ခင်ဝမ်း — ဆန့်ကျင်ဘက်တို့ ဆုံဆည်းရာ ၊ ရေးသူ – မသိင်္ဂီ

February 3, 2013

(ဤ ဆောင်းပါးကို မြန်မာသစ် မဂ္ဂဇင်း ၂၀၁၀ ဖေဖော်ဝါရီ တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။)

မိုးမခရုပ်ပုံလွှာ၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၃ (ငြိမ်းချမ်းအေး စီစဉ်သည်)

ခင်ဝမ်း (၁၉၄၇-၂၀၀၀) ၊ ဓာတ်ပုံမျှဝေသူ – Doney MP

၁၉၇၀ ခုနှစ်များ အတွင်း “ဇင်္ဂမီ Movement” ပန်းချီပြပွဲတွေ နှစ်စဉ် ကျင်းပနေတဲ့ ကာလတွေမှာ ပဉ္စမ ဇင်္ဂမီ မှာ ထင်ပါရဲ့ ခင်ဝမ်း ပါဝင်ပြသပါတယ်။ လိပ်ခုံးမှာ လုပ်တဲ့ ပွဲပါ။ စစချင်းတော့ မမ တင်တင်စန်း၊ ခင်မြင့်မြင့် နဲ့ ကျွန်မတို့ အမျိုးသမီးတသိုက်က သူ့ ရဲ့ ခပ်ညှဉ်းသိုးသိုး ပုံစံကို အကဲခတ်နေကြတယ်။ မကြာခင်မှာပဲ ဒီလူဟာ စိတ်ထား ဖြူစင်တယ်၊ ဖြောင့်မတ်တယ်၊ ဖန်တီးအားကောင်းတဲ့ ပန်ချီဆရာတယောက်ဖြစ်တယ်.. ဆိုတာတွေ သိလာတာနဲ့ ဖော်ဖော်ရွေရွေ ခင်မင်လာကြတယ်။

ခင်ဝမ်းနဲ့ တနှစ်တည်း ရန်ကုန် တက္ကသိုလ် တက်ခဲ့တဲ့ ခင်မြင့်မြင့် က ခင်ဝမ်းဟာ ဗမာလိုရော အင်္ဂလိပ်လိုပါ ကဗျာရေးတာ တော်ကြောင်း ပြောပြပါတယ်။ ဒြပ်မဲ့ပန်းချီ၊ မော်ဒန်ပန်းချီတို့ မှာ လက်ရာမြောက်ရုံမက “Photo Realism” နည်းမှာလည်း အံ့သြရအောင် ထူးချွန်သေးတယ်။

အဲဒီပြပွဲမှာ ၅ပေ/၈ပေလောက် ရှိမယ်ထင်တယ်။ ခင်ဝမ်း တင်တဲ့ မှန်တံခါးကနေ မြင်နေရတဲ့ အစိမ်းရောင်မျိုးစုံပါတဲ့ သစ်ရွက်တွေ ချည့်ပဲ၊ သစ်ပင်တွေ ချုံတွေ မျိုးစုံပေါက် နေတဲ့ ပန်းခြံ တခုပုံ ကို “Photo Realism” စနစ်နဲ့ ရေးထားတာ ခုထိ မျက်စိထဲမြင် ယောင်နေတုန်းပဲ။ မြင်နေမှာပေါ့.. ပြပွဲကာလ တပတ်လုံး အဲဒီကားရှေ့ အကြာကြီးသွား.. သွား ရပ်ကြည့်ခဲ့တာကိုး..။

အဲဒီတုန်းက ပြပွဲတွေပြီးရင် ကျန်နေတဲ့ ကားတွေကို ပန်ချီဆရာ အချင်းချင်း ကြိုက်သလိုသဘောတူလဲကြ၊ ဖလှယ်ကြတယ်။ မဟုတ်ရင်လည်း တောင်းယူကြတာပဲ။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ ကားကြီးကို ကျွန်မ ဘယ်တောင်းရဲမှာလဲ။ နောက် ခင်ဝမ်း ဂျပန်ပြည်ကို ဘယ်နှစ် ခုနှစ်ကလဲမသိဘူး၊ အလည်သွားတော့ အဲဒီကားကိုယူသွားပြီး ဆွေမျိုးတွေကို လက်ဆောင်ပေးခဲ့တယ်လို့ ပြောတာပဲ။

သူ့ ရဲ့ တကိုယ်တော် “မျက်နှာစိမ်း” နဲ့ “မြားဘုရင်” ပွဲတွေမှာ ကြည့်ရတဲ့ ကားတွေက အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အတိုက်အခိုက်တွေ ကြားက အားယူနေရတဲ့ ခေတ်သစ်မော်ဒန် ပန်းချီလောက အတွက် အင်အားကောင်း တခုပါပဲလို ကျွန်မ တို့ စဉ်းစားမိကြတယ်။ နောက်အင်အားတခုက ခင်ဝမ်း၂၄နှစ်မှာ ရေးတဲ့ “စိတ္တဇပန်းချီ” စာအုပ် ဖြစ်ပါတယ်။ အဲဒီ ပြပွဲတစ်ခုမှာ.. “မြားဘုရင်” ထင်တယ်.. “Found Objects” နဲ့ ပန်းပု လုပ်ပြခဲ့တာလည်း မှတ်မိပါသေးတယ်။

ခင်ဝမ်းဟာ အေးအေးဆေးဆေး နေရတာကို ကြိုက်ပေမယ့် သူ စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံလာရင် လက်မနှေးဘဲ တွေ့ရာ ပစ္စည်းနဲ့ ကောက်ထုတတ်တာ နာမည်ကိုကြီးလို့။ ဘယ်သူဖြင့် ခေါင်းကွဲသွားပြီ စသည်ဖြင့် ကြားရလို့ ဘယ်လိုဖြစ်တာလဲဟဲ့.. လို့ ကျမတို့ က သူ့ ကို ဝိုင်းမေးကြရင် ငါ့ကိုလာပြီး နားပူနေလို့  ဆိုတာမျိုး တိုတိုတုတ်တုတ် အေးအေးဆေးဆေး ဖြေပါလိမ့်မယ်။ ဖြစ်တုန်းက အနားမှာ ရှိသူတွေကလည်း သူတို့ ဘာမှ တောင် သတိမထားမိခင်မှာပဲ ခင်ဝမ်းက ထသွား တွယ်ထည့်ခဲ့ပြီး သူ့ နေရာသူ ပြန်ထိုင်ရင်း ပြောလက်စ စကားတောင် ဆက်ပြောနေပြီတဲ့။ ဖြေးဖြေးဆဆ လမ်းသွားလေ့ရှိသူက ဘယ်လိုကို မြန်မှန်း မသိဘူးတဲ့။

ကျွန်မတို့ က “နင် ဆာမူရိုင်းတွေလို ဓားလွတ် မကိုင်တာ တော်သေးရဲ့” လို့ စကျတော့ ဘာမှ ပြန်မပြောပေမယ့် ဒီလောက်တော့ ငါလုပ်ပါ့မလားဆိုတဲ့ မျက်လုံးနဲ့ တော့ ကျမတို့ ကို တချက် ကြည့်သေးတယ်။ ရှည်ရှည်ဝေးဝေးတော့ ဘာကိုမှဘယ်တော့မှ ရှင်းမပြ။

သူများနဲ့ ပက်သတ်လို့ လည်း ဘာမှ မဝေဖန်။ “No complaining, No explaining” နေတတ်တယ်။ တနည်းအားဖြင့် ပြန်မပြော နားမထောင် လို့ လည်း ခေါ်လို့ ရမယ် ထင်ပါရဲ့..။ ဒါပေမယ့်.. လက်မြန်တယ်ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် အပြောအဆို ညင်သာ သိမ်မွေ့ ပါတယ်။

ပြပွဲတွေမှာ ခင်ဝမ်း လာထိုင်နေတာ တွေ့ရခဲပါတယ်။ တခါတလေ စိတ်လိုလက်ရ သို့မဟုတ် တယောက်ယောက်ကို လာစောင့်ရင်း သူရောက်လာလို့ အရောင်းကောင်တာမှာ အမြဲထိုင် ပေးရတဲ့ မမ တင်တင်စန်း၊ ခင်မြင့်မြင့်.. ကျွန်မတို့ တသိုက်နဲ့ စကားပြောဖြစ်ရင် ခင်ဝမ်းဟာ တော်တော် စာဖတ်ပြီး တော်တော် ဥာဏ်ကောင်းပါလား လို့သတိထားမိပါတယ်။

၁၉၈၀ ခုနှစ် တွေမှာတော့ ခင်ဝမ်းတယောက် ပန်းချီလောက ကနေ ပျောက်သွားပါတယ်။ ဂီတလောကထဲ ရောက်သွားပြီးတဲ့၊အဲဒီ မှာတော့ ကျမတို့ ဟာ ပရိတ်သတ် သက်သက်ဖြစ်သွားပြီး သူ့ သီချင်းတွေကို ကြိုက်ကြပေမယ့် သူ့ပန်းချီလက်ကို တော်တော် နှမြောကြတာကြောင့် (မှန်တာပြောရရင် တခြား ဘဝထဲ ဝင်ရောက် ပျောက်ကွယ်သွားတာကို မကျေနပ်တာလည်း ပါပါလိမ့်မယ်) သူ့ သီချင်း တွေကို တကူးတက နားမထောင်ခဲ့ကြပါဘူး။

၁၉၉၄ လောက်မှာ ခင်ဝမ်းပန်ချီ ပြန်ရေးတော့မှ ပြန်ဆုံကြတော့တယ်။ ဒါပေမယ့် ဂီတကိုလည်း မစွန့်ပါဘူး။ နောက်မကြာမီ ကျွန်မ သူ့သီချင်းသစ် “ယိမ်း”  ကိုကြားရတော့ ခင်ဝမ်းဟာသူ့ ပန်းချီ အင်အားတွေ၊ ရသတွေ ကို ဂီတထဲမှာ သွားနှစ်ထားတာ ပါလားလို့ စဉ်းစားမိတယ်။ ဒီသီချင်းက ဒြပ်မဲ့ပန်းချီ ရေးသလို ဖွဲ့ထား သီဆိုထား တဲ့သီချင်းပဲ။ “ယိမ်း” ကို ကြားကြားချင်းပဲ အနှစ် နှစ်ဆယ်နီးပါး ဂီတလောကထဲမှာ ပျောက်နေခဲ့တာကို ကျွန်မ လုံးလုံး ကျေအေးလိုက်ပါတယ်။ တခြား ပန်းချီလောကသားတွေလည်း ဒီလိုပဲ ခံစားကြမလားလို့ တွေးမိပါတယ်။

http://youtu.be/e6etzDyjdo4

(ခင်ဝမ်း ၏ နာမည်ကျော် “ယိမ်း” ၊ လိုတရအကြည့် (၁၉၉၄) တေးစု)

ပန်းချီ ပြန်ရေးတော့လည်း ဘဝဟောင်း က သူငယ်ချင်းတွေကို နှိပ်စက်တော့တာပါပဲ။ တခါတလေ ကျက်ပြီးသား အောက်ခံ “primer” စသဖြင့် ပြုပြင်ပြီးသား “canvas” တွေနဲ့ ဆေး၊ စုတ်တံ၊ တာပင်တိုင် စသည်တို့ ကို ဘယ်အချိန်မဆို တောင်းပြီး (မတောင်းလည်းအလိုက်တသိ ချပေးကြ ရလေရဲ့) အိမ်တကာလည် ပန်းချီရေး တော့တာပဲ။ အောင်မြင်တို့၊ ဂျင်မီတို့၊ အေးကိုတို့ ကို နှိပ်စက် တာကတော့ ထမင်းစား၊ ရေသောက် ရိုးနေပြီ။ သူတို့ ကလည်း ဒီလို နှိပ်စက်တာကိုပဲ ကြည်နူးလို့။ တခြား ကျွန်မ မသိလိုက်သူတွေလည်း ရှိဦးမှာပါ။ ကျွန်မကတော့ လေးငါးခါလောက် “canvas” ဆေးစသည်တို့ ပေးရဖူးတယ်။ တကားကိုတော့ ဒါ..နင့်အတွက် ဆိုပြီး စိတ်လိုလက်ရ ပေးထားခဲ့တယ်။ “Attributes” လို့ သူ့ဟာသူ ခေါင်းစဉ် ပေးသွားပါတယ်။

သူငယ်ချင်းတွေကလည်း ဘယ်လောက်ပဲ နှိပ်စက်ခံရ ခံရ၊ ဘယ်လောက်ပဲ ညည်းပြနေနေ ခင်ဝမ်း ပန်းချီ ပြန်ရေးတာ ကိုပဲ ဝမ်းသာကြလွန်းလို့ တယောက်ကို တယောက် ဒီသတင်းကို ဝမ်းပန်းတသာ ပေးကြတယ်။ ကြားရသူတွေကလည်း ဟုတ်လား ဟုတ်လား နဲ့ ပျော်လို့။

ခင်ဝမ်း တယောက်ကတော့ ထုံးစံ အတိုင်းဘယ်သူ ဘာပြောပြော.. ကောင်းတာ ပြောပြော၊ မကောင်းတာပြောပြော သူလုပ်ချင်တာ လုပ်စရာရှိတာကို ဘေးဘီ ငဲ့ကြည့်မနေဘဲ အာရုံဝင်စားပြီးလုပ်နေတာပဲ။

၁၉၉၄ မှာ ကျမခုနေတဲ့ တိုက်ခန်းကို ပြောင်းပြီး မကြာခင် အိမ်အဝင် တံခါးဝနားက ငါးထပ်သားပေါ်မှာ ခင်ဝမ်းက ပန်းချီ ရေးပေးပါတယ်။ ဒြပ်မဲ့နည်းနဲ့ ရေးထားပြီး ဂျပန် ရိုးရား တံခါးစောင့်နတ် ပုံတဲ့။ ခပ်တည်တည်နဲ့ ရှင်းပြသေးတာက..

“ဒီနတ်က နင့် အိမ်ကိုလာတဲ့ လူတွေကို စစ်ပြီးမှပေးဝင်မှာ” တဲ့.. “ဥာဏ်ကောင်းတဲ့လူ၊ တော်တဲ့လူ၊ ဖြူစင် ရိုးသားတဲ့လူ၊ မရူးတဲ့ လူတွေပဲ ဝင်လို့ ရမယ်” (Only intelligent, skillful, sincere and sane people can enter.) လို့ပြောပါတယ်။

ကျွန်မက “ဟဲ့.. ‘sane people’ ဆိုရင် နင်လည်းဝင်လို့ ရမှာမဟုတ်ဘူး၊ ငါလည်းဝင်လို့ ရမှာမဟုတ်ဘူး” ဆိုတော့ ရယ်နေပါတယ်။

တခါတော့ ရေတံခွန်ပုံ ကားတကားကို ဒြပ်မဲ့ဆန်ဆန် အဖြူ၊ အပြာ၊ အစိမ်း တွေနဲ့ ခပ်သွက်သွက် ရေးနေတာ ကျွန်မထိုင် ကြည့်နေတုန်း တခဏလေး၊ စက္ကန့်ပိုင်းလေး အတွင်းမှာ သိပ်ကိုအသက်ဝင်ပြီး ရေတွေ တဝေါဝေါ စီးနေသလို မြင်လိုက်ရပြီး၊ လက်က “brush strokes” သုံးလေးချက် ဆက်ရေးလိုက်တာ အဲဒီ အသက်ဝင်မှုက ပျောက်ပျက်သွား ပါတယ်။ ဒါကို ခင်ဝမ်းလည်း သိတာပေါ့။ ခဏနေတော့ “canvas” ပေါ်က ဆေးတွေ လျှောက်ရောပစ်၊ ခြစ်ပစ် စုတ်တံကို ပစ်ချပြီး “ငါသွားတော့မယ်” ဆိုပြီး ထပြန်သွားတော့တာပါပဲ။ နောက်ထပ် ပေါ်မလာတော့ဘူး။

၂၀၀၀ခုနှစ် ဇန်နဝါရီလမှာ ကျွန်မရဲ့ ခရီးသွားစာအုပ် “The Native Tourist in search of turtle eggs” ကို “Swift wind Books” က ထုတ်ဝေပါတယ်။ ၁၉၉၆ ဖေဖော်ဝါရီလ လောက်က ကျွန်မတို့ ဘုရားဖူးအဖွဲ့ မိတ္ထီလာမြို့ မှာကားပျက်လို့ သောင်တင်နေတုန်း လဖက်ရည်ဆိုင်က ခင်ဝမ်းသီချင်း ဖွင့်ထားတာကြားမိတော့ သူ့ အကြောင်း ဒီလို ထည့်ရေးခဲ့ပါတယ်။

“I went out alone to sit at a teashop next door and drink strong tea while listening to Myanmar pop music. They were playing a tape by a friend of mine, Khin One, a well-known artist, composer and singer a gentle mannered-man but wild by nature. In him high intelligence is mixed with great foolishness.”

စာအုပ်ထွက်ပြီး နောက်တလမှာပဲ ခင်ဝမ်း ဆုံးပါတယ်။

သူ့ ဖြူစင်မှုနဲ့ အနုပညာ ခွန်အား မြင့်မားမှုတွေကို နားလည်တန်ဖိုး ထားသူတွေက (သူ လက်သံပြောင်တာ ခံခဲ့ရသူတွေ အပါအဝင်) ဝမ်းနည်းကြေကွဲ ကြပါတယ်၊ နှမြောတသကြတယ်။ သူ့ ဂီတပရိတ်သတ် ကလည်း နည်းမှ မနည်းပဲ။ သူ့အိမ်မှာ ချပေးထားတဲ့ မှတ်တမ်းစာအုပ်မှာ ကျမဒီလိုရေးခဲ့တယ်။

“သိပ်တော်တဲ့.. လူ၊ သိပ်ဥာဏ်ကောင်းတဲ့.. လူ၊ သိပ်မိုက်မဲတဲ့.. လူ”လို့ 

(သူလို့ မရေးပါ။ ကျွန်မ လက်ရေးညံ့လို့ အမှတ်မှားကြပါတယ်။)

စိတ်ပညာရှင်တွေ ပြောတာ ဖတ်ဖူးပါတယ်။ လူဆိုတာ ကောင်းတာ ဆိုးတာ ဒွန်တွဲနေပြီး ဒါမှလည်း အဲဒီ လူရဲ့ ရုပ်သွင် “identity” ဟာ ပြီးပြည့်စုံတာတဲ့။ ဒီလိုပဲ ဆန့်ကျင်ဘက်တွေပေါင်းစည်းပြီး မှသာ “ခင်ဝမ်း” ဆိုတဲ့ အစားထိုးမရတဲ့ ဖန်တီးမှု အားကောင်းသူတယောက်၊ ပေါ်ထွန်းခဲ့တာ ဆိုရင်ဖြင့် သူမိုက်မဲခဲ့သမျှ ကိုလည်း ရှိပါစေတော့ လို့ ခွင့်လွှတ်ကြရအုံးမယ်ထင်ပါရဲ့..။ သူ ဖန်တီးမှု အားကောင်းတယ်ဆိုတာ သူ့ ပြပွဲတွေကို မမီလိုက်သူတွေအတွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်က “FMI Centre” ရဲ့ ဆယ်ထပ်က ပန်းချီကား တွေက သက်သေထူပေးနေပါတယ်။

ဒီလိုဖန်တီးမှု အားကောင်းခြင်းကလည်း သူ့ ဘဝ အဆက်ဆက်မှာ ပါသွားလောက် အောင်ကို ပြင်းထန်စူးရှပါတယ်။ တနေ့နေ့.. တချိန်ချိန်.. တတိုင်းပြည်.. ပြည်မှာတော့ ထိပ်တန်း ပန်းချီဆရာ တယောက် မွေးဖွားလာပြီး သူငယ်ချင်းတွေကို နှိပ်စက်ရင်းနဲ့ အနုပညာအဝဝကို ဖန်တီးနေဦးမှာ မြင်ယောင် ပါသေးတယ်။

မသိင်္ဂီ

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၃ ရက်နေ့တွင် (၁၃) နှစ် ပြည့်မည့် ခင်ဝမ်းကွယ်လွန်ခြင်း နှစ်ပတ်လည် အတွက် ခင်ဝမ်း ကို လွမ်းဆွတ် တသနေကြမယ့်  မိုးမခ စာဖတ်ပရိသတ် အတွက် တင်ဆက်ခြင်း ဖြစ်ပါသည်။ Facebook Khin One’s Fans Club တွင် ခင်ဝမ်း ဓာတ်ပုံ နှင့် ဆောင်းပါး မျှဝေသူ Doney MP ကို အထူး ကျေးဇူးတင်ပါသည်။

https://www.facebook.com/groups/KhinOneFanClub/

past articles

ခင်ဝမ်း – မောင်ညီညွတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်