ရင်ခုန်သံနိဒါန်း

January 30, 2013

မောင်စံ (သီတဂူ)
ဇန်န၀ါရီ ၃၀၊ ၂၀၁၃
 “ဆွမ်းတော်…ဗျို့”

“ဟောတော် ဆွမ်းခံတောင် ရောက်လာ ပြီ၊ ဒုက္ခပါပဲ”

ဆွမ်းတော်သံ ကြားလိုက်ရ သည်နှင့် ညိုထွေးစိတ်ထဲ ဗလောင်ဆူ သွားသည်။ ရင်တွေလည်း တဒိတ်ဒိတ် ခုန်နေသည်။ ကိုရင် သာချိုတောင် ကြွ လာနေပြီ၊ ဒီကသနပ်ခါး လိမ်းလို့မပြီး သေး။ ပါးကွက်တဖက်ကွက်ရန် ကျန်သေးသည်။ အင်္ကျီလည်းမဝတ်ရသေး၊ ထမီရင်ရှားနှင့် မှန်တင်ခုံရှေ့တွင် အလှပြင်နေဆဲ။

ညိုထွေး နေ့စဉ် နံက်တိုင်း ကိုရင်သာချို ကြွမလာခင် အားလုံးပြင်ဆင်ပြီးနေကျ၊ ဒီနေ့မှ ဘာကြောင့် အစောကြီးကြွလာရတာပါလိမ့်၊ ခက်တာပဲ ဘာလုပ်လို့ ဘာကိုင်ရမည် မသိတော့။ ဘီးကလေး ကောက်ကိုင် ပြီး ဆံတောက်လေးကိုပဲ ဖြီးရတော့မလား၊ သွားပွတ်တံလေးနဲ့ ပါးကွက်ကလေးကိုပဲ ဆွဲခြစ်ရတော့မလား၊ “ဟာ … မဟုတ်သေးပါဘူး ကြာနေရင် ကိုရင်သာချိုကို မတွေ့လိုက်ရတော့ပဲ နေလိမ့်မယ်” ကမန်းကတန်း အင်္ကျီအပြာနု လက်စကလေးကို ကောက်ဝတ်၊ တဘက်လေးပုခုံးတင်၊ ဆွမ်းအုပ်လေးပိုက်ပြီး ခပ်သွက် သွက်လေး ထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့

“ဟာ မိုက်တယ်ကွာ၊ ညိုထွေးတို့များ လန်းချက်ကတော့ လက်ကုန်ပဲ”

“ဟင်! ကိုရင်သာချိုလည်း မဟုတ်ဘူး”

တောင်ပိုင်းက တာတီးတို့အုပ်စု၊ ခြံရှေ့ သစ်ပင်အောက်ကနေပြီး ညိုထွေးထွက်လာအောင် ဆွမ်းတော် သံပေးပြီး မျှားခေါ်လိုက်ခြင်းဖြစ်သည်။ တာတီးသည် ညိုထွေးကို အသည်းအသန် ပိုးပန်းနေသူ၊ မိဘများက ဥယျာဉ်ခြံလည်းစိုက်၊ အိမ်မှာ ဟာလာစက်လည်းရှိသဖြင့် တောသူဌေးစာရင်းတွင် ပါဝင်သည့်မိသားစု၊ ဆိုင်ကယ်တကားကားနှင့် မြို့တွင်သွားပြီး ကျောင်းတက်နိုင်သူဖြစ်ရာ ရွာမှာတော့စတားဟု ခေါ်ဆိုရလောက်သူ၊ သို့သော် ညိုထွေးက လုံးဝစိတ်မဝင်စား။

တာတီးတွင် တစ်ခုကောင်းသည်မှာ သူငယ်ချင်းများနှင့်ပျော်ပျော်ပါးပါး ထန်းရည်သောက်တတ်သော် လည်း ဟော့ဟော့ရမ်းရမ်း ဆိုးသွမ်းတာမရှိ၊ မည်သူ့ကိုမဆို ကိုယ်တတ်နိုင်သည့်ဘက်မှ ကူညီရန်အသင့်ရှိ နေသူ၊ ရပ်ရွာကိစ္စများတွင်လည်း တာတီးခေါင်းဆောင်သောအဖွဲ့က မခိုမကပ် အားတက်သရော ပါဝင်ကူညီ လုပ်ဆောင်လေ့ရှိကြသဖြင့် အများ၏ချစ်ခင်အားထားမှုကိုခံရသူ။ ရွာလယ်ပိုင်းက မိတုတ်တို့ အေးတင်တို့ အပျိုမအုပ်စုက တာတီးဆိုလျှင် အသေရရ အရှင်ရရ၊ သို့သော် တာတီးကတော့ ညိုထွေးမှ ညိုထွေးပင်။

