“ ဖခင်များ မဟုတ်ကြလေရော့သလား … ’’ (Dhamma Beri Sayadaw)

January 16, 2013

 “ ဖခင်များ မဟုတ်ကြလေရော့သလား … ’’

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃

            အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ အဓိပတေယျသုတ်မှာ မြတ်စွာဘုရားရှင်က၊ လောကသာသနာ၊ နှစ်ဖြာ ကောင်းကျိုး၊ များတိုးစေဖို့အတွက် အလေးအနက်ထားရမယ့်တရား သုံးပါးရှိတယ်။

            (၁) မိမိကိုယ်ကိုယ် အလေးအနက်ထားခြင်း (အတ္တာဓိပတေယျ)။

(၂) မြင်အပ်,မမြင်အပ်တဲ့ မိမိပတ်ဝန်းကျင်လောကအပေါ် အလေးအနက်ထားခြင်း (လောကာဓိပတေယျ)။

(၃) ကောင်းတာပြုရင် ကောင်းကျိုးနဲ့တုံ့ပြန်၊ မကောင်းတာပြုရင် မကောင်းကျိုးနဲ့ တုံ့ပြန်တတ်တဲ့   လောကပါလ ဓမ္မအပေါ် အလေးအနက်ထားခြင်း(ဓမ္မာဓိပတေယျ) ဆိုတဲ့ တရားသုံးမျိုးတို့ပါ။

            “အတ္တာ ဟိ အတ္တနော နာထော” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ဩဝါဒအတိုင်း လူတိုင်းအတွက် အရေး အကြီးဆုံး ပထမလူဟာ မိမိတို့ ကိုယ်တိုင်ပဲဖြစ်လို့ “လူတိုင်းဟာ ပထမဦးဆုံး မိမိကိုယ်ကိုယ် အလေးအနက် ထားရမယ်”လို့ မြတ်ဗုဒ္ဓက ဟောညွှန်ထားတာပါ။ ဒီနေရာမှာ “မိမိကိုယ်ကိုယ်”ဆိုတာ မိမိတစ်ဦးတစ်ယောက် ကိုသာ ဆိုလိုတာမဟုတ်ပါဘူး၊ မိမိအပါအဝင် မိမိကိုအခြေခံပြီး တိုးတက်ပေါက်ဖွားလာမဲ့ မိမိရဲ့သားစဉ်မြေးဆက် အားလုံးကိုပဲ “မိမိကိုယ်တိုင်”အဖြစ် အလေးအနက် ထားကြရမှာပါ။

            လူတိုင်းဟာ မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့ ကောင်းမှုဆိုးမှုများအတိုင်း “ရရှိခြင်း ဆုံးရှုံးခြင်း”။ “လေးစား သိမှတ်ခြံရံပေါများခြင်းနဲ့ အထီးကျန်ခြင်း”။ “လေးစားမြတ်နိုးတန်ဖိုးထားချီးမွမ်းခံရခြင်းနဲ့ ကဲ့ရဲ့ပြစ်တင် ရှုတ်ချခံရခြင်း”။  “ကိုယ်ရောစိတ်ပါ ချမ်းသာသုခရခြင်းနဲ့ ဆင်းရဲဒုက္ခရခြင်း” ဆိုတဲ့ လောကဓံရှစ်မျိုး (လေးစုံ)ကို မငြင်းမဆန် လက်ခံရမြဲ ဖြစ်ပါတယ်။

