ဗာရီဟများနှင့် ဆံပင်ညှပ်ခြင်း

February 4, 2013

ဖိုးထက်
ဖေဖော်ဝါရီ ၄၊ ၂၀၁၃
ဗာရီဟများ သောသူ၊ ကရိကထများသောသူများသည် နိဗ္ဗာန်နှင့် ဝေးသည်ဟု စာတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ဘူးပါသည်။ မှန်တာ မမှန်တာ အပထား ကရိကထများသော သူများကို ကျွန်တော်က သိပ်စိတ်မရှည်တတ်တတော့ အမှန်ဖြစ်သည်။ တစ်ခါက နိုင်ငံခြားကို အလုပ် လုပ်ဖို့ ထွက်လာသော သူငယ်ချင်း တစ်ယောက်ကို သွားကြိုမိခဲ့သည်။ အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ဖြင့် ဆိုက်ရောက် ခန်းမမှ ထွက်လာသော သူ့အိတ်တွေကို စိတ်မသက် မသာ ကြည့်နေမိခဲ့သည်။ ဘာလို့ ဒီလောက်များနေတာလဲ မေးတော့ ဒါတောင် လျှော့ထားခဲ့ရသေးတာတွေ အများကြီးတဲ့လေ။

အခန်းမရခင် စပ်ကြား ကျွန်တော်နေသည့် အိမ်မှာနေဖို့ သူ့ကို ခေါ်လာခဲ့သည်။ အထုပ်တွေကို နေသားတစ်ကျဖြစ်ရင် ကူညီရင်း စပ်စုရင်း ကူညီပေးနေခဲ့သည်။ သူ့အထုပ်တွေထဲက ထွက်လာသည့် ပစ္စည်းတွေက စုံမှစုံ။ လက်သည်းညှပ်က နှစ်ခု။ အသေးက လက်သည်းညှပ်ဖို့။ အကြီးကြီးက ခြေသည်းညှပ်ဖို့။ အင်္ကျီချိတ်တွေက ဆယ်ခုလောက်။ “ဒီချိတ်တွေက မာတယ်ကွ။ ဒါကြောင့် ဟဲ ဟဲ” ဟု ရှင်းပြနေသည့်သူ့ကို မင်းကလဲကွာ ဟုသာ အထွန့်တက်မိသည်။ နောက် မျက်နှာသုတ်ဖို့ မျက်နှာသုတ်ပ၀ါ ခပ်လတ်လတ်တစ်ခု။ ကိုယ်သုတ်ဖို့ ခပ်ကြီးကြီး တစ်ထည်။ ဖိနပ်တွေက ခြောက်ရံလောက်။ ဂျင်းဘောင်းဘီနဲ့ ၀တ်ဖို့ နှစ်ရံ။ စတိုင်လ် ဘောင်းဘီနဲ့ ၀တ်ဖို့က တစ်ရံ။ အလုပ် လုပ်ရင် ၀တ်ဖို့ Safety  Shoes က တစ်ရံ။ ထသွား ထလာဝတ်ဖို့ ခြေညှပ်ဖိနပ်နှစ်ရံ။ ကျွန်တော် စိတ်ရှုပ်သွား၏။

လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့လေဟု တွေးရင်း ဗာရိဟများလွန်းတယ်ဆိုတာ လိုအင်ဆန္ဒများလွန်းတာကိုပြောတာ ထင်ပါရဲ့ဟု အတွေး ချဲ့နေမိခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခရီးသွားလျှင် လွယ်အိတ်ခပ်ကြီးကြီး တစ်လုံးထဲမှာ အပိုဝတ် တစ်ထည်နှင့် မျက်နှာ သုတ်ပ၀ါ တစ်ထည် ဘဲ ပါသည်ဟု မှတ်သားဘူးသည်။ ဗိုလ်ချုပ် အင်္ဂလန်သွားတော့ အနွေးထည်ပင်မပါလို့ နေရူးက အနွေးထည်ကြီး ကောက်ဆင်ပေးလိုက်ရတာ ကရိကထနည်းသော ခေါင်းဆောင်စိတ်ကို ပေါ်လွင်စေနေသလား။

ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ငဲ့ကြည့်မိသည်။ ကရိကထမနည်းတာတော့ အမှန်။ လိုအင်ဆန္ဒလဲ အများနည်းတူ များတာပါဘဲ။ သို့ပေသိ ကျွန်တော့် သူငယ်ချင်းလို ဖိနပ်လေးငါးခြောက်ရံလောက် အဆင်သင့် ဆောင်ထားလောက်အောင်တော့ မဖြစ်။ ပျင်းသည့်ရာခိုင်နှုန်းများတာပါဟုသာ မှတ်ချက်ချလျှင် ပိုမှန်စရာရှိသည်။

တစ်မြန်နေ့က ဆံပင်သွားညှပ်ခဲ့သည်။ ကိုယ်ခန္ဓာက အမွှေးအမှင်အတွက် လူတစ်မျိုးသာ အလုပ်အရှုပ်ဆုံးဟု ဆရာကြီး ဦးအောင်သင်း စကားကို ကြားပြီးကတည်းက ကျွန်တော်၏ ဆံပင်ညှပ်ပျင်းသော အကျင့်ကို ဆက်လက်မွေးမြူခဲ့သည်။ နားရွက်တွေကို ဆံပင်တွေကထိုး၊ ဆီလိမ်းပျင်းသည့်အတွက် ရှုပ်ပွနေသော ကျွန်တော့်ဆံပင်များကို ဘယ်တော့မှ သတိမထားမိ။ မိတ်ဆွေအပေါင်းအသင်းများက ကြည့်ကာ ဖွာလန်ကျဲနေပြီဟု လူပြော၊ သူပြောများလွန်းမှသာ ဆံပင်ညှပ်ရအုံးတော့မှာဘဲဟု တွေးမိတတ်တာများသည်။

ကျွန်တော်က ရုပ်ပြပြီး လုပ်စားရသော မင်းသားမဟုတ်သောကြောင့် ဆံပင်ကို ပုံသွင်း၊ ဆေးဆိုးလဲ လုပ်စရာမလို။ ဆံပင်ညှပ်ဆိုင်ကိုသွား။ မြန်မာဆိုင်ဆိုလျှင် တိုတို၊ သပ်သပ်ရပ်ရပ်၊ ဓားမသုံးနဲ့ဗျာ ဆိုလျှင်ပြီးသည်။ နိုင်ငံခြားသား ညှပ်သော ဆိုင်ဆိုလျှင်တော့ short and tidy၊ No blade။ ဒါဆို လုံလောက်ပြီ။ အဲဒီနေ့ကလဲ မြန်မာစုရပ်ကိုသွားပြီး မြန်မာအမျိုးသမီးများ ၀န်ဆောင်မှုပေးသည့် ဆံပင်ညှပ်ဆိုင်ကို ရောက်သွားခဲ့သည်။ လူတွေအရမ်းများလွန်းနေသည်။ ဆံပင်ညှပ်ဝန်ထမ်း အမျိုးသမီးများ လက်မလည် လောက်အောင် အလုပ်များနေ တာကို သတိထားမိသည်။ သို့သော် နောက်တစ်ခေါက်ပြန်လာရအုံးမှာ ပျင်းသဖြင့် စောင့်ပြီး ဆံပင်ညှပ်သည်။ ဆံပင်ညှပ်တုံးမှာ စာဖတ်ခြင်း၊ မှိန်းခြင်း လုပ်ခြင်းသည် ခေါင်းအနေအထားကို ချိန်ညှိနေရသည့် ပရောဖယ်ရှင်နယ်လ် ဆတ္တာသည်များကို ဒုက္ခပေးသလိုဖြစ်နိုင်သည်။ ထို့ကြောင့် ဘာစာမှ မဖတ်ဘဲ ခေါင်းကို ဆံပင်ညှပ်သူ စိတ်တိုင်းကျ ရှိစေရင် အကူအညီပေးနေခဲ့သည်။

ကျွန်တော့်ဆံပင်များကို တိလိုက်၊ ဖြတ်လိုက်၊ ရိတ်လိုက် လုပ်နေသော ဒီအမျိုးသမီးကြီးက သိပ်ကျွမ်းကျင်ပုံမရ။ ခေါင်းကို ကိုယ်တွယ်ပုံ၊ ဂိုက်ထိုးစက် ချိန်ဆပုံ၊ ဘီးကို ဆနေပုံ များက သိပ်မကျွမ်းကျင်ဘူး ဆိုသည့် အသိကို ရစေသည်။ အို..သူ့ဘာသာ ကျွမ်းကျွမ်း မကျွမ်းကျွမ်း တိုတိုနဲ့ သပ်သပ်ရပ်ရပ်ဖြစ်သွား အေးတာဘဲဟု စိတ်လျှော့ကာ သူပြုသမျှ ကျွန်တော်က နုပေးခဲ့ရသည်။ ပြီးပြီ ထပ်တိုချင်သေးလားဟု မေးတော့ မျှော်လင့်ထားသည့်အတိုင်း ဆံပင်ပုံကြီးက ဘာပုံပေါက်နေမှန်းမသိ။ အထွန့်တက်ပြီး သိပ်မကြိုက်ဘူး၊ နည်းနည်း ညှိကြည့်ပါအုံးဟု ပြောပြန်လျှင်လဲ နောက်မှာ ဆံပင်ညှပ်ဖို့ စောင့်နေသူတွေက အများကြီး။ ပြီးတော့ သူကိုယ်တိုင်လဲ ဘယ်နှစ်ခေါင်း ညှပ်ထားခဲ့ပြီးမှန်း မသိရ။ ပင်ပန်းနေသည့် ပုံက ဘယ်လိုမှ ဖုံးကွယ်လို့မရ။ အင်း ရပါပြီလေ။ ထားလိုက်ပါတော့ဟု ဆံပင်ညှပ်ခုံပေါ်က ဆင်းလာခဲ့သည်။ နောင်ဆို ဒီဆိုင်မှာ ညှပ်ဖို့ စဉ်းစားရမယ်။ လူမရှုပ်တဲ့ အချိန်ရွေးမှပါလေဟု တွေးရင်း ပြန်ထွက်လာခဲ့သည်။ ဆံပင်ညှပ်ဆိုင်က ပြန်ထွက်ချိန်မှာတော့ ကျွန်တော်ခုနက ညှပ်နေခဲ့သော ခုံမှာ လူတစ်ယောက်ဆံပင်ညှပ်ဖို့ ပြင်နေပြီ။ “သိပ်ကြီး မတိုစေနဲ့ဗျာ..ဒေါက်မဖြတ်ချင်ဘူး..ဂိုက် မသုံးနဲ့…အဖြူတွေများနေရင် ပြောပါ..တစ်ခါတည်း ဆေးဆိုး သွားချင်လို့..ခေါင်းပါလျှော်မယ်နော်…ဆံပင်စတွေနဲ့ မနေတတ်ဘူးဗျ..” ဆိုသည့် customer ပြောနေသံများသည် ဆံပင်ညှပ်မည့် အမျိုးသမီးကြီး၏ နားထဲသို့ ၀င်မှ ၀င်ပါလေစ။

ဆံပင်ညှပ်ပြီးသွားတော့ ကွမ်းယာဆိုင်ဘက်သို့ ခြေဦးလှည့်မိသည်။ ခရီးသွားဟန်လွှဲ ကွမ်းလေး တစ်ယာနှစ်ရာဝါးရင်း၊ အိမ်ကိုလဲ ကွမ်း ထည့်သွားရင်း စာဖတ်ရင် ဇိမ်ဘဲဟု တွေးမိသောကြောင့် ဖြစ်သည်။ ကွမ်းယာဆိုင်ရောက်တော့ လူတွေက အုံခဲနေသည်။ ကွမ်းယာ ရောင်းသော လူက ကျွန်တော့်ကို “ထုံးစံအတိုင်းဘဲလား အစ်ကို” ဆိုလာသည်။ အေးကွာဟု ပြန်ပြောရင်း ကွမ်းလာဝယ်သူများကို သတိ ထားကြည့်နေခဲ့သည်။ “တစ်ယာဝါးအုံးမလား အစ်ကို” ဆိုသည့် စကားသံ သုံးခါမြောက်ကျမှ အေး..အေး ဟု အလောတကော ဖြေရသည်။ ကွမ်လာဝယ်သူများမှာလဲ အလိုဆန္ဒတွေ များလှပါရော။ “92 ပါးပါးနဲ့ သံပုရာ။ ထုံးလေးလေးဗျာ” ဆိုသည်က တစ်ယောက်။ “စင်ကနယ်နဲ့ ငါးကျပ်ဖိုး။ သုံးကျပ်ဖိုးနဲ့ နှစ်ကျပ်ဖိုး ခွဲထည့်ဗျာ” ဆိုသည့် လူလဲ ရှိသည်။ “ဗမာဆေးလေးလေးနဲ့ ရှားတစ်ပေါက် သုံးကျပ်ဖိုး ။ မြန်မြန်လေးဗျာ။ မိန်းမက စောင့်နေပြီ” ဆိုသည့် လူလဲ လာ၏။ ကွမ်းယာနေသော ကောင်လေးက “အစ်ကိုရပြီ..ဆေးနည်းနည်း လေးမယ်ထင်တယ်။ မကြိုက်ရင်လဲ နောက်တစ်ခေါက်ပြောပါ” ဆိုပြီး လှမ်းလိုက်သည့်ကွမ်းထုပ်ကို ယူပြီး ပြန်ထွက်လာခဲ့သည်။ ဆေးလေးရင် ဖယ်စားလိုက် ရတာဘဲဟု တွေးမိပေမယ့် ဒီကောင်လေးကို နောက်တစ်ခေါက်ကြရင် သေချာမှာမှပါလေဟု တွေးမိခဲ့ပြန်သည်။

ကွမ်းယာဆိုင်ကပြန်ထွက်လာတော့ ဖုန်းကဒ်ဝယ်စရာရှိသည်။ အိမ်က လူများက ဖုံးကဒ်ကြုံရင် ၀ယ်ခဲ့စမ်းပါ ဆိုသည့် စကားကို သတိရ လိုက်သောကြောင့် ဖြစ်သည်။ “hi miniute မကြိုက်ဘူးနော်။ လိုင်းကြည်လဲ မကြည်ဘူး။ Pagoda ကဒ်သာ ရအောင် ရှာဝယ်ခဲ့။” ဟု မှာထားသည်က တစ်ယောက်။ “ငွေဖြည့်ကဒ်လေး ၀ယ်ခဲ့စမ်းပါဗျာ။ ကျွန်တော့်လိုင်းက M1 နော် အစ်ကို သိတယ်မို့လား။ တစ်ဆယ် တန် ဘဲနော်။ ဒီလ ဖုန်းဖိုး အတော်ကုန်နေပြီဗျ။” ဆိုလာသည်က တစ်ယောက်။ “သုံးလွှာက မြန်မာဆိုင်မှာ မေးခဲ့စမ်းပါဗျာ။ Note 2 ဘယ် လောက်လဲလို့။ ကျနော် ၀ယ်ချင်တယ်ဗျ။” ဟု ဈေးမေးခိုင်သော ကောင်လေးအတွက်လဲ မေးရသေးသည်။ 4G ဆို ဘယ်လောက်၊ 3G ဆို ဘယ်လောက်။ SD ကဒ်က ဘယ်လောက်သုံးချင်တာဘဲ စသည့် မေးခွန်းများကို ဖြေရင်း သေချာမှတ်ရသေးသည်။

ဖုန်းဆိုင်ကနေပြန်ထွက်တော့ နာရီကြည့်မိသည်။ ညနေလေးနာရီတောင် ကျော်ပါပေါ့လား။ တစ်ခုခုစားသွားမှပါလေဟု တွေးမိပြန်သည်။ ရှမ်းခေါက်ဆွဲမစားရတာကြာပြီ။ သုံးလွှာက မြန်မာဆိုင်က ဟင်းချိုမှုန့်တွေ အများကြီးသုံးသည်။ ဟင်းချိုကလဲ ဒီအချိန်ဆို ရေနွေးထိုးပြီး လောက်ပြီ။ မွတ်ဆလင်ဆိုင်ကတော့ အစားအသောက် သန့်ရှင်းသပ်ရပ်သည်။ ဟင်းချက်ကောင်းသည်။ သို့သော် ဗုဒ္ဓဘာသာဆိုင်များကို အားပေးပါဆိုသည့် Campaign ကိုလဲ တစ်လောကမှ ဖတ်လိုက်ရသေးသည်။ အင်း…အိမ်နားရောက်မှ တရုတ်ဆိုင်မှာ မြူစွမ်ပြုတ် သောက်တာဘဲ ကောင်းပါတယ်လေဟု တွေးရင်း အိမ်ပြန်ရန် ခြေဦးလှည့်မိသည်။

လူတွေ၊ လူတွေ အလိုဆန္ဒတွေ၊ အလိုဆန္ဒတွေ။ ကိုယ်ပိုင်အိမ်လေးရှိချင်ကြသည်။ ရေကူးကန်လေးပါရင် ပိုကောင်း။ ရေပူ၊ ရေအေး လုပ်လို့ရတဲ့ ကန်ဆိုရင် အကောင်းဆုံးပေါ့။ ဂေါဖ်ကွင်းလေးပါအုံးမှပါလေ။ စာဖတ်ခန်းလေးကို အလင်းရောင် ကောင်းကောင်းရအောင် လုပ်ရမယ်။ ပန်းခြံလေး ခပ်သေးသေးတစ်ခုနဲ့ မာလီတစ်ယောက်၊ နှစ်ယောက်လောက် ငှားအုံးမှ။ အလိုဆန္ဒတွေကို ဖြည့်ရင်း ရဲတိုက်ကြီး လောက် အိမ်ကြီးတွေ ဆောက်ကြသည်။ ခြံလုပ်သားတွေအတွက် ပိုက်ဆံကို အများဆီမှာ လက်ဖြန့်တောင်းနေကြသည်။

ဦးပေါ်ဦးက သူသေတော့ လက်တစ်ဖက်ကို အပြင်ထုတ်၊ လက်ဝါးဖြန့်ပြရင်း သေရင် ဘာမှပါမသွားနိုင်ဘူးဆိုသည့် massage ကို ပေးခဲ့ သည်တဲ့။ ကျွန်တော်သေရင်ကော။ သေရွာမှာ ဖတ်ချင် ဖတ်လို့ရအောင် အကြိုက်ဆုံး စာအုပ်လေးတွေ အခေါင်းထဲကို ထည့်ပေးဖို့ အိမ်ကို တောင်းဆိုရမှာလား။ ရွှေဥဒေါင်းကြီးရဲ့ ဘ၀တစ်သက်စာမှတ်တမ်းများ ထည့်ဖြစ်အောင် ထည့်သွားရအုံးမည်။ တစ်ချိန်ကြရင် စာဖတ် နေပါသည်ဆိုသည့် လူကြီးနဲ့ ယောယုဝမှာ ဆုံနိုင်စရာ အကြောင်းရှိသည်။ ကာတွန်းစာအုပ်တွေ ဖတ်နေသည့် အဆင့်လောက်ဘဲ ရှိဟန် တူသည့် ဒီလူကြီးကို ရွှေဥဒေါင်းကြီး၏ အတွေးအခေါ်တွေ ပေးဖတ်ချင်ပြန်သည်။

တောင်စဉ်ရေမရ အတွေးများကိုတွေးရင်း ဘူတာသို့ရောက်လာခဲ့သည်။ ဟိုဘက်က လှည့်ပြန်ရကောင်းမလား၊ ဒီဘက်က လှည့်ပြန်ရ ကောင်းမလား။ ဟိုဘက်ကဆို ဝေးသည်။ သို့သော် ရထား ချိန်းစီးစရာ မလိုတော့။ ဒီဘက်ကဆိုရင်တော့ နီးသည်။ ရထားပြောင်းစီးရမည်။ ရထားပေါ်ရောက်ရင် တယ်လီဖုန်းကလိရကောင်းမလား။ စာအုပ်ထုပ်ဖတ်ရကောင်းမလား။ သူငယ်ချင်းဆီ ခဏ၀င်ပြီး ညနေစာ အတူစား ရကောင်းမလား။ ဘီယာလေး တစ်ယောက်တစ်လုံးလောက်သောက်ရအောင်လို့ မြူဆွယ်ရကောင်းမလား။ ဟန်နီကယ်လ်နဲ့ ABC စပ်သောက်ရကောင်းမလား။ မနက်ဖြန်အတွက် အလုပ်ဝတ်တွေ မီးပူမတိုက်ရသေး။ မီးပူ မတိုက်ဘဲ ၀တ်သွားရကောင်းမလား။ မီးပူတိုက် ၀တ်တော့ သပ်သပ်ရပ်ရပ်ဖြစ်သွားတာ ပိုကောင်းတာ မဟုတ်ဘူးလား။ အလုပ်လုပ်ရတာ ယုံကြည်ချက် ပိုမြင့်သွားတာ မဟုတ်ဘူးလား။

ဟိုဘက် ဒီဘက်ရွေးမနေတော့ဘဲ အရင်လာသည့် ရထားပေါ်ကို တက်လိုက်လာခဲ့သည်။ အဓိကက အိမ်ရောက်သွားရင် ပြီးရောမဟုတ် ဘူးလား။ တယ်လီဖုန်းလဲ ထုတ်ကလိမနေနဲ့တော့။ စာလဲ ဖတ်မနေနဲ့။ ထိုင်ခုံနေရာရ ရင်တော့ ထိုင်ရကောင်း၊ မထိုင်ဘဲ နေရကောင်းမလား။ နည်းနည်း စိတ်ရှုပ်လာ၏။ ကရိကထများလွန်းသော လူများ၊ ဗာရီဟ များလွန်းသော ကိုယ်ပိုင်စိတ်များနှင့် လုံးခြာရိုက်ရင်း ဗာရီဟများရင် နိဗ္ဗာန်နဲ့ ဝေးသည်ဆိုသည့် အဆိုကို ပြန်တွေးရင်း မျက်စိနှစ်လုံးကို စုံမှိတ်ပြစ်လိုက်သည်။ အင်း…နိဗ္ဗာန်ဆိုသည့် စကားလုံးကို အတွေးထဲ ရောက်နေတာတောင် အတော်ကြီးလွန်နေပါပေါ့လား ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)