————–

“ခွီး..ခွီး…ခွီး”

“ဟိတ်ကောင်တွေ ရှူး…”

ညိုထွေးကိုကြည့်ပြီး တာတီးသူငယ်ချင်းများက တခွီးခွီးရယ်ကြသည်။ တာတီးက သူ့လူတွေကို တံတောင်ဖြင့်တွက်ပြီး မရယ်ကြဘို့ ဟန့်တားသည်။ သို့သော်လည်း အရယ်မရပ်ကြ၊ တချို့ကဆို လက်ညှိုး ထိုးပြီး ခွက်ထိုးခွက်လန်ဖြစ်အောင်တောင် ရယ်ကြသည်။

“တော်တော် သိက္ခာမရှိတဲ့ အကောင်တွေ၊ ဟွန်း”

ညိုထွေး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေးအုပ်ပြီး အိမ်ထဲပြန်ပြေးဝင်လာခဲ့သည်။ အဖွားမြင်တော့-

“ဟဲ့ ဟဲ့ ဒီကလေးမ၊ ဘယ်လိုဖြစ်လာတာတုန်း”

“ဘယ်လိုဖြစ်ရမလဲ အဖွားရဲ့၊ ဟိုငမူးတွေပေါ့ ညိုထွေးကိုကြည့်ပြီး အခြောက်တိုက် ဝိုင်းရီနေကြတယ် လေ”

“အခြောက်တိုက် ဝိုင်းရီနေတာမဟုတ်ဘူး မယ်မင်းကြီးမရေ၊ ကိုယ့်ကိုကိုယ်လည်း မှန်ထဲပြန်ကြည့်ဦး၊ ပါးတစ်ဘက်က ပါးကွက်ပြောင်၊ နားနှစ်ဘက်က ပါးဟက်ထောင်သလိုပဲ၊ ပန်ထားတာက ပန်းအစစ်လည်း မဟုတ်ဘူး တို့ဖတ်ကြီး”

“ဟော တော်”!

ဒီတော့မှ ညိုထွေး မှန်ရှေ့ပြေးပြီး ကြည့်လိုက်သည်၊ ဟုတ်ပါ့။

“အဟီး… ရှက်လိုက်တာ”

လက်နှစ်ဘက်ဖြင့် မျက်နှာလေးကိုအုပ်ပြီး တစ်ယောက်တည်း ရှက်လို့မဆုံးတော့။

“ဒီကိစ္စ ဘာမှမဟုတ်ဘူး၊ ကိုရင်သာချိုကြောင့်ဖြစ်ရတာ၊ သူ့ကို မမီမှာစိုးလို့ ကမန်းကတန်းလုပ်ရင်း ဖြစ်သွားတာ၊ မုန်းဘို့ကောင်းလိုက်တာနော်… ဟွန်း”

ညိုထွေးတစိမ့်စိမ့်တွေးရင်း မှန်တင်ခုံရှေ့တွင် အကျထိုင်လိုက်သည်။ ဒီတခါတော့ ဘာမှအမှားအယွင်း မရှိရအောင် စိတ်တိုင်းကျ ဖြီးလိမ်းပြင်ဆင်ပြီး မှန်ရှေ့တွင် စောင်းလိုက် ငဲ့လိုက် ပြုံးကြည့်လိုက်ဖြင့် တစ်ယောက် တည်းအလုပ်ရှုပ်နေသည်။

ညိုထွေးက အပျိုဖျန်းလေးဖြစ်လာပြီ၊ စင်ယော်တောင်ပံ မျက်ခုံးကွေးကွေး နှစ်တန်းအောက်မှ မျက်နက်ဝန်းလေးများက ကြည်လင်ဝိုင်းစက်ပြီး တောက်ပနေသည်။ ပါးကွက်လေးတင်ထားသည့် ပါးပြင်လေး တွေကလည်း မို့မို့မောက်မောက်၊ နှင်းဆီနုရောင် နှုတ်ခမ်းလေးကလည်း ဖူးဖူးရွရွ၊ ပြုံးလိုက်သည့်အခါ ခွက်ဝင်သွားသည့် ပါးချိုင့်လေးတွေက ကာလသားများ၏စိတ်ကို ကစဉ့်ကရဲဖြစ်သွားစေနိုင်သည်။ ငယ်ငယ် တုန်းကလိုမဟုတ်တော့၊ ခါး ရင် တင် အလှတို့ကလည်း အချိုးတကျ ဖြစ်လာသည်။

