အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်များအတွက် လမ်းညွှန်ချက်
February 13, 2013
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်များအတွက် လမ်းညွှန်ချက်
သန်းဝင်းလှိုင်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃
            ယခုနှစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် အင်္ဂါနေ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ် မြောက် မွေးနေ့ဖြစ်သလို (၅၇) နှစ်မြောက် မြန်မာနိုင်ငံကလေးများနေ့လည်းဖြစ်ပါသည်။ ဗိုလ်ချုပ်ကျဆုံးစဉ်က အသက် (၃၂) နှစ် ၅ လ ၆ ရက် သာ ရှိသေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်တိမ်းပါးခဲ့ရသော်လည်း မကွယ်လွန်မီဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်များကား အံ့မခန်းလောက်ဖွယ်ကြီးမားလှပါသည်။
            ဗိုလ်ချုပ်သည် နိုင်ငံအတွက် လွတ်လပ်ရေးဗိသုကာကြီးဖြစ်သလို တပ်မတော်ဖခင်ကြိးလည်း ဖြစ်သည်။ လူငယ်များအတွက် စံပြုအတုယူဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်၏ လူငယ်ဘ၀နှင့် ပတ်သက်၍ ရေးသားမှတ်တမ်းတင်ထားသော စာပေများထဲတွင် တက်ကြွသော၊ ရဲရင့်သောကြိုးစား၍ ရိုးသားသော အချက်များကို တွေ့ရသည်။
            ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဘက်တစ်ဦးဖြစ်သူ သခင်ကျော်စိန်က `မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘ၀´ ဆောင်းပါးကို ရန်ကုန်တက္ကသိုလ်နှစ်လည် စာစောင် အတွဲ ၄၊ အမှတ် ၂ ၌ ဖော်ပြခဲ့ရာ၌ –
            `ကိုအောင်ဆန်းသည် ကျောင်းတွင်သူငယ်ချင်းများနှင့် ဟေးလားဝါးလားစကားဖွဲ့လေ့မရှိပါ။ သင်ကြားပို့ချ သမျှကို အမြဲအာရုံစိုက်ပြီး နားထောင်မှတ်သားလေ့ရှိပါသည်။ ထို့ကြောင့်လည်း ကိုအောင်ဆန်းစာမေးပွဲတိုင်း ကောင်းစွာ အောင်မြင်သည်ချည်းဖြစ်ပါသည်။ ကိုအောင်ဆန်းစာဖတ်ပုံမှာ အတော်ကြီးစနစ်ကျလှပါသည်။ ပထမစာအုပ်၏ မာတိကာကို ကောင်းစွာမှတ်သားပါသည်။ နောက်တစ်ခန်းစီ ဖတ်လျက် ဖတ်ပြီးသား အခန်းများ၏ အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ ဖြစ်စေ မာတိကာခေါင်းစဉ်ချ၍ အတိုချုပ် (Summary) မိမိဘာသာ မိမိရေးသားလေ့ရှိ ပါသည်။ ကိုအောင်ဆန်းသည် ကျောင်းစာနှင့် အပြင်စာနှစ်ခုစလုံးကို ကျေညက်အောင် ဖတ်နိုင်သော ဇွဲရှိသူဖြစ်လေသည်။
            ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြဿနာများ၊ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်။ ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းအချက်ကို ပြတ်ပြတ်သားသားတစ်တစ်ခွခွ ဖော်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ထိထိမိမိထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ နှစ်ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများနည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ရေးနိုင်သူတစ်ဦးဖြစ်ပါသည်။´ ဟူ၍ ရေးသားထားလေသည်။
            ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းတွင် ကျောင်းသားလူငယ်တိုင်းလိုက်နာအတုယူဖွယ်သော စရိုက်များရှိသည်။ သူသည် စည်းကမ်းရှိ၍ အတိုင်းအတာသိသူဖြစ်သည်။ ကိုယ့်ကိုကိုယ် ဝေဖန်ရေးရှိသည်။ အတ္တစိတ်ကင်းသည်။ ကတိတည်သည်။ စာပေကို မြတ်နိုးမှုရှိသည်။ ဗိုလ်ချုပ်ကား ငယ်စဉ်ကျောင်းသားဘ၀ကပင် စည်းကမ်းရှိသူပီပီ နေ့စဉ်အသုံးစားရိတ်ကို စနစ်တကျ ရေးသားမှတ်သားတတ်သည့် အကြောင်းကို သူ့အသက် ၁၇ နှစ်က ရေးသားထားသော ၁၉၃၂ ခုနှစ် ဒိုင်ယာရီလေးက ဗိုလ်ချုပ်၏ လူငယ်ဘ၀ကို ဖော်ပြနေပါသည်။ သူ့ဒိုင်ယာရီ၌ –
            ၉ – ၃- ၃၂ (တပို့တွဲလဆန်း၃ရက်) အင်္ဂါနေ့ ဘချမ်းပေးရန်ကြွေး ၉ပဲ။
            ၁၀ – ၂ – ၃၂ ၊ ဘချမ်းကြွေး ၉ ပြား။
            ၁၀ – ၂- ၃၂ (တပို့တွဲလဆန်း ၄ ရက်) အချမ်းကြွေး ၃ ပဲ။
            ၁၂ – ၂ – ၃၂ ( တပို့တွဲလဆန်း ၆ ရက်) သောကြာနေ့ ကြွေး ၅ ပြား။
            ၁၃ – ၂- ၃၂ (တပို့တွဲလဆန်း ၇ ရက်) စနေနေ့ ကြွေး ၃ပဲ။
            ဤကား ဗိုလ်ချုပ်၏ ကျောင်းသားဘ၀၊ စည်းကမ်းနှင့် ကတိကိုထင်ရှားစေသော အမှတ်အသားများဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၀င်ငွေထွက်ငွေနှင့် ပတ်သက်၍လည်း မှတ်သားထားတတ်သည်။
၂၁ – ၂ – ၃၂ ယနေ့ငွေ ၁ိ/- အစ်ကိုကြိးထံမှ တောင်း ဂျော်နီနှင့် လက်ဖက်ရည်သောက်သွား၊ ၂ယောက်တွက်ပေး ၃ ပဲ။
ပြီးတော့ ၂၂ – ၂ – ၃၂ တွင် မင်အိုးတစ်ဘူးဝယ်၊ ၅ ပဲ ပေးဝယ်၊ မနေ့က လက်ဖက်ရည်နှင့် မုန့် ၂ပဲ ပေါင်း ၁၀ ပဲ ကုန်၊ ကျန် ၆ ပဲ။
                                                                                    အောင်ဆန်း (လက်မှတ်ထိုးထားသည်)
၂၆ – ၂ – ၃၂
            လက်ရှိ ၁၁ ပဲ။ ၁ ပဲ ကောက်ရသည်။ ၁၂ ပဲ ၀င်ငွေ။ ၃ ပဲ ထွက်ငွေ။ ၉ ပဲ ကျန် `ကိုက်၏´
                                                                                    အောင်ဆန်း (လက်မှတ်ထိုးထားသည်)
            ဤသည်ကား ၀င်ငွေ၊ ထွက်ငွေ နှင့် ပဲစ၊ မူးစကလေးများကိုပင် စနစ်တကျ ရေးမှတ်ထားတတ်သည့် ဗိုလ်ချုပ်၏ အတုယူထိုက်သော စရိုက်ကလေးများဖြစ်ပါသည်။ တဖန် ငွေရေးကြေးရေး အသုံးများနှင့် ပတ်သက်၍ မိမိကိုယ်ကို မိမိ ဝေဖန်ထားပုံကလေးများကိုလည်း သူ့ဒိုင်ယာရီ၌ ရေးသားထားချက်အရ သိနိုင်ပါသည်။
            ၂၃ – ၂ – ၃၂ ရှစ်ပဲ – ရှစ်ပဲ။
            သုံးစရာမရှိတော့ဘူး။
            ကျွန်ုပ်ဂရပ်စာအုပ် ၅ ပဲတန် ၀ယ်စဉ်မှာ မှားသည်။ နောက်မှ ခရီးလမ်းတွင် သတိရလာသည်။ ယခုကျောင်း ၇ ရက်သာ တက်ရေတော့သည။် ၇ ရက်လုံး ဤ ၅ ပဲ တန်ထဲတွက်လို့ကုန်မှာမဟုတ်။ နောင်နှစ်အတွက်လည်း အသုံးမကျဖြစ်ချိမ့်မည်။ သို့ကြောင့် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ် စဉ်းစားဥာဏ်နည်းသေး ၏တကားဟု အပြစ်တင်မိပါတော့သည။်
            `ချွေတာကြပါ´ ဟု အမျိုးသားခေါင်းဆောင်ဘ၀တွင် ဆိုဆုံးမခဲ့သော ဗိုလ်ချုပ်သည် ကျောင်းသားလူငယ်ဘ၀တွင်လည်း လက်တွေ့ချွေတာခဲ့သူဖြစ်သည်။ ၄င်းအပြင် ဗိုလ်ချုပ်သည် အတ္တမဖက် ရဲဘော်စိတ်အပြည့်အ၀ ထားရှိတတ်ပုံကို ၂၅ – ၂ – ၃၂ တွင် မှတ်သားထားသည့် စာမေးပွဲခုံနံပါတ်များစာရင်းက သက်သေခံနေပါသည်။
            ၁။        ကိုကြည်စိန်                   ၁၂၈၃
            ၂။        ကိုကြည်ဝင်း                  ၁၂၈၄
            ၃။        ကိုမော်သန်း                  ၁၂၈၅
            ၄။        ကိုအေးသာ                   ၁၂၈၆
            ၅။        ကိုရီအေး                                   ၁၂၈၇
            ၆။        ကိုအောင်ဆန်း               ၁၂၈၈
            ၇။        ကိုမေအောင်                 ၁၂၈၉
            ၈။        ကိုမြဒင်                         ၁၂၉၀
ကျောင်းသားကိုအောင်ဆန်းဘ၀တွင် ကျောင်းဆရာများကိုလည်း လေးစားဂရုစိုက် ကြည်ညိုတတ်ဟန်ကို သူ့စာတွင် တွေ့ရပါသည်။
            ၈ – ၂- ၃၂ နေ့က စ၍ ကျောင်းသား ၁၀ တန်းသားတွေ တက် ၇၊ ၄ ယောက်သာ တက်သည်။ ပျင်းစရာကောင်းလှ၏။ သို့ရာတွင် ဦးပုကား ပျင်းဟန်မတူ။ စိတ်ပါစွာ ပြပေ၏။ ချီးမွမ်းဖွယ်ပင်။
            ၁၅ – ၂ – ၃၂ မနေ့က ဘချမ်းဆိုင်တွင် ပုလိပ်စာသင် (ဆာဂျင်) တစ်ယောက်က သူကြီးတို့အရပ်ထဲမယ် ဘာပြုလို့ ကင်းစောင့်မထားလဲ၊ ဘာလဲနှင့် ဘာမှမဆိုင်ဘဲနှင့် ငေါက်နေတာ မတရာဘူး။ သည်ကောင်က ဘာလုပ်တုန်း ညာလုပ်တုန်းစသည်ပြောသံကြားရ။ `သြော်… ပုလိပ်များက ကြောက်မှတ်လို့၊ ဖြဲခြောက်တာ…´ `ဘာရမလဲ´
            ဗိုလ်ချုပ်သတ္တိကား ကြည်ညိုဖွယ်ရာပင်။ တဖန် စာပေစိတ်နျင့် အမျိုးသားမာန် သူ့ရေးဟန်ကို လေ့လာကြည်ပါဦး။
            ` ၂၃ – ၂ – ၃၂ (၁၂၉၂ တပို့တွဲလဆုတ်၊  ၂ ရက် အင်္ဂါနေ့) မနေ့က ကျွန်တော်တို့ ကျောင်းတွင်မှော်ဘီ ဆရာသိန်းကြီးလာရောက်တရားဟော၊ ကောင်းပါပေ၏။ အမျိုးသားကျောင်းများကြောင့် မြန်မာစာပေထွန်းကား လာမည်ကို မျှော်လင့်´ ဟု ရေးမှတ်ထားသည်။
            အထက်ပါဖော်ပြပါ  ဒိုင်ယာရီပါ ဗိုလ်ချုပ်စာကလေးများမှာ ဗိုလ်ချုပ်၏ လူငယ်ဘ၀၊ ဗိုလ်ချုပ်အကြောင်းကို အရှင်းဆုံးပြောပြနေသော မှတ်တမ်းကလေးများပင် ဖြစ်သည်။
            အလုပ်အကိုင်ဆောင်ရွက်ရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိ၊ ရည်မှန်းချက်ပန်းတိုင်သို့ အရောက်ကြိုးစားကြရာ၌လည်း ဗိုလ်အောင်ဆန်းသည် စံပြဖြစ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်လုပ်ရမှာကို ဘယ်သောအခါမျှ ကြောက်ရွံ့ခြင်းမရှိသူများတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲရှိသည်။ ဇွဲလည်းအလွန် ပြင်းထန်ပါသည်။ ဘာလုပ်လုပ်စိတ်ရောကိုယ်ပါ လုပ်တတ်၍လည်း သူလုပ်ကိုင်သမျှမှာ ခရီးရောက်လေ့ရှိသည်။
            ထို့ကြောင့်လည်း မဟာဇနကဇာတ်တော်၌ ရွက်သင်္ဘောကြီးပျက်ခါနီးမှာ ကုန်သည် ၇၀၀ တို့သည် ၀ီရိယကိုလျှော့၍ မိရိုးဖလာနတ်များကို တိုင်ကြ၊ ပသကြသော်လည်း ကယ်ဆယ်သူကား ပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာဖြစ်ကြရသည်။ ၁၆ နှစ်သားအရွယ်မျှသာရှိသေးသော အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ်ရဲသွေး ၀ီရိယစိတ်ဖြင့် ပင်လယ်ရေပြင်ကို ခုနှစ်ရက်တိုင်တိုင် လက်ပစ်ကူးခဲ့မှုကြောင့် မေခလာနတ်သမီး၏ ကယ်မခြင်းကို ခံခဲ့ရသည်မဟုတ်ပါလေ။
            လူငယ်တိုင်း၏ ကျောင်းသားဘ၀သည် အချိန်ကာလအားဖြင့် အများဆုံးပါဝင်နေကြောင်း တွေ့နိုင်လေသည်။ ကျောင်းသားဘ၀တွင် ကျောင်းစာကိုသာ အပတ်တကုတ်အားထုတ်ကြိုးစား၍ ပြီးပြည့်စုံခြင်း မရှိသေး။ လူ့ဘ၀၊ လူ့ပတ်ဝန်းကျင် နှင့် ထိတွေ့နိုင်အောင် တပါတည်းကြိုးစားအားထုတ်သင့်သည်။ ဘွဲ့ရလျှင် ပညာတတ်ပြီဟု မဆိုသာ။ ပညာ၏ နက်နဲကျယ်ပြောပုံကို ဗိုလ်ချုပ်အောင်ဆန်းက –
            `ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြောနက်နဲသည်။ ကမ္ဘာပေါ်ရှိ အလုပ်သမားအားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်အတွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြလေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အား ဖြင့် လူ၏ တသက်တာတွင် ကုန်ဆုံးသည်ဟု မဆိုနိုင်´ ဟု ဆုံးမပဲ့ပြင်လမ်းညွှန်မှုပေးခဲ့သည် မဟုတ်လော။
            မြန်မာနိုင်ငံတွင် မြို့ပြလူဦးရေထက် ကျေးလက်ဦးရေက ပိုများသည်။ ထို့ကြောင့် မြန်မာပြည်တိုးတက်ဖွံ့ဖြိုးစေလိုလျှင် ကျေးလက်ဒေသများဖွံ့ဖြိုးမှ ဖြစ်မည်။ လူငယ်များမြို့တက်ပြီး နေချင်စိတ်ဖျောက်ရမည်။ ထိုအချက်ကို ကောင်းစွာသဘောပေါက်ခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း လူငယ်များအား လမ်းညွှန်ပေးခဲ့ပါသည်။
            `လူငယ်တွေအတွက် ကျွန်တော်ပြောချင်တာက လူငယ်တွေဟာ မြို့မှာချည်းမနေဘဲ တောကိုလည်းသွားပြီး အလုပ်လုပ်ကြပါ။ မြို့မှ အလုပ်လုပ်ရင် ထင်ပေါ်တယ်။ လူသိပေါတယ်။ ဒါပေမယ့် တကယ်ထိရောက်မှာက တောကိုသွားမှထိရောက်မယ်။ စစ်ပြီး ဗမာပြည်မှာ ထူထောင်ရေးလုပ်ငန်းတွေ အများကြီး ရှိတယ်။ တကယ်လုပ်ရင် မြို့မှာ မနေပါနဲ့။ တောကို သွားကြပါ။ နာမည်ဖြစ်ရုံ၊ စတန့်ဖြစ်ရုံ လုပ်ချင်ရင် ခင်ဗျားတို့ အခုရှိနေတဲ့အခြေအနေအတိုင်း လုပ်ကြ၊ ဗမာပြည်တော့ ကြီးပွားမှာမဟုတ်ဘူး။´
 ဟူ၍ ပြောခဲ့ပါသည်။      လူငယ်တိုင်းသည် သတ္တိရှိရမည်။ သို့သော် တလွဲဆံပင်ကောင်းသော မိုက်ရူးရဲသတ္တိမျိုးကားမဟုတ်၊ သတင်းစာဆရာ ဦးပုကလေးရေးသားထားသော `ငါတို့ဗိုလ်ချုပ်ဘာတွေ လုပ်ခဲ့သလဲ´ စာအုပ်တွင် ဗိုလ်ချုပ်၏ သူရသတ္တိနှင့်ပတ်သက်သော ခံယူချက်ကို အောက်ပါအတိုင်းေ၇းသားထားသည်-
            `တချို့လူတွေဟာ သွေးပူတုန်းသာ သေရဲကြတာ။ သွေးအေးတဲ့အခါကျတော့ မသေရဲကြဘူး။ ကျွန်တော်ကတော့ သွေးအေးတုန်းလည်း သေရဲတာပဲ။´
            အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းဘ၀ကလည်း `ငရဲခွေးကြီးလွတ်နေသည်´ ဟူသော ဆောင်းပါးရေးသူ၏ အမည်ကို ထုတ်ဖော်ရန် ဗိုလ်ချုပ်အား တက္ကသိုလ်အာဏာပိုင်တို့က ချော့ချည်တခါ၊ ခြောက်ချည်တလှည့် ပြုလုပ်ခဲ့ကြသည်။ အသက် ၂၁ နှစ်သာ ရှိသေးသော အယ်ဒီတာကိုအောင်ဆန်းက ဘာမှ ဘာမှ မပြော။ ဗိုလ်ချုပ်၏ တကယ့်သတ္တိ တကယ့်သံမဏိစိတ်ဓာတ်ကို ယနေ့လူငယ်များအားကျအတုယူဖွယ်ပင်။
            ဗိုလ်ချုပ်သည် လွတ်လပ်ရေးဗိသုကာကြီးကို တည်ဆောက်ပေးရုံမျှသာ ပေးခဲ့သည်မဟုတ်ချေ။ ထိုဗိမာန်ကြီး အဓွန့်ရှည်စွာ တည်မြဲစေရန်အတွက် အနာဂတ်ကို မြှော်၍ လူမှုရေး၊ စီးပွားရေးစနစ်တို့ကိုပါ ချမှတ်ပေးခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်သည် ယင်းသို့ အမြော်အမြင်ကြီးမားသည့်အလျောက် နိုင်ငံ့တာဝန်ကို ပုခုံးလွှဲယူထမ်းဆောင်ကြရမည့် လူငယ်များအခန်းကဏ္ဍကိုလည်း သိမြင်ထားသူဖြစ်သည်။
            ဗိုလ်ချုပ်သည် ကျောင်းသားအရွယ်ကတည်းက မိမိကိုယ်တိုင် လူငယ်တစ်ယောက်အနေဖြင့် တာဝန်မည်မျှ ကြိးမားသည်ကို နားလည်သိရှိထားသူဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်မှာ သူ့ကျွန်ဘ၀ကျရောက်နေချိန်ဖြစ်ရာ မိမိနှင့်တကွ လူငယ်တို့၏ တာဝန်သည် ပို၍ ကြိးမားနေသည်ကို နားလည်သိရှိထားသူဖြစ်သည်။ ဤအချက်ကို ရေနံချောင်းမြို့ အမျိုးသားကျောင်းဆရာများနှင့် ကျောင်းသား ကျောင်းသူများ အစည်းအဝေးတစ်ခုတွင် ရဲရဲတောက် ဟောပြောလိုက်သည့် ကိုအောင်ဆန်း၏ အောက်ပါစကားရပ်က အထင်အရှားပြသလျက်ရှိသည်။
            `ကျွန်တော်တို့ ကျောင်းသားတွေဟာ စာကို ကုန်းဖတ်နေရုံနဲ့ တာဝန်ကျေပြီလို့ မဆိုနိုင်ဘူး။ ဗမာပြည်ကြီး သူများလက်အောက်ခံ ကမန်ဖြစ်နေတာကို ကျွန်ဘ၀ကလွတ်မြောက်အောင် ဘယ်လိုဖန်တီးကယ်တင်ရမယ်ဆိုတာ ခုနေက စဉ်းစားဖို့တော်ပြီ။ ဒါတွင်မကသေးဘူး အခု ခင်ဗျားတို့ ကျွန်တော်တို့ ရာဇ၀င်ဘာသာသင်နေရတယ်။ ရာဇ၀င်ကို တတ်သိနားလည်နေလို့ မပြီးသေးဘူး။ ရာဇ၀င်သစ်ကို ဖန်တီးနိုင်တဲ့ လူတွေဖြစ်လာအောင် ကိုယ်တိုင်ကြိုးစားကြမှ တကယ့်လူတော်လူကောင်း လူရည်ချွန်တွေလို့ ဆိုနိုင်မယ်´ ဟူ၍ ပြောခဲ့သည်။
            မှန်ပေသည်။ သူပြောခဲ့သလိုပင် သူသည် ရာဇ၀င်သစ်ကို ဖန်တီးခဲ့သူဖြစ်ခဲ့သည်။ သူပြောခဲ့သလို နိုင်ငံကို သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည်။
            ဗိုလ်ချုပ်သည် လူငယ်များလိုက်နာကျင့်သုံးအပ်သည့် လုပ်ငန်းစဉ်များ အရည်အချင်းများကို ချပြခဲ့သည်။
            ဗိုလ်ချုပ်က-
–       ကျောင်းသားလူငယ်များရိုးသားမှု ရှိရမည်။
–       ရန်သူကို တိုက်ခိုက်ရဲသော စိတ်ရှိရမည်။
–       အနိုင်မခံ၊ အရှုံးမပေးသော ဇွဲနှင့်သတ္တိရှိရမည်။
–       တိုင်းပြည်ကိုချစ်သောစိတ်နှင့် တာဝန်သိသော စိတ်များရှိရမည်။
–       ပြည်သူ့ဝန်ကို ထမ်းရွက်ရာ၌ အနစ်နာခံလိုသော စိတ်ရှိရမည်။
–       ကျောင်းသားလူငယ်များသည် နိုင်ငံတကာ အေ၇းအခင်းနှင့် မိမိပြည်တွင်းအရေးများကို သိရှိနားလည်နေအောင် လေ့လာခြင်းပြုရမည်။
–       တောရပ်ဒေသများသို့ သွားေ၇ာက်ပြီး တိုင်းရင်းသားလုပ်သားပြည်သူများကို တတ်နိုင်သည့် နေရာများမှ ကူညီခြင်းပြုရမည်။
စသည်ဖြင့် လမ်းညွှန်ခဲ့သည်။
ဤမျှဆိုလျှင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်လမ်းညွှန်မှုများကို  လေ့လာအကဲဖြတ်နိုင်ပြီဖြစ်ပါသည်။ ထိုလမ်းညွှန်ချက်အတိုင်းလူငယ်များသည် လိုက်နာကျင့်သုံး၍ ပြည်သူတရပ်လုံး မျှော်မှန်းတောင့်တနေသော ဒီမိုကရေစီပန်းတိုင်သို့ ပြည်သူတရပ်လုံး အတူတက်ကြွစွာ ဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုလိုက် ရပါသည်။
စာကိုး
(၁) သခင်ကျော်စိန်        `မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘ၀´ ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်  တွဲ ၄၊ အမှတ် ၂ ( ၁၉၆၀ – ၆၁)
(၂) နတ်မောက်လင်းရောင်         `စနစ်တကျနေထိုင်လာသည့် ဗိုလ်ချုပ်အောင်ဆန်း´ ဗိုလ်တထောင် သတင်းစာ (၁၇ – ၇ – ၁၉၇၉)
(၃) မောင်ဆွေဝင်း(ပဲခူး) `အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်လမ်းညွှန်မှုများကို အကောင်အထည် ဖော်ကြပါစို့ကြေးမုံသတင်းစာ (၁၃-၇-၁၉၇၉)
(၄) ယဉ်မောင်(ခရမ်း)    `ဗိုလ်ချုပ်မျှော်မှန်းသော လူငယ်များ၏ ပုံသဏ္ဍာန်´ ရှေ့သို့ စာစောင် အတွဲ ၁၇၊ အမှတ် ၅ ။ (၁ – ၈ – ၁၉၇၀)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
Related posts
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်
One Response to အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်များအတွက် လမ်းညွှန်ချက်
  1. thihasoe on February 21, 2013 at 6:31 pm
    ကြိုက် တယ် ဆရာ အလားတူ အနှစ်သာရ ရှိသော ဆောင်းပါးကို စောင့်မျှော်နေပါမည်.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ
By
မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...
Read more »
မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ
By
  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...
Read more »
ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ
By
  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...
Read more »
မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ
By
  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Donate while shopping on amazon
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်