နှောင်းလွန်နောင်တ အသုံးမကျ ဘဝသင်္ခန်းစာ

January 17, 2013

အရှင်ဇဝန (ကုန်းဇောင်း)
ဇန်န၀ါရီ ၁၇၊ ၂၀၁၃

မြန်မာစကားပုံတွင် မိုးလွန်မှ ထွန်ချ၊ သူခိုးပြေးမှ ထိုးကွင်းထ၊ လူမိုက်နောက်မှ အကြံရဆိုသော စကား များရှိပါသည်။ အရာရာတိုင်းတွင် အသိနောက်ကျ ပူပန်နေကြသော သူများကို အသိပေးသော စကားပင်ဖြစ်ပါ သည်။ ပုထုဇဉ်တိုင်းမှာ အမှားအယွင်းတစ်စုံတရာ ရှိတတ်ပါသည်။ သို့သော် အမှားတစ်စုံတစ်ရာသည် ပြင်၍ရ သောအမှားရှိသလို ပြင်၍မရသော အမှားများလည်း ရှိတတ်ပါသည်။ အကယ်၍ ပြင်၍မရသော အမှားဖြစ်ခဲ့ လျှင် နောင်တတစ်ဖန် ပူပန်ရတတ်၏။

နောင်တဆိုသောတရားကို လူတိုင်းက အကောင်းဘက်ကချည်း တွေးထင်ယူဆနေကြပါသည်။ နောင် တ မရသေးဘူးလား? နောင်တရဖို့ အချိန်တန်ပြီ-ဟု ပြောဆိုတတ်ကြပါသည်။ နောင်တဆိုသော စကား၏ အဓိပ္ပါယ်ကိုက နောင်မှ တ, ရသည့် အဓိပ္ပါယ်မျိုးဖြစ်နေပါ၏။ ပါဠိစာပေမှာတော့ ဝိပ္ပဋိသာရ – နောင်တတစ်ဖန် ပူပန်ခြင်းဟု ဖွင့်ဆိုပါသည်။ ပြုခဲ့ပြီးသော မကောင်းမှု ဒုစရိုက် မပြုလိုက်မိသော ကောင်းမှုကုသိုလ်များအတွက် ပြန်လည်တွေးတောတသ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်နှလုံး မသာမယာဖြစ်နေခြင်းကို နောင်တဟု ဖွင့်ဆိုပါသည်။

မကောင်းမှုဒုစရိုက်များကို ပြုလုပ်ပြီးကာမှ “ အော် ငါလေ အဲဒီတုန်းက ရက်ရက်စက်စက် လုပ်ခဲ့မိတာ မှားလေချင်း၊ ကိုယ်ကလက်ဦး သူ့ကိုကျူးက ထူး၍သူ့ထက် ဆယ်ပြန်တက်အောင် ကိုယ်ပျက်တတ်စွာ ဓမ္မတာ တည်း-လို့ ဆိုထားတယ်။ ငါလုပ်ခဲ့မိတာတွေထက် ဆယ်ပြန်မက ငါပြန်ပေးဆပ်ရဦးမှာပါ့လား” ဟု အဖန်ဖန် စိုး ရိမ်ပူပန်ပြီး တစ်နုံ့နုံ့နှင့် ပြန်တွေးပြီး စိတ်မချင်းမသာဖြစ်နေခြင်းကို နောင်တတစ်ဖန်ပူပန်ခြင်းဟုခေါ်ပါသည်။ ပြန် လည်တွေးတိုင်း တွေးတိုင်း စိတ်မချမ်းမသာဖြစ်ခြင်း စိတ်ပူပန်နေခြင်းကြောင့် ဒေါမနဿဝေဒနာ ကုက္ကုစ္စ-ဟု လည်း ခေါ်ပါသည်။ မပြုလုပ်ခဲ့မိသော ကောင်းမှုကုသိုလ်များအတွက် ပြန်လည်တွေးတောပူပန်နေခြင်းကိုလည်း ဒေါမနဿဝေဒနာ ကုက္ကုစ္စ-ဟုခေါ်ပါသည်။

ဖြစ်ပြီးခဲ့သော အဖြစ်အပျက်များကို ပြန်လည်ပူပန်မနေဘဲ အသိတရားရသွားသော နောင်တမျိုး၊ နောင် ကြဉ်သွားသည့် နောင်တမျိုးကတော့ အကျိုးများစေနိုင်ပါသည်။ ထိုနောင်တမျိုးကို သင်္ခန်းစာယူခြင်း သံဝေဂ ရခြင်းဟု ဆိုနိုင်ပါသည်။ ဖြစ်ပြီးခဲ့သော အဖြစ်အပျက်များကို ပြန်လည်တွေးတော၍ ပူပင်သောကရောက်နေခြင်း သည် ဖြစ်ပြီးခဲ့သော အဖြစ်အပျက်များ အထပ်ထပ်ပွားနေသလိုဖြစ်နေသောကြောင့် အကုသိုလ်အသစ်အသစ် ထပ်ထပ်ပြုပြုနေသည်မည်၏။

“နောက်မှနောင်တ သုံးမကျ ခုကကြိုးစားကြ”ဆိုသည့်အတိုင်း လွန်ပြီးမှ နောင်တပူပန်တတ်သူများ၊ ပြင်၍မရသော အမှားများကို ကျူးလွန်ပြီးမှ အသိနောက်ကျလေခြင်း-ဟု စိတ်ဆင်းရဲတတ်သူများကို မန်လည် ဆရာတော်ကြီးက အချိန်မှီ အသိတရား ရစေခြင်းငှါ နောင်တဆယ်ပါးတရားတော်ကို လင်္ကာရေးသား ဆုံးမထား ခဲ့ပါသည်။

“ငယ်ခါကလျှင်၊ မသင်ပညာ၊ ဥစ္စာမစု၊ သူ့ကိုချစ်ဖျက်၊ သူ့သက်သတ်စား၊ သူ့မယား၌၊ ပြစ်မှားတုံဘိ၊ ပစ္စည်းရှိလျှက်၊ စိုးစိမလှူ၊ မွေးမြူမိဘ၊ မပြုကြနှင့်၊ ဆုံးမ မနာ၊ ပညာရှိထံ၊ နည်းခံမမှတ်၊ အမြတ်မကျင့်၊ ဤ ဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါ၌၊ (နာသောအခါ သေသောအခါ၌)ပူဆာနောင်တ၊ ရတတ်စွာ့တည်း-ဟု စပ်ဆိုတော်မူခဲ့ပါသည်။

● ငယ်ခါကလျှင် မသင်ပညာ
ပညာသင်ကြားဖို့ အကောင်းဆုံး ငယ်ရွယ်စဉ်တုန်းက ပညာကို ကြိုးစားစား မသင်ကြားပဲ အပျော်အပါး တွေလိုက်စားနေမည်၊ အပျင်းထူနေမည်၊ မူးယစ်ဆေးဝါး လောင်းကစားတွေပြုလုပ်နေမည်၊ ပညာရေးနှင့် မသက်ဆိုင်သော ကိစ္စများနှင့် အချိန်ဖြုန်းနေမည်ဆိုပါက ပညာမဲ့သူ၊ အတွေးအခေါ်နိမ့်ကျသူ၊ ဆင်းဆင်းရဲရဲနှင့် အသက်မွေးဝမ်းကြောင်းရသူဖြစ်နိုင်ပါသည်။ အရွယ်လွန်ကာမှ ပညာကို ကြိုးစားစား သင်ယူပါသော်လည်း ကြိုးစားသလောက် ခရီးမပေါက်နိုင်တော့ပါ။ “မိုးချုပ်နေခမ်း၊ စပါးလှန်းသလို၊ ပင်ပန်းရုံသာ၊ ရှိတော့မည်”ဟု လယ်တီဆရာတော်ကြီးက ဆုံးမခဲ့ပါသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ ငယ်ငယ်တုန်းကလောက် အသိဉာဏ်တွေ မထက်မြက်၊ မသွက်လက်တော့ပေ။ ကြောင့်ကြမှုတွေကများလာသည်။ မှတ်ဉာဏ်အားတွေ နည်းလာသည်။ မေ့လျှော့မှုတွေက များလာသည်။ ထို့ကြောင့် ကြိုးစားသလောက် ခရီးမပေါက်နိုင်ပေ။

ထို့ကြောင့် ဆရာတော်ကြီးများက ဆိုဆုံးမခဲ့သည်ကို ပြန်လည်သတိရမိပါသည်။ “အရှင်ဘုရားတို့ ငယ် တုန်းမှာ မကြီးချင်ကြနဲ့၊ ငယ်တုန်းမှာ ကြီးချင်ရင် ကြီးတော့မှ ငယ်နေတတ်တယ်” ဟူ၏။ အဓိပ္ပါယ်ကတော့ ငယ် ငယ်ရွယ်ရွယ် ပညာကို တစ်စိုက်မတ်မတ် ကြိုးစားရမည့်အချိန်မှာ ကျောင်းထိုင်ဆရာတော်တွေလို အလှူပွဲတွေ ကြွလိုက်၊ တရားတွေဟောလိုက်စသည်ဖြင့် လာဘ်လာဘနောက်လိုက်နေလျှင် အသက်အရွယ်ကြီးရင့်လာ သောအခါ ပညာမတတ်သည့်အတွက် မျက်နှာငယ်နေရတတ်သည်ဟု ဆိုလိုပါသည်။

လူ့လောကအသိုင်းအဝိုင်းမှာလည်း ထို့အတူပင်။ ငယ်ငယ်ရွယ်ရွယ် ပညာသင်ကြားချိန်မှာ သူများ ချမ်း သာသလို ချမ်းသာချင်လို့ စီးပွားရေးလောကထဲ ဝင်ရောက်လာမည်ဆိုပါက ပညာရေးမှာ အဆင့်အတန်းနိမ့်ကျ အရှုံးတွေနှင့် ရင်ဆိုင်ရပါမည်။ ပညာရှင်များက စတိုင်ကျကျ သက်တောင့်သက်သာ စီးပွားရှာဖွေပြီး ချမ်းချမ်း သာသာနေနိုင်ကြသော်လည်း ပညာမတတ်သူများကတော့ ပင်ပင်ပန်းပန်း စီးပွားရှာရပြီး ဆင်းဆင်းရဲရဲ နေရသည်ကများပါသည်။

● ဥစ္စာမစု
မိမိတို့ ကြိုးကြိုးစားစား ရှာဖွေထားအပ်သော စီးပွားဥစ္စာများကို ချွေတာရမည်။ စုဆောင်းရမည်။ အကျိုး ရှိနိုင်သော နေရာတို့၌သာ အသုံးချရမည်။ ထိုသို့ ချွေချွေတာတာ စုစုဆောင်းဆောင်း မပြုလုပ်ခဲ့ပါလျှင် ပို၍ပို၍ ဆင်းရဲတွင်း နက်ဖို့သာရှိပြီး နောင်တတစ်ဖန် ပူပန်နေရတတ်ပါသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် များ သောအားဖြင့် အသုံးအဖြုန်း အလွန်ကြီးကြပါသည်။ တစ်လ ငါးသောင်းဝင်ငွေရှိသူက တစ်သိန်းတန် ပစ္စည်းများ ကို ကြိုတင်ဝယ်ယူထားကြသည်။ တစ်လတစ်သိန်း ဝင်ငွေရှိသူက လမကုန်ခင် အကြွေးက တစ်သိန်းမကရှိနေ တတ်ကြသည်။ စီးပွားဥစ္စာ မရှာနိုင်မဖွေနိုင်သောအခါကျမှ စိုးရိမ်ပူပန်မှုများနှင့် နောင်တရနေတတ်ပါသည်။

ဘုရားရှင် လက်ထက်တော်အခါက ကုဋေရှစ်ဆယ်သူဋ္ဌေးသားတစ်ယောက်ရှိပါသည်။ ထိုသူဋ္ဌေးသား ဆင်းရဲသား သူတောင်းစားဖြစ်သွား သောအခါ ဘုရားရှင်၏ ကျောင်းတော်ထဲသို့ လာရောက်တောင်းရမ်းစား သောက်ပါသည်။ ထိုအခါ ဘုရားရှင်က ထိုသူတောင်းစား လင်မယားနှစ်ယောက်ကို ကြည့်၍ “ချစ်သားတို့ အဲဒီ သူဋ္ဌေးလင်မယားနှစ်ယောက်ဟာ ပထမအရွယ်မှာ အသိတရားရခဲ့လို့ စီးပွားဥစ္စာကို ကြိုးစားရှာဖွေခဲ့မယ်ဆိုရင် ကုဋေရှစ်ဆယ်မက ချမ်းသာကြွယ်ဝနိုင်တယ်။ လောကုတ္တရာဘက်မှာ တရားအလုပ်ကို အားထုပ်ခဲ့မယ်ဆိုရင် ရဟန္တာဖြစ်နိုင်တယ်။ ဒုတိယအရွယ်ရောက်မှ အသိတရားရပြီး စီးပွားဥစ္စာကို ကြိုးစားရှာဖွေခဲ့မယ်ဆိုရင်တောင် ကုဋေရှစ်ဆယ် ချမ်းသားနိုင်တယ်။ လောကုတ္တရာဘက်မှာ ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင် အနာဂါမ်ဖြစ်နိုင် တယ်။ တတိယအရွယ်ရောက်မှ အသိတရားရပြီး စီးပွားဥစ္စာကို ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင်တောင်မှ ကုဋေ လေးဆယ် ချမ်းသာနိုင်တယ်။ လောကုတ္တရာဘက်မှာ ကြိုးစားအား ထုတ်ခဲ့မယ်ဆိုရင် သောတာပန်အဆင့် လောက်တော့ဖြစ်နိုင်သေးတယ်။ လောကီဘက်မှာရော လောကုတ္တရာဘက်မှာပါ မကြိုးစား မစုဆောင်းခဲ့သည့် အတွက်ကြောင့် အခုလို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း တောင်းရမ်းစားသောက်ရရှာတယ်”ဟု ရဟန်းတော်များ သတိသံဝဂယူစေရန် မိန့်ဆိုတော်မူခဲ့ပါသည်။

မြတ်ဗုဒ္ဓ၏ စကားတော်ကို ထောက်ဆကြည့်မည်ဆိုလျှင် လူဆိုသည်မှာ လက်ရှိဘဝမှာ ကြိုးစားရင် ကြိုးစားသလောက် ကြီးပွားချမ်းသာခွင့်ကို ရနိုင်သေးသည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။ “လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ” ဆိုသည့်အတိုင်း ကိုယ်ကိုယ်တိုင်က မကြိုးစားအားမထုတ်ချင်တိုင်း “ငါတို့မှာ ကံမရှိ တော့ ဉာဏ်ရှိတိုင်းမွဲနေရတယ်”ဟု ဆင်ခြေပေးနေခဲ့မည်ဆိုလျှင် ဆင်းရဲမြဲဆင်းရဲနေကြရသည်သာ။ မန်လည် ဆရာတော်ကြီးက “ရှေးကသမ္ဘာ၊ အရင်းပါလည်း၊ သမ္မာမကျင့်၊ ဘုန်းမပွင့်ဘူး”ဟု မိန့်ဆိုထားပါသည်။ ရှေးဘုန်း ရှေးကံပါလာသူများပင် လက်ရှိဘဝမှာ သူတော်ကောင်းတရားကို မကျင့်သုံးလျှင် ဘုန်းကံမဖွံ့ဖြိုး အကျိုးများ သင့်သလောက်မများပဲ ရှိနေတတ်ပါသည်။ လောကီစီးပွားရေးကိစ္စများမှာလည်း ထို့အတူပင် လက်ရှိဘဝမှာ ကြိုးစားအားထုတ်မှုမရှိ မကုန်သင့်တာ မကုန်ရအောင် စုဆောင်းမှုမရှိခဲ့လျှင် ဆင်းရဲကျပ်တည်းလာမှ ပူပန် ကြောင့်ကြမှု များစွာနှင့် နောင်တရနေရတတ်ပါသည်။

● သူ့ကိုချစ်ဖျက်
စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်ကြသော ချစ်သူများ၊ မိသားစုများ၊ အသင်းအဖွဲ့များ၊ မြို့ရွာ တိုင်းနိုင်ငံများကို စည်းလုံးမှု ချစ်ခင်မှု ပျက်ပြားအောင် သွေးထိုးဂုံးတိုက်တတ်သူများသည် အိုခြင်း နာခြင်းတရားတွေ ဖိစီးနှိပ်စက်ပြီး သေခါနီးရောက်လာသောအခါ ပူပန်ကြောင့်ကြ နောင်တရနေတတ်သည်။ အချို့က သူတစ်ပါးတွေ ချစ်ခင်စည်းလုံးမှုကို မနာလို မရှုစိမ့်ဖြစ်တတ်ကြ၏။ ချစ်ခင်ကြသူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင် နည်းလမ်းမျိုးစုံသုံးပြီး သွေးခွဲတတ်ကြသည်။ အဖွဲ့အစည်းတိုင်းတွင်လည်း ထို့အတူပင် ခလောက်ဆန်တတ်သူတစ်ယောက်က ဟိုလူ့စကားကို ဒီလူ့ဆီပို့၊ ဒီလူ့စကား ဟိုလူ့ဆီပို့ ပတ်လည်မွှေတာနှင့် ပင် အဖွဲ့အစည်းတစ်ခု ကွဲကြပြဲကြ ပျက်စီးသွားကြသည်ချည်းသာ။ သည်နည်းနှင့် မြို့ရွာ တိုင်းနိုင်ငံတိုင်းမှာ လည်း ပြိုကွဲပျက်စီးခဲ့ပေါင်းများခဲ့လှချေ၏။

အဇာတသတ်မင်း၏ အမတ်ချုပ်ကြီး ဝဿကာရပုဏ္ဏားကိုကြည့်ပါ။ သူသည် အဇာတသတ်မင်းနှင့် လက်ဝါးချင်းရိုက်၍ သူ့ကိုတိုင်းပြည်ကနေ နှင်ထုတ်စေခဲ့ပါသည်။ သူ့အကြံအစည်အတိုင်း ဝေသာလီပြည် လိစ္ဆဝီ မင်းတွေဆီမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သည်။ လိစ္ဆဝီမင်းတွေက ပညာရှိအမတ်ကြီးကို နန်းတွင်းထဲမှာ အမတ်တစ်နေရာပေးခဲ့ကြ၏။ သူက ညီလာခံကျင်းပချိန်မှာဆို နောက်ဆုံးမှရောက်လာတတ်ပြီး ဟိုအမတ်နား ကပ်ပြီး တိုးတိုးလေးပြောလိုက်၊ သည်မင်းသားနားကပ်ပြီးတိုးတိုးလေးပြောလိုက်နှင့် လိစ္ဆဝီတွေ အချင်းချင်း သံသယတွေပွားအောင် လုပ်ဆောင်ပါသည်။ သူပြောလိုက်သည်ကတော့ အခြားမဟုတ် “အမတ်မင်း နေ ကောင်းလား” “မင်းသား အဆင်ပြေလား” စသည့်အရေးမပါသောစကားများပင်ဖြစ်ပါ၏။ သို့သော်လည်း လိစ္ဆဝီ အချင်းချင်းရဲ့စိတ်ထဲမှာတော့ ဒီကောင်က ဝဿကာရနှင့်ဘာတွေများ ကျိတ်ကြံနေတာလဲမသိဘူးစသည်ဖြင့် အချင်းချင်းသံသသယတွေပွားပြီး စိတ်ဝမ်းတွေကွဲကုန်ကြပါသည်။ ထိုအခါကျမှ အဇာတသတ်မင်းက လိစ္ဆဝီ  နိုင်ငံကို စစ်တိုက်ပြီး သိမ်းပိုက်လိုက်ပါတော့သည်။ ကောက်ကျစ်စဉ်းလဲသူများက ရိုးသားဖြောင့်မတ်သူများကို အချင်းချင်း မညီညွတ်အောင် ချစ်ခင်မှုပျက်ပြားအောင် ပြုလုပ်လေ့ရှိကြပါသည်။ ထိုသို့ သွေးထိုးဂုန်းတိုက်တတ် သူများသည် ဖြစ်လေရာရာ ဘဝသံသရာ၌ လူမုန်းများခြင်း၊ ချစ်သူကင်းကွာ အထီးကျန်စွာဖြင့် ဘဝကိုခြောက် သွေ့စွာ ရုန်းကန်ရတတ်ပါသည်။ ကိုယ်က ပြန်ပြီးခံရမည့်အလှည့်ရောက်လာသောအခါ၊ အိုမင်းမစွမ်းဖြစ်လာ သည့်အခါတို့၌ စိုးရိမ်ကြောင့်ကြမှုများစွာနှင့် နောင်တပူပန်နေရတတ်ပါသည်။

● သူ့သက်သတ်စား
သူတစ်ပါးအသက်ကို သတ်ဖြတ်ကြသူများ၊ သတ်ဖြတ်စားသောက်ကြသူများသည် “ကိုယ်ကလက်ဦး သူ့ကိုကျူးက ထူး၍သူ့ထက် ဆယ်ပြန်တက်အောင် ကိုယ်ပျက်တတ်စွာ ဓမ္မတာတည်း”ဆိုသည့်အတိုင်း ကိုယ် ကလက်ဦးအောင် သတ်ခဲ့တုန်းကတော့ ကျေကျေနပ်နပ်ရှိခဲ့သော်လည်း ကိုယ်ကပြန်လည် ပေးဆပ်အသတ်ခံ ရမည့်အလှည့်ရောက်လာသောအခါ ဆယ်ပြန်မက ပူဆွေးသောကရောက်ကြရပါသည်။ စဉ်းစားကြည့်လေ သင်္ခန်းစားယူဖို့ ကောင်းလေလေပင်ဖြစ်ပါသည်။ ကိုယ့်တစ်ဝမ်းတစ်ခါး တစ်နပ်စာလေးအတွက် သူတစ်ပါး အသက်ကို သတ်ဖြတ်စားသောက်ရခြင်းကြောင့် ကိုယ်ကပြန်လည်ပေးဆပ်ရမည့်အပြစ်ဒဏ်က အဆမတန် ကြီးမားလှပါ၏။ စံစားရသည်နှင့် ခံစားရသည်က မညီမမျှ၊ ပေးဆပ်မှုပမာဏ ကြီးမားလေစွာ့။

တစ်ခါတုန်းက ပုဏ္ဏားတစ်ယောက်က သူ့အိမ်ကို ဧည့်သည်လာသဖြင့် သူမွေးထားသော ဆိတ်ကို လည်လှီးသတ်၍ ချက်ပြုတ်ကျွေးမွေးဧည့်ခံပြီး အတူတကွစားသောက်ခဲ့ကြသည်။ သူသေသွားသောအခါ ငရဲသို့ ရောက်ရှိပြီး ငရဲကလွတ်လာသောအခါ ဘဝပေါင်းငါးရာ လည်လှီးပြီးအသတ်ခံခဲ့ရပါသည်။ ထိုပုဏ္ဏား၏ အမှား သည် ပြန်လည်ပြုပြင်၍မရသောအမှားပင်ဖြစ်၏။ သူသည် ဘဝပေါင်းငါးရာပတ်လုံး ပူဆွေးသောက နှောင်း နောင်တတွေနဲ့ ကြောင့်ကြနေသော်လည်း လွတ်လမ်းမရှိတော့ပြီ။ ထို့အတူပင် လူတစ်ယောက်(သို့)လူတစ်စုကို သတ်ဖြတ်ခဲ့သောသူသည်လည်း အမြဲတမ်းစိုးရိမ်ပူပန် နေရတတ်ပါသည်။ ငါ့အလှည့်ဘယ်တော့ရောက်မလဲ၊  ငါ့ကို ဘယ်သူတွေက လက်စားချေမလဲ-ဟု ပူပန်ကြောင့်ကြ နောင်တဗျာဆူ ရင်ပူနေရတတ်ပါသည်။ အဇာတ သတ်မင်းသားကိုကြည့်ပါ။ ဖခင်ကို သတ်ပြီးသည့်အချိန်ကစ၍ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်း မစားရ ယူကျုံးမရ အပူလုံးကြွကာ နှောင်းနောင်တတွေနှင့် အမြဲစိတ်ဆင်းရဲနေခဲ့ရပါသည်။

မိလက္ခမုဆိုးကြီးတစ်ယောက်လည်း မုဆိုးအလုပ်ဖြင့် တောထဲမှာ သားကောင်တွေကို ပစ်ခတ်ဖမ်းဆီး ပြီး အသက်မွေးလာခဲ့သည်မှာ နှစ်ပေါင်း(၅ဝ)တိုင်ခဲ့ပြီ။ သူတစ်ပါးအသက်ကို သတ်ခဲ့သည့်နှစ်သက်တွေ ရင့်လာ သည့်အခါ အရှင်လတ်လတ် ငရဲသားတစ်ယောက်လိုခံစားလာခဲ့ရသည်။ တောထဲမှာ သားကောင်ပစ်ရင်း ရေငတ်လို့ ရေရှာပေမဲ့ ရေမတွေ့။ စိမ့်စမ်းရေတံခွန် ချောင်းမြောင်းအင်းအိုင်တွေမှာ ရေရှာသော်လည်း သူဘယ် လိုမှ ရေကိုမတွေ့ခဲ့ပေ။ ရေရှာရင်း ရဟန္တာအရှင်မြတ်တို့ သီတင်းသုံးရာ တောကျောင်းထဲသို့ရောက်ရှိလာခဲ့ပါ၏။ ကျောင်းအဝင်ဝက ရေအိုးစဉ်တွေ့လို့ အားပါးတရ ရေခတ်သောက်သော်လည်း ရေကပါမလာ။ ထိုအခါ သူက “ကျောင်းနေရဟန်းတွေကလည်း သူများလှူတာတွေ ဇိမ်နဲ့စားနေကြပြီး ရေအိုးစဉ်လေးတောင် ရေဖြည့်မထား ကြဘူး” ဟု အပြစ်ဆိုပါသည်။ ရဟန္တာမထေရ်ကြီးက ကြားသိပြီး “ဟဲ့ ဒကာ မနက်ကမှ ငါရေဖြည့်ထားတာ ရေကအပြည့်ပါ။ ဟောဒီမှာ ရေအပြည့် မင်းမမြင်ဘူးလား? ရော့အားရပါးရသောက်ပေတော့” ဟု ကိုယ်တိုင်ခပ် တိုက်မှသာ ရေကိုကောင်းကောင်းမွန်မွန် သောက်ရလေသည်။

“ဒီမယ် ဒကာ၊ မင်းမုဆိုးအလုပ်လုပ်လာတာ ဘယ်လောက်ကြာပြီလဲ?”

“မှန်ပါ နှစ်ပေါင်း ငါးဆယ်လောက်ရှိပါပြီဘုရား”

“မင်းမှာ အကုသိုလ်တွေက များလွန်းလို့ အရှင်လတ်လတ် ငရဲသားဖြစ်နေပြီ။ မသေခင်ကတောင် ငရဲသားလို ဖြစ်နေမှတော့ မင်းသေရင် မြေကြီးလက်ခတ်မလွဲ အပါယ်ငရဲကျတော့မှာပဲ”

“မှန်ပါ တပည့်တော်ကို ကယ်တော်မူပါဘုရား၊ တပည့်တော် အရှင်ဘုရားတို့ဆီမှာ သင်္ကန်းဝတ်ပါရစေဘုရား” ဟုတောင်းပန်လျှောက်ထားသဖြင့် ကိုရင်ကြီးဝတ်ပေးထားလိုက်ပါသည်။ နေ့စဉ် ဝိပဿနာတရားအလုပ်ကို အားထုတ်စေခဲ့ရာ စိတ်အစဉ်တည်ငြိမ်လာသည့်နှင့် သူသတ်ခဲ့သော သားကောင်များ မချိမဆန့်သေဆုံးနေပုံ တွေ၊ သွေးသံရဲရဲ သားကောင်တွေကိုသာမြင်ယောင်နေပါတော့သည်။ တရားအားထုတ်လို့ကမရ အိမ်သူသက် ထား ဇနီးမယားကိုသတိရနေသည့်အတွက်ကြောင့် လူထွက်ပါရစေ-ဟု အရှင်မြတ်ထံ ခွင့်ပန်လေ၏။

ရဟန္တာအရှင်မြတ်က လူမထွက်ခင်မှာ အပြစ်တွေကျေအောင် ကျောင်းပတ်ဝန်းကျင်မှာရှိသည့် လက်ပံ သားအစိုတွေကို ခုတ်၍ စုပုံစေကာ မီးရှို့ခိုင်းပါသည်။ တစ်နေကုန် မီးပြင်းတိုက်ပြီးရှို့သော်လည်း မီးကမလောင်။ ထိုအခါမှ ရဟန္တာက တန်ခိုးတော်နဲ့ ငရဲပြည်က မီးခဲလေးတစ်ခဲကို သူ့ရှေ့မှာတင်ယူပြ၍ လက်ပံသားအစိုပုံထဲကို ပစ်ထည့်လိုက်ပါသည်။ လက်ပံသားအစိုတွေ ချက်ချင်းပင် ပြာကျသွားခဲ့ပါသည်။ ငရဲမီးက ဘယ်လောက်အထိ ပြင်းသည်ကို သိစေလိုသည့်သဘောပင်ဖြစ်နိုင်ပါသည်။ သည်တော့မှ မိလက္ခကြီးလည်း လူမထွက်တော့ပဲ ရဟန်းခံပြီး တရားဓမ္မကို အချိန်ပြည့်အားထုတ်နေပါတော့သည်။ မိလက္ခကြီးရရှိခဲ့သော နောင်တသည်ကား မလွန်သေးခင်မှာ အချိန်မှီပြင်ခွင့်ရှိသော နောင်တဖြစ်သောကြောင့် အကျိုးရှိသော နောင်တမျိုးဖြစ်ပါသည်။ သူ သည် ရရှိလာသော နောင်တပူပန်မှုများကို ဝိပဿနာတရားဖြင့် အစားထိုးပယ်ဖျောက် ရဟန္တာအဖြစ်သို့တိုင် ရောက်ရှိခဲ့ပါသည်။ အကယ်၍များ သူအိုမင်းမစွမ်းဖြစ်လာချိန် သေခါနီးအချိန်ရောက်မှ နောင်တရခဲ့မည်ဆိုလျှင် ယခုကဲ့သို့ အကျိုးထူးတရားမရနိုင်ဘဲ အပါယ်ငရဲမှာ နစ်မွန်းနိုင်ပါသည်။

စုန္ဒနွားသတ်သမားကတော့ နေ့စဉ်နေ့စဉ် နွားတွေကို သတ်ရောင်းပြီး စီးပွားရှာသည်။ သူကိုယ်တိုင်က လည်း နွားသားမပါလျှင် ထမင်းမစားတတ်သူ။ သူ့အတွက် အကောင်းဆုံး အသားကို ချန်ထားပြီး စိတ်တိုင်းကျ ချက်ပြုတ်စားသောက်လေ့ရှိသူ။ တစ်နေ့မှာ သူ့အတွက် ချန်ထားသော နွားသားများကို ခွေးများက ခိုးစားသွားခဲ့ ပါသည်။ ယင်းနွားသားသည် ဥပုသ်နေ့တိုင်း နွားသင်ခွင့်မရှိ၍ ကြိုတင်ချန်ထားခဲ့သောနွားသားဖြစ်၏။ ဥပုသ်နေ့ ထမင်းဝိုင်းတွင် နွားသားမပါရကောင်းလားဆိုပြီး စိတ်တွေဆိုး၊ မိန်းမကို ဆဲဆိုကာ တင်းကုတ်ထဲက နွားကို အရှင်လတ်လတ် လျှာကိုဖြတ်ပြီး အကြော်ခိုင်းပါသည်။ နွားခမျာလည်း မချိမဆန့်ခံစားရပြီး သေဆုံးရသလို သူလည်းပဲ နွားသားကို သူ့လျှာပေါ်တင်လိုက်သည်နှင့် လျှာကြီးပြတ်ကျကာ မချိမဆန့် နွားလိုအော်ဟစ်ပြီး သေဆုံးခဲ့ရပါသည်။ သည်လိုလူမျိုးအတွက် နောင်တတစ်ဖန် ပူပန်နေလည်း အကျိုးမထူးတော့။ ငရဲပြည်မှာ မိုက်ပြစ်မိုက်ကြွေးကို ခန္ဓာနဲ့ပေးဆပ်ရင်း နောင်တပူပန်နေဦးမည်သာ။

● သူ့မယား၌ ပြစ်မှားတုံဘိ
သူတစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်ခြင်းသည် အလွန်စက်ဆုပ်ဘွယ်ကောင်းသော အပြုအမူ လည်းဖြစ်၏။ အပြစ်လည်း အလွန်ကြီးပါသည်။ အဘယ့်ကြောင့်ပါနည်း ကိုယ်အမြတ်တနိုးချစ်ရသူကို တစ်ပါးသူ များက လာရောက်ဖျက်ဆီးလျှင် ဘယ်လိုခံစားရမည်နည်း။ “ရည်းစားလူလု အူနုကျွဲခတ်”ဆိုသောစကားအတိုင်း ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားကို တစ်ပါးသူက ပြစ်မှားကျူးလွန်လျှင် အူအသည်းပြောင်းပြန်လှန်သလို ပြင်းပြင်း ထန်ထန်ခံစားရမည်ဖြစ်ပါသည်။ ထို့အတူပင် ကိုယ့်သမီး ကိုယ့်အစ်မ ညီမကို သူတစ်ပါးက ကျူးလွန်စော်ကား သွားလျှင် မည်သို့ခံစားရမည်နည်း။ အသက်ချင်းလဲပြစ်ချင်လောက်အောင် ဒေါသထွက်ကြပေလိမ့်မည်။ ထိုသို့ အမြတ်တနိုးတန်ဘိုးထားကြသောအရာများဖြစ်သည့်အတွက်ကြောင့် ကိုယ်ချင်းစာတရား စာနာထောက်ထား၍ သူတစ်ပါး သားမယားကိုသော်လည်းကောင်း၊ အစ်မညီမ သမီးများကိုလည်းကောင်း ကျူးလွန်လျှင် အလွန်ပင် အပြစ်ကြီးလှပါသည်။ ထိုသို့ သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ထားသူများသည် ကိုယ့်ညီမ ကိုယ့်သမီး အလှည့်ရောက်လာသည့်အခါ သူများစော်ကားမှာကို သေလုမတတ် ကြောက်တတ်ကြသည်။ ထိုအကြောက် တရားကြောင့် ငါသူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခဲ့မိတာ မှားတာပဲ-ဟု ပူပန်ကြောင့်ကြ နောင်တမီး တွေ တစ်ညီးညီးလောင်နေရတတ်ပါသည်။

ရှင်အာနန္ဒာ၏အလောင်း ရွှေပန်းထိမ်သည်သားဖြစ်စဉ်အခါက သူတစ်ပါး သားမယားတို့ကို ငွေအင် အားဖြင့် မတရားကျူးလွန်ပြစ်မှားခဲ့သောကြောင့် အပါယ်ငရဲမှာ နှစ်ပေါင်းများစွာ ကျခဲ့သည့်အပြင် ငရဲကလွတ် လာသောအခါမှာလည်း မိန်းမဘဝ၊ မိန်းမလျာဘဝမျိုးစုံတို့မှာ အကုသိုလ်ကြွေး ပြန်လည်ပေးဆပ်ခဲ့ရသည်။ ထို့ အပြင် နွားထီး၊ ဆိတ်ထီး၊မျောက်ထီးများဘဝတွင် ဝှေးဥကို ထုနှက်၍ သင်းကွတ်ခြင်းကို ခံခဲ့ရပါသည်။

● ပစ္စည်းရှိလျှက် စိုးစိမလှူ
ဘုရားအလောင်းသူတော်ကောင်းများသည် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူရာတွင် ဒါနပါရမီကို ဦးစွာပထမဖြည့်ကျင့်တော်မူသည်။ ထို့အတူပင် သူတော်ကောင်းတရားလက်ကိုင်ထားကြသောသူတိုင်းက မိမိ ပိုင်ဆိုင်သမျှ ပစ္စည်းဝတ္ထုများကို မျှဝေလှူဒါန်းခြင်းဖြင့် လူ့လောကသမိုင်းတစ်ခေတ်ကိုအလှဆင်ကြသည်။ မိမိ ပိုင်ဆိုင်သမျှ ပစ္စည်းဝတ္ထုများထဲမှ တတ်အားသမျှ လှူဒါန်းပူဇော်ခြင်းသည် ကြွေးသစ်ချသည်နှင့်လည်းကောင်း၊ ကုသိုလ်မျိုးစေ့ ပြည်လည်စိုက်ပျိုးသည်နှင့်လည်းကောင်းတူပါသည်။ လှူရင်ကုန်တာပဲ၊ ပုညာဘိ ကုန်တာပဲရှိ တာပဲ-ဟု လှူရတန်းရမှာကို နှမြောတွန့်တိုကြသူများသည် လှူစရာပစ္စည်းဝတ္ထု မရှိတော့သည့်အခါ၊ သေခါနီး အခါတို့၌ ပူပင်ကြောင့်ကြ နောင်တကြီးစွာရတတ်ပါသည်။

ဘုရားလက်ထက်က အဒိန္နပုဗ္ဗကသူဋ္ဌေးကြီးက “လှူရင်ကုန်တာပဲ မျက်စဉ်းများတောင်မှ ခတ်ပါများရင် ကုန်ခမ်းသွားသလိုပဲ လှူဒါန်းပေးကမ်းမှုဆိုတာ နည်းနည်းပေးပေး များများပေးပေး ကုန်တာပဲ။ ဘာအကျိုးမှ မရှိ ဘူး” ဟု အယူမှားကာ သူကိုယ်တိုင်လည်းမလှူ၊ သူတစ်ပါးလှူသည်ကိုလည်း လိုက်၍တားဆီးတတ်၏။ ကုဋေ လေးဆယ်သော သူပိုင်ပစ္စည်းများကိုပင် သူကိုယ်တိုင် မသုံးရက် မစားရက် နေ့စဉ် ဆန်ကွဲထမင်း၊ ပုန်းရည်ဟင်း နှင့်သာ စားသောက်၏။ ဖျင်ကြမ်းကိုဝတ်ဆင်၏။ သစ်သားဖိနပ် သစ်ရွက်ထီးကိုသာ သုံးစွဲ၏။ သူသေသွားသော အခါ အမွေခံသားသမီးမရှိ၍ သူ၏ပစ္စည်းဥစ္စာတွေကို ဗိမ္ဗိသာရမင်းကြီးက မင်းဘဏ္ဍာအဖြစ်သိမ်းယူလိုက်ရ၏။ ထိုသူဋ္ဌေး၏အဖြစ်သည် သူပိုင်ဆိုင်သမျှ စီးစိမ်ဥစ္စာများသည် သူ့အတွက်လည်း အကျိုးမများ၊ တိုင်းသူပြည်သား အတွက်လည်း အသုံးမဝင်။ ဘဝများစွာက ဆည်းပူးပြုလုပ် အားထုတ်ခဲ့သော ကုသိုလ်ကောင်းမှု၏ အကျိုး ဆက်များကို နောင်သံသရာအတွက် အကျိုးရှိအောင်အသုံးမချတတ်၍ အချီးနှီးဖြစ်ခဲ့ရလေ၏။ ထိုသူဋ္ဌေးကြီး သေခါနီးကာလနှင့် နောင်တမလွန် ပြိတ္တာဘဝတွေမှာ နောင်တတစ်ဖန် ပူပန်မှုတွေ ဘယ်လောက်များ စိတ်ဆင်း ရဲနေ မည်လဲဆိုသည်ကို တွေးမိတိုင်း သနားမိပါ၏။

● မွေးမြူမိဘ မပြုကြနှင့်
မိဘများကို ပြန်လည်ကျွေးမွေးပြုစုရမည့် တာဝန်သည် သားသမီးတိုင်း၏ တာဝန်ဖြစ်ပါသည်။ မြင့်မိုရ် တောင်ဦး မကကျူး ကျေးဇူးမိဘဂုဏ်ကို လူတိုင်းနားလည်ကြပါသည်။ သားသမီး ဆယ်ယောက်ကို မိဘများက ပြည့်ပြည့်စုံစုံ ပြုစုလုပ်ကျွေးနိုင်သော်လည်း အိုမင်းလာသော မိဘနှစ်ပါးကို သားသမီးဆယ်ယောက်က ပြည့် ပြည့်စုံစုံ ပြန်လည်လုပ်ကျွေးနိုင်ဖို့ခဲယင်းကြသောအဖြစ်များရှိခဲ့ဘူးပါသည်။ မိဘများက သားသမီးတိုင်းအပေါ်မှာ ကျွေးမွေးပြုစု ယုယကြင်နာ ချိုသာသောအပြုံး ချစ်ခင်မြတ်နိုးသော နှလုံးသားဖြင့် တစ်သက်လုံး ပြုစုစောင့် ရှောက်ခဲ့ကြ၏။ သားသမီးများ အိမ်ထောက်ကျပြီး သားသမီးတွေ ပွားစီးသည့်တိုင် မြေးတွေကိုထိန်းပေးကြ၏။ ထိုမိဘများကို မငြိုမငြင် မပင်မပန်းရအောင် ပြုစုစောင့်ရှောက်ဖို့ သားသမီးတိုင်းမှာ တာဝန်ရှိ၏။ ထိုတာဝန်ကို ပျက်ကွက်ခဲ့သော သားသမီးများမှာ မိဘမရှိတော့မှ “အော် ငါမိဘတွေ ရှိစဉ်တုန်းက ငါဘာမှမပြုစု မလုပ်ကျွေးခဲ့ရဘူး။ မိဘတွေက ငါ့အပေါ်မှာ ကောင်းခဲ့သလောက် ငါက မကောင်းခဲ့တဲ့ကောင်ပဲ။ မိဘတွေရှိစဉ် တုန်းက မိဘကျေးဇူးတရားကို ဘာပြုလို့ နားမလည်ခဲ့တာလဲ” ဟု တသသနှင့် ပူပန်ကြောင့်ကြ နောင်တတွေ အကြီးအကျယ်ရနေတတ်ပါသည်။ ထိုသို့ လွန်သွားမှရရှိသော နောင်တမျိုးကား ဘာမှအသုံးမကျ၊ စိတ်ဆင်းရဲ နေရရုံသာ ဖြစ်ပါသည်။

လောကမှာ အစားထိုးလို့မရနိုင်သော အချိန်ကာလနှင့် မိဘဟူသော အရာနှစ်မျိုးရှိရာတွင် အချိန်ကလ ဆိုသည်ကတော့ အစားထိုးလို့မရသော်လည်း မဖြစ်ဖြစ်သည့်နည်းဖြင့် စီမံဖန်တီးလို့ ရနိုင်ပါသေးသည်။ မိဘများ မရှိတော့လျှင် မိဘများကို ပြန်လည်ပြုစုလုပ်ကျွေးခွင့်များ ဘယ်လိုနည်းနှင့်မှ ပြန်ရဖို့ မဖြစ်နိုင်တော့ချေ။ နိဗ္ဗာန် မရသေးခင် သံသရာတစ်ခွင်မှာ ကိုယ့်မိဘတွေကို ပြန်လည်ဆုံတွေ့ခဲ့သော်လည်း ပြန်လည်ဆုံတွေ့ချိန်မှာ ကိုယ့် မိဘမဟုတ်ဘဲ ကိုယ့်သားသမီးလည်း ဖြစ်ချင်ဖြစ်နေမည်။ သို့မဟုတ် ကိုယ့်ရန်သူကြီးတွေလည်း ဖြစ်ချင်ဖြစ်နေ ပေလိမ့်မည်။ ကိုယ့်သားသမီး(သို့)ကိုယ့်ရန်သူများကို ကိုယ့်မိဘဖြစ်ခဲ့ဘူးတာပဲလို့လည်း ကိုယ်ကမမှတ်မိ။ ထို့ ကြောင့် မိဘကဲ့သို့ ပြန်လည်ပြုစုလုပ်ကျွေးခွင့်ကို မရနိုင်တော့ပေ။

မိဘရယ် သားသမီးရယ် ဇနီးခင်ပွန်းရယ်လို့ ဘဝတစ်ခုမှာ လာပြီးဆုံဆည်းခဲ့ကြ။ မိသားစုတွေ အဖြစ် နှင့် အတူတကွ ပေါင်းသင်းဆက်ဆံ အချိန်တန်သောအခါ တစ်လမ်းစီခွဲသွားကြပြီး ကိုယ့်လမ်းခရီးကိုယ် တစ် ကိုယ်တည်း ခရီးဆက်ကြရပြန်သည်။ “ကံဆုန်လျှင် တွဲ၊ ကံကုန်ကွဲ၊ အမြဲမပြတ်၊ ရှုမှတ်ကြ”ဆိုသည့်အတိုင်း ယခုဘဝမှာ အတူတကွပြုခဲ့သော ကုသိုလ်ကောင်းမှုကံကြောင့် ဘဝတစ်ခုခုမှာ မိသားစုရယ်လို့ ပြန်လည်ဆုံ တွေ့။ ကုသိုလ်ကံ အဟုန်ကုန်သွားသည့်အခါ တစ်ဦးနှင့်တစ်ဦး ခွဲခွာသွားကြရပြန်၏။ ဘဝတစ်ခုခုမှာ ပြန်လည် ဆုံတွေ့ခွင့် ရချင်ရနိုင်သော်လည်း ကိုယ့်မိဘက ကိုယ့်မိဘအဖြစ်နဲ့ ပြန်တွေ့ဖို့ ခဲယင်းပါသည်။ ထို့ကြောင့် ကျေးဇူးတရားကိုလက်ငင်းဆပ်နိုင်အောင် ကြိုးစားခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ထိုသို့ ကျေးဇူးမဆပ်ခဲ့ကြ သူများ ကိုယ်တိုင် အိုမင်းမစွမ်းဖြစ်လာသည့်အခါ သေခါနီးအခါတို့မှာ ပူပန်ကြောင့်ကြ နောင်တကြီးစွာ ရတတ် ပါသည်။

● ဆုံးမ မနာ
အသိအလိမ္မာ ဉာဏ်ပညာကြီးမားကြကုန်သော သူတော်ကောင်းများ၏ သွန်သင်ဆုံးမမှုကို နာယူရဖို့ အလွန်မတန် ခဲယင်းလှပါ၏။ ရှင်ရာဟုလာလေးက သဲများကို လက်ဖြင့်ဆုတ်ကိုင်၍ ဤသဲများလောက် ငါ့ကို သွန်သင်ဆုံးမမည့်သူများ ရှိလျှင်ကောင်းလေစွာ့-ဟု ဆိုခဲ့ဘူးပါသည်။ ဆိုးဆိုးမိုက်မိုက် ပေပေတေတေ နေခဲ့သူများက “မိဘဆရာသမားတွေက ငါ့ကိုအရက် မသောက်ဖို့၊ လောင်းကစားမလုပ်ဖို့၊ မိန်းမမလိုက်စားဖို့ အတန်တန်ဆုံးမခဲ့တာပဲ။ ငါကိုက သူတို့စကားကို မလိုက်နာခဲ့လို့ ငါအခုလို ကုစားမရတဲ့ ရောဂါဆိုးကြီးတွေ ရနေတာပဲ” ဟု ရောဂါရချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၊ သေခါနီးအချိန်များမှာ နောင်တတစ်ဖန် ပူပန်ရတတ်ပါ သည်။ ဆုံးမသွန်သင်သူများ ရှိနေတုန်းမှာ ကိုယ်ကလမ်းကြောင်းမှားကိုရောက်နေလျှင်တောင်မှ သူတို့က လမ်း ကြောင်းမှန်ကိုပြန်ရောက်အောင် ပြန်တည့်ပေးတတ်ကြ၏။ သူတို့ဆုံးမမှုကို မနာယူပဲ ကိုယ့်ကိုယ်သာ ကိုယ် ဆရာအဖြစ်နှင့် ဘဝလမ်းခရီးတစ်လျှောက်မှာ အမှားများစွာ ကြုံတွေ့နိုင်ပါသည်။ ထိုအခါရောက်မှ ကိုယ့်ကိုယ် ကိုတောင် ရွံ့မုန်းစက်ဆုတ် ပူပန်ကြောင့်ကြ နောင်တတွေတစ်သီကြီးဖြင့် ဘဝကို နိဂုံးချုပ်ရပေလိမ့်မည်။

● ပညာရှိထံ နည်းခံမမှတ်
ပညာရှင်များက နည်းပညာများကို မျှဝေလာသည့်အခါ လေးလေးစားစား မှတ်သားရမည်။ “တပည့် ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ဆရာကောင်းတစ်ယောက်ဖြစ်နိုင်သည်” ဆိုသောစကားအတိုင်း ကိုယ်ကလေ့လာ သင်ယူချိန်မှာ ကြိုးစားလေ့လာသင်ယူမှ ကိုယ်ဆရာဖြစ်လာသည့်အခါ ပိုင်ပိုင်နိုင်နိုင်သင်ပြပေးနိုင်ပါသည်။ ကိုယ့်ဘဝအတွက်လည်း ကောင်းကောင်းမွန်မွန် ပြန်လည်အသုံးချနိုင်ပါသည်။ ထိုသို့ ပညာရှင်များထံ နည်းခံ မသင်ခဲ့လျှင် လက်တွေ့ဘဝမှာ တကယ်အသုံးချတော့မှ နောင်တတစ်ဖန် ပူပန်နေရပါမည်။

နည်းပညာဆိုသည်မှာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အသုံးချတတ်လျှင် အသုံးချတတ်သ လောက် ကြီးပွားချမ်းသာနိုင်ပါသည်။ တိရစ္ဆာန်များကိုပင် ဆရာတင်၍ တီထွင်ကြံဆ လေယာဉ်ကြီးတွေ၊ ရေဒါ တွေဖြစ်ပေါ်လာခဲ့ပြီး လူသားတို့အတွက် များစွာအသုံးဝင်ခဲ့ကြပါသည်။ နည်းပညာဆိုသည်မှာလည်း လိုက်လေ လိုက်လေ ပို၍နက်နဲကျယ်ဝန်းလေလေ မကုန်ဆုံးနိုင်အောင် ရှိလှပါသည်။ လူ့ဘဝအတွက် အကောင်းဆုံးသော နည်းပညာကတော့ လောကုတ္တရာပညာပင်ဖြစ်ပါသည်။ လောကုတ္တရာနည်းပညာများကို အချိန်ရှိခိုက် ကြိုးစား သင်ယူမှတ်သား ကျင့်ကြံပွားများမှုမရှိခဲ့လျှင် အိုမင်းမစွမ်းဖြစ်လာသည့်အခါ သေခါနီးအခါများမှာ “ငါ့ခန္ဓာကိုယ် ကြီး သန်တုန်းမြန်တုန်း စွမ်းနိုင်တုန်းက တရားအလုပ် ကြိုးစားအားထုတ်မှုမရှိပဲ အပျင်းထူခဲ့မိတာ မှားလေစွာ့” ဟု ယူကျုံးမရ နောင်တပူပန်ရပါလိမ့်မည်။

● အမြတ်မကျင့်
မြင့်မြတ်သောအလုပ်ဖြစ်သော သီလ သမာဓိ ပညာသိက္ခာသုံးပါး အကျင့်တရားတို့ကို လူပင်ဖြစ်စေ ရဟန်းပင်ဖြစ်စေ ကျင့်သုံးခွင့်ရှိပါ၏။ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ဤသီလ သမာဓိ ပညာ သိက္ခာသုံးပါး မြတ်တရားတို့ကို ကြိုးစားအားထုတ်၍ လူ့လောကကြီးတစ်ခုလုံးကို ငြိမ်းချမ်းသာယာမှုအပေါင်းတို့ ဖြင့် အလှဆင်ခဲ့ကြပါသည်။ သူတို့ကိုယ်တိုင်ကလည်း သူတော်ကောင်းတရား သိက္ခာသုံးပါးကို ကျင့်သုံးတော်မူ ကြသလို လူနတ်ဗြဟ္မာသတ္တဝါများကိုလည်း ကျင့်သုံးစေတော်မူခဲ့ကြပါသည်။ ထိုသူတော်ကောင်းတို့၏ လမ်း ကြောင်းအမှန် သိက္ခာသုံးပါး မြတ်တရားတို့ကို မကျင့်သုံးခဲ့သူများသည် အိုမင်းမစွမ်းဖြစ်လာသည့်အခါ၊ ဘေး ဒုက္ခတွေ တွေ့ကြုံလာသည့်အခါ၊ သေခါနီးအခါရောက်မှ ယူကျုံးမရ အပူလုံးကြွကာ နောင်တကြီးစွာ ရနေတတ် ပါသည်။ အချိန်မလွန်သေးသော နောင်တ၊ ဖြစ်ခဲ့ပြီးသော အဖြစ်ဆိုးတွေကို သင်္ခန်းစာယူပြီး နောင်ကြဉ်တတ် သော နောင်တမျိုးဆိုလျှင်ကား တန်ဘိုးရှိလှပါသည်။ ထိုသို့မဟုတ်ခဲ့ပါလျှင် ပူပန်ကြောင့်ကြ ဗျာပါဒပွားရုံမျှသာ ဘာမျှအကျိုးမရှိနိုင်ပါလေ။

သို့ပါ၍ လွန်သွားပြီးမှ နှုတ်မရ ပယ်မရ ယူကျုံးမရ အပူလုံးကြွရသော နှောင်းလွန်နောင်တမျိုး မဖြစ်ကြ စေရန် အထက်ပါ နောင်တဆယ်ပါးတို့ကို အသိဉာဏ်ယှဉ် ဆင်ခြင်သုံးသပ် အမြတ်တရား သူတော်ကောင်းများ ၏တရားဓမ္မကို အချိန်ရှိခိုက် လုံ့လပြုနိုင်ကြပါစေ။ မိမိလေ့လာပွားများ သူတော်ကောင်းတရားတို့ဖြင့် လောက ကောင်းကျိုး၊ အမျိုးဘာသာ သာသနာတော်၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်ကြပါစေ-ဟု ဆန္ဒလျှက်…..။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to နှောင်းလွန်နောင်တ အသုံးမကျ ဘဝသင်္ခန်းစာ

  1. U Thi Ha Tint Swe on January 17, 2013 at 9:20 am

    ” If any body can correct an error as soon as known on it,not late.”

  2. mya on January 17, 2013 at 9:22 am

    same old story:
    same old song:
    repeatedly; repeatedly;
    same old ‘ vinyl ‘ song with the same stylus.

    Law does not forgive: Law does not forget:
    Law makes justice.

    that is practical in the real life.
    and that is the way it should be.
    and that is the way it ought to be.

    Religion is good. Religious views should not mingle with everyday law matters.
    Law is Law.
    Religion is Religion.
    Justice is Justice.
    Don’t put ‘ emotional factors ‘ , ‘ religious factors ‘ in justice.

    and things will mix up, and

    double standard, triple standard and multiple standard and many other inconsistency will turn up and ‘ governing the practical good country and community be jeopardized and finally the whole country will be collapse.

    Don’t mingle it.

    This is the good article, though !

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်