(၆၆) နှစ်ပြည့် အောင်ဆန်း-အက်တလီစာချုပ်

January 12, 2013

သန်းဝင်းလှိုင်
ဇန်န၀ါရီ ၁၂၊ ၂၀၁၃
ယခုနှစ် ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်၏ နေအိမ်တွင် မွန်းလွဲ ၃ နာရီ၊ မိနစ် ၅၀တိတိတွင် မြန်မာနိုင်ငံကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ်အက်တလီတို့ ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီ’ စာချုပ် ဆိုခဲ့သည့် (၆၆)နှစ်ပြည့်နေ့ဖြစ်သည်။

အောင်ဆန်း အက်တလီ စာချုပ် နောက်ခံသမိုင်းမှာ ၁၉၄၆ စက်တင်ဘာလ ၂၇ တွင် ဗိုလ်အောင်ဆန်းသည် ဘုရင်ခံဆာဟူးဘတ်ရန်စ်၏ အမှုဆောင်ကောင်စီတွင် ဒုတိယဥက္ကဠ၊ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာနဝန်ကြီးအဖြစ် ဆောင်ရွက်၍ အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၀ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ၁၉၄၆ ဒီဇင်ဘာလ ၄ တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီအစည်းအဝေးတွင် ဗြိတိသျှအစိုးရက မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည်သို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်မှုကို တင်ပြခဲ့ရာ အမှုဆောင်အဖွဲ့က လက်ခံခဲ့သည်။ သို့ဖြင့် ၁၉၄၇ ဇန်နဝါရီ ၂ တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းဖြင့် အင်္ဂလန်ပြည်သို့ ထွက်ခွာသွားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ထွဋ်( ဘဏ္ဍာရေးဝန်ကြီး)၊ သခင်မြ (ပြည်ထဲရေးဝန်ကြီး)၊ သခင်ဗစိန်(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ဂဠုန်ဦးစော (ပညာရေးဝန်ကြီး)၊ ဦးကျော်ငြိမ်း(ဖဆပလ အတွင်းရေးမှူး)၊ သခင်အောင်သန်း (ဗိုလ်စကြာ၊ ရဲဘောသုံးကျိပ်)၊ မိတ္ထီလာဦးဘရင် (ဦးစော၏အကြံပေး)၊ ဗိုလ်ထွန်းလှ (ဗိုလ်ချုပ်အောင်ဆန်း၏အပါးတော်မြဲ)၊ ဦးရွှေဘော် (အတွင်းဝန်)၊ ဗိုလ်ကျော်ထွန်း (ဦးတင်ထွဋ်၏အတွင်းဝန်)၊ ဦးဘတူ (ဦးဘဘေ၏အပါးတော်မြဲ)၊ သခင်ချစ် (သခင်ဗစိန်၏အပါးတော်မြဲ)၊ ဦးဘသန်း (လက်ရေးတို) ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်အဖွဲ့ တို့သည် အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ရုံးခန်း၌ အစည်းအဝေးကျင်းပရာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အချေအတင်ဆွေးနွေးခဲ့ရာ နှစ်ပတ်ခန့်ပင်ကြာမြင့်ခဲ့သည်။ ဆွေးနွေးခဲ့သည့်အချက်များမှာ-

၁။ နိုင်ငံရေးကဏ္ဍ

တောင်းဆိုချက်
(က) ယခုအချိန်ကစ၍တစ်နှစ်အတွင်းမြန်မာနိုင်ငံလွတ်လပ်ရေးရလိုသည်။

သဘောတူညီချက်
လွတ်လပ်ရေးအမှန်ရရှိမည်။ သို့သော် အာဏာလွှဲပြောင်းရန် စာချုပ်ချုပ်ဆိုနိုင်သည့် အပေါ်၌ တည်ပါတယ်။

တောင်းဆိုချက်
(ခ) အခွင့်အာဏာအပြည့်အဝရှိသောတိုင်းပြုတိုင်းပြုလွှတ်တော်ကိုတည်ထောင်ရန်။

သဘောတူညီချက်
တိုင်းပြုပြည်ပြုလွှတ်တော်ရေးကောက်ပွဲတင်မြှောက်ရန်သဘောတူသည်။ သို့သော် အခွင့်အာဏာများမပေးနိုင်သေးပါ။

တောင်းဆိုချက်
(ဂ) တိုင်းပြုပြည်ပြုလွှတ်တော်ကို မြန်မာပြည်အုပ်ချုပ်ရေးအသစ်အတည်မပြုမချင်းဥပဒေပြု ပိုင်ခွင့်နှင့် အုပ်ချုပ်ခွင့်အပ်နှင်းရန်။

သဘောတူညီချက်
ဥပဒေပြု ပိုင်ခွင့်အာဏာ အုပ်ချုပ်ပိုင်ခွင့် အာဏာများငြင်းဆိုသည်။

တောင်းဆိုချက်
(ဃ) တိုင်းပြုပြည်ပြု လွှတ်တော်မှရေးဆွဲသည့် အုပ်ချုပ်ရေးသစ်ကို ဗြိတိသျှ အစိုးရက ချက်ချင်းအသိမှတ်ပြုရန်။

သဘောတူညီချက်
အုပ်ချုပ်ရေးအသစိကို ဗြိတိလျှ ပါလီမန် တင်ပြပြီးမှအတည်ပြုနိုင်သည်။

တောင်းဆိုချက်
(င) လက်ရှိမြန်မာပြည်ဘုရင်ခံအတိုင်ပင်ခံဝန်ကြီးအဖွဲ့ကို ဒိုမီနီယံ အုပ်ချုပ်ရေး အာဏာလွှဲအပ်၍ ဘုရင်ခံသည် ဗြိတိလျှ ဩဇာ ခံမဟုတ်ဘဲ မြန်မာနိုင်ငံဒိုမီနီယံအစိုးရဝန်ကြီးအဖွဲ့၏ ဩဇာခံဖြစ်စေရန်။

သဘောတူညီချက်
၁၉၃၅ အက်ဥပဒေအရနှင့် ၁၉၄၅ ယာယီစီမံချက်အက်ဥပဒေအကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့်ဟူသမျှအတိုင်းဆောင်ရွက်လိမ့်မည်။

၂။ ကာကွယ်ရေးကဏ္ဍ

တောင်းဆိုချက်
မြန်မာပြည်အစိုးရသည် မြန်မာနိုင်ငံရှိကြည်း၊ ရေ၊ လေ တပ်ဖွဲ့အားလုံးကို အုပ်ချုပ်ခွင့်ရရန်။

သဘောတူညီချက်
မြန်မာအမျိုးသားစစ်တပ်ကို မြန်မာအစိုးရကအုပ်ချုပ်နိုင်သည်။ သို့သော် ကျန်ရှိသောဗြိတိသျှနှင့် အင်ပါယာတပ် များကိုမူ အုပ်ချုပ်ခွင့်မရနိုင်ပါ။

၃။ ဘဏ္ဍာရေး ကဏ္ဍ

တောင်းဆိုချက်
မြန်မာဝန်ကြီးအဖွဲ့သည် ဘဏ္ဍာရေးနှင့်ပတ်သက်၍လုံးဝတာဝန်ယူဆောင်ရွက်ရန်။

သဘောတူညီချက်
ဘဏ္ဍာရေးကိစ္စသဘောတူသည်။ သို့သော်စဉ်းစားဆွေးနွေးရမည်။

၎။ နိုင်ငံခြားရေးကဏ္ဍ

တောင်းဆိုချက်
(က) မြန်မာဝန်ကြီးအဖွဲ့သည် နိုင်ငံခြားရေးကိုတာဝန်ယူရန်။

သဘောတူညီချက်

လွတ်လပ်သောကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် နေနိုင်သောအခါမှသာလျှင်သဘောကျအောင်ဆောင်ရွက်ရန်။