            ဒီလောကဓံရှစ်မျိုးထဲမှာလဲ အဆိုးလောကဓံမျိုးနဲ့ကြုံရတဲ့အခါမှာ မိမိတစ်ဦးတစ်ယောက်ထဲက ခံစားလို့ ရနိုင်ပေမဲ့ အကောင်းလောကဓံတရားလေးမျိုးမှာတော့ လောကုတ္တရာချမ်းသာသုခဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာက လွဲလို့ လောကီကောင်းကျိုးဖြစ်တဲ့ လောကဓံကောင်းမှန်သမျှဟာ လောကကြီးကအသိအမှတ်ပြုခြင်းနဲ့ ဆက်စပ် ပြီးတော့မှသာ ခံစားချမ်းသာနိုင်တာပါ။ အသိအမှတ်ပြုပေးတဲ့ ပတ်ဝန်းကျင်လောကမရှိဘူးဆိုရင် သတ္တလောက ဆိတ်သုဉ်းနေတဲ့ သုညကမ္ဘာဆိုတာမျိုးမှာ လေးကျွန်းလုံးကို အာဏာစိုးပိုင်တဲ့ စကြာဝတေးမင်းကြီးဖြစ်နေဦးတော့ ခြံရံခစား လေးစားသိမှတ်သူမှမရှိဘဲ ဘယ်လိုလုပ် ချမ်းသာသုခတို့ ဂုဏ်သတင်းကျော်စောခြင်းတို့ဆိုတာ ဖြစ်နိုင်မလဲ။ ဒါကြောင့် လောကီလူသားတိုင်းဟာ ဒုတိယဦးစားပေးအဖြစ်နဲ့ ပတ်ဝန်းကျင် လောကအပေါ် အလေးအနက် ထားရမယ်လို့ ဆိုတာပါ။

            ဒီလိုတွေ့ကြုံခံစားရတဲ့ ကောင်းကျိုးနဲ့ဆိုးပြစ်များဟာလဲ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် ဘယ်သူ့ကိုမှ ဘက်မလိုက် တဲ့ ကမ္မနိယာမတရားကသာ အဆုံးအဖြတ်ပေးတာဖြစ်လို့၊ မိမိတို့ရဲ့အထွတ်အထိပ်အဖြစ်နဲ့ အမှန်တရားဆိုတဲ့ “ဓမ္မ”ကို အလေးအနက်ထားရမယ်လို့ ဟောညွှန်တော်မူတာပါ။

            အေလးအနက္ထားရမဲ့ ဒီအဓိပေတယ်တရား သံုးပါးထဲက “အတၲာဓိပေတယ်”ဆိုတဲ့ မိမိနဲ့ မိမိရဲ့ သားစဉ်မြေးဆက်များ အပေါ် အလေးအနက်ထားခြင်းနဲ့ပတ်သက်လို့ ပစ္စက္ခမျက်မှောက်မှာ အတုယူအားကျ လိုက်နာစရာ သာဓကတစ်ခုအနေနဲ့ ကဗျာဆရာကြီးဦးတင်မိုးရဲ့ “ငါကား ဖခင်ဖြစ်ချေပြီ”ဆိုတဲ့ ကဗျာဟာ တကယ်ကို ကောင်းမွန်ပြောင်မြောက်လှပါတယ်။

            (ဒီကဗျာကို ပဲခူး အ.ထ.က(၃)ကထုတ်တဲ့ အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ်မဂ္ဂဇင်းမှာ ရေးခဲ့တာ ဖြစ်ပေမဲ့ “အတွေးအမြင်” မဂ္ဂဇင်းမှာ ဆရာမောင်ဝံသက ဆောင်းပါးအဖြစ် ပြန်ရေးပြလိုက်မှ ပိုပြီးကျယ်ကျယ် ပြန့်ပြန့် သိခွင့်ရကြတာပါ)

ဆရာတင်မိုးရဲ့ကဗျာက-

“တို့အဖေကား

                            ရွှေငွေဥစ္စာ၊ အာဏာမင်းစက်

                            ရာထူးမက်”ဟု

                            သားရှက်မခံတော့ပါပြီ။

                           “တို့အဖေကား

                            နေရာတစ်ခု၊ ရလိုမှုတွက်

                            အလုအယက်၊ ခြေကိုဖက်”ဟု

                            သားရှက်မခံတော့ပါပြီ။

                            ငါ၏စိတ်ထား၊ ငါ့စကားသည်

                            သားတို့တန်ဆောင် သားတို့ခေါင်းဆောင် ဖြစ်ချေပြီ … တဲ့။

ဒီကဗျာနဲ့ပတ်သက်လို့ ဆရာမောင်ဝံသအိမ်မှာ ဆရာတင်မိုးနဲ့ဆုံမိပြီး စကားစမြည်ပြောဖြစ်တဲ့အခါ ဆရာတင်မိုးက-

            “ဆရာမင်းသုဝဏ်ရဲ့ ဩဝါဒစကားတစ်ခုရှိတယ်ဗျ၊ လူဆိုတာ သေခါနီးပြန်စဉ်းစားမိတဲ့အချိန်မှာ ကိုယ်တိုင်သာဓု ခေါ်သွားနိုင်တဲ့ အလုပ်မျိုးကို လုပ်နိုင်ခဲ့ဖို့ ကြိုးစားရမယ်တဲ့။ ကျွန်တော်ကတော့ ကိုယ်လုပ်ခဲ့ တာတွေအတွက် ကိုယ့်သားသမီးတွေ ရှက်စရာမဖြစ်အောင် ကြိုးစားနေရတုန်းပါဗျာ”လို့ လေးတွဲ့စကား ဆိုပါသတဲ့။ (မောင်ဝံသ၊ ဒုတိယအတွေး၊ ၁၀၂။)

            အတွေးအမြင်မဂ္ဂဇင်းမှာ ဒီကဗျာအကြောင်းကိုဖတ်ရတဲ့ နယ်ကကျောင်းဆရာတစ်ဦးရဲ့ အတွေ့အကြုံ  အဖြည့်ပိုဒ်ကလေးတစ်ခုကိုလဲ ဆရာမောင်ဝံသရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးပါတယ်။

            နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ အာဇာနည်နေ့နဲ့ပတ်သက်ပြီး အခမ်းအနားတစ်ခုအတွက် ကြိုတင်ပြင်ဆင်ကြတဲ့အခါ အဲဒီကျောင်းဆရာက သူ့တပည့်များထဲက စာစီစာကုံးအရေးအသား အလွန်တော်တဲ့ တပည့်တစ်ယောက်ကို အာဇာနည်နေ့ ဟောပြောပွဲ၊ ပြိုင်ပွဲများမှာ မပျက်မကွက်တက်ရောက်ဖို့ လက်ရွေးစင်အဖြစ်  နဲ့ ရွေးချယ်သတ်မှတ်လိုက်ပါသတဲ့။

            လူရှင်းတဲ့အချိန်ရောက်တော့ အဲဒီလက်ရွေးစင်ကျောင်းသားက ဆရာ့အခန်းရောက်လာပြီး မရွှင်မပျ မျက်နှာနဲ့ သူမတက်ရောက်နိုင်တဲ့အကြောင်း အသနားခံ ခွင့်တောင်းလာတယ်။ ဘာ့ကြောင့်လဲလို့ မေးတော့၊ သူ့အဖိုးက အာဇာနည်ကြီးတွေကို လုပ်ကြံတဲ့အထဲမှာ ပါဝင်နေတဲ့အတွက် သူ လိပ်ပြာမသန့် ဖြစ်ရကြောင်း၊ မျက်ရည်ဝဲပြီး ပြောခဲ့ပါသတဲ့။

