ညဥ့်ဦးယံဆိုသော အမေရဲ့အိမ်ပြန်ချိန် (Law Eh Soe)

January 29, 2013

ညဥ့်ဦးယံဆိုသော အမေရဲ့အိမ်ပြန်ချိန်

လောအယ်စိုး၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၃

ဒီအိမ်ကလူတွေ တစ်ယောက်မှမရှိကြဘူးထင်တယ်

ကျွန်တော် ဒီလိုပြောလိုက်တော့ မိတ်ဆွေဖြစ်သူက ကြောင်သွားပုံရသည်။ ကဲ … ကြည့်လိုက်ပါအုံး။ သူမကို စောင်ပုံတွေကြားထဲမှာမြုပ်ထားသလိုမျိုးပါ။

သူ …

ဒေါ်ငယ်တစ်ယောက် တကယ့်ကို ကလေးငယ်တစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်ကြီး စောင်ပုံထဲမှာ အိပ်ပျော်နေတာပါ။

တကယ်ကိုအိပ်ပျော်နေခြင်းလား။ ဒါမှမဟုတ်ဆေးအရှိန်တွေကြောင့်ပဲ မူးနုံန်းပြီး အိပ်ပျော်သွားတာလား မသိပါဘူး။ ဆေးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် သူမ၏ဦးခေါင်းကို ပြောင်သွားအောင် ခင်ပွန်းဖြစ်သူက ရိတ်ပေးလိုက်ပုံရပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဒေါ်ငယ်ကိုမနှစ်ကမှ ကျွန်တော်ရင်းရင်းနှီးနှီးသိကျွမ်းခွင့်ရခဲ့ပါတယ်။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ခြင်း၊ ဘ၀လောကဓံလှိုင်း တွေ ဘယ်လောက်ပဲကြီးမားပစေ သူအမြဲကြိုးစားပြီး အကောင်းဘက်ကမြင်တတ်သူတဦးပါ။

“ဒီအမျိုးသမီး တနှစ်လောက်ပဲ အသက်ရှင်ရပါတော့မယ်လို့ ကင်ဆာအထူးကုဆရာဝန်မကြီး ပြောသောစကားကို သူမအား ကျွန်တော်ဘာသာပြန် မပေးရက်ပါ။ ထို.ကြောင့်သူမ၏ခင်ပွန်းကို တိုးတိုးလေး ဒီအကြောင်းကို ပြောပြလိုက်မိသည်။ ဖထီးလည်း စိတ်မကောင်းရုံကလွဲပြီးဘာတတ်နိုင်မှာလည်း။ ဒါပေမဲ့သူမကတော့ ပြုံးလို.။

“ငါ့တူရယ် … ဆရာဝန်မကြီးကိုပြောပေးပါ။ အခုလို အဒေါ့်ကိုကြည့်ပေးတာ ကျေးဇူးအရမ်းတင်တာပဲ။ အဒေါ်နေကောင်းတာနဲ. အင်္ဂလိပ်စာအတန်းကိုချက်ခြင်း သွားတက်မှာပါ။ ကျောင်းပျက်ရက်တွေလည်း များနေပြီလေ။ …”

အားတက်သရော ဒေါ်ငယ်တစ်ယောက် ကျွန်တော်ကိုပြောရှာသည်။ အမေရိကန်နိုင်ငံရောက် ဒုက္ခသည်တွေ ဒီကိုရောက်လို့ အသက် ၆၅ နှစ်ကျော်သွားရင် ပင်စင်သဘောမျိုး သူတို့ တတွေအား လစဉ်ထောက်ပံ့ကြေးပေးသည်။

အဒေါ်ငယ်ငယ်လေးကတည်းက နှစ်တန်းလောက်ပဲနေခဲ့ရတော့ ကျောင်းကိုအရမ်းတက်ချင်ခဲ့တာပါ။ ဒီရောက်မှပဲ စားဖို.သောက်ဖို.ဘာမှပူပင်စရာမလိုတော့ စာကိုပဲသင်ချင်နေတာပါ ငါ့တူရယ်။

