fbpx

ဘ၀ပျက် ခံတွင်းခါးသက်ခြင်း

January 22, 2013
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဖိုးထက်
ဇန်န၀ါရီ ၂၂၊ ၂၀၁၃
တမြန်မနေ့က စင်္ကာပူမှာရှိတဲ့ ရသအလင်းက စီစဉ်တဲ့ “လွတ်လပ်ခြင်းရဲ့ ရသ” ဆိုတဲ့ စာပေဟောပြောပွဲကို ကျွန်တော် သွားဖြစ်ခဲ့တယ်။ ဟောပြောမယ့် သူတွေကတော့ ဆရာကြီး ဦးဝင်းဖေ၊ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ လို့ ကြေငြာထားတာ တွေ့ကတည်းက ကျွန်တော့်မှာ ဖင်တကြွကြွနဲ့ စိတ်ဇောတွေ စောနေမိခဲ့တယ်။ နီးစပ် ရင်းနှီးရာ သူငယ်ချင်း မိတ်ဆွေတွေကို သွားကြဖို့ လိုက်ပြီး ဆော်သြောနေမိခဲ့တယ်။ တစ်ချို့ကလဲ ကျွန်တော် မပြောခင်ကတည်းက အဆင်သင့် ဖြစ်နေကြပြီ။ တစ်ချိုကလဲ ဟုတ်လား။ သွားရမှာပေါ့ဟု တုံ့ပြန်ကြသည်။ ဘော်ဒါကြီး တစ်ချို့ကတော့ စိမ်းကားရက်စက်လွန်းလှသည်။ “အသက်ငါးဆယ်ကျော် နေပြီကွာ။ ဒါကြီးကို ကျောင်းသား၊ ကျောင်းသားနဲ့ လုပ်စားနေတဲ့ လူတွေပြောတာ ငါက ဘာလို့ သွားနားထောင်ရမှာလဲ။ ကြောင်တောင်တောင်တွေ လုပ်မနေပါနဲ့ကွာ။” ယုံကြည်ခြင်းကင်း မဲ့သည့် စကားသံများကို မခံစားနိုင်ခဲ့။ မရင့်ကျက် မတည်ငြိမ်စွာဖြင့် ကျွန်တော်က ရန်တွေ ထောင်နေမိသည်။

“အေး မင်းတို့ ငါတို့ ဒီအဘကြီးတွေကို ဖင်တုန်အောင် ကြောက်နေရချိန်မှာ၊ စကားတောင် ဟ ဟ မပြောရဲချိန်မှာ ဒီဘဲကြီးတွေက ခံချလာ တာကွ။ ဒီဘဲတွေ မှားချင်မှားမယ်၊ ဒါပေမယ့် စေတနာ အမှားကွ။ ဘယ်တော့မှ ငါတို့ကို အောက်တန်းကျ စုတ်ပြတ်သွားစေမယ့် အမှားမျိုး မကြူးလွန်ဘူးကွ။” ဆိုပြီး နှုတ်သီးကောင်း လျှာပါး ဖြစ်နေခဲ့သည်။ “ေxxာက်လုပ်ေxxာက်ကိုင်မရှိဘဲ ဘယ်က ပိုက်ဆံတွေ ရနေလဲကွာ” ဆိုသည့် ပညာတတ် သူငယ်ချင်း တစ်ယောက်ကိုတော့ ယူကျုံးမရဖြစ်ခြင်းနှင့် အတူ ၀မ်းနည်းမိသည်။ အထက်လူကြီး၏ ယုံကြည်ကိုးစားမှု ကြောင့် ဘ၀လမ်းဖြောင့်ဖြူးနေသော သူ့ကို “ယုံကြည်မှုဆိုတာရှိရင် လောကကြီးမှာ မင်းလုပ်ချင်ရာ လုပ်လို့ရတယ်။ လက်ညှိုးညွှန် ရာရေဖြစ်တယ်ကွ” ဟု စိတ်ထဲက ပြောရင်း လမ်းခွဲခဲ့သည်။