ငယ်ငယ်တုန်းကတော့ ဒါတွေကိုဂရုမစိုက်၊ အလှပြင်ရကောင်းမှန်းလည်းမသိ၊ သူငယ်ချင်းများနှင့် ဆော့ကစားနေရလျှင်ပြီးသည်။ သူငယ်ချင်းဆိုပေမယ့် ညိုထွေးအရင်းနှီးဆုံးပေါင်းသည်ကား သာချို တစ် ယောက်သာ။ သာချိုက အိမ်နီးနားချင်း သူငယ်ချင်း၊ အပေါင်းအသင်းလည်း များများမထား။ သို့သော် ညိုထွေး ကိုတော့ခင်သည်။ ကျောင်းသွားတော့လည်း အတူတူ၊ ဘာပဲစားစား စားတော့လည်း နှစ်ယောက်အတူတူ ဝေမျှ စားကြသည်။

မိုးလင်းသည်နှင့် သာချိုက ညိုထွေးအိမ်ကိုရောက်ရင်ရောက်၊ မရောက်ရင် ညိုထွေးက သာချို့အိမ်ကို ရောက်လာလေ့ရှိသည်။ ပြီးလျှင် ဟိုအသီးခူး ဒီအရွက်ခူး ခူးပြီး အိုးပုတ်များဖြင့် ထွေလီကာလီ ကစားကြသည်။ တခါတရံ အိမ်ပြူတင်းပေါက် (ဒူးပိတ်) တွင် အဖေ့ပုဆိုးကို ကန့်လန့်ကာအဖြစ်အသုံးပြုကာ ဇာတ်ပွဲ အငြိမ့်ပွဲ လုပ်တမ်းကစားကြသည်။ နှစ်ယောက်သား ပါးစပ်ဆိုင်းတီးပြီး ကရင်း ရွှံ့ရုပ်ဓာတ်စက်တွေ ခဏခဏကျ ကွဲသည်။ တခါတရံ ကျွန်းသေတ္တာကြီးပေါ်တက်ကာ သာချိုက ခေါင်းပေါင်းပေါင်းပြီး ရှေ့က နွားလှည်းမောင်းရင် ညိုထွေးက နောက်နားမှာကပ်ထိုင်ပြီး ငြိမ့်တောင့်ငြိမ့်တောင့်နှင့် လိုက်ပါလာတတ်သည်။ ဤသို့ ရှေ့သွား နောက်လိုက်ညီသော အတွဲဖြစ်သည်။
——————

မှတ်မိသေးသည် သူငယ်တန်းကျောင်းသားဘဝက တစ်နေ့တွင် အစ်ကိုအစ်မများနှင့်အတူ ကျောင်း သွားရင်း မိုးမိကြသည်။ ကျောင်းရှေ့ ဗွက် ထဲတွင် ညိုထွေးချော်လဲသဖြင့် အစ်ကိုအစ်မတွေက ရေနဲ့ဆေးပေးပြီး အတန်းထဲလိုက်ပို့ကာ ဆိုင်ရာဆိုင်ရာ သူတို့အတန်းများဆီ ထွက်သွားကြသည်။

ညိုထွေး ရေစိုကြီးဖြင့် ကျောင်းမတက်ချင်၊ အိမ်ပြန်ချင်သည် ဆိုသဖြင့် သာချိုလည်း ကျောင်းမတက် တော့ဘဲ ညိုထွေးနှင့်အတူ အိမ်ပြန်လိုက်လာခဲ့သည်။ မိုးက တဖွဲဖွဲ၊ အိမ်ကို လယ်ကွင်းဘက်မှဖြတ်ပြန်ကြရာ ထိုးပြီးခါစ ထယ်ခဲများအပေါ် နင်းဖြတ်ကျော်လွှားရသဖြင့် ချော်ချွတ်ပြီး ယိမ်းထိုးနေကြသည်။ မလဲအောင် တစ်ယောက်လက် တစ်ယောက်ချိတ်ကာ ဖေးမမှီတွဲလာရင်းက လေတစ်ချက်ဆောင့် အတိုက်လိုက်မှာ ဆောင်း ထားတဲ့မိုးကာ လွင့်ပါသွားလို့ လိုက်ဖမ်းရင်း နှစ်ယောက်စလုံး ထယ်ဖတ်ကြားထဲ ချော်လဲလုံးထွေး ကျသွားခဲ့ သေးသည်။

