်။ မောင်ရင်လောင်း သံချောင်းစီးရမည့် မြင်းဖြူကြီးကလည်း ကုန်းနှီးများ ကကြိုးတန်ဆာများဖြင့် ကြွရွလှပနေသည်။

အလှူ့အမကြီးအမေဟန်သည် မိတ်ကပ်ပညာရှင်များနှင့်အတူ သံချောင်းကို အလှပြင်ပေးရင်း ဝမ်းသာပီတိဖြစ်နေသည်။ အမေဟန့်မျက်နှာတွင် အမျှော်လင့်အတောင့်တဆုံးသော လိုအင်ဆန္ဒကြီး ပြည့်ဝတော့မည်ဖြစ်၍ ကျေနပ်ပျော်ရွှင်နေသော အပြုံးများကို တွေ့မြင်နေရသည်။

အမေဟန်ကိုကြည့်ပြီး သံချောင်းလည်းပျော်ပါသည်။ သည်လိုရှင်ပြုတော့မည့်အချိန်တွင် သံချောင်းအနားမှာ အမေ့ကိုလည်းရှိစေချင်သည်။ အမေသည် သံချောင်းအတွက် တကယ့်ခွန်းအားကို ဖြစ်စေသည်မဟုတ်ပါလား။ သံချောင်းအမေ့ကို သတိရနေသည်။

“ကဲ သားလေးရေ သွားရအောင်၊ အားလုံးအဆင်သင့် ဖြစ်နေကြပြီ”

“ဟုတ်ကဲ့ အမေ”

ရှင်လောင်းလှည့်ရန် သံချောင်းတို့သားအမိ မဏ္ဍပ်အတွင်းသို့ ဆင်းလာကြသည်။ စောင့်ဆိုင်း နေကြသောပရိသတ်ကြီးက လက်ခုပ်လက်ဝါးတီး၊ အိုးစည်ဗုံမောင်းတီးပြီး အော်ဟစ်နှုတ်ဆက် ကြိုဆို ကြသည်။ ထိုအချိန် မဏ္ဍပ်ရှိရာသို့ နွားလှည်းတစ်စီးမောင်းဝင်လာသည်။ လှည်းမောင်းလာသူကို ကြည့်လိုက်တော့…

“ဟင်!… ဦးကြီးမြ”

သံချောင်း ဦးကြီးမြကိုကြည့်ပြီး မင်သက်နေမိသည်။ ဦးကြီးမြလှည်းပေါ်မှဆင်းပြီး သံချောင်းဆီ လျှောက်လာသည်။

“သံချောင်း … လူလေး”

“ဦးကြီးမြ”

“ရှာလိုက်ရတာ လူလေးရယ်၊ ရွာတွေနှံ့နေပြီ၊ ခုမှ ဒီမှာရှိတယ်ဆိုတာ သတင်းကြားလို့ လှည်း ကောက်ပြီး ထွက်လာတာ”

“အမေ နေကောင်းလားဟင် ဦးကြီးမြ”

“မင်းအမေ မင်းစိတ်နဲ့ အိပ်ယာထဲမှာ မျောနေပြီလူလေး”

“ဗျာ!….”

သံချောင်းတုန်လှုပ်စွာဖြင့် ဦးကြီးမြကိုကြည့်လိုက်သည်။ ဦးကြီးမြထံမှ မျှော်လင့်မထားသော စကားသံတို့သည် အမြောက်ဆံများပမာ သံချောင်း၏နားစည်ကို တရစပ်ထိမှန်သွားသည်။ ရွားသူရွာ သားများလည်း ဝိုင်းဝန်းစုပြုံလာကြသည်။

“ဟုတ်တယ်လူလေး၊ မင်းထွက်သွားတဲ့နေ့ကတည်းက မင်းအိပ်ယာနားမှာ တငိုငို တရီရီနဲ့ ဘာမှကျွေးလို့မရဘူး၊ ရက်ကြာလာတော့ လုံးဝလဲသွားတော့တာပဲ”

မှားပြီ၊ မှားသွားပြီ။ အမေ သံချောင်းကိုမချစ်ဟု ထင်ခဲ့မိတာ လုံးဝမှားသွားပြီ။ ခုထိ သံချောင်း အမေ့ကိုနှိပ်စက်နေမိတုန်းပါပဲလား။ သံချောင်းမထိန်းနိုင်တော့၊ ဦးကြီးမြကိုဖက်ပြီး အားရအောင် ငိုချ လိုက်သည်။

“ကဲ ကဲ လူလေး၊ အချိန်မီ ပြန်ကြရအောင် လှည်းပေါ်တက်”

“ဗျာ..”

