ခြောက်ယောက်ထဲက – ငါတို့နှစ်ယောက်

February 9, 2013

မောင်စွမ်းရည်
ဖေဖော်ဝါရီ ၉၊ ၂၀၁၃
 ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ကဗျာစာအုပ်သစ်ကို ဖတ်ပြီးနောက် ကိုလေးရဲ့ ကဗျာစာအုပ်သစ်ကို တွေ့ရတော့ ဆွေ့ဆွေ့ခုန်အောင် ၀မ်းသာမိတယ်။ သူ့ကဗျာစာအုပ်သစ်ကို ဆန်ဖရန်ဆစ္စကိုက စာရေးဆရာဥာဏ်ဦးမောင် (အရှင် ဥာဏိကာဘိဝံသ) က ပို့ပေးပါတယ်။ ရှေ့ဆင့် နောက်ဆင့်ပါပဲ စာအုပ်ထုတ်ဝေသူ လူထုတိုက်ကလဲ လူကြုံကောင်းလို့တဲ့။ စာတအုပ်ထပ်ရောက်လာခဲ့ပါတယ်။ (အဲဒီစာအုပ်ကိုတော့ ၀ါရှင်တန်ကို သွားရင်း ကဗျာဆရာ အောင်ဒင်ကို လက်ဆောင်ပေးခဲ့ပါတယ်။)

ကိုလေးကဗျာစာအုပ် မထုတ်ဖြစ်တာ အတော်ကြာပြီလေ။ တအုပ်နဲ့တအုပ်ကြားမှာ နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါးခြားသွားခဲ့ပြီ။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်ဆိုတဲ့ သူနဲ့ရေးဖော်ရေးဘက်တွေက ဒီကြားမှာ ၄- ၅ အုပ်စီလောက် ထုတ်ပြီးနေကြပါပြီ။ သူက ပါးစပ်သမား (အာသမား) ဆိုတော့ ပါးစပ်နဲ့ ရေးပြီးရင် အားရတင်းတိမ်းသွားတာနဲ့ လက်နဲ့ ချမရေးဖြစ်တာလဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ရေးဖြစ် ထုတ်ဖြစ်တာတွေ့တော့ ၀မ်းသာရတာပါပဲ။

မန္တတက္ကသိုလ်ကြီး သီးခြားတက္ကသိုလ်ဖြစ်လာပြီးနောက် မြို့မိ မြို့ဖတွေရော။ ဆရာဆရာမတွေရော၊ ကျောင်းသား ကျောင်းသူတွေရော အထူးစိတ်အားတက်ကြွလာကြပါတယ်။ (သီးခြားတက္ကသိုလ်ဖြစ်တယ်ဆိုတာက ရန်ကုန်တက္ကသိုလ်ကြီးရဲ့ လက်အောက်ခံကောလိပ်ကျောင်းခွဲဘ၀က ကိုယ့်သင်ရိုးနဲ့ကိုယ် မဟာပါရဂူဘွဲ့ထိအောင် မွေးထုတ်နိုင်တဲ့ တက္က သိုလ်တရပ်အဖြစ်ပြီးတဲ့နောက် ၁၉၆၀-၇၀ နှစ်များအတွင်းမှာပဲ အညာဒေသအသီးသီးက ရောက်လာတဲ့ ကျောင်းသားတွေ ထဲက ကဗျာသမားတွေ ၁၀ – ၁၅ ယောက်လောက် အစုလိုက်အပြုံလိုက်ပေါ်ထွက်လာခဲ့ပါတယ်။ မုံရွာ၊ မြင်းခြံ၊ စစ်ကိုင်း၊ ရွှေဘို၊ အင်းဝ .. စတဲ့မြို့တွေက လာကြတဲ့ အညာသားတွေချည်းပါပဲ။ ကိုယ့်မြို့သားချင်းတော့ ပိုတွဲမိကြတာလဲရှိသလို ၀ါသနာတူမို့တွဲမိကြတာလဲရှိပါတယ်။ တင်မိုး၊ လေးမောင်နဲ့ မောင်စွမ်းရည်တို့က မြင်းခြံသားတွေ။ ကိုလေး၊ ကြည်အောင်နဲ့ ညွန့်အေးတို့က အင်းဝသားတွေ။ ကျနော်တို့ထက်နည်းနည်း စောတယ်ရှိသလို နည်းနည်းနောက်ကျတာတွေလဲရှိပါတယ်။ ကဗျာစာအုပ်တွေလဲ ထုတ်ဖူးကြတယ်။ ဘုတလင်ချစ်လေး၊ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်အောင်သျှန်တို့က နည်းနည်းစောတယ်။ မောင်မျက်သျှင်၊ မင်းသစ်၊ ရေဦးမြင့်မောင်တို့က နည်းနည်းနောက်ကျပါတယ်။

ကျနော်တို့ မြင်းခြံအစုသုံးယောက်ထဲက လေးမောင် (မြင်းခြံ) အမည်နဲ့ ကဗျာရေးသူဟာ ဆရာဗန်းမော်တင်အောင်၊ ဆရာ မြသန်းတင့်တို့နဲ့အတူ ကိုကိုးကျွန်းရောက်သွားပြီး ရက် ၅၀ အစာငတ်ခံတိုက်ပွဲမှာ အသက်စွန့်သွားခဲ့ပါတယ်။ အင်းဝအစု သုံးယောက်ထဲက ညွန့်အေး (အမည်ရင်၊ ကံညွန်) က ကျောင်းမပြီးခင် အောင်လံဘက်ကို ကျောင်းဆရားသွားလုပ်လို့ လူစုကွဲသွားခဲ့ပါတယ်။ ရန်ကုန်အခြေခံပညာရုံးချုပ်ကို ၀င်လာပြီးနောက် ဆေးလိပ်အဆိပ်သင့်ပြီး အသေစောခဲ့ပါတယ်။ ဒါကြောင့် နှစ်ယောက်စီဘဲကျန်ခဲ့ရာက မြင်းခြံသားကဗျာဆရာနှစ်ယောက်က အတွဲမပျက် ပြည်ပထွက်ခဲ့သလို၊ အင်းဝသားကဗျာဆရာနှစ်ယောက်ကလဲ အတွဲမပျက် နိုင်ငံရေးဘက်ရောက်သွားလေရဲ့။ နှစ်တွဲလုံးဟာ ကဗျာနဲ့ပြည်သူကို အကျိုးပြုရမယ်လို့ ယုံကြည်ပြီး စစ်အာဏာရှင်စနစ်ကို (တခြားအနုပညာရှင်တွေနည်းတူ) ခါးခါးသီးသီးဆန့်ကျင်ကြပါတယ်။ လေးမောင် (မြင်းခြံ) နဲ့ ညွန့်အေး (အင်းဝ) တို့ဟာလဲ ဆေးလိပ်ချိုး (ဂျိုး)တွေမို့ အကြွေစောခဲ့ကြာတာဖြစ်ပါတယ်။ ကိုလေး (အင်းဝဂုဏ်ရည်) နဲ့ မောင်စွမ်းရည် (မြင်းခြံဂုဏ်ရည်) နှစ်ပဲ ကျန်ရစ်တာမို့ ဒီနှစ်ဦးပဲ ဆက်ပြီး လက်တွဲရပါတော့မယ်။

ကိုလေး (အင်းဝဂုဏ်ရည်) ဆိုတဲ့နာမည်ကို တချို့က ကိုလေးဟာ သူ့ကိုယ် အင်းဝဂုဏ်ကို ဆောင်သူလို့ ဘွဲ့ချီထားတယ်ထင်ကြပါတယ်။ မဟုတ်ပါ။ (ဂျပန်ခေတ်မှာ သူတို့တက်ခဲ့ရတဲ့ကျောင်းရဲ့အမည်ပါ။ လူထုဒေါ်အမာရဲ့ သူငယ်ချင်းသပိတ်မှောက်ကျောင်းသူ မအုန်းက ဂျပန်ခေတ်မှာ အင်းဝကို စစ်ဘေးရှောင်ရင်း အားလပ်နေလို့ “အင်းဝဂုဏ်ရည်”ဆိုတဲ့ စာသင်တန်းကလေးတခုဖွင့်ပြီး ကလေးတွေကို စာသင်ပေးခဲ့တယ်လို့ သိရပါတယ်။ မောင်စွမ်းရည်ကတော့ မြင်းသူ့ရွာမှာ ကျောင်းမရှိလို့ မြင်းခြံတက်ပြီး ကျောင်းနေ နေတဲ့ ကျေးတောသားပါ။ သူမိတွေက တောင်သူယာသမားတို့ရဲ့ အသံတွေပါနေခဲ့တာ ဖြစ်ဟန်ရှိပါတယ်။ ထူးခြားချက်ကတော့ ကိုလေးနဲ့ မောင်စွမ်းရည်တို့ဟာ ဒီနေ့အထိတော်သူယာသမားဘ၀ ကျေးလက်ညဉ်းသံတွေပါဝင်နေရာမှ  တူညီကြပါတယ်။ သူ့အိမ်ကို ကျနော်ရောက်သွားတော့ မော်ဒန်ဖြစ်နေပြီ။ အသံချဲ့စက်တွေ၊ တိပ်ခွေတွေနဲ့ အလုပ်လုပ်နေပြီး တမြို့လုံးကတော့ သံသပိတ်လုပ်ကြလို့ သံပြားထုသံတွေပဲ နားကွမတတ် တဒုံဒုံ မြည်နေပါတော့တယ်။

ခုစာအုပ်သစ်မှာလဲ ကျေးလက်အစွဲတွေပါတုန်းပါပဲ။ အရင်စာအုပ်ဖြစ်တဲ့ သူရဲ့ “လမ်းသစ်” ကဗျာများက ကျနော့်ဆီမှာ မပါလာဘူး။ ပါလာရင် နှိုင်ယှဉ်သုံးသပ်နိုင်မှာပါ။ ကျနော်ရဲ့ “အနီ နှင့် အပြာ” ဆိုတဲ့ ကဗျာစာအုပ်နဲ့ သူရဲ့ “လမ်းသစ်”ကဗျာစာအုပ်တို့ဟာ ရှေ့ဆင့်နောက်ဆင့် ဝေခဲ့ကြပြီး ရှေ့ဆင့်နောက်ဆင့် အမျိုးသားစာပေဆု ရခဲ့ကြပါတယ်။ “အနီနှင့်အပြာ”ကို “ရွှေရတု” အထမ်းအမှတ် အဖြစ် ပြန်ထုတ်ဖို့အသင့်ဖြစ်နေပါပြီး။ “လမ်းသစ်” လဲ “ရွှေရတု” အဖြစ် ပြန်ထုတ်ရင် နှစ် ၅၀ အတွင်းမျိုးဆက်သစ်တွေက ကိုလေးကဗျာတိုတက်ဖြစ်ပေါ်ပုံကို နှိုင်းယှဉ်ကြည့်နိုင်ကြရတာပေါ့။ ကျနော်မှတ်မိသမျှကို နှိုင်းယှဉ်ကြည့်တော့ နှစ်ယောက်လုံးဟာ ကျေးလက်ခံစားမှုအစွဲရှိတုန်းပဲဆိုတာတွေ့ရပါတယ်။

နောက်တချက် နှိုင်းယှဉ်ကြည့်မိတာကတော့ ကျနော်တို့ဟာ ဂန္တ၀င်းရေးဟန်တွေ မစွန့်လွှတ်နိုင်သေးဘူးဆိုတာပါပဲ။ အထူးသဖြင့် ကျနော်တို့လေးဦးဟာ ရှေးဟောင်းကဗျာတွေကို အလွတ်ကျက်ပြီး ကြီးပြင်းလာကြပုံချင်းတူပါတယ်။ ကျနော်တို့တတွေ ကဗျာကျက်မှတ်တာဟာ ခေတ်စမ်းကဗျာမှာ ရပ်သွားပါတယ်။ ခေတ်စမ်းကဗျာတွေအားလုံးလောက်နီးပါးကို လေယောက်လုံးက အလွတ်ရခဲ့လို့ ကျနော်တို့မှာ ခေတ်စမ်းဟန်ကလဲ ဒီကနေ့အထိ မလွတ်သေးပါဘူး။ အနည်းနဲ့အများဆိုသလို ကန်ရှိနေတုန်းပါပဲ။ ဒီအချက် တွေကို ကျွမ်းဝင်ောအင် စာတမ်းတင်ကြည့်ဖို့ ကောင်းပါတယ်။ (ကျနော် ဗမာပြည်မှာ ရှိနေရင် လုပ်ဖြစ်မယ်ထင်ပါတယ်။)

ဂန္တ၀င်သမားဟာ ဂန္တ၀င်ထဲမှာ နစ်ဆင်းသွားရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ကျနော်တို့တတွေက ခေတ်စမ်းဆောင်ပုဒ်ကို သဘောကျတယ်။ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်”  ဆို သမှုတ်လား။ စာဖတ်ပရိတ်သတ်ဆိုတာ ရှေးရိုးထဲကနေ့ အစဉ်အလာအတိုင်း ဖတ်လာတာမဟုတ်လား။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ခြင်းအားဖြင့် စာစုအစဉ်မပျက်တာကြောင့် စာဖတ်ပရိတ်သတ်နဲ့ အလှမ်းကွာမသွားတော့ဘူးလို့ ထင်ပါတယ်။ ကိုလေးက ဧချင်းသစ်၊ ရတုသစ်၊ ရကန်သစ်၊ ငိုချင်းသစ်၊ ဒီမနီသစ် စသဖြင့် လုပ်လာပါတယ်။ ဒါပေမယ့် အားလုံးဟာ ရှေးရိုးအတိုင်းထပ်တူတွေ မဟုတ်တော့ပါဘူး။ ခေတ်အကြောင်းအရာ၊ ခေတ်ခံစားမှုနဲ့ ခေတ်အတွေးတွေ၊ ခေတ်အရေးတွေ ဖြစ်လာခဲ့ပါတယ်။ သူရဲ့ ရတုသစ်၊ ရကန်သစ်ဆိုတာတွေကြည့်ပြီး ပြုံးမိတယ်။ ကျနော်က ၂၀၁၂ ခုနှစ်နောက်ဆုံးကုန်ခါနီး မှပဲ ကာချင်းသစ်ဆိုတဲ့ ကဗျာတပုဒ်ရေးပြီး ဗွီအိုကေကနေ ကမ္ဘာ့ထိပ်တက်ပြီးတော့တောင် ရွတ်ဖတ်သရဇ္ဈယ်လိုက်ပါသေးကော။ အဲသလောက် တူနေကြဆဲပါပဲ။

ကဗျာစာအုပ်တအုပ်ကို ဖတ်ရှုလေ့လာတဲ့အခါမှာ ကဗျာတွေ စီစဉ်ပုံဟာလည်း အရေးပါမယ်ထင်ပါတယ်။ သက္ကရာဇ်စဉ်အတိုင်း ငယ်စဉ်ကြီးလိုက် စီစဉ်သွားမယ်ဆိုရင် ကဗျာတွေရဲ့ပြောင်းလဲတိုးတက်လာပုံကို အကဲခတ်လို့ ရနိုင်ပါတယ်။ ခုစာအုပ်မှာဆိုရင် ၁၉၆၅ ကနေ ၁၉၉၁ ခုနှစ်ကြား ကဗျာတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ဒါပေမယ့် သက္ကရာဇ်အစဉ်အတိုင်းမဟုတ် စီစဉ်ထားပါတယ်။ သက္က ရာဇ်အစဉ်တိုင်းလဲ မဟတု၊ အကြောင်းအရာတူရာတူရာကို စုထားတာလဲမဟုတ်၊ စပ်နည်းစာပုံသဏ္ဍာန်တူရာကို စုထားတာလဲ မဟုတ်တော့ ဘယ်လိုစီသလဲမသိရတဲ့အတွက် ကိုယ့်ဘာသာ စာဖတ်သူက ကိုယ်ကြိုက်သလို စဉ်စား ပြန်လည်စီစဉ်ကြည့်ရတော့မလိုဖြစ်နေပါတယ်။

အကောင်းဆုံးကတော့ သက္ကရာဇ်စဉ်အတိုင်းစီတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ အကြောင်းအရာတူညီတောတွေ လိုက်စုကြည့်တော့ ကျောင်းဆရာဘ၀အကြောင်း၊ တောင်သူယာသမားဘ၀အကြောင်း၊ နိုင်ငံရေးဘ၀အကြောင်း စသဖြင့် အလွယ်တကူ စုလို့ရတာတွေ တွေ့ရပါတယ်။ ဒါတွေ ကြည့်ပြန်တော့လည်း ကျနော်တို့နှစ်ယောက်မှာ ဘ၀နောက်ခံတွေ တူနေတာကို သတိပြုမိပြန်ပါတယ်။ ကျနော်တို့လေးယောက်မှာ ကိုလေးရယ်၊ ကျနော်ရယ်၊ ညွှန့်အေးရယ် ဒီသုံးယောက်က အစိုးရကျောင်းဆရာတွေပါ။ ကြည်အောင်က ဆရာမလုပ်ဖူးဘူး။ တင်မိုးက ဆရာလုပ်ဖူးပေမယ့် အစိုးရကျောင်းဆရာမဟုတ်။ ကျူရှင်ဆရာသာဖြစ်ပါတယ်။ ကျူရှင်ဆရာက အထက်တန်း ကျောင်းသား သူဌေးသားတွေကိုပဲ သင်ရတာပါ။ အစိုးရကျောင်းဆရာက ဆင်းရဲသား သားသမီးတွေကို သင်ရတာပါ။ အစိုးရကျောင်းဆရာက ဆင်းရဲသားကျောင်းသားတွေနဲ့ ဆင်းရဲသားမိဘတွေကြောင့် ရင်ဆို့လောက်အောင် မတွေ့ချင် အဆုံး တွေ့ရတတ် ပါတယ်။ ကိုလေးနဲ့ မောင်စွမ်းရည် နှစ်ယောက်ထဲကို ကွက်ပြီး နှိုင်ယှဉ်ရင် ကျောင်ဆရာခံစားမှုတွေတောင် ဓလေ့တူကြတာတွေ့နိုင်ပါတယ်။ ခုထုတ်တဲ့ကဗျာတွေထဲမှာ စားပေမးပွဲကြီးနောက်ဆုံးနေ့ ၊ ရောဂါသက် ၂၀၊ ရေကြည်စမ်း၊ မနေ့ကအလွမ်း စတဲ့ကဗျာတွေဟာ ကျောင်းဆရာဘ၀ကို လွမ်းလို့မကုန်ဖြစ်ရတဲ့ ကဗျာတွေပါ။

စိတ္တဇနာ၊ ရောဂါစွဲကပ်
အပ်ပေါင်းမျိုးစုံ၊ ဥုံပေါင်းများစွာ
မသက်သာဘူး
တစ်ခါ တစ်ခါ
ဆရာ …
ခေါ်သံသာတယ်။
(ရောဂါသက် ၂၀)
၁၆၊ ၁၀၊ ၁၉၈၄

ကိုလေးနဲ့ မောင်စွမ်းရည်တို့မှာ ကျေးလက်ဘ၀၊ တောင်သူလယ်သမားဘ၀၊ ကျောင်းဆရာဘ၀တွေအကြောင်း ရေးသားဖွဲ့ဆိုကြတာတွေ တူသလို ရှေးဟောင်းဂန္တ၀င်စာပေတွေထကြ ရုန်းကန်ထွက်လာခဲ့ကြတာချင်းလည်း တူကြာတာတွေကို ကျနော်နှိုင်းယှဉ်ကြည့်မိလို့ တွေ့တာတွေကို ရေးပြီးပါပြီ။ ဒါပေမယ့် တခါက မောင်သာနိုးသုံးသပ်တင်ပြပုံ တကွက်ကိုလဲ ပြန်လည်သတိရမိပြန်ပါတယ်။ သူနဲ့တော့ တိုက်ရိုက် မဆိုင်ပါဘူး။ တင်မိုး၊ ကြည်အောင်နဲ့ မောင်စွမ်းရည်တို့ သုံးယောက်ကို နှိုင်းယှဉ်ပြောဖူးပါတယ်။ တင်မိုးက တေးဆန်ပြီး ချိုတယ်။ ကြည်အောင်က ၀ီရရသကဲတယ်။ မောင်စွမ်းရည်က ဟာသနှောတယ်တဲ့။ သူက အင်္ဂလိပ်လိုရေးခဲ့တာဆိုတော့ မူရင်းကို အတိအကျ မမှတ်မိဘူး။ မောင်စွမ်းရည်ကိုပြောတာကိုတော့ မှတ်မိတာက witty ဖြစ်တယ်တဲ့။ ဟာသနှောတယ်၊ အရွှန်းဖောက်တယ်။ အသောဖတ်တယ်။ ရယ်ရတယ် စသဖြင့် ပြောလို့ရပါတယ်။ စာသမားမဟုတ်သူတဦးကတော့ မင့်ကဗျာတွေက ရယ်ရတယ်တဲ့။ ထားပါတော့ အဲဒီလိုဟာသနှော အသောဖတ်ပြီးရယ်ရတဲ့ မောင်စွမ်းရည်ရဲ့ကဗျာတွေနဲ့ ကိုလေးရဲ့ကဗျာတချို့လဲ အတော်တူတယ်လို့ ကျနော်ထင်မိတယ်။ ကောင်းတယ် မကောင်းဘူး ပြောတာမဟုတ်ပါ။ တူတာလေးတွေ သတိပြုမိပြီး ပျော်လို့ ပြောမိတာပါ။ မတူတာတွေလဲ ရှိရဲ့။ ဘ၀နောက်ခံမတူတဲ့ အခြင့်အရာတချို့ကြောင့်လို့ ထင်ပါတယ်။

ကျနော်က မြင်းခြံမြို့နယ်မှာ ကျေးတော့၊ ကျောက်ကုန်း၊ ဆူပင်ချုံဖုတ်တွေဖုံးတဲ့ မိုးခေါင်ရေရှားရွာကလေးတရွာကပါ။ သူက ဧရ၀တီ စမုံ၊ ဒုဌ၀တီ၊ ဇော်ဂျီ၊ ပန်းလေး၊ ချောင်းမြစ် ငါးလီပေါင်းလို့ ဆုံကြသည်ဆိုတဲ့ မြို့ရွှေ အင်းဝသားပါ။ ဒါကြောင့် ကျနော့်ကဗျာတွေမှာ မပါနိုင်တဲ့ မြစ်ချောင်းအင်းအိုင်တွေအကြောင်း သူ့ကဗျာတွေမှာ ပါဝင်နေပါတယ်။ ပတ်ဝန်းကျင်မတူလို့ ရေးတဲ့အကြောင်းအရာတချို့လဲ မတူပဲ ဖြစ်နေရတာလည်း ကျနော်သတိပြုမိပါတယ်။ ဘာပဲဖြစ်ဖြစ် ခုနောက်ဆုံးမှာ ဒီမိုကရေစီချစ်သူအဖြစ်နဲ့ အတူရပ်တည်မိလျှက်သားဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော်က ပြည်ပမှာ၊ သူက ပြည်တွင်းမှာ။ ဒီအတွက် အခွင့်အရေးကွာတာက သူက ရန်သူနဲ့ရင်ဆိုင်ရာမှာ ရှေ့တန်းကဖြစ်နေလို့ ထောင်ကျခွင့်လဲ သာပါပေတယ်လို့ ခြားနားချက်တခုကိုလဲ မြင်လိုက်မိပါရဲ့။ ဒီခြားနားချက်က သူ့အဖို့ စာဖွဲ့လို့ မရ၊ ဇာချဲ့မရခဲ့ရှာဘူး။ ဒါတွေက ကျနော်အမြင်တွေပါ။ တခြားဆရာ့ဆရာတွေက ဘယ်လိုမြင်ကြပါသလဲ။

အမှာစာရေးသူတွေ သူ့စာအုပ်မှာ အင်အားကောင်းလှပါတယ်။ ဒဂုန်တာရာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်တင်၊ မောင်သာနိုင်း အားလုံး ၄ ယောက်။ ဆင်ကြီးတွေချည်းပါပဲ။ အမှာရေးသူအားလုံးရဲ့ သဘောထားကတော့ သူ့ကဗျာတွေဟာ သူနဲ့တူကြောင်းကိုပဲ ပြောဖြစ်ကြပါတယ်။ သူစကားပြောရင်လည်း ဟာသပါသလို၊ သူ့ကဗျာတွေကလဲ ဟာသပါလို့ လူနဲ့ကဗျာ ထပ်တူကျတယ်လို့ ပြောချင်ပုံရပါတယ်။ ဒီအချက်က အထက်မှာ ကျနော်ပြောခဲ့တာနဲ့ တိုက်ဆိုင်ပါတယ်။ မောင်သာနိုးကတော့ ကဗျာပဒေသရှုထောင့်ကကြည့်ပါတယ်။ သဒ္ဒါလင်္ကာရ၊ အက္တာလင်္ကာရ စတဲ့ အလင်္ကာကျမ်းလာမှတ်ကျောက်တွေပေါ်မှာ တင်ပါတယ်။ မန်းတက္ကသိုလ်ထွက် ကဗျာဆရာတွေထဲမှာ သူ့ကဗျတွေမှာ လူထုကဗျာက အမြောက်ဆုံးပါတဲ့။ ပုံသဏ္ဍာန်က လူထုကဗျာ၊ အကြောင်းအရာ ကိုင်တွယ်တာက လူထုဘ၀။ ခေတ်ပေါ်ဘ၀၊ ဒါ့ကြောင့် ကိုလေးရဲ့ ကဗျာတွေကို ခေတ်ပေါ်လူထုကဗျာ ခေါ်ရမယလို့ မှတ်ချက်ပေးပါတယ်။ ကဗျာတွေကို ဘယ်ပုံစံနဲ့ဘဲရေးရေး ကဗျတော့ဖြစ်ရမယ်။ ကဗျာကောင်းရမယ်။ နောက်ပြီး ကနေ့ခေတ်မှာ တကမ္ဘာလုံးက ကဗျာဆရာမျာနဲ့ အတူတူ ပြည်သူ့ဘက်ကရှိရမယ်လို့ ခေတ်ကဗျာရဲ့ စံကိုလဲ ထုတ်ပြလိုက်ပါတယ်။

တချို့ဂန္တ၀င်ပုံစံကဗျာတွေ၊ ဥပမာ ခေတ်သစ်ရတု၊ ရတုသစ်၊ ဧချင်းသစ် ဆိုတာမျိုးတွေလဲ ကိုလေးရေးပါတယ်။ ဘာသာစကားကလည်း ခေတ်သုံးဘာသ၀ာစကားနည်းပြီး ဂန္တ၀င်စကားအဓိကထားလေတော့ သူလို ငါလို ကဗျာမျိုးပဲဖြစ်နေတယ်လို့လဲ ထောက်ပြပါတယ်။ ဒါက ကိုလေးရဲ့အားနည်းချက်တခုပါ။ မောင်သာနိုးကြိုက်တဲ့ ခေတ်ပေါ်လူထုကဗျာမျိုး (ကျနော်လဲကြိုက်လို့) နမူနာတစ ကောက်ပြချင်ပါတယ်။

အရင်တခေါက်လိုပဲ
လင်နှစ်ယောက်ရခဲ့တယ် အမေ။
သင်္ဘောဆလင်က
နင်လာအိပ်
မအိပ်ရင် လက်တို့မတဲ့
သူတို့စကား
ဓား ..အမေ (ငိုချင်းသစ်ကဗျာမှ)

အဲ့ဒီငိုချင်းသစ်ကဗျာအပြင် ကျနော့်အနေနဲ့ ရကန်သစ်၊ ဧချင်းသစ်၊ ဒီပနီသစ်၊ ဗေထီ၊ ပီစေဆောင်း၊ သုံးဥတုနဲ့ ဆယ့်နှစ်ရာသီ စတဲ့ ကဗျာများကိုလဲ အထက်အလျောက်နှစ်သက်ပါတယ်။

ဂန္တ၀င်စာပေအစွဲအလန်းကဲ့သို့ မောင်သာနိုးက သတိပေးထားတာရှိသည်။ ဂန္တ၀င်ကဗျာပဒေသထဲက ကာရန်ကိုတော့ မစွန့်သစ်ဘူးဆိုတဲ့ သဘောကို ဂန္တ၀င်သိရင်လဲကောင်းတယ်။ မသိရင်လဲဖြစ်တယ် လို့ ပြောဖူးတဲ့ ဆရာတာရာကတော့ ကဗျာကို ကာရန်မပါပဲရေးလျှင် ယင်းကဗျာစာစုသည် စကားပြေစာစုသာဖြစ်မည်လို့ သူ့ရဲ့အမှာစာမှာ မှတ်ချက်ပေးထားပါတယ်။ ဒီနေ့ လူငယ်ကဗျာဆရာတွေကို စပ်မိလို့ သတိပေးလိုက်တာပါပဲ။ ဒီစာမှာတွေကို ကြည့်မိတာ လူကြီးသူမတွေကို (အားနားပါးနာနဲ့ပဲ) ပြုံးမိပြန်တယ်။ မောင်သာနိုးက ကဗျာတွေမှာ ခေတ်ပေါ်စကားလုံးများကို သုံးဖို့တောင်းဆိုနေချိန်မှာ ဆရာကြီး ဒဂုန်တာရာကတော့ ဂန္တ၀င်စကားတွေနဲ့ စကားပြေရေးဆဲပါလားလို့။ ဒါဟာ စပ်ကူးမတ်ကူးကာလရဲ့ သဘာဝတခုလို့ပဲ ထင်ပါတယ်။ ဒါပေမယ့် အချိန်တိုင်းဟာ အတိန်နဲ့ ပစ္စုပ္ပန်ကြား စပ်ကူး မတ်ကူးချည်းပဲ မဟုတ်ပါလား။

ဒီကဗျာစာအုပ်မှာ ၁၉၆၅ နဲ့၊ ၁၉၉၁ ကြား ကဗျာတွေဖြစ်ကြောင်းတွေ့ရပါတယ်။ ဒီကြားမှာ သူရေးဘော် ရဲဘက်တွေက ၃ – ၄ အုပ်ထုတ်ပြီးနေကြပါပြီ။ ကဗျာဆရာကြီးဟာ စပ်ကူး မတ်ကူးမှာ အိပ်ပျော်နေဟန်ရှိပါတယ်။ ကြည်အောင်ကတော့ အိပ်ပျော်နေမယ်မထင်ဘူး။ စပ်ကူး မတ်ကူးမှာ သူရေးခဲ့တောတွေကို သူ့လွယ်အိတ်မှာ ပြန်ကြည့်ပြီး စာအုပ်အဖြစ်ထုတ်သင့်ပါတယ်။ ကိုလေးကပဲ ဦးဆောင်ကြိုးစားရမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုလေးခုလို စာအုပ်ထုတ်ဖြစ်တာ အထူးဝမ်းသာကြိုဆိုပါကြောင်း ….။

၁၆၊ ဇန်န၀ါရီ ၂၀၁၃
မောင်စွမ်းရည် (နယူးယောက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

One Response to ခြောက်ယောက်ထဲက – ငါတို့နှစ်ယောက်

  1. koayemyint on February 9, 2013 at 5:59 pm

    Ko Lay ( Inn Wa .. . ) poem , called ‘ Shayt Set Ywayt Thar ‘ , is good.
    Anyone has that poem? please post.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်