တောင်းဆိုချက်
(ခ) မြန်မာနိုင်ငံအစိုးရသည် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်ဆံနိုင်ခွင့်ရရန်။

သဘောတူညီချက်
လန်ဒန်မြို့တော်တွင်မြန်မာအစိုးရကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန်မဟာမင်းကြီးတစ်ပါးခန့်ထားစေလိမ့်မည်။

တောင်းဆိုချက်
(ဂ) ကုလသမဂ္ဂတွင် မြန်မာပြည်သည် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရန်။

သဘောတူညီချက်
မြန်မာပြည် လွတ်လပ်ရေး ရပြီးသောအခါ ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရန် ထောက်ခံပေးမည်။

၅။ တိုင်းရင်းသားရေးရာ ကဏ္ဍ

တောင်းဆိုချက်
တိုင်းရင်းသားပြည်နယ်ဒေသများနှင့် ပြည်မကြီးတို့ပူးပေါင်းဆက်သွယ်ပြီး၊ ဝန်ကြီးအဖွဲ့တွင် ပြည်နယ်ဒေသဝန်ကြီး နှင့် လက်ထောက်များခန့်အပ်၍ မြန်မာပြည်အုပ်ချုပ်ရေးအသစ် ရေးဆွဲရာတွင် ယင်းပုဂ္ဂိုလ်များပါဝင်စေရန်။

သဘောတူညီချက်
တိုင်းရင်းသားများ၏သဘောထားအတိုင်းဖြစ်စေရမည်။ နယ်စပ်ဒေသအရေး နှင့် ပတ်သက်၍ အကောင်းဆုံးသော နည်းလမ်းကိုရှာဖွေပါမည် ဟု ကတိပေးပါသည်။

သို့သော် အောင်ဆန်း အက်တလီစာချုပ်ချုပ်ဆိုရန်အစည်းအဝေးပြုလုပ်နေစဉ်အတွင်းအဖုအထစ် ကလေးများကြုံလေခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်း သည်ထိုစဉ်ကဗြိတိသျှတို့နှင့်ဆွေးနွေးနေရသော်လည်း လုံးဝယုံကြည်မှုမရှိခဲ့ချေ။ မြန်မာ့လွတ်လပ်ရေးအတွက် နက်လက်ကိုင်တိုက်ပွဲ ထပ်မံဆင်နွဲရဦးမည်ဟု ယူဆထားဟန်ရှိသည်။ ထို့ကြောင့်အစည်းအဝေး၌ ဗိုလ်ချုပ်က…..

“တိုင်းပြည်ကိုတစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါ။ ကျုပ်တို့တိုင်းရင်းသားတွေနဲ့ တိုင်းသူ ပြည်သားတွေက ဒီအတိုင်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကြောင့် မစ္စတာအက်တာလီ ကတိုင်းရင်းသားလေးနဲ့ တိုင်းသူပြည်သားတွေအလိုကျ တစ်နှစ်အတွင်း မြန်မာပြည်နိုင်ငံကို လွတ်လပ်ရေးပေးပါ့မယ်ဟု စာချုပ်မှာ ချက်ချင်း ထည့်ပေးပါ ” ဟုဆိုခဲ့သည်။ သို့သော်အက်တလီက…..

“ခင်ဗျားတို့နိုင်ငံတစ်နှစ်အတွင်းလွတ်လပ်ရေးပေးဖို့အတွက်ကျနော် အင်္ဂလန်ပါလီမန်လွှတ်တော်ကို ဒီအတိုင်းပဲ တင်ပြပါ့မယ်။ ” ဟုဆိုခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှ ပါလီမန်၏ သဘော သဘာဝကိုအပြည့်အဝနားမလည်သဖြင့် ဇွတ်အတင်းလက်မှတ်ထိုးခိုင်းခဲ့ရာ  အက်တလီ်၏ ပါလီမန်၏ ဆုံးဖြတ်ချက်နှင့် မြန်မာပြည်ကို တစ်နှစ်အတွင်းလွတ်လပ်ရေးပေးပါမည် ဟူသောမူကိုလုံးဝကန့်ကွက်နေ၍ ဆွေးနွေးပွဲကို ဆက်လက်မကျင်းပတော့ဘဲ (၃) ရက်ခန့်ရွေ့ဆိုင်းလိုက်ရသည်။

ထို့နောက်မြန်မာပြည်တွင် ဇနီး မကျန်းမာ၍ ကျန်ရစ်ခဲ့သော ဘကြီးဘဘေကို လေယာဉ်ပျံလွှတ်၍အမြန်လိုက်ခဲ့ရန်ဖိတ်ခေါ်ခဲ့ရသည်။ ဦးဘဘေလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဆွေးနွေးပွဲတက်ရောက်ရန် စီစဉ်နေစဉ်အတွင်း ၎င်း၏ ဇနီးဒေါ်ဖွားမျှင် အသည်းအသန်ဖြစ်နေ၍ မလိုက်ဖြစ်ခဲ့ချေ။ ယင်းကိစ္စကို ဦးဘဘေ၏ဇနီးဖြစ်သူ သိရှိသွားသောအခါ ကျွန်မ အရေးထက် တိုင်းပြည်အရေးကို ပိုအရေးကြီးတယ် ရှင်လိုက်သွားဟုပြောခဲ့သောကြောင့် ဗိုလ်ချုပ် လွှတ်လိုက်သည့် လေယာဉ်ဖြင့် အမြန်ဆုံးလိုက်သွားခဲ့လေသည်။

ဦးဘဘေသည်လန်ဒန်မြို့သို့ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်သွားဆုံပြီးနောက်….

“ဟ နေပါဦး၊ မင်းတို့အစည်းအဝေးကိုပျက်ပြီး စာချုပ်မချုပ်ဖြစ်တာ ဘာကြောင့်လဲ ငါ့ပြစမ်း ” ဟုဆိုကာ အစည်းအဝေးပျက်ရသည့်အကြောင်းအရင်းဖတ်ပြီးနောက် ဦးဘဘေကဗိုလ်ချုပ်အား……..

“ဟ အခုအတိုင်းဆို အက်တလီ ပြောတာမှန်တာပေါ့၊ မင်းမှားတယ်။ သူတို့ ပါလီမန် ဒီမိုကရေစီကို မင်းနားမလည်တာ။ ဒီမိုကရေစီဆိုတာ ဝန်ကြီးချုပ်က သူလုပ်ချင်သလိုလုပ်လို့မရဘူး ပါလီမန်က အတည်ပြုမှသူလုပ်ချင်တာလုပ်လို့ရတယ် ” ဟုပြောသောအခါမှ ဗိုလ်ချုပ်အောင် ဆန်းသည် သူ့အမှားကို လက်ခံကာ အစည်းအဝေး ပြန်လည်ကျင်းပ၍ အောင်ဆန်း – အက်တလီ စာချုပ် ကိစ္စပြန်လည်ဆွေးနွေး၍ ဇန်နဝါ ရီလ ၂၇ ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့လေသည်။

အဆိုပါ စာချုပ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အရေးပါခဲ့သော်လည်း စာချုပ်၌ ဗြိတိသျှတို့က ‘ဝှက်ဖဲ’ အဖြစ် စာချုပ်၏အပိုဒ် ၃၊ ၈ အပိုဒ်ခွဲ(ခ)တွင်-

