ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၁)

January 27, 2013

သန်းဝင်းလှိုင်
ဇန်န၀ါရီ ၂၇၊ ၂၀၁၃
‘ပင်လုံစာချုပ်’ သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှတ်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ ထို့သို့ကြီးမားသော ဂုဏ်ဒြပ်ရှိပြီးလျှင် တိုင်းရင်းသားအားလုံး တို့၏ သွေးစည်းညီညွတ်ရာ သင်္ကေတဖြစ်သော ‘ပင်လုံစာချုပ်’ သည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာခဲ့သနည်း။ မည်သို့ ကြိုးပမ်းခဲ့ကြရသနည်း။ ပင်လုံစာချုပ်ပါအတိုင်း တိုင်းရင်းသားပြည်သူတရပ်လုံး ရရှိခံစားနေရပြီလော စသည့်အကြောင်းအခြင်းရာ များကို ကျွန်ုပ်တို့ ပြန်ပြောင်းလေ့လာကြည့်ကြပါစို့။

အချိန်ကား လွန်ခဲ့သော ၆၆ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။

နေရာမှ ရှမ်းပြည်နယ်တောင်ပိုင်းလဲချားစော်ဘွားအပိုင် နယ်အတွင်းရှိ ပင်လုံမြို့ကလေးတွင် ဖြစ်၏။ စင်စစ်ပင်လုံဟု နှုတ်ကျိုးခေါ်ဝေါ်နေ သော်လည်း ရှမ်းဘာသာစကားဖြင့် ‘ပန်လုံ’ ဟု ခေါ်၍ ‘လွင်ပြင်ကြီး’ ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ပန်လုံ ခေါ် ပင်လုံ သည် လွင်ပြင်မြို့ ဟု အနက်ပေးသော်ရသည်။

ထိုလထိုရာသီတွင် ရှမ်းပြည်နယ်၏ ရာသီဥတုအအေးဒဏ်မှာ ခိုက်ခိုက်တုန်အောင် ရှိလှသည်။ ဤမျှအေးမြနေသော ရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ရှမ်းစော်ဘွား၊ မြို့စားများနှင့် ရုမ်းလုထုခေါင်းဆောင်များတို့သည် လည်းကောင်း၊ ဝေးလံသီခေါင်လှသော တောင်တန်း ကြီးများမှ ချင်းအမျိုးသားခေါင်းဆောင်များသည်လည်းကောင်း၊ မြန်မာပြည်မြောက်များမှ ကချင်အမျိုးသား ဒူးဝါးကြီးများသည်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြအောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာကိုယ်စားလှယ်များသည် လည်းကောင်း တက်ရောက်ခဲ့ကြသလို၊ ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ၊ မစ္စတာ လက်ဝဒ်ခ်ျ (Mr. W.B.T.Leduidge)၊ ဂျွန်လေဒင် အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်းတက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ ဖဒိုဝိရီကျော်၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီး တို့လည်းလေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

ဤသို့ စုဝေးရောက်ရှိနေကြခြင်းမှာ အခြားမဟုတ် တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြသည့် ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စသော တိုင်းရင်းသားခေါင်ဆောင်များနှင့် မြန်မာပြည်မမှ လူထုခေါင်းဆောင်ဗိုလ် ချုပ်အောင်ဆန်းတို့သည် အချင်းချင်း အရေးကြီးကိစ္စတရပ်အတွက် တွေ့ဆုံးဆွေးနွေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။ အရေးကြီးကိစ္စဆိုသည်မှာလည်း အခြားမဟုတ်။ “မြန်မာပြည်လွတ်လပ်ရေးပေးလျှင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စသော တိုင်းရင်းသားတို့ကလည်း မြန်မာပြည်မနှင်အတူတကွ ပူးပေါင်းနေလိုသည်၊ မနေလိုသည်ကို စဉ်းစားစဉ်းဖြတ်ကြရန်” ကိစ္စပင် ဖြစ်သည်။ ဤသို့ဆွေးနွေးမှ ကိစ္စပြတ်ရမည့် နောက်ခံသမိုင်းကြောင်းကလည်း ရှိနေပါသည်။ ထိုနောက်ခံသမိုင်းကြောင်းကား။

