သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

January 18, 2013

အိမ်ရှေ့စံ ဝေလမင်းသား
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၁၈၊ ၂၀၁၃

၁၉၂၁ ခု အောက်တိုဘာလ ၂၁ မှ ၂၄ရက်ထိ မန္တလေးမြို့တွင် နဝမအကြိမ်မြောက် ဂျီစီဘီအေ ခေါ် မြန်မာအသင်းများ၏ အသင်းချုပ်ကြီး ညီလာခံကျင်းပနေစဉ်မှာပင် ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏သားတော်ကြီး အိမ်ရှေ့စံ ဝေလမင်းသား မြန်မာနိုင်ငံသို့ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် တိုင်းခန်းလှည့်လည်ရန် ရောက်ရှိလာ မည့်သတင်းရောက်ရှိလာရာ ညီလာခံ ဒုတိယနေ့ ညနေပိုင်းတွင် ပြည်သူလူထုတို့ လိုလားသော အုပ်ချုပ်ရေးကို စီမံ၍ မပေးသော ဗြိတိသျှဘုရင်၏ကိုယ်စားလှယ်တော် အိမ်ရှေ့စံဝေလမင်းသား မြန်မာနိုင်ငံကို တိုင်းခန်းလှည့်လည်ရန် ရောက်ရှိလာလျှင် ခရီးဦးကြိုမပြုဘဲ သပိတ်မှောက်ရန်နှင့် ကြိုဆိုဧည့်ခံသူများကိုလည်း သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ ကြလေသည်။

ဂျီစီဘီအေ ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဝေလမင်းသားအားကြိုဆိုခြင်း မပြုရန် မန္တလေးမြို့တွင် တရားဟော ဆရာ ဦးငွေသော်က တရားဟောခဲ့သည်။ ထို့ကြောင့် တရားဟောရာတွင် အစိုးရကို အကြည်ညိုပျက်စေသော စကားလုံးများပါသည်ဟူ၍ အစိုးရက တရားစွဲပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် အပြစ်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ ဂျီစီဘီအေ အသင်းချုပ်ဥက္ကဋ္ဌကြီးဦးချစ်လှိုင်အား တောင်ကြီးသို့လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဝတ်လုံ ဦးဘစီအား ကော့သောင်းသို့လည်းကောင်း၊ ဝတ်လုံ ဦးကွန်းအားလားရှိုးသို့လည်းကောင်း ဖမ်းဆီးပြီးလျှင် ဒီဇင်ဘာလ အတွင်းကပင် နယ်နှင်ဒဏ် ပို့ထားလေသည်။

နယူးဘားမား (New Burma)၊ ဘားမားအော့ဇာဗား (Burma Observer) သတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့ဝန်ထမ်း သတင်းစာ တို့ကလည်း ဝေလမင်းသားအား ဆန့်ကျင်သော သတင်းများရေးသားဖော်ပြခဲ့မှုကြောင့် နယူးဘားမား သတင်းစာ အယ်ဒီတာလွယ်အိတ်ကြီး ဥင်္ီးဘလှိုင်၊ အားမော်လိုက်သို့လည်းကောင်း၊ မြန်မာ့အလင်းသတင်းစာအယ်ဒီတာ ဦးစိန်းအား ပုမ္မလင်းသို့လည်း ကောင်း၊ မြန်မာ့ဝန်ထမ်း သတင်းစာ ရမ်းဗြဲဦးမောင်မောင်တို့အား မေမြို့ (ပြင်ဦးလွင်)သို့ လည်းကောင်း၊ မန္တလေးဗဟိုရ်စည်သတင်းစာတိုက်အယ်ဒီတာ ဦးဘဦး အား သံတွဲသို့လည်းကောင်း၊ မန္တလေးမြို့မှ စီပီခင်မောင်အား မြစ်ကြီးနားသို့လည်းကောင်း၊ အော့ဇာဗားသတင်းစာ အယ်ဒီ တာ ဦးခင် မောင်နှင့် အိန္ဒိယခေါင်းဆောင် မစ္စတာထရပ်ဂျီအား အမည်မသိမြို့သို့လည်းကောင်း အမိန့်ထုတ်ဆင့်၍ နယ်နှင်ဒဏ်ပေးခဲ့သည်။

ယင်းပြုမူချက်ကို သတင်းစာများကလည်း ပြင်းထန်စွာ ကန့်ကွက်ရေးသားကြ၍ တစ်ပြည်လုံးကလည်း စည်းဝေး ကန့်ကွက်ကြလေသည်။

သို့ကလို ဝံသာနုသတင်းစာတိုက်များက ဝေလမင်းသားအား သပိတ်မှောက်ရန် ထောက်ခံခဲ့ကြသော်လည်း၊ မထောက်ခံသည့် သတင်းစာ တိုက် တစ်တိုက်လည်းရှိခဲ့သည်။ အဆိုပါ သတင်းစာတိုက်မှာ အင်္ဂလိပ်အလိုတော်ရိ သတင်းစာတိုက်ဖြစ်သည့် ‘ပညာ့အလင်း’ သတင်းစာ တိုက်ပင် ဖြစ်သည်။ ယင်းသတင်းစာတိုက်သည် အင်္ဂလိပ်အစိုးရ ဘာလုပ်လုပ် သဘောတူသဘောကျထောက် ခံရုံသာမက အင်္ဂလိပ်အစိုးရ၏ ဝါဒဖြန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည်။ ထိုစဉ်က ယင်းသတင်းစာသည် ထောက်ခံခဲ့သည့်အပြင်၊ ဝေလမင်းသားလာရောက်သည့်အခါ ဧည့်ခံပွဲများ ဘောလ်ဒန့်စ် ပါတီပွဲများ၌ မြန်မာလူကြီးလူကောင်းသားသမီး၏ သမီးပျိုသားပျိုများလည်း တက်ဖို့သင့်ကြောင်းကိုပင် ထောက်ခံရေးသားခဲ့သေးသည်။

ထို့နောက် မြန်မာနိုင်ငံတွင်၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက် မှ ၁၀ ရက်နေ့အထိ နေထိုင်ရန် ဗြိတိသျှ အိမ်ရှေ့စံဝေလမင်းသားဆိုက်ရောက်လာသောအခါ အစိုးရအာဏာပိုင်များက ခမ်းနားစွာ ကြိုဆို၍ ကန်တော်ကြီးတွင် ခြိမ့်ခြိမ့်သဲမျှ မီးရောင်စုံထွန်းညှိခြင်း၊ မီးပန်းစုံလွှတ်ခြင်း၊ လှေပြိုင်ပွဲများကျင်းပခြင်းတို့ကို ပြုကြလေသည်။ ဝေလမင်းသား ရောက်စဉ်အတွင်းမှာပင် ဝံသာနုအင်္ဂလိပ်နေ့စဉ်သတင်းစာ၌ မြန်မာပြည်၏ အုပ်ချုပ်ရေးသည် ခေတ်မမီကြောင်း၊ ကျေးရွာသူကြီးက မိမိဆင့်ခေါ်သည်ကို အချိန်နောက်ကျသည်ဟု သာယာဝတီခရိုင် (ဖြူကလေးကွင်းမှ ဆေးဆရာ ဦးအောင်ကြီးအား တစ်ပေါက်ကျော် ထိပ်တုံးခတ်၍ နေပူကြဲကြဲမှာ နေလှန်းထားသော ဓါတ်ပုံနှင့်တကွ ကျေးရွာအုပ်ချုပ်ရေးစနစ်၏ ခေတ်မမီပုံ ဆိုးဝါးပုံများကို သရုပ်ဖော်၍ အကျယ်တဝင့် ရေးသားထုတ်ဝေခဲ့သည်။ တဖန် ထောင်များအတွင်းရှိ အကျဉ်းသားတို့အား လေးလံသော ခဲတုံးတံဆိပ်ကြီးများကို သံကွင်းနှင့်လည်ပင်းမှာ ဆွဲထားစေ သဖြင့် ရင်ဘတ်တွင် အရေပြားများ အလွှားအလွှားကွာပြီး အနာများဖြစ်ရပုံများကိုလည်း အကျယ်တဝံ့ရေးသားခဲ့သည်။ ထို့ဝံသာနုအင်္ဂလိပ်သတင်းစာကိုလည်း ဝေလမင်းသားပြန်သွား၍ မကြာမီပင် အင်္ဂလိပ်အစိုးရက ကျေးရွာများတွင် ထိပ်တုံးခတ်သောအပြစ်ဒဏ်ကို ပယ်ဖျက်ရန်နှင့် ထောင်ကျသော အကျဉ်းသားတို့အားခဲတုံးသံကွင်းအစား နံပါတ်ပြား ငယ်များကို အင်္ကျီတွင် ဆွဲချိတ်အသုံးပြုရန် ပြုပြင်လိုက်သည်။

သို့ကလို သတင်းစာတိုက်များနှင့် လူထု၏ကန့်ကွက်သပိတ်မှောက်ခံရသည့် ဝေလမင်းသားသည် ဗြိတိသျှ ပဉ္စမမြောက်ဦးအနက် အကြီးဆုံးသားတော်ဖြစ်ပြီး၊ ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် လန်ဒန်မြို့ ရစ်မွန်ပန်းခြံ ဝှိုက်လော့ခ်ျဒ်၌ ဖွားမြင်ခဲ့သည်။ သူ၏ နာမည်အပြည့်အစုံမှာ Edward Albert Christian George Andrew Patrick David ဖြစ်သည်။ ၁၉၁၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ဝေလမင်းသားဘွဲ့ကို မင်းခမ်းမင်းနားဖြင့် ခံယူခဲ့သည်။

မင်းသားဘဝက အော့စဗွန်း (Osborne)နှင့် ဒါတ်မောက်(Darkmouth) တော်ဝင်ရေကြောင်းကောလိပ် သို့ တက်ရောက်သင်ကြားခဲ့သည်။ ၁၉၁၂ တွင် ရေကြောင်းအတက်သင်ကောလိပ်မှ ထွက်၍ အောက်စဖို့တက္ကသိုလ် မော့ဒလင်းကောလိပ်တွင် နှစ်နှစ်ခန့် ပညာဆက်လက်သင်ကြားခဲ့ပြန်သည်။ သို့သော် ကောလိပ်မှ ဘာဘွဲ့မှ မရခဲ့ချေ။

ဝေလမင်းသားသည် အဘိုးတော်စပ်သူ သတ္တမမြောက် အက်ဒဝပ်ဘုရင်ကဲ့သို့ နိုင်ငံတကာသို့ ခရီးလှည့်လည် လိုသူ ဖြစ်သည်။ ထို့ကြောင့် ပထမကမ္ဘာစစ်ကြီးပြီးဆုံးသည့်နောက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗြိတိသျှတို့၏ ကုန်သွယ်ရေးကို ရှေးရှုကာ ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကန်တိုက်၊ အိန္ဒိယ၊ မြန်မာ၊ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်ကျွန်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။

အပေါင်းအသင်းဆံ့သူတစ်ယောက်ဖြစ်သည့်အားလျော်စွာ မင်းသားသည် လူချစ်လူခင်ပေါများသည်။ သာမန် အရပ်သားတို့နှင့် ပွန်းပွန်းတီးတီး ပေါင်းသင်းဆက်ဆံတတ်သူလည်း ဖြစ်သဖြင့် လူတိုင်းချစ်ခင် ကြည်ညိုခြင်း လိုခံခဲ့ရသည်။ သူသည် အထူးသဖြင့် စစ်ပြန်ရဲဘော်များနှင့် လူငယ်များအရေးတွင် ပိုမိုစိတ်ဝင်စားခဲ့သည်။

၁၉၃၁ ဆောင်းရာသီတွင် မမျှော်လင့်ဘဲ အမေရိကန်သူ မစ္စစ်ဝေါလစ်ဝါဖီးဆင်မဆင် (Ms.Wallis Warfiekd Simpson)ကို တွေ့ရှိခဲ့ပြီး မေတ္တာသက်ဝင်ခဲ့သည်။

သို့ရာတွင် ဗြိတိသျှအစိုးရအဖွဲ့နှင့် တကွ ဒိုမီနီယန်နိုင်ငံများကပါ ဘုရင်၏အလိုကို မလိုက်လျောနိုင်ခဲ့ချေ။ မစ္စစ် ဆင်မဆင်မှာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ဖူးရုံမျှသာမက ဒုတိယအိမ်ထောင်သည် ခင်ပွန်းနှင့်လည်း တရားဝင် မပြတ်ဆဲ ရသေးသဖြင့် ဗြိတိသျှထီးနန်းကျက်သရေနှင့် အင်္ဂလန်ကျောင်းတော် (Church of England)၏ ထုံးထမ်းစဉ်လာကို ငဲ့ကွက်ကာ ဘုရင့်အလိုသို့ မလိုက်လျောနိုင်ခြင်းဖြစ်သည်။ ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် စတင်လီဘော်ဒွင် (Stanley Baldwin) က တလင်ကွာ မိန်းမကို မိဖုရားအဖြစ်တင်မြှောက်ပါက နန်းရင်းဝန်ရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

ဗြိတိသျှဘုရင်နှင့် ဘုရင်မတို့၏အိမ်တော်ရေး (ဝါ) ထိမ်းမြားလက်ထပ်ရေးကိစ္စနှင့် ပတ်သက်၍ ၁၇၇၂ ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့သော တော်ဝင်တို့၏ ထိမ်းမြားလက်ထပ်ရေးအက်ဥပဒေ (Royal Marriages Art) နှင့်လည်း အကျုံးဝင်နေလေရာ၊ ဘုရင့်သားတော်၊ သမီးတော်များ အိမ်ထောင်ပြုသည့်အခါ ဘုရင်ကြီးနှင့် ပါလီမန်လွှတ်တော်တို့က သဘောတူမှသာ ဖြစ်နိုင်သည်ဟု ဆိုထားလေသည်။

အက်ဒဝပ်ဘုရင်နှင့် မစ္စစ်ဆင်မဆင်တို့အား သဘောတူရန် မဖြစ်နိုင်သော အဓိကအကြောင်းရင်းတစ်ခုမှာ မစ္စစ်ဆင်မဆင်သည် မလွတ်လပ်သော (အိမ်ထောင်ရှင်) အမျိုးသမီးဖြစ်နေခြင်းပင် ဖြစ်သည်။

အကယ်၍ ဆဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် ထိမ်းမြားလက်ထပ်လိုလျှင် မစ္စစ်ဆင်မဆင်အနေဖြင့် ခင်ပွန်းဖြစ်သူ မစ္စတာအားနက်ဆင်မဆင် (Ernest Simpson)နှင့် တရားဝင်ကွာရှင်းပြတ်စဲရမည်ဖြစ်၍ ထိုသို့ လင်မယားကွာရှင်းပြတ်စဲခြင်းကို ဗြိတိန်နိုင်ငံ၏ အင်္ဂလန်ခရစ်ယာန်ဘုရားကျောင်းဂိုဏ်းက အသိအမှတ်မပြုချေ။

ဗြိတိန်နိုင်ငံ ထုံးထမ်းစဉ်လာ ဥပဒေအရ ဘုရင်သည် သာသနာရေးဆိုင်ရာ အကြီးအကဲအထွဋ်အထိပ်လည်း ဖြစ်လေရာ လင်ကွာမယားကွာကိစ္စတွင် တင်းမာပြတ်သားရန် ဘုရင်လုပ်သူအနေဖြင့် တိုက်ရိုက်တာဝန်ရှိလေသည်။

အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်၏ ဘိုးတော်သတ္တမမြောက်အက်ဒဝပ်ဘုရင်ကြီးလက်ထက်ကဆိုလျှင် လင်နှင့် ကွာထားသူတစ်ခုလပ်မိန်းမ များ၊ မယားနှင့်ကွာရှင်းပြတ်စဲထားသူယောက်ျားများသည် မင်းခမ်းမင်းနားအခမ်းအနားသို့ တက်ရောက်ရန်ပင် ခွင့်မပြုဘဲ တင်းကျပ်စွာ တားမြစ်ထားသည်။

သို့သော် ထိုစဉ်က အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်ဘက်မှ ထောက်ခံသူများလည်း တစ်နေ့တစ်ခြား တိုးပွား လာခဲ့သည်။ လူငယ်ပေါင်း ၃၀၀ခန့်သည် ဘက်ကင်ဟမ်နန်းတော်သို့လာ၍ ဘုရင့်ဘက်မှ အားပေးထောက်ခံကြသည်။ နန်းတွင်းဝန်(ဝန်ကြီးချုပ်) စတင်လီဘော်လ်ဒွင်ကိုလည်း ပြစ်တင်ရှုတ်ချကြသည်။

အတိုက်အခံပေါင်းစုံသမဂ္ဂအဖွဲ့များကလည်း ဘုရင့်ဘက်မှ မားမားမတ်မတ်ရပ်မည်ဟု ကြေညာခဲ့သည်။ သတင်းစာများကလည်း ဘုရင်ဘက်မှ ထောက်ခံရေးသားကြသည်။ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဂျော့ဘားနတ်ဂှော ပင်လျှင် စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်ကို ရေးသားက ‘ဘုရင်အဖွဲ့’ကို အားပေးချီးမြှောက်လုပ်ခဲ့သည်။ ကွန်မြူနစ်ပါတီဝင် ပါလီမန်အမတ် မစ္စတာဂလက်ချာက –

“ဘုရင်ဟာ သူချစ်တဲ့သူကို ယူပါစေ။ သူတို့ချစ်ခြင်းကို မနှောင့်ယှက်ကြပါနဲ့” ဟု ကြေညာခဲ့ပြန်သည်။ “ဘုရင်သည် ယခုကဲ့သို့ အလွန်အမင်းစိတ်လှုပ်ရှား၊ မတည်မငြိမ်းဖြစ်နေချိန်၌ အလွန်ခဲယဉ်းကြီးမားသော ဆုံးဖြတ်တရပ်ကို ဝန်ကြီးချုပ်က အတင်းအကျပ် မတောင်းခံသင့်ကြောင်း”

ဝင်စတန်ချာချီက သတင်းစာမှတဆင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၎င်းကပင် –

“အချိန်ပေးရန်နှင့် စိတ်ရှည်သည်းခံကြဖို့ ကျွန်ုပ်အနူးအညွတ်တောင်းပန်အပ်ပါသည်။ ဘုရင်နှင့်ပါလီမန်သည် အမှန်ဆိုရလျှင် ပဋိပက္ခဖြစ်နေခြင်းကို လုံးဝမရှိသင့်ပါ။ အဓိကအချက်မှာ ဘုရင်မင်းမြတ်သည် သူ၏ လက်အောက်ခံ အစိုးရနှင့် ဝန်ကြီးများက ‘နန်းစွန့်ပါ’ဟူ၍ အကြံပေးရရိုးထုံးစံမရှိရှံသာမက နိုင်ငံတော်အစိုးရက မိမိဘုရင်အား ‘နန်းစွန့်ပါ’ဟူ၍ အကြံပေးနိုင်သည့်အခွင့်အာဏာလည်း လုံးဝမရှိပါ။”

“အစိုးရဝန်ကြီးများက ပေးသောအကြံဥာဏ်ကိုဘုရင်က လိုက်နာရန် ငြင်းပယ်လိုက်လျှင် အစိုးရတဖွဲ့လုံး နှုတ်ထွက်သွားရုံသာရှိပါသည်။ မည်သို့ဖြစ်စေ…… အချိန်ပေးရန်နှင့် စိတ်ရှည်သည်းခံကြရန်ကိုသာ ကျွန်ုပ်က မေတ္တာရပ်ခံနေခြင်းသာ ဖြစ်ပါသည်။” ဟူ၍ ဆောင်းပါးရှည်ကြီးရေးသား၍ သတင်းစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။

အစိုးရ၏အတိုက်အခံလေဘာပါတီ ပါလီမန်အမတ်တစ်ဦးကလည်း “ဘုရင်ကို မညှင်းဆဲပါနှင့်။ ဘုရင် နန်းစွန့်ရေးကို ကျွန်ုပ်တို့က အစွမ်းကုန်ကာကွယ်ရမည်။ ဘုရင်မင်းမြတ်ကို လူတိုင်းချစ်မြတ်နိုးကြသည်။ တိုင်းပြည်ကို နှစ်ခြမ်းမခွဲပါနှင့်” ဟူ၍ သတင်းစာထဲ၌ပင် ရေးသားလာခဲ့လေသည်။

အကြွေပန်းဖို့ ရွှေနန်းနှင့် လုံးဝမထိုက်တန်သည့် မိန်းမကို ယူ၍ မိဖုရားအရာသွင်းလျှင် နန်းစွန့်ရမည်ဟု ဝိုင်းဝန်းအကျပ်ကိုင်သူများကလည်း မနည်းလှချေ။ သို့သော် အက်ဒဝပ်ဘုရင်သည် မတုန်လှုပ်ခဲ့ချေ။ သူ့ရင်ခွင်နန်းတော်၌ စိုးမိုးနိုင်စွမ်းရှိသည့် ဝေါလစ်ဆင်မဆင်နှင့်အတူသာ ရွှေဘုံပေါ်၌ စံမြန်းလို၍ လုံးဝလမ်းမခွဲနိုင်ဟု အဋ္ဌမအက်ဒဝပ်က ပြတ်ပြတ်သားသား ဆိုခဲ့သည်။ ကာယကံရှင်ချင်းသာ နားလည်ခံစားနိုင်စွမ်းရှိသည့် ချစ်ခြင်းမေတ္တာကို သရုပ်ဖော် ပေါ်အောင် ချစ်သက်သေပြခဲ့လေသည်။

သို့ဖြင့် အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် အမေရိကန် မစ္စတာဆင်မဆင်ကို မစွန့်နိုင်သဖြင့် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗြိတိသျှထီးနန်းကို စွန့်လွှတ်လိုက်လေသည်။ အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်၏ ‘နန်းစွန့်သည့်စာချုပ်’ (Instrument of Abdication) ၌ ညီတော် သုံးပါးဖြစ်သည့် အဲလ်ဘတ်၊ ဟင်နရီ၊ ဂျော့ခ်ျတို့က အသိသက်သေလက်မှတ်များ ရေးထိုးပေးခဲ့ကြသည်။

နန်းစွန့်သည့်စာချုပ်၌ –

“ဂရိဗြိတိန်၊ အိုင်ယာလန်နှင်ပင်လယ်ရပ်ခြားရှိ ဗြိတိသျှဒိုမီနီယန်နိုင်ငံများ၊ အိန္ဒိယနိုင်ငံ၏ ဘုရင်ဧကရာဇ်မင်းမြတ်၊ အဋ္ဌမမြောက် အက်ဒဝပ်ဖြစ်သော ကျွန်ုပ်သည် မိမိအတွက်သော်လည်းကောင်း၊ မိမိမှ ထွန်းကားလာမည့် သားစဉ်မြေးဆက်များအတွက်သော်လည်းကောင်း ထီးနန်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း၊ ဘယ်သောအခါမှ ပြန်လည်ရုပ်သိမ်း၍ မရနိုင်သော ဆုံးဖြတ်ချက်နှင့်တကွ ဤစာချုပ်ကိုလည်း ချက်ချင်းပင် အတည်ဖြစ်စေရန် ဆန္ဒရှိပါကြောင်း ကြေညာလိုက်လေသည်။”

ဤသို့ပြုကြောင်း ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ အောက်ပါလက်မှတ်နှင့် သက်သေများ ရှေ့မှောက်၌ ကိုယ်တိုင်လက်မှတ်ရေးထိုးလိုက်ပါသည်။

အဆိုပါစာချုပ်ကို ‘အက်ဒွပ်၊ အာရ်၊ အိုင်’ (Edward R.I) ဟူ၍ လက်မှတ်ရေးထိုးလိုက်သည်။ လက်တင်ဘာသာစကား ‘အာရ် အိုင်’ (R.I) ဆိုသည်မှာ Rexet Imperator) ဖြစ်ပြီး ‘ဘုရင်ဧကရာဇ်မင်း’ ဟူသော အနက်အဓိပ္ပါယ်ရလေသည်။

ထိုစာချုပ်ကို လက်မှတ်ထိုးလိုက်သည်နှင့်တပြိုင်နက် အက်ဒဝပ်ဘုရင်သည် ကမ္ဘာပေါ်ရှိ စတုရန်းမိုင်ပေါင်း ၁၃ သန်း ဧရိယာရှိ လူသန်းပေါင်း ၅၀၀ ကို စိုးစံနေသည့်မင်းအဖြစ်မှ ရပ်စဲသွားလေတော့သည်။

အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် လက်နိုပ်စက်ရိုက်ပြီးသော စာချုပ်ခုနှစ်စောင်ကို ထိုးပြီးနောက် ညီတော်သုံးပါးကိုပါ အသိသက်သေလက်မှတ်ရေးထိုးစေရန် ပြုံးပြီးနေရာမှ ထပေးလိုက်သည်။ ညီတော်များလက်မှတ် ထိုးနေကြစဉ် သူသည် ခြံထဲ၌ လမ်းလျှောက်နေပါတော့သည်။

အဆိုပါစာချုပ်များကို ဘုရင့်အကြံပေးအရာရှိဝေါတာမော့တင် (Walter Monckton) ထိပ်တန်းလျှို့ဝှတ် သေတ္တာ နီထဲတွင် ထည့်သွင်း၍ ဘုရင့်ကိုယ်ရေးအတွင်းဝန်ဗိုလ်မှူးဟာဒင်အား ဝန်ကြီးချုပ်ထံ သွားရောက်ပေးပို့စေသည်။

နောက်တနေ့ ဒီဇင်ဘာလ ၁၁ ရက် သောကြာနေ့တွင် ပါလီမန်၌ ဝန်ကြီးချုပ်က ဘုရင် နန်းစွန့်သွားသည့်အထိ ဖြစ်ပျက်ခဲ့သမျှ အကုန်အစင်ကို မိန့်ခွန်းပြောကြားပြီးပါလီမန်တွင် တင်ပြခဲ့သည်။ ယင်းနောက်ယောင်လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးပါဝင်သော တော်ဝင်ကောမရှင်အဖွဲ့ဝင်တို့က အတည်ပြု လက်မှတ်ရေးထိုးပြီးသောအခါ အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်သည် ဗြိတိသျှအင်ပါယာ၏ ရာဇပလ္လင်ထက်၌ ၃၅၂ ရက်၊ ၁၃ နာရီနှင့် ၅၇ မိနစ်တိတိ သာစိုးစံခဲ့ကြောင်း မှတ်တမ်းဝင်သွားခဲ့လေသည်။ ထီးနန်းစွန့်လွှတ်ပြီးနောက် နောက်တနေ့တွင် အက်ဒဝပ် ဘုရင်ဟောင်းက –

“ကျွန်ုပ်၏ ချစ်မြတ်နိုးလှသော အမျိုးသမီးရဲ့အကူအညီမပါဘဲ ဤမျှကြီးမားလှတဲ့ ဘုရင်တပါးရဲ့တာဝန်နဲ့ ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်မဟုတ်ပါ ဟု ဆိုလျှင် သင်တို့ ယုံကြည်နိုင်မည်မဟုတ်ပါ။”

ဟူ၍ ပြောကြားလိုက်ရာ ဗြိတိန်ပြည်သူတရပ်လုံးနှင့် ကမ္ဘာတဝှမ်းမှ လူထုတရပ်လုံးက အံ့သြတုန်လှုပ် သွားကြသည်။

ထိုစဉ်က ဒုတိယကမ္ဘာစစ်မဖြစ်မီကာလဖြစ်ပြီး ဗြိတိသျှတို့သည် ကိုလိုနီပေါင်းများစွာကို သိမ်းပိုက် အောင်မြင်ပြီး၊ နေမဝင်အင်ပါယာ ဟု ကြွေးကြော်ကာ၊ လျှမ်းလျှမ်းတောက်ဟုန်းမီး နေ လ တောက်ပနေချိန်လည်း ဖြစ်သည်။ လူသားတို့အတွက် အမြင့်ဆုံးနှင့် အမြတ်ဆုံးဖြစ်သော ထီးနန်းစည်းစိမ်ကိုပင် စွန့်လွှတ်လျက် အချစ်သရဖူကို ရဲရဲဝံ့ဝံ့သစ္စာရှိစွာ ဆောင်းပြခဲ့သည့် အက်ဒဝပ်ဘုရင်နှင့် သူ၏ချစ်သူကို တကမ္ဘာလုံးက သိချင်ကြ၊ စိတ်ဝင်စားခဲ့ကြသည်။ ထိုစဉ်က မစ္စစ် ဝေါလစ်ဆင်မဆင်မှာ အသက် ၃၉ နှစ်သာရှိပြီး အက်ဒွပ်ဘုရင်မှာ ၄၂ နှစ်ရှိပြီ ဖြစ်သည်။ မစ္စစ် ဆင်မဆင်ကို ၁၈၉၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ပင်ဆီဗန်နီးယားပြည်နယ် Blue Ridge Summit တွင် ဖွားမြင်ခဲ့သည်။ သူသည် အမေရိကန် ဆွေကြီး မျိုးကြီးထဲမှ ပေါက်ဖွားလာသူဖြစ်ပြီး၊ ငယ်စဉ်ကပင် ဖခင်ကွယ်လွန်ခဲ့၍ အဒေါ်သူဋ္ဌေးမကြီးနှင့်အတူ တင့်တင့်တယ်တယ်နေခဲ့ရသည်။ ဝေါလစ်မှာ ပိတုန်းကေသာရောင်ရှိ၍ မျက်လုံးအပြာ၊ ကိုယ်ဟန်ကိုယ်ထည် လှပကျော့ရှင်းသည်။ စကားအပြောအဆိုဟန်ပန်အမူအရာညက်ညောသူ ဖြစ်သည်။

အရွယ်ရောက်သောအခါ အမေရိကန်ရေတပ်မှ ရေကြောင်းလမ်းပြ အားလ်ဝင်ဖီးလ်စပင်ဆာ အငယ် (Earl Winfield Spencer Jr.) နှင့် တွေ့ဆုံမေတ္တာမျှ၍ ၁၉၁၆ နိုဝင်ဘာလ ၈ ရက်တွင် လက်ထပ်ခဲ့သည်။ ထိုသူနှင့် အိမ်ထောင်သက် ၁၀နှစ်ကျော်အကြာတွင် အိမ်ထောင်ရေးအဆင်မပြေသဖြင့် ၁၉၂၇ ဒီဇင်ဘာလ ၁၀ ရက်နေ့ တရားဝင်ကွာရှင်း ပြတ်စဲခဲ့သည်။

ထို့နောက် ၁၉၂၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမေရိကန်ဇာတိ အင်္ဂလိပ်လူမျိုး တစ်ခုလပ် အားနက်စ်ဆင်မဆင် (Ernest Aldrich Simpson)ဆိုသူနှင့် ဒုတိယအိမ်ထောင်ထူခဲ့သည်။ ဆင်မဆင်မှာ သဘောင်္ကုမ္ပဏီတစ်ု၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပြီး အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ စာပေ ဝါသနာထုံ၍ အနုပညာဝါသနာပါသည်။ ဆင်မဆင်တို့ စုံတွဲသည် မင်းခမ်းမင်းနားသဘင်များသို့ တတူတကွသွားရောက်ရာမှ ၁၉၃၅ ခုနှစ်တွင် ငယ်နာမည် ဒေးဗစ် ခေါ်သော ဝေလမင်းသားနှင့် ဆုံဆည်းခဲ့ခြင်းဖြစ်သည်။ ဝေလမင်းသားသည် ဝေါလစ်ကို မြင်မြင်ချင်း ချစ်ခင်စွဲမက်ကာ နေရာတကာ၌ သူတို့သုံးဦးကို အတူတွေ့ရလေသည်။

နှစ်ပေါင်းများတိတ်တိတ်ပုန်းတွဲခုတ်ကြပြီးနောက် ဝေါလစ်နှစ် ဝေလမင်းသားတို့သည် တစ်ဦးအပေါ် တစ်ဦး မခွဲခွာရက်လောက်အောင် ချစ်ခင်စုံမက်ခဲ့ကြသည်။ ထို့နောက် မစ္စစ်ဆင်မဆင်နှင့် သူ့ခင်ပွန်းထံ ကွာရှင်းခွင့် တောင်းခံသည့်အထိ ဖြစ်လာခဲ့သည်။

ထို့အချိန်၌ပင်ခမည်းတော်နတ်ပြည်စံပြီးနောက် ဘုရင်အရိုက်အရာကို မိဖုရားမရှိဘဲနှင့် ဆက်ခံခဲ့သည်။ ဘုရင်တစ်ပါးအဖြစ် မြေထဲပင်လယ်သို့ တိုင်းခန်းလှည့်လည်ရာတွင် ဝေါလစ်ကိုပါ တပါးတည်းခေါ်သွားခဲ့သဖြင့် နန်းတွင်းရှိ ဆွေတော်မျိုးတော်တို့က မခံမရပ်ဖြစ်လာခဲ့ကြသည်။

ဤသို့ ဗြိတိသျှနန်းတွင်းအရေးတော်ပုံတမျှ ကြီးကျယ်နေစဉ် “အလေးအနက်စဉ်းစားသင့်သော ပြဿနာဖြစ်လာပြီ” ဟု ဝေါလစ်က အက်ဒဝပ်ထံစာရေးခဲ့ရာ အက်ဒဝပ်ကလက်မခံဘဲ လက်ထပ်ရန် ကိုသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ အချစ်နှင့်ပတ်သက်လျှင် စွန့်လွှတ်နိုင်စွမ်းရှိသူအဖြစ် ကမ္ဘာကုန်ကျယ်သရွေ့ ကမ္ဗည်းထိုးခဲ့သော အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်ဟောင်းသည် နန်းစွန့်ပြီး ငါးလကြာမှ ၁၉၃၇ ခုနှစ် မေလ ၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ Chateau de Cande ၌ လက်ထပ်ခဲ့ကြသည်။

အဋ္ဌမမြောက် အက်ဒဝပ်ဘုရင် နန်းစွန့်သည့်နေ့က နန်းစွန့်သတင်းကို ‘အမ်ရီတာဘဇားပက်ထရီကာ’ သတင်း၌ သတင်းထူးသတင်းဦးအဖြစ် ပထမဆုံးပါလာရာ၊ ထိုစဉ်က ကလကတ္တားမြို့ (ယခု ကိုးလ်ကာတား) ၌ ဥပဒေပညာသင်ယူနေ မြန်မာ့အလင်း သတင်းစာတိုက်၏ကလကတ္တားသတင်းထောက်အဖြစ် ဆောင်ရွက်နေသော စာရေးဆရာ သိန်းဖေမြင့်က ဖတ်ရှုမိရာမှ မြန်မာပြည်အတွက် သတင်းဦးသတင်းထူးဖြစ်သဖြင့် ထိုသတင်းကို သေချာသည်ထက် သေချာနိုင်ရန် ၎င်းသတင်းပါသော စာမျက်နှာကို ဖြတ်၍ စာအိတ်ထဲထည့်ပြီး မြန်မာပြည်ထွက်မည့် လေယာဉ်ဖြင့် အချိန်မီ ထည့်ပေးလိုက်သည်။

မြန်မာပြည်ရောက်လာသော လေယာဉ်ပါလာသောစာများ ညနေပိုင်းဝေငှသောကြောင့် အိန္ဒိယနိုင်ငံမှ ဦးသိန်းဖေမြင့်ထည့်လိုက်သော သတင်းသည် မြန်မာ့အလင်းသတင်းစာတိုက်သို့ နေ့ချင်းရောက်ရှိလာသည်။

ထိုသတင်းအား မြန်မာ့အလင်း အယ်ဒီတာတစ်ဦးဖြစ်သည့် ဆရာကြီးဦးသန်းတင့် (စူဝံ)သည် လက်ခံ ရယူပြီးနောက် ဖောက်ကြည့်ရာ အထက်ပါဝေလမင်းသားနန်းစွန့်ကြောင်း ခိုင်မာသောသတင်းကို ရရှိခဲ့သည်။ ဦးသန်းတင့်က မြန်မာ့အလင်းသတင်းစာတိုက်အုပ် ‘ဦးတင်’နှင့် တိုင်ပင်ပြီးအထူးသတင်းညနေခင်း ထုတ်ဝေရန် တိုင်ပင်ခဲ့ကြသော်လည်း အချိန်မရ၍ မထုတ်ဝေနိုင်ခဲ့ပါ။ ညနေပိုင်းတွင် နိုင်ငံခြားကြေးနန်း ဘာသာပြန်အယ်ဒီတာ ‘ဆရာ ဇဝန’သည် အဆိုပါသတင်းအား မြန်မာဘာသာပြန်ကာ သတင်းရေးသားပြီးနောက် မျက်နှာဖုံး၌ ခြောက်လိုင်းစာလုံး မည်းကြီးဖြင့် ဝေဝေဆာဆာ ဖေါ်ပြလိုက်သည်။

နောက်တစ်နေ့တွင် ယင်းသတင်းဖော်ပြလိုက်သည့်အတွက် မြန်မာပြည်အနှံ့အပြားနှင့် ရန်ကုန်မြို့တွင် အံ့သြပြင်းထန်သော ဂယက်ဖြစ်ပေါ်လာခဲ့ကြသည်။ အစိုးရဌာနဆိုင်ရာများ၊ အစိုးရသတင်းစာများ၊ ပုဂ္ဂလိကသတင်းစာများ၊ ကြေးနန်းစာမဝင် သတင်းဖေါ်ပြမှုမရှိဘဲ မြန်မာ့အလင်းသတင်းစာတစ်စောင်တည်းကသာ ဖော်ပြနိုင်ခဲ့သည့်အတွက် အချို့ မယုံတဝက်ယုံတဝက်ဖြင့် သို့လောသို့လော ဖြစ်ခဲ့ကြရသည်။

ထိုသတင်းနှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံ၊ သတင်းစာတိုက်ပေါင်းစုံ၌ ကြေးနန်းပင်မဝင်ဘဲ မြန်မာ့အလင်းက ထိုသတင်းဖေါ်ပြမှုကြောင့် အစိုးရအတွင်းဝန်ချုပ် မစ္စတာဘုသ်ဂရေဗလီက သူကြီးဂေဇက် ဦးခင်မောင်အား မြန်မာ့အလင်းသတင်းစာတိုက်တာဝန်ရှိသူများ အားလုံးကို အတွင်းဝန်ရုံးသို့ အခေါ်လွှတ်ရာ ဂျာနယ်ကျော်ဦးချစ်မောင် ဦးဆောင်၍ တာဝန်ရှိ အယ်ဒီတာ (၅) ဦးစလုံးလိုက်ပါသွားကြသည်။ ဦးချစ်မောင်သည် လုပ်ငန်းခွင်မှ ထလိုက်သွားရသည့်အတွက် တိုက်ပုံအင်္ကျီပင် မဝတ်ခဲ့ရချေ။ အလုပ်ဝတ်အဝတ်စားနှင့် ဖြစ်သည်။

အတွင်းဝန်ရုံးအတွင်းဝင်လိုက်သည်နှင့် အောက်မှတမံသလင်းနှင့် ခုံဖိနပ်ကို ဦးချစ်မောင်က အသံမြည်သည်အထိ ခတ်ကြမ်းကြမ်းစီးရင်းလိုက်ပါလာခဲ့သည်။ အင်္ဂလိပ်အတွင်းက ရောက်လာသူများအား ထိုင်ပါဟု နေရာမပေးသော်ကြောင့် ဦးချစ်မောင်သည် သူ့ရှေ့က ကုလားထိုင်ကို အသံထွက်အော်ဆွဲလိုက်သောအခါမှ အတွင်းဝန်က မျက်လုံးလှန်ကြည့်ပြီး “မင်း ဘယ်သူလဲ”ဟု မေးသည်။ ဦးချစ်မောင်က “ချစ်မောင် မြန်မာ့အလင်းတာဝန်ခံအယ်ဒီတာ”ဟု ပြောလိုက်သည်။

“ဒီနေ့ ထည့်တဲ့နန်းစွန့်တဲ့သတင်းဟာ ဘယ်ကရလို့ ထည့်သလဲ” ၎င်းကမေးရာ ဦးချစ်မောင်က-

“ခင်ဗျားဆီကို ဘယ်ကရလို့ထည့်တာပါလို့ ခိုင်လုံကြောင်းကို ကျုပ်အစစ်ဆေးလာခံတာမဟုတ်ဘူး” ဟု ပြောလိုက်ရာ အတွင်းဝန်ချုပ်သည် နဖူးကြောကြီး တောင်ထ၍ –

“ဒီသတင်းဟာ မမှန်ရင် မင်း ဘယ်လိုဖြစ်မယ်ဆိုတာ မင်းမထည့်ခင်က မင်းတာဝန်ကို သတိရပြီး စဉ်းစားမိရဲ့လား” ဟုမေးရာ၊

“ခင်ဗျား ကျုပ်ကို မြန်မာ့အလင်းသတင်းစာတိုက်က တာဝန်ခံအယ်ဒီတာမှန်းသိတယ်မဟုတ်လား” ဟု ဦးချစ်မောင်က ပြန်ဖြေခဲ့သည်။ ထိုအခါ အတွင်းဝန်ချုပ်သည် စားပွဲကိုလက်သီးဖြင့် ထု၍ –

“ဒီသတင်းဟာ အခု မမှန်သေးဘူး၊ ဘိလပ်က ဒီသတင်းနဲ့ပတ်သက်လို့ ဘာမှမရသေးဘူး။ နက်ဖြန်သတင်းစာမှာ အတည်မဟုတ်သေးဘူးဆိုတာ မင်းပြန်ပြင်ပြီး ထည့်ပါ။ မထည့်ရင် မင်းကို တရားစွဲရလိမ့်မယ်။ အချိန်မီအမြန်ဆုံးထည့်ပါ။”ဟု ဆို၍ ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ သို့သော် ဦးချစ်မောင်က –

“ဒီမှာ အတွင်းဝန်ချုပ်ကြီးခင်ဗျား။ ဒီသတင်းကို ပြင်လိုက်ရအောင် ကျုပ်ဟာ ခင်ဗျားတို့ အစိုးရတဖွဲ့လုံးရဲ့ တာဝန်ခံ ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူး။ ကျုပ်ဟာ မြန်မာ့အလင်းသတင်းစာရဲ့ တာဝန်ခံပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ခင်ဗျားတို့ သိဖို့ကောင်းပါတယ်။ ခင်ဗျားတို့အစိုးရသတင်းအရ နောက်ကျနေတာကို ကျုပ်က တိုင်းသူပြည်သား တစ်ယောက်အနေနဲ့တော့ အများကြီးဝမ်းနည်းပါတယ်။ ဒီသတင်းဟာ အမှန်သတင်းဖြစ်နေပြီမို့ ကျုပ်ပြင်ပြီး ထည့်မပေးနိုင်ပါဘူး။ အချိန်မကြာတော့ပါဘူး။ ဘိလပ်က ဒီသတင်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဆီ အမြန် ရောက်လာတော့မို့ ခင်ဗျားတို့အစိုးရအဖွဲ့ကြီး မကြာခင် လိမ္မာလာပါလိမ့်မယ်” ဟူ၍ အင်္ဂလိပ်လို wiser သုံးပြီး ပြောခဲ့သောကြောင့် အတွင်းချုပ်ကြီးသည် ဆက်ဆက်ခါ ဒေါသဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။

မည်သို့ဆိုစေ…. မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော အဋ္ဌမမြောက် အက်ဒဝပ်ဘုရင်ဟောင်းအား ဆွေတော်မျိုးတော်များက အဆက်ဖြတ်လိုက်ကြသော်လည်း ညီတော် ဆဋ္ဌမမြောက် ဂျော့ဘုရင်က ဝင်ဆာမြို့စားဘွဲ့နှင့် အတူ တစ်လုံးတခဲတည်း ထောက်ပံ့ငွေ စတင်လင်ပေါင် ၂ သန်းအပြင် နှစ်စဉ်စတာလင်ပေါင် ခြောက်သောင်းကို ထောက်ပံ့ပေးခဲ့သည်။

နန်းစွန့်ဘုရင်နှင့်ကြင်ယာတော်တို့နှစ်ဦးသည် ပြင်သစ်နိုင်ငံပါရီမြို့ဆင်ခြေဖုံးတစ်နေရာတွင် အခန်းပေါင်း ၃၀ ပါသော အိမ်ကြီးတစ်လုံး၊ နယူးယောက်မြို့၌ မိုးပျံတိုက်ကြီးမှ အခန်းကျယ်တစ်ခန်းတို့ ပိုင်ဆိုင်ပြီး အလှည့်ကျ နေထိုင်ကြသည်။

သူတို့ဇနီးမောင်နှံသည် နိုင်ငံတော်တကာသို့ သွားလာလည်ပတ်ခြင်း၊ နိုင်ငံတကာမှ အကျော်အမော်များကို ဧည့်ခံခြင်းဖြင့်သာ အချိန်ကုန်စေခဲ့သည်။ ၁၉၃၇ ခုနှစ် အောက်တိုဘာလတွင် ဂျာမနီအာဏာရှင်တစ်ယောက်ထံသို့ပင် သွားရောက်လည်ပတ်ခဲ့သေးသည်။

ဗြိတိန်နိုင်ငံကိုမူ လုံးဝမသွားကြချေ။

ဝေါလစ်က “အဲဒီနိုင်ငံကို မုန်းတယ်။ ငါသေတဲ့အထိ မုန်းသွားမယ်” ဟူ၍ ပြောဆိုခဲ့သည်။

၁၉၄၀ ပြည့်နှစ်မှာ ၁၉၄၈ခုနှစ် စစ်ကြီးအတွင်း ဝင်ဆာမြို့စားအက်ဒဝပ်သည် ဗြိတိန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် စစ်ကြီးအတွင်း ပြင်သစ်နိုင်ငံရှိ ဗြိတိသျှစစ်မစ်ရှင်အဖွဲ့၌ ထမ်းရွက်ခဲ့သေးသည်။ ဝေါလစ်ကမူ ကြက်ခြေနီအသင်းတွင် ပါဝင်ဆောက်ရွက်ခဲ့သည်။

သို့သော် မကွယ်လွန်မီ ၁၉၄၆ အောက်တိုဘာလတွင် မြို့စားနှင့် မြို့စားကတော်တို့သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ နန်းစွန့်ပြီးနောက် ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့ကြသေးသည်။ ထို့နောက် ပြင်သစ်နိုင်ငံ ပါရီမြို့ Neuilly-Sur-Seine ရှိ Y Routeder Champ & Entrainement စံအိမ်တော်၌ပင် ၁၉၇၂ ခုနှစ် မေလ ၂၈ ရက် အသက် ၇၇ နှစ်အရွယ်တွင် ကံကုန်သွားခဲ့လေသည်။ သူ၏ ရုပ်ကလပ်ကို လန်ဒန်မြို့သို့ ပြန်လည် သယ်ဆောင်၍ ဝင်ဆာရဲတိုက် မြှပ်နှံခဲ့သည်။ ဝင်ဆာမြို့စားနှင့် ဝေါလစ်ဆင်မဆင်တို့ ရည်းစားဘဝက ရေးသားခဲ့သော ရည်းစားစာများကို လန်ဒန်မြို့ရှိ ဒေးလီမေးလ် (Daily Mail) သတင်းစာတိုက်က စတာလင်ပေါင် ငါးသိန်းနှင့် မြို့စားကတော်ထံမှ ဝယ်ယူခဲ့သည်။

ဝေါလစ်၏ဘဝတွင် အကြွေပန်းဖို့ ရွှေနန်းနှင့် ဝေး၍ မိဖုရားမဖြစ်ရသည့်တိုင် တူညီသောကျော်ကြားမှု၊ လူအများ၏ စိတ်ဝင်စားမှုများ ရရှိခဲ့သည်။ ထို့ပြင် အမျိုးသမီးတိုင်းတောင်းတခဲ့ကြသည့် မိမိချစ်လင်၏ ချစ်မေတ္တာ အကြွင်းမဲ့ရရှိခဲ့သဖြင့် ဂန္တဝင်တွင်လောက်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့လေသည်။ ဝင်ဆာမြို့စားကြီးနှင့် ဝေါလစ်တို့သည် သားသမီး မထွန်းကားခဲ့ပေ။ အထီးကျန်ဘဝဖြင့် ၁၄နှစ်လုံးနေခဲ့ပြီးနောက် ဝေါလစ်သည် ၁၉၈၆ ဧပြီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဝေါလစ်၏ ရုပ်ကလပ်ကို လည်း ပြင်သစ်နိုင်ငံမှ လန်ဒန်မြို့သို့ ပြန်လည် သယ်ဆောင်ကာ ဝင်ဆာရဲတိုက် Frogemore နေရာ၌ပင် ကြင်ယာတော်နန်းစွန့်ဘုရင်အုတ်ဂူဘေး၌ ယှဉ်တွဲလျက် မြှပ်နှံခဲ့ကြသည်။

မေတ္တာမပျက်သစ္စာဖက်ပြီး ရွှေလက်မြဲမြဲ တွဲကာ အချစ်သရဖူ ဆောင်းခဲ့ကြသည်။ အချစ်ဆုံးသူနှစ်ဦး၏ အုတ်ဂူနှစ်လုံးမှာ ယနေ့တိုင် ယှဉ်တွဲလျက်ရှိနေလေသည်။

စာကိုး
(၁) သန်းဝင်းလှိုင်၊ နိုင်ငံ့ဥသျှောင်မင်း ဧကရာဇ်များ ကံ့ကော်ဝတ်ရည်စာပေတိုက် ၂၀၁၀။
(၂) Edward VIII, wikipedia, the free encyclopedia
(၃) Wallis Simpson, Wikipedia, the free encyclopedia
(၄) ဂျာနယ်ကျော်မမလေး၊ သူလိုလူ၊ သီဟရတမှာစာ အုပ်တိုက် ဒသမအကြိမ် ၂၀၀၃။
(၅) ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေးသမိုင်း စာပေလောကနှစ်တွဲပေါင်း ပကြိမ် ၂၀၁၂။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)