တတွဲတွဲရှိလွန်းသည့် သာချိုနဲ့ညိုထွေးကို အဖေ အမေ အစ်ကို အစ်မတွေက ချစ်စနိုးဖြင့်စကြသည်။ ပေးစားကြသည်။ ပေးစားဖန်များလာ သည့်အခါ သာချိုက ရှက်တတ်သဖြင့် ညိုထွေးကိုစကားမပြောတော့ဘဲ ရှောင်လာသည်။ သာချို ရှောင်တော့ ညိုထွေးကလည်း ရှောင်ရသည်ပေါ့။ သို့သော် တစ်ယောက်အပေါ် တစ် ယောက် ခင်မင်မှုသံယောဇဉ် ရှိနေသေးသည်ဆိုတာတော့ သူ့နည်းနှင့်သူ နားလည်နေကြသည်။
———————

တစ်န့ အစ်ကိုအစ်မတို့အပါအဝင် အိမ်နီးနားချင်းကလေးများ စုပေါင်းပြီးတူတူပုန်းတမ်းကစားကြ သည်။ ထိုအထဲတွင် သာချိုနှင့်ညိုထွေးက အငယ်ဆုံးဖြစ်သည်။ အကြီးများကဲ့သို့ မလျှင်မြန်သည့်အတွက် သာချိုမှာ ခွေးရူးဘဝက မလွတ်ဘဲဖြစ်နေလေသည်။

တူတူပုန်းတမ်းကစားနည်းကို ခွေးရူးလုပ်တမ်းကစားနည်းဟုလည်းခေါ်သည်။ ပါဝင်ကစားကြမည့်သူ များအားလုံး တစ်ယောက်ပြီးတစ်ယောက် ကျားဗိုလ်ဆွဲရသည်။ ကျားဗိုလ်ဆွဲရာတွင် နောက်ဆုံးကျန်သည့်သူက ခွေးရူးလုပ်ရသည်။ ခွေးရူးလုပ်ရသူက တစ်လံသာသာစည်းဝိုင်းအတွင်း ခွက်တစ်လုံးနှင့် ဒုတ်တစ်ချောင်းကိုင်၍ မျက်စိမှိတ်ကာ တစ် နှစ် သုံး လေး ဂဏန်းစဉ် ၅၀/၁၀၀ ထိ ရွတ်ဆိုနေရသည်။ ထိုအချိန်အတွင်း ပုန်းသူများက အပြီးပုန်းရသည်။

ခွေးရူးလုပ်သူက ဂဏန်းစဉ်ရေပြီးသည့်အခါ မျက်စိမဖွင့်ခင် “တူပြီလား…”ဟု အော်မေးရသည်။ ထိုအခါ ပုန်းနေသူတစ်ယောက်ယောက်က “တူ…” ဟုပြန်အော်လိုက်လျှင် မျက်စိဖွင့်ကာ “တူပြီဆိုလို့ ဒို့လာပြီ၊ ငါမခေါ်ခင် ခွက်အရင်ကန်တဲ့သူ ခွေးရူး” ဟုအော်ပြောပြီး ပုန်းနေသူတွေကို လိုက်ရှာရသည်။ တွေ့လျှင် စည်းဝိုင်းအတွင်းသို့ပြန်လာကာ ပထမဆုံးတွေ့ရှိသူ၏ နာမည်ကိုခေါ်၍ “တစ် နှစ် သုံး” ဟုဆိုကာ ခွက်ကို ခေါက်ရသည်။

နောက်လူများကိုလည်း ထိုနည်းတူ ခေါ်၍ခေါက်ရသည်။ အားလုံးကို ဖေါ်ထုတ်နိုင်လျှင် ခွေးရူးဘဝက လွတ်မြောက်မည်ဖြစ်ပြီး ပထမဆုံးအမိခံရသူက ခွေးရူးဝင်လုပ်ရသည်။ သို့သော် တစ်ယောက်ယောက်က သူ့ နာမည်အခေါ်မခံရခင် စည်းဝိုင်းအတွင်းရှိခွက်ကို ပြေးပြီးကန်ထုတ်နိုင်လျှင် ခွေးရူးသည်နောက်တစ်ကြိမ်တွင် လည်း ခွေးရူးပင်ပြန်လုပ်ရသည်။ သာချိုသည် ထိုနည်းဖြင့် ခွေးရူးဘဝက မလွတ်မြောက်နိုင်ဘဲ ဖြစ်နေသည်။

ငိုမဲ့မဲ့ဖြစ်နေသော သာချိုကိုကြည့်ကာ ညိုထွေးသနားလာသည်။ သို့သော် မခေါ်သည့်အတွက် အားပေးစကားလည်း သွားမပြောနိုင်။

“အဲ ဟုတ်ပြီ၊ အကြံရပြီ၊ ဒီတကြိမ်ပြန်ပုန်းကြရင် ညိုထွေး ပထမဦးဆုံး အမိခံလိုက်မည်၊ ပြီးလျှင် လာ ကယ်သူတွေ ခွက်ကိုမကန်နိုင်ခင် သာချိုမြင်အောင် သတိပေးမည်။ ဒါဆို သူ ခွေးရူးဘဝကလွတ်နိုင်မည်၊ သူ့နေရာကိုဝင်၍ ခွေးရူးလုပ်ရမည်၊ လုပ်ရပလေ့စေ” ညိုထွေး ကိုယ့်စိတ်ကူးနှင့်ကိုယ် ကျေနပ်နေသည်။

နောက်တစ်ကြိမ်ပြန်ပုန်းကြသည်။ ညိုထွေးသည် သာချိုအလွယ်တကူ မြင်နိုင်လောက်မည့် နေရာတွင် ပုန်းနေသည်။ သာချို ငိုမဲ့မဲ့ဖြင့် လိုက်ရှာသည်။ ဟော… တွေ့ပြီ၊ ညိုထွေးကိုတွေ့သဖြင့် သာချိုစည်းဝိုင်းအတွင်း သို့ပြေးကာ “ဟော့ဒီမှာ ညို……” ဟုတဝက်တပျက်ခေါ်ပြီး ရပ်သွားသည်။ ခွက်ကိုခေါက်ဘို့ ရွယ်ထားသော လက်သည်လည်း လေထဲတွင်ရပ်တန့်နေသည်။

ညိုထွေး သာချို့ကိုကြည့်နေသည်၊ သာချိုကလည်း ညိုထွေးကိုကြည့်ပြီး “အင်း… သူလည်း ငါ့လိုပဲ ခွေးရူးဘဝက မလွတ်ပဲ ဖြစ်နေပါလိမ့်မယ်လေ” ဟုတွေးကာ ခွက်ကိုမခေါက်ဖြစ်တော့ပေ။

ထိုအချိန် တာတီးသည် သာချို့နောက်မှ တိတ်တဆိတ်ပြေးလာကာ စည်းဝိုင်းအတွင်းမှခွက်ကို ကန်ထုတ်လိုက်သည်။ တာတီးသည် ညိုထွေးကို မိထားပြီထင်၍ လာကယ်ခြင်းဖြစ်သည်။ သို့သော် နာမည် မခေါ်ရသေးမီး ခွက်ကိုကန်မိသည့်အတွက် တာတီးခွေးရူးဖြစ်သွားသည်။ တာတီးသည် သာချိုနှင့် ညိုထွေးကို မကျေမချမ်းဖြင့်ကြည့်ကာ ခွေးရူးဝင်လုပ်ရတော့သည်။ သာချိုကတော့ ဘယ်လိုနေမည်မသိ၊ ညိုထွေးကတော့ သာချိုခွေးရူးဘဝက လွတ်မြောက်သွားသည့်အတွက် အရမ်းဝမ်းသာနေသည်။
——————

“အဲဒီကတည်းက နင့်ကို ချစ်နေမိတာ ကောင်စုတ်ရဲ့၊ အဟီးဟီး”

“ဟဲ့ ညိုထွေး၊ မှန်ရှေ့မှာတစ်ယောက်တည်း ပြုံးလိုက် မဲ့လိုက် စကားတွေပြောလိုက်နဲ့ ဘယ်လိုဖြစ် နေတာလဲ၊ အိမ်ရှေ့မှာ ဆွမ်းခံကြွလာပြီ၊ ဆွမ်းသွားလောင်းလိုက်ဦးလေ”

“ဟောတော်! ဟုတ် ဟုတ်ကဲ့ အဖွား”

မှန်တင်ခုန်ရှေ့ တစ်ယောက်တည်း စိတ်ကူးတွေယဉ်လာလိုက်တာ ဘယ်လောက်ကြာသွားသည်မသိ၊ ကိုရင်သာချိုတောင် ဆွမ်းခံကြွလာပြီတဲ့၊ အဟီး ဟင်းခိုးစားတာ လူမိသွားသလိုပဲ ရှက်လိုက်တာ။ ညိုထွေး ပါးကွက်လေးအပေါ် တို့ဖတ်လေးနဲ့ တစ်ချက်နှစ်ချက်ပုတ်၊ ဖွေးဖွေးလေးပေါ်နေတဲ့ခါးကို ဖုံးမိအောင် အင်္ကျီစ ကိုဆွဲချ၊ ပုဝါပါးပါးလေး ပုခုံးပေါ်တင်ပြီး ဆွမ်းအုပ်လေးပိုက်ကာ လှလှပပလေး ထွက်လာခဲ့သည်။

ဒီနေ့ ညိုထွေးရင်တွေ ပိုပြီးခုန်နေသည်၊ လျှောက်နေရသည့် ခြေလှမ်းတွေကလည်း မမှန်ချင်၊ ကိုင်ထား သည့်ဆွမ်းအုပ်တောင် လက်ထဲကပြုတ်ကျတော့မတတ်၊ ဒီနေ့ ဘယ်လိုဖြစ်နေသည်ကိုမသိ၊ ဆွမ်းလောင်း တော့လည်း လက်ကလေးများပင် တဆတ်ဆတ်တုန်နေသည်။

ကိုရင်သာချို သူ့ကိုများကြည့်နေမလား၊ ကြည့်ပါ ကြည့်ပါ ခုလိုလှနေအောင် ပြင်ထားတာကလည်း ကိုရင်သာချိုကြည့်ဘို့အတွက်ပဲလေ။ သိပါတယ် ညိုထွေးကို ခိုးကြည့်နေမယ်ဆိုတာ၊ အမယ် “ရှူး…” တဲ့ အသံ ကြားလိုက်တယ်၊ ဒါ ညိုထွေးရဲ့ပါးပေါ်က ရွှေဘိုသနပ်ခါးနံ့လေးကို လှမ်းရှူလိုက်တဲ့သဘောပေါ့၊ ဘယ့်နှယ်လဲ လှတယ်မဟုတ်လား၊ ညိုထွေး ဆွမ်းလောင်းရင်း မသိမသာ မျက်လုံးလေး ပင့်ကြည့်လိုက်သည်။ ဟင် ကိုရင်သာချို သူ့ကိုလည်း မကြည့်ပါလား၊ မျက်လုံးကြီး စုံမှိတ်ပြီး တောင့်တောင့်ကြီးရပ်နေသည်။

“ဟွန်း ဣနြေ္ဒကြီးတခွဲသားနဲ့၊ သူ့ကိုယ်သူ ဝါတော်လေးငါးဆယ်ရ ပုဂ္ဂိုလ်ကြီးများ မှတ်နေလားမသိဘူး၊ အူယားလိုက်တာနော်၊ စိတ်ရှိလက်ရှိ မျက်နှာကြီးဆွဲလှည့်ပြီး ညိုထွေးအလှကို ပြလိုက်ရရင် ဒီကိုယ်တော် ဈာန်လျှောတော့မယ်”

ဆွမ်းလောင်းပြီး ညိုထွေး ဆွမ်းအုပ်လေး ဘေးချကာ ထိုင်ဦးချနေစဉ်အတွင်း ကိုယ်တော်ချောက မျက်လွှာချပြီး ကြွတော်မူသွားပြီ၊ ညိုထွေးကို တစက်လေးမှ စောင့်ငဲ့မကြည့်။ တစ်မနက်လုံး ပြင်ဆင်ထား လိုက်ရတာ အခုတော့ အလကားဖြစ်ကုန်ပြီ၊ ညိုထွေးတော်တော်မကျေမနပ်ဖြစ်ပြီး ကျန်ခဲ့သည်။

“ဒီမှာ ကိုရင်သာချို၊ ဣနြေ္ဒကြီးတခွဲသားနဲ့ သိပ်ကြီးကျယ်မနေနဲ့၊ ညိုထွေးရဲ့အလှမှာ ရစ်ဝဲနေတဲ့ ပျား ပိတုံးတွေ တပုံကြီးရှင့် သိရဲ့လား။ ဒီတစ်ခါ ရှင် ကျောက်ရုပ်ကြီးလို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင်တော့ တောင်ပိုင်းက တာတီးကိုပဲ အဖြေပေးလိုက်တော့မယ်”

“တကယ် ပြောတာလား ညိုထွေး”

“ဟောတော် တာတီး“


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)