“အို…”

“ဟင်…”

ရွာသူရွာသားများ ပွက်စိပွက်စိ ဖြစ်ကုန်ကြသည်။

“ဘယ်လို ဘယ်လို၊ ကျွန်မသားလေးကို ခေါ်သွားမလို့ ဟုတ်လား”

အမေဟန် သံချောင်းကိုအတင်းဆွဲယူပြီး ဦးကြီးမြကို ပြူးပြူးပြာပြာကြည့်ကာ မေးနေသည်။ ဦးကြီးမြလည်း အမေဟန်ကိုကြည့်ကာ အံ့အားသင့်နေသည်။ လူအများကလည်း သံချောင်းကို ပြန်မပေးချင်ကြ၊ သံချောင်းသည် အားလုံး၏အချစ်တော်။ အထူးသဖြင့် အမေဟန်ကို အရူးဘဝမှ လွတ်မြောက်စေခဲ့သည့် ကျေးဇူးရှင်ကလေးမို့ အားလုံးက သံယောဇဉ်ရှိကြသည်။

သားလေးသေဆုံးခဲ့စဉ်က ရူးသွပ်သည်အထိဖြစ်ခဲ့ရသောအမေဟန်၊ ယခုတဖန် ထပ်မံဆုံးရှုံးရ ဦးမည်ဆိုလျှင် မည်သို့မည်ပုံဖြစ်ရဦးမည်နည်း၊ တွေးပင်မတွေးတတ်တော့၊ ရွာသားများအကြံရခက်နေ ကြသည်။

“ဟေ့ မပေးနဲ့ကွာ၊ ဒီလူကြီးကို ရွာပြင်မောင်းထုတ်လိုက်”

နောက်နားမှ လူငယ်တစ်စုက လှမ်းအော်ကြသည်။ သည်လိုလုပ်၍လည်းမဖြစ်၊ မိခင်အရင်းမှာ သားစိတ်ဖြင့် သေလုမျောပါး ဖြစ်နေသည်။ မိခင်အသက်ရှင်ကျန်းမာရေးအတွက် ဒီသားသာလျှင် ပဓာနဖြစ်နေသည်။ ထည့်ပေးလိုက်ပြန်လျှင်လည်း အမေဟန်အတွက် ရတက်မအေးစရာ။ နောက်ဆုံး တော့ ရပ်ရွာလူကြီးများက သံချောင်းကိုယ်တိုင်ပင် စိတ်ကြိုက်ဆုံးဖြတ်ခိုင်းတော့သည်။

“သားလေး… အမေ့ကို ပစ်သွားဦးမလို့လားဟင်၊ မသွားရဘူး မသွားရဘူး၊ သားလေးမရှိရင် အမေ မနေဘူး”

“အမေရယ်… အဟင့် အဟင့် အီး…”

သားအမိနှစ်ယောက် တင်းကြပ်စွာဖက်ပြီး ငိုကြသည်။ ရွာသူရွာသားများမှာလည်း မျက်ရည် မဆည်နိုင်ကြပေ။ သံချောင်း ဆုံးဖြတ်ရခက်နေသည်။ သံချောင်းချစ်သည့်အမေသည် သံချောင်း ကြောင့် သေဆုံးတော့မည်၊ သံချောင်းလိုက်သွားမှဖြစ်မည်။ မေတ္တာငတ်သူဟု ယူဆပြီး မိခင်သတ်သူ တစ်ယောက်တော့ သံချောင်းမဖြစ်ချင်။ ပြန်ရမည်၊ အမေ့ဆီ အရောက်ပြန်ရမည်။ အိမ်ရောက်လျှင် အမေ့ကိုဘယ်လောက်ချစ်ကြောင်း သံချောင်း ဖွင့်ဟပြောလိုက်မည်။

အင်း သံချောင်းပြန်လိုက်သွားမည်ဆိုလျှင် သားဆုံးမိခင်ကြီး အမေဟန်ရော ဘယ်လိုကျန်ရစ် ခဲ့မည်နည်း။ အမေဟန် သံချောင်းကို သိပ်ချစ်သည်။ သံချောင်းလည်း အမေဟန့်ကိုချစ်သည်။ ဒါ ကြောင့်လည်း ရွာသူရွာသားအားလုံးက သံချောင်းကို ဝိုင်းချစ်ကြသည်။ သံချောင်းကြောင့် အမေဟန် ပျော်ရသလို အမေဟန်ကြောင့် သံချောင်း စိတ်ချမ်းသာရသည်။ သံချောင်းတို့သားအမိကိုကြည့်ပြီး တရွာလုံးကလည်း ပျော်ရွှင်ကြည်နူးကြရသည်။

