ဆရာကြီး ရွှေဥဒေါင်း

January 28, 2013

သန်းဝင်းလှိုင်
ဇန်န၀ါရီ ၂၈၊ ၂၀၁၃
 ဆရာကြီး ရွှေဥဒေါင်းကို (၁၈၈၉) ခု၊ အောက်တိုဘာလ (၂၄) ရက်၊ (ကမ္ဘာ့ကုလသမဂ္ဂနေ့)၊ ကြာသပတေးနေ့၌ မန္တလေးဧချိုင့် (ဓားတန်း)ရပ်ကွက်တွင်ဖွားမြင်ခဲ့လေသည်။ ဖခင်မှာ ဦးဧရာဖြစ်၍ မိခင်မှာဒေါ်ရွှေဖြစ်သည်။ ဦးဧရာသည် သီပေါမင်းလက်ထက်တွင်လွှတ်တော်စာရေးအဖြစ်အမှုထမ်းခဲ့ဖူးသည်။ အင်္ဂလိပ်မင်းလက်ထက်သို့ ရောက်သောအခါတွင်မှဖိနပ်ထောင်ဆရာအဖြစ် အသက်ကျွေးဝမ်း ကျောင်းပြု သည်။ ဒေါ်ရွှေသည်သီပေါမင်းထံတွင်စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူးသည်။ တနင်္ကသီ ရွာစားဘွဲ့ပင်ရခဲ့ဖူးသည်။ သီပေါမင်းပါတော်မူပြီး (၂) နှစ်အကြာတွင်မှ ဦးဧရာနှင့်ဒေါ်ရွှေတို့ ဖူးစာဆုံကြကာ ဆရာကြီးကို ဖွားမြင်ခြင်းဖြစ်သည်။ ဆရကြီး၏အမည်ရင်းမှာ ဦးဖေသိန်းဖြစ်သည်။

ဆရာကြီးသည် ရှေးဦးစွာ မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်း၌ပညာသင်သည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်း၊ ထို့နောက် အမေရိကန်သာသနာပြု အေတီအမ်ကျောင်းတို့ကို အဆင့်ဆင့် ပြောင်းရွှေ့ပညာသင်လေသည်။ အင်္ဂလိပ်စာကို အေတီအပ်ကျောင်းရောက်မှသင်သည်မဟုတ်။ ဘုန်းတော်ကြီးကျောင်းမှာကတည်းက စတင်သင်ယူခဲ့သည်။

ဆရာကြီးသည် အေတီအမ်ကျောင်း၌ပညာသင်ယူနေစဉ် (၈) တန်းအရောက်တွင် စာဖတ်ဝါသနာမျိုးစေ့ကို ရခဲ့သည်။ မျိုးစေ့ချပေးသူကား အမြော်အမြင်ကြီးလှသော ဆရာရွှေမှန်ဆိုသူ ဆရာတစ်ဦးပင်ဖြစ်လေသည်။ ဆရာကြီးသည် ပသီပုံပြင်ကိုစတင်ဖတ်ရှုကာနှစ်သက်စွဲလမ်းခဲ့သည်။ ထို့နောက် ရေနော (Reynolds) ရေးသည့် Mysteries of London (လန်ဒန်မြို့ အရှုပ်တော်ပုံ) လျှို့ဝှက်သည်းဖိုဝတ္ထုကိုဖတ်ရှုခဲ့သည်။ထို့နောက်ကမ္ဘာ့ဂန္ထဝင်မြောက် အင်္ဂလိပ်ဝတ္ထုကြီးများကိုတစ်အုပ်ပြီးတစ် အုပ် ဖတ်ရှုလေတော့သည်။ဆရာကြီးသည် (၁၉၀၈) ခုတွင် ဘင်္ဂလား (၉) တန်းခေါ် ကာလကတ္တား ယူနီဗာစီအင်းထရင့် စာမေးပွဲကိုအောင်မြင်သည်။ ထိုအချိန်၌ အသက်(၁၉) နှစ်အရွယ်ရှိပြီ။ ထိုခေတ်က အထက်တန်း ကျောင်းများတွင် ဘင်္ဂလား (၉)တန်းသည်အမြင့်ဆုံးဖြစ်သည်။ အောင်လျှင် ကောလိပ်သို့ဆက်တက်နိုင်သည်။ အလုပ်ထွက်လုပ်လျှင်လည်း အစိုးရ ဘက်တွင်အလုပ်ကောင်းကောင်းတစ်ခုရနိုင်သည်။ မိဘများ စီးပွားရေးအခြေအနေ မကောင်း သော ကြောင့် အလုပ်ဝင်လုပ်လေသည်။ ယင်းသို့ အလုပ်ဝင်လုပ်သော်လည်း စာအုပ်ကောင်းများကိုကား လက်ကမလွှတ်ခဲ့။ တိုး၍သာဖတ် ရှုခဲ့ပေသည်။

ဆရာကြီး၏ဘဝတွင် ထူးခြားချက်တစ်ခုမှာ လခစားအလုပ်တစ်ခုကို ကြာရှည်မလုပ်ခြင်းဖြစ်သည်။ အလွန်ဆုံးကြာမှ (၄) နှစ်ပင်။ (၃) နှစ်ကျော်၍ (၄) နှစ်ပြည့်တော့မည်ဆိုလျှင် လုပ်ကိုင်နေသောအလုပ်ကို ဆရာကြီးမနှစ်သက်ဖြစ်လျှင်လည်းဖြစ်လာတတ်သည်။ အကယ်၍ နှစ်သက်နေပြန်လျှင်လည်း ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်တော့သောအခြေအနေတို့ဖြစ်ပေါ်လာတတ်ပေသည်။ သို့ဖြင့် ဆရာကြီးသည် အလုပ်တစ်ခုပြီးတစ်ခုပြောင်းခဲ့ရလေသည်။

 
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှတို့နှင့်အတူတွေ့ရသည့် ဆရာကြီး ရွှေဥဒေါင်း

ဆရာကြီးသည် ရှေးဦးစွာမန္တလေး၌ကျောင်းဆရာလုပ်သည်။ ထို့နောက်ရွှေဘိုအရေးပိုင်ရုံး၌ စာရေးလုပ်သည်။ ထို့နောက် ထိုမြို့သစ် တောရုံး၌ စာရေးလုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာ စိုက်ပျိုးခြင်းနှင့်သမဝါယမမင်းကြီးရုံး၌ တောလိုက်စာရေးဝင် လုပ်သည်။ အထက်အောက် မြန်မာပြည်အနှံ့ ခရီးထွက်ခဲ့သည်။ ထိုအလုပ်ကိုဆက်လုပ်ပါက မြို့အုပ်၊ ဝန်ထောက်ဖြစ်နိုင်သည်။ သို့သော်လည်း ချစ်ဦးသူနှင့်မပေါင်းရသဖြင့် ကြီးပွားလိုစိတ်မရှိတော့သောကြောင့်လည်းကောင်း၊ အထက်လူကြီးကို အောက်ကျို့ရသော ကြောင့်လည်း ကောင်း ဆက်မလုပ်ခဲ့ချေ။ (၃) နှစ်ခန့်လုပ်အပြီ(၁၉၁၄) ခုနှစ်တွင် နှုတ်ထွက်စာတင်၍ နှုတ်ထွက်သည်မဟုတ်။ ရုံးသို့မသွားဘဲအေးအေးလူလူနေလိုက်ခြင်းဖြစ်သည်။

ယင်းသို့ အလုပ်မှထွက်ပြီးနောက် ဝက်လက်ရှိမိဘများထံသွားရောက်နေထိုင်သည်။ ထိုအချိန်တွင် ဆရာကြီးသည်ဒုတိယအိမ်ထောင်နှင့်ဖြစ်သည်။ တောလိုက် စာရေးဘဝ၌ရှိစဉ်အသက် (၂၁) အရွယ်တွင် ပထမအိမ်ထောင်ကျခဲ့သည်။ သို့သော်ကြာရှည်မပေါင်းဖြစ်။ သုံးနှစ်ခန့်ပေါင်းသင်းပြီးနောက်ကွဲခဲ့သည်။ အလုပ်မှနုတ်ထွက်ပြီးချိန်အသက်(၂၅)နှစ်အရွယ်တွင် ထိုဒုတိယအိမ်ထောင်နှင့် ရခဲ့ခြင်းဖြစ်လေသည်။

ဆရာကြီးသည် ဝက်လက်၌နေထိုင်စဉ် ဘာအလုပ်မျှမလုပ်ခဲ့။ နေ့ရှိသရွေ့ သစ်ပင်ရိပ် ကောင်းကောင်းတွင် ထိုင်လျက် စာအုပ်တစ်အုပ်ပြီးတစ်အုပ်ဖတ်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ ဝက်လက်သို့ မလာမီကတည်းးကပင် ဆရာကြီးသည်ဂန္တဝင်မြောက် ကမ္ဘာ့ဝတ္ထုကြီးများကို တစ်ရာအောက် မနည်းဖတ်ရှုပြီးနေပြီ။ ထို့ကြောင့် ဝက်လက်၌နေထိုင်စဉ်ဘေကွန်၊ မက္ကောလေး၊ ရစ်စတင်၊ ကာလိန်း အစရှိသည့် အင်္ဂလိပ် စာရေးဆရာကြီးများ၏ ဝတ္ထုမဟုတ်သည့်စာတမ်းများ၊ ကျမ်းများကိုဖတ်ရှုခြင်းပြုလေသည်။

ဤသို့ ဖတ်ရှုရာမှ တစ်ညတွင် “ငါသည် ဝတ္ထုစာအုပ်ပေါင်း မြောက်မြားစွာ ဖတ်ရှုခဲ့ဖူးပြီး။ မြန်မာတစ်ပြည်လုံးသို့လည်း အနှံ့အပြားရောက်ခဲ့ဖူးပြီ။ ငါကိုယ်တိုင် ဝတ္ထုတစ်ပုဒ်ရေးရလျှင် ဖြစ်နိုင်လောက် သည် မဟုတ်လော” ဟူ၍စိတ်ကူးပေါ်ခဲ့လေသည်။

ဆရာကြီးသည် ကျောင်းသားဘဝမှစ၍ အင်္ဂလိပ်စာ၌ထူးချွန်သူဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်စာအုပ် များကိုသာ အဖတ်များသူဖြစ်သည်။ ထို့ကြောင့် တစ်နေ့သောအခါ အင်္ဂလိပ်ဝတ္ထုရေးဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟူ၍ ယခင်ကရည်မှန်းချက်ရှိခဲ့ဖူးသည်။ သို့သော် ယခုဝတ္ထုရေးရန် စိတ်ကူးပေါက်လာသည့်အခါတွင်ကား အင်္ဂလိပ်လိုမရေးဖြစ်။ အင်္ဂလိပ်လိုရေးနိုင်လောက်အောင် မကျွမ်းကျင်သေးဟု ထင်နေမိသည်။ သို့ဖြင့် မြန်မာလိုပင်စမ်းကြည့်ပါတော့မည်ဟူ၍ ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်သည့်အတိုင်း ဆရာကြီးသည် (၁၉၁၅)ခု၊ နိုဝင်ဘာလ(၈) ရက်နေ့ ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင်ရေးသားလေသည်။ ထိုညမှာပင် ဇနီးသည်လည်း သမီးမိန်းကလေးကိုဖွားမြင်သည်။ ထိုအချိန်၌ ဆရာကြီးသည်အသက် (၂၆) နှစ်ရှိပြီ။ ဆရာကြီးသည် နေ့ခင်းတွင်အိပ်၍ ညဖက်တွင် တစ်ညလုံးစာထိုင်ရေးရလေသည်။ ရန်ကြီးအောင်ဝတ္ထုကို (၁၉၁၆)ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် အဆုံးသတ်ခဲ့သည်ဟုဆိုသည်။

ထိုခေတ်ထိုအခါတွင် ဝတ္ထုရေးသည်ဆိုလျှင် လူကြီးမိဘဆွေမျိုးများ၏အားပေးမှုကို ရရန်မလွယ်လှပေ။ ဆရာကြီးအဖို့ကား ထိုသို့မဟုတ်။ မိဘဆွေမျိုးများ၏အားပေးခြင်းကို အထူးရရှိခဲ့၏။ ထို့ကြောင့်နှင့် ပတ်သက်၍ တစ်သက်တာမှတ်တမ်း၌ ဆရာကြီးက  “(၁၅) ရက်ခန့် ရေးမိသောအခါ ကျွန်ုပ်၏မိဘမျာ၊ ဇနီးနှင့်ညီတို့သည် ရေးပြီးသော စာရွက်များကို ဖတ်ချင်ကြလှလေပြီ။ ညီသည်ပြီးသမျှသောစာရွက်များကိုယူဖတ်၍ အလွန်ကောင်းသည်ဟုချီးမွမ်းခဲ့ရာတွင် မိဘများကလည်း သိချင်ကြကုန်လေပြီ။ သို့ဖြစ်၍ ဝက်လက်၍ နေထိုင်လျက်ရှိကြသော ဦးလေးများ၊ အရီးများ၊ ညီများ၊ နှမများကိုအားလုံးခေါ် စုရုံးပြီးလျှင် ညီကဖတ်ပြစဉ်လက်ဖက်ရည်ကြမ်းဝိုင်းဖြင့် နားထောင်ကြလေ၏။ လူပျိုလှည့်ဝတ္ထုများလောက်သာ ဖတ်ဖူးကြ၍ ထိတ်လန့်တုန်လှုပ်ဖွယ်များ၊ အသည်းအေးဖွယ်အခြင်းအရာများပါရှိသောကျွန်ုပ်၏ဝတ္ထုမျိုးကို မကြားဖူး၊ မဖတ်ဖူးကြသည့် ဆွေမျိုးသားချင်းအားလုံးတို့မှာ အလွန်စိတ်ဝင်စားကြလျက် အားပါးတရ ချီးမွမ်းအားပေးကြပါပေသည်။ မည်သည့်ဝတ္ထုကိုမျှ မဖတ်ဖူးသည့် ကျွန်ုပ်၏ဖခင်ကိုယ်တိုင်မှာပင် “ကောင်းသဟေ့၊ သိချင်လှပြီဟေ့” စသည်ဖြင့် ခဏခဏပြောလျက်ရှိ၏။ က္ကန္ဒာဝံသနှင့်ဝိဇယကာရီဝတ္ထုများကို သွက်သွက်ကျေလာခဲ့သောမိခင်ကိုယ်တိုင်းကလည်း “ဆန်းတယ်ဟေ့၊ ဒါမျိုးကြားဖူးဘူးဟေ့” ဟုဆိုကာ တပြုံးပြုံးနှင့် အားပေးရှာသည်။ နောင်အခါ၌ လူကြိုက်များမများ၊ ပုံနိုပ်ထုတ်ဝေမည့်သူရှိမရှိကို မသေချာသေးသော်လည်း ကျွန်ုပ်အဖို့မှာ မိဘများနှင့်၊ အိမ်သူအိမ်သားများ၊ ဆွေမျိုးညာတိများက သဘောကျသည်ဆိုရုံမျှနှင့်ပင် ကြည်နူးဝမ်းမြူးလျက် ရှိလေပြီ” ဟူ၍ ဆရာကြီးသည်သူ၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် ရေးထားလေသည်။

ရန်ကြီးအောင်ဝတ္ထုမှာ ကိုယ်ပိုင်စိတ်ကူးဥာဏ်ဖြင့် ရေးသောဝတ္ထုပင်ဖြစ်သည်။ သို့သော် ဝတ္ထုပါ ဇာတ်လိုက်မနှင်းမြိုင်အား ကာလသားလေးယောက် အလောင်းအစားပြုကာလူပျိုလှည့်ခန်း တစ်ကွက်မှာမူ “လန်ဒန်အရှုပ်တော်ပုံ” ဝတ္ထုမှာ ယူခြင်းဖြစ်သည်။ ဝတ္ထုပြီးသောအခါ သူရိယသတင်းစာတိုက်သို့ပို့လိုက်သည်။ သူရိယက နှစ်သက်သဖြင့်ပုံနိုပ်ထုတ်ဝေရန် ရွေးချယ်လိုက်သည်။ ဥာဏ်ပူဇော်ခ ငွေတစ်ရာလည်း ပေးလိုက်သည်။ သို့ဖြင့် ဆရာကြီးသည် စာရေးဆရာဖြစ်လာလေသည်။

“ရတနာပုံ”  ဝတ္ထုသည် ဆရာကြီး၏ ဒုတိယလက်ရာဖြစ်သည်။ သူရိယမှာ ဘကြီးဘဖေ၏ အကြံပေးချက်အရ မစ္စစ်ဟင်နရီဝုဒ် (Mrs. Henry Wood) ရေးသော “အိစလင်း” (East Lynne)ကိုဆီလျော်စွာပြန်ဆိုခြင်းဖြစ်သည်။

“ရန်ကြီးအောင်” နှင့် “ရတနာပုံ” ဝတ္ထုတို့ပေါ်ထွက်လာသောအခါ ပရိသတ်က အထူးနှစ်သက်သြဘာပေးကြသည်။ ယင်းကိုအကြောင်း ပြုလျက် သူရိယက ဆရာကြီးအား မကြာမီ ထုတ်ဝေမည့် သူရိယမဂ္ဂဇင်းအတွက်ကြိုတင်၍ အယ်ဒီတာခန့်လိုက်သည်။

ယင်းနှင့်ပတ်ပက်၍ တစ်သက်တာ မှတ်တမ်းတွင် “(၁၉၁၇) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျွန်ုပ်သည် သူရိယမဂ္ဂဇင်းအယ်ဒီတာအဖြစ်နှင့် သူရိယတိုက်သားတစ်ယောက်ဖြစ်လာ၏။ သူရိယတိုက်အုပ် နှစ်ယောက် (ဦးဘဖေနှင့်ဦးလှဖေ)တို့သည် ကျွန်ုပ်၏ လက်စွမ်းလက်ဆကိုမြင်ကြသည်နှင့်သူရိယမဂ္ဂဇင်းထုတ်ဖို့ အကြံဖြစ်ပေါ်လာကြသည်ဟုနောင်တွင်သိရ၏။ လခမှာပထမတွင် (၇၅) ကျပ် ဖြစ်သော်လည်း သုံးလလောက်တွင် (၁၀၀ိ-၁၀ိ-၁၈၀ိ) သို့တိုးမြှင့်ပေးကြပါပေသည်။ ကျွန်ုပ်ရေးခဲ့သော ဝတ္ထုနှစ်အုပ်အနက် ‘ရန်ကြီးအောင်’ ဝတ္ထုမှာ ရှေးဦးစွာရေးခြင်းဖြစ်သော်လည်းသူရိယတိုက်က ‘ရတနာပုံ’ ဝတ္ထုကို အလျင်အသုံးပြု၍ (၁၉၁၆) ခုနှစ်၊ အောက်တိုဘာလမှစပြီး သူရိယသတင်းစာတွင် ရက်ခြားတည့်ပေးသည်။ ၎င်းနောက်စာအုပ်အဖြစ်နှင့်ထုတ်သောအခါတွင်လည်း သူ့ခေတ်တွင် Best Seller အတွင်ကျယ်ဆုံး ရောင်းရသည့် စာအုပ်တစ်အုပ်ဖြစ်လာပါသည်။ ကျွန်ုပ်သူရိယတိုက်သားတစ်ယောက် ဖြစ်ခါစအချိန်၌ ရတနာပုံဝတ္ထုမှာ စာအုပ်အဖြစ်နှင့်ထွက်လာခြင်းဖြစ်ရာ နံနက်အချိန်တွင် ကျွန်ုပ်တိုက်သို့ရောက်သွား၍ စာအုပ်ရောင်းစာရေးကအမြို့မြို့မှ လက်လီမှာထားကြသောရတနာပုံဝတ္ထုစာအုပ် အဖုံးစိမ်းများကို သူ့စားပွဲရှေ့၌ ဖြန့်ချထားသဖြင့် တစ်ခန်းလုံးစိမ်းလျက်ရှိခြင်းကို ကျွန်ုပ်တွေ့ရသည်နှင့် စာရေးဆရာ လက်သစ်တစ်ယောက်အနေဖြင့် အလွန်ကျေနပ်နှစ်သိမ့်မိခြင်းကိုမှတ်မိပါသေးသည်။ ထိုခေတ်၌ ဝတ္ထုစာအုပ် အမြောက်အမြား ပေါ်ထွက်သေးသည် မဟုတ်သည့်အလျောက် တိုက်သွားတိုက်ပြန်ချိန်များတွင် ဓာတ်ရထား(ဘတ်စ်စကားမပေါ်သေး) မီးရထားများပေါ်၌စာရေးစာချီအလုပ်သမားများ၏ ဝေဖန်ချက်များကို ကြားရသည်မှာလည်း အားရှိစရာကောင်းလှပါပေသည်။” ဟုရေးသားခဲ့လေသည်။

ဆရာကြီးသည် သူရိယတွင် အလုပ်လုပ်စဉ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်လည်း သိကျွမ်းခင်မင်ခဲ့သည်။ ဆရာကြီး ပီမိုးနှင်းနှင့်လည်း သိကျွမ်းခင်မင်ခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဆရာကြီးရွှေဥဒေါင်းထက် (၁၄) နှစ်ကြီးသည်။ ဆရာကြီးပီမိုးနှင်းမှာမူ ဆရာကြီးအောက် (၆) နှစ်ငယ်လေသည်။

ဆရာကြီးသည် ရန်အောင်နှင့်ရတနာပုံဝတ္ထုတို့ကိုရေးသားရာတွင် မိမိ၏ကလောင်နာမည်ကို တစ်စုံတစ်ရာဖော်ပြခြင်းမပြုခဲ့ပေ။ ဤတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကလောင်နာမည်တစ်ခုရွေး၍ ရေးသားရန်အကြံပေးခဲ့သည်။ သို့ဖြင့် ဆရာကြီးသည် ‘ရွှေဥဒေါင်း’ အမည်ကိုခံယူလိုက်သည်။ သူရိယတိုက်မှ နာမည်ရလာခြင်းကိုအကြောင်းပြုလျက် ထိုနာမည်ကိုခံယူခြင်းဖြစ်သည်။ သူရိယမှာ “နေ”ဖြစ်၍ နေ၏ အထိမ်းအမှတ်သည် “ဒေါင်း”ဖြစ်သောကြောင့် “ရွှေဥဒေါင်း” ဟူ၍ခံယူခြင်းဖြစ်သည်။

ထို့နောက် ဆရာကြီးသည် ရူပနန္ဒီ၊ စုံထောက်မောင်စံရှား၊ ဝင်္ကန္တ၊ ရတနာပူရ၊ ခင်စက်မေစသည့် ဝတ္ထုတို့ကို ဆီလျော်အောင်ပြန်ဆိုခဲ့လေသည်။

ဆရာကြီးရေးသားခဲ့သည့် ရူနန္ဒီသည် နောင်ဆာဘွဲ့ရရိုက်ဒါဟက်ဂတ် (Rider Haggard) ရေးသော She ဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားခြင်းဖြစ်သည်။ ထို့အတူ ကိုနင်ဒွိုင်း (Conan Doyle) ရေးသောစုံထောက်ရှားလော့ဟုမ်း (Sherlock Holmes) ဝတ္ထုကိုလည်း စုံထောက်မောင်စံရှားအမည်မှည့်ကာ ဆီလျော်အောင်ပြန်ဆိုခဲ့ပေသည်။ ဝတ္ထုထဲတွင်ပါရှိသော အဖော်ဖြစ်သူ ဒေါက်တာဝပ်ဆင်ကိုလည်း ကိုသိမ်းမောင်၊ လန်ဒန်မြို့ဘေကာလမ်းကို ရန်ကုန်မြို့ဘရုကင်းလမ်း စသည်ဖြင့် မြန်မာ့အသွင်သို့ ကူးပြောင်းကာပြန်ဆိုခဲ့သည်။

ယင်းသို့ပြန်ဆိုရာတွင် ဆရာကြီးရွှေဥဒေါင်းသည် မူရင်းဝတ္ထုအရသာကိုလည်းကောင်း၊ မူရင်း စာရေးဆရာ၏ အာဘော်ကိုလည်းကောင်၊ မပျက်စေဘဲမြန်မာဆန်အောင် ပြန်ဆိုနိုင်၏။ ဆံပင်နီအသင်း (The Red Headed League) အမည်ရှိ ရှားပါးလော့ဟုမ်း စုံထောက်ဝတ္ထု တစ်ပုဒ်ထဲမှ ဖြစ်သည်။

● ဆံပင်နီအသင်းကြီး
အမေရိကန်ပြည် ပင်စီဗေးနီးယားပြည်နယ်၊ လက်ဘနွန်မြို့၌ကွယ်လွန် အနိစ္စရောက်ခဲ့သည့် သူဋ္ဌေးကြီး အစီးကီးယားဟော့ ကင်း တည်ထောင်ဖွဲ့စည်းခဲ့သော ဆံပင်နီအသင်းကြီးတွင် အသင်းသား မင်ဘာတစ်ယောက် လစ်လပ်လျက်ရှိရာ ဆံပင်နီရှိသော မည်သည့် ယောက်ျားမဆို ၎င်းလစ်လပ်သော နေရာအတွက် လျှောက်ထားနိုင်ကြောင်း။ လခမှာ တစ်ပတ်လျှင် (၄) ပေါင်ဖြစ်၍ အလုပ်ဝတ္တုရားမှာ အလွန်ချောင်ချိ သက်သာလှကြောင်း။ ကိုယ်လက်အင်္ဂါပြည့်စုံ၍ အသက် (၂၁)နှစ်ကျော်လွန်သည့် မည်သည့် ဆံပင်နီ ယောက်ျားမဆို လျှောက် ထားနိုင်ကြောင်း။ လျှောက်ထားသူများသည် ရှေ့တနင်္လာနေ့ (၁၁) နာရီအချိန်တွင်ဖလိလမ်း၊ ပုပ်ကုတ်၊ အမှတ်(၇) နေ ဒန်းကင်း ရော့ထံ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါကြောင်း။

ကိုနင်ဒွိုင်းဝတ္ထုပါ စာပိုဒ်ကို တိုက်ရိုက်ပြန်ဆိုပါက အထက်ပါအတိုင်းရနိုင်ပေသည်။ ယင်းကို ဆရာကြီးက မြန်မာ့အသွင်ပြောင်းလျက် ဆီလျော်အောင် မြန်မာပြန်ထားသည်မှာ –

● ကာဏာရိဌ်အသင်းကြီး
ယိုးဒယားပြည် ဘန်ကောက်မြို့၌ကွယ်လွန် အနိစ္စရောက်ခဲ့သည့်သူဌေးကြီး ဦးပေါက်စီ တည်ထောင်ဖွဲ့စည်းခဲ့သော ကာဏာရိဌ်အ သင်းကြီးတွင် အသင်းသားမင်ဘာ တစ်ယောက်လစ်လပ်လျက်ရှိရာ မျက်စိတစ်ဖက်လပ်သော မည်သည့်ယောက်ျားမဆို ၎င်းလစ်လပ်ရှိ သော နေရာတွင် လျှောက်ထားနိုင်ကြောင်း။ လခမှာ တစ်လ (၂၅၀ိ) ဖြစ်၍ အလုပ်ဝတ္တရားများမှာ လွန်စွာ ချောင်ချိသက်သာလှကြောင်း။ ကိုယ်လက်အင်္ဂါ ပြည့်စုံ၍ အသက် (၂၁) နှစ် ကျော်လွန်သည့် မည်သည့်မျက်စိတစ်ဖက်လပ် ယောက်ျားမဆို လျှောက်ထားနိုင်ကြောင်း။ လျှောက်ထားလိုသူများသည် ရှေ့တနင်္လာနေ့နံနက် (၁၁) နာရီအချိန်တွင် ကုန်သည်လမ်း၊ တိုက်နံပါတ် (၃၇၆) နေ ဦးသန်းဖေထံ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါကြောင်း။

မူရင်းဝတ္ထု အာဘော်မပျက်စေဘဲ နိုင်ငံခြားအသွင်းကို မြန်မာ့အသင်းသို့ ကူးပြောင်းလျက် အထက်ပါအတိုင်း ဆီလျော်အောင် ပြန်ဆိုထားသည်မှာ ပိုင်နိုင်လှပေသည်။ နိုင်ငံအမည်၊ မြို့အမည်၊ လမ်းအမည်၊ လူအမည်တို့ကို ဆီလျော်အောင်ပြန်ဆိုသည်မှာ မခက်ဟု ဆိုပါဆိုနိုင်လေသည်။ သို့ရာတွင် “ဆံပင်နီအသင်း” ကို “ကာဏာရိဌ်” အသင်းဟူ၍ ဆီလျော်အောင်ပြန်ဆိုရသည်မှာကာ ဉာဏ်အထူး ထုတ်ရသော ကိစ္စဖြစ်သည်။ အနောက်နိုင်ငံတွင် ဆံပင်နီကို တွေ့နိုင်သော်လည်း မြန်မာနိုင်ငံတွင်ကား မတွေ့နိုင်။ ဆံပင်နီဟု ပြန်ဆိုလျှင် မြန်မာဒေသနှင့် မဆီလျော်ဖြစ်သွားမည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌တွေ့နိုင်မည့် ‘မျက်စိတစ်ဖက်လပ်’ ကိုအစားသွင်းခဲ့သည်။ တစ်ဖန် ‘မျက်စိတစ်ဖက်လပ်’ ဖြင့်မရပ်သေး။ ‘ကာဏာရိဌ်’ ဟူသော ပါဠိသက်စကားကိုယူကာ ပို၍ မြန်မာဆန်သည်ဟု ထိုခေတ်စာဖတ်သူတို့ ယူဆ လက်ခံလာအောင် ပြုခဲ့ပေသည်။ ထို့ပြင် မူရင်း၌ အခကြေးငွေကို ဖေါ်ပြရာတွင် တစ်ပတ်လျှင် (၄) ပေါင်ဟု ဖော်ပြထားသည်။ သူတို့နိုင်ငံတွင် အလုပ်အတွက် အခကြေးငွေရှင်းရာ၌ တစ်လတစ်ကြိမ် ရှင်းသည့်နည်းတူ တစ်ပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ် ရှင်းပေးခြင်းမျိုးလည်းရှိသည်။ ထို့ကြောင့် ဤသို့ဖော်ပြထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား တစ်လတစ်ကြိမ်သာ ရှင်းပေးလေ့ရှိသည်။ ထို့ကြောင့် ဆီလျော်အောင် တစ်ပတ်လျှင် (၄) ပေါင်အစား တစ်လလျှင် (၄) ပေါင်အစား တစ်လလျှင် (၂၅၀ိ) ဟူ၍ ပြုပြင်ပြန်ဆိုခြင်း ဖြစ်သည်။ မြန်မာဆန်၍ မြန်မာ့နားမျက်စိ၊ မြန်မာ့အငွေ့ အသက်နှင့် အံဝင်ခွင်ကျသော ဆီလျော်အောင် ပြန်ဆိုမှုပင် ဖြစ်လေသည်။

ယင်းသို့ မြန်မာပြန်ရာ၌ အစွမ်းထက်သဖြင့်လည်း ယနေ့တိုင်စုံထောက်မောင်စံရှားဝတ္ထုများသည် မြန်မာစာပေလောက၌ ထင်ရှားနေ ပေသည်။

မြန်မာလူငယ်လောကတွင် ‘စုံထောက်မောင်စံရှားဝတ္ထုများ’ မည်မျှအထိ ပြန့်နှံ့လွှမ်းမိုးခဲ့သည်ကို ဒဂုန်တာရာ၏ ရေးသားချက်ကို ကြည့်ပါက မြင်နိုင်ပေသည်။ ဒဂုန်တာရာ၏ အတ္ထုပ္ပတ္တိ၌ ဒဂုန်တာရာကသူ၏ ကျောင်းသားလူငယ်ဘဝ အတွေ့အကြုံအခန်းကို ရေးထားသည်မှာ

“ထိုအခါက စုံထောက်မောင်စံရှားဝတ္ထုကို စွဲလမ်းခဲ့လေရာ ‘ကဝိမျက်မှန်’ မဂ္ဂဇင်းကို လှန်လိုက်လျှင် မောင်စံရှားကို စတင်ဖတ်လေသည်။ စုံထောက်မောင်စံရှားကိုလျှင် တကယ်ရှိသည်ဟု မှတ်ထင်ကာ ဖခင်အား မကြာခဏမေးရ၏။

ဦးစံရှား အမှုလိုက်သွားသော ကြို့ကုန်း၊ သမိုင်းစသောနေရာဒေသများကို မှန်းကြည့်လေ့ရှိသည်။ ဦးစံရှားစီးသော လော်ကယ်ရထားပေါ်တွင် သဲလွန်စရှာတတ်သည်။ ချုံနွယ်ပိတ်ပေါင်းများစွာအကြားမှ ရေတွင်းပျက်၊ ရေညှိတိုဖြင့် စိမ်းဝါဝါရှိသောတိုက်အို၊ ဗိုလ်ကပြားလင်းမယား၊ လွစ္စလမ်း၊ ကောက်ချိပ်သောဆေးတံ စသည်များကို မျက်စိထဲ မြင်နေ၏။ အမှုသည်တက်လာသောအခါ အင်္ကျီ၌ ပေနေသောရွံ့စက်များကို အကဲခတ်ကာ “ဒီကနေ့ ရထားမရှိတာနဲ့ မြင်းလှည်းနဲ့လိုက်ခဲ့တယ်မှတ်တယ်” ဟုပြောပုံကို သိပ်သဘောကျ၏”

ဆရာကြီးရွှေဥဒေါင်းသည် စုံထောက်မောင်စံရှားဝတ္ထုများကို ပြန်ဆိုကာ (၁၉၁၇) ခုနှစ် ဧပြီလထုတ်သူရိယမဂ္ဂဇင်း၌ စတင်ထည့်သွင်းသည်။ ထို့နောက် ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်း၊ ရှုမဝ မဂ္ဂဇင်း များတွင် ထည့်သွင်းလေသည်။ ယင်းတို့ကို စုပေါင်းလျက်လုံးချင်းစာအုပ်များအဖြစ်လည်း ထုတ်ဝေခဲ့လေသည်။

ဆရာကြီးသည် အယ်ဒီတာလုပ်နေစဉ် သူရိယက ကလောင်သစ်များအတွက် ဝတ္ထုပြိုင်ပွဲ ကျင်းပပေးသည်။ ပြိုင်ပွဲဝင်များ၏စာမူများကို ဆရာကြီးကပင် ဖတ်ရှုရွေးချယ်ပေးရသည်။ ထိုစဉ်က ဆရာကြီးသည် ဒဂုန်ရွှေမျှား၏ ‘ချင်းဗိုလ်မောင်တက်တူ’ ဝတ္ထု၊ အင်ဒီပင်းဒင့်ဒေါ်စန်း၏ ‘ခင်စန်းကြည်’ ဝတ္ထုတို့ကို ရွေးချယ်ဆုပေးခဲ့ကြောင်း ပြောပြဖူးသည်။

ဆရာကြီးသည် ထိုအချိန်က အလွန်အလုပ်လုပ်နိုင်သည်။ ဝတ္ထုလည်း ရေးသည်။ အယ်ဒီတာလည်း လုပ်သည်။ တစ်ဖက်ကလည်း မိတ်ဆွေတစ်ဦးဖြစ်သူ ဦးခင်မောင်နှင့် ပေါင်းလျက် “မြန်မာ့ဗျူဟာ ဂျာနယ်” ကို ထုတ်ဝေလိုက်သေးသည်။ မြန်မာ့ဗျူဟာဂျာနယ်ကား မြန်မာစာနယ်ဇင်းသမိုင်းတွင် ပထမဆုံးသော ဂျာနယ်ဖြစ်လေသည်။

မြန်မာ့ဗျူဟာဂျာနယ်ကို (၁၉၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ (၁၂၈၁) ခုနှစ်၊ နတ်တော်လဆုတ် (၇) ရက်၊ စနေနေ့တွင် စတင်ထုတ်ဝေသည်။ ထိုအချိန်က မြန်မာ့မဂ္ဂဇိန်၊ မြန်မာ့အလင်း၊ သူရိယ၊ ပညာအလင်း စသောတစ်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းများနှင့် နေ့စဉ်နှင့်ရက်ခြားထုတ်သူရိယ၊ မြန်မာ့အလင်း စသော သတင်းစားများထွက်ပေါ်နေကြပြီဖြစ်၏။ ဂျာနယ်ဟူသော အင်္ဂလိပ်ဝေါဟာရ ကိုလည်း မြန်မာ့ဝေါဟာရအဖြစ် စတင် အသုံးပြုသော စာစောင်လည်း ဖြစ်ပေသည်။

မြန်မာ့ဗျူဟာဂျာနယ်သည် ဒီမိုင်း(၄) ချိုးအရွယ်ဖြစ်၍ အတွင်းစက္ကူမှာ သတင်းစာစက္ကူအမျိုးအစားပင် ဖြစ်သည်။ မျက်နှာဖုံးမှာ ဟိန္ဒူစတန်စက္ကူအပါးစား အနီရောင်ဖြစ်၍ ရွှေတလေး (ဦးဘကလေး)၏ လက်ရာဖြင့် မြန်မာ့ဗျူဟာဟု ခေါင်းစီးရေးထားသည်။ ကြော်ငြာ (၄) မျက်နှာအပါအဝင် စာမျက်နှာ (၂၀) ရှိသည်။ ရန်ကုန်မြို့၊ တိုက်အမှတ် (၁၁) အေ၊ ကုန်သည်လမ်းမှ ထုတ်ဝေပြီး တန်ဖိုးမှာ (၄)ပဲဖြစ်သည်။

မြန်မာ့ဗျူဟာဂျာနယ်၏ တာဝန်ခံအယ်ဒီတာမှာ ဆရာကြီးရွှေဥဒေါင်းဖြစ်၍ အယ်ဒီတာအဖွဲဝင်များအဖြစ် သူရိယသတင်းစာတိုက် အယ်ဒီတာအဖွဲ့ဝင် ဦးဘသန်း (အင်ဒီပင့်ဒင်း ဒေါ်စန်း၏ခင်ပွန်း)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ရွှေတလင်းနှင့် တိုက်ပိုင်ရှင် ဦးခင်မောင် (နောင်ဗြူဟာခင်အမည်ဖြင့် စာရေးသူ) တို့ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်