            ဒါ့ကြောင့် သူ့အနေနဲ့ ဆရာဦးတင်မိုးရဲ့ ကဗျာထဲမှာ –

                                                “တို့အဖေကား

                                     တိုင်းပြည်မျက်နှာ၊ မညှာမထောက်

                                     သစ္စာဖောက်ဖျက်၊ သူပြုရက်”ဟု

                                     သားရှက်မခံတော့ပါပြီ။

ဆိုတဲ့အပိုဒ် တစ်ပိုဒ်လောက် ထပ်ပြီးဖြည့်စွက်လိုက်ချင်ပါတယ်လို့ စာရေးလာပါသတဲ့။

            ဒီနေ့ အရပ်သတင်းတွေမှာရော၊ ဂျာနယ်သတင်းတွေ၊ အင်တာနက်သတင်းတွေမှာရော ရွှေငွေဥစ္စာ အာဏာ မင်းစက်အတွက် အမျိုးဘာသာသာသနာကိုပင် မထောက်မညှာဘဲ၊ တို့ဘိုးဘွားပိုင် အမွေစစ်သယံဇာတတွေကို တိုင်းတစ်ပါးလက် ဝ,ကွက်ပြီး ထိုးအပ်နေကြတာတွေ။ နိုင်ငံပိုင် မြေပေါ်မြေအောက် သယံဇာတတွေကိုရော၊ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူလယ်သမားတို့ရဲ့ မြေယာတွေကိုရော၊ ကြိုက်သလို ခြယ်လှယ်သိမ်းယူနိုင်ဖို့အတွက် အထက်လူကိုခြေဖက်၊ အောက်လူကိုခြေကန်လုပ်နေကြတဲ့ ခရိုနီ ဆိုသူတွေ။ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာထဲကလို “တိုင်းပြည်ကိုလု၊ လူထုကိုနှိမ်၊ စည်းစိမ်ကိုခံ၊ ရေနံကိုသိမ်း၊ ကျောက်စိမ်းကိုလစ်၊  ကျွန်းသစ်ကိုယူ၊ ဆန်ဖြူကို စား၊ စပါးကိုခိုး၊ နွားသိုးကိုဆွဲ၊ လယ်တဲကိုဖျက်၊ မြေကွက်ကိုစီး၊ သမီးကိုတောင်း၊ ကားကောင်းကိုဖမ်း၊ ထင်တိုင်း ရမ်းနေကြသူတွေ။” သူ့ဘာသာတရားကို ချဲ့ခွင့်ပေးပြီး၊ ကိုယ့်ဘာသာတရားကို နှဲ့နေကြသူတွေအကြောင်း မမြင်ချင် မကြားချင်အဆုံး၊ မြင်နေ၊ ကြားနေ၊ ကြုံတွေ့နေရတဲ့ အခါ၊ မြတ်ဗုဒ္ဓဟောကြားထားတဲ့ အဓိပတေယျ တရားတော်နဲ့ ဆရာတင်မိုးရဲ့ကဗျာကို သတိရနေမိသလို၊ သတင်းစာဆရာကြီး မောင်မဲ(သခင်တင်ဟိန်း)ပြောပြဖူးတဲ့ “ကိုလိုနီလက်သစ်”ဆိုတဲ့ အကြောင်းကိုလဲ သတိရနေမိပါတယ်။

            ၁၉၉၄-ခုနှစ်လောက်ကပါ၊ ဖားအံ့မြို့၊ တောင်ကလေးကျောင်းတိုက်မှာရှိနေတဲ့ အဖိုးဆရာမဲထံမှာ မိမိက စာရေးသားမှုလက်တွေ့လေ့ကျင့်သင်ကြားရင်း သုံးလလောက်အတူ သွားနေခဲ့ပါတယ်။ အဲဒီတုန်းက သတင်းတွေ၊ သတင်းစာတွေထဲမှာ “ပြည်ပအားကိုး ပုဆိန်ရိုး”တို့၊ “နယ်ချဲ့လက်ပါးစေ”တို့ “ကိုလိုနီလက်သစ်” တို့ ဆိုတဲ့ စကားတွေက နေ့စဉ် ကြားနေ၊ တွေ့နေရတယ်။

            ဒီစကားတွေထဲက  “ကိုလိုနီလက်သစ်”ဆိုတာကို မိမိသိပ်သဘောမပေါက်တဲ့အတွက် ကိုလိုနီမှာ လက်သစ်နဲ့ လက်ဟောင်း ဘယ်လိုထူးသလဲလို့ မေးကြည့်တဲ့အခါ၊

အဖိုး(ဆရာမဲ)က-

            “ကိုလိုနီဆိုတာ (၁) တိုင်းပြည်နယ်မြေကိုသိမ်းပိုက်လိုခြင်း၊ (၂) သယံဇာတကို အပိုင်စီးလိုခြင်း၊ (၃) လူမျိုးကို ကျွန်ပြု လိုခြင်းဆိုတဲ့ ရည်ရွယ်ချက်သုံးခုအတွက် လက်နက်နဲ့ တိုက်ခိုက်သိမ်းပိုက်ပြီး ဇွတ်အတင်းဝင်ရောက်အုပ်ချုပ် တာပေါ့။ ဒီသုံးမျိုးလုံးကိုပဲဖြစ်ဖြစ်၊ တစ်မျိုး နှစ်မျိုးကိုပဲဖြစ်ဖြစ် ထိုးအပ်လိုက်ရပြီဆိုရင်၊ အဲဒါ သူ့ ကိုလိုနီ ဖြစ်သွား တာပဲ၊ ဒါက ကိုလိုနီလက်ဟောင်းပေါ့။”