နေ့စဉ် ဟိုအိမ်သည်အိမ်က ထမင်းဖိတ်ကျွေးကြသဖြင့် အိမ်မှာတနပ်မှပင် ချက်မစားရသေး။ ဤသို့ ကိုယ့်အပေါ်ကျေးဇူးရှိသောသူများထံမှလည်း သံချောင်း ရက်ရက်စက်စက် ထွက်မသွားချင်။ သို့သော် သံချောင်း ဆုံးဖြတ်ချက်တစ်ခုတော့ ချကိုချရမည်။ သံချောင်းပြန်လိုက်သွားလျှင် အမေဟန် ဘယ်လိုဖြစ်ကျန်ခဲ့မလဲ၊ ……လဲ၊ …….လဲ၊ သံချောင်း ခေါင်းထဲတွင် ချာချာလည်နေသည်။

“ကျွန်တော် ပြန်လိုက်သွားပါရစေ အမေ”

“ဟယ်… ဟင်… ဟာ”

အားလုံးအံ့သြကုန်ကြသည်။ သံချောင်းပြောပြီး အမေဟန့်ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုချ လိုက်သည်။

“ခွင့်ပြုပါ အမကြီးရယ်၊ သူသာမပါခဲ့ရင် သူ့အမေရဲ့အဖြစ်က ဘယ်လိုမှ မတွေးဝန့်စရာမို့ပါ”

ဦးကြီးမြ အမေဟန်ကို အနူးအညွတ်တောင်းပန်နေသည်။ လူများအားလုံးက အမေဟန်၏ တုန့်ပြန်ချက်ကို စောင့်ကြည့်နေကြသည်။ အမေဟန်သည် အနားတွင်ရှိသော ဗန်းထဲမှသင်္ကန်းလေး ကိုယူကာ သံချောင်းကိုခြုံပေးပြီး ဖက်ငိုလိုက်သည်။

“အမေ့သားကို အမေဘယ်တော့များမှ သင်္ကန်းဝတ်ပေးခွင့် ရမလဲကွယ်…၊ အမေ့ရင်တွေ ပူလောင်နေပြီ သားရယ်…”

နောက်ဆုံးတော့ ရွာဦးကျောင်းဘုန်းကြီးကြွလာပြီး အမေဟန်ကို ဖြောင့်ဖျရသည်။ သံချောင်း ကိုလည်း မိခင်ကြီးနေကောင်းလျှင် ဒီမိခင်ကြီးကို တစ်လှည့်လာကြည့်ဘို့ အမိန့်ရှိသည်။ သံချောင်း အဝတ်အစားလဲကာ ဘုန်းတော်ကြီး၊ အမေဟန်နှင့် ရွာလူကြီးများကိုဦးချပြီး လှည်းပေါ်တက် ထွက် လာခဲ့သည်။

အမေဟန်နှင့် ရွာသူရွာသားများ ငိုယိုလျှက် လှည်းနောက်မှလိုက်လာကြသည်။ သံချောင်း လည်း လှည်းပေါ်တွင်ငိုနေသည်။ ရွာစည်းရိုးအရောက်တွင် အမေဟန်နှင့်အဖွဲ့ လက်ပြရင်းကျန်ရစ်ခဲ့ သည်။ သံချောင်းရင်ထဲတွင် ဆို့တက်လာသည်။ ချစ်သည် သံချောင်းအမေဟန်ကို အရမ်းချစ်ပါသည်။ တနေ့နေ့ ရောက်အောင်ပြန်လာခဲ့ဦးမည်။ မျက်ရည်များသုတ်ပြီး နှုတ်ဆက်ဘို့ အမေဟန်ကို လှမ်း ကြည့်လိုက်သည်။

“ဟင်…! အမေ…”

သံချောင်း ကျယ်လောင်စွာအော်ဟစ်ရင်း လှည်းပေါ်မှပြေးဆင်းသွားသည်။ အမေဟန် လူအုပ် ထဲတွင် မူးမိုက်လဲကျသွားပြီ။ သံချောင်း အမေဟန်ကို ပြေးပွေ့ဖက်ပြီး တစာစာခေါ်သော်လည်း အမေဟန် ပြန်မထူးနိုင်ပေ။

“အမေ… အမေရေ…၊ အမေ့…၊ ကျွန်တော် အမေ့သားပါ အမေရယ်…”
******

သားပျောက်မိခင်များနှင့် မိခင်ပျောက်သားများသို့ ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