အင်္ဂလိပ်စာသင်ချင်စိတ်၊ ဆန္ဒဇောတွေပြင်းထန်နေပေမဲ့ ဒေါ်ငယ်ကို သူမ၏ကျန်းမာရေးက ခွင့်မပြုနိုင်တော့ပါ။ ရာသီဥတုပြင်းထန်လှသော ဆောင်းတစ်ညတွင် အင်္ဂလိပ်စကားကိုအတန်အသင့်ပြောနိုင်သူ လူငယ်လေးတစ်ယောက်၏ အကူအညီဖြင့် ဒေါ်ငယ်အား အရေးပေါ်ဆေးရုံသို့ ပို့လိုက်ရသည်။ ချောင်းများ မပြတ်ဆိုးလာခြင်း၊ အသက်ရှူ၍မရအောင် ရင်မှနာကျင်လာခြင်းတို့ကြောင့် နောက်ဆုံး သူမ ဆေးရုံကိုရောက်ခဲ့ခြင်းပါ။

သူမကို ဘုရားသခင်၏ကောင်းကင်တမန်အလား အသက် ၇၀ ကျော်အမေရိကန်အမျိုးသမီးကြီး “အန်း ” ကပဲ ဆွေမတော်မျိုးမတော် သူမကို ၄င်း၏မိသားစုဝင်တွေထက်

ပိုပြီး ဂရုစိုက်ကာ ကြည့်ရှုပြုစုပေးပါတယ်။  ဒေါ်ငယ်က သူမထက် အသက် ၅နှစ်ခန့်သာကြီးပေမဲ့ အန်းကို “ဂရင်းမား ” သို့မဟုတ် အဖွားဟုခေါ်ရှာပါသည်။

“ပြောပေးပါငါ့တူရယ် ဂရင်းမားကို ဘယ်တော့မှကျေးဇူးမမေ့ပါဘူး … လို့ ” ဟူ၍ ကျွန်တော်နှင့်တွေ့တိုင်း ဒေါ်ငယ်တစ်ယောက် ပြုံးပြီးပြောရှာသည်။

အကြီးဆုံး သူမ၏သားကတောင် ၄၂ ကျော်၍ နေပါပြီ။ အငယ်ဆုံးက သမီးလေး။ သားက ၄ ယောက်၊ သမီးလေးကအငယ်ဆုံး။  နံပါတ်လေးသားက သြစတြေးလျမှာ။ သူလည်း ကရင်အမျိုးသမီးတယောက်နှင့် အိမ်ထောင်ကျသည်ဟု ကြားသည်။

ငါကတော့ပြောတယ်။  အမေ မင်းကိုတွေ့ချင်လိုက်တာ သားရယ်။ ဒါပေမဲ့ ဘယ်လွယ်ပါ့မလဲ ငါ့တူရယ်။ ဟိုကနေဒီကို လာဖို့ဆိုတာ။

သူမခမြာ အရမ်းကိုမကျန်းမမာဖြစ်နေသည့်ကြားမှ တတိယသားဖြစ်သူ၏ ဆယ်ကျော်သက်ရွယ် သမီးငယ်နှစ်ဦးကို နိုင်သလောက် တာဝန်ယူရသေး၏။

အေးလေ…။ ငါ့တူလည်း သူတို့ရဲ့ အကြောင်း ကြားမှာပေါ့။ ဟူ၍သာဒေါ်ငယ်တစ်ယောက် သက်ပြင်းရှည်ကြီးချကာ ကျွန်တော့်အားပြောဘူးပါသည်။

တတိယသားဖြစ်သူ၊ ဆယ်ကျော်သက်ရွယ် သမီးနှစ်ယောက်၏ဖခင် ဆိုသူကလည်း ဒီအမေရိကန်နိုင်ငံကြီးကို မရောက်ခင် ထိုင်းနိုင်ငံက ဒုက္ခသယ်စခန်းမှာ  ပထမအိမ်ထောင်နဲ့ ကွဲ။ အခု ဒီရောက်တော့လည်း သူလိုတစ်အိမ်ထောင်ကွဲ ကလေးနှစ်ယောက်မအေနဲ. ချစ်သူတွေဖြစ်လို့။ အိမ်ကိုလည်း ကပ်တယ်ကို မရှိတော့ဘူး။ အိမ်မှာရှိနေတဲ့အချိန်ဆိုလည်း အရက်နံကလေးကလည်း တသင်းသင်းနဲ.ပေါ့။  သူလည်း ချစ်သူအမျိုးသမီးနဲ့ အချိန်တွေပေးနေရတော့။ သမီးနှစ်ယောက်ရယ်၊ အမေ့အတွက်အချိန်ဆိုတာ ဘယ်ရှိတော့မှာလဲ မဟုတ်လား။

ဒီလိုအနေအထား လောကဓံကို ဒေါ်ငယ်တစ်ယောက် ပြုံးပြုံးကြီး ရင်ဆိုင်ပါတယ်။

ငါ့တူရယ် … မင်းရဲ့အဒေါ်က၊ သူ့ရဲ့ “ဂရင်းကဒ် (အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်) ကို ဘယ်တော့ရတော့မလဲ ဆိုတာပဲ ငါ့ကို တချိန်လုံး မေးနေတယ်ကွာ။ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျေးဇူးပြုပြီး ကူညီပေးပါအုန်း။ သူ့ခမြာ မသေခင်လေးမှာ အဲဒီဂရင်းကဒ်လေးတော့ မြင်သွားချင်တဲ့ပုံပဲ။

ဟူ၍ အားကိုးတကြီးမေးလာသော ဒေါ်ငယ်၏ခင်ပွန်းဖြစ်သူကို ကျွန်တော်က

“ဖထီးရယ် စောင့်သာနေပါ။ အချိန်တန်ရင် ရောက်လာမှာပါ

ဟူ၍သာဖြေလိုက်ရသည်။

တကယ် ကျွန်တော်လည်း တတ်နိုင်သည့်ကိစ္စတစ်ခုမဟုတ်။

လွန်ခဲ့သောငါးလခန့်တုန်းက အများမြန်မာနိုင်ငံမှ ဒုက္ခသည်များနည်းတူ သူတို့တစ်တွေလည်း၊ ဓါတ်ပုံတွေရိုက်၊ လက်ဗွေတွေနှိပ်ပြီး အတူတင်ခဲ့ကြတာပါပဲ။

ငါ့တူရေ လုပ်ပါအုန်း၊ အိမ်မှာပိုးဟပ်တွေလည်း မနိုင်တော့ဘူး။ ပိုးဟပ်သတ်တဲ့ ဆေးလေး ၀ယ်ပေးပါအုံး  ဟူ၍ တယ်လီဖုန်းဆက်တုန်းက ကျွန်တော်တစ်ယောက် ဒေါ်၏ငယ်အိမ် ရောက်ပြန်သေးသည်။

သူတို့တတွေ၏ အစားအသောက်ချက်ပြုတ်သော မီးဖိုနှင့် ပြည့်ကာလျှံနေသော စားကြွင်းစားကျန်ကို စွန့်ပစ်ထားသည့်အမှိုက်ပုံကလည်း အသွင်သဏ္ဍာန်က တူနေသည်။ ဒါကြောင့်လည်း ပိုးဟပ်၊ ကြွက်တို့၏ ထုံးစံ ပျော်ရာဋ္ဌါနကြီးတစ်ခုဖြစ်နေသည်က မဆန်း။

ယခင်က သန့်သန့်ရှင်းရှင်းနေခဲ့ပုံရသော ဒေါ်ငယ်တစ်ယောက်က အိပ်ယာပေါ်မှာ လှဲလျောင်းနေရတော့ ကျန်သောမိသားစုဝင်တို့က ဒီအိမ်တွင်းသန့်ရှင်းရေးကိစ္စ သူတို့တတွေနှင့် လုံးဝပတ်သတ်ပုံမရဟုသာ သတ်မှတ်ထားပုံရသည်။

သူ အသက်သုံးဆယ်ကျော်လောက်တုန်းက အစိုးရတပ်စခန်းမှာ ရဲဘော်တွေရေခပ်ခိုင်းတုံး ချော်ကျသွားလို့ စစ်ဘိနပ်နဲ့ ခါးကို အကန်ခံခဲ့ရတယ်။ ဒဏ်ရာက အေးလာရင် အခုချိန်ထိ ပြန်ပြန်ထတုံးပဲ။

ဆေးရုံတက်တုန်း ဖထီးကကျွန်တော့ကို ပြောပြခဲ့တာ သတိရမိပါသည်။

အဒေါ်အတွက် ဘုရားကျောင်းတွေက ဆုတောင်းပေးနေကြတယ် ကြားလို့ ၀မ်းသာပါတယ်။ သူတို့တစ်တွေလည်း ကျေးဇူးတင်ပါတယ်ကွယ်။

အချိန်ရရင် ကျေးဇူးပြုပြီး ခဏလေး လာခဲ့ပါလား။ သူ နောက်ဆုံးအခြေအနေ ရောက်လာလို့ အထူးဂရုစိုက်ပေးတဲ့နေရာကို ပို့လိုက်ရပြီကွယ်။

ဟူသော အန်တီအန်း၏ တယ်လီဖုန်းဆက်လာ၍ အကြောင်းကြားလာခြင်းကို ကျွန်တော်မအံ့သြပါ။

သူမ၏အပြုံးက မျက်နှာထက်တွင် အစဉ်ရှိနေသော်လည်း ကင်ဆာရောဂါ၏အခြေအနေက ပို၍ပို၍ ဆိုးဝါးလာနေပြီဖြစ်သည်။

အေးစိမ့်ပြီး နှင်းဖွေးဖွေးထနေသော ဒီဇင်ဘာလ၀က်လောက်တွင် သူမလို ကင်ဆာရောဂါသည်များကို နောက်ဆုံးထားရှိသော ရိပ်သာကလေးတစ်ခုကို ကျွန်တော်ရောက်ရှိသွားပါသည်။ ရောဂါသည်များ၏ အကန့်အသတ်သာရှိသော နေ့ရက် အချိန်များအတွင်း ငြိမ်းချမ်းစွာ သူတို့တတွေ နောက်ဆုံးထွက်သက်ချိန်အထိ နွေးနွေးထွေးထွေးလေး ခန္ဓာရော စိတ်နှလုံးပါရှိသွားစေရန် ခရစ်ယာန်အဖွဲ့အစည်းတစ်ခုမှ ဖွင့်လှစ်ထားသော ရိပ်သာကလေးဖြစ်သည်။

အမှန်ပါ … … တကယ့်အိမ်အတိုင်းပါပဲ။

ခရစ်စမတ်သီချင်းတွေကလည်း မတိုးမကျယ်ဖွင့်ထားလို့။

ဒေါ်ငယ်တစ်ယောက် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာလှဲလျောင်းနေသည်။

မြေးမလေးကတော့ တီဗွီဇတ်လမ်းတစ်ပုဒ်ကိုကြည့်နေလေရဲ့။

ကျွန်တော်ရောက်ပြီး အတော်ကလေးကြာမှ သူမအိပ်ယာကနိုးတယ်။

ဘယ်လိုပဲ ရောဂါဝေဒနာကို ခံစားနေရပါလေစေ။ သူမ အမြဲတမ်းကြိုးစားပြီး ပြုံးရှာပါတယ်။

ခင်ပွန်းသည်ဖြစ်သူက ဒေါ်ငယ်တစ်ယောက် လူတွေကို သိပ်မမှတ်မိတော့ကြောင်း ပြောပြပါတယ်။

သူနာပြုဆရာမကြီးက မေးလာတော့ သူမရင်ဘတ်မှာ အရမ်းအောင့်ပြီး နာတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ မိမိရဲ့အိမ်၊ သား၊ မြေးလေးတွေကို အရမ်းကိုသံယောဇဉ်ကြီးမားသော ဒေါ်ငယ်တစ်ယောက် ဒီတခါ သူမအိမ်ကို မပြန်ချင်တော့ဘူး။ တိတ်ဆိတ်သော ဒီနေရာလေးမှာပဲ ဆက်ပြီးနေခွင့်ရအောင် မေတ္တာ ရပ်ခံပေးပါလို့ သာ သူနာပြုဆရာမကြီးကို ကျွန်တော်ကနေ တဆင့်ပြောခိုင်းပါတယ်။

အပြင်မှာလည်း ညဥ့်ဦးယံဆိုပေမယ့် အမှောင်ထုက သိပ်သည်းလွန်းတယ်လို့ ကျွန်တော်ထင်မိတယ်။

ဒေါ်ငယ့်အတွက် ခေါင်းလောင်းထိုးမယ့်အချိန်ကို ဘုရားရှင်သာ အသိနိုင်ဆုံးပဲလို့ ကျွန်တော် ခံစားမိလိုက်ပါတယ်။

ဒီနှစ် ခရစ်စမတ်ကာလကတော့ ဒေါ်ငယ်အတွက် ပြင်းထန်သောမုန်တိုင်းတစ်ခုကို ကျော်ဖြတ်ရသောအချိန်ပါ။

လေးရက်ခန့်ကြာပြီးနောက် သူမကို သက်ကြီးအိုရွယ်သူများကို ကြည့်ရှုပြုစုသောနေရာသို့ ရွေ့ပြောင်းပေးလိုက်ကြောင်း သိလိုက်ရပါတယ်။ ဘာကြောင့်ရယ်မှန်းမသိပါ။ အဲဒီလူအိုရုံမှာတော့ ဒေါ်ငယ်တစ်ယောက် မပျော်ပိုက်ကြောင်း၊ အိမ်ကိုသာ ပြန်ချင်နေကြောင်း အန်တီအန်းမှတဆင့် သိရပါတယ်။

အဲဒီရက်တွေအတွင်း ကျွန်တော်သူမထံကိုမရောက်ဖြစ်တော့ပါ။

ကျွန်တော့်အလုပ်ကိစ္စနှင့်ပတ်သတ်၍ တစ်နေရာသို့ ရောက်နေခိုက် အန်တီအန်းဆီမှ တယ်လီဖုန်းဆက်ကာ

“ဒေါ်ငယ်တစ်ယောက် နောက်ထပ်နာရီပိုင်းပဲ အသက်ရှင်ရတော့မယ်ဆိုတာ အကြောင်းကြားတာပါ

လို့ ကျွန်တော့်ကို အကြောင်းကြားလာပါတယ်။

အဆောက်အဦးရဲ့ အပြင်ဘက် ကောင်းကင်ယံကို ကျွန်တော်ကြည့်လိုက်တော့ ဆီးနှင်းလွှာနှင့်အတူ မိုးစက်ပါးပါးလေးတွေ မြေပြင်ကို ညှင်ညှင်သာသာလေးကျနေလေရဲ့။

ကရင်လူမျိုး အများစုနေထိုင်သော ဒီမြို.ကလေးမှာ တစ်နိုင်တစ်ပိုင် ကရင်နှစ်သစ်ကူး အခမ်းအနားလေးကို ကျင်းပဆင်နွဲပြီး  မွန်းလွဲပိုင်းမှာတော့ လူဦးရေတစ်ရာကျော်ကျော်လောက် ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဆက်ပြီးသွားကြတယ်။ ခရစ်ယာန်အများစုတို့ရဲ့ ၀တ်ပြုရာနေ့တော့ မဟုတ်ပါ။  ဒေါ်ငယ့်အတွက် နောက်ဆုံး ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တစ်ခုပါ။

ဘုရားကျောင်းအ၀င်ဝမှာတော့ ဒေါ်ငယ်ရဲ့ချစ်စရာ့အပြုံးကလေးနဲ. ဓါတ်ပုံကို နာရေးမှတ်တမ်းစာအုပ်မှာ ယှဉ်ပြီးတော့ ချထားပါတယ်။ ဒုက္ခသည်စခန်းက အများစုက ရောက်လာသော ကရင်ညီအကို တော်တော်များများကတော့ ဒီအသုဘရှုမှတ်တမ်းစာအုပ်လေးဟာ သူတို့တစ်တွေနဲ့ ဘာမှ မပတ်သက်သောအရာ တစ်ခုလိုပဲ မှတ်ယူထားပုံရပါတယ်။

အသုဘရှုလာကြသော လူအများစုက ကရင်သင်တိုင်းတွေ အရောင်စုံကို ၀တ်လို့။ တရားဟောသော အမေရိကန်ဆရာကြီးကလည်း ကရင်သင်တိုင်းအနီရောင်ကြီးဝတ်လို့ တရား ဒေသနာဝေငှပါတယ်။

ဒေါ်ငယ်နဲ့ သူနဲ့ သိကျွမ်းခဲ့ရခြင်း၊ နေ့ရက်တွေအကြောင်းကိုလည်း တရားဒေသနာမှာ ထည့်ပြီး ဟောသွားပါတယ်။ အန်တီအန်းတစ်ယောက်လည်း ကရင်သင်တိုင်းကို ၀တ်လို.။ ပန်းခွေတွေကြားထဲက သတ္တုအခေါင်းတလားထဲမှာ ဒေါ်ငယ်တစ်ယောက်လည်း ကရင်သင်တိုင်းကြီးကိုဝတ်လို့။

သေပန်းပွင့်တယ်လို့များ ပြောရလောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနေတဲ့အတိုင်းပါပဲ။ ထူးထူးခြားခြား ဈာပန၀တ်ပြုခြင်း အစီအစဉ်ကို ဓမ္မတေးသီချင်းတစ်ပုဒ်ကို ဆိုပြီးပြီးချင်း ဒေါ်ငယ် အရမ်းနှစ်သက်သော ကရင်ဘာသာအားဖြင့် …

မိုးမိုး ဟိုတာခီးလီး မြန်မာလိုပြန်ရရင် “မေမေရေ မိုးချုပ်ပြီလေး

ဆိုတဲ့ သီချင်းလေးနဲ့ သူမကို နှုတ်ဆက်ကြတယ်။

ဒေါ်ငယ်ကို သောကတွေအများဆုံး ပေးခဲ့သောသားက ပရိတ်သတ်တွေရဲ့ကြားထဲက အပြင်ကိုထွက်ပြီး ရှိုက်ကြီးတငင် ငိုရှာတယ်။

ဒါပါပဲ …   မိခင်တွေရဲ.မေတ္တာအားအင်ဟာ အရာရာကိုဖောက်ထွင်း ကျော်ဖြတ်နိုင်စမြဲပဲ မဟုတ်ပါလား။

သူငယ်စဉ်တုံးက မအိပ်သေးခင်မိခင်ကြီးက သူ့ကိုချော့သိပ်ခဲ့သော ဒီသီချင်းလေးဟာ ဘယ်လောက်အထိ အဓိပ္ပါယ် နက်ရှိုင်းသလဲဆိုတာ သူနဲ့ သူ့မိခင်ဒေါ်ငယ် တစ်ယောက် အသိဆုံး မဟုတ်ပါလား။

အခေါင်းကို မပိတ်သေးခင် မြေးငယ်လေးတွေလည်း ရှိုက်ကြီးတငင်ငိုပြီး အဖွားဖြစ်သူကို သူမနဲ့ ၄င်းတို့တစ်တွေရဲ့ နေ့ရက်တွေကို ပြန်ပြီးတမ်းတကြတယ်။

ကျွန်တော်လည်း ဘုရားကျောင်းထဲကနေ အပြင်လမ်းမပေါ် ထွက်လိုက်တယ်။

ငါ့တူရယ် ဆရာဝန်မကြီးကို ပြောပေးပါ။ အဒေါ်နေကောင်းတာနဲ့ ကျောင်းပြန်တက်ပါရစေလို့ …”

ဆိုတာရယ် …

ငါတို့ကို ဂရုစိုက်ကူညီပေးတဲ့ ဒီနိုင်ငံကြီးကိုလည်း ဘုရားသခင်ကောင်းချီးပေးပါစေ

လို့ သူပြောပြောနေတဲ့ စကားသံတွေကို ကျွန်တော်နားထဲမှာ အလိုလိုနေရင်း ကြားနေရသလိုပဲ။

ပြီးတော့ ချစ်စရာကောင်းလှသော ဒေါ်ငယ်ရဲ့အပြုံးလေး ကျွန်တော့်ရဲ့ နှလုံးအာရုံထဲ ၀င်းကနဲ ပေါ်လာတယ်။ ။

(Photo Credit to – https://www.google.com/url?sa=i&rct=j&q=&esrc=s&source=images&cd=&cad=rja&docid=dC5ev55EHBqpzM&tbnid=97dQ-K0YqOqjvM:&ved=0CAMQjhw&url=http%3A%2F%2Fwww.taringa.net%2Fposts%2Finfo%2F15371651%2FRarindra-Prakarsa.html&ei=uAAHUYLIE8TAiwKInIGYDw&bvm=bv.41524429,d.cGE&psig=AFQjCNGNg2QjnZ8FF9WxSg89OgBDw-KVog&ust=1359499831009217 )


အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags