ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း(၄) – Than Win Hlaing

February 13, 2013

ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း(၄)

သန်းဝင်းလှိုင်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃

ဤသို့ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် မတ်လ(၂) ရက်နေ့တွင် ဖက်ဒရယ်မူကြောင့် နိုင်ငံတော်အား ပြိုကွဲစေမည့် ဘေးမှ ကယ်တင်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြ၍ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းပိုက်လိုက်လေသည်။ ၁၉၅၈ ဇန်န၀ါရီလမှ ၁၉၆၉ နိုဝင်ဘာလအထိ ကမ္ဘာ့နိုင်ငံပေါင်း (၅၂)နိုင်ငံတွင် အာဏာသိမ်းမှုပေါင်း ၈၈ ကြိမ်ဖြစ်ပွားခဲ့ရာ၊ အာရှ ၂၆ နိုင်ငံတွင် ၁၄ နိုင်ငံက အာဏာသိမ်းပိုက်ခဲ့ပါသည်။ ယင်း ၁၄ နိုင်ငံ၌ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါသည်။ အာဏာသိမ်းပိုက်မှု အကြောင်းများကိုလေ့လာပါက အမျိုးသားရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့်ဟူ၍ နှစ်ပိုင်း ခွဲခြားနိုင်ပေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာကို ငမ်းငမ်းတပ် မက်မော၍ သိမ်းပိုက်ခဲ့သည်ဟု သမိုင်းအထောက်အထားများအရ အတိအကျပြောနိုင်ပါသည်။

ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကွယ်ပျောက်ကာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ရည်မှန်းထားသော စစ်မှန်သော ပြည်ထောင်စုပြန်လည်တည်ဆောက်ရေး သည်လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ရလေသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရှိခဲ့သည်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် (၆၅) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သော်လည်း ထိုနှစ်ပေါင်း ၆၀ ကျော်အတွင်း ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့မှ ၁၉၅၈ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ၁၀ နှစ်နှင့် ၉ လ၊ ၁၉၆၁ ဧပြီလ(၅) ရက်နေ့မှ ၁၉၆၂ မတ်လ(၁) ရက်နေ့အထိ တစ်နှစ်နှင့် ၁၁ လအပါအ၀င် စုစုပေါင်း ၁၂ နှစ်နှင့် ၈ လမျှသာ အရပ်သားအစိုးရ တက်ခဲ့ရပြီး ကျန် ၄၈ နှစ်နှင့် ၃ လကျော်မှာ စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေး ကာလများနှင့် စစ်တပ်က သွယ်ဝိုက်၍ အုပ်ချုပ်သော ကာလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်)နှင့် အရပ်ဝတ်လဲထားသော အစိုးရသစ်ကာလ(စစ်အစိုးရလက်ထက် အစိုးရအကြီးအကဲများနှင့် လွှတ်တော်အသီးသီး၌ စစ်တပ်အရာရှိ ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် လက်ရှိအစိုးရသစ်) ဖြစ်ခဲ့ပါသည်။

မြန်မာ့စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပြည်သူတစ်ရပ်လုံး ထောက်ခံအတည်ပြုခဲ့သည့် ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုဆန္ဒလုံးဝမပါဘဲ မြေမြုပ် သဂြိဟ်၍ တိုင်းပြည်အကျိုး၊ လူထုအကျိုးကို မျက်ကွယ်ပြု၍ မဆလတစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အုပ်စုအကျိုးစီးပွားကို ရေရှည်ကာကွယ်ပေးနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၇၄ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည်။

ယင်းနောက် ၁၉၇၃ ခုနှစ်တွင် ဟန်ပြပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ကန့်ကွတ်မဲပုံး၊ ထောက်ခံမဲပုံး ထောင်စေကာ လူထုတစ်ရပ်လုံးက ကန့်ကွတ်ခဲ့သော ဆန္ဒမဲများကို အဖြူပုံးထဲသို့ ပြောင်ပြောင်တင်းတင်း ပြောင်းထည့်ကာ တပြည်လုံး ဆန္ဒပေးနိုင်ခွင့်ရှိသူအနက် ၉၀ ဒသမ ၁၉ ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။

၁၉၇၄ အခြေခံဥပဒေလွှမ်းမိုးသော ၁၂ နှစ်တိုင်ကာလအတွင်း နိုင်ငံရေးအရ တစ်ပါတီအာဏာရှင်စနစ်လွှမ်းမိုးခဲ့ပြီး တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး လုံးဝဆုံးရှုံးခဲ့ရသည်။ အကျိုးဆက်အနေဖြင့် တစ်ပြည်လုံးစီးပွားရေး ချွတ်ခြုံကျကာ ၁၉၈၈ တွင် ကမ္ဘာ့တိုးတက်မှု၊ဖွဲ့ဖြိုးမှုအနည်းဆုံး၊ ဆင်းရဲသားနိုင်ငံအဖြစ်သို့ ကျရောက်သွားခဲ့ရလေသည်။

သို့သော် ၁၉၉၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉၃ ပါတီအနက် ၁၉၄၇ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲမည့် ပါတီ ၇ ပါတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် လိုလားသည့် ၃၁ ပါတီ၊ သဘောထားတိတိလင်းလင်း ဖော်ပြခြင်းမရှိသော ၄၄  ပါတီနှင့် သဘောထားလုံးဝဖော်ပြခြင်းမရှိသည့် ၁၁ ပါတီတို့ရှိခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၄တုန်းက ဆန္ဒမဲပေးခွင့်ရှိသူ ၉၀ ကျော်က ထောက်ခံခဲ့သည်ဟူသော ၁၉၇၄ အခြေခံဥပဒေကို ထောက်ခံအတည်ပြုခဲ့သည့် ပါတီဟူ၍ တစ်ပါတီမှ မရှိခဲ့ပေ။ ဤသည်ကိုကြည့်ခြင်းဖြင့် လူထုဆန္ဒဖြင့် ထောက်ခံခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။

ဤသို့ဖြင့် ၁၉၈၈ ခုနှစ်တွင် မဆလ တစ်ပါတီအာဏာရှင်စနစ်ကို တပြည်လုံးအုံကြွကန့်ကွက်ဆန္ဒပြမှုကြောင့် မဆလပါတီနှင့်အတူ ၁၉၇၄ အခြေခံဥပေဒသည်လည်း နိဂုံးကမ္ပတ်အဆုံးတပ်ခဲ့ရသည်။

လူထုဆန္ဒပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်နိုင်ရန်မှာ အခြေခံလူထုအနေဖြင့် မည်သို့သော အခွင့်အရေးများကို မိမိတို့လိုလားသော လုပ်ပိုင်ခွင့်အာဏာများ အပ်
နှင်းစေလိုသည်။ ပြည်ထောင်စုအစိုးရဖြစ်စေ၊ ပြည်နယ်အစိုးရများဖြစ်စေ၊ ၎င်းတို့အား အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာများထက် ပိုမိုကျော်လွန်ကာ ကျင့်သုံးခြင်းမရှိစေရန် ထိန်းကြောင်းသည့် သဘောများဖြင့် မည်သို့ကာကွယ်ပြဌာန်းလိုသည် အစရှိသော အချက်များကို ဖော်ထုတ်တင်ပြခွင့်ရသင့်ပေသည်။

လူထုကိုယ်တိုင်က ယင်းသို့ထုတ်ဖော်တင်ပြသည့်အချက်များအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်း ကျင့်သုံးမှသာလျှင် “ ငါတို့တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ငါတို့လိုချင်တဲ့ အခွင့်အရေးတွေကို ကာကွယ်ပြဌာန်းပေးထာပဲ” ဟုမှတ်ယူကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုကိုယ်တိုင်က အသက်ပေးကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပေသည်။ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုရှိကာ တိုးတက်ဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာတွင် ကြီးစွာအထောက်အပံ့ရရှိမည် ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် လူထုပါဝင်ပတ်သက်ခွင့် ရရေးသည် အရေးကြီးလှပါသည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နေ့စဉ်လူထုဘ၀ကို ထင်ဟပ်စေသောကြောင့် ဖြစ်သည်။ လူထုပါဝင် ပက်သက်မှုမရှိဘဲ(သို့မဟုတ်) အခြေခံလူထု၏ သဘောဆန္ဒကို ထင်ဟပ်ဖော်ပြရေးသားထားခြင်း မရှိဘဲ ပြဌာန်းကျင့်သုံးသည့် အခြေခံဥပဒေသည် လူ့အခွင့်အရေးကို လျစ်လျူရှုရုံသာမက ဒီမိုကရေစီကျင့်စဉ်အခြေခံမူကိုပင် ငြင်းပယ်သည့် သဘောသက်ရောက်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲရန် မဖြစ်နိုင်ပေ။ ပြည်သူအများစု၏ ပါဝင်ပက်သက်မှုဖြင့် အခြေခံဥပဒေရေးဆွဲမှသာလျှင် “  တိုင်းပြည်၏ အချုပ်အခြာအာဏာသည် ပြည်သူများထံမှ ဆင်းသက်စေရမည်”  ဟူသော အချက်ကို ပြီပြင်စွာ ဖော်ဆောင်နိုင်ပြီး နိုင်ငံသားတစ်ဦးခြင်းစီ၏ အခွင့်အရေးကို မှန်ကန်စွာ အကာအကွယ်ပေးမည့် ဥပဒေမျိုး ပေါ်ပေါက်နိုင်ပေမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာစာတမ်းပါ တိုင်းရင်းသားလူမျိုးများအရေး

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမ်ျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၈၉ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကြေညာခဲ့သော ရွေးကောက်ပွဲကြေညာစာတမ်းတွင် တိုင်းရင်းသားလူမျိုးများအရေးနှင့် ပက်သက်၍ အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားပါသည်-

တိုင်းရင်းသား လူမျိုးအသီးသီးသည် မိမိတို့ရပိုင်ခွင့်များနှင့် တာဝန်ယူမှုတို့တွင် တန်းတူရည်တူ ရှိစေရမည်။ ထို့အပြင်-

(က) တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွှတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်၊

(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေး တန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေးမပေးရေးနှင့် လူမျိုးနွယ်၊ လူမျိုးစုအားလုံး၏ ခံစားထိုက် ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ခြယ် ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုရမည်။

(ဂ) တိုင်ရင်းသာ လူမျိုးအားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကစသော နယ်ပယ် အသီးသီး၌ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဦးတည်ရှေးရှုမည်၊

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မပေါ်ပေါက်မီ ကြားကာလအစီအစဉ်ဖြင့် ပြည်သူ့လွတ်တော်က ဥပဒေပြဌာန်း၍ ရှိပြီးပြည်နယ်များအတွက် အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းပေးမည်။

(င) နယ်ပယ်အသီးသီး၌ တိုင်းရင်းသားလူမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ၀ိုင်းဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံးနှင့် ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသအစိတ်အပိုင်းအသီးသီး၏ ဖွဲ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုမည်၊

(စ) ဒီမိုကရေစီစနစ်အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွဲ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွှတ်ရေး တည်းဟူသော ဒီမိုကရေစီလူ့ဘောင်၏ အခြေခံအုပ်မြစ်ကြီးများကို အခိုင်အမာ ချနိုင်စေရန် အလို့ငှာ ပင်လုံညီလာခံခဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်ချက်များကို ချမှတ်နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံတစ်ရပ်ကို ခေါ်ယူကျင်းပမည်။

(ဆ) တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ခွင်၊ ဖွံ့ဖြိုးတိုးတက်စေခွင့် ရှိစေရမည်၊

(ဇ) တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွှတ်ရေး ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ အစရှိသည်များကို ပြည်ထောင်စုတစ်ခုလုံးအတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက်စေရမည်၊

လက်နက်တိုက်ခိုက်မှုများကို ရပ်စဲရေး

ပည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွှတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ အခြေခံလူ့အခွင့်အရေးများ တန်းတူရည်တူ ရရှိခံစားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးများ တန်းတူညီမျှ ရရှိခံစားရေး၊ တိုင်းပြည်၏ ယို့ယွင်းနေသော အခြေအနေများ ပြန်လည်ထူထောင်ရာတွင် တိုင်းရင်းသားလူမျိုးများအားလုံး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်နိုင်ရေး စသော အခြေခံမူများကို လက်ကိုင်ထား၍၊ ပြည်ထောင်စုအတွင်း နှစ်ပေါင်း (၄၀) ကျော်တိုင်အောင် မပြီးဆုံးသောသော လက်နက်ကိုင် တိုက်ခိုက်မှုများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းအဆုံးသတ်စေမည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်များတွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ဂန္ဒီခမ်းမဆောင်၌ စုဝေးကြပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုှးငှာ နိုင်ငံတော်ရေးရာ အဖြာဖြာနှင့် ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေး ကိစ္စအ၀၀တို့ကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြပြီး တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ကာ ဂန္ဒီခန်းမကြေညာစာတမ်း ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာစာတမ်းတွင် ဥပဒေနှင့်အညီဖြစ်အပ်သော အာဏာ(သို့မဟုတ်) ဥပဒေနှင့်အညီဖြစ်အပ်သော အာဏာလွှဲပြောင်းရေးကိစ္စတို့နှင့်ပက်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသင့်ရေးဆွဲထားရှိပြီးဖြစ်သဖြင့် ပြည်သူလူထုကြီး၏ ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၂)၊ ပုဒ်မ (၃) အရလည်းကောင်း ဒီမိုကရေစီစနစ်၏ အနှစ်သာရများ အရလည်းကောင်း၊ နိုင်ငံတကာကျင့်ထုံးနည်းများနှင့် လျော်ညီစွာလည်းကောင်း ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုခဲ့ကြသည်။

သို့သော် ရွေးကောက်ပွဲကျင်းပပြီး ၈ နှစ်ကျော်ကာလသို့ ရောက်သည့်တိုင်အောင် နအဖ စစ်အစိုးရသည် ပြည်သူ့လွှတ်တော်ခေါ်ယူရေးကို ငြင်းဆန်နေခဲ့သဖြင့် ၁၉၉၈ စက်တင်ဘလ ၁၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ တိုင်းရင်းသားနိုင်ငံရေးပါတီ ၄ ပါတီတို့က လက်တွဲ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၅၁ ဦးက လွှဲအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ ပြည်သူတို့၏ ဆန္ဒကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီကို တရားဝင်ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ဒီမိုကရေစီကျင့်စဉ်များကို နအဖအစိုးရသည် လျစ်လျူရှုလျက် မိမိတို့ ကြိုးဆွဲရာကမည့် လက်ရွေးစင် ကိုယ်စားလှယ်များကို စုစည်းကာ အမျိုးသားညီလာခံ(၁၉၉၆ ကရပ်ဆိုင်းသွားခဲ့သော အမျိုးသားညီလာခံ) ကို ၂၀၀၅ ဖေဖော်ဝါရီလတွင် ပြန်လည်ကျင်းပခဲ့သည်။ အဆိုပါညီလာခံသည် ၁၉၉၀ မေလ ၂၇ တွင် ကျင်းပပြုလုပ်သော ပါတီစုံရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သည့် ပြည်သူ့ဆန္ဒကို ဥပဒေနှင့်အညီ တရားဝင်ငြင်းပယ်ရန်နှင့် အာဏာသိမ်းစစ်အစိုးရအသွင်မှ ဥပဒေနှင့်အညီ တရားဝင်အစိုးရတစ်ရပ်အသွင် ရေရှည်အာဏာရရှိရေးအတွက် စနစ်တကျ ကြိုးပမ်းမှုပြုခဲ့သည့် ညီလာခံလည်းဖြစ်ပါသည်။

ယင်းညီလာခံတွင် အခြေခံမူ ၁၀၄ ချက်နှင့် လမ်းညွှန်ချက် ၆ ချက်အပေါ် အခြေခံ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲစေခဲ့သည်။ စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် တိုင်းပြည်၏ အခြေခံအကျဆုံး ဥပဒေ တစ်နည်း အထွတ်အထိပ် ဥပဒေပင်ဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေသည် တိုင်းပြည်၏ အသက်လည်းဖြစ်သည်။ အသက်တမျှ အရေးပါသော အခြေခံဥပဒေကို လူတစ်စု အဖွဲ့အစည်းတစ်ခု ပါတီတစ်ရပ်အကျိုးအတွက် မရေးဆွဲသင့်ပါ။ အခြေခံဥပဒေသည် အုပ်ချုပ်သူအစိုးရ၏ အာဏာများနှင့် အအုပ်ချုပ်ခံ ပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ကာ ညီညွှတ်မျှတမှုရှိစေရန် နိုင်ငံသားတိုင်း၏ လွတ်လပ်ခွင့်၊ အခြေခံအခွင့်အရေးများနှင့်၊ ဒီမိုကရေစီကျင့်စဉ်များကို အဓိကဦးတည်၍ စစ်ဆေးရေးနှင့် ထိန်းညှိရေးကို ပြဌာန်းစေရမည်ဖြစ်ပါသည်။

ယင်းလမ်းညွှန်ချက် ၆ ချက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ စစ်မှန်သည့် ပါတီင်္စုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတည်းဟူသော လောကပါလတရားများထွန်းကားရေး စသည့်အချက်များ ထည့်သွင်းထားသော်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အနာဂတ်ကံကြမ္မာနှင့် သဘောဆန္ဒများကို မျက်ကွယ်ပြု၍ စစ်အစိုးရသက်ဆိုးရှည်မည့် ဖွဲ့စည်းပုံသာဖြစ်နေပေသည်။

ပြည်ထောင်စုမပြိုကွဲရေး

စင်စစ် နအဖစစ်အစိုးရ၏ ပြည်ထောင်စုမပြိုကွဲရေးမူသည် အမှန်တကယ် ပြည်ထောင်းစုမပြိုကွဲရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ချဉ်းကပ်သင့်သည့် အခြေခံမူတစ်ရပ်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးတွင် စစ်အုပ်စုအနေဖြင့် တရားဥပဒေပါ အခွင့်အရေးတစ်ရပ်အနေဖြင့် ၀င်ရောက်ခြယ်လှယ်ပိုင်ခွင့်နှင့် အာဏာရေရှည်ကိုင်စွဲနိုင်ရေးသာ ဖြစ်ပါသည်။ တနည်းဆိုသော် စစ်အုပ်စု၏ နိုင်ငံရေးမျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းထားချက်တစ်ရပ်သာ ဖြစ်သည်။

 နိုင်ငံတစ်နိုင်တွင် ရှိသင့်သင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားများနှင့် ဆန့်ကျင်နေပေသည်။ အမှန်တကယ် ပြည်ထောင်စုမပြိုကွဲရေး ဦးတည်မည်ဆိုပါက ပြည်ထောင်စုနိုင်ငံသားတစ်ဦးချင်းစီ၏ ဒီမိုကရေစီရေးဆိုင်ရာ အခြေခံအခွင့်အရေးများကို အတိအကျ အာမခံလျက်၊ တိုင်းရင်းသားတစ်မျိုးချင်းစီ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို အခိုင်အမာအာမခံနိုင်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးကို ရှေးရှုသင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးကိုသာ ကိုင်စွဲသွားရမည် ဖြစ်ပါသည်။

တိုင်းရင်းသားသွေးစည်းညီညွတ်မှုမပြိုကွဲရေး

ပြည်ထောင်စုကို မပြိုကွဲစေလိုလျှင် စည်းလုံးညီညွှတ်ရေးကို အခိုင်အမာ တည်ဆောက်ရမည်။ ဤသို့ဆိုလျှင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်မည်နည်း။ တံတားဆောက်၊ ကျောင်းဆောက်၊ ဆေးခန်းဆောက်၊ လမ်းပြင် တိုင်းရင်းသားရိုးရာအထိန်းအမှတ်နေ့များ ကျင်းပပေး၍ နယ်စပ်ဒေသ ဖွဲ့ဖြိုးရေးဟူသော လုပ်ငန်းစဉ်လောက်ဖြင့် တိုင်းရင်းသားစဉ်းလုံးညီညွှတ်မှု မပြိုကွဲရေးကို ထိန်းသိမ်းနိုင်မည် မဟုတ်ပါ။

တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို ၎င်းတို့ကိုယ်တိုင် ဖန်တီး၍ တိုင်းရင်းသား လူမျိုးတစ်မျိုးချင်စီ၏ .ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာရေးကိုးကွယ်မှု၊ ဘာသာစကား၊ အခြေခံလွတ်လပ်ခွင့်များကို အာမခံမည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများ သတ်မှတ်ပေးရုံမျှနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ပြည့်စုံမှုမရနိုင်ပေ။

တိုင်းရင်းသားတိုင်းသည် ကိုယ့်အနာဂတ် ကံကြမ္မာအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရထားသည် မဟုတ်။ မရေရာသည့် အနာဂတ်အောက်တွင် ပေးသလောက်သာ ရရှိထားသော အခွင့်အရေးတစ်ခုသာ ဖြစ်ပါသည်။ ယင်းသည် အခွင့်အရေးမဟုတ်ပေ။ အချိန်မရွေး ပြန်လည်ရုပ်သိမ်းခံရနိုင်သည့် ယာယီအခွင့်အလမ်းတစ်ရပ်သာ ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ခဲ့သည့် မတူကွဲပြား ခြားနားမှု အခြေခံများအတွင်းမှ တူညီမှုကို ရှာဖွေရယူခြင်းဆိုသည့် နိုင်ငံရေး လုပ်ငန်းလမ်းညွှန်ချက်နှင့် လုံးဝဆန့်ကျင်နေသည့်အပြင် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏   “  ကရင် တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ချင်းပြ”  မူနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲစေရန်နှင့် စစ်မှန်သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အမှန်တကယ်တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသားတိုင်း၏ နိုင်ငံရေး၊ အခွင့်အရေး၊ တန်းတူညီမျှမှုကို ခိုင်မာအောင် တည်ဆောက်ရန်သာ ဖြစ်ပါသည်း။

စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး

စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးကို အခြေခံမူအဖြစ် ကိုင်စွဲကျင့်သုံးသွားရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း၍ မည်မျှပင် တာဝန်ခံထားစေကာမူ နည်းဥပဒေဖြင့် တစ်ဖက်လှည့်၍သော်လည်းကောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟု ကြောင်းပြ၍ ယင်းပါတီတစ်ရပ်၏ ရပ်တည်ရှင်သန်မှုကို အချိန်အခါမရွေး အန္တရယ်ပေးနိုင်ပေသည်။

 မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တစ်လျှောက်တွင် စစ်တပ်လွှမ်းမိုးခဲ့သည့် ကာလများကို လေ့လာသော် လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဟူသည့် အခြေခံလွတ်လပ်ခွင့်များကို တန်ဖိုးထားလေးစားခဲ့သည့် အစဉ်အလာမရှိခဲ့ပေ။ နောက်တွင်လည်း ရှိမည်မဟုတ်ပေ။ ၁၉၉၀  ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံး ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နည်းမျိုးစုံဖြင့် ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်တိုက်ခိုက်ချေမှုန်းခဲ့သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ယနေ့တိုင် ငြင်းဆန်ခဲ့မှုကို ကြည့်ခြင်းဖြင့် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် လွတ်လပ်စွာ ရွေးကောက်ပွဲကျင်းပရေးဟူ၍ ကြေညာနေသည်မှာ ရယ်စရာကောင်းလှပေသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲတွင်လည်း ကလိမ်ကကျစ်နည်းလမ်းပေါင်းစုံ၊ ညစ်နည်းမှုအဖုံဖုံဖြင့် ပြုလုပ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထို့နောက် စစ်အစိုးရဦးစီးကျင်းပခဲ့သော အမျိုးသားညီလာခံမှ လူထုထောက်ခံမှု လုံးဝမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၂၀၀၈ မေလ ၁၀ နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဟန်ပြကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ၏ ၉၈ ဒသမ ၁၂ ရာခိုင်းနှုန်းက လာရောက် ဆန္ဒမဲပေး၍ ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းရှိသည်ဟုဆိုကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၂၀၀၈ မေလ ၂၉ ရက်နေ့တွင် နအဖအဖွဲ့၏ ကြေညာချက်အမှတ် (၇/၂၀၀၈) ဖြင့် ထုတ်ပြန်ခဲ့သည်။

မည်သို့ဆိုစေ နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအခြေခံပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို လုံးဝဆန့်ကျင်နေသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်မ၊ှုဥပဒေစိုးမိုးရေးအခြေခံဆိတ်သုဉ်းမှု၊ တရားမျှတသော လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို မျက်ကွယ်ပြုထားသောကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ မျှော်လင့်တောင်းတလျှက် ရှိသော တန်းတူရေးကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်မူများ၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် အလှမ်းဝေးနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီးကို မည်သို့မျှ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်းလေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

စာကိုး

၁။ ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ ၁၉၇၃။

၂။ တိုင်းရင်းသားများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊  

    ကြေညာချက်များကောက်နှုတ်ချက်၊ ၂၀၀၅။

။ အခြေခံဥပဒေရေးရာစာစောင် အမှတ် ၁၈၊ ၂၁၊ ၂၂၊

၎။ လောကပါလဥပဒေရေးရာစာစောင် အမှတ် ၃၄( သြဂုတ်လ ၂၀၀၉)

၅။ ခွန်းမတ်ရ်ကိုဘန်၊ ပင်လုံစိတ်ဓာတ်ရှင်သန်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီ

    ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့(၂၀၀၃)

၆။ ဦးအေးသာအောင်၊ “  ဖက်ဒရယ်” ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃) အမှတ်- ၁၁၀၊ ၁၁၁(၂၀၁၂

    စက်တင်ဘာလ ၆၊ ၂၀)

(မိုးမခမှတ်ချက် – သန်းဝင်းလှိုင်၏ ပင်လုံစာတမ်းကို အီးဘုတ်အဖြစ် အခမဲ့ရယူနိုင်ဖို့ ပြန်လည် စုစည်း ထုတ်ပြန်ပေးပါမည်)

Photo – Irrawaddy News Online



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်