အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း – အပိုင်း(၄) – Than Win Hlaing

November 7, 2013
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း – အပိုင်း(၄)
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၈၊ ၂၀၁၃
ဇာတာစန်း လဂ်တက်ခဲ့စဉ်
          ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သခင်နု ယာယီနိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာချိန်တွင် ဗိုလ်နေဝင်းသည် ၁၉၄၇ အောက်တိုဘာ ၈ ရက်တွင် ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောကြာဒိုး၊ တောင်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်သင်းတို့အား ခန့်အပ်ပြီးနောက် ဗိုလ်နေဝင်းအား ၁၉၄၇ ဒီဇင်ဘာလ ၂ ဝ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။
          မြန်မာ့လွတ်လပ်ရေး ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရရှိပြီး သုံးလနီးပါးအချိန်တွင် ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့လေသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်ဖြူ၊ ကေအန်အို စသည့်ပါတီအဖွဲ့အစည်း အသီးသီးတို့၏ လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့သည်။
          ထိုအချိန်မှစ၍ မြန်မာပြည်တွင် ပြည်တွင်းစစ်မီးနှင့်အတူ စစ်တပ်၏ အခန်းကဏ္ဍသည် မြင့်တက်လာခဲ့သည်။ မြင့်တက်လာသော စစ်တပ်၏ အခန်းကဏ္ဍနှင့်အတူ ကံကြမ္မာမြင့်တက်လာသူမှာ နောင်တွင် ဗိုလ်ချုပ်ကြီး နေဝင်းဖြစ်လာမည့် ဗိုလ်မှူးချုပ် နေဝင်း ဖြစ်သည်။ ဗိုလ်မှူးချုပ် နေဝင်းသည် ၁၉၄၈ ဇူလိုင် ၁၆ တွင် လက်ဝဲညီညွတ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီးနောက် ဥက္ကဌ ဖြစ်လာခဲ့သည်။ အတွင်းရေးမှူးမှာ ဦးသိန်းဖေ (သိန်းဖေမြင့်) ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးနေရာ ခန့်ထားရေးနှင့် ပတ်သက်၍ သဘောတူညီမှု မရသဖြင့် လက်ဝဲညီညွတ်ရေးကောင်စီ၏ အာဏာသိမ်းရေး အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ 
  
(Bo Letyar)
        ထိုစဉ်က ဗိုလ်နေဝင်းအား ဇာတာစန်းလဂ်တက်စေခဲ့သည့် အကြောင်းရင်းများမှာ –
(၁) လက်ဝဲညီညွတ်ရေးကောင်စီ၏ ဖိအားပေးမှုကြောင့် ဗိုလ်လက်ျာသည် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့ရခြင်း။
(၂) တပ်မတော်အတွင်း၌ရှိသော ဗကပ အနွယ်ဝင် စစ်ဗိုလ်များနှင့် စစ်သည်များ တပ်တွင်း၌ ဆက်လက် မနေတော့ဘဲ (မနေနိုင်တော့ဘဲ) တောခိုကြခြင်း။
(၃) ကရင်သူပုန်ကိစ္စကြောင့် ကရင်အမျိုးသား စစ်အရာရှိများကို သံသယ ရှိလာခြင်း။
(၄) ဖဆပလ အစိုးရအဖွဲ့တွင်းမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များက ဗိုလ်နေဝင်းကို ကွန်မြူနစ်ဆန့်ကျင်ရေးသမား၊ ပါတီ၊ ဂိုဏ်းဂဏ အရောင်မရှိသူအဖြစ် ရှုမြင်ပြီး မိမိတို့၏အတွင်းလူအဖြစ် လက်သပ်မွေး မြှောက်စားခဲ့ခြင်း။
(၅) ဖဆပလ ဥက္ကဌနှင့် ၀န်ကြီးချုပ် သခင်နုကလည်း ဗိုလ်နေဝင်းကို အချိုသတ်စည်းရုံးပြီး မိမိနိုင်ငံရေး အကျိုးငှာ အသုံးချရန် ကြိုးပမ်းခဲ့ခြင်း စသည့်အကြောင်းများ ဖြစ်ပေသည်။
          ထို့နောက် ဗိုလ်နေဝင်းသည် ၁၉၄၈ သြဂုတ်လ ၁ ရက်နေ့တွင် ဗမာ့တပ်မတော် ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယစစ်သေနာပတိ ၊ သြဂုတ်လ ၁၃ ရက်တွင် ဗိုလ်ချုပ် ဖြစ်လာခဲ့လေသည်။
          အမှန်စင်စစ် ဗိုလ်နေဝင်းသည် ၁၉၄၉ ဖေဖော်ဝါရီလတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားခဲ့ရသော ဗိုလ်လက်ျာကို လိုလားသူ မဟုတ်ချေ။ အလားတူပင် တပ်တွင်း၌ရှိသော ကွန်မြူနစ်ပါတီဝင် စစ်ဗိုလ်များကိုလည်း လိုလားသူ မဟုတ်ပေ။ ထိုသူများကို မလိုလားရုံသာမက (တပ်တွင်း၌ ၎င်းတို့ရှိနေခဲ့လျှင် စစ်တပ်အပေါ် မိမိထင်သလို ချယ်လှယ်တည်ဆောက်ရန် မဖြစ်နိုင်သည်ကို ကောင်းစွာ သဘောပေါက်ခဲ့သူ ဖြစ်သည်။)
          ထို့ကြောင့် ဗိုလ်နေဝင်းသည် ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်စိန်တင်၊ ဗိုလ်သိန်းတန် စသည့် ကွန်မြူနစ်ပါတီဝင် စစ်ဗိုလ်များက အာဏာသိမ်းရန် ကြံစည်နေစဉ် ၎င်းတို့နှင့်အတူ ပူးပေါင်းရန်လုပ်ပြီး တကယ်တမ်း လုပ်ကိုင်ကြသောအခါ မသိကျိုးကျွံပြုကာ နေခဲ့ပြီး၊ နောက်ဆုံး၌ ကွန်မြူနစ် စစ်ဗိုလ်များ တောတွင်း ရောက်အောင် ဖန်တီးခဲ့သည်ဟု ဆိုသည်။
          ယင်းနောက် ကေအင်ဒီအို အရေးအခင်းကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း ရာထူးမှ အနားယူခဲ့ရရာ ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်နေဝင်း ဗမာ့တပ်မတော် စစ်ဦးစီးချုပ်၊ စစ်သေနာပတိ ဖြစ်လာခဲ့သည်။  တဖန် ၁၉၄၉ မတ်လ ၃ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ ဗိုလ်နေဝင်း၏ ကံဇာတာ စန်းလဂ်တက်မှုသည် ဤမျှတင် ရပ်တန့်မသွားခဲ့ချေ။
          လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် ရောင်စုံသူပုန်များ၏ အုံကြွပုန်ကန်မှုများကြောင့် မြန်မာအစိုးရသည် ရန်ကုန်အစိုးရ ဟု ခေါ်ရလောက်အောင် အခြေအနေ ဆိုးဝါးလာခဲ့သည်။  ထိုသို့ နိုင်ငံရေး အခြေအနေ ဆိုးဝါးနေသည့်အတွက် ဖဆပလ အစိုးရအဖွဲ့အတွင်း ဝါးအစည်းပြေသကဲ့သို့ ညီညွတ်ရေးပြိုကွဲကာ ဆိုရှယ်လစ်ဝန်ကြီးများနှင့် ရဲဘော်ဖြူဝန်ကြီးများ အစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့ကြသည်။
          ထို့ကြောင့် ၁၉၄၉ ဧပြီလ ၁ ရက်နေ့တွင် ၀န်ကြီးချုပ် သခင်နုသည် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းပြီးနောက် ဗိုလ်ချုပ်နေဝင်းအား တိုင်းပြည်အခြေအနေကို ဝင်ရောက်ထိန်းသိမ်းပေးရန်အတွက် အစိုးရအဖွဲ့သို့ ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
          ဤသို့ဖြင့် ဗိုလ်ချုပ် နေဝင်းသည် ၁၉၄၉ ဧပြီလ ၅ တွင် မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၌ ဒုတိယဝန်ကြီးချုပ် ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည်။ ယင်းနောက် ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အစိုးရအဖွဲ့မှ ပြန်လည်နုတ်ထွက်၍ စစ်တပ်သို့ ပြန်သွားခဲ့သည်။
          ၁၉၅၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ခံရသည်။ ၁၉၅၈ မေလ ၆ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်သည် သန့်ရှင်းဖဆပလနှင့် တည်မြဲ ဖဆပလ ဟူ၍ နှစ်ခြမ်း အတိအလင်း ကွဲခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ပါလီမန် ပြည်သူ့လွှတ်တော် အထူးအစည်းအဝေးတွင် တည်မြဲဖဆပလမှ ဦးဗဆွေက ဦးနု ခေါင်းဆောင်သော အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ ယင်းကို ထောက်ခံသူ ၁၁၉ မဲ၊ ကန့်ကွက်သူ ၁၂၇ မဲ ရရှိပြီး ကန့်ကွက်သည့်ဘက်က ရှစ်မဲ အသာဖြင့် အနိုင်ရရှိသွားသောကြောင့် ဦးနုအစိုးရသည် ဆက်လက်အာဏာတည်မြဲခဲ့သည်။ သို့သော်လည်း သန့်ရှင်း တည်မြဲ ဖဆပလ နှစ်ဖက်အုပ်စုကွဲပြဲမှု ဂယက်ကြောင့် နိုင်ငံရေး အခြေအနေများ တစ်နေ့တစ်ခြား တင်းမာလာခဲ့သည်။ 
          ထိုအခြေအနေကို အခွင့်အကောင်းယူ၍ ဗိုလ်ချုပ်ကြီး နေဝင်းသည် ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေး၍ အာဏာသိမ်းရန် စီစဉ်ခဲ့လေသည်။ ဤသို့ဖြင့် ဗိုလ်မှူးကြီး မောင်မောင်နှင့် ဗိုလ်မှူးကြီး အောင်ကြီးတို့က ဝန်ကြီးချုပ် ဦးနု၏ အတိုင်ပင်ခံ အရာရှိ ဦးအုန်းကို ဒဂုံရိပ်သာခေါ်ယူကာ ဆွေးနွေးခဲ့ကြသည်။ ဗိုလ်မှူးကြီးမောင်မောင်က အာဏာသိမ်းမည့် သတင်းများထွက်နေကြောင်း၊ ဗိုလ်မင်းခေါင်က တပ်ကို အရင်တိုက်မည်၊ တပ်က ဗိုလ်မင်းခေါင်ကို အရင်တိုက်မည်လော ဆိုသည်ကို မပြောနိုင်ကြောင်း၊ တပ်က အာဏာသိမ်းဖို့ များနေကြောင်း တင်ပြသည်။ ၎င်းအပြင် ဦးနုကို မိမိတို့နှင့် တွေ့ပေးစေလိုကြောင်း၊ ဦးနု ခေတ္တထွက်ပေးရန်နှင့် ဗိုလ်ချုပ်ကြီးနေဝင်းအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စေလိုကြောင်း ပြောကြားစေလိုသည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။
          ယင်းသို့ အခြေအနေများ ရှုပ်ထွေးနေချိန်တွင် ဝန်ကြီးချုပ် ဦးနုနှင့် အဖွဲ့သည် အထက်ဗမာပြည်သို့ ခရီးထွက်ရာမှာ ၁၉၅၈ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ၄ နာရီတွင်  သန့််ရှင်း ဖဆပလ ခေါင်းဆောင်များ အစည်းအဝေးကျင်းပရာ အစည်းအဝေးစတင်၍ နာရီဝက်ခန့်အကြာတွင် ဗိုလ်မင်းခေါင် အိမ်မှ အရေးကြီးသဖြင့် ဗိုလ်မင်းခေါင်နှင့် ဗိုလ်မှူးအောင်တို့အား အမြန်ပြန်လာရန် ဖုန်းဆက်လာသည်။ ထို့ကြောင့် ၀န်ကြီးချုပ် ဦးနုထံ ခွင့်ပန်၍ ပြန်သွားကြသည်။ တစ်နာရီအကြာတွင် ယင်းတို့နှစ်ဦး ပြန်လည်ရောက်ရှိလာပြီး အရေးကြီး၍ အစည်းအဝေးကို ရုပ်သိမ်းရန် ပြောကြားသည်။ ထို့ကြောင့် နောက် ၄၅ မိနစ်ခန့်အကြာတွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်ပြီး ဝန်ကြီးချုပ် ဦးနု၊ သခင်တင်၊ ဗိုလ်မှူးအောင်၊ သခင်ကျော်ထွန်း အစရှိသော ဖဆပလ ခေါင်းဆောင်များသာ ကျန်သည့်အခါ ဗိုလ်မင်းခေါင်က စစ်တပ်က အာဏာသိမ်းမည်ဖြစ်ကြောင်း၊ အာဏာသိမ်းရန် ရန်ကုန်နှင့် နယ်များတွင်ပါ အစီအစဉ်အားလုံး ပြုလုပ်ပြီးဖြစ်ကြောင်း ယုံကြည်လောက်သည့် ဌာနက သတင်းရကြောင်း ပြောပြသည်။
          ထို့နောက် ဗိုလ်မင်းခေါင်က ဝန်ကြီးချုပ် ပြေးလိုလျှင်လည်း ထွက်ပြေးနိုင်ရန် လေယာဉ်အဆင်သင့် လုပ်ထားပြီးကြောင်း အစီရင်ခံသည်ဟု ဆိုသည်။ ဝန်ကြီးချုပ် ဦးနုက မိမိသည် တရားခံ မဟုတ်၍ ထွက်ပြေးရန် မလိုကြောင်း ပြောကာ လေယာဉ်ပျံအစီအစဉ်ကို ဖျက်သိမ်းခိုင်းခဲ့သည် ဟု ဆိုသည်။ ထို့နောက် ဗိုလ်မင်းခေါင် တို့က ခုခံတိုက်ရန် ပြောရာ ဦးနုက သွေးထွက်သံယိုများ ဖြစ်မည်စိုး၍ မလုပ်ရန် တောင်းပန်သည်ဟု ဆိုသည်။ ဦးနုက ယခုအခြေအနေတွင် ရုတ်တရက် ဆုံးဖြတ်ပြီး လုပ်၍ မဖြစ်သေးကြောင်း အခြေအနေမှန်များကို ပြောပြနိုင်သူမှာလည်း ဗိုလ်ချုပ်ကြီး နေဝင်းသာဖြစ်ကြောင်း ပြောကြားကာ ဗိုလ်မင်းခေါင်နှင့် ဗိုလ်မှူးအောင်တို့အား ဗိုလ်ချုပ်ကြီး နေဝင်းနှင့် သွားရောက်တွေ့ဆုံရန် ညွှန်ကြားခဲ့သည်။ သို့သော် ထိုညက ဗိုလ်ချုပ်ကြီး နေဝင်းသည် ဧည့်ခံပွဲတစ်ခုသို့ သွားနေ၍ မတွေ့ခဲ့ကြောင်း တပ်က ထိုညတွင် အာဏာသိမ်းရန် စီစဉ်ထားသော်လည်း မန္တလေးမှ တပ်ရင်းတစ်ရင်း ရန်ကုန်ရောက်မလာ၍ ထိုညတွင် မသိမ်းဖြစ်သေးကြောင်း ဗိုလ်မင်းခေါင်က ဦးနုထံ အစီရင်ခံသည်။
          ဗိုလ်မင်းခေါင် ပြန်သွားပြီးနောက် ဝင်ဒါမီယာဝင်း၏ လုံခြုံရေးတာဝန်ခံရဲဘော်လေးများ အလုပ်ရှုပ် ယောက်ယက်ခတ်နေသည်ကို ဝန်ကြီးချုပ် ဦးနုက တွေ့ရ၍ ကိုယ်ရေးအရာရှိ ဗိုလ်လှမြင့်ကို ခေါ်မေးရာ ထိုနေ့ညက တပ်က အာဏာသိမ်းမည်ဆို၍ ပြန်လည်ခုခံရန်အတွက် ကတုတ်ကျင်းများ တူးနေကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ထွန်းအုံ (ဗိုလ်မှူးချုပ် မောင်မောင်၏ ယောက်ဖ) ၏ တပ်ရင်းတစ်ရင်းက လာရောက်သိမ်းမည် ဖြစ်ကြောင်း တင့်ကားများလည်း ပါလာနိုင်ကြောင်းကို အစီရင်ခံသည်။ ဝန်ကြီးချုပ် ဦးနုက ခုခံရန် ဆိုသည်မှာ ၎င်းတို့ဘက်မှ တစိတ်တဒေသသာရှိပြီး လက်နက်များမှာလည်း ခေတ်မမီတော့သည့် လက်နက်များဖြစ်ကြောင်း လက်နက်အင်အား၊ လူအင်အားတွင်လည်း တပ်မတော်နှင့် မယှဉ်သာကြောင်း၊ ထို့ကြောင့် အကယ်၍ အာဏာသိမ်းရန် လာကြလျှင် မိမိတို့ မသိဘဲ ဘာမျှမလုပ်ရန် ၊ မိမိထံမှ အမိန့်ရမှသာ လုပ်ရန် အမိန့်ပေးခဲ့သည်။
          ဗိုလ်မင်းခေါင်နှင့် ဗိုလ်မှူးအောင်တို့သည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်တွင် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် သွားရောက်တွေ့ဆုံကြသည်။ ဗိုလ်မှူးအောင်တို့က ကြားသမျှသတင်းများကို ဗိုလ်ချုပ်ကြီးအား ပြောပြရာ ဗိုလ်ချုပ်ကြီးက မိမိမသိကြောင်း၊ ဤအကြောင်းအရာ အသေးစိတ်ကို အသိနိုင်ဆုံး အရာရှိနှစ်ဦးမှာ ဗိုလ်မှူးကြီးမောင်မောင်နှင့် ဗိုလ်မှူးကြီး အောင်ကြီးတို့ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးအောင်ကြီးမှာ ခရီးထွက်နေ၍ ဗိုလ်မှူးကြီးမောင်မောင်ကိုခေါ်မေးပြီး အဖြစ်အပျက်များအားလုံးကို အစီရင်ခံရန် ထိုနေ့မှာပင် ဝန်ကြီးချုပ် ဦးနုထံ စေလွှတ်လိုက်မည် ဖြစ်ကြောင်း ကတိပေးသည်။
          ထိုနေ့ညနေ ၃ နာရီခန့်တွင် အခြေအနေများကို ရှင်းပြရန် ဗိုလ်မှူးကြီး မောင်မောင်သည် ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ဗိုလ်မှူးကြီး မောင်မောင်က ဗိုလ်ချုပ်ကြီးနေဝင်းနှင့်တကွ တပ်မတော်ခေါင်းဆောင်များကို တနည်းနည်းဖြင့် လုပ်ကြံကြလိမ့်မည်ဖြစ်ကြောင်း၊ လုပ်ကြံပြီးနောက် လက်ရှိအစိုးရက တပ်မတော်ကို ဖျက်ပစ်လိမ့်မည်၊ အလင်းရောက် ရဲဘော်ဖြူများကလည်း လက်နက်ပြန်ကိုင်ပြီး သော့ချက်နေရာများကို အတင်းဝင်စီးကြမည် ဟူသော သတင်းများ တပ်က ရထားသည့်အတွက် တပ်တွေအားလုံးကို တပ်လှန့်ထားကြောင်း၊ အငိုက်မမိအောင်လည်း လိုအပ်သော အစီအစဉ်များကို လုပ်နေကြောင်း၊ ဤသတင်းများကြောင့် တပ်အတော်များများက အုံကြွနေသည့်အတွက် မလိုလားအပ်သော ပေါက်ကွဲမှုများ မဖြစ်စေရန် ခေါင်းဆောင်များက တတ်နိုင်သမျှ ထိန်းသိမ်းနေကြကြောင်း မိမိသည် စီကာပတ်ကုံး မပြောတတ်၍ ဗိုလ်မှူးကြီးအောင်ကြီး ခရီးက ပြန်လာမှ ခေါ်လာပြီး စုံစုံလင်လင် ရှင်းပြစေမည် ဖြစ်ကြောင်း ပြောကြားသည်။
          စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗိုလ်မှူးကြီး မောင်မောင်နှင့် ဗိုလ်မှူးကြီး အောင်ကြီးတို့သည် ဝန်ကြီးချုပ် ဦးနုထံ လာရောက်တွေ့ဆုံ၍ အပြင်ဘက်က သတင်းအမျိုးမျိုးကြောင့် တပ်ထဲတွင် အုံကြွနေကြောင်း၊ ထိုအုံကြွမှုကို လိမ္မာစွာ မထိန်းနိုင်လျှင် မလိုလားအပ်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်ကြောင်း ဤအခြေအနေကို အစွမ်းကုန် ထိန်းသိမ်းနေသော်လည်း မည်မျှလောက်ကြာကြာ ထိန်းထားနိုင်မည်ကို ပြောရန်ခက်ခဲသည့် အခြေအနေရောက်နေကြောင်း တင်ပြသည်။
ဝန်ကြီးချုပ် ဦးနုကလည်း အခြေအနေကို အုပ်မနိုင် ထိန်းမရသည့်အထိ မည်သည့်နည်းနှင့်မျှ အဖြစ်မခံနိုင်ကြောင်း မိမိတို့လည်း အစွမ်းကုန် ဝိုင်းထိန်းပေးမည်ဖြစ်ကြောင်း ပြန်လည်အသိပေးခဲ့သည်။
ယင်းတို့နှစ်ဦး ပြန်သွားပြီးနောက် ၎င်းတို့ပြောသွားသော သတင်းနှင့် မိမိတို့ဘက်မှ ရရှိသော သတင်းများ ပေါင်းစပ်ကာ ဤအခြေအနေမျိုးတွင် မျှော်မှန်းထားသည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ လုပ်နိုင်မည် မဟုတ်ကြောင်း၊ သင့်တော်သည့် အဖြေကို အချိန်မီ မရှာနိုင်လျှင် (က) တစ်နိုင်ငံလုံး သွေးထွက်သံယို ဖြစ်မည် (ခ) တစ်နိုင်ငံလုံးကို ဗိုလ်ချုပ်ကြီးနေဝင်းပင် အုပ်ထိန်း၍ မရနိုင်သော အခြေအနေကို ရောက်မည်။ (ဂ) ဤသို့ရောက်လျှင် နိုင်ငံခြားပယောဂများ ပြည်ထောင်စုထဲ ခြေစုံပစ် ဝင်လာမည်။ (ဃ) ၀င်လာလျှင် မြန်မာနိုင်ငံသည် ဒုတိယကိုရီးယား ဖြစ်သွားမည်။ ထိုအခက်အခဲကို ကျော်လွှားရန်မှာ မိမိသည် ဝန်ကြီးချုပ်ရာထူးမှ ထွက်ကာ လွှတ်တော်တွင် ဗိုလ်ချုပ်ကြီး နေဝင်းအား ဝန်ကြီးချုပ် ခန့်အပ်ရန် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးစေရန် ဗိုလ်ချုပ်ကြီး နေဝင်းအား တာဝန်က ရပ်ရန် ဖြစ်သည်ဟု ဆိုသည်။ ထို့နောက် သန့်ရှင်းဖဆပလ ခေါင်းဆောင်များကို ၎င်း၏ သဘောထားအား စဉ်းစားရန် တင်ပြခဲ့သည်။ သန့်ရှင်းဖဆပလ ခေါင်းဆောင်များကလည်း လက်ရှိအခြေအနေအရ အကောင်းဆုံး အဖြေဖြစ်ကြောင်း ထောက်ခံကြသည်။
ထို့နောက် ပါရမီရိပ်သာ နေရာတ၀ိုက်တွင်ရှိသော အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်း၏ တပ်ခွဲကို အင်းလျားလိပ်ဟိုတယ် ဆောက်လုပ်နေသော ပြန်လည်ထူထောင်ရေး တပ်သားအင်အား ၅ဝဝ ခန့်ဖြင့် ဝိုင်းထားကြသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့အတွင်း၌ စစ်တပ်များ ရွေ့လျား သွားလာနေသည်ကို တွေ့ရသည်။ အချို့နေရာများတွင် အသွားအလာများကို စစ်တပ်နှင့် ရဲပေါင်းကာ စစ်ဆေးကြသည်။ ရန်ကုန်၊ မန္တလေး၊ ဟင်္သာတ၊ တောင်ငူ၊ ပျဉ်းမနား၊ မော်လမြိုင် စသောမြို့များကို တပ်မတော်က ထိန်းသိမ်းလိုက်ပြီဟု ဖော်ပြထားကြောင်း ဆောင်းပါးရှင်တစ်ဦးက “ပက်စက်စွာ လုပ်ကြံပြီ” ဟူ၍ အထောက်တော် သတင်းစာကို ရည်ညွှန်းကာ ရေးသားဖော်ပြလေသည်။
ယင်းနောင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီးနှင့် ဗိုလ်မှူးချုပ် တင်ဖေတို့ သုံးဦးသည် ၀န်ကြီးချုပ် ဦးနုနှင့် ဆွေးနွေးရန် ရောက်ရှိလာခဲ့သည်။ ဝန်ကြီးချုပ် ဦးနုနှင့်အတူ ဒုတိယဝန်ကြီးချုပ် သခင်တင်၊ ဝန်ကြီး ဗိုလ်မင်းခေါင်၊ ဝန်ကြီး ဦးတင်မောင်တို့လည်း ရှိနေကြသည်။ ဆွေးနွေးပွဲ စတင်သည်နှင့် ဝန်ကြီးချုပ်က-
“ခင်ဗျားတို့မြို့တွင်းမှာ တင့်ကား၊ သံချပ်ကာကား၊ အမြောက်ကြီးများဖြင့် ဘယ်လိုလုပ်နေကြတာတုန်း” ဟု မေးမြန်းရာ ဗိုလ်မှူးကြီး မောင်မောင်က တပ်မတော်က အာဏာသိမ်းယူခြင်း ဖြစ်ကြောင်း၊ တပ်များကို အချက်အချာများတွင်လည်း ချထားနေဆဲ ဖြစ်ကြောင်း၊ ဝန်ကြီးများအားလုံးနှင့် ၎င်းတို့၏ ကိုယ်ရေးအရာရှိများ ရုံးတက်ခြင်း မပြုရန် ပြောကြားခဲ့သည်။ ထိုအခါ ဝန်ကြီးချုပ် ဦးနုက-
“အာဏာမသိမ်းကြနဲ့၊ အာဏာသိမ်းတာဟာ စစ်တပ်လည်း နာမည်ပျက်တယ်၊ တိုင်းပြည်လည်း နာမည်ပျက်တယ်၊ အဲဒီတော့ နောက် ၆ လကြာရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကို အာဏာလွှဲပေးပါ့မယ်၊ ဒီလိုအာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကို ခေါ်လိုက်မယ်၊ လွှတ်တော်ကျင်းပတဲ့နေ့မှာ ကျုပ် ဝန်ကြီးချုပ်ရာထူးက ထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီး နေဝင်းကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်အောင် ကျုပ်အဆို တင်သွင်းပေးမယ်” ဟူ၍ ပြောခဲ့ကြောင်း ဦးနု၏ တာတေ စနေသား စာအုပ်၌ ဖော်ပြထားလေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးနုက ၃ လအတွင်း ရွေးကောက်ပွဲ လုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဗိုလ်မှူးကြီး မောင်မောင်က ၃ လနှင့် တိုင်းပြည်ကို ငြိမ်းချမ်းအောင် မည်သည့်နည်းနှင့်မျှ မလုပ်နိုင်ကြောင်း၊ ရွေးကောက်ပွဲ အချိန်ကျမှဆိုလျှင် ဖြစ်နိုင်ကြောင်း၊ တစ်နှစ်ခွဲခန့် အချိန်ရလျှင် တိုင်းပြည်ကို အသေအချာ ရှင်းလင်းသွားအောင် လုပ်ပေးရန် တာဝန်ယူကြောင်းပြောရာ ၊ ဦးနုက မိမိအား ဆင်းဆိုလျှင်လည်း ဆင်းပေးမည်၊ ဖမ်းချင်လည်း ဖမ်း၊ ထောင်ချလိုက်လျှင်လည်း အရေးမဟုတ်ကြောင်း သို့သော် တရားမျှတသော ရွေးကောက်ပွဲလုပ်ရန် အချိန်ကို ၃ လသာလျှင် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်ဟု ဆိုသည်။
ဤသို့ပြောကြားပြီးနောက် ပြောကြားချက်များကို စာချုပ်သဘောမျိုး စာတစ်စောင်ရေးကာ ဗိုလ်ချုပ်ကြီး နေ၀င်း သဘောတူမတူကို မေးခိုင်းသည်ဟု ဆိုသည်။
ဤသို့ ပြောကြားပြီးနောက် ပြောကြားချက်များကို စာချုပ်သဘောမျိုး စာတစ်စောင်ရေးကာ ဗိုလ်ချုပ်ကြီး နေဝင်း သဘောတူမတူကို မေးခိုင်းသည်ဟု ဆိုသည်။ ဦးနုထံမှ ပေးပို့သော စာတွင် –
ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့ပြီးလျှင် ၁၉၅၉ ခုနှစ် ဧပြီလ မကုန်မီအတွင်း လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရန် လိုအပ်သည့် အစီအစဉ်များ ဆောင်ရွက်ပေးရန် သန့်ရှင်းဖဆပလ အဖွဲ့ ဗဟိုကော်မတီက လိုလားကြောင်း၊ လိုလားချက်အတိုင်း ၀န်ကြီးချုပ်ရာထူးကို လက်ခံနိုင်မည်ဆိုလျှင် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကို ဆင့်ခေါ်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ် ၅၇ အရ သမ္မတကြီးအား အကြံပေးမည်။ ပြည်သူ့လွှတ်တော် စတင်ကျင်းပသည့်နေ့တွင် မိမိဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးမည်။ ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်းကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ရန် အဆိုတင်သွင်းမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရအဖွဲ့တွင်  သန့်ရှင်းဖဆပလ အဖွဲ့ဝင်များကို ထည့်ပေးရန်မလိုကြောင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်စေရန် အမှုထမ်း အရာထမ်းများအားလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများအား လည်းကောင်း၊ နိုင်ငံရေးနယ်ပယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများ မရှိစေရန်ထိန်းသိမ်းစောင့်ရှောက်ပေး စေလိုကြောင်း လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ဖိနှိပ်ချုပ်ချယ်မှုများ ရက်စက်မှုများနှင့် သတ်ဖြတ်မှုများကို မိမိခရီးထွက်စဉ်က ခံရသူ ကာယကံရှင်များက တိုင်ကြားကြကြောင်း ဤအဓမ္မမှုများကို ဦးစာပေး နှိပ်ကွပ်စေလိုကြောင်း ရာဇဝတ်မှုများကိုလည်း အထူးဦးစားပေး နှိပ်ကွပ်စေလိုကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် ပြည်ထောင်စုသားများ အထူးမျှော်လင့်တောင့်တလျက်ရှိသည် ငြိမ်းချမ်းရေး အောင်ပန်းကို ရာနှုန်းပြည့် ဆွတ်ခူးပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ နိုင်ငံခြားရေးတွင်လည်း ကြားရေးဝါဒကို ဆက်လက်ကျင့်သုံးရန် အထူးတိုက်တွန်းလိုကြောင်းများ ဖော်ပြထားသည်။
၎င်းစာကို ယူကာ ဗိုလ်မှူးကြီး မောင်မောင်တို့က ဗိုလ်ချုပ်ကြီး နေဝင်းထံ သွားရောက်တင်ပြ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းက သဘောတူကြောင်း ပြန်စာကို ယူလာခဲ့သည်။ ဤသို့ပြန်ကြားရာတွင် စာနှစ်စောင်ပါလာခဲ့သည်။  ၎င်းစာပါ အကြောင်းအရာများမှာ အတူတူပင် ဖြစ်သော်လည်း တစ်စောင်တွင် ဗိုလ်ချုပ်ကြီး နေဝင်း တစ်ဦးသာ လက်မှတ်ထိုးပြီး အခြားတစ်စောင်တွင် တပ်မတော်ထိပ်တန်း အရာရှိများကပါ လက်မှတ်ရေးထိုးထားသည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ စာတွင် 
ဤမျှကြီးလေးသော တာဝန်ကြီးကို ထမ်းဆောင်ရန် များစွာ ဦးလေးကြောင်း၊ သို့သော် ဝန်ကြီးချုပ်၏ စေတနာကို လေးစားသောကြောင့် ဝန်ကြီးချုပ်က လိုအပ်၍ ဤတာဝန်ကို ထမ်းဆောင်မှ သင့်လျှော်မည်ဆိုလျှင် အစွမ်းကုန် ကြိုးစား၍ နိုင်ငံတော်ကို ထိန်းသိမ်းမည်ဖြစ်ကြောင်း သို့သော် မိမိသည် တိုင်းပြည်အုပ်ချုပ်သည့် တာဝန်ကို လုပ်ကိုင်ဖူးခြင်းလည်း မရှိ၊ လုပ်မည်ဟုလည်း မည်သည့်အခါကမှ မရည်ရွယ်ခဲ့၊ လုပ်အံ့ဟုလည်း မည်သည့်အခါကမှ မစဉ်းစားဖူးပါသဖြင့် မိမိသည် ရိုးသားဖြူစင်စွာ ဤတာဝန်ကို ထမ်းဆောင်ရာတွင် ချွတ်ယွင်းချက်များ ရှိပါလျှင် ခွင့်လွှတ်နိုင်မည်ဟု ယူဆကြောင်း ခွင့်လွှတ်ရန်လည်း တောင်းပန်ကြောင်း ဖော်ပြထားသည်။ ဆက်လက်၍ ၁၉၅၉ ခုနှစ် ဧပြီလ မကုန်မီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရမှာ ကတိပြုကြောင်း၊ အစိုးရအဖွဲ့သစ်ဖွဲ့ရလျှင် ပြည်နယ်များနှင့် ချင်းဝိသေသတိုင်းတို့မှ သင့်လျော်မည့် ကိုယ်စားလှယ်များမှတပါး ပြည်မတွင်ရှိသော နိုင်ငံရေးအဖွဲ့အစည်းထဲမှ မည်သည့် ကိုယ်စားလှယ်မျှ ထည့်သွင်းမည် မဟုတ်ကြောင်း၊ အမှုထမ်းများ ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး နယ်နိမိတ်တွင်းသို့ ကျူးကျော်မှုများ မဖြစ်ပွားရန် အထူးထိန်းသိမ်း စောင့်ရှောက်မည်ဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းအချို့အပေါ် အဓမ္မပြုမှုများ ရာဇ၀တ်မှုများလာလည်း ပပျောက်သွားရန် အထူးဦးစားပေး ဆောင်ရွက်ရန် ကတိပြုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်လည်း ကြိုးစားအားထုတ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးတွင် တည့်မတ်စွာ ကြားနေရေးဝါဒ မည်သည့်နည်းနှင့်မျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ကတိပြုပါသည် ဟူ၍ ပါရှိသည်။ ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ အပြန်အလှန် ပေးစာနှစ်စောင်ကို ၁၉၅၈ စက်တင်ဘာလ ၂၇ ရက်ထုတ် နေ့စဉ်သတင်းစာများတွင်လည်း ဖော်ပြထားသည်။
သို့သော် အဆိုပါ ပေးစာနှစ်စောင်စလုံးကို ဝန်ကြီးချုပ် ဦးနုကပင် ရေးသားခဲ့ကြောင်း သိရှိရပေသည်။ ယင်းနောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများက ကန့်ကွက်နေသည့်ကြားမှပင် ၁၉၅၈ အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို၍ နိုင်ငံတော်သမ္မတ ဦးဝင်းမောင် (မန်းဝင်းမောင်) သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၆ (၂) အရ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ခန့်အပ်လိုက်သည်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှာ –
၁။ ဗိုလ်ချုပ်ကြီး နေဝင်း            – နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
၂။ အဂ္ဂမဟာသရေစည်သူ        – ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဌာန၊ သာသနာရေးဌာန၊ ကျန်းမာရေးဌာန၊
    သတိုးသီရိသုဓမ္မဦးသိမ်းမောင်             ပြည်သူ့ဝန်ထမ်းဌာနဝန်ကြီး။
၃။ စဝ်ဝဏ္ဏ                          – ကယားပြည်နယ်ဝန်ကြီး။
၎။ သတိုးမဟာသရေစည်သူ      – ရှမ်းပြည်နယ်ဝန်ကြီး။
၅။ ဒေါက်တာစောလှထွန်း         ပြည်နယ်ဝန်ကြီး။
၆။ ဒူဝါးဇော်လွန်း                             – ကချင်ပြည်နယ်ဝန်ကြီး။
၇။ ဦးထန်လျန်း                     – ချင်းရေးရာဝန်ကြီး။
၈။ မဟာသရေစည်သူ             – ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီသေန္တာရအဖွဲ့များ
ဦးခင်မောင်ဖြူ                  ဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံရေး   ဝန်ကြီးဌာနဝန်ကြီး
၉။ သတိုးမဟာသရေစည်သူ      – တရားရေးဌာနဝန်ကြီး
    ဦးချန်ထွန်းအောင်
၁၀။ ဦးကျော်ငြိမ်း                   – ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနဝန်ကြီး
၁၁။ စည်သူဦးဘကြား             – ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာန၊ သမ၀ါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး
                                      ဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီးဌာနဝန်ကြီး။
၁၂။ သရေစည်သူဦးစံညွှန့်        – သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့်
မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးနှင့်
ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီး။
၁၃။ ဦးကာ                          – ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာ
                                         ဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာနဝန်ကြီး။
၁၄။ သီရိပျံချီဦးချစ်သောင်                  – စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္ထုတွင်းနှင့်အလုပ်သမားဝန်ကြီးဌာန၊
                                                ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး – တို့ ဖြစ်ကြသည်။
          သို့သော် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရသည် ၆ လ ပြည့်သည့်တိုင်အောင် ရွေးကောက်ပွဲ ကျင်းပမပေးနိုင်၍ ပါလီမန်အမတ် မဟုတ်သူ တစ်ယောက်အား ၆ လထက် ကျော်လွန်ပြီး ဝန်ကြီး (သို့မဟုတ်) ဝန်ကြီးချုပ် လုပ်ခွင့်မပြု ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၁၆) ကို ပြင်ဆင်၍ နောက်ထပ် ၆ လတိုးပေးရန် တောင်းဆိုခဲ့ရာ ပါလီမန်၌ အတိုက်အခံများ၏ အပြင်းအထန် ကန့်ကွက်ခြင်းခံရသည်။ ယင်းနောက် ၁၉၅၉ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော်သမ္မတထံ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်လွှာ တင်သွင်းခဲ့သည်။
          ယင်းသို့ နုတ်ထွက်သွားပြီးနောက် နိုင်ငံတော်သမ္မတထံ ပေးပို့သော နုတ်ထွက်လွှာမှာ အောက်ပါအတိုင်း ဖြစ်သည်။-
                                                                    ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်
နေ့စွဲ။ ၁၉၅၉ ၊ ဖေဖော်ဝါရီလ ၁၃ ရက်
အတွင်းစာအမှတ် ၁၈ (ဥ) ဝ၅၉
အစီရင်ခံပါသည်ခင်ဗျား။
          ကျွန်တော်သည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ၁၉၅၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ ယနေ့ ၁၉၅၉ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည့်အချိန်ပိုင်းအတွင်း အဖြစ်အပျက် အခြေအနေတို့ကို ယနေ့ပါလီမန်သို့ ကျွန်တော်တင်ပြမည့် ပူးတွဲပါ အစီရင်ခံချက်တွင် တွေ့ရပါလိမ့်မည်။
          ထိုအစီရင်ခံစာတွင် ဖော်ပြပါရှိသော အချက်အလက်များကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၁၁၇ (၁) အရ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သည့် ဤနုတ်ထွက်လွှာကို နိုင်ငံတော် သမ္မတ၏ လက်သို့ ပေးအပ်ပါသည်။
(ပုံ) (ဗိုလ်နေ၀င်း)
နိုင်ငံတော်ဝန်ကြီးချုပ်
(ဗိုလ်ချုပ်ကြီး နေဝင်း)
နိုင်ငံတော်သမ္မတကြီး
          အထက်ပါစာတွင် ပါရှိသည့်အတိုင်း ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အဋ္ဌမအကြိမ်မြောက် ပြည်သူ့လွှတ်တော်ပါလီမန် အစည်းအဝေးသို့ မိမိသည် မည်သည့်အကြောင်းများကြောင့် နုတ်ထွက်ခွင့်တင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။
          ထို့နောက် ဗိုလ်ချုပ်ကြီး နေဝင်းက မိမိနုတ်ထွက်ရခြင်း အခြားအကြောင်းတစ်ရပ်ကိုလည်း ဤသို့ အကျယ်တဝံ့ ရှင်းပြသွားခဲ့သည်။
          ဥက္ကဌကြီးခင်ဗျား။  ပါလီမန်ရွေးကောက်ပွဲကို ဧပြီလမှာ လုပ်ရမည်ကို ဆုံးဖြတ်ကြလျှင် ကျွန်တော်ကလည်း ယနေ့နံနက် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးသား ဖြစ်နေတော့ ဧပြီလ ရွေးကောက်ပွဲမှာ တင်မြှောက်မည့် အစိုးရ-မဖွဲ့စည်းရမီ ယာယီအစိုးရတစ်ခု ရှိရပါလိမ့်မည်။ လက်ရှိအခြေအနေနှင့် ဆိုလို့ရှိလျှင်ဖြင့် ကျွန်တော်တို့ အစိုးရအပေါ်မှာ နိုင်ငံရေးပါတီတွေ ထားရှိတဲ့ သဘောထား အခြေအနေတွေအရ ကျွန်တော် ဝန်ကြီးချုပ် ဆက်လုပ်ဖို့ မသင့်တော့ဘူးလို့ ယူဆတဲ့ ဒုတိယအကြောင်းအတွက်လည်း ၀န်ကြီးချုပ်အဖြစ်က နုတ်ထွက်ခဲ့ခြင်း ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။  အောက်တိုဘာလ လွှတ်တော်မှာ ကျွန်တော့်ကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့စဉ်က ပါလီမန်မှာ အင်အားကြီးမားတဲ့ သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလ အဖွဲ့ရဲ့ ထောက်ပံ့မှုကို ရရှိခဲ့ပါတယ်။ ယခုလို အများစုရဲ့ ထောက်ခံမှုကို ရလို့လည်း ဝန်ကြီးချုပ်အဖြစ် ကျွန်တော်ရှောရှောရူရူ လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအချိန်မှာ စာလျှင်တော့ ကျွန်တော့်အစိုးရကို တည်မြဲဖဆပလ ဧပြီလ ရွေးကောက်ပွဲလုပ်တဲ့အထိ ထောက်ခံနေတယ်။ နောက်ထပ်ဆက်လုပ်ဖို့ လိုအပ်တယ်ဆိုလျှင်လည်း ထောက်ခံဦးမည်လို့ ကြေညာထားတာ တွေ့ရပါတယ်။ သို့သော် သန့်ရှင်းဖဆပလကတော့ သဘောတစ်မျိုး ပြောင်းသွားပါပြီ။ သူတို့က ကျွန်တော်ခေါင်းဆောင်တဲ့ အစိုးရ တက်လာတဲ့ ၃ လ ကျော်ကျော်ပိုင်းအတွင်းမှာ သန့်ရှင်းအဖွဲ့ကို ဖိနှိပ်ချုပ်ချယ်တဲ့အနေနဲ့ ဖမ်းလားဆီးလား လုပ်တယ်လို့ စွပ်စွဲရင် ရှိပါတယ်။ တနည်းဆိုလျှင် ကျွန်တော်တို့ အစိုးရအပေါ် အလျင်က ယုံကြည်မှုမျိုး မရှိတော့ဘူးဆိုတာ အရိပ်အရောင်ပြလိုက်သလို ဖြစ်နေပါတော့တယ်။ ကျွန်တော်တို့ အစိုးရ စဖွဲ့တဲ့အချိန်က အဆိုသွင်းပေးခဲ့တဲ့ သန့်ရှင်းဖဆပလရဲ့ အငြိုအငြင်ကို ခုလိုခံခဲ့ရတော့ ကျွန်တော်ဝန်ကြီးချုပ်အဖြစ် သည်အတိုင်း ဆက်လက်ပြီး ဆောင်ရွက်ချင်စရာ  မရှိတော့တဲ့ အကြောင်းတစ်ခု ဖြစ်လာပြန်ပါတယ်။ ဒါကြောင့်မို့ သည်ကနေ့ကစပြီး ဧပြီလ ရွေးကောက်ပွဲ လုပ်တဲ့အထိပဲ ဖြစ်ဖြစ်၊ သည်တက်ရောက်ကျတဲ့ အချိန်အထိပဲဖြစ်ဖြစ်၊ ဖြစ်ပေါ်လျှင်တော့ ကျွန်တော်ဝန်ကြီးချုပ် အဖြစ် ဆက်ပြီး မဆောင်ရွက်လိုတော့ပါ။ ဤသို့ နုတ်ထွက်ရခြင်း အကြောင်းရင်းနှစ်ရပ်ကို အကျယ်တဝံ့ ရှင်းလင်းပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၅၉ ဧပြီလအတွင်း ရွေးကောက်ပွဲ ကျင်းပသင့်မသင့် ကိစ္စကို ပါလီမန်က ဆုံးဖြတ်ရန် တာဝန်လွှဲအပ်လိုက်သည်။
          ဗိုလ်ချုပ်ကြီး နေဝင်း၏ မိန့်ခွန်းအား ၁၉၅၉ ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ ကျင်းပသော လွှတ်တော်၌ သာယာဝတီ သခင်ချစ်မောင် (နောင် ဝိဓူရသခင်ချစ်မောင်) က အပြင်းအထန် ဝေဖန်သွားခဲ့သည်။ သခင်ချစ်မောင်၏ ဝေဖန်ပြောကြားမှု အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။-
          ဥက္ကဌကြီးခင်ဗျား၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တိုင်းပြည်ရဲ့ အခြေအနေများအပေါ်မှာ အစီရင်ခံတဲ့ မိန့်ခွန်းကို ယခုလို ဆွေးနွေးဝေဖန်ခွင့်ရတဲ့အတွက် ဥက္ကဌကြီးအားလည်းကောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းအားလည်းကောင်း၊ ကျွန်တော်အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ ထားရှိတဲ့ ကတိအတိုင်း ဧပြီလ မတိုင်မီမှာ ရွေးကောက်ပွဲ ကျင်းပမပေးနိုင်တဲ့ အကြောင်း၊ ဘာကြောင့် နုတ်ထွက်လိုက်ရပါပြီ ဆိုတဲ့အကြောင်း ဒီလိုမိန့်ခွန်းကို ကြားလိုက်ရတဲ့အချိန် ၄ နာရီကစပြီး ကျွန်တော်နှင့်တကွ ဒီမိုကရေစီ ချစ်မြတ်နိုးကြတဲ့ တိုင်းသူပြည်သားများဟာ အင်မတန်ပဲ စိတ်မချမ်းသာ ဖြစ်နေကြရပါတယ်။
          သို့သော်လည်း ဝန်ကြီးချုပ် မိန့်ခွန်းဟာဖြင့် ဒီနေ့တိုင်းပြည်မှ သေရေးရှင်တမျှ ဆိုက်ရောက်နေတဲ့ အကျပ်အတည်းများကို ဖော်ပြပြီး ဒီအကျပ်အတည်းများကို ဒီလိုက ဘယ်လိုထွက်ရမယ်ဆိုတဲ့ ထွက်ရပ်လမ်းများကို ဖော်ပြတဲ့ မိန့်ခွန်းကြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိန့်ခွန်းမှာ သဘောတူနိုင်တာတွေ မတူနိုင်တာတွေ ဘယ်ပုံရှိတယ်၊ ဘယ်နည်းဟာ တိုင်းပြည်ရဲ့ ထွက်ရပ်လမ်း ဖြစ်တယ်ဆိုတာ ကျွန်တော်တို့က တိတိလင်းလင်း ဒီလွှတ်တော်မှတဆင့် နိုင်ငံတော်ကို တင်ပြရမည့် ကြီးစွာသော ၀တ္တရား ရှိပါတယ်။ ဒီလို ၀တ္တရား ရှိတဲ့အတိုင်း ယခုလို ဝေဖန်ဆွေးနွေးရခြင်း ဖြစ်ပါတယ်။
          ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးသက်တမ်း ၁ဝ နှစ်အတွင်းမှာ အကျပ်အတည်းပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ ဥပမာ ပါလီမန်လွှတ်တော်ကြီးက တိုင်းသူပြည်သားတွေ အင်မတန် လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မပေးနိုင်ခဲ့ပါဘူး။ ဒီနေ့အထိလည်း မပေးနိုင်ခဲ့ပါဘူး။ တိုင်းသူပြည်သားတွေမှာဆိုလျှင် အသက်အိုးအိမ် စည်းစိမ်ကို လုံခြုံမှုကင်းကွာပြီး သွေးချောင်းစီးတဲ့ မြန်မာနိုင်ငံတော်မှာ သွေအိုင်တွေထဲမှာ အလူးအလိမ့် ခံနေကြရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဆိတ်သုဉ်းပြီး ပါလီမန်လွှတ်တော်က တိုင်းသူပြည်သားတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးကို မပေးနိုင်ခဲ့တာဟာ ဒီနေ့ပြည်သူတွေ ရင်ဆိုင်နေရတဲ့  ငြိမ်းချမ်းရေး အကျပ်အတည်းကြီး ဖြစ်ပါတယ်။
          နောင်လာနောက်သားများအတွက် တိုင်းပြည်ကို ယုံပြီး အပ်ခြင်းခံရတဲ့ ဒီပါလီမန်လွှတ်တော်ကြီးက တည်ငြိမ်တဲ့ ခိုင်မာတဲ့၊ မှန်ကန်တဲ့ ပညာရေးစနစ်ကြီးကို ဖြေရှင်းပေးခဲ့သလားဆိုလျှင် ဒါကို ဖြေရမည်ဆိုလျှင် ရှက်စရာ ကောင်းပါတယ်။ ဒီနေ့ထိအောင် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ဒီနေ့မှာဆိုလျှင် မော်တော်ကား ဂီယာပြောင်းသလို ခဏခဏ ဒီနေ့တစ်မျိုး၊ မနက်ဖြန်တစ်မျိုး ခဏခဏပြောင်းပြီး ကလေးများရဲ့ ပညာသင်ကြားရေးဟာလည်း ဒီနေ့တိုင်အောင် ပုံသေကားကျ မရှိသေးပါဘူး။ ဒါဟာ ၁ဝ နှစ် အတောအတွင်းမှာ လွှဲမှားနေတဲ့ ပညာရေးအကျပ်အတည်း တစ်ခု ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ ဒါတင်မကသေးပါဘူး။ ကျွန်တော်တို့မှာ အိုးမဲ့ အိမ်မဲ့ ပြဿနာတွေဟာ အင်မတန် ကြီးကျယ်နေခဲ့ပါတယ်။ ဒီနေ့ဆိုလျှင် မြူနီစီပယ်မင်းကြီး လုပ်နေတဲ့ ဗိုလ်မှူးကြီး ထွန်းစိန်ဆိုလျှင် သူကိုယ်တိုင် အမုန်းတီးခံပြီးတော့ တဲအိမ်ပြဿနာတွေ၊ အိုးအိမ်ပြဿနာတွေကို ဆောင်ရွက်နေပါတယ်။
          ရန်ကုန်မြို့တွင် မဟုတ်ဘဲ၊ ဒါဟာ မြန်မာပြည်တစ်ပြည်လုံးရဲ့ ပြဿနာ ဖြစ်နေပါတယ်။ အဲဒီပြဿနာနှင့် ကျန်းမာရေးပြဿနာတို့၊ ပညာရေးပြဿနာတို့၊ လူမှုရေးပြဿနာတို့ဆိုတဲ့ အကျပ်အတည်းတွေကိုလည်း ဒီနေ့ထိအောင် တိုင်းပြည်က ယုံပြီး ပုံအပ်ခြင်းခံရတဲ့ ပါလီမန် လွှတ်တော် ၁၀ နှစ်သက်တမ်း အတောအတွင်းမှာ ကျေနပ်လောက်အောင် ဘာမှ မဖြေရှင်းနိုင်သေးပါဘူးဆိုတာ တွေ့ရပါတယ်။
          ဥက္ကဌကြီးခင်ဗျား၊ ဒါတင်မကသေးဘဲ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်။ တို့တိုင်းပြည်ရဲ့ မြေကို တစ်လမမျှ အကျူးကျော်မခံရဆိုတဲ့ အဲဒီသြ၀ါဒ မိန့်ခွန်းကိုလည်း ဒီနေ့အဖို့မှာ မေ့သလို ဖြစ်နေပါတယ်။ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နယ်မြေပေါ်မှာ ကမ္ဘာ့စစ်ဘီလူးများဖြစ်တဲ့ အမေရိကန် အစိုးရရဲ့ ကြိုးကိုင်ချယ်လှယ်ခြင်းခံရတဲ့ ကူမင်တန်တပ်များဟာ မြန်မာနယ်ပေါ်မှာ ကျူးကျော်နေပါတယ်။ ကူမင်တန်တပ်များကို တိုင်းပြည်က ယုံပြီး ပုံအပ်ခြင်းခံရတဲ့ ဒီပါလီမန်လွှတ်တော်ကြီး ဗမာ့မြေတစ်လက်မမှ မဟုတ်ပါဘူး။  အရှေ့ပိုင်းတစ်ပိုင်းလုံး လွှမ်းမိုးနေတဲ့ ကူမင်တန် ကျူးကျော်မှုပြဿနာကို ဒီပါလီမန် လွှတ်တော်ကြီးက မဖြေရှင်းနိုင်သေးပါဘူး။
          အဲဒီလို အကျပ်အတည်းပေါင်းများစွာနှင့် ၁ဝ နှစ်သက်တမ်းအတွင်းမှာ ရင်ဆိုင်နေရတဲ့ ဒီပြဿနာတွေဟာ ဖြေရှင်းပေးဖို့ တန်းလန်းကြီးပဲ ရှိပါသေးတယ်။  ဘာမှကျေနပ်လောက်အောင် မဖြေရှင်းနိုင်သေးပါဘူး။ သို့သော်လည်း ဥက္ကဌကြီးခင်ဗျား၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးဟာ ပျက်သွားသလားဆိုတာ မပျက်သေးပါဘူး။ ဘာက ခံနေသလဲဆိုရင် ဘယ်အခြေခံအင်အားနှင့် ခံနေသလဲဆိုရင် ဒီလွှတ်တော်ကြီးတစ်ခုလုံးက ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီအကျပ်အတည်းပေါင်းများစွာနှင့် ၁၀ နှစ် အတောအတွင်းမှာ ရင်ဆိုင်နေရပေမယ့် ဘယ်အင်အားက ခုခံနေသလဲဆိုလျှင် ကျွန်တော်တို့မှာ အင်အားသုံးပါး ရှိပါတယ်။
          ကျွန်တော်တို့ အချင်းချင်းကွဲပြီး သန့်ရှင်း ဖဆပလ ၊ တည်မြဲဖဆပလ၊ ပမညတ၊ ဆိုရှယ်နီဆိုပြီး ကွဲနေပေမယ့် အယူအဆ ကွဲနေကြသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံမှာ အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်နေရတဲ့ကြားက ဒီနေ့ထိအောင် ခံနိုင်ရည်ရှိနေတာက အင်အားကြီးသုံးပါး ရှိပါတယ်။ တစ်နည်းအားဖြင့် ဆိုရလျှင် ကျွန်တော်တို့အင်အားရဲ့ အခြေခံ တရားကြီး သုံးပါးပါပဲ။
          ဥက္ကကြီးဗျာ၊ ပထမအင်အားကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတည်မြဲနေသေးတာဟာ ကျွန်တော်တို့ရဲ့ အင်အားတစ်ပါးပါ။ ဘယ်လောက်ပဲ သဘောကွဲလွဲနေပါစေ၊ ဘယ်လောက်အကျပ်အတည်းတွေ ရင်ဆိုင်နေရပါစေ။ ကျွန်တော်တို့ ခံနိုင်ရည်အင်အားကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တည်မြဲနေသေးတာဟာ ကျွန်တော်တို့ရဲ့ အင်အားပဲ ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တည်မြဲတယ်ဆိုတာ ဘာတည်မြဲသလဲလို့ ပြန်စဉ်းစားဖို့ လိုတယ်။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၃ မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၌ တည်သည်ဆိုတဲ့ အင်အားဖြစ်ပါတယ်။ ဒါဟာ အနှစ်သာရ ဖြစ်ပါတယ်။ ဒီလို အဓိက အနှစ်သာရနှင့် အသည်းနှလုံးမပျောက်သေးသမျှ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဘယ်တော့မှ မပျက်နိုင်ပါဘူး။ ဒါကို ပထမ သေသေချာချာ ယုံကြည်ပါတယ်။ ဒါက ပထမအင်အား ဖြစ်ပါတယ်။
          ဒုတိယအင်အားကတော့ ကျွန်တော်တို့နိုင်ငံက ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့မှာ တည်ရမည် ဆိုပြီးတဲ့နောက် ဒီအာဏာကို ကျင့်သုံးတဲ့နေရာမှာ ပါလီမန်ဒီမိုကရေစီ စနစ်ဖြစ်ပါတယ်။ ဒီပါလီမန်ဒီမိုကရေစီစနစ် တည်တံ့နေသည်နှင့်အမျှ ဒီပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး မပျက်သေးဘူးဆိုတာ အာမခံထားတဲ့ ဒုတိယအင်အားဖြစ်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၆ မှာ ပါလီမန်ရဲ့ ဖွဲ့စည်းခြင်းနှင့် အခွင့်အာဏာဆိုင်ရာ ပြဌာန်းချက်နှင့်တကွ ပါလီမန်ဒီမိုကရေစီ ထုံးထမ်း စဉ်လာတွေဟာဖြင့် ဒုတိယအင်အား ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ တစ်လုံးတည်းပဲ ချုပ်ပြောပါဆိုလျှင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပါလီမန်လွှတ်တော်က စုပေါင်းပြီး တိုင်းပြည်ကို တာဝန်ခံတာဟာဖြင့် ပါလီမန်ဒီမိုကရေစီရဲ့ အဓိက အင်အား ဖြစ်ပါတယ်။ ဒီအင်အားဒီနေ့အထိအောင် ဆက်လက်တည်နေသမျှ ကာလပတ်လုံး ဘာအကျပ်အတည်းနှင့် ရင်ဆိုင်နေရနေရ ဘယ်တော့မှ ပြည်ထောင်စုကြီးဟာ မပျက်စီးနိုင်ဘူးလို့ ယုံကြည်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ တတိယအင်အားက တခြားမဟုတ်ပါဘူး။ ပထမနှင့် ဒုတိယအင်အားကို အခြေခံပြုပြီး ဒီပါလီမန်လွှတ်တော်ကနေပြီး တိုင်းပြည်ကို တာဝန်ခံတဲ့ ပြည်သူ့ကိုယ်စားလှယ်အစိုးရကို ဒီပါလီမန် လွှတ်တော်က ရွေးကောက်ရသည်ဆိုတဲ့ သဘောပါပဲ။ တနည်းအားဖြင့်ဆိုလျှင် ပါလီမန်လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ အစိုးရကသာ တိုင်းပြည်ကို အုပ်ချုပ်ပေးရမည် ဆိုတဲ့မူဟာ ကျွန်တော်တို့ရဲ့ တတိယအင်အားဖြစ်ပါတယ်။ အဲဒီအသည်းနှလုံးတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အင်အားသုံးရပ်၊ တနည်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အင်အားကြီးသုံးရပ်ကို မပျက်စီးအောင် ထိန်းသိမ်းဖို့က ဒီပါလီမန်နဲ့ အကြီးမားဆုံးသော မဟာဝတ္တရားကြီး ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ သန့်ရှင်းဖဆပလ အစိုးရဖြစ်ပြီး နောက်သုံးလအကြာ တိုင်းပြည်မှာ ရုတ်ရုတ်ယက်ယက် ဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဦးနုတို့ရဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ခဲ့တယ်။ ဒီလို အာဏာလွှဲပြောင်းဖြစ်တဲ့အခါမှာ ဒီမိုကရေစီအစဉ်အလာနဲ့ ဆန့်ကျင်ပြီး ဗိုလ်ချုပ်နေဝင်း အစိုးရတက်လာတဲ့အတွက် ကျွန်တော်တို့မူအားဖြင့် အလေးအနက် ကန့်ကွက်ခဲ့ပါတယ်။ ဒီနေရာမှာ လူရေးထက် မူရေးကို ပမညတ ဟာ ပြတ်ပြတ်သားသား ခြားနားခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းကိုလည်း ရာဇဝင်တလျှောက်လုံးမှာ ယုံကြည်ခဲ့ပါတယ်။ အင်မတန် ယုံကြည်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သို့သော်လည်း လူရေးနှင့် မူရေးတိုက်ပွဲ ဆင်နွှဲတဲ့အခါမှာ မူရေးကို ရှေးရှုပြီး အလေးအနက် ကန့်ကွက်ခဲ့ပါသော်လည်း ဗိုလ်ချုပ်နေဝင်းနှင့် ဦးနုတို့ အာဏာလွှဲပြောင်းတာဟာ စည်းကမ်းနှင့် အာဏာလွှဲပြောင်းတယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဘယ်လိုစည်းကမ်း ရှိသလဲဆိုလျှင် ၁၉၅၉ ဧပြီလ (၆) လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးပါမည်ဆိုတဲ့ ကတိနှင့် အခြားကတိကြီး ငါးချက်အပါအ၀င် ကတိ (၆) ချက်ကို မူအားဖြင့် ကျွန်တော်တို့ ဆွေးနွေးထောက်ခံခဲ့ပါတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်မယ်လို့ ပမညတ အနေနဲ့ တိုင်းပြည်ကို အတိအလင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
          သို့သော်လည်း (၆) လ စေ့ခါနီး (၃) လ ကျော်တဲ့အချိန်မှာ ကတိအတိုင်း မလုပ်ပေးနိုင်ဘူး ဆိုပြီးတော့ ၁၃ ရက်နေ့က လွှတ်တော်မှာ ကြေညာခဲ့တဲ့အတိုင်း အစိုးရအဖွဲ့မှ နုတ်ထွက်သွားပါတယ်။ ဒီလိုနုတ်ထွက်သွားတဲ့အခါမှာ ပါလီမန်လွှတ်တော်ကို အကျပ်အတည်းကြီး (၃) ခု ပေးခဲ့ပါတယ်။ ဒါက ဘာလဲဆိုရင်-
          ဥက္ကဌကြီးခင်ဗျား။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ပထမအကျပ်အတည်းက ဧပြီလမတိုင်မီ ရွေးကောက်ပွဲ ဘယ်နည်းနှင့်မျှ မကျင်းပနိုင်ဘူး။ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူး။ အကယ်၍ ဤပါလီမန် လွှတ်တော်ကြီးက ဆုံးဖြတ်လျှင် အစိုးရအဖွဲ့က နုတ်ထွက်ပြီးသား ဖြစ်တဲ့အတိုင်း သူဟာ ဘယ်နည်းနှင့်မျှ တာဝန်မခံနိုင်ဘူးဆိုပြီး ဒီလိုပြောဆိုခြင်းဟာ ပထမအကျပ်အတည်း ဖြစ်ပါတယ်။
          ပထမအကျပ်အတည်း တွေ့ရတာက ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဘယ်သူလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ တိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံတော်စစ်သည်တော် တစ်သိန်းကျော်ပေါ်မှာသော်လည်းကောင်း၊ ထိုတစ်သိန်းကျော်နှင့်တကွ လက်နက်ကိုင်အင်အားစုများအပေါ်မှ သော်လည်းကောင်း အင်မတန် သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ဒီလိုသြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီးက ဒီပါလီမန်လွှတ်တော်က ရွေးကောက်ပွဲ လုပ်မည်လို့ ဆုံးဖြတ်လျှင်လည်း တာဝန်မခံနိုင်ဘူးလို့ဆိုရာ ရောက်စေပါတယ်။ ဘယ်သူတာဝန်မခံနိုင်တာလဲဆိုတော့ အစိုးရအနေနှင့် တာဝန်မခံနိုင်ဘူးလို့ ဆိုထားပါတယ်။  စောစောက ကျွန်တော်အစီရင်ခံထားတဲ့ စစ်သည်တစ်သိန်းကျော်နှင့်တကွ လက်နက်ကိုင်အင်အားစု အားလုံးအပေါ်မှာ အင်မတန်သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ဒီလိုဗိုလ်ချုပ်ကြီး ကိုယ်တိုင်က တာဝန်မခံနိုင်တဲ့ ရွေးကောက်ပွဲကို ဒီပါလီမန်လွှတ်တော်က လုပ်ပေးရမည်လော၊ မလုပ်ပေးရမည်လောဆိုတဲ့ အကြောင်းဟာ အင်မတန်ကြီးကျယ်တဲ့ အကျပ်အတည်း ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ ဒုတိယအကျပ်ကိုင်ခဲ့တာ ရှိပါသေးတယ်။ ဘယ်လို အကျပ်ကိုင်ခဲ့သလဲဆိုရင် ဒီအချိန် ဒီအခြေအနေမှာ သောင်းကျန်းသူတွေရဲ့ အခြေအနေဟာ ပြေးလွှားနေရတဲ့ အခြေအနေမှာ ဆက်တိုက် သုတ်သင် ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒီလိုသုတ်သင် ရှင်းလင်းပစ်ရမည့်ကာလမှာ ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် ထိုထိုသော စစ်သည်တော်များကို ပြန်လည်ရုပ်သိမ်းရပါလိမ့်မယ်။ အဲဒီလို ပြန်လည် ရုတ်သိမ်းတယ်ဆိုရင် သူဟာ စစ်သားတစ်ယောက်အနေနဲ့ မြင်ရလျှင် ရွေးကောက်ပွဲကျင်းပဖို့ သဘောပင်လျှင် သူပုန်များကို အားပေးတဲ့ သဘောသက်ရောက်ပါလိမ့်မယ်။ ဒါမျိုးကို မလုပ်သင့်ဘူးလို့ သူက ဆိုထားပါတယ်။ အဓိပ္ပာယ်က ဘာလဲဆိုရင် ရွေးကောက်ပွဲကို တောင်းဆိုနေသူပင်လျှင်  သူပုန်အားပေးတဲ့သဘော သက်ရောက်စေပါတယ်။ အဲဒီလို ဗိုလ်ချုပ်ကြီးက ဘယ်လိုဗိုလ်ချုပ်ကြီးလဲဆိုတာ ပြန်ပြီး စစ်ဆေးဖို့ လိုပါတယ်။ စစ်သည်တော်တစ်သိန်းကျော်နှင့်တကွ လက်နက်ကိုင် အင်အားစုများအပေါ်မှာ သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီးက ဤမျှသော တစ်ခွန်းကလေး ပြောလိုက်ရုံမျှနှင့် ပါလီမန်လွှတ်တော်ကြီးရဲ့ လွတ်လပ်ခွင့်ကို အများကြီး ထိပါးစေပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ တတိယအကျပ်ကိုင်ချက် ရှိပါသေးတယ်။ ဘယ်လိုလဲဆိုလျှင်  ဒီပါလီမန် လွှတ်တော်ကသာ ဆုံးဖြတ်ပြီးတော့ တင်လိုက်တဲ့အစိုးရကို စစ်သည်တော်များကို ဦးစီးဦးကိုင် လုပ်ပြီးသကာလ ပါလီမန်လွှတ်တော်က ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရရဲ့ အမိန့်သြာဇာအတိုင်း တသဝေမတိမ်း နာခံပါမယ်လို့ မိန့်ခွန်းတစ်နေရာမှာ ဖော်ပြတဲ့အတိုင်း ရပ်လိုက်လျှင် ဒီပြဿနာမပေါ်ပါဘူး။ တတိယအကျပ်ကိုင်တဲ့ ပြဿနာမပေါ်ပါဘူး။ ဘယ်လိုလဲဆိုရင် ကျွန်တော့်ကို လိုလားပါသေးလျှင် ၀န်ကြီးချုပ် အဖြစ် ဆက်လက်လုပ်ဆောင်နိုင်ပါလိမ့်မယ်လို့ တတိယအကျပ်ကိုင်ခဲ့ပါတယ်။
          ဥက္ကဌကြီးခင်ဗျား။ ဒီတော့ စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်တော် ယခုတင်ပြ အစီရင်ခံတဲ့အတိုင်း ဗိုလ်ချုပ်ကြီးနေ၀င်းဟာ စစ်သည်တော် တစ်သိန်းကျော်နဲ့ လက်နက်ကိုင်အင်အားစုများအပေါ်မှာ သြဖာညောင်းတဲ့ ဗိုလ်ချုပ်ကြီးပါ။ ဤပါလီမန်လွှတ်တော်က ကျွန်တော့်ကို လိုလားသေးလျှင် ဆိုရင် လိုလားပြန်လည်း အကျပ်၊ မလိုလားပြန်လည်း အကျပ်နှင့် အများကြီး ဒုက္ခပေးတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။
          ဥက္ကဌကြီးခင်ဗျား၊ ဗိုလ်ချုပ်ကြီးနေဝင်းကို တစ်ခုပြောချင်ပါတယ်။ ဒါကတော့ တခြား မဟုတ်ပါဘူး။ ဒီနေ့ဒီအဆိုကို တင်မိတဲ့အတွက် ဒီနေ့ ဒီလိုပြောရတဲ့အတွက် ဒီလိုမှန်ကန်တဲ့ သစ္စာစကားကို ဆိုရတဲ့အတွက် ပမညတဟာ ပေးလာတဲ့ဒဏ်ကို ခံရပါမယ်။ ဒီလိုခံမယ်လို့ ယုံကြည်ပြီး စိုးရိမ်မိပါတယ်။ ဗိုလ်ချုပ် နေ၀င်း အစိုးရတက်လာတာကို  “လူ” ကို မုန်းလို့ မဟုတ်။ “မူ” ကို မုန်းလို့ ကန့်ကွက်မိတဲ့အတွက် ပမညတ သားကောင်း ရတနာမြောက်များစွာဟာ အကျဉ်းထောင်များ အတွင်းမှာ ခံစားနေကြရပါပြီ။ ယခုလည်း ရိုးရိုးသားသားနဲ့ ပါလီမန်ဘောင်နဲ့ စစ်ဘောင်ကို နောင်လာနောက်သားများ ကြားနာစေချင်တဲ့အတွက် ဒီလိုစေတနာကောင်းနဲ့ ဒီလိုတင်လိုက်မိတဲ့ ဒီဘေးဒဏ်ကို ဒီလွှတ်တော်အပြီးမှာ ခံရပါလိမ့်မယ်။
          ဥက္ကဌကြီးခင်ဗျား။ ဒီလိုခံရလျှင် ဘယ်သူ့အပေါ်မှာ အာဃာတ မထားဘဲ ၀ိဓူရထုံး နှလုံးပြုပြီး ခံပါမယ်။ ၀ိဓူရထုံးက ဘယ်လိုလဲဆိုရင် ပြောရမှာ ရှည်နေပါလိမ့်မယ်။ တိုတိုပဲ အစီရင်ခံပါရစေ။
          ကုဝေရနတ်မင်းကြီး၏ စစ်သူကြီး ဗိုလ်ချုပ်ကြီး ပုဏ္ဏကဟာ ဝိဓူရ အမတ်ကို မြင်းမြီးနှင့် ချီပြီး တောင်စဉ် ခုနှစ်ထပ်မှာ မသေသေအောင် အသေသတ်ပါတယ်။ လေသင်စုန်းကြီးနှင့် တိုက်၊ ကျောက်ဆောင်ကျောက်ခဲ များနှင့် တိုက်၊ နောက်ပြန်ကြည့်တော့ ပြုံးပြုံးရွှင်ရွှင်နေတဲ့ ဝိဓူရကို တွေ့ရတော့ စစ်သူကြီးဖြစ်တဲ့ ပုဏ္ဏက မေးတယ် ။ သေမှာ မကြောက်ဘူးလား၊ အဲဒီလိုမေးတော့ ၀ိဓူရအမတ်ကြီးက အသင်ပုဏ္ဏက မှန်ကန်သော သစ္စာစကားကိုဆိုရင် သစ္စာစကားကို ရင်ဝယ်ပိုက်ထွေးခြင်းအားဖြင့် သေရမှာကိုသော်လည်းကောင်း၊ သေရခြင်းကိုသော်လည်းကောင်း၊ ဘာမှကြောက်စရာမရှိဘူး၊ ၀ိဓူရအမတ် က ဒီလိုပြောတော့ ခေါင်းမာတယ်ဆိုပြီး ယူဇနာ (၆ဝ) အမြင့်ရှိတဲ့ ကာဋာဂီရိ (မြန်မာလိုပြန်တော့ မည်းနက်သော ကျောက်တောင်ကြီး) ရဲ့ တောင်ထိပ်ကို ခေါ်သွားပြီး ပုဏ္ဏက စစ်သူကြီးက ဝိဓူရအမတ်ကြီးကို တောင်ထိပ်ကနေပြီး လေးပြင်လေးရပ် ဆယ်ယူဇနာစီတဲ့နေရာမှ ဝိဓူရကို ပစ်ချပါတယ်။ နောက်ပြန် ကြည်တဲ့အခါမှာ ဝိဓူရအမတ်ကြီးကို မေးပြန်တယ်။ ဝိဓူရအမတ်ကြီး သေရမှာ မကြောက်ဘူးလား၊ ဒီတော့လည်း ယခုတင်ကအတိုင်းပဲ ပြောတယ်။
          ဥက္ကဌကြီးခင်ဗျား။ အဲဒီတော့ နောက်ဆုံးကျတော့ ပုဏ္ဏကစစ်သူကြီးက ဒီလိုသတ်လို့ မထူးတော့ဘူးဆိုပြီး ၀ိဓူရအမတ်ကြီးကို ခြေနှစ်ချောင်းကိုင်ပြီးတော့ ခါးပန်းနှင့် ရိုက်သတ်မှ ဖြစ်မယ်ဆိုပြီး အကြံရတယ်။ အဲဒီလို ပုဏ္ဏက အကြံရတဲ့အခါမှာ ၀ိဓူရအမတ်ကြီးရဲ့ ခြေနှစ်ချောင်းကို ကိုင်ရိုက်ခါနီးမှာ ၀ိဓူရက မေးတယ်။ အသင်ပုဏ္ဏက ငါ့ကို ဘာကြောင့် သတ်ချင်ရသလဲလို့ မေးတယ်။ ဒီတော့ ပုဏ္ဏက အမတ်ကြီးရဲ့ အသည်းနှလုံးကို လိုချင်လို့ ပြောတယ်။ ဘယ်သူက ဘာကြောင့် လိုချင်သလဲဆိုတော့ ပုဏ္ဏက ဣရနသီ ဆိုတဲ့ နဂါးပြည်က မင်းသမီးက လိုချင်တယ်လို့ ပြောတယ်။ ဒီတော့ ငါမသေခင် သာဓုနရ တရားလေးပါး ဟောခဲ့ဦးမယ်ဆိုပြီး ပထမတရားက သူတော်ကောင်းသူမြတ်ကောင်းတို့ သွားရာ လမ်းစဉ်အတိုင်း ဖြောင့်ဖြောင့် သွားပါ။ နံပါတ်နှစ်က စိုသောလက်ကို မခြောက်ပါစေနဲ့၊ နံပါတ်သုံးက ကျေးဇူးရှိသော ခင်ပွန်းများအပေါ်မှာ မပြစ်မှားပါနှင့်။ နံပါတ်လေးက အလိုကြီးသော မိန်းမဆိုးနောက်ကို အလိုမလိုက်ပါနှင့်။ အဲဒီလေးချက်ကို ဟောခဲ့ပါတယ်။
          ကျွန်တော်တို့ မမှိတ်မသုန် ယုံကြည်စွာ လိုက်နာခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းနှင့် ကျဆုံးသွားတဲ့ သခင်မြတို့ ချမှတ်သွားတဲ့ ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီလမ်းကြောင်းအတိုင်း တသဝေမတိမ်း လိုက်ကြပါစို့ ဆိုတာ နံပါတ် ၁ အနေနဲ့ အစီရင်ခံလိုပါတယ်။
          နံပါတ် ၂ အနေနဲ့ကတော့ စိုသောလက် မခြောက်ပါစေနဲ့ ဆိုတာက ဗိုလ်ချုပ်ကြီး နေဝင်း၊ သန့်ရှင်း၊ တည်မြဲနဲ့ ကျွန်တော်တို့တတွေဟာ ရာဇဝင်နှစ်ပေါင်း ၂ဝ လောက်အတွင်း ၁၉၃၆ ခုနှစ် သပိတ်က စပြီး သွားလာလုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး သေအတူရှင်အမျှ လုပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်ပါတယ်။ ဒီလိုနှစ်ပေါင်း ၂ဝ စိုလာတဲ့ လက်ကို ဒီတစ်ချီကျတော့မှ ခြောက်ခန်းရတော့မှာလား ဆိုတာကို ပြောချင်ပါတယ်။
          နံပါတ် ၃ ကျေးဇူးရှင်ခင်ပွန်းများကိုလည်း မပြစ်မှားနှင့် ဆိုတာ ပြန်ကြည့်တဲ့အခါမှာ  ဘယ်သူတွေလဲဆိုရင် သန်းပေါင်း ၂ဝ ကျော်မျှရှိသော မဲဆန္ဒရှင် ပြည်သူတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အင်မတန်ကြောက်စရာကောင်းတဲ့ ဘ၀မှာ ပြည်သူတွေဟာ ခံစားနေခဲ့ရပါတယ်။ နိုင်ငံတော်ကြီးက တည်ဆောက်တဲ့နေရာမှာ သွေးတွေ ချွေးတွေ အမြောက်အများ ပြည်သူတွေ ကျဆုံးခဲ့ရပါတယ်။ အဲဒီလို ကျဆုံးခဲ့ရတဲ့ ခင်ပွန်းကောင်း ကျေးဇူးရှင်နှင့် ပြည်သူတွေကို ပြန်လည်ကျေးဇူးဆပ်သောအားဖြင့် ဒီပါလီမန် လွှတ်တော်ကြီးက စုပေါင်း ထိန်းသိမ်းကြပါစို့။
          နံပါတ် ၄ အချက်ဟာ ဣရနသီမင်းသမီးဆိုတဲ့ အာဏာပြဿနာကို ပြောလိုက်ပါတယ်။ အဲဒီအာဏာမှာ နိုင်ငံရေးပါတီတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်း အာဏာလောဘကို ရှေ့တန်းတင်ပြီး လုပ်လာလျှင် ကမ္ဘာ့သမိုင်းမှာ ပြန်ကြည့်ရင် ပျက်စီးတာများပါတယ်။ အာဏာကိုနောက်ထား ပြည်သူ့အကျိုးကို ရှေ့ထားပြီး လုပ်တဲ့နိုင်ငံရေးပါတီတွေ ဆိုရင် ကမ္ဘာ့သမိုင်းမှာ တည်မြဲခိုင်မာပါတယ်။ အဲဒီလို အလိုကြီးသော မိန်းမနောက်ကို မလိုက်ဖို့ဆိုတဲ့ ဝိဓူရအမတ်ကြီး ပြောတဲ့ နံပါတ် ၄ သဘောထားဟာ ပါလီမန်လွှတ်ကြီးမှာ ပါတီအဖွဲ့အစည်းအားလုံးတို့ဟာ ဣရနသီမင်းသမီးနဲ့တူတဲ့၊ တနည်းအားဖြင့် မိန်းမဆိုးနဲ့တူတဲ့ အာဏာလောဘ နောက်ကို မလိုက်ဘဲ ၃ လလောက် အတောအတွင်းမှာ  ဒီပြဿနာကို ဘေးချိတ်ပြီး ရွေးကောက်ပွဲကြီး ကျင်းပရေး၊ ပြည်သူလူထု ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ ဒီမိုကရေစီဘောင်နဲ့ စစ်ဘောင်ကို နောင်လာနောက်သားများ ဥဒါန်းတွင်ရစ်စေရေးအတွက် ကျွန်တော်တို့တတွေ ပူးပေါင်းထိန်းသိမ်း ခြားနားရေးအတွက် ဝိဓူရထုံးနှလုံးပြုပြီး ဤနိုင်ငံရေး သာဓုနရတရားလေးပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာပြည်ကြီးကို ကယ်တင်ကြပါစို့လို့ ဥက္ကဌမှတဆင့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့်တကွ တပ်မတော်ကြီးတစ်ခုလုံး ကမ္ဘာတစ်ထွင် ပြဲပြဲစပ်မှာရှိတဲ့ ဒီမိုကရေစီ မြတ်နိုသူများအားလုံးကို ပမညတ ကိုယ်စား လေးစားစွာ တင်ပြရင်း နှိုးဆော်လိုက်ပါတယ် ခင်ဗျား။
          ယင်းနောက် ၁၉၅၉ ခု ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ၂ ရပ် တွဲဖက်ညီလာခံတွင် သိမ်ဖြူတောင်ပိုင်း အမတ်ဦးကျော်ငြိမ်းက အခြေခံဥပဒေပုဒ် ၁၁၆ ကို ပြင်ဆင်ရန် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့် ရေးဆွဲထားသည့် ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၁၆ ကို ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပမညတ သာယာဝတီသခင်ချစ်မောင်က –
          “အကယ်၍သာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ ပုဒ်မ ၁၁၆ ကို ပြင်ဆင်ရလျှင် အဲသည် အသဲနှလုံးဟာ ပျက်စီးပြီလို့ ၀မ်းနည်းစွာ ခံယူရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေဆိုတာ လူက လုပ်တယ်ဆိုပေမယ့် လူကလုပ်တဲ့ ဥပဒေထဲမှာ မူပြဿနာကြီးတွေပါ ပါတယ်။ ဒါက ဘာလဲဆိုရင် နိုင်ငံတော်သူ နိုင်ငံတော်သားများက ပါလီမန်လွှတ်တော်ကြီးကို ရွေးကောက်တင်မြှောက်ပါတယ်။ အဲဒါဟာ မူဖြစ်ပါတယ်။ လွှဲပြောင်းပြင်ဆင်ခြင်း မပြုနိုင်သော အခြေခံတရားကြီးတွေ ဖြစ်ပါတယ်။ အဲဒီအခြေခံ တရားကြီးတွေကိုပင်လျှင် ပြင်ဆင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ စာကိုသာ ပြင်လို့ရမယ်။ စိတ်ဓါတ်ကို ပြင်လို့မရဘူး။ မရနိုင်တဲ့အတွက် အကယ်၍ ပုဒ်မ ၁၁၆ ကို ထပ်ပြင်ရရင် ယခုတွင် ကျွန်တော်ပြောခဲ့တဲ့ မူပျက်တယ်လို့ မြင်ပါတယ်။ အဲသည် မူပျက်တယ်ဆိုရင် ပါလီမန်အစိုးရ ကွယ်လွန်ပြီလို့ ပါလီမန် လွှတ်တော်မှာ ကြေညာရမယ် ဖြစ်ပါတယ်”
ဟု တင်ပြ၍ ပုဒ်မ ၁၁၆ ပြင်ဆင်ရေးကို ကန့်ကွက်သွားခဲ့လေသည်။ ဥပဒေကြမ်းကို သဘောတူသူ ၃ဝ၄ မဲ၊ ကန့်ကွက်သူ ၂၉ မဲဖြင့် အတည်ပြုခဲ့သည်။
          ဤသို့ဖြင့် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါလီမန်တွင် ဝန်ကြီးချုပ် အဖြစ် ပြန်လည်ရွေးကောက်ခံရပြီး၊ ညနေ ၅ နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစိုးရသစ်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
          သို့ဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၆ဝ ပြည့်နှစ် ဧပြီလအထိ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်ပြဿနာဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)