“ဒီမိုကရေစီစနစ်မှာ နိုင်ငံရေး လုပ်တဲ့သူတွေကို ကြိုက်တဲ့သူရှိမှာဘဲ။ မကြိုက်တဲ့ လူတွေလဲ ရှိမှာဘဲ။ မင်း ဘာမှ ၀မ်းနည်းမနေနဲ့” ဆိုသည့် စကားသံများသည် ကျနော့်စိတ်ထဲက ကျလိ ကျလိဖြစ်မှုကိုတော့ ပျောက်မသွားစေခဲ့ပါ။  မည်သို့ပင်ဖြစ်စေ စာပေဟောပြောပွဲကိုတော့ အရောက်သွားဖြစ်ခဲ့သည်။ ကျိတ်ကျိတ်တိုး၊ ခမ်းလုံးပြည့် ဖြစ်စေချင်စေသည့် ကျွန်တော့်စိတ်အခံဖြင့် ခုံနေရာလွတ်များ၊ လက်မှတ် အကျန် များကို ကြည့်ပြီး မချင့်မရဲဖြစ်ခဲ့ရသည်။

တစ်နာရီမှာ အခမ်းအနားစမယ်ဟု ပြောထားကြသော်လည်း နှစ်နာရီ ထိုးခါနီးအထိ အခမ်းအနားက မိရိုးဖလာ ထုံးတမ်းစဉ်လာအတိုင်း မစနိုင်သေး။ ၀င်လာမစဲ တစ်သဲသဲ ဖြစ်နေကြဆဲ။ ခမ်းမကြီးကို နာရီပုဒ်ပြတ်ဖြင့် ငှားထားရသည်ဆိုတာကို သိထားသည့် ကျွန်တော့်အတွက် လိုအပ်တာထက် ပိုပြီးစကားပြောနေကြသော အခမ်းအနားမှုးများ၊ ဖင်မငြိမ်နိုင်ကြသော ပရိတ်သတ်များကိုကြည့်ပြီး မေတ္တာစိတ် မလွှမ်း ခြုံနိုင်အောင် ဖြစ်နေခဲ့ရသည်။ ရသအလင်း အဖွဲ့ကြီး၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို သဘောကျ နှစ်ခြိုက်နေတာ ကြာနေခဲ့ပေမယ့် ဒီပွဲမှာတော့ အချိန်တွေ ဖြုန်းနေသလို ဖြစ်နေသည့် ဒီလူတွေကို ခြေသလုံး ဖက်ကိုက်ချင်စိတ်တွေ ပေါက်လာခဲ့သည်။

လူအုပ်ကြားထဲမှာ စိတ်ဆိုး စိတ်ပုတ်များဖြင့် မငြိမ်းချမ်းနိုင်ဖြစ်နေသည့် ကျွန်တော့်ကို စိတ်တည်ငြိမ်အေးချမ်းမှုများဆီသို့ ပြောင်းလဲစေခဲ့ သည်က ဆရာကြီး ဦးဝင်းဖေ၏ “မော်ဒန် အနုပညာ” ဆိုသည့် ဟောပြောမှုများဘဲဖြစ်သည်။ စွယ်စုံရ ပညာရှင်ကြီး ဆရာကြီး ဦးဝင်းဖေနှင့် ကျွန်တော်လို အကောင်မှာ မိုးနှင့်မြေကြီးကွာ သလောက်ကွာဝေး ပေလိမ့်မည်။ ဆရာကြီး၏ “အနုပညာဆိုတာ” ဆိုသည့် အစချီပြီး ဟောပြော ပို့ချမှုများ ကြားမှာ ပီတိသောမနဿ ပွားလို့ ကောင်းနေခဲ့သည်။ “ ကောင်းတော့ ကောင်းတယ် ဘာကောင်းမှန်း မသိဘူး” ဆို သည့် စကားလို ဘာကောင်းလို့ ကောင်းမှန်း မသိ ပြန်မပြောတတ်လောက်အောင် ဥာဏ်ပညာက ဝေးကွာလွန်းခဲ့သည်။ အသက် ၇၈ နှစ်ဆို သည့် အဘိုးအရွယ် ပညာရှင်ကြီး အဘ ဦးဝင်းဖေ၏ ပညာတွေ၊ အနုပညာတွေကို အချိန်ဆိုသည့် တန်ဖိုးနှင့် ချိန်ထိုးရင်း နှမြောနေပြန်သည်။

အဘဦးဝင်းဖေအလှည့်ပြီးတော့ ကိုဂျင်မီ အလှည့်။ ဟောပြောမည့်သူများက အောက်က လူတွေကို အချိန်လှမ်းလှမ်းမေးနေရသည့် ကျား လိုက်သလို တက်သုတ်ရိုက် ဟောပြောပွဲများကို ကျွန်တော်ကတော့ သဘောမကျ။ တစ်နာရီကြာချင် ကြာမည်။ နာရီဝက် ကြာချင် ကြာ မည်။ စိတ်ထဲရှိတာတွေ၊ ပညာရပ်တွေ၊ အတွေ့အကြုံတွေကို ပြောကြစမ်းပါလေ့။ အေးအေးဆေးဆေး သဘောမျိုး ရှိစေချင်သည်။ အချိန် နည်းရသည့်အထဲ စပွန်ဆာပေးထားသည့် အဖွဲ့အစည်းများ၏ ကြေငြာများကို သီးခံနိုင်ပေမယ့် နောင်မှ ပြောလဲ ဖြစ်သည့် အကြောင်း အရာများဖြင့် အချိန်ဖြုန်းနေတာကိုတော့ နည်းနည်းမှ သဘောမတူနိုင်ခဲ့ပါ။ အင်း..ဒါလဲ ဒီမိုကရေစီထင်ပါရဲ့ဟူသည့် အတွေးရှိ သဖြင့်သာ ခုသာ ခံသာ ရှိနေခဲ့သည်။

ကိုဂျင်မီကတော့ ပုံပြင်တွေ၊ ထောင်တွင်း အတွေ့အကြုံတွေဖြင့် ပရိတ်သတ်ကို ဖမ်းစားသွားခဲ့သည်။ သူရေးသည့် “လမင်းစန္ဒာ အင်းလေးကန်သာ” ဆိုသည့် စာအုပ်ခေါင်းစဉ်ပေးပုံတစ်ခုတည်း နှင့်ပင် ဒီလူကြီးကို စာရေးဆရာကြီးဘဲဟု ခံယူထားသူ ကျွန်တော့်အတွက် သူ၏ အပြောကောင်း အဟောကောင်းကို ထူးပြီး မအံ့သြမိပေ။ စာဖတ်နာနေသော လူကြီးက ငါတို့ အကျိုးအတွက် အလုပ် လုပ်နေတာဘဲ ဆိုသည့် စိတ်အကြည်ဓာတ်ကို ခံစားရသည်။

ကိုမင်းကိုနိုင်၏ အလှည့်ရောက်တော့ ကျွန်တော့် အာရုံ အလုံးစုံကို အားမစိုက်ရဘဲ၊ တစ်ချက်ကလေးမှ ငြီးငွေ့စိတ် မဖြစ်ပေါ်မိဘဲ နားရွက်တွေထောင်နေအောင် နားထောင်နေမိခဲ့သည်။ ထောင်တွင်းမှာ ဆေးလိပ်ဖင်ဆီခံအပါတ် စာရွက်ကလေးကိုမျှ စာဖတ်ခွင့်မရအောင် လုပ်ခဲ့ကြသော စနစ်ဆိုးကြီးကို နားရှိလို့သာ ကြားရသည်။ ကိုယ်တိုင် ကြုံခဲ့ရသော ဒီလူကြီး ပြောပြနေလို့သာ ယုံရသည်။ ကိုယ့်နားကိုယ်မှ မယုံနိုင်။ အံ့သြလွန်းမိသည်။ ဘာအတွက်များ ဒီလိုမျိုး ကျူးလွန်ကြပါလိမ့်။ အထက်အမိန့်အရဆိုပြီး လက်ညှိုးထိုးကြလျှင် အထက်ဆိုသည့် အဆုံးအထိ လိုက်မေးကြည့်ချင်သည်။ အထက်ဆုံးက လူကြီးကို “ဘာအတွက်များ စာမဖတ်ရစေနဲ့ ဆိုသည့် အမိန့်အာဏာပေးပါသလဲခင်ဗျာ” ဆိုပြီး ယဉ်ကျေးသိမ်မွေ့စွာ မေးစမ်းချင်လိုက်ပါဘိတော့။ လူတွေ အများကြီး ကို ပစ်သတ်ခဲ့သည့် နော်ဝေက ရူးကြောင်ကြောင်လူပင်လျှင် ကျွန်တော့်အခန်းထက် ကောင်းသော ထောင်ထဲမှာ ထောင်ကျနေပါလျက် လက်ဖျံပေါ်က တက်တူးစာတစ်ကြောင်းကို အငမ်းမရ လိုက်ဖတ်နေခဲ့ရလောက်အောင် စာငတ်ခဲ့ရသော ဒီလူကြီးတွေကို ဘာကို အားနာမှန်းမသိ မျက်နှာပူမိသည်။ တိုင်းတစ်ပါး အစိုးရလက်ထက်မှာ ထောင်ထဲတွင် ဖတ်ချင်သည့် စာအုပ်တွေကို ပေးသည်ဆိုပါလျက် ကိုယ့်လူမျိုး အချင်းချင်း အသိတုံး၊ ဥာဏ်တုံး အောင် ယုတ်မာ ရက်စက်ကြပုံမျိုးကို ဘယ်လို စိတ်ထားမျိုးနဲ့ ဒေါသမထွက်အောင် နေရမှန်း မသိ။ သခင်အားရ ကျွန်ပါးဝလူများ၊ ကောက်ကြစ် ခိုးဝှက်ကြသော သူခိုးကြီးများကြားမှာ ဒီလူကြီးတွေ ဘ၀တွေ လောင်ကျွမ်းခဲ့ရပါလား ဆိုသည့် အသိနှင့်ပင် စိတ်က ပျံ့လွင့်ချင်နေခဲ့သည်။

ဟာသဥာဏ်ရွှင်ရွှင်၊ စကားပြောကောင်းကောင်း လူပျိုကြီး ကိုမင်းကိုနိုင်ကြီး၏ “ကျွန်တော့်ရဲ့ တစ်ခါက” ဆိုသည့် အမကြီးဆိုတာ “ဘယ်သူလဲ ပြောပြစမ်းပါ အစ်ကိုရ။ ကျွန်တော်က သိပ်စပ်စုတတ်တာဗျ။” ဟု မေးချင်စိတ်တွေ တဖွားဖွားပေါ်နေခဲ့ပြန်သည်။ ဒီမိုကရေစီ ဆိုသည့် စကားလုံးကိုတောင် မပြောရသည့် ကျွန်းနိုင်ငံငယ်လေးမှာ “ D နဲ့စတယ်ဗျာ Y နဲ့ ဆုံးတယ်ဗျာ” ဟု ရွဲ့တဲ့တဲ့ ပြောသွားတာကိုတော့ အားနာမိပြန်သည်။ ကွန်မြူနစ်တွေ၊ အရင်းရှင်တွေ၊ ဆိုရှယ်လစ်တွေ၊ တော်ဖလာတွေ၊ လီနင်တွေ၊ ဒီမိုကရေစီတွေ ပြောမနေပါနဲ့။ အားလုံးက ၀မ်းဝမယ်၊ ဘ၀လုံခြုံမယ်ဆိုရင် အစ်ကိုတို့တောင် ဒီလိုတွေ လိုက်ပြောနေရမယ် မထင်ဘူး ဟု အထွန့်တက်ချင်နေသည်။

ကိုမင်းကိုနိုင်၏ ဟောပြောပွဲ နိဂုံးချုပ်တော့ ပရိတ်သတ် အားလုံးက အလိုလို မတ်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုမိကြသည်။ တကယ်ကျတော့ ကျွန်တော်တို့၏ ဂုဏ်ပြုမှုက စွန့်လွှတ်အနစ်နာခံထားရသည့် ဒီလူကြီးတွေအတွက် ဘာမှ ပြောပလောက်သည်မဟုတ်။ ဒီလူကြီးတွေ ကိုယ်တိုင်ကလဲ “ကျွန်တော်တို့ကတော့ ထောင်ကျခံထားရတာဘဲ။ ခင်ဗျားတို့ အားလုံးထက် ခေါင်းတစ်လုံး ပိုမြင့်တယ်” လို့လဲ ပြောနေတာလဲ မဟုတ်။

ဟောပြောပွဲပြီးတော့ အရင်းမကျေဘူးဆိုသည့် အခမ်းအနားမှုးများကို ရံပုံငွေရှာပေးပြီး အကူအညီပေးခဲ့သည်။ အရင်းတွေ၊ အမြတ်တွေ အတွက် အလုပ် လုပ်နေကြတဲ့ သူလို ကိုယ်လို လူတွေပါဘဲ ဆိုသည့် အတွေးကို မနည်းကြီး နှိမ်ထားရသည်။ ရရှိမည့် ရန်ပုံငွေကို အနုပညာရှင်များအတွက် ရံပုံငွေလို့ သတ်မှတ်မှာကို သိသိကြီးနှင့်ပင် အမြတ်အစွန်းအတွက်၊ အရင်းအတွက် သချာင်္တွက်သလို တွက်ချက်နေတာကြီးကို အနုပညာကြီးနဲ့ ဆက်စပ် ပါတ်သက်လို့ မရဖြစ်နေခဲ့သည်။ အဘွားကြီး အင်္ကျီ လေလံတင်တာကို အပြစ်မြင်ချင်ကြသည့် လူများကို ဒေါသထွက်ချင်နေသည့် ကိုယ့် ကို ကိုယ် ပြန်ကြည့်ပြီး “ဟယ်…နင်လဲ ဘာထူးလဲ” လို့ ပြန်မေးနေမိသည်။

ခမ်းမထဲက ကျွန်တော် ပြန်ထွက်လာတော့ အပြင်မှာ မိုးတွေ တဖွဲဖွဲရွာနေသည်။ ထီးယူလာခဲ့ဖို့ မေ့ခဲ့သဖြင့် မိုးဖွဲဖွဲကြားမှ ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်ပြန်ရင်း ကိုမင်းကိုနိုင်ပြောသွားသည့် “ကျွန်တော်တို့ လူမျိုးတွေ ကြားထဲမှာ ယုံကြည်မှု အပြန်အလှန်ပျောက်ဆုံးနေတယ်” ဆိုသည့် ဟောပြော ချက်ကို ပြန်တွေးမိသည်။

ဒီလူပျိုကြီး ပြောတိုင်း ကျွန်တော်က လိုက်ပြီး ယုံရမှာလား။ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ သို့ပေသိ သေချာပြန်တွေးကြည့်တော့ ဟုတ်သလို လိုတော့ ရှိသား။ “အသက်ငါးဆယ်ကျော် ကျောင်သားတဲ့ ဟား ဟား..” ဆိုသည့် အိမ်မှာ မိုးအေးအေးနဲ့ ခွေအိပ်နေမည့် သူငယ်ချင်းက ကိုမင်းကိုနိုင်တို့ကို မယုံကြည်သလိုမျိုး။ ဦးသိန်းစိန်တို့ အစိုးရကို သံသယဖြင့် ကြည့်မိနေတတ်သည့် မယုံမကြည်ရှိနေသော လူတွေ…လူတွေ။ ဒေါ်အောင်ဆန်းစုကြည် ဒီလောက်မဟုတ်ပါဘူး…ဘာမှ လုပ်ပေးနိုင်တာလဲ မဟုတ်ပါဘူး ဆိုသည့် မယုံကြည်သည့် လူများ။ အသံတိတ်လွန်းတယ်၊ ဥပက္ခာပြုလွန်းတယ် ဆိုသည့် မယုံမကြည်ဖြစ်မှုများ။ ပြည်သူလူထုကို မယုံကြည်သော အစိုးရလူကြီးများ။ တပ်မ တော်ကို သိပ်မယုံရဘူးဟု ပြောနေသော တိုင်းရင်းသားများ။ အစိုးရကို မယုံကြည်သော ပြည်သူများ…မယုံကြည်မှုများ။

ရထားပေါ်ရောက်တော့ အချိန်ရတုံး သီချင်းနားထောင်မှပါလေဆိုသည့် အတွေးနှင့်အတူ နားကြပ် ကောက်တပ်ပြီး သီချင်းနားထောင်မိသည်။ အသံချိုချိုအေးအေးလေးဖြင့် ကျွန်တော့် နားစည်ကို လာရောက်ရိုက်ခတ်သော သီချင်းက ကွယ်လွန်သူ ဦးထီးသီချင်း။

“အယုံအကြည် ပျောက်သွားတယ်ဆိုတာ ဘ၀ပျက်တာဘဲပေါ့ ..မဟုတ်ဘူး လား ..အတူတူဘဲ..မင်း ငြင်းချင် ငြင်းနိုင်တယ်လေ”  ဆိုသည့် သီချင်းသံလေးသည် ကျွန်တော့် ခံတွင်းကို ခါးသက်လာစေခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဘ၀ပျက် ခံတွင်းခါးသက်ခြင်း

  1. စံပယ်ဖြူ (Jasmine White) on February 2, 2013 at 9:50 pm

    ဖတ်သွားပါတယ် ကိုဖိုးထက်။ ဘယ်လိုပြောရမလဲ…ပွင့်လင်းတဲ့ အမြင်တွေနဲ့ ယုံကြည်တတ်ကြပါစေ။ ဝေဖန်တာထက်၊ ဆန်းစစ်တတ်သူ များလာပါစေလို့ပဲ ဆုတောင်းပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)