ဂျပန်ခေတ်က မဟဝှါ – Bo Bo Lan Sin

January 11, 2013

ဂျပန်ခေတ်က မဟဝှါ

ဘိုဘိုလန်းစင်၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၃

မဟဝှါကို ဂျပန့်ခေတ် လွတ်လပ်ရေးရစက ဗုန်းကျင်းထဲ မွေးခဲ့သည်။ လူတွေဟာ မြေကြွက်တွေလိုပဲ ကျင်းထဲကကို မတက်ရဘူးဟု သူ့အမေကြီးမသေခင်က ပြောလေ့ရှိသည်။ ရန်ကုန် နေပြည်တော်မှာ လွတ်လပ်ရေးပွဲခံချိန်တွင် တောနယ်ကျေးလက်က လူများ ပလိပ်ပြေး ဓမြပြေး ဗုံးပြေးပြေးနေရသဖြင့် လွတ်လပ်ရေးဆိုဒါ သိမှသိကြပါစ။ ခေတ်ဆိုးကြီးမှာ အစစ ရှားပါးရသည့်အထဲ ဂျပန်က ကားသိမ်း ပစ္စည်းသိမ်း သမီးဆွဲ အိမ်သိမ်းတွေရန်က လွတ်အောင်ရှောင်ရတာက ပိုခက်သေးသည်။ မဟဝှါ အဖေကြီး မနေနိုင်မထိုင်နိုင် ရေဒီယိုဖွက်ထားတာကို ကလိတာ လူသိမှဖြင့် ကင်ပေတိုင်လက်မရောက်ပါလား။ ဒီကြားထဲ လေနတ်သားတဲ့ သတင်းစာတွေ လေယာဉ်ပေါ်က ကြဲတာ ခိုးဖတ်ရ၊ မဟာမိတ်ပြန်အလာ မျှော်ကြရ။ ရှိသည့် ဗမာတပ်ကလဲ ဂျပန်တပ်အောက်မှာ နေရင်း ဂျပန်ကျင့် အကုန်ယူကာ လူတွေကို အာဏာပြတတ်သေးသည်။ အဲသဟာနှင့် မဟဝှါ မတ်တတ်မပြေးမီတွင် အင်္ဂလိပ်တွေ ပြန်လာသည်။ ဂျပန်အောက်က ဗမာတပ်က ကြိုဇယားညှိထားသည့်အတိုင်း ခြံခုန်သွားပြီး အင်္ဂလိပ်တပ်နှင့် ပေါင်းကာ တပ်သစ်ဖွဲ့သည်။ ဂျပန်တခေတ်လုံး ဂျပန်ကို ရေစိမ်တိုက်လာသော ကရင် နှင့် ပြည်သူ့ပြောက်ကြားတပ်တွေ သူပုန်လိုလို တရားမဝင်တပ်လိုလို ဖြစ်ကုန်သည်။ ဂျပန်ခေတ်က အဓိပတိကြီးနား ဝိုင်းနေသည့် ရန်ကုန် မျက်နှာကြီးများလဲ နောက်လာသည့် ဗမာ အစိုးရ အဆက်ဆက်ကို သမီးပေး သမက်ယူနည်းနှင့် ဝင်လုံးသည်။ အင်္ဂလိပ်ကို ပုန်ကန်ခဲ့သည့် ဗမာ စစ်ဗိုလ်တွေ အင်္ဂလန် စစ်ပညာသင် သွားသည့်ခေတ်တွင် အရင်ခေတ် မျက်နှာကြီးတွေ အိတ်ထဲဖိတ်ကုန်ကြသည်။ ဒါတွေကို ခင်နှင်းယုက အတက်နှင့်အဆင်း၊ ခံပွင့်စသည့် ဝတ္ထုများနှင့် စာစီသည်။

ထားတော့ မဟဝှါ ကျောင်းထားချိန်တွင် မိဘများ လက်ထက်က နေရှင်နယ်ကျောင်းက မကောင်းတော့ပါဘူးဆိုပီး လွတ်လပ်သည့် မြန်မာပြည်ကြီးတွင် ဘိုကျောင်းပို့သည်။ ကျောင်းတက်စမှာ စစ်တွေဖြစ်ပြန်သည်။ ဂျပန်ခေတ်ကလိုပဲ လူတွေ ဟိုပြေးဒီပြေး မဟဝှါတို့ပင် ကံသီ၍ အစိုးရတပ်လက်က လွတ်သွားသည်။ ဂျပန်ခေတ်ကလိုပါပဲ လက်ကြဲကြီးကိုး။ အစုစု လူသိန်းချီသေ၊ ကျပ်ကုဋေချီဆုံးပီး နိုင်ငံခြားက လက်နက်တွေမှာရ၍ စီးပွားရေး မကောင်းတော့ချိန်တွင် ယိုပေါက်ခိုးပေါက်တွေက အာဏာရ သူရဲကောင်းကြီးတွေ ခိုးကြလုကြရာက အဝေမမျှ၍ ကွဲပြဲကုန်ကြသည်။ နောက်တော့ သေနတ်အမြဲတမ်းကိုင်ထားသည့် သူရဲကြီးတွေက ဂျပန့်ခေတ်က သေနတ်ကိုင်ဖူးသည့် သူရဲဟောင်းတွေဆီက အာဏာကို ကယ်တင်သည်ဟု ဆို၏။ ဆိုရှယ်လစ်နိုင်ငံ တကယ်တည်မည်ဆို၏။ တိုင်းပြည်ကို လက်နက်နှင့် ထင်တိုင်းကြဲတာကတော့ ဂျပန့်လက်ကျတွေပါပဲ။ အင်္ဂလိပ် အမေရိကန်ကလဲ တပည့်သစ်တွေကို တယ်ချစ်၍ အမျိုးစုံ ကြည့်ရှုပါသည်။ တရုတ်ကြီးအောက်ရောက်သွားသည့် သူပုန်တွေကို ကာထားမည့် ဒိုမီနိုပြားတပြားစာ ပေးရတာပဲ သဒ္ဓါပါရဲ့။ ဒီအချိန်မှာပဲ မဟဝှါ အပျိုဖြစ်လို့ ဘုန်းနိုင်ဝတ္ထုဖတ်၊ မာမာအေးသီချင်း နားထောင်သည့် အရွယ်ရောက်ခဲ့သည်။ စာတွေ သီချင်းတွေကတော့ ဂျပန်ခေတ်ကထက် အများကြီး ပိုထွက်လာပါသည်။ တကယ်တမ်း အရည်အချင်း ပီပီမြည်မြည်ရှိရဲ့လားဆိုတာကိုတော့ ထွန်းဦးထွန်းဖေ၊ အောင်လင်း၊ မောင်ကြည်ရှင်စသည့် မြန်မာမှုဂိုဏ်းများက သဘောကျ ထောက်ခံမည်မဟုတ်၊ ဆန်းချင်တိုင်းဆန်းလာတဲ့ အခြေခံမခိုင်တာတွေလို့ပဲ ပြောကြမည်၊ သက်ဝေပေါ်လာသည့်နောက် ဗမာသီချင်းက တန်းကုန်လေပြီဟု ဦးထွန်းဖေက ရေးပြလိမ့်မည်။ ဂျပန်ဝင်ခါနီးနဲ့ ဂျပန့်လက်ထက်ကလဲ ဂျပန်အသွားနဲ့ တေးဆန်းတွေ စစ်သီချင်းတွေ အများကြီးထွက်ခဲ့တာပဲ။ ခေတ်ဆိုတာ ပေါ်ပင်လိုက်ကြတာပဲ မဟုတ်လား။