10 Responses to ရေနစ်တဲ့ ငါး

  1. jatila lankara on January 12, 2013 at 1:45 am

    အော် ဆရာစံရယ် တကယ့်ကို ဗီဒီယိုကြည့်နေရသလိုပါလားးးးးး မျက်ရည်ကျမိပါသည်ဆရာစံဘုရား

    • မောင်စံ (သီတဂူ) on January 13, 2013 at 12:21 pm

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီ အရှင်ဇဋိလာလင်္ကာရ၊ ရင်တွင်းဖြစ် စစ်စစ်လေးပါ။

  2. Moe Sett on January 12, 2013 at 7:42 am

    အမေ့ကိုသတိရတယ်ဗျာ၊အမေကောင်းရာသုဂတိလားပါစေ။

    • မောင်စံ (သီတဂူ) on January 13, 2013 at 12:30 pm

      မိဘကိုတမ်းတရသူချင်းမို့ ကိုယ်ချင်းစာပါတယ်။ ထပ်လောင်းဆုတောင်းပေးပါတယ် စာရေးသူရဲ့ မိဘများနဲ့ ကိုမိုးဆက်ရဲ့ အမေ သုဂတိဘုံမှာ ဆုံကြပါစေ…လို့။

  3. ကိုရင်အာယု on January 12, 2013 at 9:59 pm

    what a excellence pan!

    • မောင်စံ (သီတဂူ) on January 13, 2013 at 12:35 pm

      Thank you very much ကိုရင်အာယု။ This story is made up of my tears.

      • akklin on January 13, 2013 at 10:48 pm

        It is simple story but i learn united myanmar’s attitude. such a burmese cultural traditions can be seen only in myanmar. eventhose, out of question of thangyaung mother’s love amay han and hers villagers lovingkindness is very rare to find in united states. i do not mean to say us multiple culture is good or bad but it is very difficult to meet with those helping each other in US. that why i am proud to be a burmese. may loving kindness be practiced in all societies. thank you author and keep going please.

        • မောင်စံ (သီတဂူ) on January 15, 2013 at 8:23 am

          Thank you very much Akklin. If we want, we can forget about other countries’ traditions but we must show our lovely culture, tradition and good relationship of our Burmese families. And also we have to encourage, raise and appreciate our juniors to understand the lovingkindness of the parents.

  4. Ashin Sucitta on January 21, 2013 at 6:18 pm

    ဘုန်းကြီး
    ရေးချက်တွေက လွန်လှပါလား။ ထိတယ်ဘုရား။ တကယ်ပါ။ ဘုန်းကြီး စာမူကို ဓတ်ရှင်ရိုက်ကြမယ်ထင်တယ်ဘုရား။ ကလေးသရုပ်ဆောင်ကတော့ ကောင်းရမှာပေါ့လေ။
    ဆက်လက်ရှု့စားမယ်ဘုရား။ တပည့်တော်ထင်တယ်။ ဒါကို ရုပ်ရှင်ရိုက်မယ်ထင်တယ်။ လျှင်တဲ့ကောင်ရမှာပဲ ။ ဗီဒီယိုတော့မပေးနဲ့ဘုရား။ သူက အရည်အသွေးကိုအပြည့်ပြလို့မရဘူး။
    တပည့်တော်ထင်တာတွေကိုလျှောက်တာပါဘုရား။ ကောင်းတာကတော့ အတော့်ကိုကောင်းတာပါ။

    • မောင်စံ (သီတဂူ) on January 22, 2013 at 8:48 am

      အခုလိုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ညီ။ စာရေးဆရာ ကံထွန်းသစ်ကလည်း နည်းနည်းလေးဆွဲဆန့်ပြီး ရုပ်ရှင်ရိုက်ဘို့အကြံပေးပါတယ်။ ဖတ်တဲ့သူ အများစုကလည်း အဲလိုတွေပြောကြပါတယ်။ အင်း ကားကြီးရိုက်မယ်ဆိုရင်တော့ အချိန်ပေးပြီး ထပ်ရေးရမှာပေါ့၊ ခက်တာက ကိုယ်က အချိန်ဆင်းရဲတယ်။ လောလောဆည်တော့ ဇာတ်ညွှန်းခွဲပြီး ရိုက်ချင်ရိုက်လို့ဆိုပြီး မင်းသမီး စိုးမိုးကြည်ကိုပေးထားတယ်။ အားပေးတာကျေးဇူပဲ မောင်သုစိတ္တရေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်