fbpx

ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၂)

February 3, 2013

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၃၊ ၂၀၁၃

ဗြိတိသျှတို့၏ ခြေထိုးသွေးခွဲမှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြိုးပမ်းမှုမှာ လိပ်ခဲတင်းလင်းဖြစ် နေသော်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့  နံနက် ၁၀နာရီအချိန်တွင် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့သည် သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

မြန်မာ့သမိုင်းတွင် တည်ရှိခဲ့သော ပုဂံ၊ တောင်ငူ၊ ကုန်းဘောင် ဟူသောစည်းလုံးညီညွတ်ရေးမှတ်တိုင်များ သဖွယ် ပင်လုံစာချုပ်သည် ၂၀ရာစု မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အထင်ကရရှိနေမည့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မှတ်တိုင်ကြီးပင် ဖြစ်သည်။

● ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံတွင် ကျင်းပသည့် အစည်းအဝေး၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်းအောက်ပါအတိုင်းသဘောတူညီကြသည် –

၁။ တောင်တန်းဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများညီညွတ်ရေးဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံသည့်ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံတစ်ဦးအဖြစ်ခန့်အပ်ရမည်။

၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိဝန်ကြီးအဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနနည်းတူတောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင်ကောင်စီအောက်၌ တားရှိရမည်။ ထိုတောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်းအုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်းရမည်။

၃။ ထိုအတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ယင်းနှင့်လူမျိုးတူမဟုတ်သည့်အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဖက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးရှိရမည်။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ အတိုင်ပင်ခံဝန်ကြီးမှာမူ ကျန်ရှိသည့်အခြားသော တောင်တန်းဒေသရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ်သုံးဦးတို့သည် အခြေခံဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း စုပေါင်းတာဝန်ယူ လုပ်ကိုင်ရမည်။

၎။ အတိုင်ပင်ခံဝန်ကြီးသည် အမှုဆောင်ကောင်စီအဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်သော်လည်း တောင်တန်းဒေသကိစ္စများကို ဆွေးနွေးသောအခါ တွဲဖက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်နိုင်ခွင့် ရှိရမည်။

၅။ အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်း ဒေသများ၏နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။

၆။ မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ်တည်ထောင်ရေးကို တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြဆုံးဖြစ်စေရမည်ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူလက်ခံကြသည်။ ဤရည်ရွက်ချက်ကို ပထမဆင့်အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရ အက်ဥပဒေအရအပိုင်း ၂ ခြွင်းချန်ဒေသများကို အုပ်ချုပ်သည့်နည်းတူမြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်တွင်းရှိဒေသများအုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီးနှင့် တွဲဖက်အတိုင်ပင်ခံတို့ တိုင်ပင် ဆွေးနွေးရမည်။

၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့်အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို တောင်တန်းဒေသများရရှိခံစားစေရမည်။

၈။ ဤစာချုပ်ပါအစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခုကျင့်သုံးခွင့် ပြုထားသော ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းကို မည်သို့မျှထိခိုက်ခြင်း မရှိစေရ။

၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအကူအညီအားမည်သို့မျှ ထိခိုက်ခြင်းမရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေးစီစဉ်ဆက်သွယ်မှုများကဲ့သို့သော အလားတူဘဏ္ဍာရေးစီစဉ် ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်းရှိ မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး၊ တွဲဖက်အတိုင်ပင်ခံများနှင့် စူးစမ်းလေ့လာမည်။

ဤသို့ဖြင့် ပင်လုံစာချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်တို့သည် လက်မှတ်ရေးထိုးပြီးနောက် ပင်လုံစာချုပ်ကြီးကို တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ အထိမ်းအမှတ်အဖြင့် အမှတ်ရကျောက်တိုင်စိုက်ထူထားသည့်ကြောင်း အဆိုကို ဦးတင်ဧ ကတင်သွင်းရာ သီပေါမြို့မှ လူထုကိုယ်စားလှယ်ဦးကြာပုက ထောက်ခံပြီး အားလုံးသဘောတူညီမှုရကာ အမှတ်တရကျောက်တိုင်ကို ပင်လုံတွင် စိုက်ထူရန် ဆုံဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင်ကျောက်တိုင်စိုက်ထူရန်အတွက် အလှူငွေ ကျပ်တစ်ထောင်တိတိ ထည့်ဝင်ခဲ့လေသည်။

ကျောက်တိုင်စိုက်ထူရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းကာ ကျောက်တိုင်ပုံစံရေးဆွဲရေး၊ ရန်ပုံငွေ ကောက်ခံရေးနှင့် လိုအပ်သောအစီအစဉ်များပြုလုပ်ရန် တာဝန်များပေးထားခဲ့သည်။ ယင်းကော်မတီတွင် လဲချားစော်ဘွား၊ ကျေးသီးမန်ခံလျဖိုင်း၊ ဦးခွန်ထီးနှင့် ဦးတင်ဧတို့ ပါဝင်ကြသည်။

● ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံ
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ချုပ်သည် တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးအတွက် ချင်း-ဗမာချစ်ကြည်ရေး ညီလာခံကြီးကို ၁၉၄၇ ခုနှစ် မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိ မြောက်ပိုင်း ချင်းတောင်နှင့် တောင်ပိုင်းချင်းတောင်အကြားပခုက္ကူမြို့အနောက်ဖက် ၉၆ မိုင်အကွာတွင်ရှိ ထီးလင်းမြို့ကလေးတွင် ကျင်းပခဲ့သည်။

ယင်းညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ရန်ဖြစ်သော်လည်း အခြားကိစ္စများ ပေါ်ပေါက်လာသောကြောင့် မတက်ရောက်နိုင်တော့ပဲ ဗိုလ်ချုပ်ကိုယ်စားဝန်ကြီး ဒီးဒုတ်ဦးဘချို ဦးဆောင်၍ သခင်ဝတင်၊ ဦးငွေဆိုင်နှင့် ဦးပုကလေးတို့တက်ရောက်ခဲ့ကြလေသည်။ ချင်းအမျိုးသားများဖက်မှ မြောက်ပိုင်းချင်းတောင်မှ ချင်းခေါင်းဆောင်ကြီးဇဟူး၊ တောင်ပိုင်ချင်းတောင်မှ ခေါင်းဆောင်ကြီးဦးဝမ်းသူမောင်၊ တို့ခေါင်းဆောင်သည့် ချင်းအမျိုးသားများအဖွဲ့၊ ချင်းအမျိုးသမီးများအဖွဲ့နှင့် ချင်းတောင်အနှံ့အပြားမှ ချင်းတိုင်းရင်းသားပေါင်း တစ်သောင်း ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

ညီလာခံ ခတ်ကျင်းပသော ၁၉၄၇ မတ် ၄ တွင် ဒီဒုတ်ဦးဘချို၊ ဦးဝမ်းသူမောင်နှင့် မြောက်ပိုင်း ချင်းခေါင်းဆောင်ဇဟူးတို့သည် ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်အုတ်မြစ်ကို အောင်မြင်စွာစိုက်ထူခဲ့သည်။

ထို့နောက် အောင်ဆန်း-အက်တလီစာချုပ်အရ မြန်မာနိုင်ငံသားတို့သည် မိမိတို့၏ အနာဂတ်အုပ်ချုပ်ရေးအတွက် မိမိတို့ဖာသာ မိမိတို့ဆန္ဒအတိုင်း စီမံခန့်ခွဲနိုင်သော တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖွဲ့စည်းကျင်းပရန်အတွက် လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြသည်။ ရွေးကောက်ပွဲအတွက် စုစုပေါင်းအမတ် ၂၅၅ နေရာတွင် လူမျိုးစုများအတွက် ၄၅ နေရာကို ချန်လှပ်၍ ကျန်နေရာ ၂၁၀ ကိုရွေးကောက်တင်မြှောက်ကြရမည်ဖြစ်သည်။

သို့သော် ဒေါက်တာဘမော်၏မဟာဗမာအဖွဲ့နှင့်ဂဠုန်ဦးစော၏မျိုးချစ်ပါတီ၊ သခင်စိုး၏အလံနီ ကွန်မြူနစ်ပါတီ တို့သည် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးအခံကြချေ။ သခင်သန်းထွန်း၏ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ) ကဝင်ရောက်အရွေးခံရာ ပျဉ်းမနားဖက်တွင်အနိုင်ရပြီး ကွန်မြူနစ်မတ်(၇)ဦးရွေးချယ်ခံရသည်။

ရွေးကောက်ပွဲတွင် ဗမာ၊ ၊ မွန်တို့ သာမက ကရင်၊ ချင်း စသော တိုင်းရင်းသားများလည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအလံအောက်မှ ဝင်ရောက်အရွေးခံကြလေသည်။ ယင်းသို့ တိုင်းရင်းသားတို့၏စည်းလုံးထောက်ခံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် ဖဆပလ အဖွဲ့ချုပ်သည် ၉၅ ဒဿမ ၃ ရာခိုင်နှုန်းရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။

● ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံသဘင်
တိုင်းပြုပြည်ပြု လွှတ်တော်မခေါ်ယူမီ ဖဆပလအဖွဲ့ကြီးသည် ပဏာမပြင်ဆင်မှုညီလာခံကြီးကို ၁၉၄၇ မေ ၁၉ တွင် ဂျူဗလီတောတွင်ကျင်းပသည်။ ယင်းညီလာခံမှ ဖဆပလ အလုပ်အမှုဆောင် ၁၁ ဦး၊ ဗဟို ဦးစီးအဖွဲ့ဝင် (၂၅) ဦး၊ ခရိုင်ကိုယ်စားလှယ် (၃၁) ဦးနှင့် ဖဆပလ အမတ် (၄၅) ဦးပေါင်း (၁၁၁) ဦး ပါဝင်သောအခြေခံ ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် ယင်းညီလာခံကြီးကပင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့သည်။

● တိုင်းပြုပြည်ပြုလွှတ်တော်ပထမညီလာခံ
တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်များသည် ၁၉၄၇ ဧပြီလ ၇ ရက်နေ့တွင် ပြီးစီးသွားပြီးနောက် ၁၉၄၇ ဇွန်လ ၉တွင် တိုင်းပြုပြည်ပြုလွှတ်တော်ပထမညီလာခံကို ဆက်ကျင်းပခဲ့သည်။ အဆိုပါလွှတ်တော်သို့ ကရင်နီ (ကယား)နယ်ပယ်ဆိုင်ရာအမတ်များမှတပါးအားလုံး စုံညီစွာ တက်ရောက်ကြလေသည်။ ဇွန်လ ၁၁ ရက်တွင် သခင်နုအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲရမည့်အုပ်ချုပ်ပုံအခြေခံဥပဒေအတွက် အခြေပြုရမည့်အချက်ကြီး (၇)ချက်ပါဝင်သော ရည်ညွှန်းပြဋ္ဌာန်းချက်အဆိုတရပ်ကို တင်သွင်းခဲ့သည်။ ယင်းတို့မှာ –

(၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ် သည့်အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။ ထို့ပြင်-

(၂) ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖေါ်ပြသည့်တသီး ပုဂ္ဂလပြည်နယ် များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့် အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။ ထို့ပြင် –

(၃) အချုပ်အခြာအာဏာပိုင်လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။ ထို့ပြင် –

(၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတရှိစေလျက်အဆင့်အတန်းအခွင့်အရေးနှင့် ဥပဒေသက်သေခံမှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ။ ပကတိတူညီစေရမည့်ပြင် တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့် လွတ်လပ်စွာဖေါ်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့် ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အစိုင်အလုံသတ်မှတ်ထားရှိစေရမည်။ ထို့ပြင် –

(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့ပြင် –

(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်းတည်တဲ့ ခိုင်မြဲရေးကိုလည်ကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရစောင့်ထိန်းထားရှိစေရမည်။ ထို့ပြင် –

(၇) ရာဇဝင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်ညီစွာ ရသင့်ရထိုက်သောအဆင့်အတန်းသို့ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုး ချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင် အချင်းချင်းဆိုင်ရာတရားဓမ္မနှင့် ကျင့်ဝသိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

တို့ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တည်ဆောက်ရာ၌လည်း

၁) လွှတ်လပ်သည့်နိုင်ငံဖြစ်ရမည်။ (Independence)
၂) အချုပ်အခြာအာဏာပိုင်ဖြစ်ရမည်။ (Sovereignty)
၃) ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ရမည်။ (Republic)
၎) ပြည်ထောင်စုနိုင်ငံဖြစ်ရမည်။ (Union Stated) ဟူ၍ အခြေခံမူ (၄)ချက်ကိုလည်း ချမှတ်ပေးခဲ့သည်။

ထိုအချက်များကို မေလ ၂၃ ရက်နေ့တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံက ဆုံးဖြတ်ချင်ချလိုက်သည့်အချက်အလက် သဘောထားများဖြစ်သည်။ ထိုအချက်များပါဝင်သော ဗိုလ်ချုပ်၏ပြဋ္ဌာန်းချက် အဆိုကို လွှတ်တော်အမတ်အားလုံးက ထောက်ခံခဲ့ကြသည်။

ယင်းနောက် ဇွန်လ ၁၈ရက်နေ့တွင် အဖွဲ့ဝင် ၇၅ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ရေးဆွဲရေးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသည် မိမိတို့ဆိုင်ရာ လုပ်ငန်းများကို စတင်ဆောင်ရွက်နေစဉ်အတွင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ၌ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစစ်စံထွန်း၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ အတွင်းဝန်ဦးရွှေဘော်နှင့် ဒုတိယအတွင်းဝန်ဦးအုန်းမောင်တို့သည် အရေးကြီးသော ပြည်ရေးပြည်ရာပြဿနာအဝဝကို ဆွေးနွေးတိုင်ပင်လျက် ရှိနေစဉ် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ဂဠုန်ဦးစော၏ တပည့်လူသတ်သမားများက ဝင်ရောက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဒုတိယအတွင်းဝန်ဦးအုန်းမောင်နှင့် ဦးရာဇတ်၏သက်တော်စောင့်ကိုထွေးတီု့  သွေးမြေကျကာ ကျဆုံးခဲ့ရသည်။

● ဒုတိယညီလာခံ
တိုင်းပြုပြည်ပြုလွှတ်တော်၏ ဒုတိယညီလာခံကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ လစ်လပ်လျက်ရှိသော လွှတ်လပ်ဥက္ကဋ္ဌနေရာတွင် ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်အား ရွေးကောက်တင်မြှောက် လိုက်ကြလေသည်။ ဇူလိုင်လ ၃၁ ရက်တွင် အခြေခံဥပဒေရေးဆွဲရေးကော်မတီက ရေးဆွဲခဲ့သော အခြေခံဥပဒေကြမ်းကို အတည်ပြု၍ အခြေခံဥပဒေအချောကိုင်ကော်မတီသို့ လွှဲအပ်ခဲ့သည်။ သြဂုတ်လ ၁ တွင် နိုင်ငံတော်အလံ၊ သီချင်းနှင့် တံဆိပ်ဆပ်ကော်မတီက တင်ပြသောနိုင်ငံတော်အလံနှင့် တံဆိပ်ကို ဆွေးနွေးအတည်ပြု၍ ဒုတိယညီလာခံကို သြဂုတ် ၁၆ တွင် ရုပ်သိမ်းခဲ့သည်။

● တတိယညီလာခံ
တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံကို ၁၉၄၇ စက်တင်ဘာ ၁၅ တွင် စတင်ကျင်းပခဲ့ရာ ညီလာခံသို့ ကရင်နီ(ကယား) ကိုယ်စားလှယ်တော်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ထို့နောက် အခြေခံဥပဒေမူကြမ်း အချောရေးဆွဲရေးကော်မတီက တင်ပြခဲ့သည်။ အခြေခံဥပဒေကြမ်းနှင့် နိုင်ငံတော်သီချင်းကို စက်တင်ဘာလ ၂၄တွင် အတည်ပြုလိုက်ကြသည်။ ထို့ပြင် ညီလာခံ၌ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်အား နိုင်ငံတော်ယာယီသမ္မတ အဖြစ်လည်းကောင်း၊ သခင်နုအား ပြည်ထောင်စုယာယီအစိုးရဝန်ကြီးချုပ်အဖြစ်လည်းကောင်း တင်မြှောက်ခဲ့ကြသည်။

● လွတ်လပ်ရေးရရှိခြင်း
ဤကဲ့သို့တိုင်းပြုပြည်ပြုလွှတ်တော်ကို ၁၉၄၇ ဇွန်မှ စက်တင်ဘာအထိ (၄)လအတွင်း သုံးကြိမ်ခေါ်ယူပြီးဖွဲ့သည်။ အုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို (၄)လနှင့် အပြီးရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲနေစဉ်အတွင်း ၁၉၄၇ စက်တင်ဘာလအတွင်း ဗြိတိသျှဝန်ကြီးချုပ် အက်တလီသည် ယင်းတို့အစိုးရအဖွဲ့ဝင် အိန္ဒိယနှင့် မြန်မာနိုင်ငံဆိုင်ရာဝန်ကြီး လော့ဒ်လစ်စတိုဝယ်လ်( Lord Listowel) ကို မြန်မာနိုင်ငံသို့ စေလွှတ်၍ မြန်မာနိုင်ငံသို့ အာဏာလွှဲပြောင်းရေးအစီအစဉ်များကို ဘုရင်ခံနှင့်လည်းကောင်း၊ ဖဆပလအဖွဲ့ဝင်များနှင့်လည်းကောင်း ဆွေးနွေးတိုင် ပင်ခဲ့ပြီး၊ ဗြိတိသျှအစိုးရကို အကြံပြုရန် အင်္ဂလန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

ထို့နောက် ဦးတင်ထွဋ်၊ ဦးကိုကိုကြီ၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်၊ ဦးအေးမောင်၊ မိုးမိတ်စော်ဘွားကြီး၊ ဦးဝမ်ကိုဟောနှင့် ဦးလဘန် ဂရောင်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည်လန်ဒန်မြို့သို့ စေလွှတ်ခဲ့သည်။ ဤသို့စေလွှတ်ပြီး ၁၉၄၇ အောက်တို ဘာလတွင် သခင်နု၊ ဗိုလ်လကျာ်နှင့် ဗိုလ်ထွန်းလင်းတို့သည် အင်္ဂလန်သို့လိုက်သွားပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးစာချုပ်ခေါ် ‘နု-အက်တလီ’ စာချုပ်ကို မြန်မာယာယီဝန်ကြီးချုပ်သခင်နု နှင့် ဗြိတိသျှ ဝန်ကြီးချုပ်အက်တလီတို့ရေးထိုးချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်အရ မြန်မာနိုင်ငံတော်ကို ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သောအ ချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် အသိအမှတ်ပြု၍ ဗြိတိသျှတို့က အာဏာလွှဲပြောင်းပေးရန် သဘောတူခဲ့လေ သည်။

ဤကဲ့သို့ဖြင့် မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝမှ လွတ်မြောက်၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ်သို့ရောက်ရှိပြီး ကမ္ဘာသို့ ဝံ့ကြွားစွာ ကြေညာနိုင်ခဲ့လေသည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)