ခက်သည်က မဟဝှါ ကောလိပ်အရောက်တွင် ပြည်ပနှင့် အဆက်အသွယ်တွေ ပြတ်ကုန်၍ သူ့ရှေ့က အမတွေလို အမေရိကန် ဖင်လန်ဆိုတာတွေ မသွားရတော့ ဘယ်လောက်တော်တော် ဗိုလ်ချုပ်ကြီးချွေးမ စစ်ဗိုလ်အမျိုးတွေ ခိုင်းဖတ်တွေ မဟုတ်လျှင် မသွားရ၊ ဒါနဲ့ မဟဝှါ ရုံးမန်နေဂျာကြီးဖြစ်လာသည်။ အလုပ်ဖင်ဂျွတ်တက်အောင် လုပ်၍ ရာထူးတော့ တဆင့်ချင်းတက်ပါသည်။ နိုင်ငံခြားသွားရဘို့ကတော့ တမျိုးခက်ပြန်သည်။ မဟဝှါမောင်တွေ အကိုတွေက ပြည်ပြေးတွေ သူပုန်တွေဖြစ်နေသည်။ မဟဝှါ အကြောင်းကို ရုံးထဲကပဲ ပြန်အစီရင်ခံနေသူတွေလဲ ရှိ၏။ မဟဝှါ ငယ်စဉ်ကလဲ မိဘတွေက အာဘောင်နီတွေဆိုပီး မိဘမနိုင်လျှင် သားသမီးကို အချောင်ဆော်တတ်သည့် အကျင့်လေးတွေ ကြုံခဲ့ရသည်။ မဟဝှါအကို တနိုင်ငံလုံးအဆင့်ဝင် ကျောင်းသားကို အင်ဂျင်နီယာကျောင်းပေးမဝင်စေသည့် အလိုတော်ရိဆရာမျိုးတွေ၊ နောက် မဟဝှါ သူငယ်ချင်းအဆောင် စာသွားကျက်လျှင် ညအအိပ်မခံဘဲ ပြန်ခိုင်းသည့် အဆောင်မှူးတွေ ရှိ၏။ လွတ်လပ်သည့် ပြည်ထောင်စုနိုင်ငံကြီးမှာ လွတ်လဲမလွတ်လပ်တော့၊ ပြည်နယ်ခေါင်းဆောင်တွေကို အမြစ်ဖြိုပီး ကထဲက ပြည်ထောင်စုလဲ မဟုတ်တော့။ တောင်ပေါ်တွေမှာလဲ စစ်တွေက အခိုးတလူလူ၊ စစ်ကားရိုက်သည့် ရုပ်ရှင်တွေလဲ အကယ်ဒမီတွေရဆဲ။ စစ်သားကို လူတတန်းစားလို ဖြစ်အောင် ပညာရေးနဲ့ လူထုဘဝထဲမှာလဲ မှိုင်းတွေက တိုက်ဆဲ။ သို့နှင့် အရေးအခင်းတဲ့ ဖြစ်ပြန်ပါပီ။ မဟဝှါလဲ နယ်က မြို့တက်ပြေးရသည်။ သူပုန့်အိမ်လို မြင်နေကြသော မဟဝှါတို့အိမ် အရှာခံရသည်။ မဟဝှါအမျိုးတွေ တောခိုကြ၊ ထောင်ကျကြနှင့် မဟဝှါလဲ ဆံပင်အတော်ဖြူလာပီ။ လူတွေလဲ ဂျပန့်ခေတ်ထက်တောင် ပါးရှားရှာတယ်အေ၊ မဆလခေတ် ကျပ်လှပီမှတ်တာ ဒီခေတ်က ပိုဆိုးပါကလားလို့ မဟဝှါ အမေကြီး မသေခင်က ညည်းညည်းသွားတာကို မဟဝှါ ပြန်ကြားနေတတ်သည်။

ကောင်းတာတွေလဲ ရှိပါတယ်အမေ၊ ဂျပန့်ခေတ်ကလိုတော့ မြို့ကလူတွေ စစ်မပြေးရတော့ဘူးပေါ့။ နိုင်ငံခြားပဲ ထွက်ချင်နေကြတာ၊ ပတ်စပို့ရုံးမှာလဲ လူတွေစီလို့။ ခုခေတ်မှာ ကျမတို့ခေတ်ထက် သာတဲ့ ဒေါ်လာစား ဆိုတဲ့ အလုပ်တွေ ပေါ်နေပါပီ။ အန်ဂျီအိုဆိုတဲ့ အလုပ်ကလဲ ခွေးလှေးပျားတော လူဆင်းရဲ ရှိတိုင်း ထောင်နေကြတယ် အမေ။ အမေ့ကို ခေါင်းတင်ဖွဲ့ခဲ့တဲ့ အန်ဂျီအိုမှာတောင် ထောင်တဲ့ဘုန်းကြီးက စိတ်ဖောက်ပီး ငွေစာရင်းမရှင်းနိုင်လို့ ဇာတ်တွေရှုပ်နေတယ် ဆိုပါလား စသည့်စကားတွေက မဟဝှါ ဘုရားရှိခိုးတိုင်း သူ့အမေကို တပီး ပြောတတ်သည့် စကားများဖြစ်သည်။

ဒါနဲ့ အမေ၊ ကျမတို့ ငယ်ငယ်ကလို ပါတီတွေ လွှတ်တော်တွေ ပြန်ဖြစ်နေပြန်ပီ။ ဒီတခါ ဦးနုတော့ မရှိတော့ဘူး။ ဒေါ်စုတဲ့ အမေတို့ ခေါ်နေကျ ကောင်မလေးက နိုင်ငံရေးသမားကြီး ဖြစ်နေပီ။ ဗမာစကားကို ဘိုသံကြီးနဲ့ ပြောပေမယ့် ဗမာစိတ်တော့ များပုံရတယ် အမေရဲ့။ ဗမာလို နားလည်တဲ့ ပရိသတ်ကို သူ့လောက်မှ မတတ်မသိလို့ ကရုဏာဒေါသောနဲ့ ဆိုဆုံးမနေတာ အားပါးတရပဲ။ ရွာက အသက် ၈ဝ ၉ဝ ဆရာတော်ကြီးလိုပဲ။

ဆရာတော် ဆိုလို့ တလောက အမေတို့ ကိုးကွယ်တဲ့ ရွှေကျင်တိုက်အုပ်ကြီးက ကျမကို မေးတယ်.. ဟဲ့ မိဟဝှါ အခု ဘာခေတ်တုံးဟေတဲ့။ ကျမလဲ သူဘာပြောချင်မှန်းမသိတာရော သူ့ကို စချင်တာနဲ့ရော မသိပါဗရား ဂျပန့်ခေတ် မှတ်တာပဲ ဗရားလို့ လျှောက်တော့ အေးဟဲ့ ဟုတ်ပုံရတယ် တလောက ငါဗယာကြော် ဘုဉ်းပေးချင်လို့ ကလေးတွေ ကပ္ပိခိုင်းတာ တကွင်းကို ၅ဝ တဲ့ဟ.. နင့်အမေတဲ့မှပဲ.. ဂျပန်ခေတ်ပဲ နေရမယ်။ ငါ့ကျောင်းလဲ ဘာလမ်းဖောက်မလို့ဆိုလား သိမ်းမယ်ပဲ လာလာပြောနေတယ်။ ငါ တောင်ခြေ ဇရပ်သွားနေရမှာလား .. ဒီဂျပန့်သားတွေ တယ်လဲအရှိန်အစော်ပြင်းသဟဲ့လို့ မိန့်တယ်။ လွတ်လပ်ရေးတွေ ဒီမိုကရေစီတွေ မသိချင်တော့ပါဘူး အမေရယ်၊ အမေပြောတဲ့ အင်္ဂလိပ်ခေတ်ကမှ ဈေးသက်သက်သာသာနဲ့ အသက်ရှူချောင်လိမ့်အုံးမယ်။ အင်္ဂလိပ်လဲ အခု ပြန်လာမယ်လို့ ပြောသံကြားတယ်။ ဘဏ်ဖွင့်မယ်ဆိုလား၊ ဘိလပ်ရေရောင်းမယ်ဆိုလားပဲ အမေရေ့။

မဟဝှါ ပြောချင်သေးသည်ကတော့ ဟဝှါဒေးလီးထွက်မှပဲ ဖတ်တော့နော။

(http://bobolansin.wordpress.com/2013/01/09/%E1%80%82%E1%80%BA%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%81%E1%80%90%E1%80%B9%E1%80%80-%E1%80%99%E1%80%9F%E1%80%9D%E1%80%BD%E1%80%AB/ ကနေ ကူးယူပါတယ်။ သည်ကနေ ခွင့်တောင်းလိုက်ပါတယ် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ဂျပန်ခေတ်က မဟဝှါ – Bo Bo Lan Sin

  1. myo thant zaw on January 11, 2013 at 7:29 pm

    This article is deliberately attacks on DASSK. .Daw Su never speaks Burmese language in English tongue.She never even uses a word in English whenever she gives a speech in Burmese.So I feel ,this article express something odd on Daw Su but I don’t know why.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်