“တောင်တန်းဒေသပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ ကိုယ်တိုင်က မိမိတို့သည် မြန်မာပြည်မ နှင့်အတူ လွတ်လပ်ရေးကို ရယူပြီး ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ် နေလိုပါသည်ဟု အခိုင်အမာ စာချုပ် တစ်ခုလက်မှတ်ရေးထိုးချုပ်ဆိုပေးရမည်” ဟူ၍ ထည့်သွင်းဖေါ်ပြထားသည်။

ဗြိတိသျှနယ်ချဲ့တို့၏ ‘ဝှက်ဖဲ’ အစီအစဉ်ကား မိမိတို့ အစွမ်းကုန်စည်းရုံးသွေးခွဲထားသည့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များသည် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြမည်မဟုတ်။ ထို့ကြောင့် အောင်ဆန်း-အက်တလီ စာချုပ်အရ တောင်တန်းဒေသပြည်နယ်များကို မြန်မာပြည်မနှင့် တပြိုင်နက်တည်း လွတ်လပ်ရေးရရန် လိုမည်မဟုတ်တော့။ ထို့ကြောင့် အထက်ပါ စာပိုဒ်ကို ‘အောင်ဆန်း-အက်တလီ စာချုပ်’ တွင် ဝှတ်ဖဲ အဖြစ် တမင်ထည့်သွင်းထားခြင်း ဖြစ်သည်။

ထိုစဉ်က နယ်ချဲ့တို့၏  ‘ဝှက်ဖဲ’ စာပုဒ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် သခင်မြနှင့် အခြားခေါင်ဆောင်များက ဘဝင်မကျခဲ့ကြချေ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းက အောင်ဆန်း-အက်တလီ စာချုပ်ပါ စာပိုဒ် ၃၊ ၈ အပိုဒ်ခွဲ (ခ)နှင့် ပတ်သက်၍ “ဆရာ ဒါအတွက် ဘာမှမစိုး ရိမ်ပါနဲ့။ ဒါဟာ သူတို့က ကျနော်တို့ကို စိန်ခေါ်လိုက်တာပဲ။ ကျနော်ကလည်း ဒီစိန်ခေါ်ချက်ကို လက်ခံပြီး မြန်မာပြည်ပြန်ရောက်တော့ ကျနော်တို့ရဲ့ စည်းရုံးရေးအင်အားကို ကောင်းကောင်းကြီးပြပါမယ်” ဟူ၍ သူကိုယ်သူ ယုံကြည်မှုအပြည့်အဝရှိဟန်ဖြင့် ပြောဆိုလိုက်ပါတယ်။

ဤသို့ဖြင့် ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၃ နာရီ၊ မိနစ် ၅၀ တိတိတွင် လန်ဒန်မြို့ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်နေအိမ်၌ ရဲဝံ့စွာ လက်မှတ်ထိုးခဲ့ပါသည်။

အောင်ဆန်း-အက်တလီ စာချုပ်၌ ပါဝင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

● အောင်ဆန်း-အက်တလီစာချုပ်
ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံဘုရင်ခံမင်းကြီး၏ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တော်တို့ ဆွေးနွေးတိုင်ပင် ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ

ကိုယ်စားလှယ်တော်များက အရေးဆိုသော ဂရိတ်ဗြိတိန်နှင့် မြန်မာနိုင်ငံတော်တို့၏ အနာဂတ် ဆက်ခံရေးနှင့် သက်ဆိုင်သော ကိစ္စအဝဝတို့ကို ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော် အမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်တော်များ ဆွေးနွေးတိုင်ပင်ပြီးလျှင် ‘ကော်မော်ဝဲလ်သ်’ အတွင်းတွင် ဖြစ်စေ၊ အပြင်မှ ဖြစ်စေ၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာ မြန်မာနိုင်ငံတော်သူ နိုင်ငံသားများသည် မိမိတို့လွတ်လပ်ရေးကို ဆွတ်ခူးနိုင်စေမည့်ဖြစ်သော နည်းလမ်းများနှင့် စပ်လျဉ်း၍ အောက်ပါသဘောတူ အဆုံးသတ်ချက်များကို ရောက်ရှိကြလေသည်။

(၁) တိုင်းပြုပြည်ပြုလွှတ်တော်
မြန်မာနိုင်ငံတော်သူ နိုင်ငံသားတို့သည် မိမိတို့၏ နိုင်ငံအနာဂတ်အုပ်ချုပ်ရေးကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဆုံးဖြတ်နိုင်စိပ့်သောငှာ ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ အက်ဥပဒေ ရွေးကောက်နည်းစနစ်ကို အသုံးပြုလိမ့်မည်။

(၂) ခေတ်ပြောင်းချိန်အစိုးရအမျိုးအစား
ခေတ်ပြောင်းချိန်ကာလအတွင်း မြန်မာနိုင်ငံတော်အစိုးရသည် ယခုအတိုင်းကဲ့သို့ပင် ၁၉၃၅ ခုနှစ် အက်ဥပဒေအပိုဒ် ၁၃၉ အရ အပ်နှင်းထားသော အထူးအာဏာများနှင့် ၁၉၄၅ ယာယီစီမံချက် အက်ဥပဒေနှင့်တကွ ယင်းဥပဒေအရ ကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့် ဟူသမျှအတိုင်း ဆောင်ရွက်သွားလိမ့်မည်။

အစိုးရတစ်ဦးတစ်ဖက်၏ သဘောတွင် အထူးဆောင်ရွက်ရန် လိုသည်ဟု ထင်မြင်သော ထူးခြားသည့်အကြောင်းအချက်များ ပေါ်ပေါက်လျှင် ထိုအကြောင်းအချက်များကို လိုက်လျောရန် ပြောင်းလဲနိုင်ချက်ရှိလျှင် မည်သို့သော ပြောင်းလဲနိုင်ချက် ပြုလုပ်နိုင်သည်ကို ဘုရင်မင်းမြတ်အစိုးရက စဉ်းစားလိမ့်မည်။

(၃) ကြားဖြတ်ဥပဒေပြုအဖွဲ့
ကြားဖြတ်ကာလအတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေက ပြဠာန်းထားသည့်အတိုင်းဖြစ်သော ဥပဒေပြုကောင်စီတစ်ခု ရှိလိမ့်မည်။ အခွင့်ပြုထားသော ဦးရေကို ၅၀မှ ၁၀၀ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ်အစိုးရက ကောင်စီတွင် ထုတ်ပြန်သော အမိန့်ဖြင့် ဖွေရှာလိမ့်မည်။

တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ခြင်းများပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ဘုရင်ခံမင်းကြီးသည် ဦးရေ ၁၀၀ ပါဝင်သော ဥပဒေပြုကောင်စီတစ်ခုကို အမည်တပ်ခန့်အပ်လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်းသားမဟုတ်သော လူနည်းစုများ၏ ကိုယ်စားဆောင်ရွက်ရန် လူဦးရေ အနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြုပြည်ပြုလွှတ်တော်သို့ ရွေးကောက်တင်မြှောက်လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။

ဥပဒေပြုကောင်စီ၏ အာဏာများမှာ မကြာသေးမီက ဖျက်သိမ်းလိုက်သော ဦးရေ ၅၀ ပါဝင်သည့် ဥပဒေပြုကောင်စီရရှိထားသော အာဏာ များနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်။

(၄) ကြားဖြတ်အစိုးရ
ဘုရင်ခံမင်းကြီး၏အမှုဆောင်ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရဖြစ်လိမ့်မည်။ အထက်ပါ အပိုဒ် ၂ တွင် ဖေါ်ပြခဲ့သော အဖြူထည်ဘောင်အတွင်းတွင် ဆက်လက်တည်ရမည်ဖြစ်ကာ အမှုဆောင်ကောင်စီ၊ သို့မဟုတ် ဘုရင်ခံမင်းကြီ၏ တရားဝင်အာဏာများကို မပြောင်းလဲစေရန် အဖြစ်နိုင်ငြားသော်လည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယကြားဖြတ်အစိုးရနည်းတူ ယေဘူယျအားဖြင့် ဆောင်ရွက်သွားလိမ့်မည့်ပြင် အထူးသဖြင့်-

(က) အမှုဆောင်ကောင်စီကို ဒိုမီနီယန်အစိုးရအား ရင်းနှီးစွာ တိုင်ပင်နှီးနှောအလေးဂရုပြုဘိ သကဲ့သို့ ပြုမူလိမ့်မည့်အပြင် အမှုဆောင်ကောင် စီသည် နိုင်ငံ အုပ်ချုပ်ရေးဆောင်ရွက်မြဲ တာဝန်များကို ဆောင်ရွက်ရာ၌ အကြီးနိုင်ဆုံးသော လွတ်လပ်ခွင့်ကို ရရှိလိမ့်မည်။

ဝန်ကြီးအဖွဲ့အစည်းအဝေးပွဲများတွင် ဘုရင်ခံမင်းကြီးက ဥက္ကဠအဖြစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ၁၉၃၅ ခုနှစ် အက်ဥပဒေ တည်ဆဲသဘောအတွင်း အသုံးပြုသော ဓလေ့ထုံးစံကို အမှုဆောင်ကောင်စီနှင့် သက်ဆိုင်ရာတွင် ပင် ဆက်လက်ကျင့်သုံးလိမ့်မည်။

(ခ) မြန်မာနိုင်ငံတော်အစိုးရသည် ကိုယ်ပိုင်ဘဏ္ဍာရေးအုပ်ချုပ်မှု [နောက်ဆက်တွဲ (ခ)ကို ကြည့်ပါ]ကို ရရှိစေမည်ဟု မူအားဖြင့် ဘုရင် မင်းမြတ် အစိုးရက သဘောတူညီသည်။

(ဂ) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာကိစ္စများကို အမှုဆောင်ကောင်စီတွင် တင်သွင်းလိမ့်မည်။ အမှုဆောင်ကောင်စီသည် ဤအရေးကိစ္စများကို စီမံခန့်ခွဲရာတွင် အပြည့်အစုံတွဲဖက်ဆောင်ရွက်လိမ့်မည်။

(ဃ) ထိုသို့ကိစ္စများဆောင်ရွက်မြဲတာဝန်ကို ဘုရင်ခံမင်းကြီးက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးအတိုင်ပင်ခံဝန်ကြီးအား တာဝန်လွှဲအပ် လိမ့်မည်။

တရားဝင်အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှအပ အမှုဆောင် ကောင်စီအဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှုနယ်ပယ်တွင် ပေါ်ပေါက်သော ကိစ္စဟူသမျှကို အရေးဆိုရန်နှင့် စဉ်းစားရန်လည်းကောင်း၊ ဆွေးနွေးရန်လည်းကောင်း၊ ဆုံးဖြတ်ရန်လည်းကောင်း လုံးဝလွတ်လပ်ခွင့်ရှိလိမ့်မည်။

(၅) နိုင်ငံခြားရေးရာ ကိစ္စများ
လန်ဒန်မြို့တော်တွင် မြန်မာအစိုးရကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်အတွက် မဟာမင်းကြီးတစ်ပါးခန့်ထားစေလိမ့်မည်။ မြန်မာနိုင်ငံတော်က တိုင်းရေးပြည်မှု စေ့စပ်ပြောဆိုသူ ကိုယ်စားလှယ်လဲ လဲလှယ်လိုသော နိုင်ငံများ၏အစိုးရများအားထိုကဲ့သို့လဲလှယ်ခြင်းကို သဘောတူရန် ဘုရင်မင်းမြတ်အစိုးရက တောင်းဆိုလိမ့်မည်။

(၆) ပြည်တော်အချင်းချင်းအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အဖြစ်
ကုလသမဂ္ဂအဖွဲ့တွင် အဖွဲ့ဝင်တဦးအဖြစ်ဖြင့် ပါဝင်ရန် မြန်မာနိုင်ငံတော်၏ လျှောက်ထားချက်ကို မြန်မာနိုင်ငံတော်၏ တိုင်းပြုပြည်ပြုရေးအခြေအနေသည် ထိုလျှောက်ထားချက်မျိုးကို လက်ခံနိုင် လောက်အောင်ဖြစ်သည်နှင့် တပြိုင်နက် ဘုရင်မင်းမြတ်အစိုးရက လုံးဝထောက်ခံချက်ပေးလိမ့်မည်။ ဤအတောအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူးသော အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်က မည်မျှလောက်ပါဝင်ဆောင်ရွက်နိုင်သည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏အထွေထွေအတွင်းရေးမှူးချုပ်နှင့် စုံစမ်းညှိနှိုင်း လိမ့်မည်။

မြန်မာနိုင်ငံတော်က ချဉ်းကပ်ဆက်သွယ်လျက်ရှိစေလိုသော အခြားအခြားသော ပြည်ထောင် အချင်းချင်းအဖွဲ့ အသင်းများသို့လည်း ထိုအဖွဲ့များ၏အလုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ဖြင့် သို့မဟုတ် အခြားနည်းဖြင့် မြန်မာနိုင်ငံတော်က ပါဝင်ဆောင်ရွက်နိုင် မနိုင်ကို ထောက်လှမ်း စစ်လျှောက်သော သဘောနှင့် ချဉ်းကပ်ဆက်သွယ်လိမ့်မည်။

(၇) ကာကွယ်ရေး
(က) တည်မြဲလျက်ရှိသော လုပ်ရိုးလုပ်စဉ်အတိုင်း မြန်မာနိုင်ငံတော်တွင် ချထားသော ဗြိတိသျှစစ်သည်တော်များအားလုံးသည် ဘုရင်မင်းမြတ်အစိုးရ၏ အဆုံးစွန်သော အုပ်ချုပ်မှုလက်အောက်တွင် နေလိမ့်မည်။

(ခ) မြန်မာစစ်သည်တော်အားလုံးတို့မှာ မြန်မာနိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုလက်အောက်သို့ ချက်ချင်းရောက်ရှိစေလိမ့်မည်။

(ဂ) မြန်မာနိုင်ငံတော်စစ်ဗိုလ်ချုပ်ကြီးသည် စောနိုင်သမျှ စောစောဖြစ်နိုင်သောအချိန်၌ ဘုရင်ခံမင်းမြတ်ကြီးနှင့် မြန်မာနိုင်ငံတော်အစိုးရလက်အောက်ခံဖြစ်စေရမည်ဆိုသည်ကို မူအားဖြင့် ဘုရင်ခံမင်းမြတ်အစိုးရက သဘောတူညီကြောင်း။ သို့ရာတွင် ယခုအခိုက်အတန့်မှာ နိုင်ငံပေါင်းများတွင် ပျံနှံလျက်ရှိသော မဟာမိတ်အချင်းချင်း စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှု အစီအစဉ်များကို မရုပ်သိမ်းသေးသမျှ မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် အရှေ့အာရှတိုက်တောင်ပိုင်းကုန်းတပ်များ၏ လက်အောက်ခံ ဖြစ်နေလိမ့်မည်။ ဤကာလအတွင်း မြန်မာနိုင်ငံတော်အစိုးရနှင့် ဆိုင်ရာအာဏာပိုင်တို့သည် အစဉ်အလာအတိုင်းပင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိမ့်မည်။ ရေတပ်၊ လေတပ်များနှင့် စပ်လျဉ်း၍လည်း အလားတူသင့်တင့် လျောက်ပတ်သော အစီအစဉ်များကို သတ်မှတ်ထားလိမ့်မည်။

(ဃ) မြန်မာနိုင်ငံတော် ကာကွယ်ရေးရေးတပ်များ ဖွဲ့စည်းခြင်းတွင် ကူညီထောက်ပံ့ရန် ပြဿနာသည် နှစ်ဦးသော အစိုးရတို့ ဆွေးနွေးရန် ကိစ္စဖြစ်စေလိမ့်မည်။ ဘုရင်မင်းမြတ်အစိုးရက ဤကိစ္စတွင် မြန်မာနိုင်ငံတော်အစိုးရအား အစွမ်းကုန်ကူညီရန် ဆန္ဒရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားရပ်ကွက်ဒေသများတွင် ယူပြီးသော ကြီးလေးသည့်တာဝန်များကိုလည်း ဂရုထားရပေဦးမည်။

(င) အုပ်ချုပ်ရေးသစ်ဖြစ်ထွန်းသက်ရောက်လာသည့်နောက် မြန်မာနိုင်ငံတော်ရှိ ဗြိတိသျှတပ်များကို ဆက်လက်ထားရှိရန် သို့မဟုတ် အသုံးပြုရန် ပြဿနာမှာ ဘုရင်မင်းမြတ် အစိုးရနှင့်မြန်မာနိုင်ငံတော်အစိုးရတို့ သဘောတူရန် ကိစ္စဖြစ်ပေလိမ့်မည်။

(၈) နယ်ခြားဒေသများ
နယ်ခြားဒေသများနှင့် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သောသူများ၏လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်းပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာကိုယ်စားလှယ်တော်များနှစ်ဦး နှစ်ဖက်၏ သဘောတူပြီးသော ရည်ရွယ်ချက်ဖြစ်သည်။ ဤအတောတွင်း နယ်ခြားရှိလူများသည် နှစ်ဦး နှစ်ဖက်အကျိုးရှိသော ကိစ္စများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော နည်းဖြင့် မြန်မာနိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်းတွဲဖက်ရမည်။ ဤသည်တို့ကို မျှော်ကိုး၍ သဘောတူညီကြသည်မှာ-

(က) နယ်ခြားဒေသလူများနှင့် ဝန်ကြီးများအုပ်ချုပ်သောမြန်မာနိုင်ငံလူများသည် အတားအဆီးမရှိဘဲ လွတ်လပ်စွာ ကူးလူးဆက် ဆံခြင်းရှိစေရမည်။

(ခ) ၁။ အခြားကိစ္စများပေါ်တွင် ဘုရင်မင်းမြတ်ကို အကြံပေးရန်နှင့် အမှုဆောင်ကောင်စီနှင့် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြားဒေသကိုယ်စားလှယ်ခန့်ထားခြင်းဖြင့်လည်းကောင်း သို့မဟုတ်

၂။ နယ်ခြားကိစ္စများကို အုပ်ချုပ်သောအမှုဆောင်ဝန်ကြီးအဖြစ်ဖြင့် နယ်ခြားဒေသကိုယ်စားလှယ်တစ်ဦးခန့်ထားခြင်းဖြင့်လည်းကောင်း သို့မဟုတ်-

၃။ အခြားနည်းဖြင့်လည်းကောင်း၊ ခေတ်ပြောင်းခေတ်လွဲကာလအတွင်း လက်ခံနိုင်မည်ဟု မိမိတို့ ထင်မြင်သော မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးတွဲပေါင်းဖက်ပုံနှင့် ပတ်သက်၍ မိမိတို့ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည်ဖြစ်သော ဝန်ကြီးကွန်ဖရင့်တွင်လည်းကောင်း၊ သို့မဟုတ် ဤကိစ္စအတွက် ကျင်းပသော အထူးကွန်ဖရင့်တွင်လည်းကောင်း၊ နယ်ခြားဒေသရှိ လူများ၏ခေါင်းဆောင်များကိုယ်စားလှယ်များကို မေးမြန်းရမည်။

(ဂ) ပင်လုံအစည်းအဝေး၊ သို့မဟုတ် အထူးကွန်ဖရင့်အစည်းအဝေးပြီးဆုံးသည့်အခါတွင် ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရတို့သည် နယ်ခြားလူများထုတ်ဖော်ပြောဆို လိုက်လျော်ညီစွာ အများသဘောတူလိုလားချက်များကို ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူညီချက် ရယူလိမ့်မည်ဖြစ်ကြောင်း။

(ဃ) မြန်မာနိုင်ငံတော်အုပ်ချုပ်ရေးဥပဒေသစ်အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများ ပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစနစ်ရှာဖွေရန်အတွက် စုံစမ်းရေးကော်မတီတစ်ခုကို ချက်ချင်းတည်ထောင်ရန် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံတော်ရပ်ကွက်ဒေသမှ အမှုဆောင် ကောင်စီအဖွဲ့က တင်မြှောက်သောအဖွဲ့ဝင်များနှင့် နယ်ခြားဒေသခေါင်းဆောင်များတိုင်ပင်နှီးနှောလျက် တင်မြောက်သောအဖွဲ့ဝင်များ၊ ထိုကော်မတီတွင် ဦးရေအညီအမျှပါဝင်လိမ့်မည်ပြင် သဘောတူရွေးချယ်သော မြန်မာနိုင်ငံတော်အပြင်အပမှ ကြားနေပုဂ္ဂိုလ်တဦးကို ဥက္ကဠခန့်ထားမည်ဖြစ်ကြောင်း ဤကော်မတီက တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမစမီ အစီရင်ခံ တင်သွင်းရန် တောင်းဆိုမည်။

(၉) ဘဏ္ဍာရေး
ဘဏ္ဍာရေးပြဿနာများအတော်အတန်စဉ်းစားခဲ့ပြီးဖြစ်၍ ဤကိစ္စများကို မည်သို့စီမံခန့်ခွဲနိုင်ရန် သဘောတူညီချက်တစ်ခု ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။ သဘောတူညီချက်ကိုမူ ပူးတွဲပါနောက်ဆက်တွဲတွင် ဖော်ပြထားသည်။

နောက်ဆက်တွဲ (က)
လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒပေးရွေးကောက်ခြင်းခံနိုင်ခွင့်အလို့ငှာ မြန်မာနိုင်ငံတော်တွင် မွေးဖွား၍ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁ ရက် သို့မဟုတ် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မရှေးမနှောင်းဖြစ်သော ၁၀နှစ်အတွင်း တွင် စုစုပေါင်း ၈နှစ်ထက်မနည်းမြန်မာနိုင်ငံတော်တွင် နေထိုင်ခဲ့သော ဗြိတိသျှလက်အောက်ခံ သို့မဟုတ် အိန္ဒိယနယ်ပယ်လက်အောက်ခံ နိုင်ငံသားကို မြန်မာအမျိုးဟု အဓိပ္ပါယ်ဖော်ပြသည်။

နောက်ဆက်တွဲ (ခ)
ဘဏ္ဍာရေး
၁။ မြန်မာနိုင်ငံတော်သည် ကိုယ်ပိုင်ဘဏ္ဍာရေးအုပ်ချုပ်ခွင့်ရှိသင့်သည်ကို ဘုရင်မင်းမြတ်အစိုးရက သဘောတူပြီး ဖြစ်သည်။

၂။ ‘နိုင်ငံချင်းချင်းငွေကြေးရန် ပုံနှင့် နိုင်ငံချင်းချင်းဘဏ်’တွင် ပါဝင်လိုက လျှောက်ထားရန် အခြေအနေရှိသည်နှင့် တပြိုင်နက် ခိုင်လုံသောအဖွဲ့ဝင်တစ်ဦးအဖြစ်ကို ရစိမ့်သောငှာ ဘုရင်မင်းမြတ် အစိုးရတို့က စွမ်းအားရှိသလောက်ဆောင်ရွက်ရန် တာဝန်ယူပြီးဖြစ်သည်။

၃။ ၁၉၄၅ ခုနှစ်အောက်တိုဘာလမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး နှစ် အတွင်းမြန်မာနိုင်ငံတော်က အတိုးလွတ်ရွှေဒင်္ဂါးပေါင်း ၈, ၀၀၀, ၀၀၀ (အသားတင်) ခန့်ရရှိခဲ့ပြီ။ ထို့ပြင် ၁၉၄၆ ခုနှစ် အောက်တိုဘာလမှစ၍ ၁၉၄၇ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ် ၇၅ သန်း (အသားတင်) ရရှိရန်အတွက် သဘောတူပြီးဖြစ်သည။် နယ်ခြားဒေသများအတွက် ထောက်ပံ့ကြေးများကို ထည့်သွင်းစဉ်းစား၍ ရိုးရိုးဘတ်ဂျက်တွင် ယခုနှစ် လျော့သော ငွေအတွက် ထပ်မံထောက်ပံ့မည်ဟု ဘုရင်မင်းမြတ်အစိုးရက သဘောတူပြီးဖြစ်သည်။

၎။ (အစိုးရတို့၏ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ယေဘုယျအားဖြင့် သက်ဆိုင်သော) ပရိုဂျက်စီမံကိန်းဆိုင်ရာ ဘတ်ဂျက်နှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်က ဘိလပ်နိုင်ငံမှ အချုပ်အချယ် မရှိသော်လည်း အပြန်အလှန်အပြည့်အစုံအကြောင်းကြားနည်းနှင့် သတ်မှတ်ထားသော ငွေချေးရေးကိစ္စ ပြုလုပ်နိုင်မည် မလုပ်နိုင်မည်ကို ဘုရင်မင်းမြတ်အစိုးရက စုံစမ်းစစ်ဆေးနိုင်လိမ့်မည်။

၅။ ဘဏ္ဍာရေးအခြေမှန်များကို ထပ်မံတွဲဖက်စစ်ဆေး၍ ရသောတွက်ကိန်းများကို သတိမူပြီးလျှင် အတိုးလွတ်ချေးငှားထားသော ငွေတစိတ်တဒေသကို အပြီးအငြိမ်း ထောက်ပံ့ငွေအဖြစ်သို့ကြောင့် လဲနိုင်သည်ကိုမူ အားဖြင့် သဘောတူရန် ဘုရင်မင်းမြတ်အစိုးရက အဆင်သင့်ရှိသည်။

၆။ တဦးအပေါ်တဦးတာဝန်မထားဘဲ ဘဏ္ဍာရေးအခြေမှန်ကို မြန်မာနိုင်ငံတွင် ထပ်မံတွဲဖက် စစ်ဆေးရန် သဘောတူညီကြောင်း အပိုဒ် ငယ်-၃၊ အပိုဒ်ငယ်- ၄တို့တွင် ဖော်ပြထားသော သဘောတူညီ ချက်ထက် ပိုမို၍ ဘုရင်မင်းမြတ်အစိုးရထဲမှ ထပ်မံအကူအညီအလိုရှိသဖြင့် ထိုသို့သောအကူအညီပေးခဲ့လျှင် သဘောတူညီသော စည်းကမ်းချက်များအတိုင်း ဖြစ်လိမ့်မည်။

(၁၀) အခြားကိစ္စများ
မြန်မာနိုင်ငံတော် အဆင့်အတန်းပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့သဘောတူဆိုက်ရောက်ရန် အခြားပြဿနာများပေါ်ပေါက်လိမ့်မည်။ ဤပြဿနာ များကို ပေါ်ပေါက်လာသည့်အလျောက်လက်ခံ၍ ယခုဆွေးနွေးပွဲများတွင် ထင်ရှားခဲ့သော မိတ်ဆွေရင်းချာ သမဝါယမနှလုံးထားဖြင့် ဆောင်ရွက်လိမ့်မည်။

ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာအမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်များသည် တိုင်ပင်နှီးနှောခြင်းနှင့် ကူညီရိုင်းပင်းခြင်း၊ ယခုနည်းကို ဆက်လက်စေသောအားဖြင့် ဗြိတသျှ ̒ ကော်မော်ဝလ်သ် ̕ အတွင်းတွင်ဖြစ်စေ၊ အပြင်အပမှဖြစ်စေ ကိုယ်ပိုင်လွတ်လပ်သော မြန်မာနိုင်ငံတော်ဘဝသို့ ရောက်စေလိုသော နှစ်ဦးနှစ်ဖက် ရည်ရွယ်ချက်ကို ချောမောလျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်လိမ့်မည် ဟု တထစ်ချ ယုံကြည်ကြသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးသစ်မရောက်မီ ခေတ်ပြောင်း ခေတ်လွဲ တလျှောက်ပေါ်ပေါက်လိမ့်မည်ဖြစ်သော အနာဂတ်ကိစ္စများကို သဘောတူဆိုက်ရောက်ရေးတွင် တစ်ဦးကို တစ်ဦးရိုင်းပင်းကူညီရန် သဘောတူကြလေသည်။

(ပုံ)                                                  (ပုံ)

စီ၊ အာရ်၊ အက်တလီ                                   အောင်ဆန်း
၁၀၊ ဒေါင်းနင်းလမ်း။
ဇန်နဝါရီ ၂၇ ရက်၊ ၁၉၄၇ ခု။

ထို့နောက် မြန်မာ ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့ဝင်များတစ်ဦးပြီးတစ်ဦး လက်မှတ်ရေးထိုးကြသည်။ သို့သော် သခင်ဗစိန်နှင့် ဂဠုန်းဦးစော တို့က လက်မှတ်မထိုးကြချေ။ သခင်ဗစိန်က-

“နိုင်ငံရေးအရ လွတ်လပ်ခွင့် အပြည့်အဝ မရဟု ယူဆ၍ အောင်ဆန်း-အက်တလီ စာချုပ်ကို လက်မှတ်မထိုးခြင်းဖြစ်သည်။” ဟု ဆိုသည်။ သို့ဖြင့် စာချုပ်၏ နောက်ဆက်တွဲ၌ အင်္ဂလိပ်ဘာသာဖြင့် Note of dissent by U Saw and Thakhin Ba Sein (ဝန်ကြီးသခင်ဗစိန်နှင့် ဝန်ကြီးဦးစောတို့သည် ဤဆုံးဖြတ်ချက်များတွင် ထပ်ဆက်ရန် မတတ်နိုင်တော့ချေ။) ဟူ၍ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ၁၉၄၇ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဘုရင်ခံ အမှုဆောင်ကောင်မတီ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသခင်ဗစိန်သည် ဝန်ကြီးအဖွဲ့မှ လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဦးစောသည် ဝန်ကြီးအဖြစ်မှလည်းကောင်း အသီးသီး နှုတ်ထွက်၍ ဗိုလ်ချုပ်အောင်ဆန်းအား အမျိုးမျိုးအပုတ်ချ၍ အောင်ဆန်း-အက်တလီစာချုပ်အား ကန့်ကွက်ခဲ့ကြသည်။

မြန်မာနိုင်ငံအဓိပတိဟောင်း ဒေါက်တာဘမော်ကလည်း အောင်ဆန်း-အက်တလီ စာချုပ်နှင့်ပတ်သတ်၍ အောက်ပါအတိုင်း ကန့်ကွက် ပြောကြားခဲ့သည်။

“ဒီ အင်္ဂလိပ် အောင်ဆန်းစာချုပ်ကို မစဉ်းစား မီ ဒီ စာချုပ်ရဲ့နောက်ခံကားကို အရင်တင်ပြချင်ပါတယ်။ ပထမတွေ့ဆုံတဲ့ နှစ်ဦး နှစ်ဘက်အားကို ကြည့်ကြ။ တဖက်က အင်္ဂလိပ်အားကို ကြည့်ရင် သူတို့ရဲ့ နှစ်ပေါင်း ၃၀၀ ကျော်ရာဇဝင်တလျှောက်လုံးမှာ ဒီလောက်အားပျက်ပြီး၊ ဖရိုဖရဲ ကျီးကန်းတောင်းမှောက်ဘဝကို ဘယ်တုန်းကမှ မရောက်ခဲ့ကြဖူးဘူး။ ဗမာဘက်က ဆိုရင် ကျွန်သက်ပေါင်းနှစ် ၆၀ ကျော်အတွင်းမှာ လူအင်အား၊ လက်နက်အင်အား ဗမာ့အခြေအနေအင်အား၊ ကမ္ဘာ့အခြေအနေအင်အား ဒီလောက်တောင် မစုံခဲ့ဖူးဘူး။ အင်္ဂလိပ်က ဗမာတောင်းသမျှကို ပေးရမယ့်အခြေအနေ၊ ဗမာက အင်္ဂလိပ်ဆီက တောင်း သမျှရရမယ့် အခြေအနေမှာ ရောက်နေခဲ့တယ်။

စစ်ကြီးအတွင်းက အင်္ဂလိပ်တွေ ပြန်လာတော့မယ်ဆိုတာ သိတာနဲ့ တပြိုင်နက်ကျုပ် ဘယ်လို သတိပေးခဲ့သလဲ။အင်္ဂလိပ်ဟာ လက်နက်စစ်ကြီးကို  နိုင်သည့်တိုင်အောင် ဗမာပြည်ကို ပြန်ပြီး နိုင်တယ်လို့ မဆိုနိုင်ဘူး။ အင်္ဂလိပ်ဟာ ဗမာပြည်ကို ပြန်ပြီးသိမ်းနိုင်တဲ့အားရှိပေမယ့် သိမ်းတဲ့ပစ္စည်းကို မြဲအောင် ထိန်းသိမ်းထားနိုင်တဲ့အားရှိမှာ မဟုတ်ဘူး။ ဗမာများက လက်နက်စစ်ကြီးမှာ အရှုံပေးရပေမယ့် နိုင်ငံရေးစစ်ကြီးမှာ အနိုင်ယူနိုင်သေးတယ်လို့ ကျုပ်ပြောရဲ တယ်။ အားမလျော့ဘဲ လုပ်ကြရင် လက်နက်စစ်ကို နိုင်ငံရေးစစ်က နိုင်နိုင်သေးတယ်လို့လည်း သတိပေးခဲ့တာကို မှတ်မိကြလိမ့်မယ်။

ကမ္ဘာ့ရာဇဝင်ကို ကြည့်ရင် နှစ်ပေါင်း ၃၀၀ အတွင်းမှာ ခုလိုလူကျော်ခွေးကျော် အမျိုးမျိုး အကျော်ခံရတဲ့ဘဝကို ဘယ်တုန်းကမှ အင်္ဂလိပ်တွေ မရောက်ခဲ့ဖူးဘူး။ ကျုပ်ပြောတာမှန်သလား မှားသလား သိချင်ရင် ဗမာပြည်မှာရှိတဲ့ အင်္ဂလိပ်တွေရဲ့မျက်နှာကိုသာ ကြည့်လိုက်ကြပါ။ အားကြီးတဲ့ ဗမာက ကိုယ်အားကိုကိုယ်မသိပဲ အင်္ဂလိပ်ပြောတဲ့အတိုင်း လုပ်လိုက်တယ်။ ဘိလပ်လို့ကြားတာနဲ့ တပြိုင်တည်းအကျီင်္၊ ဘောင်းဘီတွေ လု ချုပ်ကြတာပဲ။

ကဲအောင်ဆန်း-အက်တလီ စာချုပ်အကြောင်းကျုပ်ပြောပြမယ်။ နက်နက်နဲနဲ ပြောရရင် ဆုံးတော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အဲဒီစာချုပ်ရဲ့အဓိကအချက် ၂ ချက်ကိုသာ ဖော်ပြပါ့မယ်။

ပထမအချက်က ဦးအောင်ဆန်းကိုယ်တိုင်လည်းဝန်ခံထားတယ်။ အင်္ဂလိပ်ကလည်း ကြေညာ ထားတယ်။ ဘာလဲဆိုတော့ ဒီစာချုပ်ဟာ ၁၉၃၅ ခုနှစ် ဗမာပြည်အုပ်ချုပ်ရေး ဥပဒေနဲ့ ၁၉၄၅ ခုဗမာပြည်အုပ်ချုပ်ရေး ဥပဒေ။ အဲဒီနှစ်ခုအပေါ် မှာ အခြေတည်ထားတယ်။ ရှင်းရှင်းဆိုရင် အင်္ဂလိပ်အစိုးရက လုံးဝတာဝန်ခံရတဲ့ အင်္ဂလိပ်ဘုရင်ခံအာဏာရှင်ဖြစ်တဲ့ အုပ်ချုပ်ရေးပဲ။ ဦးအောင်ဆန်း လက်မှတ်မထိုးခင်က အတိုင်းဆိုရင် ဒီဘုရင်ခံအာဏာရှင် အုပ်ချုပ်ရေးဟာ ရွေးကောက်ပွဲပြီးတာနဲ့ တပြိုင်နက်ရုပ်သိမ်းရမယ်။ အခု အင်္ဂလိပ် အောင်ဆန်း စာချုပ်ကြောင့် ဗမာ့လွတ်လပ်ရေးမရမခြင်း တည်နေမယ်တဲ့။ ဒါဟာ စာချုပ်ထဲက အတိုင်းပဲ။ ဒီစာချုပ်ကို သေသေချာချာ စဉ်းစားရင် ပုလိပ်အဖွဲ့ ဥက္ကဠ ဦးဝမ်း သူ မော်ရဲ့ စကားအတိုင်း ‘ဝါးလေခါးလေ’ ပဲ။

ဒီစာချုပ်ကို ရှေ့တိုးပြီး အပိုင်း (၄)ပိုင်းခွဲစိတ်ပြီး ကြည့်၍ သာပြီး ဆိုးသေးတယ်။ ပထမပိုင်းက အုပ်ချုပ်ရေးအဖွဲ့။ ဒီအဖွဲ့ဟာ ရှေးကလို ဝန်ကြီးချုပ်အဖွဲ့မဟုတ်။ အင်္ဂလိပ်ဘုရင်ခံရဲ့ အတိုင်ပင်ခံ အမတ်အဖွဲ့သာ ဖြစ်တယ်။ အင်္ဂလိပ်ဘုရင်ခံ တစ်ခုတည်းသာ အာဏာကုန်ပိုင်တယ်။ ဒုတိယပိုင်းက လာမည့် တိုင်းပြုပြည်ပြု လွှတ်တော်ကလည်း ဘုရင်ခံတစ်ဦးတည်း အာဏာကုန်ပိုင်ပြီး အုပ်ချုပ်မယ့် လွှတ်တော်ပဲ။

တတိယပိုင်းက လာမည့်ဥပဒေပြုလွှတ်တော်လည်း ဘုရင်ခံက ရွေးပြီးခန့်မယ့် လွှတ်တော်ပဲ။

စတုတ္ထအပိုင်းဖြစ်တဲ့ တောင်တန်းနယ်တွေ ကိစ္စမှာ လည်း ဗမာ့အလိုအတိုင်း မဟုတ်ဘဲ တောင်တန်းနယ်ဒေသအလိုအတိုင်းသာ ဖြစ်ရမယ်တဲ့။ ထိုတို့ ဝင်ချင်ဝင် မဝင်ချင် နေနိုင်တယ်တဲ့။ သူတို့ ပြောရရင် ဗမာများရဲ့ရှေ့ကံကြမ္မာဟာ သူတို့လက်ထဲမှာ လို လိုဖြစ်နေတယ်။ ဒါက အင်္ဂလိပ်ရဲ့ အရင်းခံဝါဒအတိုင်းပဲ။ ဒါကို ဦးအောင်ဆန်းက လက်ခံခဲ့တယ်။ ဒါတွေနဲ့တောင် အင်္ဂလိပ်-အောင်ဆန်း စာချုပ်ကြောင့် အိန္ဒိယနဲ့ တန်းတူသွားပြီးကို မရှက်ဘဲ ပြောနေသေးတယ်။ ဒီစာချုပ်ကို အိန္ဒိယမှာ ထုတ်တဲ့ တိုင်းရင်းသား သတင်းစာတိုင်းက ‘ကလေးစာချုပ်’တို့ပြောင်နေကြတယ်။

ကဲ အင်္ဂလိပ်- အောင်ဆန်း စာချုပ်ရဲ့ ဒုတိယအခါက အချက်ကို ပြောပြဦးမယ်။ ဦးအောင်ဆန်းဟာ ဘိလပ်သွားပြီတာကို ကောင်းတာလဲ။ သူတို့ ဖဆပလ အဖွဲ့ကရော၊ ဖဆပလ အမတ်သတင်းစာတွေကရော ခုမှသူတို့တောင်းတဲ့ အချက်တွေကို မေ့အောင် အမျိုးမျိုးလုပ်နေကြပေမဲ့ ဗမာတွေရော၊ ကမ္ဘာကရော မမေ့ဘူးနော်။ ဘာတွေ တောင်းခဲ့သလဲ။

(၁) ဗမာ့လွတ်လပ်ရေးကို တစ်နှစ်အတွင်းကန့်သတ်ပေးဖို့။

(၂) တိုင်းပြုပြည်ပြု လွှတ်တော်ကို ဗမာသာဖြစ်ပြီး အာဏာပိုင်ဖြစ်ဖို့။

(၃) အာဏာပိုင်အစိုးရတစ်လအတွင်းဖြစ်ဖို့။

အဲဒီအချက်သုံးချက်ပဲ။ ဒါတွေကို အခုတော့ သူတို့သတင်းစာတွေ အားလုံးက ဖုံးထားကြတယ်။ ဟိုရောက်တော့ကော ဗမာ့ဆန္ဒ (၃)ချက်ကို တောင်းခဲ့သလား။ ကျုပ်ကို မမေးနဲ့ဦးအောင်ဆန်းကို မေး။ ရခဲ့သလား။ ကျုပ်ကို မမေးနဲ့။ စာချုပ်ကို ကြည့်ကြ။ တောင်း မတောင်းသိချင်ရင်  သူတို့နဲ့ အတူတူပါသွားတဲ့ သခင်ဗစိန်တို့သိတယ်။ မရခဲ့ဘူးဆိုတာကတော့ စာချုပ်ကို ကြည့်လို့ သိရတယ်။

သူတို့က လူထု၊ လူထုနဲ့ ပြောနေတယ်။ လူထုအင်အားကို တကယ်အားကိုးရင် ဘာဖြစ်လို့ ဘိလပ်သွားပြီး စာချုပ် ချုပ်သေးသလဲ။ ပရိယာယ်ဆိုတာ လိမ်တာပဲ။ အင်္ဂလိပ်တွေ လိမ်ချင်ရင်ခုလို ပြောမနေဘူး။ လိမ်ချင်ရင် လှည့်ပတ်ပြီး စာချုပ်ချုပ်ခိုင်းတာပဲ။ ဟူ၍ ၁၉၄၇ မတ်လ ၉ ရက်တွင် ရန်ကုန်မြို့ နေသူရိန် ရုံးကြီး၌ မဟာဗမာ အဖွဲ့ချုပ်မှ ကြီးမှူးသော ဗမာ့လက်ငင်း လွတ်လပ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မည်သိုဆိုစေ….
နယ်ချဲ့တို့ ချေးထိုး သွေးခွဲမှုများ၊ အသားထဲမှ လောက်ထွက် ဆိုသလို အမျိုးသား သစ္စာဖောက်များ၏ တပ်သျှို ဖြိုးခွင်မှုများကို ကျော်လွှာကား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ရေရှည်တည်တံ့ ခိုင်မြဲရန် တစ်ခုတည်းသော နည်းလမ်းမှာ ‘ပြည်ထောင်စု’ ပုံစံဖြင့် လွတ်လပ်ရေးရယူရန် ဖြစ်ကြောင်း ဟောပြော စည်းရုံး၍ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦး အတူ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်ကြီးကို ချုပ်ဆို၍ နယ်ချဲ့ ဗြိတိသျှတို့၏ လက်မှ ဗမာလွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် အရယူနိုင်ခဲ့သည် မဟုတ်ပါလော။

ကိုးကားသော စာနယ်ဇင်းများ
၁။ တက္ကသိုလ်နေဝင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း၊ တကောင်းစာပေတိုက်၊ ပကြိမ် ၂၀၀၉။
၂။ ဦးအောင်သန်း၊ အောင်သန်း၏ အောင်ဆန်း တကောင်းစာပေ၊ ပဉ္စမအကြိမ် ၂၀၁၁။
၃။ သန်းဝင်းလှိုင်၊ ဒေါက်တာဘမော၏ နိုင်ငံရေါ်ဆောင်ရွက်ချက်များ၊ ကျော်မွှေးစာပေ ပကြိမ် ၂၀၁၂။
၎။ သခင်တင်ဦး “အောင်ဆန်း-အက်တလီ စာချုပ်အတွင်းရေး”မောနီတာ ဂျာနယ် တွဲ ၁၊ မှတ် ၃၂ (၁၂-၁၂-၂၀၁၀)။
၅။ စန်းဝင်း (မြို့သစ်) “အောင်ဆန်း-အက်တလီ စာချုပ်နဲ့ အဖုအထစ်ကလေးများ” မောနီတာ ဂျာနယ် တွဲ ၁၊ မှတ် ၆၄ (၇-၈-၂၀၁၁)။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

One Response to (၆၆) နှစ်ပြည့် အောင်ဆန်း-အက်တလီစာချုပ်

  1. မောင်သန်းမြင့် on January 12, 2013 at 2:01 pm

    အောင်ဆန်း အက်တလီ စာချုပ် ချုပ်နိုင်အောင် လမ်းခင်းပေးခဲ့တဲ့ အတ္တလန္တိတ်-ချာတာ စာချုပ် နဲ့ မဟာမိတ်တို့နဲ့ ဖက်ဆစ်တော်လှန်ရေး ဆင်နွဲခဲ့တာကို မဖျောက်ထားသင့်ပါဘူး။ ဒီအချက်တွေကို ဖော်မှ မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ယူခဲ့တာဟာ တိုင်းရင်းသား တစ်ညီတစ်ညွတ်တည်း ပူးပေါင်းတိုက်ခိုက်ခဲ့တာကို ဖော်နိုင်မှာပါ။ နောက်ပိုင်း ၁၉၄၈ နောက်ပိုင်း ကရင် နဲ့ ဖြစ်တဲ့ အရေးအခင်းတွေ သမိုင်းအမှန်ပေါ်မှာပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်