            ဒီလိုဝင်ရောက်သိမ်းပိုက်ပြီးအုပ်ချုပ်တဲ့အခါ အအုပ်ချုပ်ခံနိုင်ငံအတွက် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေးစတဲ့ အထွေထွေတာဝန်တွေကိုလဲ ကိုလိုနီပြုတဲ့သူက တာဝန်ယူရတယ်။ မြန်မာပြည်ကို အင်္ဂလိပ်က ကိုလိုနီပြုပြီး အုပ်ချုပ်တုန်းကလိုပေါ့။ ပြီးတော့ ဒီလိုလုပ်တဲ့အတွက် အချုပ်အခြာပိုင်နိုင်ငံတစ်ခုကို ကျူးကျော်ဝင်ရောက်မှုလဲဖြစ်တယ်။ အအုပ်ချုပ်ခံရတဲ့ နိုင်ငံသူနိုင်ငံသားက မကျေနပ်လို့တော်လှန်ပုန်ကန်တာ မျိုးဖြစ်ရင် အုပ်ချုပ်သူတွေဘက်က သေကြေ ပျက်စီးရတာမျိုးလဲ ရှိလာတယ်။

            ဒါတွေကိုကြည့်ပြီး ခုခေတ်မှာတော့ သူတစ်ပါးတိုင်းပြည်ထဲကို ဝင်ရောက်သိမ်းပိုက်အုပ်ချုပ်တာမျိုး မလုပ်ကြတော့ဘူး။ လက်နက်အင်အား၊ ဓနအင်အားတွေနဲ့ တိုင်းတစ်ပါးအပေါ် ခြိမ်းခြောက်လွှမ်းမိုးပြီး သယံဇာတကို လက်ဝါးကြီးအုပ်ရယူတာတို့၊ လူမျိုးကို ကျွန်ပြုတာတို့ပဲ လုပ်ကြတော့တယ်။ တန်ရာတန်ကြေး မပေး, မကျွေးဘဲ ကိုယ်လိုသလို ချယ်လှယ်နိုင်အောင် လုပ်ထားတာပေါ့။ ဒါဟာ ကိုလိုနီလက်သစ်ပေါ့။ သူကျတော့ သူ့ကိုလိုနီ ပြုတဲ့နိုင်ငံအပေါ် ဘာမှ တာဝန်မယူရတော့ဘူး။ သယံဇာတနဲ့ လူမျိုးကိုပဲ ထင်သလို ချယ်လှယ်တော့တာပေါ့။ အဲဒီလိုအဖြစ်မျိုးရောက်သွားတဲ့ နိုင်ငံကို “ကိုလိုနီလက်သစ်နိုင်ငံ”လို့ ခေါ်ကြပြီး၊ ကိုယ့်နိုင်ငံကိုယ် အဲဒီအဖြစ်မျိုး ရောက်အောင် လုပ်နေကြတဲ့ သူတွေကိုလဲ “ကိုလိုနီလက်သစ်၊ နယ်ချဲ့လက်ပါးစေတွေ”လို့ ခေါ်ကြတာပေါ့။ အဲဒီလိုကြည့်လိုက်ရင် ဒီနေ့ – နယ်ချဲ့ လက်ပါးစေ၊ ပြည်သူ့ပုဆိန်ရိုး၊ ကိုလိုနီလက်သစ်ဆိုတာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့” ဆိုတဲ့အကြောင်း ရှင်းပြခဲ့ဖူးပါတယ်။

            ဒီနေ့ တွေ့မြင်ကြားသိနေရတဲ့ ကမ္ဘာမကြေနိုင်လောက်အောင်၊ မြန်မာကြေရတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များနဲ့ပတ်သက်လို့ အခုပြောခဲ့တဲ့ စာရေးဆရာကြီးနှစ်ဦးတို့ရဲ့ ကဗျာနဲ့စကားအတိုင်းဆိုရင် ဘယ်လိုများ ကောက်ချက်ချရမလဲ၊ ဆရာတင်မိုး ပြောသလို ဖခင်များ မဟုတ်ကြလေရော့သလား၊ ဒါမှမဟုတ် ဆရာကြီးမောင်မဲ ပြောသလို … ။            ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments