တို့တစ်တွေခိုင်မြဲ မယိုင်မလဲအောင်လေ

January 21, 2013

အရှင်ဇ၀န (ကုန်းဇောင်း)
ဇန်န၀ါရီ ၂၁၊ ၂၀၁၃
 
မြန်မာမှန်ရင်တော့ မြန်မာပြည်ကြီး ကောင်းစားဘို့အတွက်၊ မြန်မာပြည်ကြီး သာယာချမ်းမြေ့ဘို့အတွက် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေကြတဲ့သူချည်းလို့ပဲ ယုံကြည်ပါတယ်။ တစ်နည်းအားဖြင့် ဆိုရင်တော့ မြန်မာ ပြည်သူပြည်သားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာဖြစ်ဖို့ အမျိုးဘာသာ သာသနာတော်ကြီး အဓွန့် ရှည်ကြာခိုင်မာနေဖို့ တတ်နိုင်သလောက် ပေးဆပ်နေကြသူတွေပဲလို့ ခိုင်ခိုင်မာမာ ယုံကြည်နေမိတယ်။

ဒါပေမဲ့ ကိုယ့်တိုင်းပြည်နဲ့လူမျိုး အတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်သလောက်လုပ်နေ ကြသူတွေအချင်းချင်း အကောင်းမြင်တဲ့စိတ်ကလေး မထားနိုင်ကြတာကများတယ်။ ဟိုအဖွဲ့ကလုပ်နေတာ အောင်မြင်နေရင် ဒီအဖွဲ့ကလုပ်တာ မကြိုက်ကြဘူး။ ဒီအဖွဲ့ကလုပ်နေတာကိုလည်း ဟိုအဖွဲ့က ကြံဖန်ပြီး အပြစ် ရှာကြ ဝေဖန်နေကြတာတွေကလည်း အများကြီးပဲ။

ဒီအဖွဲ့ ဟိုအဖွဲ့တစ်ခုတည်းမှာကိုပဲ ဟိုလူလုပ်တာကို ဒီလူကမကြိုက်၊ ဒီလူလုပ်တာကို ဟိုလူကမကြိုက် တာတွေကလည်း အများကြီးပဲ ဒုနဲ့ဒေး။ လူတစ်ယောက်က ဦးစီးဆောင်ရွက်နေတာကို သူနဲ့မတည့်ကြသူတွေ က မကြိုက်လို့ ဘေးထွက်နေကြသူတွေကလည်း အများကြီး။ “ရှေ့သော်လည်းဆောင်၊ နောက်သော်လည်း လိုက်၊ ဘေးမတိုက်နဲ့” လို့ ဆရာတော်ကြီးများ ဆုံးမသွားခဲ့ကြတယ်။ ကိုယ်က ဦးဆောင်နိုင်စွမ်းရှိရင် ဦးဆောင် လုပ်ပေါ့။ ကိုယ်က ဦးမဆောင်နိုင်လို့ရှိရင်လဲ နောက်လိုက်အဖြစ်နဲ့ လက်တွဲလုပ်ကြရုံပေါ့။ အခုတော့ အဲလိုလဲ မဟုတ်ဘူး။ ဘေးချင်းကပ်တိုက်ပြီး မောတဲ့အခါ ဘေးနားကနေ အသာထိုင်ပြီး ဘုကလန့်တွေချည်း ပြောတော့ တာပဲ။ ကိုယ်မင်းသားမလုပ်ရတာနဲ့ ပတ်မကြီးထိုးဖောက်တတ်တဲ့သူတွေလည်း အဖွဲ့အစည်းတိုင်းမှာ ရှိတတ် တယ်။ အဖွဲ့အစည်းတစ်ခု ခိုင်မာဖို့ အဖွဲ့အစည်းတစ်ခု တိုးတက်ကြီးပွားဖို့ နည်းလမ်းတွေကို မြတ်စွာဘုရား ဆုံးမ ထားခဲ့ပါတယ်။ အဲဒီအထဲမှာ အဖွဲ့အစည်းရဲ့ အဓိကဘုရင်ဖြစ်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေ လိုက်နာရမည့် အင်္ဂါ ရပ်တွေကတော့..။

“ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ကျင့်ရာ တရားတည်း” လို့ သင်္ဂါလောဝါဒ သုတ်မှာ ဟောထားတာရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ နောက်လိုက်တွေထက် လုံ့လ ဝီရိယကောင်းရမယ်။ နောက်ပြီး ခေါင်းဆောင်ကောင်းဆိုတာ အမြဲတမ်း နိုးနိုးကြားကြား တက်တက်ကြွကြွ ရှိနေ ရမယ်။ နောက်လိုက်ငယ်သားတွေကိုလည်း သနားညှာတာရမယ်။ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေကို အားလုံးကို အညီအမျှဝေဖန်ပေးရမယ်။ အသင်းအဖွဲ့ရဲ့ တိုးတက်ကြောင်း ဆုတ်ယုတ်ကြောင်း စတာတွေကို အသိဉာဏ်နက်နက်နဲနဲ့ ဉာဏ်အမြော်အမြင် ကြီးကြီးနဲ့ ရှုမြင်သုံးသပ်နေရမယ်။

“ကဏန်း ပုတ်သင်၊ ကိုင်းပင် နွားသိုး၊ လိပ်မျိုး ခွေးအ၊ ဤခြောက်ဝ၊ နာယကမတင်ထိုက်”ဆိုတဲ့အတိုင်း ကဏန်းကောင်များလို နေရာတကာ လက်မထောင်ထောင်နဲ့ အကြွားသန်တဲ့လူမျိုးကိုလည်း အကြီးအကဲခန့်လို မတော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းအသင်းအဖွဲ့က တကယ်တမ်းဖြစ်ဖြစ်မြောက်မြောက် အောင်မြင် သေးတာမဟုတ်ဘူး။ ကိုယ့်အကြီးအကဲက နေရာတကာလျှောက်ကြွားနေလိုက်ရင် တစ်ဖွဲ့လုံးကို သူများပြော စရာဖြစ်ရော။

ပုတ်သင်ညိုလို ဟိုလူပြောလည်း ခေါင်းငြိမ့်လိုက်၊ ဒီလူပြောလည်း ခေါင်းငြိမ့်လိုက်နဲ့ သူများပါးစပ်ဖျား မှာ လမ်းဆုံးတတ်ပြီး ကိုယ်ပိုင်ဉာဏ်နည်းတဲ့သူမျိုးကိုလည်း ခေါင်းဆောင်မတင်ထိုက်ဘူး။ ဒီလိုလူမျိုးရဲ့ ဒီလို အဆုံးအဖြတ်မျိုးက တစ်သင်းလုံး(သို့)တစ်နိုင်ငံလုံး ဒုက္ခရောက်နိုင်ပါတယ်။ နှစ်ဖက်စကားကို ချဥ့်ချိန်ပြီး ကိုယ် ပိုင်ဉာဏ်နဲ့ အမှားအမှန် ဝေဖန်ပိုင်းချား ခိုင်မာတဲ့စကားကိုသာပြောတတ်မှ ခေါင်းဆောင်ကောင်းတစ်ယောက် ပီသနိုင်ပါတယ်။

ကိုင်းပင်လို စိတ်ထားပျော့ပျော့ညံ့ညံ့ ဟိုဘက်ယိမ်း ဒီဘက်ယိမ်းလုပ်တတ်တဲ့သူမျိုးကိုလည်း ခေါင်း ဆောင်မတင်ထိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သစ်သားနဲ့သံလိုပဲပေါ့။ သံလိုမာတဲ့သူ ထက်တဲ့သူက ကိုယ့် နေရာ ဝင်ယူလာရင် သစ်သားလို ပျော့ညံ့တဲ့ကိုယ်က သူ့အတွက် နေရာဖယ်ပေးလိုက်ရတော့မယ်။ နေရာ တကာ ကိုယ်ကချည်းလက်ဦးမှုရအောင် ပြဿနာကို ဒေါသနည်းနဲ့ ဖြေရှင်းဖို့ပြောတာမဟုတ်ဘူးနော်။ ရဲရဲ ရင့်ရင့် ပြတ်ပြတ်သားသား စိတ်ထားမျိုးထားဖို့ကို ပြောတာပါ။ ကြောက်တတ်ရင် ရန်ကင်းတယ်-ဆိုပြီး မုန်တိုင်း ကြီးတွေတိုက်လာတဲ့အခါ ကိုင်းပင်လိုလူမျိုးက ဘယ်သူနဲ့မှ ပြဿနာမရှိနိုင်ဘူးဆိုတဲ့ အတွေးနဲ့ စောင်ခြုံထဲ လက်သီးပုန်းထောင်မနေသင့်ဘူး။ မုန်းတိုင်းကြီးပဲလာလာ မြေငလျင်ပဲလှုပ်လှုပ် ကျိုးချင်ကျိုး ကျေချင်ကျေ ရှင်သန်နေတုန်း လောကကြီးကို အသီးအပွင့်တွေ အရိပ်အာဝါသတွေပေးနိုင်တဲ့ သစ်ပင်ကြီးမျိုးပဲ ဖြစ်နေရမယ်။ ဒီလို စိတ်ထားခိုင်မာတဲ့သူသာ ခေါင်းဆောင်ဖြစ်ထိုက်တယ်။

နွားသိုးတစ်ကောင်လို နေရာတကာမှာ မဆင်မခြင် ယမ်းပုံမီးကျ ဒေါသကြီးတတ်တဲ့သူကိုလည်း ခေါင်း ဆောင်မတင်ထိုက်ပါဘူး။ အသင်းအဖွဲ့ရဲ့ ကိစ္စတွေ၊ တိုင်းပြည်ရဲ့ကိစ္စတွေမှာ တစ်ခါတစ်ရံ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမည့် ပြဿနာတွေလည်း အများကြီးရှိပါတယ်။ စိတ်ဆိုးစရာ ဒေါသထွက်စရာ ကြုံလာရင် ပြဿနာ ရဲ့ဇစ်မြစ်ကို အရင်စဉ်းစား။ ဒေါသကို ထိန်းသိမ်းပြီး သတိရှိရှိ ပညာသားပါပါ ပြဿနာကိုဖြေရှင်းမှ အကောင်း ဆုံး ဖြေရှင်းနည်းတစ်ခုဖြစ်တယ်။

လိပ်တစ်ကောင်လို့ ကိုယ့်ဘက်ကို ယက်တတ်တဲ့လူမျိုးကိုလည်း ခေါင်းဆောင်မတင်ထိုက်ဘူး။ ငါ နဲ့ ငါ့မိသားစုကောင်းစားဖို့ ငါတို့အဖွဲ့အုပ်စုကောင်းစားဖို့ စသည့်ဖြင့် ကိုယ့်ကောင်းစားရေးကိုသာ ကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်သမား အတ္တသမားကို ခေါင်းဆောင်တင်လိုက်ရင်လည်း “ တစ်ယောက်ချမ်းသာ၊ ကိုယ့် ဖို့ရှာ၊ သတ္တဝါအပေါင်း ဆင်းရဲကြောင်း” ဆိုတဲ့အတိုင်း တစ်မျိုးသားလုံး တစ်နိုင်ငံလုံး ဆင်းရဲကြောင်းပါပဲ။ တစ်မျိုးသားလုံး တန်းတူရည်တူ အေးအတူ ပူအမျှ မျှဝေခံစားရမည့် ကိစ္စတွေမှာ ငါ့ဖို့ငါ့ဖို့ဆိုပြီး ငါ့အိပ်ထဲချည်း ထည့်သွားရင်တော့ တစ်မျိုးသားလုံး ဆင်းရဲကြောင်းပါပဲ။ ဒါ့ကြောင့် အေးအတူ ပူအမျှ တရားမျှမျှတတ စိတ် ထားမြင့်မြတ်တဲ့သူသာလျှင် ခေါင်းဆောင်ဖြစ်ထိုက်ပါတယ်။

ခွေးအတစ်ကောင်ဟာ အစာဝအောင်စားပြီး ဂူထဲဝင် တစ်နေကုန် စည်းစိမ်ယစ်နေတတ်သလို ကောင်း တာတွေစား၊ ကောင်းတာတွေခံစားပြီး ကောင်းကောင်းကြီး ဇိမ်ယူတတ်တဲ့လူကိုလည်း ခေါင်းဆောင်မတင် ထိုက်ဘူး။ အသင်းအဖွဲ့အတွက် တိုင်းပြည်အတွက် အချိန်ပြည့် ညှိနှိုင်းတိုင်ပင် အစဉ်မပြတ်ကြိုးစားနေရမယ်။ ဟိုတုန်းကဘုရင်တွေဆိုရင် သူတို့ကျင့်ဝတ်ထဲမှာ ညာဥ့်သုံးယာမ်ရှိတဲ့အထဲမှာ နှစ်ညာဥ့်ပဲ အိပ်ရမယ်လို့ ဆိုထား တယ်။ အဲဒီလို အဖက်ဖက်က လိုလေသေးမရှိအောင် နိုးကြားကြိုးစားနေတဲ့သူကိုမှ ခေါင်းဆောင်အဖြစ် ရွေး ချယ်ထိုက်ပါတယ်။

အဖွဲ့အစည်းတစ်ခု (သို့) တိုင်းပြည်တစ်ခုမှာ ခေါင်းဆောင်ကောင်းရှိရုံနဲ့ မလုံလောက်သေးပါဘူး။ နောက်လိုက်ကောင်းတွေ အသင်းအဖွဲ့ကောင်းတွေ အင်အားတောင့်တင်းဖို့လဲလိုအပ်ပါသေးတယ်။ ခေါင်း ဆောင်ကောင်းတစ်ယောက်ကို ရထားပြီဆိုရင် ကိုယ်ကနောက်လိုက်အဖြစ်နဲ့ စည်းစည်းလုံးလုံး ညီညီညွတ် ညွတ် တာဝန်ကျေကျေ သစ္စာရှိရှိလုပ်ပေးရမယ်။ အသင်းအဖွဲ့တစ်ခု စည်းလုံးခိုင်မာကြောင်းကိုလည်း မြတ်စွာ ဘုရားက ဟောထားပါသေးတယ်။

“(၁)ညီညွတ်စွာ မပြတ်စည်းဝေးတိုင်ပင်ခြင်း။ (၂)အစည်းအဝေးသို့ တစ်ညီတစ်ညွတ်တက်ရောက်ကြ၍ စည်းဝေးတိုင်ပင်ပြီးသောအခါ တစ်ညီတစ်ညွတ်ထဲ ပြန်လည်ထွက်ခွါရခြင်း။ (၃)ရှေးမင်းကောင်းမင်းမြတ်တို့၏ စည်းကမ်းဥပဒေကို လေးစားလိုက်ခြင်း၊ မဖျက်ဆီးရခြင်း။ (၄)အသက်ကြီးကုန်သော (ဝဇ္ဇီ)မင်းတို့ကို ရိုသေလေး မြတ်စွာပူဇော်ခြင်း၊ ဆုံးမသြဝါဒကို နာယူခြင်း။ (၅)အမျိုးသမီးတို့ကို နိုင့်ထက်စီးနင်း အိမ်ထောင်မပြုရခြင်း။ (၆)တိုင်းပြည်အတွင်းမှာ ရှေးမင်းတို့၏ ရိုးရာအစဉ်အလာ ပူဇော်ခဲ့ကြသော နတ်ကွန်းများကို ဗလိနတ်စာပေး ခြင်း။(၇)တိုင်းပြည်အတွင်းသို့ မကြွလာသေးကုန်သော ရဟန္တာတို့လာစေခြင်းငှါ၊ ကြွလာပြီးကုန်သော ရဟန္တာတို့ ချမ်းသာစွာနေခြင်းငှါ တရားနှင့်အညီ ပူဇော်စောင့်ရှောက်ရခြင်း” တို့ပဲဖြစ်ပါတယ်။

(၁) ညီညွတ်စွာ မပြတ်စည်းဝေးတိုင်ပင်မှ အသင်းအဖွဲ့ (သို့) တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း အကြံကောင်း ဉာဏ်ကောင်းတွေ အချင်းချင်း ဖလှယ်နိုင်ကြမှာပဲဖြစ်ပါတယ်။ အသင်းအဖွဲ့(သို့)တိုင်းပြည်ရဲ့ လုပ်ဆောင်ချက်တွေ၊ လိုအပ်ချက်တွေ၊ တိုးတက်မှုတွေ၊ ဆုတ်ယုတ်မှုတွေကို တင်ပြကြရမယ်။ နည်းလမ်း ကောင်းတွေရှာကြရမယ်။ စနစ်ကောင်းတွေဖော်ထုတ်ကြရမယ်။

(၂) အစည်းအဝေးကို တစ်ညီတစ်ညွတ်လာကြပြီး တစ်ညီတစ်ညွတ်ထဲ ဘာ့ကြောင့် ပြန်ကြရတာဆိုတာ ကိုတော့ အများနားလည်ကြမှာပါ။ ပြန်တဲ့သူတွေက ပြန်ကြပြီး ကျန်တဲ့သူတွေက ကျန်နေခဲ့ကြမယ်ဆိုရင် ပြန်သွားကြတဲ့သူတွေကလည်း ကျန်တဲ့သူတွေကို မယုံသင်္ကာဖြစ်နိုင်တယ်။ “ အစည်းအဝေးခမ်းမထဲမှာ ကျန် ခဲ့တဲ့ကောင်တွေက သူတို့ချင်းဘာတွေများ ကျိတ်တိုင်ပင်နေကြသလဲမသိဘူး” လို့ ယုံမှားသံသယတွေနဲ့ စိတ်ဝမ်းကွဲသွားနိုင်ပါတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း “ စောစောပြန်သွားကြတဲ့ကောင်တွေက တစ်နေရာရာ မှာ သူတို့ချင်းချင်း ကျိတ်တိုင်ပင်စရာရှိလို့ အစောကြီးပြန်သွားကြတာပဲဖြစ်ရမယ်”လို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ပါတယ်။

(၃) တိုင်းပြည်တစ်ခုမှာ မင်းဆိုရင်လဲ ရှေးမင်းကောင်းမင်းမြတ်တွေ လိုက်နာခဲ့တဲ့ မင်းကျင့်တရား ဆယ် ပါးကိုလိုက်နာရသလို အသင်းအဖွဲ့ တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်ဆိုရင်လဲ ခေါင်းဆောင်ကျင့်ဝတ်ခြောက် ပါးကို လိုက်နာရပါလိမ့်မယ်။ တရားနည်းလမ်းကျသဖြင့် အများသဘောတူ ချမှတ်ထားခဲ့သော စည်းကမ်း ဥပဒေ များကို မင်းနှင့်တိုင်းသူပြည်သားအားလုံး တစ်ပြေးညီလိုက်နာရမယ်။

(၄) အသက်အရွယ် ကြီးမားကြကုန်သော မင်းကောင်းမင်းမြတ်များကို ပူဇော်ရမယ်၊ သြဝါဒကို နာယူရ မယ်ဆိုတာ တိုးတက်နေ တဲ့တိုင်းပြည်တိုင်းမှာ ကျင့်သုံးနေကြတဲ့ စည်းကမ်းတစ်ခုပါပဲ။ တက်လာတဲ့ သမ္မတသစ် က အငြိမ်းစားယူသွားကြတဲ့ သမ္မတတွေကို လေးလေးစားစားနဲ့ သူတို့ဆီကအကြံကောင်း ဉာဏ်ကောင်းတွေယူ လစာရိက္ခာတွေကိုလည်း အလုံအလောက်ပေးထားကြပါတယ်။ လက်ရှိအဖွဲ့အစည်းထဲမှာလည်း ခေါင်းဆောင် ဟောင်းတွေရဲ့ တပည့်ဟောင်းတွေ ရှိနေကြတာပဲမဟုတ်လား။

(၅) အမျိုးသမီးတွေကို နိုင့်ထက်စီးနင်း အတင်းအဓမ္မအိမ်ထောင်ပြုလိုက်မယ်ဆိုရင် ညီညွတ်နေတဲ့ အသင်းအဖွဲ့တစ်ခုလုံး ပျက်စီးသွားနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နှမ ကိုယ့်နှမ၊ သူ့သမီး ကိုယ့်သမီး စသည်ဖြင့် အမြတ်တနိုး တန်ဘိုးထားတတ်ကြတဲ့ သူတွေကများတယ်လေ။ ငါ့နှမ ငါ့သမီးလေးကို အဲဒီလို မတရား သိမ်းပိုက်ရင်စော်ကားရင်ကော ငါဘယ်လိုနေမလဲဆိုတဲ့ ကိုယ်ချင်းစာတရား မျာများထားကြမှသာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စည်းလုံးမှု မပျက်စီးနိုင်မှာဖြစ်ပါတယ်။

(၆) ရှေးမင်းတွေလုပ်ခဲ့တဲ့ ရိုးရာဗလိနတ်စာကျွေးတဲ့အလုပ်ကို ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာက တော့ ဟိုတုန်းကဝဇ္ဇီနိုင်ငံမှာ အစဉ်အလာမပျက် ရိုးရာနတ်တွေကို ပူဇော်ပသ ဗလိနတ်စာကျွေးခဲ့ကြတဲ့ ဓလေ့ ထုံးစံတွေရှိခဲ့ကြတယ်။ အဲဒီအစဉ်အလာကို နောက်နောက်မင်းတွေလက်ထက်မှာ ဖျက်ပြစ်လိုက်မယ်ဆိုရင် အချင်းချင်း စည်းလုံးညီညွတ်မှုတွေ ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့်  အယူအဆ မတူမျှကြသော လူမျိုးစုများ စည်းလုံးညီညွတ်မှုတွေ ခိုင်မာအောင် ရည်ရွယ်ပြီး ဝဇ္ဇီမင်းတွေချမှတ်ခဲ့တယ်လို့ပဲယူဆပါတယ်။

(၇) တိုင်းပြည်အတွင်းသို့ သူတော်ကောင်းတွေရောက်လာမှ သူတော်ကောင်းတို့ဟောကြားတဲ့တရားကို တိုင်းသူပြည်သားတွေ နာယူရမယ်။ သူတော်ကောင်းတရားနာယူမှ သူတော်ကောင်းတရားကို နားလည်ကြမယ်။ နားလည်မှ ကျင့်သုံးကြမယ်။ ကျင့်သုံးမှ သူတော်ကောင်းတွေတိုးပွားလာမယ်။ သူတော်ကောင်းတွေတိုးပွားမှ တိုင်းပြည်နဲ့လူမျိုးအားလုံး အေးချမ်းသာယာမယ်။ ဒါကြောင့် တိုင်းပြည်အတွင်းသို့ မကြွလာသေးကုန်သော ရဟန္တာတို့လာစေခြင်းငှါ ကြွလာပြီးကုန်သော ရဟန္တာတို့ ချမ်းသာစွာနေခြင်းငှါ တရားနှင့်အညီ ပူဇော်စောင့် ရှောက်ရခြင်းဆိုတဲ့ စည်းကမ်းကို ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

စည်းကမ်းချက်တွေ ဘယ်လောက်ပဲ ထားထား၊ ဥပဒေတွေ ဘယ်လောက်ပဲထုတ်ထုတ် ဒို့မြန်မာတိုင်း ရင်းသားတွေက မလိုက်နာကြဘူးဆိုရင် ဘယ်လိုမှ စည်းလုံးညီညွတ်မှုမရနိုင်ပါဘူး။ ငါတို့လူမျိုးတွေရဲ့ ပင်ကိုယ် သဘာဝကိုက ကိုယ့်အချင်းချင်းဆိုရင် ကြံဖန်ပြီးတော့ကို အပြစ်မြင်တတ်ကြတယ်။ လူမျိုးခြားတွေ တိုင်းတစ်ပါး သားတွေအပေါ်ဆိုရင် ကြံဖန်အကောင်းမြတ်တတ်ကြတယ်။ ကိုယ့်အချင်းချင်းဆိုရင် ဘယ်လောက်ပဲ ကောင်း တာတွေလုပ်နေလုပ်နေ “အလကားပါကွာ ဒီကောင်အရင်တုန်းက ဘယ်လိုကောင်ပါ”စသည်ဖြင့် အရင်တုန်းက အဆင့်အတမ်းနိမ့်ကျခဲ့တာတွေ အမှားလုပ်ခဲ့တာတွေကိုပါ သွားပုတ်လေလွှင့်ပြောတတ်ကြတယ်။ “ ရွားနားက မြက် ရွာနွားမစားဘူး” ဆိုတဲ့ စကားပုံလိုပဲ ကိုယ့်ရွာသားအချင်းချင်း ကိုယ့်နိုင်ငံသားအချင်းချင်းဆိုရင် အဆိုးမြင် တဲ့စိတ်လေးတွေ ရှိနေတတ်ကြတယ်။ ကိုယ့်အချင်းချင်း ကိုယ့်ရှေ့မှာ ထူးချွန်အောင် ထက်မြက်အောင် ကြိုးစား ပြနေပေမဲ့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ချီးမွမ်းရမှာကို သိပ်ဝန်လေးတတ်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် လမ်းချော်တာနဲ့ အဆင်းကို ဘီးတတ်ပေးမယ်၊ နှမ်းစေ့လောက်အပြစ်ကလေးကို ရာဝင်အိုးလောက်ရှိအောင် ပုံကြီးချဲ့မယ်ဆိုတာချည်းပဲ။

အဲဒါ ဘာကြောင့်လဲဆိုရင် အချင်းချင်းအပေါ်မှာ ကိုယ့်ထက်သာသွားမှာ ကိုယ့်ထက်ချမ်းသာသွားမှာ ကိုယ့်ထက် အဆင့်အတန်းမြင့်သွားမှာ၊ ကိုယ့်ထက် ချစ်ကြခင်ကြသူတွေပေါသွားမှာကို ကြောက်တဲ့စိတ်တွေ ကြောင့်ပါပဲ။ အဲဒီစိတ်ကို ဣဿာ(မနာလိုခြင်း)လို့ခေါ်ပါတယ်။ ဒါကြောင့် ငါတို့မြန်မာလူမျိုးတွေဟာ ဟိုဘက် အိမ်နဲ့ ဒီဘက်အိမ်၊ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ၊ ဟိုဘက်ကျောင်းနဲ့ ဒီဘက်ကြောင်း စသည်ဖြင့် အချင်းချင်းပဲ လှည့်ပတ်ပြီး မကောင်းမြင်နေကြတယ်။ ရန်လိုနေကြတယ်။ တိုက်ခိုက်နေကြတယ်။ အချင်းချင်းတွေပဲ တစ်ယောက်ရဲ့ ချမ်းသာမှုတွေကို တစ်ယောက်က လိုက်ဖျက်ဆီးနေကြတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ပိတ်ပင်နေကြတယ်။

အဲဒီလို အချင်းချင်း လုကြယက်ကြ စားခွက်လုနေကြတာနဲ့ သူများတွေက ကိုယ့်ပိုင်သမျှ အဖိုးတန်ဆုံး အရာတွေကို သိမ်းပိုက်၊ဝါးမြိုသွားခဲ့ကြတဲ့ အဖြစ်မျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့ရပေါင်းများပါပြီ။ ဒါလည်း သင်္ခန်းစာယူရကောင်းမှန်း မသိကြဘူး။ မြတ်စွာဘုရားရှင်က သုခါ သံဃဿ သာမဂ္ဂီ – လို့ မိန့်တော်မူပါတယ်။ ရဟန်းရှင်လူ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြခြင်းသည် ချမ်းသာကြီးပွားအောင်မြင်ခြင်းရဲ့ အကြောင်းပဲလို့ ဟောတော်မူခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က စည်းလုံးညီညွတ်ကြောင်းတရားကိုသာ ဟောတော်မူပေမဲ့ မြတ်စွာဘုရားရဲ့ တပည့်သားဖြစ်ကြတဲ့ ငါတို့တစ်တွေက အချင်းချင်း အထင်လွဲဖို့ စိတ်ဝမ်းကွဲ ဖို့ မကောင်းမြင်ဖို့လောက်သာ ကြည့်နေတတ်ကြတယ်။

ငါတို့မြန်မာလူမျိုးက နှစ်ယောက်ရှိရင် သုံးပါတီကွဲတယ်။ ဘယ်လိုလုပ် သုံးပါတီကွဲသလဲဆိုတော့ ပထမ လူက တစ်ပါတီ။ ဒုတိယလူက တစ်ပါတီ။ သူတို့နှစ်ယောက်ပေါင်းတာက တစ်ပါတီဆိုတော့ သုံးပါတီကွဲကြတာ များတယ်။ သုံးယောက်ရှိရင် ခုနစ်ပါတီတောင် ကွဲကြသေးတယ်။ က-တစ်ပါတီ၊ ခ-တစ်ပါတီ၊ ဂ-တစ်ပါတီ၊ သူတို့ သုံးယောက်ပေါင်းတာကတစ်ပါတီ၊ က နှင့် ခ ပေါင်းတာကတစ်ပါတီ၊ က နှင့် ဂ ပေါင်းတာက တစ်ပါတီ၊ ခ နှင့် ဂ ပေါင်းတာက တစ်ပါတီဆိုပြီးတော့ (၇)ပါတီကွဲတတ်ကြတဲ့လူမျိုးတွေ။

အထူးသဖြင့် အမေရိကကို ရောက်နေကြတဲ့သူတွေကိုကြည့်မယ်ဆိုရင် အချင်းချင်းတွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညွတ်နေရာကနေ တစ်ယောက်ယောက်က ခလောက်ဆန်လိုက်ပြီဆိုတာနဲ့ တစ်ယောက် ကိုတစ်ယောက် ကြည့်လို့မရ၊ မမြင်ချင် မတွေ့ချင်၊ ရန်လိုကြ အမုန်းပွားကြနဲ့ တစ်စစီပြိုကွဲသွားကြတဲ့ အဖွဲ့အ စည်းတွေကလည်း အများကြီး။ အချင်းချင်းတွေမှာ သည်းခံခွင့်လွှတ်နိုင်စွမ်း မရှိလောက်အောင် အစော်ကားခံရ လို့ အချင်းချင်း မခေါ်နိုင် မပြောနိုင် ခွင့်မလွှတ်နိုင်တာကိုတော့ မပြောလိုပါဘူး။(ဒါက သူ့ကိုယ်ပိုင်ခံစားချက်)

ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လူတစ်ယောက်က ကိုယ့်ကိုအပြစ်တင်ဝေဖန်တဲ့နေရာမှာ ကိုယ့် ရှေ့မှာပြောတာထက် ကွယ်ရာမှာ သွားပုပ်လေလွှင့်အပြောခံရတာကို နာကျည်းတတ်ကြတာပဲ။ လူဆိုတာ စိတ် ဆိုးအောင် စတာကိုတော့ ခံနိုင်တယ်။ စိတ်နာအောင်လုပ်သွားတာကိုတော့ ဘယ်သူမှ မခံနိုင်ကြဘူး။ တစ်သက်လုံး အသည်းထဲစွဲသွားအောင် နာကျည်းတတ်ကြတယ်။

အဲဒီလို စိတ်နာနေတော့ ဘယ်သူခံစားရလဲလို့ မေးရင် စိတ်နာသူပဲခံစားရတာပဲ။ ဟိုလူက အေးအေး ဆေးဆေးပဲ သူ့မှာ ဘာအပူမှမရှိဘူး။ အဒီတော့ စိတ်နာတတ်တဲ့ အဃာတအမုန်းတရားကိုလည်း လျှော့နိုင်သ မျှလျှော့ကြဖို့လိုပါတယ်။ ကိုယ်ကဒေါသထွက်လို့ သူတစ်ပါးကို မီးခဲနဲ့ကောက်ပေါက်ရင် ကိုယ့်လက် အလျင်ပူ မှာပဲ။ ဒေါသမီးလောင်တယ်ဆိုတာ ဒေါသထွက်တဲ့သူကို အရင်ဦးဆုံးအလောင်ခံရတာ။

အချင်းချင်းအပေါ်မှာ အပြစ်မြင်ကြ မနာလိုဝန်တိုမှုတွေ ဖြစ်နေကြတာတွေဟာ တကယ်တော့ အချင်း ချင်း ချစ်ခင်ကြင်နာခြင်းဆိုတဲ့ မေတ္တာဓာတ်တွေနည်းလို့ဖြစ်ကြတာပါ။ ကိုယ်က မုန်းနေတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ ကောင်းတာတွေလုပ်နေလုပ်နေ အထင်မကြီးဘူး။ အကောင်းမမြင်ဘူး။ တကယ်လို့များ ကိုယ် ချစ်ခင်တဲ့သူသာ ဆိုရင်တော့လဲ ကြံဖန်ပြီးတော့ကို ချီးမွမ်းထောမနာ သြဘာပေးနေမှာပါပဲ။

“ချစ်စေလို ပါးစပ်လက်လေးသစ်၊ မုန်းစေလို ပါးစပ်လက်လေးသစ်”ဆိုတဲ့စကားရှိတယ်။ ချစ်အောင် ခင်အောင် သနားအောင်ပြောတတ်တာလဲ ဒီပါးစပ်ပဲ။ မုန်းအောင် နာကျည်းအောင် ပြောတတ်တာလဲ ဒီပါးစပ်ပဲ။ အဲဒီတော့ ပြောတဲ့ဆိုတဲ့နေရာ ဆင်ဆင်ခြင်ခြင်လေး ပြောကြဖို့လဲလိုပါတယ်။

(၁) မှန်လည်းမမှန် အကျိုးလည်းမရှိ သူတစ်ပါးတွေလည်းမကြိုက်တဲ့စကားမျိုး။

(၂) မှန်လည်းမမှန် အကျိုးလည်းမရှိ သူတစ်ပါးတွေ ကြိုက်တဲ့စကားမျိုး။

(၃) မှန်တော့မမှန်ဘူး အကျိုးရှိတယ် သူတစ်ပါးတွေကလည်း ကြိုက်တယ်ဆိုတဲ့စကားမျိုး။

(၄) မှန်တော့မှန်တယ် အကျိုးမရှိဘူး သူတစ်ပါးတွေကတော့ ကြိုက်တယ်ဆိုတဲ့စကားမျိုး။

(၅) မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ် သူတစ်ပါးတွေကလည်း ကြိုက်တဲ့စကားမျိုး။

(၆) မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ် သူတစ်ပါးတွေကတော့ မကြိုက်တဲ့စကားမျိုး-ရှိရာမှာ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေကတော့ နောက်ဆုံး နှစ်မျိုးကိုပဲပြောကြပါတယ်။ စကားပြောတဲ့နေရာမှာ မှန်လည်းမှန် အကျိုးလည်းရှိ အများကနှစ်သက်တဲ့စကားမျိုး၊ မှန်တယ် အကျိုးရှိတယ် ဒါပေမဲ့ သူတစ်ပါးမနှစ် သက်တဲ့စကားမျိုးပြောမှသာ တကယ့်စစ်မှန်တဲ့ ကောင်းမြတ်တဲ့စကားမျိုး ဖြစ်နေမှာပါ။ မှန်ကန်အကျိုးရှိပြီး သူတစ်ပါး မနှစ်သက်တဲ့စကားမျိုး ဘာကြောင့်ပြောရလဲဆိုတော့ လူတိုင်းလူတိုင်းက အမှန်ပြောတိုင်း လက်ခံ ကြတာမှမဟုတ်တာ။ အဲဒီတော့ မှန်ကန်ပြီးတော့ အကျိုးရှိမယ်ဆိုရင် သူတစ်ပါးမကြိုက်ပေမဲ့ အကျိုးရှိရာရှိ ကြောင်းပြောပေးနေရတာပဲ။

မိဘကသားသမီးကို မကောင်းတာ၊ မတော်တာတွေ့လို့ ပြောဆိုဆုံးမတယ်ဆိုရင် တစ်ချို့သားသမီးတွေ က မကြိုက်ကြဘူး။ မကြိုက်ပေမဲ့ သားသမီးတွေ နောင်မမှားရအောင် ပြောဆိုဆုံးမနေရတာပဲ။ ဒါက သူတို့လေး တွေရဲ့ နောင်အနာဂါတ် လူတော်လူကောင်းဖြစ်ဖို့အတွက် မိဘက အနစ်နာခံ အမုန်းခံပြောဆိုဆုံးမရတာ။ အဖွဲ့ အစည်းတစ်ခုမှာ ကိုယ်ကဦးစီးခေါင်းလုပ်ရတဲ့အခါ အောက်လက်ငယ်သားတွေက မတော်မတရားလုပ်နေတာ ကို တွေ့ရမြင်ရယင် သူတို့မကြိုက်ပေမဲ့ ပြောဆိုဆုံးမရမယ်။ တားမြစ်ကန့်ကွက်ရမယ်။ ညောင့်စူးနေတဲ့လူတစ် ယောက်ရဲ့ စူးဝင်နေတဲ့ ညောင့်ကိုကို နှုတ်ပစ်ရင်နာမှာပေါ့။ ဒါပေမဲ့ နှုတ်မပစ်လို့မှ မရတာဆိုတော့ နာချင်နာပါ စေ ခဏနာတာပဲ အောင့်အည်းသည်းခံပြီး နှုတ်ပစ်လိုက်ရတာပဲ။

ဒါပေမဲ့ ပြောတဲ့ဆိုတဲ့နေရာမှာ မှန်တယ် အကျိုးရှိတယ်ဆိုပေမဲ့ အဲဒီစကားကို ပိဿာလေးနဲ့ ဘေးပြစ် သလိုမျိုးပြောတယ်ဆိုရင် ဘယ်သူမှ မခံချင်ကြဘူး။ ချိုချိုသာသာပြောရင်လည်း ဒီကိစ္စပြီးနိုင်တယ်။ ကြမ်းကြမ်း တမ်းတမ်းပြောရင် ဒီကိစ္စပြီးနိုင်တယ်ဆိုရင် ချိုချိုသာသာ ပြောရမယ်။ ရှင်မဟာရဋ္ဌသာရက ဆုံးမစာရေးထားခဲ့ တယ်မို့လား “ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျား သကာလို၊ ချိုလှစေ” လို့။ တစ်ချို့ကိစ္စတွေမှာ အေးအေးဆေးဆေး ချိုချိုသာသာ ပြောဆိုဆက်ဆံရမှာကို ဒုတ် ထိုးအိုးပေါက် သွားပြောလိုက်တော့ အကုန်လုံး ကိစ္စတုန်းအောင် ပျက်စီးဆုံးရှုံးသွားရတာတွေ အများကြီး   တွေ့ခဲ့ရပါပြီ။

အကြောင်းအမျိုးမျိုးကြောင့် ရေခြားမြေခြား တိုင်းတစ်ပါးမှာ လာနေကြရတယ်။ ကိုယ်ကလူနည်းစုလေး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြဘို့ ဘယ်လောက်ကောင်းလဲ။ အခုတော့ အဲလိုမဟုတ်ဘူး တစ်ယောက်နဲ့တစ်ယောက် ဝေဖန်တိုက်ခိုက် အတင်းပြော မကောင်းကြံ ပျက်စီးရာပျက်စီးကြောင်းကိုပဲ သွေးထိုးပေးနေကြတာများတယ်။ ကိုယ့်ပြည်တွင်းမှာနေတုန်းကရော သူများနိုင်ငံသား လူမျိုးခြားတွေ စည်းလုံး ညီညွတ်ကြပြီး ကိုယ့်အချင်းချင်း မညီညွတ်တဲ့အခါ “ အို သူတို့က လူနည်းစုလေးဆိုတော့ ညီညွတ်ကြတာ ဘာဆန်းလဲ” လို့ ပေါ့ပေါ့တန်တန် ပြောခဲ့ကြပေမဲ့ ကိုယ်လူနည်းစုအဖြစ်နဲ့ သူများနိုင်မှာပြီး မှီခိုရတဲ့အခါမှာ ချစ် ချစ်ခင်ခင် စည်းစည်းလုံးလုံး နေကြမလားမှတ်တယ်။ ဝေးပါသေးတယ်။ ဟိုလူရှိတဲ့နေရာဆိုရင် ဒီလူက မသွားချင်ဘူး။ ဟိုလူတွေ ဦးဆောင်လုပ်နေလို့ကို ဒီလူက မသွားချင်တာ ဆိုတာမျိုးချည်း ကြုံတွေ့နေရပါတယ်။

မြန်မာတိုင်းရင်းသားတွေ နိုင်ငံခြားတိုင်းပြည်မှာ အခြေချနေထိုင်လာကြတဲ့အခါမှာ မြန်မာ့ရိုးရာ အစဉ် အလာမပျက် ဘုရားသွားကျောင်းတက် ကုသိုလ်လုပ်ငန်းတွေ ဆက်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာတော် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ကျောင်းတွေဖြစ်အောင် လှူဒါန်းကြ ဆွမ်းပန်းရေချမ်းဆီမီး အသီးသီးတွေ လှူ ဒါန်းကြနဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ကြတာတွေက တက်တက်ကြွကြွပါပဲ။ ဒါပေမဲ့ တစ်ချို့နေရာ တွေမှာကြတော့ ဘုန်းကြီးနဲ့ ဒကာဒကာမအသိုင်းအဝိုင်းနဲ့ အဆင်မပြေကြတာတွေ၊ ဒကာ ဒကာမအချင်းချင်း စိတ်ဝမ်းကွဲကြ အသင်းအဖွဲ့တွေ အပြိုင်ဖွဲ့ကြတာတွေကလည်း အများကြီးတွေ့ခဲ့ရပါတယ်။ ဘုန်းကြီးဘက်က မကောင်းလို့ အဆင်မပြေကြတာတွေရှိသလို ဘုန်းကြီးဘက် ကောင်းပါလျှက်နဲ့ လူတွေက ဘုန်းကြီးအပေါ်မှာ ဗိုလ်ကျတာ စီမံခန့်ခွဲတာကို ဘုန်းကြီးကမခံချင်လို့ လမ်းခွဲသွားကြတာတွေကိုလည်း ကြားသိခဲ့ရပါတယ်။ တစ်ချို့နေရာတွေမှာတော့ လူတွေက နေ့မအားညမအား အလုပ်တွေကြိုးစားလုပ်၊ ငါတို့နယ်မြေမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းလေးတစ်ကျောင်းဖြစ်အောင်ဆိုပြီးတော့ ရရှိလာတဲ့ ချွေးနည်းစာလေးနဲ့ ကျောင်းလေးတစ် ကျောင်းဖြစ်အောင် လုပ်ပေးကြတယ်။ ဒါပေမဲ့ ဘုန်းကြီးဘက်က ချွတ်ယွင်းပျက်ကွက်တာတွေ အတ္တဆန်တာ တွေများလွန်းတော့ ဒကာ ဒကာမတွေက လန်ကုန်ကြတာမျိုးလည်း ရှိခဲ့ကြပါတယ်။

တစ်ချို့ကျတော့ ကိုယ်ကပုဂ္ဂိုလ်ရေးအရ ဘုန်းကြီးအပေါ် မကြည်ညိုတာနဲ့ပဲ ဘုန်းကြီးအပြစ်တွေကို ပုံကြီးချဲ့ပြီး သာသနာတော် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသလို သတင်းလွှင့်တတ်ကြတယ်။ အပြင် မှာ သတင်းလွှင့်ရုံတင်မဟုတ်ဘဲ အင်တာနက်တွေ မီဒီယာတွေ ဘလော့တွေ ဖေ့စ်ဘုတ်တွေ အသုံးချပြီး ဘုန်း ကြီးနာမည်ပျက်အောင် သိက္ခာကျအောင်လုပ်တတ်ကြတယ်။ လူတစ်ယောက်ရဲ့ မသမာမှုကြောင့် ဘုန်းကြီး ခမျာ မီဒီယာတံတွေးခွက်မှာ ပက်လက်မျောရရှာတယ်။ ကိုယ်ကဘုန်းကြီးမို့ ဘုန်းကြီးဘက်က အကောင်းမြင် စိတ်နဲ့ချည်း ရေးတာမဟုတ်ပါဘူး။ တစ်ချို့ လူလောက်တောင် အဆင့်အတန်းမရှိတဲ့ဘုန်းကြီးတွေလဲ ရှိချင်ရှိနေ မှာပါ။ ဒါသူ့အပြစ် သူ့ဘာသာခံပါလိမ့်မယ်။(ဘုန်းကြီးက သာသနာတော်ကိုသိက္ခာကျ အောင်လုပ်နေတာမျိုး၊ ဘုရားဟောတရားဓမ္မမဟုတ်တာတွေကို ဘုရားဟောတရားဓမ္မအဖြစ်နဲ့ လူတွေအယူလွဲမှားအောင် ဟောကြား နေတာမျိုးဆိုရင်တော့ သံဃာတော်များနှင့်တိုင်ပင်ပြီး အများသိအောင် ပြောကိုပြောပြရမှာပါ)။ ကိုယ့်မှာ ရဟန်း သီလ ရဟန်းသိက္ခာမရှိပါပဲ ရဟန်းယောင်ဆောင်ပြီး ဒကာ ဒကာမတွေ လှူတာတန်းတာတွေ ညာစားနေရင် အဆိပ်တွေ မီးရဲရဲတောက်နေတဲ့ သံတုန်းသံခဲတွေ စားမျိုနေရတာထက်ပိုဆိုးပါတယ်လို့ ဘုရားရှင်မိန့်ကြား ထားတာပဲ။