ဖက်ဆစ်ဂျပန်တို့ကို တိုင်းရင်းသားပြည်သူတရပ်လုံးက ရာဇဝင်ပြောင်မြောက်စွာ ၁၉၄၅ မတ်လ ၂၇ ရက်တွင် တော်လှန်တိုက်ခိုက်ပြီးနောက် မေလ ၁ ရက်နေ့တွင် မျိုးချစ်ဗမာ့တပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်သည်။ မေလ ၃ ရက်နေ့တွင် အမှတ် (၂၆) ဗြိတိသျှ အိန္ဒိယတပ်မှ တပ်မဟာသည် ညအချိန်တွင် လှိုင်မြစ်ကို ဖြတ်ကာ ရန်ကုန်သင်္ဘောဆိပ်သို့ ဝင်ရောက်လာသည်။ ထို့နောက် ၁၉၄၅ မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် ဗြိတိသျှနယ်ချဲ့ အုပ်ချုပ်ရေးပြန်လည် ခြေကုတ်ယူရန် အပူတပြင်း ပြင်ဆင်ပါတော့သည်။ ချီကတည်းက ယဉ်သကို ဆိုသကဲ့သို့ ထိုနေ့မှာပင် မြို့ပြအရာရှိအချို့က အာရှအရှေ့တောင်ပိုင်း မဟာမိတ်စစ်သေနာပတိချုပ်မောင်ဘက်တန်အား ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့) ကို မတရားအသင်း ကြေညာရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကို စစ်ရာဇဝတ်ကောင်တစ်ဦးအနေဖြင့် ဖမ်းဆီးချုပ်နှောင်ထားရန် တိုက်တွန်း အရေးဆိုလေသည်။

ယင်းနောက် မကြာမီမှာပင် ဗြိတိသျှတို့သည် “မြန်မာပြည်ကို မည်သို့ စီမံအုပ်ချုပ်မည်” ဟူသောကြေညာစာတမ်းတစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်လေသည်။ ယင်းစီမံကိန်းစာတမ်းကို “စက္ကူဖြူစီမံကိန်း” ဟု ခေါ်ကြလေသည်။ ယင်းစီမံကိန်းအရ မြန်မာပြည်အား မတတ်သာ၍ လွတ်လပ်ရေးပေးရလျှင် သော်မှ တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဗြိတိသျှတို့ အကျိုးစီးပွားအတွက် ဆက်လက် သိမ်းပိုက်ထားနိုင်ရန်ပင် ဖြစ်သည်။

အဆိုပါစက္ကူဖြူစာတမ်းပါအချက်အလက်များကို ၁၉၄၅ ဇွန် ၁ တွင် ဗြိတိသျှပါလီမန်၌ စတင်၍ အခြေအတင်ဆွေးနွေးကြသည်။ ယင်းသို့ ဆွေးနွေးရာ၌ ဗြိတိသျှအစိုးရ၏ကိုယ်စားလှယ် အိန္ဒိယနှင့်မြန်မာပြည်ဆိုင်ရာ ကိုလိုနီအတွင်းဝန်ကလေး မစ္စတာအေမာရီနှင့် လေဘာပါ တီအမတ် မစ္စတာဘာစတက်ဖို့ကရစ်တို့က ဦးဆောင်ဆွေးနွေးကြသည်။ အေမာရီက Tribal Areas ဟု ခေါ်ဆိုသော တောင်တန်းနယ်များနှင့် ပတ်သက်၍ –

“မြန်မာပြည်ကို ဒိုမိုနီယံအုပ်ချုပ်ရေးအဆင့်သို့တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း တောင်တန်းဒေသနှင့် ရှမ်းပြည်နယ်စသည်တို့ကို မူကားအထူးရွေးချယ်ခန့်ထားသော အုပ်ချုပ်ရေးအရာရှိများက အထူးဒေသများအဖြစ်ဖြင့် မြန်မာပြည်မနှင့် ပူးပေါင်းဆောင်ရွက်သင့်မည့်အချိန်အထိ ချန်လှပ် ထိန်းသိမ်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မဟုတ် ယင်းအထူးဒေသများရှိလူမျိုးးတို့က မြန်မာပြည်မနှင့် လိုလိုချင်ချင်ပူးတွဲဆောင်ရွက်လိုသော အချိန်အထိအုပ်ထိန်းထားမည်ဖြစ်ကြောင်း”

ဟု ဖွင့်ဟပြောကြားသွားလေသည်။ ဗြိတိသျှတို့အဖို့အပြောနှင့် အလုပ်ဘက်ညီအောင် အတော်ချိန်ဆ ဆောင်ရွက်နေရပုံရှိလေသည်။ စစ်ကြီးအတွင်းက ကမ္ဘာသိကြေညာခဲ့သော အတ္တလန်တိတ်စာချုပ်နှင့် ယော်လတာ စာချုပ်များတွင် ဝန်ခံတားချက်အရ ဖက်ဆစ်တို့အား စွမ်းစွမ်းတမံခုခံတိုက်ခိုက်ခဲ့သော လူမျိုးတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါမည်ဟု ဝန်ခံခဲ့သည်။ ယင်းဝန်ခံကတိပြုချက်အတိုင်း ဖက်ဆစ်ဂျပန်တို့ကို မောင်းထုတ်ခဲ့သော မြန်မာတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးမျှမပေးလျှင် ဗြိတိသျှတို့ အစိုးရသည် ကမ္ဘာ့အလယ်တွင် ရှက်ဖွယ် လိလိဖြစ်ရချေတော့မည်။

ဤအခြေအနေတွင် ဗြိတိသျှတို့က ကမ္ဘာ့အလယ် အရှက်တကွဲမဖြစ်စေရန် မြန်မာတို့ကို သူတို့လိုလားသော ကိုယ်ပိုင်အုပ်ချုပ်ရေးပေးကြောင်း ကြေညာပေးရန်သာရှိသည်။ သို့ရာ “ယင်းကြေညာချက် တွင် တောင်တန်းဒေသများ မပါပါ” ဟု ပညာသားပါပါ ဖယ်ထုတ်ထားသည်။

ဤအခြေအနေတွင် “ချက်ကနဲဆို နားခွက်က မီးတောက်” သကဲ့သို့ အကင်းပါးနပ်စွာ သိနားလည်သော ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာတို့သည် ဒိုမီနီယံကို စိတ်မျှပင် မကူး၊ လုံးဝကိုယ်ပိုင် လွတ်လပ်ရေးကိုသာ လိုချင်ကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဟုဆိုရာ၌ တောင်တန်းနယ်များ မပါဝင်သော လွတ်လပ်ရေးသည် အဓိပ္ပါယ်မရှိ” ဟူ၍ လူထုဟောပြောပွဲတွင် အတိအလင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိမိတပ်ကို မိမိလုံခြုံအောင် ကွပ်ကဲထား၏။ မြန်မာပြည် တောင်ဖျားမှ မြောက်ဖျားအထိ လှည်းနေ လှေအောင်း၊ မြင်းစောင်းမကျန်မြို့နယ်၊ ကျေးရွာ မှန်သမျှတွင် ဖတပလအဖွဲ့နှင့် အသင်းအဖွဲ့များအားလုံး အသီးသီးဖွဲ့စည်းတည်ထောင်ပြီး ဖြစ်နေလေသည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် လူထုကျုပ်ရှားမှုများ၊ စည်းရုံးလှုံ့ဆော်မှုများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိမည်။

ထိုအခါ ဗြိတိသျှနယ်ချဲ့တို့၏ နိုင်ငံရေးနှင့်စီးပွားရေးအရ ပြန်လည် ဖိနှိပ်ချုပ်ခြယ်မှုများကို သိမြင်လာကြသော တိုင်းရင်းသားပြည်သူတရပ်လုံးသည် တပြည်လုံးအတိုင်းအတာဖြင့် ဆန္ဒပြကန့်ကွက် ပွဲကြီးများကို ကျင်းပခဲ့လေသည်။ ၁၉၄၅ သြဂုတ်လ ၁၆ မှ ၁၈ ရက်နေ့အထိ ဖတပလ အဖွဲ့ ချုပ်တည်ရှိရာ အမှတ် (၈)ကိုယ့်မင်းကိုယ်ချင်းလမ်းရှိအဆောက်အဦ( ယခုပန်းချီ ပန်းပု အနုပညာပြခန်း) တွင် ဖတပလ က မြန်မာနိုင်ငံရေးခေါင်းဆောင်များကို ဖိတ်ခေါ်၍ နိုင်ငံခေါင်းဆောင်များ စတုတ္ထအစည်းအဝေးကို ကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် –

(က) ကမ္ဘာစစ်ကြီးပြီးဆုံးခြင်းနှင့် ပတ်သက်၍ မြန်မာပြည်၏ သဘောထား။
(ခ) မြန်မာ့တပ်မတော်နှင့် ပတ်သက်သော သဘောထား။
(ဂ) နိုင်ငံအုပ်ချုပ်ရေးနှင့် ပတ်သက်သော သဘောထား။
(ဃ) နိုင်ငံစည်းလုံးရေးနှင့် ပတ်သက်၍ မည်ကဲ့သိုက ဆောင်ရွက်ရန် – စသည်တို့ကို ဆွေးနွေးဆုံးခဲ့ကြသည်။

တဖန် သြဂုတ်လ ၁၉ ရက်နေ့တွင်လည်း ဖတပလအဖွဲ့ ချုပ်ကြီးက ဦးစီး၍ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန်ပြဇာတ်ရုံတွင် ပြည်သူတစ်သိန်းကျော် တက်ရောက်သော ပြည်သူ့အစည်းအဝေးပွဲကြီး တရပ်ကျင်းပ၍ မြန်မာပြည်တပ်မတော်အဆို၊ တိုင်းပြည်ပြုလွှတ် တော်အဆို၊ မြန်မာပြည် တပြည်လုံး ညီညွတ်ရေးအဆိုတို့ကို တင်သွင်းဆုံးဖြတ်ခဲ့သည်။

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာမက ပုလိပ်အမှုထမ်းများ၊ အစိုးရအမှုပေါင်းစုံ ပါဝင်သည့် ပြည်လုံးကျွတ် အထွေထွေ သပိတ်ကြီးပေါ်ပေါက်၍ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် မကြုံဖူးသော အထွေထွေသပတ်ကြီးပင် ဖြစ်သည်။ ထိုစဉ်အတွင်းမှာပင် စက်တင်ဘာလ ၂၆ ရက်တွင် ရေဝန်ရုံးဝန်ထမ်းများ သပိတ်မှောက်ရာတွင် ကျန်ရစ်ခဲ့သော ကုန်တင်ကုန်ချ အလုပ်သမား ၁၅၀၀ ကျော်တို့က အထွေထွေသပိတ်ကြီးကို ကူညီသောအားဖြင့် သပိတ်ထပ်မှောက်ခဲ့ရာ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားကြီးလုံးဝ ရပ်ဆိုင်းသွားတော့သည်။

ထို့နောက် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ် သည် ဖဆပလအား  အသိအမှတ်ပြု၍၊ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ဆွေးနွေးကာ ဘုရင်ခံ အမှုဆောင်ကောင်စီအဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။ ဘုရင်ခံ အမှုဆောင်ကောင်စီအဖွဲ့ဝင် (၁၀) ဦးမှာ –

(၁) ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ) – ဒုတိယ ဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန၊
(၂) သခင်မြ (ဖဆပလ) (ဆိုရှယ်လစ်) – ပြည်ထဲရေးနှင့် တရားရေးဌာန၊
(၃) ဦးဘဘေ (ဖဆပလ) – ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန၊
(၄) ဦးသိန်းဖေ (ဖဆပလ) (မကပ) – လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလတ်စီးပွားရေးဌာန၊
(၅) မန်းဘခိုင် (ဖဆပလ) – စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊
(၆) ဦးအောင်ဇံဝေ (ဖဆပလ) – လူမှုဝန်ထမ်းဌာန၊
(၇) ဂဠုန်ဦးစော (မျိုးချစ်ပါတီ) – ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၊
(၈) ဦးတင်ထွဋ် (တစ်သီးပုဂ္ဂလ) – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၊
(၉) သခင်ဗစိန် (တို့ဗမာအစည်းအရုံး) – သယ်ယူပို့ဆောင်နှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊
(၁၀) ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး – ပြန်ကြားရေးဌာန တို့ဖြစ်သည်။

၁၉၄၆ ခုနှစ်ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ဘုရင်ခံ၏အမှုဆောင်ကောင်စီ အစည်းအဝေးတွင် ဗြိတိလျှအစိုးရက မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည် လန်ဒန်မြို့သို့လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်းတင်ပြခဲ့သည်။

ထို့နောက် ၁၉၄၇ ဇန်နဝါရီ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့သို့ ထွက်ခွာခဲ့သည်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အမှတ်(၁၀) ဒေါင်းနင်းလမ်း ဗြိတိသျှဝန်ကြီးချုပ်ရုံး၌ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့ စတင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တောင်တန်းဒေသအပါအဝင် တပြည်လုံး .. လွတ်လပ်ရေးအတွက် ဆွေးနွေးနေစဉ်အတွင်း ဗြိတိသျှတို့၏ ကြိုးဆွဲရာက နေရသော ရှမ်းပြည်နယ်စော်ဘွားကောင်စီအဖွဲ့ဝင်အချို့က ဗိုလ်ချုပ်အောင်ဆန်းသည် စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်။ တောင်တန်းနယ်များ၏ကိစ္စကို ဆွေးနွေးရန်ရှမ်းစော်ဘွားများကိုသီးသန့်ဖိတ်ကြားရန် ကြေးနန်စာ တစ် စောင် ဇန်နဝါရီလ ၂၁ ရက်တွင် ပေးပို့ခဲ့သည်။ အဆိုပါကြေးနန်းစာကြောင့်ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ ခေတ္တရပ်ဆိုင်းလိုက်ရသည်။ ဗြိတိသျှတို့၏ ခြေထိုးမှုကို သိသောရှမ်းပြည်နယ်မှ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့(ရပလ)မှ ဦးတင်အေး၊ ဦးထွန်းမြင့်၊ ဦးဖေခင်၊ ဦးခွန်စော၊ စသောလူငယ်များက တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်လူထုအစည်အဝေးကြီးကို ခေါ်ယူကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းကိုယ်စား လှယ်အဖွဲ့သည် ရှမ်းပြည်နယ်လူထု၏ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချကာ လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်း ထံသို့လည်းကောင်း၊ ဗြိတိသျှဝန်ကြီးချုပ် အက်တလီထံသို့လည်းကောင်း၊ ရန်ကုန် ဖဆပလအဖွဲ့ချုပ်သို့လည်းကောင်း ဗိုလ်ချုပ်အောင် ဆန်းကို ထောက်ခံသောကြေးနန်းရိုက် အကြောင်းကြားခဲ့သည်။

ထို့ကြောင့်ဆွေးနွေးပွဲပြန်လည်စတင်ကာ ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ် တိတိတွင် ကမ္ဘာကျော်လိပ်စာတစ်ခုဖြစ်သော လန်ဒန်မြို့အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ရုံး၌ အချက် ၁၀ ချက်ပါ အောင်ဆန်း အက်တလီ စာချုပ်ကို တရားဝင်လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ဤသို့လက်မှတ်ရေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က သဘောတူညီချက်၏ နောက်ဆက်တွဲကို သဘောမတူညီကြောင်းမှတ်ချက်ဖြင့် လက်မှတ်ရေးထိုးကြသည်။

အောင်ဆန်း အက်တလီ စာချုပ်တွင် အပိုဒ် ၃၊ ၈၊ အပိုဒ်ခွဲ (ခ) ၌ တောင်တန်းဒေသများက မြန်မာပြည်မနှင့်ပူးပေါင်းသည်မပူးပေါင်းသည်ကိုကွဲပြားစွာသိရှိနိုင်ရန် မိမိတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆို နိုင်ရေးအတွက် နောက်လဆန်းတွင် ကျင်းပမည် ဖြစ်သောဝန်ကြီး များအစည်းအဝေးတွင် လည်းကောင်း၊ သို့မဟုတ် ဤကိစ္စအတွက် အထူးကျင်းပသော ကွန်ဖရင့်တွင် လည်းကောင်း နယ်ခြားဒေ သရှိ လူမျိုးများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကို မေးမြန်းရမည်” ဟူ၍ဖော်ပြထားပြန်လေသည်။ ယင်းဖော်ပြချက်အရပင်လုံကွန်ဖရင့်ကို ကျင်းပရန်လိုအပ်လာပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့မှ ပြန်လည်ထွက်ခွာရာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၂ တွင်ရောက်ရှိလာသည်။ ဘိလပ်မှပြန်လည်ရောက်ရှိလာသော အခါ ဗိုလ်ချုပ်အောင်ဆန်းသည်လုံးဝ နားချိန်မရတော့ဘဲ တောင်တန်းဒေသညီညွတ်ရေးအတွက်အစွမ်းကုန် ဆောင်ရွက်ရတော့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘိလပ်၌ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို သတင်း ကွန်ဖရန့်ကျင်းပပြီးလျှင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံသို့ရောက်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့မရောက်မီ ဖေဖော်ဝါရီလ ၇ ရက်နေ့ကပင်လျှင် တောင်တန်းဒေသခေါင်းဆောင်များနှင့် မြန်မာကိုယ်စား လှယ်များတို့သည် အခြေအနေသဘောတူ ညီချက်များကို ပြေလည်စွာဆွေးနွေးသဘောတူညီမှုရရှိထားပြီး ဖြစ်လေသည်။ ချင်း၊ ကချင်၊ ကရင်၊ ရှမ်းခေါင်းဆောင်များသည် မြန်မာပြည်မနှင့်ပူးပေါင်း၍လွတ်လပ်ရေးအရယူရန် သဘောတူကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပသော တောင်တန်းဒေသစုံညီ အစည်းအဝေး၍ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်မနှင့် တောင်တန်းနယ်များပူးပေါင်းရေးကိစ္စများကို အကျယ်တဝင့်ဆွေးနွေး ရှင်းလင်းပြ၏။ ဗိုလ်ချုပ်တင်ပြချက်မှာ-

“ပင်လုံအစည်းအဝေးသို့ အကြောင်းနှစ်မျိုးကြောင့် လာရကြာင်း။ ပထမမှာ မြန်မာပြည်ရှိ တိုင်းရင်းသားများအားလုံး ညီညွတ်ရေး အတွက်ဖြစ်ပြီး၊ ဒုတိယအကြောင်းမှာ လန်ဒန်ဆွေးနွေးပွဲ၌ တောင်တန်းဒေသနှင့်ပတ်သက်၍ မည်သို့ပြောဆိုလုပ်ဆောင်ခဲ့သည်ကို ပြောဆိုရှင်းလင်းပြရန် တာဝန်ရှိ၍ ဖြစ်ကြောင်း။ မြန်မာပြည်သည်ယခုအခါလွတ်လပ်ရေးရပြီဟုဆိုနိုင်ကြောင်း။ ကျန်ရှိနေသေးသောပြဿနာ မှာ တောင်တန်းဒေသပင်ဖြစ်ကြောင်း။ ဘိလပ်ဆွေးနွေးပွဲ၌ တောင်တန်းဒေသများကို မြန်မာပြည်မနှင့် တချိန်တည်း၌လွတ်လပ်ရေး မပေးလျှင်မဖြစ်နိုင်ဟုမိမိပြောခဲ့ကြောင်း။

မြန်မာများသည်ဗြိတိလျှ၏ ကျွန်မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်းဒေသများကိုလည်း ဗြိတိလျှ ကျွန်အဖြစ်သို့ မရောက်ကြစေလိုကြောင်း၊ ထို့ပြင် တောင်တန်းဒေသများသည်မြန်မာတို့ ၏ကျွန် မဖြစ်ကြစေလိုကြောင်း။ လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ မည်သူကိုမျှကြောက်ရွံ့နေရန်မရှိ။ သူတို့က လာမေးလျှင် တောင်တန်း လူမျိုးမျာသည် လွတ်လပ်ရေးကိုလိုချင်တယ် ဟု ပြောကြရမည်ဖြစ်ကြောင်း။ ခြောက်လျှင်လည်း မကြောက်ကြနဲ့။ ချော့လျှင်လည်းမပျော့ကြနဲ့။ တောင်တန်း လူမျိုးများသည် မြန်မာပြည်မကဲ့သို့ တူညီသော အဆင့်အတန်း ကိုလိုချင်သည်ဟု ပြောကြရမည်။ ဒီစကားဒီကနေ့ပြောလျှင် နက်ဖြန် အဆွေတို့ လွတ်လပ်ရေး ရရမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

မြန်မာပြည်မမှ ခေါင်းဆောင်များနှင့်အောင်ဆန်းဒေသမှခေါင်းဆောင်းများသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ဆွေးနွေးကြပြီးနောက်မြန်မာပြည်မနှင့် အတူပူးပေါင်း၍လွတ်လပ်ရေးကို အရယူရန် ဆွေးနွေးသဘော တူညီမှုရရှိကြလေသည်။

သဘောတူညီချက်ရရှိခြင်းကိုအကြောင်းပြု၍ထိုညတွင်ကျင်းပသောထမင်းစားဝိုင်း၍ တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်သော တောင်ပိုင်စော်ဘွားကြီးက-

“ရှမ်း၊ ဗမာ၊ ကချင် အချင်းချင်း သဘောကွဲလွဲ ချက်များရှိသော်လည်း ယခုညက စ၍ သဘောကွဲလွဲချက်မရှိတော့ကြောင်း။ သွေးကွဲအောင်ခြေထိုးသူသောရှိပေမယ့်ကျွန်တော်တို့ မအ ပါဘူး။ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကိုအသက်နဲ့ လဲပြီး ဆွတ်ခူးမယ်ဆိုတာ ယုံကြည်စေလိုကြောင်း” စသည်ဖြင့် ဖွင့်ပြောကြားသွားလေသည်။

ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တောင်တန်းဒေသခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါ၍ သွေးစည်းညီညွတ်ခြင်းအခြေခံဖြစ်သော ‘ပင်လုံစာချုပ်’ ကိုအသီးသီးလက်မှတ်ရေးထိုးခဲ့လေသည်။ ပင်လုံစာချုပ်ကို ရှမ်းစော်ဘွား (၇) ဦး။ ရှမ်းလူထု ကိုယ်စားလှယ် (၂) ဦး၊ ကချင် ကိုယ်စားလှယ် (၅) ဦး၊ ချင်း ကိုယ်စားလှယ် (၃) ဦး၊ မြန်မာအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် (၂၃) ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်တွင် မြန်မာပြည်နှင့်ပြည်နယ်များပူးပေါင်းရေးအချက် ၈ ချက် အပါအဝင် အချက်ပေါင်း ၉ ချက် ပါဝင်သည်။

ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြသော ခေါင်းဆောင် (၂၃) ဦးမှာ-

(၁) ဗိုလ်ချုပ်အောင်ဆန်း   – မြန်မာပြည်အစိုးရ
(၂) စဝ်ခွန်ပန်းစိန်  – တောင်ပိုင်းစော်ဘွား
(၃) စဝ်ရွှေသိုက်   – ညောင်ရွှေစော်ဘွား
(၄) စဝ်ဟုန်ဖ   – မြောက်ပိုင်းသိန္နီစော်ဘွား
(၅) စဝ်နွံ   – လဲချားစော်ဘွား
(၆) စဝ်စံထွန်း   -မိုင်းပွန်စော်ဘွား
(၇) စဝ်ထန်အေး   – သာမိုင်းခမ်းစော်ဘွား
(၈) ဦးခွန်ဖုန်း   – မြောက်ပိုင်းသိန္နီ လူထု ကိုယ်စားလှယ်
(၉) ဦးတင်အေး    – တောင်ကြီးလူထု ကိုယ်စားလှယ်
(၁၀) ဦးကြာပု    – သီပေါလူထု ကိုယ်စားလှယ်
(၁၁)  စဝ်ရစ်ဖ    – သီပေါ လူထု ကိုယ်စားလှယ်
(၁၂)  ဦးခွန်ထီး   – ပင်လုံလူထု ကိုယ်စားလှယ်
(၁၃) ဦးထွန်းမြင့်   – မောက်မယ်လူထု ကိုယ်စားလှယ်
(၁၄) ဦးဖြူ   – ဘီဘိုင်စော်ဘွား ကိုယ်စားလှယ်
(၁၅) ဦးခွန်စော   – ပင်းတယလူထု ကိုယ်စားလှယ်
(၁၆) ဆမားဒူးဝါးဆင်ဝါးနောင်   – မြစ်ကြီးနား ၊ကချင် ကိုယ်စားလှယ်
(၁၇) ဒူဝါးဇော်ရစ်  – မြစ်ကြီးနား ကချင် ကိုယ်စားလှယ်
(၁၈) ဦးဒိန်ရတန်  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၁၉) ဒူးဝါးဇော်ထွန်း  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၂၀) ဦးလဘန်ဂရောင်  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၂၁) ဦးလွှာမုန်း   – ဖလမ်း ချင်း ကိုယ်စားလှယ်
(၂၂) ဦးသောင်ဇာခပ်  – တီးတိန်၊ ချင်း ကိုယ်စားလှယ်
(၂၃) ဦးကီယိုမာန်  – ဟားခါး၊ ချင်း ကိုယ်စားလှယ် တို့ဖြစ်ကြသည်။

သို့သော်ဗြိတိလျှနယ်ချဲ့တို့သည် ပင်လုံစာချုပ်နှင့်တိုင်းရင်းသားတို့၏ဆန္ဒ၊ သဘောထားတို့ကို လိုက်လိုက်လျောလျော အသိအမှတ်မပြုလိုသေးပေ။ ရှမ်း၊ ကချင်၊ မြန်မာ တို့၏ သဘောဆန္ဒအပြင် နယ်စပ်ဒေသ၊ တောင်တန်းဒေသများ တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒကို သိလိုသည်ဟု ဆိုကာ တောင်တန်းဒေသစုံစမ်းရေးကော်မတီ (Frontier Area Enquiry Committee) ကို ဖွဲ့စည်းကာ စုံစမ်းခဲ့သည်။ ကော်မတီ၏ဥက္ကဋ္ဌအဖြစ် ဗြိတိလျှ လွှတ်တော်လေဘာပါတီအမတ်မစ္စတာရီးစ် ဝီလျှံ (Lt.Col.D.R.Rees William) ကဆောင်ရွက်ပြီး၊ မြန်မာကိုယ်စားလှယ်များအဖြစ် သခင်နု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ ဦးမြင့်သိန်း၊ နယ်ခြားဒေသ ကိုယ်စားလှယ်များအဖြစ် မိုင်ပွန်စော်ဘွား စစ်စံထွန်း (ရှမ်း)၊ ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)၊ ဦးဝမ်ကိုဟော (ချင်း)၊ စောစံကေး (ကရင်အမျိုးသားအစည်းအရုံး) တို့ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် လန်ဒန်ရှိ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ မစ္စတာ လက်ဝီဂ်ျ ( Mr. W.B.J Ledwidge) ၊ တွဲဖက်အတွင်းရေးမှူးအဖြစ်နယ်ခြား. အဖွဲ့ဝင် ဦးထွန်းဖေ၊ လက်ထောက် အတွင်းရေးမှူး အဖြစ် ဗိုလ်မှူးရှမ်းလုံတို့ ပါဝင်ကြသည်။

ထို့နောက်တောင်တန်းဒေသစုံစမ်းရေးကော်မတီသည် မြန်မာပြည်မနှင့် တောင်တန်းဒေသရှိ သက်သေများကို ၁၉၄၇ ခုနှစ် မတ်လ ၁၉ မှ ဧပြီလ ၂၁ ရက်နေ့အထိ မေးမြန်းစုံစမ်းသည်။ တိုင်းရင်းသားတို့တင်ပြခဲ့သော သဘောဆန္ဒများကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို ၁၉၄၇ မေလ ၃ တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ၏အမှုတော်ကောင်စီသို့တင်ပြခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် ယင်အစီရင်ခံစာကို ဗြိတိလျှ အစိုးရကလည်း လက်ခံအတည်ပြုပြီးခဲ့ပြီးနောက် ပင်လုံစာချုပ်ကို အတည်ပြုပေးခဲ့သည်။

ဤသို့တိုင်းရင်းသားတို့တင်ပြခဲ့သောအစီရင်ခံစာအချက်အလက်သဘောဆန္ဒများကို ပြည် ထောင်စုမြန်မာနိုင်ငံအခြေခံဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းရေးဆွဲရာတွင်ဖြည့်စွက်ထည့်သွင်းရေးဆွဲခဲ့လေ  သည်။ ယင်းနောက် ၁၉၄၇ ခုနှစ်၊ ဇွန် ၁၇ တွင် ကျင်းပသော တိုင်းပြု ပြည်ပြု လွှတ်တော်ညီလာခံသို့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှုများ လိုက်သွင်းခဲ့လေသည်။ လွှတ်တော်ကလည်း မဆိုင်းမတွ ပင် လက်ခံအတည်ပြုလိုက်လေသည်။

မည်သို့ဆိုစေ…. တောင်တန်းဒေသစုံစမ်းရေးကော်မတီ၏ရှေ့မှောက်၌ ထုတ်ဖော်ခဲ့သော တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားလှယ်များ၏ ထိုဆန္ဒဖော်ထုတ်ချက်များသည် ပင်လုံစာချုပ်ကြီး၌ ချမှတ်ဖော်ထုတ်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား၊ ပင်လုံ စိတ်ဓါတ်နှင့် ပြည်ထောင်စု သနိဋ္ဌာန်ပြဋ္ဌာန်းမှုလိုအပ်ချက်များကို ဖွင့်ဟအတည်ပြုချက်များပင်ဖြစ်ရာ ထိုကော်မတီ၏ အစီရင်ခံစာများ သည်လည်း ပင်လုံစာချုပ်ကြီးကဲ့သို့ပင် ပြည်ထောင်စုသမိုင်းမှတ်တိုင်ကြီးတစ်တိုင် ဖြစ်နေပါတော့သည်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

2 Responses to ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၁)

  1. mink on January 27, 2013 at 5:55 pm

    ဗိုလ်ချုပ်သမီးဆိုတော့ ဗိုလ်ချုပ်လို ရဲဝံ့ပြတ်သားမှာဘဲဟု ယုံကြည်အားထားမိ၏။ သူမ နိုင်ငံရေးလောကထဲ ၀င်ရောက်လာတော့ ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲ-ဟု တိုက်ပွဲခေါ်သံပေးလိုက်တော့ အားတက်မိ၏။ နောက် ယတ္တောကိစ္စ နဲ့ နေအိမ် အကျယ်ချုပ်မှလွတ်လာတော့ ဒုတိယ ပင်လုံ ခေါ်ဘို့  သဘောတူပြန်၏။ ပိုမို အားတက်မိ၏။ နောက်တော့ စစ်ထွက် သမတကြီးနဲ့ တွေ့ ပြီး ဒုတိယအကြိမ်- လွတ်လပ်ရေးတိုက်ပွဲတွေ -ပင်လုံညီလာခံ ဆိုတဲ့အသံတွေ တိမ်မြုပ်ပျောက်ကွယ်သွားလေတော့၏-ထို့ အတူ ကျွန်ုပ်တို့ ၏ သူမ အပေါ်ထားရှိသည့် ယုံကြည်ချက် မျှော်လင့်ချက်တွေလဲ ပျောက်ကွယ်သွားလေတော့၏။ လူထုပါမှ ရမယ်ဆိုလို့  လူထုကတာဝန်ကြေ၏။

    • New rose on January 28, 2013 at 8:04 pm

      ထောက်ခံပါတယ်။ ဟုတ်တယ် မှန်ပါတယ်။ ဒါဟာ ပြည်သူတွေ အပေါ် ကတိလဲမတည် သစ်စာလဲမရှိ အာဏာပဲ မက်မောမိတယ်ဆိုတာ ထင်ထင်ပေါ်ပေါ် .ဖြစ်ပြီဆိုတာ တိုင်းရင်းသား ပြည်သူတွေအာလုံး နောက်ထပ်ဒုက်ခမရောက်အောင် သတိချပ်ဖို. လိုပြီဆိုတာ ပြည်သူဟာ ပြည်သူအားကိုပဲ အားကိုးပါတော.လို. သတိပေးပါရစေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်