၂၀၁၂ နဲ့ မိုးမခ၊ ပြီးတော့ … ဦးနုပါလီမန်မှသည် ဒေါ်စုပါလီမန် ဆီသို့

January 18, 2013

အယ်ဒီတာ့လက်ရေး (၁၈)

၂၀၁၂ နဲ့ မိုးမခ၊ ပြီးတော့ … ဦးနုပါလီမန်မှသည် ဒေါ်စုပါလီမန် ဆီသို့

မောင်ရစ်၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃

၂၀၁၃ နှစ်သစ်ကူးမှာ ၂၀၁၂ နှစ်ကို နှုတ်ဆက်လှည့်ကြည့်တဲ့စာ မရေးရသေးဘူး။ မိုးမခရဲ့ လက်တဆုပ်စာမရှိတဲ့ အယ်ဒီတာတွေကလည်း နှစ်ကူးကို အဖက်လုပ်ပြီး မရေးကြဘူး။ သည်တော့ ကာတွန်းရေးတာတွေ ဘေးချပြီး စာလေးဘာလေး ရေးရတော့မှာပေါ့။

မိုးမခနဲ့ ပတ်သက်လို့ကတော့ ၂၀၁၂ မှာ စာမူပေါင်း ၂၉၂၈ ပုဒ် တင်ခဲ့တယ်။ တလကို ဆောင်းပါး ၂၄၀ ကျော်ပေါ့။ စာမူခ လက်ခ လဘက်ရည်ဖိုး ဘာမှ မပေးနိုင်တဲ့ ကိုယ်ထူကိုယ်ထ စာနယ်ဇင်းအဖွဲ့ဟာ ၂၀၁၂ မှာ ပင်တိုင်စာမူရှင် ၈ ဦးလောက်ကို တိုးလာတယ်။ အရင်လူတွေလည်း ကြိုကြားကြိုကြား ဆက်ရေးနေကြတယ်။ ၀မ်းသာစရာပဲ။ ၀မ်းနည်းစရာက စာမူရှင်တွေ နယ်က သတင်းတွေ ပေးစာတွေ ရေးပေးနေသူတွေကို စာမူခလေး၊ ခရီးစာရိတ်လေးတောင် မပေးနိုင်တာ။ မပေးနိုင်ဘူးဗျာ။ ဒီလိုပဲ ဆက်သွားကြမှာပဲ။ အင်း … ဘယ်လောက်ကြာကြာခံမလဲ။ မသိဘူးဗျ။ ခေတ်အဆက်ဆက်မှာ လူမိုက်တွေဆိုတာ ကုန်ခန်းသွားတဲ့အရာမဟုတ်ဘူးလေ။ လူမိုက်တွေနဲ့ပဲ စခန်းသွားရမှာပဲ။ လူလိမ္မာတွေဆိုတာက မိုးမခကို ဖတ်ကောင်းတဲ့အရာလို့ ထင်တာမဟုတ်ဘူးမို့လား။

၂၀၁၂ မှာ ကွန်မြူနီတီလှုပ်ရှားမှုတွေဟာ ဒေသအသီးသီးမှာ တက်ကြွလာတယ်။ ကွန်မြူနီတီတွေဆီက သတင်းနဲ့ စာတွေကို တင်ဆက်တာ၊ လက်တွဲလှုံဆော်တာတွေ လုပ်တဲ့ မိုးမခမှာ ကွန်မြူနီတီက မြင်ကွင်းတွေနဲ့ အရောင်စုံလာတယ်လို့ ပြောရမယ်။ ပင်တိုင်ရေးလာသူတွေ ကိုယ်တိုင်ကလည်း သူတို့ကွန်မြူနီတီထဲမှာ ၀င်ရောက်ကူညီ လှုပ်ရှားနေကြတော့ ခေတ်ပေါ်အသံသစ်တွေ ကြားရတယ်လို့ ဆိုရမယ်။ ဆရာ (ဦး) မောင်စွမ်းရည်နဲ့ ဆုံတော့ ခေတ်ပြိုင်စာရေးဆရာတွေ၊ မိုးမခမှာ စာရေးသူတွေထဲမှာ ဘုန်းကြီးတွေလည်း အတော်ရှိတာပဲလို့ မှတ်ချက်ပေးတယ်။ ဟုတ်တယ်နော်။ သံဃာတော်တွေဟာ ဒေသခံပြည်သူတွေအတွက် အရိပ်အာဝါသပေးသူတွေ အားပေးကူညီသူတွေဆိုတော့ သူတို့ရဲ့ အသံတွေ၊ အာဘော်တွေဟာ အများကြီး သြဇာရှိပါတယ်။ သူတို့တွေရေးတဲ့စာတွေ ထည့်ခွင့်ရတာလည်း မိုးမခအတွက် ဂုဏ်ယူစရာ ၀မ်းမြောက်စရာ ဖြစ်ရပါတယ်။

မိုးမခမှာ စာရေးသူတွေအပြင် ကာတွန်းရေးသူတွေ၊ ကာတွန်းဆရာတွေအတွက် Cartoon Box ကဏ္ဍကို တင်ဆက်ထားမိတော့ ခေတ်ပြိုင်ကာတွန်းဆရာတွေရဲ့ လက်ရာတွေ အတော်ကို စုဆောင်း ကူးယူ ဖော်ပြခွင့်ရတာကလည်း ၀မ်းသာစရာပါပဲ။ ပန်းချီခန်းတွေ ဓာတ်ပုံခန်းတွေ လုပ်ချင်သော်လည်း ခါးက မသန်သေးဘူး။ တချို့ကလည်း စိတ်ပျက်စကားဆိုကြတယ်။ လက်ရှိမြန်မာ့အရေး စိတ်မအေးတော့ စာတွေလည်း မရေးချင်သေးဘူးတဲ့။ စိတ်ကူးရှိတာ ရေးချင်တာသာ ရေးပါဗျာ။ သည်မိုးမခဆိုတဲ့နေရာဟာ နှလုံးသားချင်း စိတ်ကူးတာချင်း တူတဲ့ သူတွေ စုနေတဲ့ ဆုံနေတဲ့ ဇရပ်လိုနေရာလေးပဲ။ ကျော်ဟိန်းသီချင်းထဲကလို “သည်နေရာမှာ ခနလောက်နားပြီးတော့ ပြန်ထွက်သွားမှာလည်း သိရက်နဲ့ ကူညီချင်တယ် …” သည်လိုမျိုးပေါ့။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဦးချစ်ဆိုင်၊ ကာတွန်းဘောက်စ်၊ စွယ်တော်ရိပ်၊ ပန်းချီခန်း၊ အဲသည်မှာ ဖြတ်သန်းခဲ့ရဘူးတဲ့ ခံစားမှုမျိုး ကျနော်တို့ သည်နေရာကနေ ပေးနိုင်ခဲ့ရင် ကျေနပ်ပါတယ်။ သည်အပင် သည်အရိပ်ကို ကျနော်တို့ အတူစိုက်ခဲ့တာ ဒီ ၂၀၁၃ မှာ ၁၀ နှစ်ပြည့်မယ်။ မိုးမခပင်ဟာ ဓာတ်မြေသြဇာတွေ မပါတဲ့ လူထုထဲက အဟာရနဲ့ အော်ဂင်နစ် သစ်ပင်လေးပေါ့။

အင်း … ကို်ယ်ထူကိုယ်ထဆိုတော့ ပြောချင်တာလည်း လွတ်လွတ်လပ်လပ် ပြောရတာပဲ။ တလောက ပြည်တွင်းကမိတ်ဆွေတွေက မေးတယ်။ ခင်ဗျားတို့က ဒေါ်စုတို့ အင်န်အယ်ဒီတို့ ၊ ၈၈တွေ ၉၀တွေ ၁၀၀တွေ၊ ဘာတို့ ညာတို့ အတိုက်အခံတို့ကို အတော် ပြောချင်ဆိုချင် ခလုတ်တိုက်ချင်လှချေလားတဲ့။ ကာတွန်းတွေကလည်း အတော် အပေါက်ဆိုးလိုက်တာ တဲ့။ ကိုယ်တိုင်လည်း လာလုပ်ကြည့်ပါဦးလားတဲ့။ အင်း … ဒါကလည်း အတော်ကို လုံလထုတ်ပြီး အားစိုက်ပြီး ပြောရ ဆိုရတာပါဗျာ။ လာတော့ မလုပ်ပါဘူး။ သူတို့လည်း သူတို့အလုပ်လုပ်ပေါ့။ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ် လုပ်တာပေါ့။

မင်းကာတွန်းဆွဲတာ နေရာမကျပါဘူးကွာ ဖယ်ဖယ် ငါဆွဲမယ်ဆိုရင် “ဟေ့ကောင်ရေ … ကိုယ့်မင်၊ ကိုယ့်စာရွက်၊ ကိုယ့်အိုင်ဒီယာ၊ ကိုယ့်လက်ရာနဲ့ ဆွဲပါ” လို့ ပြောရမှာပေါ့။ ရော့ရော့ ငါ့ကလောင်၊ ငါ့စင်၊ ငါ့နေရာတွေ ယူပြီး ဆွဲပါလို့ ဖယ်ပေးပြီးတော့ ပေးလုပ်လို့ရတာမှ မဟုတ်ဘဲ။ ဟာ … အင်န်အယ်ဒီလုပ်တာ နေရာမကျပါဘူး။ ဖယ်ဖယ် ဒေါ်စု ဖယ်။ ဒီက ဂျော်ဒီးကို လွှတ်ပြီး လုပ်ခိုင်းလိုက်မယ်လို့ ပြောလို့ ရတာမျိုးမှ မဟုတ်တာပဲ။ အခုဟာက သူတို့လည်း သူတို့အလုပ်တွေလုပ်၊ ကိုယ်လည်း ကိုယ်လုပ်နိုင်တာ လုပ်နေကြတဲ့သဘောပဲ။ ပြောတာ ဆိုတာ ဝေဖန်ကြတယ်ဆိုတာကလည်း တိုင်းပြည်နဲ့ လူမှုဝန်းကျင်ဆက်ဆံရေးဘ၀ အပြောင်းအလဲကို ထူထောင်နေကြတာ၊ လေ့ကျင့် ဖြတ်သန်းနေကြတာလေ။

ပြောရရင် အနှစ် ၂၀ ကျော် သွေးတွေ ချွေးတွေ ပေးဆပ်မှုတွေနဲ့ ထူထောင်လာတဲ့ ဘ၀တွေ၊ အဖြစ်အပျက်တွေ၊ သမိုင်းမှတ်တိုင်တွေ၊ အဖွဲ့အစည်းတွေဆိုတာ အစကနေ ပြန်စလို့ ရတာတွေ မဟုတ်ဘူး၊ လူစားထိုးလို့ လူစားလဲလို့ ရတာတွေ မဟုတ်ဘူး။ သူတို့ ပေးဆပ်မှုတွေ စွမ်းဆောင်မှုတွေနဲ့ ဖြစ်တည်လာတာ ဖြစ်တယ်။ ပါတီတွေ ဘာတွေဆိုတာကလည်း ခုတမျိုး နောင်တမျိုး ထောင်လိုက် လှဲလိုက် လုပ်လို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ဆက်ပြီးတော့ ဖြတ်သန်းရဦးမှာ။ ဆက်ဖြတ်နေဆဲပဲ။

ခုချိန်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အတိုက်အခံ၊ လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားများ၊ ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်း၊ မီဒီယာ စသည့် လူတန်းစား အလွှာအသီးသီးဟာ ၂၀၁၂ အတွင်းမှာ နိုင်ငံရေးအဆင့် ပွင့်လင်းမှုတွေ ရလာတယ်။ အပြောင်းအလဲတွေ မြင်လာရပါတယ်။ ကြိုဆိုပါတယ်။ ထစ်ခနဲ ရှိ ဆဲလိုက် ဆိုလိုက် ရိုက်လိုက် ဖမ်းလိုက် သတ်လိုက် ပစ်လိုက်ကနေပြီး ဆင်ဆင်ခြင်ခြင် ဖြစ်လာတယ်။ အိနြေ္ဒလေး ဘာလေး ဆည်လာတယ်။ ဒီကနေ ရှေ့ဆက်တိုးဖို့မှာ လူတန်းစားအသီးသီးစိတ်ထဲမှာ အရင်တုန်းကလို သံသယစိတ်တွေ မသွင်းစေတော့ဘဲ သတိထားတဲ့စိတ်၊ ကမူးရှုးထိုးမဟုတ်ဘဲ သတ္တိနဲ့ ရင်ဆိုင်တဲ့စိတ်တွေ အကျင့်လုပ်ကြဖို့ လိုတယ် ထင်မိတယ်။

ဘာကြောင့် ဒါတွေ ပြောနေမိသလဲဆိုတော့ တလောက ကိုကိုမောင်ကြီးရဲ့ တရံရောအခါကများဆိုတာကို ဖတ်မိတာကြောင့်ပါ။

 လွတ်လပ်ရေး ရကတည်းက မြန်မာပြည်မှာ ပြည်တွင်းစစ်နဲ့ ကြီးရတော့တာပဲ။ ပါလီမန်ဒီမိုကရေစီစနစ်အောက်မှာ လူတွေဟာ တဖက်က နိုင်ငံရေးပြသနာတွေ အကြပ်အတည်းတွေကို ရင်ဆိုင်ရ၊ တဖက်က ပြည်တွင်းစစ်မီးတွေကို ရင်ဆိုင်ရ၊ ဒါတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတော့ မြန်မာပြည်သူတွေဟာ ရင့်ကျက်ခွင့် မရလိုက်ဘဲနဲ့ စစ်အာဏာရှင်စနစ်ထဲကို ကျုံးသွင်းခံလိုက်ရတယ်လို့ တွေးမြင်မိတော့တယ်။ အဲသည်မှာ စာရေးဆရာ ရေးထားပုံက မြန်မာပြည်သူတွေအတွက် ပါလီမန်စနစ်ဆိုတာဟာ မသင့်တော်၊ မလျော်ညီတဲ့အတွက် မြန်မာပြည်သူတွေအတွက် ပကတိအခြေအနေတွေအတွက် သင့်တော်တဲ့ စနစ်ဖြစ်တဲ့ မြန်မာနည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ တပါတီစနစ်ကို ထူထောင် အသက်သွင်း (သွတ်သွင်း) ရတယ်လို့ ရေးထားပါတယ်။ အဲသည်တော့ ပင်ပန်းနွမ်းနယ်နေတဲ့ သံသယအမဲတုံး မိနေတဲ့ ပြည်သူတွေ လူထုလူတန်းစားတွေကို အပေါ်ယံ ဖွဲ့စည်းပုံတွေ၊ ပါတီ၊ ကောင်စီတွေ၊ ဘာတွေ ညာတွေနဲ့ ချွေးသိပ်ပြီး သကာလမှာ စစ်အာဏာရှင်တွေဟာ တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီးတော့ တပြည်လုံးကို ဖိနှိပ်ချုပ်ချယ် အုပ်စိုးခဲ့တော့တာပဲ မဟုတ်လား။

ပြန်တွေးမိတော့ နိုင်ငံရေးအာဏာကို အပြိုင်အဆိုင် အနိုင်လုကြတဲ့ဆီမှာ ဦးနုပါတီနဲ့ ဦးနု ဆိုတာဟာ တပြည်လုံးရဲ့ အသည်းစွဲပါ။ ဦးနုပါတီ ခွဲထွက်တွေ၊ ခေတ်ပြိုင်အခြားပါတီတွေ၊ ခေါင်းဆောင်တွေ ဘယ်လောက် ကြိုးစား ကြိုးစား … ရွေးကောက်ပွဲမှာ ဦးနုပဲ နိုင်တာပဲ။ ဦးနုပါတီပဲ ဗိုလ်စွဲခဲ့တာပဲ မဟုတ်လား။ သို့သော်လည်း အစိုးရအဖွဲ့ထဲမှာ ပါလီမန်ထဲမှာ ပဋိပက္ခတွေ၊ အကြပ်အတည်းတွေ၊ ပြသနာမျိုးစုံတွေ စီးပွားရေး၊ နိုင်ငံရေး စားကျက်တွေ၊ စားခွက်တွေ လုကြ၊ ပြိုင်ကြ၊ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ အဲသည်တုန်းက ဗိုလ်နေ၀င်း ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးကို လက်နက်ကိုင် စွက်ဖက်ခဲ့ကြ၊ လူမွေး၊ ပါတီမွေး၊ အတွင်းမီး အပြင်မီးတွေ မွှေးခဲ့ကြတာတွေ၊ ပြည်တွင်းစစ်မီးတလူလူကို ငြိမ်းချမ်းရေးနဲ့ မဖြေရှင်းဘဲ သံသယမီးနဲ့ သွေးထိုးခဲ့တာတွေကြောင့် နောက်ဆုံးမှာ လက်နက်ကိုင် ဗိုလ်လုပ်ပြီးတော့ ငြိမ်ဝပ်ပိပြားတည်ငြိမ်ရေးကို အင်အားသုံးရှင်းပေးတဲ့ တပ်မတော်အစိုးရ အာဏာသိမ်းတာနဲ့ မြန်မာပြည်သူတွေ ချွေးသိပ်ခံခဲ့ရတယ် မဟုတ်ပါလား။

ဦးနုပါလီမန်မှာ၊ ဦးနုဆီမှာ လူထု လူတန်းစား အဆင့်ဆင့်၊ မြို့နယ်၊ ကျေးရွာ အဆင့်ဆင့်၊ တောင်တန်း မြေပြန့် အသီးသီးက နိုင်ငံရေးခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ အင်အားတွေကသာ အခြားအပြိုင်အဆိုင်တွေ အတိုက်အခံတွေကို တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်နိုင်ရင်၊ ပြည်သူတွေကိုလည်း ပကတိပြသနာတွေ အဖြေရှာဖို့ ပွင့်လင်းလွတ်လပ်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်ခဲ့ရင် စစ်အာဏာရှင်လက်ထဲ အာဏာထိုးအပ်ရတဲ့ အဖြစ်ရောက်ခဲ့မယ် မဟုတ်ပါဘူး။ နောက်ဆုံး ၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ ဦးနေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီကို ခေတ်ပြိုင်အလွှာတွေ အတော်များများက နောက်လိုက် နောက်ပါ ၀ိုင်းဝန်း စောင်မခဲ့ကြတာကြောင့် ၁၉ ၇၄။ ၇၅ မှာ မြန်မာဆိုရှယ်လစ်လမ်းစဉ် အခြေခံဥပဒေကြီးနဲ့ အုတ်မြစ်စွဲခဲ့ရတယ် မဟုတ်ပါလား။ (ဆန့်ကျင်ခဲ့တဲ့ အင်အားစုတွေလည်း အများအပြားရှိခဲ့ပါတယ်၊ သို့သော် …)

အခုလည်းပဲ သိပ်များမကြာခင်မှာ ဒေါ်စုပါလီမန်ဆိုတာ ပေါ်ထွန်းလာဖို့ မဝေးတော့ပါပြီ။ အဲသည်အခါကျရင် “ဟိတ် သည်အခန်း ဖြတ် …” ဆိုပြီး မောင်ရစ်တို့လို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကိုင်စွဲ ကျင့်သုံး လေ့ကျင့်နေသူတွေကို “ဖြတ်” ခိုင်း “သတ်” ခိုင်းခဲ့တာမျိုး မဖြစ်စေဖို့ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ဠင်းတ ၆ ကောင်ကို ရွှေချပြီး ယတြာကောင်းကောင်း ချေကြရင်ပဲ ကောင်းလေမလားလို့ တွေးရင်းနဲ့ အယ်ဒီတာ့လက်ရေးကို တခန်းရပ်လိုက်တယ်။  ။

(လူမုန်းများမယ့် သည်စာကို မရေးခင် ရွှေည၀ါဆရာတော်ရယ်၊ ဦးဝင်းတင်ရယ်ကို နှုတ်ကနေ ပြောမိ၊ တင်ပြမိပါတယ်။ ပြီးတော့ ရေးဖို့ ချိန်ရင်းကနေ ခုတလော လွှတ်တော်မှာ အဆိုတွေ တင်လိုက်၊ ထောက်ခံလိုက်၊ ကန့်ကွက်လိုက်တွေ မြင်မိလို့ မနေနိုင်တာနဲ့ ရေးမိပါကြောင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments