ကျွန်တော့် ကွမ်းအစ်များ

February 7, 2013

ဖိုးထက်
ဖေဖော်ဝါရီ ၇၊ ၂၀၁၃
ကျွန်တော် ကွမ်းကြိုက်တာ လူတိုင်းသိကြသည်။ အမေကိုယ်တိုင် ဘုရားရှေ့မှာ ကျိန်ဆိုပြီး ကျွန်တော့်ကို ကွမ်းဖြတ်ခိုင်းခဲ့တာတောင်မှ ငရဲသွားမည့် အကောင်က ကွမ်းမပြတ်နိုင်ခဲ့ပါ။ “နင့်ဟယ် ဆေးလိပ်သောက်တာကမှ စတိုင်လ်ကျရင် ကြည့်ကောင်းသေး။ ကွမ်းစားတာကြီးက ပါးစပ်ကြီးကရဲပြီး ကျက်သရေကို မရှိဘူး။ ကွမ်းစားတဲ့ လူဆိုရင် ငါတော့ လွှတ်မုန်း။ ငါ့တပည့်တွေဆိုရင် ငါ့ရှေ့မှာမစားရဲဘူး။ ငါ့သားကျမှဟယ်..” ဟု အငြိမ်းစား ဆရာမကြီး အမေက ကျွန်တော်ကွမ်းစားတာမြင်တိုင်း စိတ်မကောင်းဖြစ်ရှာ၏။ အမေမကြိုက်မှန်း သိသဖြင့် ကျွန်တော်က ကွမ်းဖြတ်ဖို့ ကြိုးစားကြည့်သည်။ သို့သော် အမေ့ဆုံးမစကားမှန်သမျှ ဖီဆန်ကြဟု ဆိုရလောက်အောင် ၀မ်းတွင်းသန္ဓေ ယုတ်လှသည့် ကျွန်တော်က မပြတ် မစဲ တ၀ဲလည်လည် ရှိနေခဲ့သည်။

ကွယ်လွန်သူ စွယ်စုံ အနုပညာရှင်ကြီး ဦးသုမောင်၏ ကွမ်းစကားဆိုသည့် သူ့စာအုပ် အမှာစာမှာ ကွမ်းစားခြင်းဆိုသည်မှာ အရေမရ အဖတ်မရ ဖြစ်သည်။ ထို့ကြောင့် သူ့စာများကလည်း အရေမရ အဖတ်မရ များသာ ဖြစ်နိုင်ပါသည်ဟု ရေးခဲ့သည်။ တကယ်ကျတော့ ဦးသုမောင်ကြီး၏ ကွမ်းစကားစာအုပ်များသည် အရေမရ အဖတ်မရ စာအုပ်များ မဟုတ်ကြပါ။ ကျွန်တော်တို့ မသိမမှီလိုက်သော လူများ၊ အကြောင်းအရာများကို တန်ဖိုးရှိရှိ လက်ဆင့်ကမ်းသွားခဲ့သည့် စာအုပ်များ ဖြစ်ကြပါ၏။

ဦးသုမောင်ကြီး ညွှန်းသလို ကွမ်းစားခြင်းဆိုသည်မှာ အရေမရ၊ အဖတ်မရ ဆိုသည်မှာလဲ မှန်ပါ၏။ အမေပြောသလို ကွမ်းစားရင် ပါးစပ်ကြီးတွေ နီရဲပြီး ကျက်သရေမရှိဘူးဆိုတာလဲ မှန်ပါ၏။ သို့တဖြင့်လဲ ကျွန်တော်တို့ မြန်မာများက ကွမ်းကြိုက်ကြ၏။ ကွမ်းစားကြ၏။ ခါးသက် မူးရစ်စေသော အရက်သေစာကို စွဲမက်သလို ကျွန်တော်တို့က ကွမ်းစွဲကြ၏။ ပါးစောင်ကင်ဆာဖြစ်ခြင်း၊ ကျောက်တည်ခြင်း စသည့် ဆိုးကျိုးများသာ ပေးသော ကွမ်းစားခြင်းကို ကျွန်တော်တို့ စွဲမက်ကြ၏။

ရှေးရှေးဘုရင်များခေတ်ကတည်းက ကွမ်းစားခြင်းဓလေ့က ရှိနေခဲ့သည်ဟု စာအုပ် စာပေတွေထဲမှာ ဖတ်ဘူးခဲ့သည်။ ကွမ်းစားခြင်းနှင့် ပါတ်သက်ပြီး လွမ်းမောဖွယ်၊ တက်ကြွဖွယ်၊ ပြုံးစိစိဖြစ်ဖွယ် အတိတ်သမိုင်းကြောင်း တွေလဲ ဖတ်ဘူး၊ ကြားဘူးသည်။ ရှေးက သက်ဦးဆံပိုင်၊ ရေမြေ့ရှင် ဘုရင်၊ ဘုရင်မ များ စားထားသော ကွမ်းဝါးဖတ်ကို ပါးစပ်ထဲက ထွေးထုတ်ပြီး ကျေးတော်မျိုး၊ ကျွန်တော်မျိုး တစ်ဦးဦးကို သနားတော်မူလျှင် အသနားခံရသော လူအတွက် ဂုဏ်ယူမဆုံး ရှိကြသည် ဆို၏။ ကျွန်တော့်အတွက်ကတော့ အဲဒီလိုမျိုးများ အသနားတော်ခံတော်မူရလျှင် ရွံပြီး အံမိနိုင်သဖြင့် ခေါင်းနှင့် ကိုယ် အိုးစားကွဲနိုင်ပါ၏။

သမိုင်းထဲမှာ ဖတ်ဘူးသည်။ ဘုရင်နာမည်တော့ ကျွန်တော် မမှတ်မိတော့။ ထိုဘုရင် လက်ထက်က သူ၏ မူးကြီး မတ်ကြီးများက ကိုယ်ပိုင်ကွမ်းအစ်ကြီးများဖြင့် ညီလာခံ တက်ကြသည်။ ထိုဘုရင်ကိုယ်တိုင်လဲ ကိုယ်တိုင်ကွမ်းအစ်ကြီးနှင့် ကွမ်းဝါးရင်း တိုင်းပြည်ရေးရာများ ဆွေးနွေးတိုင်ပင်ကြသည် ဆို၏။ သို့သော် ပြဿနာက ကွမ်းယာပြီးလျှင် ထုံးသုတ်ထားသော လက်များနှင့် နန်းတော်တိုင်များကို သုတ်ပြီး လက်သန့်ရှင်းကြသဖြင့် နန်းတော်တစ်ခုလုံး မြင်မကောင်းလောက်အောင် ထုံးတွေ ပေပွနေကြသည်။ အာဏာရှင် ဘုရင်က အမိန့်ထုတ်ရတော့သည်။ နောင်ကို နန်းတော်တိုင်ကိုထုံးသုတ်တာတွေ့လျှင် ကျူးလွန်သူ၏ ကျူးလွန်သည့် လက်ကို ဖြတ်မည် ဆိုသည့် အမိန့်။ ဗောင်းတော်ငြိမ့် စိတ်တော်သိ အမတ်များက ကြောက်တာလား၊ ချစ်တာလား၊ ပါမစ်တွေ မရမှာ စိုးသည်လားမသိ။ ဘယ်သူမှ မသုတ်ရဲတော့ဟု ဆိုသည်။ တစ်နေ့တော့ အမိန့်ထုတ်သူ ဘုရင် ကိုယ်တိုင် ကိုယ့်အမိန့်ကိုယ် မေ့ပြီး ကွမ်းယာရင်း လက်ကို နီးစပ်ရာ တိုင်မှာ သုတ်တော်မူမိ၏။ နောက်တစ်ရက်မှာ မေ့သည်လား၊ ရူးချင်ယောင်ဆောင်သည်လား မသိသော ဘုရင်က ဒီထုံးသုတ်ထားတဲ့ သူ ဘယ်သူလဲဟု အမေးတော် ရှိလာ၏။ အမတ်များကလဲ အရှင်မင်းကြီး ကိုယ်တိုင်ပါဘဲဟု ၀မ်းသာအားရ ဖြေကြသည်။ အရှက်ကွဲသွားသော ဘုရင်က ငါ ဘယ်လက်နဲ့ သုတ်မိသလဲ။ သြော် ..ဒီလက်နဲ့လားဆိုပြီး ထုံး သုတ်မိသော လက်ကို ကိုယ်တော်တိုင် လက်ထဲက သန်လျက်ဖြင့် ဖြတ်တော်မူသည် ဆို၏။ ထို့အပြင် ထိုဘုရင်ကြီးဘဲ ထင်သည်။ ရေနံချေးပေနေသော နန်းတော်တိုင်ကို မှီထိုင်နေသည့် သမီးတော်ကို “ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ပေးဝယ်ဝတ်ထားရတာ။ နင်က ဘာမသိတတ်တာလဲ ကောင်မက” ဆိုပြီး ဖနှောင့်နှင့် ထပေါက်တော်မူတော်မူသည် ဆိုပြန်သည်။

တကယ်တော့ ထိုသမိုင်းပြုစုသူ အမတ်သော်လည်းကောင်း၊ ပညာရှိသော် လည်းကောင်း တစ်ဦးဦးက အုပ်ချုပ်သူ ဘုရင့်ကို ပြည်သူတွေပေးတဲ့ အခွန်အခနဲ့ နင်တို့ ထမင်းစားနေတာဟု Message ပေးချင်ဟန်တူသည်။ ထားပါတော့။ သမိုင်းမှာ တကယ်ရှိခဲ့သလား၊ တကယ်မရှိခဲ့ဘူးလား ကျွန်တော် မဆုံးဖြတ်တတ်။ ကွမ်းစားခြင်းနှင့် ပါတ်သက်ပြီး မြန်မာ့သမိုင်းမှာ တွေ့ရသည့် ကိုယ့်လက်ကိုယ် ရှက်ရှက်ဖြင့် ဖြတ်သည့် ဘုရင်ကို အပြစ်မမြင်ဘဲ အချစ်ပိုရသည်။ ကိုယ်ထုတ်သည့် အမိန့် ကိုယ်တိုင် လိုက်နာသော ဘုရင်ကြီး လွှတ်ချစ်ဖို့ကောင်း။ ရှက်ရကောင်းမှန်းသိသော အာဏာရှင်ကြီးပါလားဟု ဦးညွှတ်မိသည်။

ကျွန်တော် ငယ်ငယ်က တောရွာအိမ်တိုင်းမှာ ကွမ်းအစ်လေးတွေ ရှိကြတာ တွေ့ဖူးသည်။ ဆင်းရဲသူ မိသားစုအိမ်မှာ ပိန်ချိုင့်ချိုင့် ဒန်ဖြူဖြူ ကွမ်းအစ်ထဲမှာ ကွမ်းရွက် လေးငါးဆယ်ရွက်။ ဗမာဆေးရွက်ကြီးဟု ခေါ်ရမည့် ဆေးရွက်ကြီး အဖတ်ကြီး တွေက တစ်ကန့်။ ထုံးထည့်ထားသည့် အကန့်က တစ်ကန့်။ ကွမ်းသီးကြီးတွေနှင့် လိုသလောက် ဖြတ်၊ ညှပ်ယူဖို့ ကွမ်းညှပ်ကြီးက တစ်ကန့်။ တတ်နိုင်သူ၊ ချမ်းသာသူ မိသားစုများမှာတော့ ပိုပြီး စုံစုံစီစီ ရှိသည်။ အိန္ဒိယဆေး၊ ဆေးမွှေး၊ အုန်းသီးခြောက်ကြော် များကို တောက်ပြောင် ၀င်းလက်သော ကွမ်းအစ်ကြီးတွေထဲမှာ ထည့်ထားသည်။ နေလောင်ထားသော မျက်နှာညိုညိုကြီးများဖြင့် ခေါင်းပေါ်မှ ခေါင်းပေါင်း တဘက်ကြီးကို ချွတ်၊ တန်းလျားမှာ ၀င်ထိုင်လိုက်ရင်း အေးအေးလူလူ ကွမ်းယာရင်း၊ ၀ါးရင်း အနားယူနေသည့် တောင်သူဦးကြီးများ ပုံရိပ်တွေက ကျွန်တော့်မျက်စိထဲမှာ အခုထို စွဲကျန်နေဆဲဖြစ်သည်။

သို့သော် ကျွန်တော်မှတ်မိသမျှမှာ ဗမာဆေးရွက်ကြီးနှင့် ယာထားသောကွမ်းတစ်ယာကို ပါးစောင်မှာ မြုံရင်း တစ်နေကုန် နေပူစပ်ခါး အလုပ်လုပ်ကြသည်။ ထမင်းစားခါနီးမှ စားလက်စ ကွမ်းယာကို ခဏထုတ်။ ထမင်းစားပြီး ခံတွင်း ရှင်းသည့် အနေဖြင့် ခုနက ထုတ်ထားသော ကွမ်းယာကို ပြန်ဝါးရင်း လုပ်ရမည့် အလုပ်ကို စဉ်းစားရင်း အနားယူရှာကြသည်။ အခုခေတ် ကျွန်တော်တို့ ကွမ်းစားသလို တစ်ယာပြီး တစ်ယာ ကွမ်းနှင့် ပါးစပ်နှင့် မပြတ် မရှိတာတော့ သေချာသည်။ အခု ကျွန်တော်တို့မှာတော့ ဗမာဆေးရွက်ကြီးသာ မကဘဲ နိုင်တီတူး၊ နှပ်ဆေး၊ ဆင်ကနယ်လ်၊ ၁၀၀၊ ဘုရင်မ၊ ဖိုးတီဖိုက်၊ ဆေးပေါင်း၊ ဆေးမဲ စသည့် ကွမ်းစားဆေးတွေ အမယ်စုံလှသည်။ ဒီတော့ ကွမ်းစားခြင်းနှင့် ဆက်စပ်ပြီး ရောဂါတွေကလဲ အမယ်စုံလာသည်။

တကယ့် တကယ်တော့ ကွမ်းကြိုက်သော ကျွန်တော်က ကွမ်းစားခြင်းကို အပြစ်မြင်လို့ မရ။ ကွမ်းစားခြင်း ဓလေ့သည် အခြား အခြားသော ယဉ်ကျေးမှုများ အိန္ဒိယနိုင်ငံမှ ကူးစက်လာသလို ကျွန်တော်တို့ဆီကို ကူးစက်လာခြင်းဖြစ်သည်။ ကွမ်းစားခြင်းသည် အပြစ်ဟု အမေကျွန်တော့်ကို မြင်သလို ကျွန်တော့်ကိုယ် ကျွန်တော် မမြင်ရက်ပါ။ သို့သော် ကွမ်းတံထွေးကို တွေ့ကရာ ထွေးတတ်သော လူများကိုတော့ အမေမုန်းသလို ကျွန်တော် မုန်းသည်။ ကျွန်တော်တို့ဆီမှာ တိုက်ထောင့်များ၊ နံရံများပေါ်မှာ ကွမ်းတံထွေးတွေက မြင်မကောင်းအောင် ရှိနေတတ်တာကိုတော့ အစာမကြေချင်။

ကွမ်းစားနိုင်ကြပါ၏။ အရက်မသောက်တာ ဘယ်ဘုရားရှင်မှ မကြိုက်သလို ကွမ်းစားခြင်းကို ကွမ်းကြိုက်သော လူများက လွဲပြီး ဘယ်သူကမှ မကြိုက်နိုင်တာ သေချာပါ၏။ သို့သော် ကွမ်းတံထွေး ထွေးခြင်းကိစ္စကိုတော့ ကွမ်းကြိုက်သူကော၊ ကွမ်းမကြိုက်သူကော ဆင်ချင်သင့်ကြပါသည်။ တစ်နေ့က စင်္ကာပူရှိ ပင်နီဇူလာ ပလာဇာရှိ မြန်မာစုရပ်ကို ကျွန်တော် ရောက်သွားသည်။ ကွမ်းဆိုင်တွေက ရိုက်သတ်လို့ မကုန်အောင် အများကြီးရှိသည်။ ကွမ်းတံထွေးကို မုန်းသော စင်္ကာပူနိုင်ငံသားများကိုယ်တိုင် မျက်စိမှိတ်ပြီး ကွမ်းဆိုင်များကို ခွင့်ပြုထားသည်ကို ကျေးဇူးတင်ရပါသည်။ ပင်နီဇူလာ ပလာဇာရှိ သန့်ရှင်းရေး ၀န်ထမ်းများဘ၀ကို တစ်ခါတစ်ရံ ကိုယ်ချင်းစာတွေးကြည့်မိသည်။ ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ကွမ်းစားသော မြန်မာတွေအနီးမှာ သန့်ရှင်းရေး ၀န်ထမ်း မဖြစ်ပါရစေနဲ့ ဘုရားဟု ဆုတောင်းနိုင်သည်။ ကွမ်းရောင်းသော ဆိုင်များက ကွမ်းထွေးဖို့ ကြွပ်ကြွပ်အိတ်လေးတွေ ပေးသော်လည်း ကွမ်းတံထွေး အိတ်များဖြင့် ပြည့်နေသော အမှိက်ပုံးများကို သန့်ရှင်းရေး လုပ်ရသည့် သူတို့ ဘ၀ကို ကိုယ်ချင်းစာမိသည်။

လှေခါးထိပ်တိုင်းမှာ ကွမ်းထွေးဖို့ အမှိုက်ပုံးတွေ ချပေးထားသည်။ အိမ်သာ အ၀င်ဝတွေမှာ ကွမ်းထွေးဖို့ အပိုဆောင်း အမှိုက်ပုံးတွေ ချပေးထားသည်။ သို့သော် ကျွန်တော်တို့ ရွေမြန်မာများ၏ ကွမ်းသွေးတွေက နေရာတစ်ကာ ရဲပတောင်းခတ်နေသည်။ ဒါလဲ သဘာဝကျပါ၏။ ကွမ်းရောင်းခြင်းကို ခွင့်ပြုထားသော နေရာမှာ ကွမ်းတံထွေး များဖြင့် ပြည့်နေသော အမှိုက်ပုံးများရှိနေတာ ထူးဆန်းသောကိစ္စမဟုတ်။ ကွမ်းစားခြင်းကို နားမလည်သော နိုင်ငံခြားသား မဆိုထားဘိ ကွမ်းကြိုက်သော ကျွန်တော် မြန်မာတစ်ယောက်ကိုယ်တိုင် ခွင့်လွှတ်တွေးလို့ မရအောင် ကွမ်းထွေးခြင်းများကို တွေ့နေရသည်။ ၀ါးတစ်ပြန်လောက်မှာ ကွမ်းထွေးဖို့ အမှိုက်ပုံးရှိပါလျက် ကြွေပြားကပ် တမံသလင်းပေါ်ကို ကွမ်းထွေးကြသည်။ လှေခါးထောင့်မှာ စင်္ကာပူကို မြန်မာနိုင်ငံဟု ယူဆနေကြသလား မသိ။ ကွမ်းထွေးကြသည်။ ပါးစောင်ကျင်း၊ ပလုပ်ဆေး လုပ်နိုင်ကြပါသည်။ သို့သော် ကိုယ့် ကွမ်းထွေးလေးမှ ကိုယ်သန့်ရှင်းရေး မလုပ်သွားနိုင်လောက်အောင် ကျွန်တော်တို့က လုပ်ကြသည်။

ကွမ်းဖြတ်ကြဖို့၊ ကွမ်းမစားကြစို့ရဲ့ဟု Campaign များ လုပ်လာနိုင်ကြသည်။ ကျွန်တော်ကတော့ ဆန့်ကျင်မိနိုင်သည်။ ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ်၊ ကိုယ့်ဓလေ့နှင့် ကိုယ်မို့လား။ ဖားအရှင်တွေ၊ ငါးအရှင်တွေကို အရှင်လတ်လတ် အခုသတ်၊ အခုကင်စားကြသော တရုတ်လူမျိုးတွေ ဓလေ့များကို ကျွန်တော်တို့ မုန်းသလို ကွမ်းစားခြင်းကို နိုင်ငံခြားသားများကလဲ မုန်းနိုင်ကြသည်။ စင်္ကာပူကိုမှီတော့မယ်ကွဟု ကျွေးကျော်နေသော ကျွန်တော်တို့က ကွမ်းတံထွေးကိုတွေ့ကရာ ထွေးနေကြသည်။

ပြည်တွင်းမှာ။ တိုက်ထောင့်တွေမှာ။ လမ်းပေါ်မှာ။ နံရံတွေပေါ်မှာ။ ဖိတ်ဖိတ်တောက် ၀န်ကြီးဌာန အဆောက်အဦး ထဲမှာ။ ကွမ်းတံထွေးတွေ ရဲနေအောင် စည်းကမ်းမဲ့ကြသော ကျွန်တော်တို့လူမျိုးတွေမှာ။ ကွမ်းကြိုက်သော ကျွန်တော်က စိတ်အပျက်ကြီး ပျက်မိသည်။ လူ့လောကကြီးကို ဘုရားရှင်တွေတောင် ပြီးပြည့်စုံအောင် မဖန်တီးသွားနိုင်ခဲ့ကြသေးလျှင် ကျွန်တော်လို အမေ့စကား နားမထောင်သောကောင်က ပူစရာလားလို့လဲ တွေးမိသည်။

ကွမ်းစားဆေးတွေအတွက် နိုင်ငံခြားကို ပေးလိုက်ရသော အပ်တောင် ဖြောင့်အောင် မထုတ်နိုင်သေးသော ကျွန်တော်တို့ရဲ့ သံယံဇာတတွေကို တွေးမိပြီး နှမြောလာသည်။ ကျွန်တော်က သေရင်တောင် ကွမ်းပြတ်ပါတော့ပါ့မလား မသိ။ အမေ့မေတ္တာစူးနေရော့သလား။ အမေလုံးဝမကြိုက်သော ကွမ်းစားခြင်းကို ကျွန်တော် မဖြတ်နိုင်ပေမယ့် ကျွန်တော် တတ်နိုင်တာ တစ်ခုတော့ ရှိသည်။ ထမင်းစားပြီး တစ်ယာစား။ နေ့ခင်း လ္ဘက်ရည်သောက်စဉ်မှာ တစ်ယာစား။ ည စာဖတ်ရင်း ကွမ်းလေးမြုံ့ထား။ တစ်နေကုန်မှ သုံးယာလောက်ဘဲစား။ အင်း…ပြီးတော့ ဆိုင်က ယာပေးသော ဘာတွေ ပါမှန်းမသိသော နိုင်ငံခြားဆေးတွေနဲ့ မစားဘဲ နေလို့ ရမည်ထင်သည်။ ဗမာဆေးရွက်ကြီးကောင်းကောင်းရှာထားပြီး ကွမ်းအစ်လေး လုပ်ထားပြီး ကိုယ်တိုင် ယာစားကြည့်မည်။

သို့သော် ကျွန်တော် ကွမ်းအစ် နှစ်ခုတော့ ထားရမည်။ တစ်ခုက မြန်မာဆန်ဆန် ယွန်းနံ့သင်းသင်း ၊ ကွမ်းနံ့မွှေးမွှေးလေးဖြင့် လှပေသာ ယွန်းကွမ်းအစ်လေး။ တစ်ခုကတော့ အလေးချိန်စီးစီး ဒန်ကွမ်းအစ် ခပ်ကြီးကြီး တစ်လုံး။ ယွန်းကွမ်းအစ်က ကျွန်တော်ကွမ်းစားဖို့။ ဒန်ကွမ်းအစ်က ပင်ပန်းဆင်းရဲကြရှာသော တောင်သူဦးကြီးတွေကို ဂုဏ်ပြုသောအားဖြင့်။ ပြီးတော့ အဲဒီ ဒန်ကွမ်းအစ်ကြီးဖြင့် ထမင်း တစ်နပ်လျှော့စားခိုင်သော လူများ၊ တွေ့ကရာ ကွမ်းထွေးတတ်သော လူများကို ကောက်ပေါက်လို့ ရနိုင်သေးတာ မဟုတ်ဘူးလားဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)