မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်

February 5, 2013

အောင်ဒင်
ဖေဖော်ဝါရီ ၅၊ ၂၀၁၃
● အပိုင်း (၇) လွှတ်တော်နှင့် တရားဥပဒေစိုးမိုးရေး

ဒီမိုကရေစီစံနစ်မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ အချုပ်အချာအာဏာ သုံးရပ်ကို ခွဲဝေကျင့်သုံးကြရာမှာ အာဏာသုံးရပ်အကြား အပြန်အလှန် ထိန်းကြောင်းပဲ့ပြင်ဖို့(Check and Balance) လိုအပ်သလို အာဏာသုံးရပ် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့လဲ လိုအပ်ပါတယ်၊ အထူးသဖြင့် Rule of Law လို့ ခေါ်တဲ့ တရားဥပဒေစိုးမိုးရေးမှာပါ၊ ဥပဒေပြုလွှတ်တော်က မှန်ကန်ကောင်းမွန်ပြီး အများပြည်သူအတွက် အမှန်တကယ်အကျိုးရှိတဲ့ ဥပဒေတွေကို ပြဋ္ဌန်း၊ အစိုးရအဖွဲ့က အဲဒီဥပဒေတွေ အသက်ဝင်အောင်၊ လူထုက လေးစားလိုက်နာအောင် အကောင်အထည်ဖော် (Law Enforcement)၊ တရားသူကြီးများက သူတို့ရှေ့မှောက် ရောက်လာတဲ့ အမှုအခင်းတွေကို ဥပဒေနဲ့အညီ အမှန်အတိုင်း မျှမျှတတ စီရင်ဆုံးဖြတ်ပါမှ တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ၊ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုးဖို့ တရားစီရင်ရေးစံနစ် တစ်ခုထဲမှာ တာဝန်မရှိပဲ လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာပါ အညီအမျှ တာဝန်ရှိနေတာပါ၊

မြန်မာနိုင်ငံမှာ ၂၀၁၀ နောက်ပိုင်း အပြောင်းအလဲ တိုးတက်မှုတွေ အုပ်ချုပ်ရေးပိုင်းမှာ၊ ဥပဒေပြုရေးမှာ တွေ့မြင်နေရပေမည့် တရားစီရင်ရေးဟာ ပြောင်းလဲ တိုးတက်မှုမရှိပဲ အရင် ခေတ်ဟောင်းကလို အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှု၊ လာဘ်ပေး လာဘ်ယူ နဲ့ အကျင့်ပျက်ချစားမှု၊ ငွေများတရားနိုင်မှု တွေနဲ့ ပြည့်နှက်နေဆဲပါ၊ ဒါကြောင့်လဲ တရားစီရင်ရေးစံနစ်ကို ပြုပြင်ပြောင်းလဲဖို့ လူထုရဲ့ တောင်းဆိုသံ၊ စာနယ်ဇင်းများရဲ့ ဝေဘန်သံတွေ ကျယ်လောင်နေသလို လွှတ်တော် အစည်းအဝေးတွေမှာလဲ ဒီကိစ္စကို အလေးအနက်ဆွေးနွေးကြ၊ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်၊ ပြည်သူ့လွှတ်တော်မှာဆိုရင် တရားစီရင်ရေး နဲ့ ပါတ်သက်တဲ့ ကော်မီတီ နှစ်ခုတောင်ဖွဲ့ထားပါတယ်၊ သူရ ဦးအောင်ကို ဦးဆောင်တဲ့ “တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မီတ”ီ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ” တို့ပါ၊ ပြည်သူ့လွှတ်တော်ကပဲ ဖွဲ့စည်းထားတဲ့ “ဥပဒေရေးရာနှင့် အထူးကိစ္စများ စုံစမ်းလေ့လာရေး ကော်မရှင်” ဆိုတာလဲ ရှိပါသေးတယ်၊ အဲဒီ လွှတ်တော်အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်များကတော့ တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများ၊ ရှေ့နေများ၊ ရဲအရာရှိများ နဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ တရားရုံးများကို ဝင်ရောက်စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့အစီရင်ခံစာ တင်သွင်းခြင်း စတာတွေပါပဲ၊ တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါ တရားလို၊ တရားခံ နဲ့ သက်သေများတင်မကပဲ အမှုကို ကြားနာမည့် တရားသူကြီးများပါ ကျမ်းကြိမ်ရမယ် လို့ ဥပဒေကြမ်း တင်သွင်းဖို့ ပြင်ဆင်နေတာလဲ ရှိပါတယ်၊

● မှန်သော ဆောင်ရွက်မှု ဟုတ်၊ မဟုတ်
တရားဥပဒေစိုးမိုးရေး အတွက် လွှတ်တော်ကအခုလို ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်နေတာ ကောင်းပေမည့် လက်ရှိဆောင်ရွက်ချက်တွေဟာ တကယ်လိုအပ်မှု ရှိ၊မရှိ၊ သင့်၊မသင့် ကျနော်တို့ ဆန်းစစ်ကြည့်ဖို့လိုပါတယ်၊ ပြည်ထောင်စု လွှတ်တော် ဟာ အချုပ်အချာအာဏာသုံးရပ်ထဲက ဥပဒေပြုအာဏာကို ကိုင်တွယ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်တဲ့ အစိုးရအဖွဲ့၊ တရားစီရင်ရေးအာဏာကို ကိုင်တွယ်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့နဲ့ အဆင့်တူ အဖွဲ့အစည်းဖြစ်ပါတယ်၊ အဆင့်တူအာဏာပိုင်အဖွဲ့အစည်းများအကြား အပြန်အလှန်ပဲ့ပြင်ထိန်းကျောင်းမှုဟာ မရှိမဖြစ်လိုအပ်သလို အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြန်အလှန်လေးစားမှု များဟာလဲ မရှိမဖြစ်လိုအပ်ချက်များပဲ ဖြစ်ပါတယ်၊ ကျနော့်အမြင်မှာတော့ လွှတ်တော်က တရားသူကြီးများကို ဖိတ်ခေါ်ဩဝါဒ ပေးတာ၊ တရားရုံးများကို ဝင်ရောက်စစ်ဆေးတာတွေဟာ အပြန်အလှန်ပဲ့ပြင်ထိန်းကျောင်းမှုမဟုတ်ပဲ အပေါ်စီးကနေ ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်ပါတယ်၊

● လွတ်လပ်သော တရားစီရင်ရေးစံနစ်
တရားဥဒေစိုးမိုးရေး အတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ရပ်က လွတ်လပ်တဲ့တရားစီရင်ရေးစံနစ်       (Independent Judiciary System) တည်ဆောက်ဖို့ပါ၊ တရားသူကြီးတွေဟာ မိမိတို့ရာထူးတည်မြဲရေးအတွက် ဘယ်သူ့ကိုမှ မှီခိုမနေရဖို့၊ ဘယ်သူ့မျက်နှာကိုမှ ငဲ့ကြည့်မနေရဖို့လိုပါတယ်၊ သူ့ရဲ့ ရာထူးတည်မြဲရေးဟာ သူကိုင်တွယ်ဖြေရှင်းရတဲ့ အမှုအခင်းတွေကို သူ မှန်မှန်ကန်ကန် ဆုံးဖြတ်ခြင်းရှိ၊ မရှိ ဆိုတဲ့အပေါ်မှာပဲ တည်မှီရပါမယ်၊
အမေရိကန် ပြည်ထောင်စုမှာ တရားသူကြီးတွေကို ပြည်ထောင်စုအဆင့်တရားသူကြီးများ နဲ့ ပြည်နယ်အဆင့် တရားသူကြီးများလို့ နှစ်ပိုင်းခွဲခြားထားပါတယ်၊ ပြည်ထောင်စုအဆင့် တရားသူကြီးများကို သမ္မတက ရွေးချယ် အဆိုပြုပြီး အထက်လွှတ်တော်က စစ်ဆေးအတည်ပြုပေးရပါတယ်၊ သမ္မတက တရားသူကြီး တယောက်ကို ခန့်အပ်ဖို့အဆိုမပြုခင် အချိန်အတော်ယူပြီး အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်၊ ပြစ်ချက်အနာအဆာမရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ထပ်ခါထပ်ခါ စစ်ဆေးရှာဖွေရပါတယ်၊ အထက်လွှတ်တော်က သမ္မတ အမည်စာရင်းတင်သွင်းတဲ့ ပုဂ္ဂိုလ်ကို ပညာအရည်အချင်းတွေ ပြည့်စုံရုံနဲ့ အတည်ပြုမှာ မဟုတ်ပါ၊ အဲဒီ ပုဂ္ဂိုလ် ရဲ့ အတိတ်သမိုင်းတလျှောက်လုံးက ဆောင်ရွက်ချက်တွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာသုံးသပ်ကြတာပါ၊

အဓိကကတော့ ဒီပုဂ္ဂိုလ်ရဲ့ Judiciary Philosophy  လို့ခေါ်တဲ့ ဥပဒေဆိုင်ရာအတွေးအခေါ်ကို အလေးအနက်ထားကြည့်ကြပါတယ်၊ သေဒါဏ်အပေါ် ဘယ်လိုသဘောထားသလဲ၊ အမျိုးသမီး အခွင့်အရေးအပေါ် ဘယ်လိုသဘောထားသလဲ စသဖြင့်၊ ဒီပုဂ္ဂိုလ် ဆုံးဖြတ်ခဲ့တဲ့ အမှုဟောင်းတွေ၊ ရေးခဲ့တဲ့ ဥပဒေစာတမ်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ ကိုလဲ လေ့လာအပစ်ရှာကြပါတယ်၊ လူထုအခြေပြုအဖွဲ့အစည်းများက တင်သွင်းကြတဲ့ ထောက်ခံမှု၊ ကန့်ကွက်မှု စတဲ့ လူထုအမြင် (Public Opinion) တွေကိုလဲ ထည့်သွင်းစဉ်းစားပါတယ်၊ အထက်လွှတ်တော် တရားစီရင်ရေးကော်မီတီ (Senate Committee on Judiciary) က အများပြည်သူတက်ရောက်ခွင့်ရှိတဲ့ ကြားနာပွဲ (Confirmation Hearing) ကျင်းပပြီး ဒီ အဆိုပြုခံရတဲ့ ပုဂ္ဂိုလ်ကို မေးခွန်းတွေမေးကြ၊ ဝေဘန်ကြပါတယ်၊ အဲဒီနောက် ကော်မီတီ အဆင့်မှာ မဲခွဲ၊ ကော်မီတီ အဆင့်မှာ အနိုင်ရမှ အထက်လွှတ်တော်တစ်ခုလုံးက မဲခွဲဆုံးဖြတ်ကြတာပါ၊ ဒါကြောင့် သမ္မတ အဆိုပြုတဲ့ ပုဂ္ဂိုလ်တိုင်း တရားသူကြီး ဖြစ်လာတာ မဟုတ်ပါ၊

ဒါပေမည့် အဲဒီ အဆင့်တွေကို ဖြတ်သန်းအောင်မြင်ပြီး တရားသူကြီးအဖြစ် အတည်ပြုခန့်အပ်ခံရပြီးတဲ့အခါမှာတော့ ရာသက်ပန်ခန့်အပ်ခြင်းခံရတာ (Lifetime Appointment) မို့   အဲဒီ တရားသူကြီးဟာ သူ့ရဲ့ ရာထူးတည်မြဲရေးအတွက် သူ့ကို ရွေးချယ်အဆိုပြုတဲ့ သမ္မတကိုရော သူ့ကို အတည်ပြုပေးတဲ့ အထက်လွှတ်တော်ကိုရော မှီခိုစရာမလိုတော့ပါ၊ လွတ်လပ်စွာ တရားစီရင်နိုင်ပါပြီ၊ သူ မှားယွင်းပြီး၊ အကျင့်ပျက်ပြီး လွဲမှားတဲ့ တရားစီရင်မှုမျိုး ချမိမှပဲ သူ့ရာထူးအတွက် အန္တရာယ်ရှိပါလိမ့်မယ်၊ သူ့ရဲ့ တရားစီရင် ဆုံးဖြတ်ချက်တွေကိုလဲ တရားစီရင်ရေးစံနစ်ကို စောင့်ကြပ်ဝေဘန်နေတဲ့ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက မပြတ်စောင့်ကြည့်နေကြတာမို့ သူမှားရင် မှားသလို ပြဿနာတွေ့မှာပါ၊ ဒီတော့ အမေရိကန် ပြည်ထောင်စုရဲ့ တရားသူကြီး ရွေးချယ်ပုံကို အကျဉ်းချုပ်ပြောရရင် သမ္မတကလဲ အကောင်းဆုံး၊ အသန့်ရှင်းဆုံးလူကို ရွေးချယ်အဆိုပြုတယ်၊ အထက်လွှတ်တော်ကလဲ အကောင်းဆုံး၊ အသန့်ရှင်းဆုံးဖြစ်မှ အတည်ပြုပေးတယ်၊ ပြီးရင် တရားသူကြီးတွေဟာ ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ရှိတာမို့ အဲဒီတရားသူကြီးကို သမ္မတကရော၊ လွှတ်တော်ကရော ထုတ်ပယ်ခွင့်မရှိ၊ သူ့ရဲ့ တရားစီရင်မှုမှာ ဝင်ရောက် စွက်ဖက်ခွင့်မရှိ၊ တရားသူကြီးကလဲ သမ္မတ နဲ့ လွှတ်တော်ကို ကြောက်နေဖို့မလို၊ ဒါပေမည့် သူ့ရဲ့ တရားစီရင်မှုကို စောင့်ကြပ်ကြည့်ရှူဝေဘန်နေမည့် လူထုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက သူမှားရင် မှားသလို ရှုပ်ချဖို့ အဆင်သင့် ရှိနေကြ၊ ဒီလိုနဲ့ လွတ်လပ်တဲ့ သန့်ရှင်းတဲ့ တရားစီရင်ရေးစံနစ်ကို တည်ဆောက်ကြရပါတယ်၊

● မြန်မာနိုင်ငံက တရားသူကြီး ရွေးချယ်ပုံ
မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉၊ နဲ့ ၃၀၈၊ အရ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုအဆင့်တရားသူကြီးများကိုသာမက တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်တရားသူကြီးများကိုပါ ခန့်အပ်ပိုင်ခွင့်ရှိပါတယ်၊ သမ္မတက သူခန့်အပ်တာဝန်ပေးချင်တဲ့ တရားသူကြီးလောင်းများရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပေမည့် ၎င်းပုဂ္ဂိုလ်များဟာ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်က သမ္မတအဆိုပြုသူကို ငြင်းပယ်ခွင့်မရှိပါ၊ ဒီဖြစ်စဉ်မှာ လူထုက ပါဝင်ပါတ်သက်ခွင့်၊ အကြံပြုခွင့်၊ ကန့်ကွက်ခွင့် လဲမရှိပါ၊ တခါ ရွေးချယ်ခန့်အပ်လိုက်တဲ့ တရားသူကြီးများဟာ ပြည်ထောင်စုအဆင့်ဆိုရင် အသက် ၇၀ အထိ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်ဆိုရင် အသက် ၆၅ နှစ်အထိပဲ အမှုထမ်းခွင့်ရှိပါတယ်၊ ဒီလိုနဲ့ တရားသူကြီးများဟာ လွတ်လပ်စွာတရားစီရင်နိုင်တဲ့ အနေအထားမှာ မရှိပဲ သမ္မတကို သစ္စာခံရတဲ့ သမ္မတရဲ့ လက်အောက်ခံဝန်ထမ်းများသဖွယ်ဖြစ်လာပါတယ်၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံနစ် ကလဲ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအာဏာများနဲ့ တန်းတူရည်တူ အာဏာပိုင်အဖွဲ့အစည်းဖြစ်ရမည့် အစား အစိုးရအဖွဲ့ရဲ့ လက်အောက်ခံ ယန္တရား တခုအဖြစ် ပြီးခဲ့တဲ့ စစ်အစိုးရများ လက်ထက်ကအတိုင်း ဆက်ဖြစ်နေပါတယ်၊

● လွှတ်တော်ကိုပါ ထပ်ကြောက်နေရပြီ
အဲဒီလို သမ္မတ လက်အောက်ခံဖြစ်နေတဲ့ တရားသူကြီးတွေဟာ အခုတော့ လွှတ်တော်ကိုပါ ကြောက်နေရပြန်ပါပြီ၊ ဘယ်အချိန်မှာ ငါတို့ကို ဖိတ်ကြားပြီး ဩဝါဒ တွေချွေမလဲ၊ ဘယ်အချိန်မှာ ငါ့တရားရုံးကို ရှောင်တခင် စစ်ဆေးမလဲ၊ စသဖြင့် မလွတ်လပ်တဲ့ တရားစီရင်ရေးစံနစ်ထဲက မလွတ်လပ်တဲ့ တရားသူကြီးတွေ ဖြစ်နေကြပါပြီ၊ ဒီပုံနဲ့တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဝေးသထက်ဝေးနေပါဦးမယ်၊

● တရားဥပဒေစိုးမိုးဖို့ ဆိုရင်
တရားဥပဒေ စိုးမိုးဖို့အတွက် အရေးအကြီးဆုံးက ခိုင်မာအားကောင်းတဲ့ လွတ်လပ်သန့်ရှင်းတဲ့ တရားစီရင်ရေးစံနစ် ကို တည်ဆောက်ဖို့ဖြစ်ပါတယ်၊ အုပ်ချုပ်ရေးအာဏာကိုင်တွယ်တဲ့ အစိုးရ နဲ့ ဥပဒေပြုအာဏာကိုင်တွယ်တဲ့ လွှတ်တော်တို့က တရားစီရင်ရေးဆိုတာ ၎င်းတို့ အာဏာပိုင်အဖွဲ့အစည်းများနဲ့ တန်းတူအဖွဲ့အစည်းဆိုတာ လက်ခံဖို့ အသိအမှတ်ပြုဖို့လိုပါတယ်၊ ပြီးတော့ အဲဒီတရားစီရင်ရေးစံနစ်ကို လွတ်လပ်စေဖို့လိုပါတယ်၊ တရားသူကြီးများက အစိုးရကိုရော၊ လွှတ်တော်ကိုရော မကြောက်နေရအောင် ဖန်တီးပေးဖို့လိုပါတယ်၊

သမ္မတကလဲ တရားသူကြီးလောင်းများကို ရွေးချယ်ရာမှာ အကောင်းဆုံးအသန့်ရှင်းဆုံးတွေကို ရွေးချယ်ဖို့လိုပါတယ်၊လွှတ်တော်ကလဲ အကောင်းဆုံး၊ အသန့်ရှင်းဆုံး မဟုတ်ရင် ငြင်းပယ်နိုင်တဲ့ အာဏာရှိရပါမယ်၊ လူထုကလဲ တရားသူကြီးလောင်းအပေါ် သူတို့ရဲ့ သဘောထားအမြင်ကို တင်ပြခွင့်ရှိရပါမယ်၊ ဒီအဆင့်တွေကို ဖြတ်ကျော်ပြီး ခန့်အပ်ခံရတဲ့ တရားသူကြီး ဟာ သူ့ရာထူးတည်မြဲရေးအတွက် သမ္မတကိုရော၊ လွှတ်တော်ကိုရော မမှီခိုနေရသင့်ပါဘူး၊ လူထု နဲ့ လူအခွင့်အရေးရှေ့နေအဖွဲ့တွေ၊ သတင်းမီဒီယာတွေကိုလဲ တရားစီရင်ရေးစံနစ်၊ တရားစီရင်မှုတွေကို မျက်ခြေမပြတ် လေ့လာသုံးသပ်နေဖို့ အားပေးသင့်ပါတယ်၊ ဒီလိုမှပဲ ကျနော်တို့ နိုင်ငံဟာ တရားဥပဒေစိုးမိုးရေး နဲ့ နီးလာမှာပါ၊

လေးစားစွာ၊ အောင်ဒင်
ဇန်နဝါရီ ၄၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အတွေးအမြင်, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်