တစ်ချို့ရဟန်းသံဃာတွေမှာ ကိုယ့်နိုင်ငံမှာဆိုရင် ဘုရားတစ်ဆူ ဂူတစ်လုံးဆိုသလို အများတကာရဲ့ ကြည်ညိုမြတ်နိုးမှုတွေ တပည့်ရဟန်းသံဃာပေါင်းများစွာရဲ့ ပြုစုလုပ်ကျွေးမှုတွေ ခံယူရပြီး အများတကာလေး စားမြတ်နိုးကြပေမဲ့ အမေရိကန်နိုင်ငံကိုရောက်လာတဲ့အခါကျတော့ ဘယ်သူကမှလေးစားမြတ်နိုးရကောင်းမှန်း မသိတဲ့ ကျောင်းစောင့်ဘုန်းကြီးအဆင့်သာဖြစ်သွားခဲ့ရတာမျိုးတွေလည်း အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ အဘိုးမဖြတ်နိုင်လောက်အောင် တန်ဘိုးကြီးလှပေမဲ့ အမေရိကန်မှာ တန်ဘိုးမဲ့နေခဲ့ပါတယ်။ (အမေရိကန်မှာ ရောက်နေကြတဲ့သူတွေကလည်း မြန်မာပြည်ကနေ နာမည်ကျော်ဓမ္မကထိကတွေလာပြီး တရားဟောမှ တရား စစ်တရားမှန်လို့ထင်နေကြတာကိုး)။ အသက်အရွယ် ငယ်ရွယ်ကြသော သံဃာတော်များအနေနဲ့ကြတော့လည်း တစ်ချို့ကိစ္စတွေမှာ (မလွှဲသာမရှောင်သာ)အာပတ်အသင့်ခံပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့အနေအထားတွေ လည်းရှိတတ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် မိုင်းနတ်-၁၄ သွေးခဲမတတ်အေးတဲ့အရပ်ဒေသတွေမှာ ကုတ်အင်္ကျီ ကြီးတွေဝတ်ကြရတာမျိုး၊ မျက်တွေကိုယ်တိုင် ခုတ်ထွင်ရှင်းလင်းရတာမျိုး၊ ကပ်လှူသူမရှိပဲ အရင်နေ့က ပို့ထား ခဲ့သော ဆွမ်းဘောဇဉ်တွေကို ကိုယ်တိုင်နွှေးပြီးဘုန်းပေးရတာမျိုးတွေရှိတတ်ပါတယ်။ (ဒါကတော့ ကုစားလို့ရ တဲ့ သေးငယ်တဲ့အပြစ်တွေပါ) အဲဒီအခါမှာ ငါတို့မြန်မာ တိုင်းရင်းသားတွေ ဘုရားသွားကျောင်းတက် ဝတ်မပျက် ရေးအတွက် သံဃာတော်တွေဟာ အာပတ်အသင့်ခံ သည်းခံပြီး သာသနာပြုတော်မူကြတယ်လို့ အမြင်ကြည် လင်ကြဖို့လိုပါတယ်။ ငါတို့ မျိုးဆက်သားငယ် သမီးငယ် လေးတွေ အမျိုးဘာသာ သာသနာစိတ်လေးတွေ မွေးမြူတတ်အောင် ငါတို့အတွက် အနစ်နာခံ အပင်ပန်းခံပြီး နိုင်ငံခြားမှာ လာနေပေးကြတာပဲလို့ သနားကြင်နာ ကြည်ညိုသဒ္ဓါပွားသူက နည်းပါတယ်။ အဲဒီတော့ ဘယ်လို ဖြစ်လာသလဲဆိုရင် “မချစ်အပြစ်ချည်း”ဆိုသလိုပေါ့။ ဘုန်းကြီးကို လူတွေက အမြင်မကြည်လင်။ ဘုန်းကြီးက လည်း လူတွေကို သည်းခံစိတ်မထားတော့ အချင်းချင်း ကွဲကြပြဲကြ သာသနာတော် ဆုတ်ယုတ်ကုန်ကြတာပါပဲ။ (တစ်ချို့နေရာပြောတာပါ)။

လူကြီးတွေက အမြင်ကျဉ်းကျဉ်းနဲ့ အချင်းချင်းပဲ လှည့်ပတ်ရန်ဖြစ်နေတာနဲ့ကို ကိုယ့်နောင်လာနောက် သား မျိုးဆက်သစ်တွေက ရှေ့တန်းမှာ အတုံးအရုံး ကျဆုံးကုန်တာတွေကလည်းအများကြီးရှိခဲ့ပါတယ်။ ဘယ် လိုကျဆုံးတာလဲဆိုတော့ ကိုယ်က စီးပွားရေးအတွက် ရုံးရကန်ရ ရှာရဖွေရနဲ့ ကိုယ့်ကလေးတွေကို အချိန်ပြည့် စောင့်မကြည့်နိုင်တာတွေ ကလေးတွေရဲ့ အလိုကျ ကလေးတွေကို အတင်းအကျပ်မတိုက်တွန်းခဲ့တာတွေ ကြောင့် ကလေးတွေဟာ မြန်မာစကားကို မပြောတတ်ကြတော့ဘူး။ ကလေးဘဝကနေ အရွယ်လေး နည်းနည်း ရလာလေလေ မိဘနဲ့ဝေးကွာ ဘုန်းကြီးရဟန်းသံဃာနဲ့ဝေးကွာ တစ်ဖြည်းဖြည်း ဝေးသည်ထက်ဝေးဝေး သွားကြ တယ်။ လူတွေရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပြစ်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဗီဇနဲ့ပတ်ဝန်းကျင်ပါပဲ။ ဗီဇဆိုတာ မျိုးရိုးဗီဇကိုပြောတာပါ။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နေ့တိုင်း တွေ့ကြုံဆက်ဆံနေရတဲ့ လူမှုအသိုင်း အဝိုင်းကို ပြောတာပါ။ ကလေးတွေက မြန်မာမိသားစုကနေ ပေါက်ဖွားလာလို့ မြန်မာ့မျိုးရိုးဗီဇပါပဲ။ ဒါပေမဲ့ သူတို့ နေ့စဉ်ကြုံတွေ့ဆက်ဆံနေရတာက လူမျိုးခြားတွေနဲ့ပဲ အချိန်ပြည့်နီးပါးပါပဲ။ မျိုးရိုးဗီဇလေးတစ်ခုလောက်နဲ့ ဒီက လေးတွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓဘာသာမြန်မာစိတ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာမြန်မာစိတ်မထား နိုင်ကြတဲ့ ကလေးတွေဟာ လူမျိုးခြားနဲ့ပဲယဉ်ပါး လူမျိုးခြားနဲ့ပဲ ညားကြတာကများပါတယ်။ ဒီတော့ ကိုယ့်လူမျိုး တွေ တစ်ခြားတိုင်းပြည်ထဲမှာ လာနေကြပြီး ကိုယ့်လူမျိုးတွေတိုးတက်ပွားများလာတာမဟုတ်ဘဲနဲ့ သဲထဲရေသွန် သလို ကိုယ့်လူမျိုးတွေ နိုင်ငံခြားမှာ မျိုးကန်းကုန်ကြပါတယ်။ သူများလူမျိုးတွေက ကိုယ့်တိုင်းပြည်ထဲမှာ လာနေ ကြတဲ့အခါ သူတို့လူမျိုး မြန်မာပြည်ထဲမှာ မျိုးကန်းသွားတာမျိုးမဟုတ်ဘဲ မျိုးပွားသည်ထက်ပွားလာပြီး အခုဆို ကြောက်ခမန်းလိလိ ဖြစ်နေတာကို သတိထားကြဖို့ အထူးလိုအပ်နေပါတယ်။

အခုလို ငါတို့မြန်မာတိုင်းရင်းသား မျိုးဆက်သစ်တွေ အတုံးအရုံးကျဆုံးကုန်သလို အမေရိကန်နိုင်ငံထဲ မှာ လာရောက်နေထိုင်ကြတဲ့ တခြားလူမျိုးတွေကော ငါတို့လိုပဲ မျိုးဆက်သစ်တွေ ကျဆုံးသွားကြသလား ဆိုတာလေ့လာ ဆန်းစစ်ရမယ်။ တရုတ်၊ ဂျပန်၊ ထိုင်း၊ လာအိုစတဲ့ အာရှနိုင်ငံတွေကနေ အမေရိကန်မှာ အခြေချနေထိုင်ပြီး သားသမီးတွေ ပွားစီးနေကြတာအများကြီးပဲ။ သူတို့တွေက အမေရိကန်မှာ နှစ်ပေါင်းများစွာ လာရောက်အခြေချ နေထိုင်ခဲ့ကြပေမဲ့ သူတို့လူမျိုး သူတို့ဘာသာသာသနာ အပျောက်မခံခဲ့ကြတဲ့အတွက် သူတို့ မျိုးဆက်သစ်တွေ ကျဆုံးတယ်လို့ ပြောလို့မရသေးပါဘူး။ သူတို့တွေက ကလေးတွေ အမြဲတမ်းလေ့ကျင့်ပေး တယ်။ အိမ်မှာဆိုရင်လဲ တရုတ်စကား၊ ထိုင်းစကားပဲ ပြောခိုင်းတယ်။ အိမ်မှာ တီဗွီကြည့်ရင်တောင် တရုတ်က လွှင့်တဲ့ ချယ်နယ်၊ ထိုင်းကလွှင့်တဲ့ ချယ်နယ်ကိုပဲ ကြည့်ခိုင်းတယ်။ တရုပ်ဘုရားရှိခိုးကျောင်းတွေ၊ ထိုင်းကျောင်း တွေမှာလည်း အမြဲတမ်းသွားလာပြီး ကလေးတွေအချင်းချင်း ကျောင်းမှာရင်းနှီးချစ်ခင်အောင် လွှတ်ပေးထားကြ တယ်။ အဲဒီကျောင်းတော်တွေမှာ တရုတ်စာတွေ ထိုင်းစာတွေ သင်ကြားပေးခဲ့ကြတယ်။ အဲဒီလို ကျောင်းတွေ မှာလည်း ကလေးတွေပျော်အောင် ပျော်စရာရွှင်စရာ အစီအစဉ်တွေထည့်သွင်းပေးတတ်ကြတယ်။ အဒီလို ညီညီညွတ်ညွတ် စည်းစနစ်ကောင်းကောင်းနဲ့ ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြလို့ သူတို့တွေမှာ တော့ အကျအဆုံးနည်းခဲ့ကြပါတယ်။

သူတို့ကို စံနမူနာထားပြီး ငါတို့တစ်တွေလည်း ကိုယ့်ကျောင်းတိုက်ထဲမှာ မြန်မာစာသင်တန်းတွေ၊ ကလေးတရားစခန်းတွေ၊ ကလေးတရားပွဲလေးတွေ၊ ကလေးကစားကွင်းတွေ လုပ်ပေးကြဖို့လိုပါတယ်။ နိုင်ငံခြားမှာ သာသနာပြုနေကြတဲ့ သံဃာတော်များကိုယ်တိုင်ကလဲ ဒီကလေးတွေကို ကောင်းကောင်းမွန်မွန် ရှင်းလင်းသင်ပြပေးနိုင်အောင် အင်္ဂလိပ်စာ အင်္ဂလိပ်စကား ကျွမ်းကျင်နေဖို့လည်း အထူးလိုအပ်လှပါတယ်။ အဲဒီ လို စိတ်အားထက်ထက်သန်သန် ကြိုးကြိုးစားစား မလုပ်ကြဘူးဆိုရင် ငါတို့မြန်မာတိုင်းရင်းသား ဒုတိယမျိုး ဆက်သစ်တွေရဲ့ ခေတ်ရောက်တဲ့အခါ အမေရိကန်မှာ စေတီတော်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရဟန်းသံဃာ တော်တွေ ဘယ်လိုနည်းနဲ့မှ ရှိနိုင်ကြမှာ မဟုတ်ပါဘူး။

အဲဒီလို ရောက်လေရာတိုင်းပြည်မှာလည်း မျိုးဆက်တွေသုဉ်း၊ ကိုယ့်နိုင်ငံထဲမှာလည်း လူလူချင်း အမျို ခံရလို့ မျိုးဆက်တွေကန်း ဖြစ်ကုန်ကြရင် မဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်သလို “ရွှေရင်မို့ ဆို့စရာ ဒို့မြန်မာ ဘယ်လဲ” ဆိုတဲ့ အဖြစ်မျိုးကိုရောက်ကုန်တော့မှာပါ။ ဒါ့ကြောင့် “မြေမျိုလို့ လူမျိုးမပြုတ် လူလူချင်းမျိုမှ လူမျိုး ပြုတ်မယ်” ဆိုတဲ့စကားနဲ့တင် မလုံလောက်သေးပါဘူး။ “မျိုးချစ်စိတ်ဓာတ်နည်းပြီး စည်းလုံးညီညွတ်မှုမရှိရင် လည်း လူမျိုးပြုတ်နိုင်ပါတယ်” လို့ ထပ်မံဖြည့်စွက်လိုက်ချင်ပါတယ်။

ဒါ့ကြောင့် ဖြစ်ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး အတုယူသင့်တာကို အတုယူကြပါ။ ရှောင် ကြဉ်သင့်တာကို ဝေးဝေးကနေရှောင်ကြဉ်ကြပါ။ ငါတို့ အမျိုးဘာသာ သာသနာတော်ကြီး အဓွန့်ရှည်စွာ ရှည်ကြာခိုင်မြဲ မယိုင်မလဲအောင် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပြုပြင်ထိန်းသိမ်း စောင့်ရှောက် ကြိုးစားကြပါစို့-လို့ တိုက်တွန်းရင်း…..။ (အမျိုးဘာသာ သာသနာကို မြတ်နိုးသောစိတ်တစ်ခု တည်းဖြင့်သာ ရေးသားရခြင်းဖြစ်လို့ တိုက်ဆိုင်သွားရင် ခွင့်လွှတ်ပေးကြပါ)။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to တို့တစ်တွေခိုင်မြဲ မယိုင်မလဲအောင်လေ

  1. အရှင်နန္ဒဝံသ on January 21, 2013 at 9:55 pm

    တိုက်ဆိုင်မှု များစွာနဲ့ မို့ ဒီ အရေး ဒီအတွေး အားလုံးကို အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နေတယ်လို့ ခံယူချက် ထားသူတိုင်းကို ဖတ်ရှမိစေချင်ပါတယ် အချိန်မီ ဆေးခါး သောင်သင့်ရင် သောက် တိုက်သင့်ရင် တိုက်ရ မှာပါ အကွဲ အပြဲ သံသရာသည် မျိုးဆက်သစ်တို့အား မိမိတို့နှင့် အလှမ်းဝေးရာ တွန်းပို့နေသလိုလို ခံစားရပါကြောင်း အရှင်ဘုရား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments