အိပ်မက်ထဲက အာအိုင်တီ – ex-RIT student
February 13, 2013
အိပ်မက်ထဲက အာအိုင်တီ
အာအိုင်တီကျောင်းသားဟောင်းတဦး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃
အာအိုင်တီ ဆိုတာ Burma မရှိတော့သလို အမည်အသစ် RIT –> YTU အဖြစ်ပြောင်းသွားတာ ကြာပါပြီ။ အခု ပြုပြင်ပြောင်းလဲရေး မြန်မာနိုင်ငံလုပ်ဆောင်နေစဉ်မှာ တက္ကသိုလ်များလည်း ကိုယ်ပိုင်လူ၊နည်းစနစ်၊ပစ္စည်းအင်အား၊ ငွေအင်အားနဲ့ အခြေအနေကြည့်ပြီး အကောင်းဆုံးလှုပ်ရှားနေရပါတယ်။
4M&1E  Men, Method, Material, Money and Environment.
နောက်ဆုံး ၁၀တန်းအောင်စာရင်းမှာ အာအိုင်တီ(ရန်ကုန်) သီးသန့် ၂၅၀ ဦးကို ဖွင့်မယ်လို့ မျိုးချစ်စိတ်ကြီးမားသူ အာအိုင်တီ ဆရာ၊ဆရာမကြီးများ သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြပြီး၊ ကြိုးစားခြင်းရဲ့ ရလဒ်ကတော့ …၁၀တန်းအောင်သူများအတွက် အာအိုင်တီတက္ကသိုလ်ဝင်ခွင့် လူ၂၅၀ကို ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။ ဒီလို အာဏာပိုင်များက အလွန်သဘောထားကြီးစွာ ခွင့်ပြုလိုက်ခြင်းဟာ အံ့ဘွယ်တစ်ပါးဖြစ်ပါတယ်။ တကယ်ပါ။ အာအိုင်တီကို ရှစ်လေးလုံးစခဲ့တဲ့ သူပုန်ကျောင်းကြီးလိုလို မတရားသတ်မှတ်ပြီး အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ပစ်လိုက်ပေမဲ့၊ အာအိုင်တီနဲ့ ရန်ကုန်တက္ကသိုလ် ၀င်းခြံကြီးတွေကို လုံးဝမထိရဲအောင် ကြံကြံခံခဲ့သူ ကျောင်းသားဟောင်း၊ ဆရာဟောင်း အားလုံးကို မှတ်တမ်းတင်ပါတယ်။
 Action Speaks Louder Than Word ဆိုစကားအတိုင်း ပြောနေ၊ ရေးနေ တာထက် လက်တွေ ကြိုးစားရုန်ကန်ပေးသူတွေက အဓိကပါ။ သူတို့က အသံမမည်တဲ့ အသံတိတ် အမြောက်ဆံတွေဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အင်တာနက်၊ ဂျာနယ်တွေမှာရေးတဲ့ အသံမြည်ပြီးအဆန်သေးသေးအမြောက်ဆံတွေပါ။
ဒီနှစ် ၁၀တန်းအောင် အမှတ်များနဲ့ တက္ကသိုလ်ဝင်ခွင့်ကို ကြည့်ရင် အာအိုင်တီက အမှတ် ၅၁၇မှတ် ဆိုလား၊ အမြင့်ဆုံးဖြစ်တယ်။ လူ၂၅၀ ရွေးမှာ နောက်တစ်မှတ်မှာ အမှတ်တူတဲ့လူ ၂၀ကျော်နေလို့ ၂၄၃ဦး ဆိုလား ရပ်ထားလိုက်ရတယ်။ အဲဒီ ၂၄၀ကျော် ကျောင်းသားတွေလည်း အရမ်းပျော်ကြတယ်။
ဒီနှစ် ၂၀၁၂ ဟာ မြန်မာပြည် အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများစွာ လုပ်ဆောင်နေတဲ့အခါ အာအိုင်တီ ကျောင်းသစ်များက မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ ဖေ့စ်ဘုတ်များနဲ့ နိုင်ငံခြားတက္ကသိုလ်များလို ဂရု Group များဖွဲကြတယ်။ ကျောင်းသူလေးတစ်ဦးက သူ့ရဲ့ဖေ့စ်ဘုတ် အာအိုင်တီကျောင်းဖေ့စ်ဘုတ်မှာ ကျောင်းသား ၁၅၀ကျော် ရောက်နေပြီဆိုပြီး ၀မ်းသာအားရ ပြောပြပါတယ်။ စိတ်ထဲက ..အစိုးရဆန့်ကျင်ရေးအသင်းဖွဲ့လုပ်ကြတော့မလား…လူကြီးပီပီ စိုးရိမ်မိသွားပါသေးတယ်…အလကား..လျှောက်တွေးပူနေတာ… အစိုးရက ကောင်းနေရင်၊ ကျောင်းသားတွေက ဆန့်ကျင်ဖို့စဉ်းစားမှာမဟုတ်ဘူး။ လူငယ် တက္ကသိုလ်ကျောင်းသားဘ၀က စိတ်ဝင်စားစရာတွေ အလွန်များတော့ နိုင်ငံရေးစိတ်ဝင်စားတာ အစိုးရမဟုတ်တာလုပ်မှ ကျောင်းသားတွေက စပြီးတော်လှန်လေ့ရှိတာပဲ။
အခု အစိုးရ လမ်းကြောင်းမှန်ထဲ မီးရထားစက်ခေါင်းကြီး ၀င်လာပြီဆိုပါတော့။ ကျွန်တော်တို့ ငယ်စဉ်က RASU, Eco, ဦးချစ်လဘက်ရည်၊ ဘွဲနှင်းသဘင်ခန်းမ၊ အင်းယားကန်ဘေးက အကြော်ဆိုင်၊ အာစီ၊ သစ်ပုတ်ပင်အောက်၊  တက္ကသိုလ်များစာကြည့်တိုက်၊ ဂျပ်ဆင်ခရစ်ယန်ကျောင်း၊ ဗုဒ္ဓဘာသာအသင်း၊ မုံရွာအသင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ “မစွံတောင်တက်၊ မတက်လှေလှော်၊ မလှော်ရေကူး..” စတဲ့ လူငယ်ကျောင်းသားအလုပ်များစွာ ရှိပါတယ်။ အခုခေတ်တော့ ဖေ့စ်ဘုတ်၊ တွီတာ ဆိုတာတွေ ပေါ်လာတော့ လုပ်စရာပိုပေါလာတာပေါ့။
ဟိုးအရင်က ပါမေက္ခချုပ်ဟောင်း ဆရာဦးညီလှငယ် ဦးဆောင်ပြီး စတင်တယ်လို့ သိရပါတယ်။ ဆရာဦးညီလှငယ်ကို အလွန်လေးစားစွာနဲ့ ၀ိုင်းဝန်းကူညီပေးဖို့ အာအိုင်တီ ကျောင်းသားဟောင်းများက လူစုဝေးကြတယ်။ အားပေးကြတယ်။ ပထမဆုံး အင်တိုက်အားတိုက် အားပေးမှုကတော့ ၂၀၁၂ ဒီဇင်ဘာ ၃၀ရက်နေ့မှာ ပြုလုပ်တဲ့ ဆရာပူဇော်ပွဲဖြစ်ပါတယ်။ အဲဒီပွဲကို ရန်ကုန်၊ အင်းစိန် အာအိုင်တီကျောင်းကြီးမှာ ပထမဆုံး ပြုလုပ်ပါတယ်။ ကျောင်သားဟောင်း၊ ဆရာဟောင်းများ ၃၅၀၀ လောက် လာရောက်ကြတယ်လို့သိရပါတယ်။ သမိုင်းဝင်ဖြစ်ရပါ။ 
အာအိုင်တီ ကျောင်းသားဟောင်းတစ်ဦး၊ ရန်ကုန်မှာ တွေ့ဆုံတော့ သူတို့ဇနီးမောင်နှံဟာ အလွန်ပျော်ရွှင်နေပါတယ်။ လောကအလုပ်အကိုင်တွေမှာတော့ စီးပွားပျက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အဆင်မပြေပါဘူး။ သို့သော်လည်း သူတို့ သမီးလေး ၁၀တန်းအောင်ပြီး အခု ပထမဆုံးဖွင့်လစ်တဲ့ အာအိုင်တီ ကျောင်းသား၊ ကျောင်းသူ ၂၅၀ စာရင်းထဲပါတယ်။ အခု အဖေဖြစ်သူ ငယ်ငယ်က တက်ခဲ့တဲ့ အာအိုင်တီ (ဘီပီအိုင်မှတ်တိုင်) ကျောင်းကြီးမှာပဲ ကျောင်းတက်နေပြီ၊ သင်ကြားပေးတဲ့ ဆရာတွေလည်း အကောင်းဆုံးသင်ပေးတော့ အခက်ခဲဆုံးဖြစ်နေကြောင်း။ ပထမနှစ်ဆိုတော့ ဟိုးတုန်းကလို အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ပုံဆွဲပညာ၊ အလုပ်ရုံလက်တွေ့ပညာ ..စသဖြင့် အခြေခံများကို စတင်သင်ကြားရတယ်။ ဆရာ၊ ဆရာမတွေကလည်း စေတနာနဲ့ သင်ကြားကြပါတယ်။ ပြသနာကတော့ စာတွေ အရမ်းခက်နေတယ် လို့ ဆိုပါတယ်။ 
တက္ကသိုလ်မှာ စာတွေ အရမ်းခက်ခြင်း ဆိုတာ တကယ်တော့ နှစ်ချက်ရှိပါတယ်။ (၁) ဆရာတွေက အရမ်းခက်အောင် သင်ကြားခြင်းနဲ့ (၂)တပည့်တွေက အရမ်းပျင်းနေပြီး၊ စာမကြိုးစားခြင်း ဆိုတဲ့ အချက်၂ချက်အရ စာတွေခက်နေရခြင်းဖြစ်ပါတယ်။ ကမ္ဘာမှာ ဘယ်တက္ကသိုလ်မှ စာကို လွယ်လွယ်လေးဖြစ်အောင် သင်တာမရှိပါဘူး။ စာမေးပွဲပဲ လွယ်ချင်လွယ်မယ်.. စာကတော့ ခက်အောင်သင်ပေးရမှာက ဆရာတွေမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် စာတွေခက်နေခြင်းဟာ သဘာဝကျပါတယ်။ ဖြေရှင်းနည်းကတော့ တပည့်တွေ အရမ်းမပျင်းအောင် (စာကြိုးစားလာအောင်) ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ အရေးကြီးပါတယ်။ 
ဆရာတွေဘက်က ကြည့်ရင်၊ စာတွေ အရမ်းခက်အောင် သင်တော့၊ တပည့်တွေ နဲ့ ဆက်ဆံရေးမကောင်း ဖြစ်မယ်။ အဲ ..လက်ဆောင်ပေးခြင်း (လာဘ်ပေးခြင်း) အလွန်များတဲ့ မြန်မာပြည်မှာ ကျောင်းဆရာတွေကို လိုက်ကပ်တဲ့အကျင့်ဆိုးကြီးကလည်း ရှိနေပါတယ်။ ကျောင်းဆရာတွေကလည်း အိမ်ကိုလက်ဆောင်လေးနဲ့ လာတဲ့ မိဘ၊ကျောင်းသားများကို သဘောကျတဲ့ခေတ်ကာလပါ။
အာအိုင်တီ ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပို့ချတဲ့ ဆရာများ လခ ဘယ်လောက်ရပါသလဲမေးကြည့်ပါ။ ဒေါ်လာ တစ်ရာတောင် မရဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဆရာကြီးတွေကတော့ ဒေါ်လာ ၂၀၀ကျော် လစာရကောင်းရမယ်။ ဒီတော့ သင်ပေးတဲ့ တက္ကသိုလ် ဆရာများကို စားဝတ်နေရေး ဖူလှုံအောင် လုပ်ပေးဖို့က အလွန်အရေးကြီးနေပြီ။ ဆရာတွေ စားဝတ်နေရေး မလုံလောက်ရင် ကျောင်းသားမိဘများက ပေးတဲ့ မသဒ္ဒါ၊ သဒ္ဒါ အစာကို စားသောက်၊ လက်ဆောင်ယူရတော့ စာမေးပွဲအတွက် မေးခွန်း (တစ်ပေးခြင်း) လုပ်ရတော့မယ်။ ဗမာတွေက တော်တော် အားနာတတ်တာကိုး။ အားနာအောင် လုပ်နည်းအမျိုးမျိုးတတ်ကြတယ် (တနည်းအားဖြင့် လက်ဆောင်ပေးနည်းအမျိုးမျိုး၊ ဘာမှ မပေးနိုင်သူက ဘလိုင်းကြီး ဆရာကို ပဆစ်တုပ်၊ ကန်တော့ပစ်လိုက်တယ်)။ 
နိဂုံး
အခု နောက်ဆုံးသတင်းရတာကတော့ အာအိုင်တီက စာတွေ အရမ်းခက်တာကြောင့် ကျောင်းသား၊ ကျောင်းသူများက ကျူရှင်တွေ တက်ကုန်ကြပြီး၊ တစ်ဘာသာ ကျပ်တစ်သောင်း၊ နှစ်သောင်း ဈေးနဲ့ တတ်နိုင်သူများက ကျူရှင်တက်ကြတော့၊ မတက်နိုင်သူများအဖို့ အခက်ခဲဖြစ်နေပါတယ်။ လူတွေကလည်း ခက်ကိုခက်ပါတယ်။ စာခက်တယ်ဆိုတော့ စာတော်တဲ့ကျုရှင်ဆရာတွေက အာအိုင်တီ သင်ရိုးနဲ့ဖတ်စာအုပ်၊လေ့ကျင့်ခဏ်ကို ဖတ်ပြီး ကျုရှင်လုပ်ငန်း အစပြုလာတယ်။ ဒါကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။
ကမ္ဘာ ဘယ်နိုင်ငံမှာပဲကြည့်ကြည့်၊ အနည်းဆုံး စင်ကာပူ ဂျူနီယာကောလိပ်၊ ပေါ်လီတက်ကနစ် တွေမှာလည်း ကျူရှင်ဆိုတာ မရှိပါဘူး။ ကျူရှင်ပေါ်ရခြင်းဟာ စာခက်လို့ ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ လုံးဝမဖြစ်နိုင်ပါ။  ဘာကြောင့် ကျူရှင်ပေါ်လာရသလဲ ဆိုတာကို ကျွန်တော် တစ်ဦးထဲ အမြင်နဲ့ အားမနာတမ်း ကောက်ချက်ချရရင် အာတိုင်တီ ကျောင်းဆရာများ အရည်အချင်းမရှိလို့ပဲ လို့ ပြောချင်ပါတယ်။ 
နောက်တစ်ခု စဉ်းစားစရာကတော့ ဆရာအရည်အချင်းမမှီရင် ဘယ်လိုလုပ်ရမှာလဲ။ မင်းရဲ့ ကျောင်းအုပ်ကြီး ဦးညီလှငယ်က ဆရာတွေကို တစ်လမှ ကျပ်တသိန်းလောက်ပဲပေးတာ။ ဆရာက တပည့်ကျွေးတာစားပြီး နေလို့ရရင်တောင်မှ၊ ဆရာ့ကလေးတွေနဲ့ မိသားစုကို ဘယ်လို တလ တစ်သိန်းနဲ့ လောက်ငှမှာလဲ။ မြန်မာပြည် (ရန်ကုန်) မှာ ကားမရှိ၊ အိမ်ငှားနေမယ်ဆိုတောင် လူ၃ယောက် မိသားစုစရိတ်က တစ်လ ၃သိန်းအနည်းဆုံးရှိပါတယ်။ အာအိုင်တီက ဆရာတွေကို နေစရာအိမ်တော့ ဖန်တီးပေးနိုင်ပါတယ်။ လှိုင်သာယာမှာ အာအိုင်တီပိုင်တဲ့ အိမ်များရှိသလို၊ ကြိုကုန်းကျောင်းဝင်းကြီးမှာလည်း မြေနေရာတွေ တပုံတပင်ကြီး၊ အာအိုင်တီ ကျောင်းသားဟောင်း ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကြီးများက တိုက်တန်းဆောက်လုပ် ကူညီ၊ လှုဒါန်းနိုင်တာပဲ မဟုတ်လား။ 
နေစရာတော့ ဟုတ်ပါပြီ။ အာအိုင်တီ ကွာလတီမြင့်လာအောင် ဆရာတွေ ကျောင်းစာသင်ခြင်းကိုပဲ အာရုံစိုက်လာအောင် ဆရာများရဲ့ လစာငွေဟာ အဆင့်မီရပါမယ်။ စင်ကာပူမှာ ကျောင်းဆရာတစ်ယောက်ရဲ့ လစာဟာ အပြင်ကုမဏီမှာ အလုပ်ဝင်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ Basic Pay ထက် မြင့်မားပါတယ်။ လစာ ဒေါ်လာ ၃၀၀၀ အနည်းဆုံး ရကြတယ်။ စင်ကာပူနဲ့ မနှိုင်းယှဉ်ပဲ ထိုင်းနိုင်ငံနဲ့ပဲ ယှဉ်ကြည့်ပါ။
အာအိုင်တီ ကျောင်းဆရာများစွာ ဥပမာ ဆရာ ဒေါက်တာဝင်းတင် တို့လို ဘန်ကောက် အေဘက်တက္ကသိုလ်မှာ သွားလုပ်ကြတယ်။ လစာ အများကြီးမရပါဘူး။ အမေရိကန် ဒေါ်လာတစ်ထောင်လောက် ဆိုရင် ဆရာတွေ ဘန်ကောက်မှာ ပျော်နေပြီ။ ဒီလိုပဲ မြန်မာပြည်မှာ အမေရိကန် ဒေါ်လာ တစ်ထောင် မပေးတောင် အာအိုင်တီ ဂုဏ်ဆောင်ဖို့ ဆရာတွေကို ဒေါ်လာ ၅၀၀လောက် မပေးနိုင်ဘူးလား။  
စာဖတ်သူက မေးခွန်းထုတ်ပါမယ်။ မင်းဘယ်လောက် ထည့်နိုင်လို့လဲ။ ဒီဆရာ ၅၀လောက်ကို တစ်လ ဒေါ်လာ ၅၀၀ ဆိုရင် စုစုပေါင်း ကျောင်းဆရာလစာချည်းပဲ တစ်လ ဒေါ်လာ၂၅၀၀၀ ဖြစ်နေပြီ။ နိုင်ငံတော် အစိုးရကတော့ တက္ကသိုလ် ဆရာပေါင်း တစ်သိန်းကျော် (တစ်နိုင်ငံလုံး) အတွက် တစ်လ လစာငွေ တစ်သိန်းလောက်ပဲ ပေးပြီး၊ အာအိုင်တီကျမှ ဒေါ်လာ ၅၀၀ ပေးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ အာအိုင်တီကို ကမ္ဘာ့အဆင့်မီ ဖြစ်အောင်လုပ်ချင်ရင် တနည်းပဲရှိပါတယ်။ အာအိုင်တီ ကျောင်းသားဟောင်းများကပဲ အမျိုးသားရေး ရှေ့တန်းတင်ပြီး ရံပုံငွေရှာဖွေရေးအဖွဲ့ (အာအိုင်တီ ဦးပိုင်) လုပ်လိုက်ပါလား..လို့စဉ်းစားမိပါတယ်။
အာအိုင်တီ ကျောင်းတော်သစ်ကြီး၊ ဆရာဦးညီလှငယ်နဲ့အတူ အောင်ပန်းဆင်၊ ကမ္ဘာ့အဆင့်ပြန်လည်ရောက်ရှိရေးသို့ …
အာအိုင်တီကျောင်းသားဟောင်တစ်ဦး
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ
15 Responses to အိပ်မက်ထဲက အာအိုင်တီ – ex-RIT student
  1. ex-YTU 1999 on February 13, 2013 at 7:18 pm
    I am glad to hear RIT/YTU is reborn again. And this is a good idea to support our Institute and please let us know plan and how can we participate.
  2. AYE AYE MYAING on February 13, 2013 at 7:49 pm
    very good idea. I am not a RIT student. But RIT students can upgrade our physical enviroments. I appriciate all of you.
  3. kyawhtay on February 14, 2013 at 9:49 am
    This is good idea. As we have heard from U Nyi Hla Nge on December 29, it is essential to keep the teaching staff happy at work and enough at their kitchen tables. If we can collect the idea of interested old students in order to get the number of contributors in order to let every one knows what can be the amount for the monthly contribution; what can be the idea for sustainable solution. Old RIT students are of ages – over 45 to over 70 such that the solution can be for short term?? However, as we have heard from U Nyi Nge at the same ceremony, there can be other program for future solutions such as consultancy services etc.
    I am not sure whether or not this essay has been appeared on the RIT alumni facebook, if not it should be so as to make every old RIT student can be informed in one way or another. At the same time we have seen the said grand ceremony was organized to happen successfully by the active old RIT alumni. So this issue can be achieved also.
    I am eager to know the amount so as to judge – long term or short term contribution.
  4. kyaw khine lin on February 14, 2013 at 9:19 pm
    ဒီဆောင်းပါးကို ဖတ်ပြီးတော့ကျနော်မှာ ဆွေးနွေးလိုစိတ်ရှိပါတယ်။ ဆောင်းပါးရှင်အနေဖြင့်လည်း အာအိုင်တီ(သို့) ဝိုင်အိုင်တီ (သို့) ဝိုင်တီယူ ကျောင်းကြီးပြန်လည်ဖွင့်နိုင်တာကို ဝမ်းမြောက်မယ်ဆိုတာ ကျနော်ချွင်းချက်မရှိလက်ခံပါတယ်။
    ဘာကြောင့်လည်းဆိုတော့ ကျနော်တို့လို မွေးစားသားအဖြစ်နဲ့မွေးဖွားခဲ့တဲ့ သူတောင်မှ အတော်ဝမ်းသာနေတာပါ။ ဒါပေမယ့် ကျနော့်ဝမ်းသာမှုဟာ အတ္တကင်းပါတယ်။ ကိုယ်တတ်ခဲ့တဲ့ကျောင်းမို့လို့ ပြန်ဖွင့်တာကို နှစ်သက်ဝမ်းမြောက်တာ
    မဟုတ်ပါဘူး။ လေလွင့်မယ့် နိုင်ငံတော်ရဲ့ အခြေခံအဆောက်အဦတွေ ပြန်လည်ရှင်သန်လာတာကို ကြိုဆိုတာပါ။ ပျောက်
    ကွယ်သွားနိုင်တဲ့ သမိုင်းတစ်ခု ပြန်လည်မွေးဖွားပေးသော တာဝန်ရှိသူတွေ၊ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့သူတွေ
    အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆောင်းပါရှင်ကိုလည်းကျေးဇူးတင်ပါတယ်။ ကျနော်ပြောချင်သောအကြောင်းက
    တော့ ပထမနှစ်ကလေးတွေ စာမလိုက်နိုင်တာနဲ့ပတ်သက်တဲ့ အချက်ကို ပြောချင်ပါတယ်။ ဆောင်းပါရှင်က ကလေးများ
    စာမရခြင်ကို သူ့အမြင် ၂ ချက်ကိုတင်ပြထားပါတယ်။ ဒိနှစ်ချက်ကလည်း မှားတယ်လို့ပြောလို့မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်
    ချေမများပါဘူး။ ပထမအချက်ကတော့ ဆရာတွေရဲ့ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး၊ နောက်တစ်ချက်ကတော့ ကျောင်း
    သားတွေရဲ့တာဝန်ကျေပွန်မှုနဲ့ပတ်သက်နေတယ်။ ကျနော်ကတော့ ဆရာပေါက်စပါ ကျနော်တို့ခေတ်မှာ ဆရာလိုအပ်ချက်
    ကြောင့် မွေးမွေးချင်း နတ်ရေကန်ထဲပစ်ချခံရသလို အလုပ်ခန့်တဲ့နေ့ကနေစပြီး စာသင်ရတော့တာပါ။ ဆောင်းပါးရှင်ပြောသ
    လို စာတွေကို ခက်အောင်သင်တယ်ဆိုတဲ့အချက်ဟာ နည်းနည်းတော့ ဒေါသသင့်တယ်လို့ထင်ပါတယ်။ ကိုယ်ကျင့်သိက္ခာ
    မထိန်းတဲ့ဆရာရှိကောင်းရှိမှာပါ။ ဒါပေမယ့်ဆရာတိုင်းတော့မဟုတ်ပါဘူး။ကျနော်တို့ကို သင်ပေးခဲ့တဲ့ဆရာတွေထဲမှာ ကျူရှင်မပေးပဲစာကိုစတနာနဲ့သင်တဲ့ဆရာတွေ အခုထိ ထိုကျောင်းတော်ကြီးမှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။
    ကျူရှင်မျှော်ပြီးသင်တဲ့ဆရာတွေလည်းရှိကောင်းရှိမယ်။ ကျောင်းသားတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ်
    ပိုင်သင်ယူပိုင်ခွင့်ရှိပါတယ်။ ကျူရှင်ယူခြင်းဆိုတဲ့ဟာ နှစ်ဦးနှစ်ဘက်ပေါ်မှာမူတည်နေတယ်။ကျနော်အမြင်ကိုပြောရလျှင်
    ကျောင်းသားတွေဟာ မိမိဘာသာသင်ယူနိုင်တဲ့ အကျင့်ကို မွေးမြူသင့်ပါပြီ။ ကိုယ်တိုင်စာကြည့်တိုက်သွားပြီးလေ့လာ
    ရပါတော့မည်။ ကိုယ်အားကိုယ်ကိုးတဲ့အကျင့်ကိုမွေးမြူကြပါ။ တပည့်တွေမတက်လျှင် ကျူရှင်သင်ချင်တဲ့ ဆရာလည်း
    သင်လို့မရပါဘူး။ တပည့်တွေအနေနဲ့ ဆရာက ကျူရှင်မသင်လို့ဆိုပြီး နောက်ဆရာဆီမှာ သွားတတ်တာမျိုးတွေ မလုပ်
    စေချင်ပါဘူး။ နောက်တစ်ချက်က ဆရာတွေကို ငွေနဲ့ဖျက်ဆီးသလိုဖြစ်နေတယ်ဆိုတာ မိမိကိုယ်ကိုသိအောင်ကြိုးစားပါ။
    ဘာကြောင့် ကျူရှင်ကိုကျောင်းသားတွေ အားကိုးကြသလဲဆိုတာ အဲဒီကျောင်းသား၏ အခြေခံပညာကိုဖြတ်သန်းခဲ့ရတဲ့
    ပုံစံကိုလည်း သတိချပ်သင့်ပါတယ်။ ယခုမှ တက္ကသိုလ်အဆင့်မြင့်ပညာ၊ သက်မွေးပညာတွေ ကိုသင်ရတဲ့အခါမှာ
    အပြောင်းအလဲကို သူတို့သတိမထားမိတော့ မိမိကိုယ်မိမိ လိုအပ်ချက်မပြင်ပဲ အကျင့်ဟောင်းတွေနဲ့ပဲ ဖြေရှင်ဖို့ကြိုးစား
    ကြခြင်လို့ပဲထင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အခုမှဖြစ်တဲ့အကျိုးဆက်မဟုတ်ပါဘူး။ သူဖြတ်သန်းခဲ့လာတဲ့ စာသင်သား
    ဘဝတစ်ခုလုံးနဲ့သက်ဆိုင်ပါတယ်။ အခြေခံပညာကို မည်သို့သင်ယူခဲ့သနည်း။ ကျူရှင်ဆိုတဲ့အကူအညီ။ စာကျက်ဝိုင်းအကူ
    အညိ။ ညစာကျက်ဖို့အကူအညီတွေနဲ့ မွေးဖွားလာတဲ့ကျောင်းသားကျောင်းသူတွေဟာ အခက်အခဲသေးသေးလေးတွေကို
    ကြီးကြီးမားမားခံစားကာ မိမိကိုမိမိအားမကိုးပဲ သူတစ်ပါးကိုမှီခိုချင်လာပါတော့တယ်။ နောက်ပြီးသူတို့ဘဝတွေဟာသနား
    စရာလည်းကောင်းပါတယ်။ တစ်ချို့သောလူငယ်တွေဟာ မိဘများရဲ့ပညာရေးကိုဖြည့်စီးပေးနေရတဲ့ သူတွေဖြစ်နေတတ်
    ပါတယ်။ မိဘများကမိမိ၏သားသမီးများကို ဆရာဝန်ဖြစ်စေချင်တယ်၊ အင်ဂျင်နီယာဖြစ်စေချင်တယ်၊ လတ်တလောသ
    တင်းကြီးသောကျောင်းများကို တက်ရောက်ခွင့်ရစေချင်တယ်။ အဲဒီတော့ သားသမီးများ၏ပညာရေးကို ငွေကြေးအရင်း
    အနှီးများများဖြင့် ရင်းနှီးမြှပ်နှံပြီး သားသမီးများ၏ဘဝများကို ပုံဖော်ကြပါတော့တယ်။ သာသမီးများ၏ဝါသနာကို မေးချင်
    မှမေးမည်။ ကျောင်းသားတွေဖြစ်စေချင်သောဆန္ဒကိုလျစ်လျူရှုနေတတ်တယ်။ ကျောင်းသားအများစုကလည်းမိမိ၏
    ဝါသနာကိုပင် မသိတတ်ကြသေးတာလည်း အခက်အခဲတစ်ခုပါ။ နောက်ပြီးတော့ ဘွဲ့အမျိုးအစားများကို အလုပ်ရနီုင်
    တဲ့အခြေအနေပေါ်မူတည်ပြီး ကြိုက်တယ်၊မကြိုက်ဘူးဆုံးဖြတ်ချက်တွေကြောင့်လည်းပါသည်။ နောက်တစ်ခုက ဂုဏ်
    သိက္ခာဆိုပြီးတော့ပြောကြပါတယ်။ မိဘများနဲ့ကျောင်းသားများက ပညာကို မည်သို့တန်ဖိုးဖြတ်သည်မသိ။ ကျနော်အမြင်
    ကတော့ အတော်များများဟာ နာမည်ကြီးလျှင်ကောင်းသည်။ အသစ်အဆန်းဆိုလျှင်ကောင်းသည်ဟုထင်ပြီး တက္ကသိုလ်
    ကိုရွေးချယ်တတ်ကြပါသည်။ မိမိ၏ဝါသနာတွေကို သေချာဆန်းစစ်ခြင်းမရှိဘဲ မိဘကြောင့်သော်လည်းကောင်း ၊ မိမိ၏
    မသိမှုကြောင့်သော်လည်းကောင်း မြုပ်နှံပစ်လိုက်ကြပါတယ်။ အခြေခံပညာကိုသင်ယူရာမှာလည်း မှတ်သားမှုကို သာ
    အဓိကထားလေ့လာခဲ့ကြသူများသည်။ အမှတ်ကောင်းဖို့၊ ဂုဏ်ထူးများများရဖို့ ၊ နာမည်ကြီးတက္ကသိုလ်တွေတက်ဖို့ ဆို
    ပြီးပဲသင်ယူခဲ့တဲ့သူများပါတယ်။ စဉ်းစားတတ်အောင် ၊ တွေးတောတတ်အောင် လုပ်ဆောင်ခဲ့သောသူများအတွက်တော့
    အဆင့်မြင့်ပညာကိုသင်ယူရာတွင် အလိုက်သင့်လုပ်ဆောင်နိုင်စွမ်းတွေရှိမှာပါ။ နောက်ပြီး အခြေခံသင်ရိုးတွေကို နားလည်
    နိုင်မှုပေါ်မှာလည်းမူတည်ပါတယ်။
    ကျနော်အနေနဲ့ကလေးများကို ကြိုးစာကြပါလို့အားပေးချင်ပါတယ်။ ကျနော်ကိုယ်တိုင် ငွေကြေးချို့တဲ့မိဘကနေမွေးဖွား
ြ့ပီး ဘွဲ့ဒီဂရီရအောင်လုပ်ခဲ့တဲ့သူဖြစ်လို့ ကျနော်ကလေးများ၏ အခက်အခဲကိုနားလည်ပါတယ်။ မကောင်းတဲ့အကျင့်
    ဆိုးကို မိမိကလည်းမမွေးပါနဲ့ ။ သူတစ်ပါးကိုလည်းအားမပေးပါနဲလို့ ပြောချင်ပါတယ်။ ဆရာများလစာတိုးဖို့ဆိုတာ
    ကိုတော့ ကျနော်မမျှော်မှန်းပါဘူး။ နိုင်ငံဝန်ထမ်းအားလုံးဟာ အားလုံးအရေးကြိးတဲ့သူတွေပဲလို့နားလည်ပါတယ်။
    ဆရာတွေမို့ ၊ စစ်သားမို့ ပိုအရေးကြီးတယ်။ လစာပိုပေးသင့်တယ်လို့မတောင်းဆိုပါဘူး။ အားလုံးသောဝန်ထမ်းတွေ
    ဟာတိုင်းပြည်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်လုပ်နေရတဲ့သူတွေပါပဲ။ အားလုံးတန်းတူခံစားရမှပဲခံစားချင်ပါတယ်။
    အနှစ်ချုပ်ပြောရလျှင် ကျောင်းသားများကလည်းမိမိကိုယ်ကို အဓိပ္ပါယ်သတ်မှတ်နိုင်ရပါမယ်။ ဆရာများကလည်းမိမိကိုယ်
    မိမိအဓိပ္ပါယ်သတ်မှတ်နီုင်ရပါမယ်။ မိမိ၏နေရာကိုသိရမယ်။ စာသင်သားတွေဟာလေ့လာတတ်ရမယ်။ ဆရာတွေက
    လည်း ကျောင်သားများ၏အရည်အသွေးကို ပိုမိုတောက်ပြောင်အောင်အကူအညီပေးနိုင်ရမယ်။ မကောင်းတဲ့အကျင့်များ
    ပျောက်ပျက်အောင်အားလုံးမှာတာဝန်တွေရှိပါတယ်။ အားလုံးမိမိကိုယ်ကိုအားကိုးကြပါလို့…
    • san nay yar on February 15, 2013 at 12:16 am
      your comment is reality,
      thanks
  5. Thaw Zin Myo on February 14, 2013 at 10:16 pm
    COE ကို စိတ်ဝင်တစားရှိတာကိုတော့ ကြိုဆိုလျှက်ပါ… သို့ပေမယ့် ဆောင်းပါးတွင်ပါဝင်သောအချက်များသည်.. ဖြစ်နိုင်ခြေ အလွန်နည်းသော အချက်များဖြစ်ပါသည် ဆရာများသည် စာများကို ခက်အောင်သင်သည် ဆိုသော အချက်ကို COE ရှိ ဆရာ/မ များကိုယ်စား (အထူး) ကန့်ကွက်ပါသည် ……….
  6. Thaw Zin Myo on February 14, 2013 at 10:50 pm
    အာအိုင်တီ ကျောင်းသားဟောင်းတစ်ဦး ကိုမေးပါရစေ… စာကို မည်သို့ခက်အောင် သင်ပါသလဲ ကျွန်တော်တို့လက်ရှိ ကျောင်းဆရာများကတော့ ခက်အောင် မသင်တတ်ပါ အကိုပြောတဲ့ကောက်ချက်က (((.. အာတိုင်တီ ကျောင်းဆရာများ အရည်အချင်းမရှိလို့ပဲ လို့ ပြောချင်ပါတယ်။ ….))) ထိုဆရာ/မများ အရည်အချင်းမရှိ ဘူး ဆိုပါက အကိုတို့ ကျောင်းသား ဟောင်းများ လာသင်ကြပါ …….ဖိတ်ခေါ်ပါတယ် ……..
  7. Po Ni on February 15, 2013 at 11:55 am
    My humble contribution with due respect to all.
    Though I’m basically agreed with writers’ good intention, I feel a bit uncomfortable to read discussion about teachers’ salary here, whom we (Myanmar) regard as noble beings, I think it’s a bit too direct.
    For students, education is not all about teaching, it should be a good blend of teaching and learning,
    thus, be more independent in learning.
  8. Witmone on February 15, 2013 at 7:00 pm
    လွန်ခဲ့တဲ့ဇန္န၀ါရီလက ပါမောက္ခချုပ်ဟောင်းတစ်ဦးနဲ့ နေပြည်တော်မှာတွ့ပါတယ်။ အတိက်က သူ့ရဲ့ ပထမဆုံး အာအိုင်တီစာမေးပွဲမှာ ပုံဆွဲဘာသာကို ခွက်ခွက်လန်ကျရှုံးခဲ့ပုံကို ပြန်လည်ပြောပြပါတယ်။ 1980 ခုနှစ်ကအဖြစ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ၁၀ဘာသာဖြေတာ ၉ဘာသာ ဘယ်လိုတွက်တွက် အမှတ်၄၀မရခဲ့ပါဘူး။ သင်ကြားမှုနဲ့၊ စာမေးပွဲဖြေနိုင်မှုမှာ Civil Engineering ဌာနကလွဲရင် ကျန်ဌာနတွေ အရမ်းခက်ပါတယ်။ အောင်ချက် ၇၅% ပါပဲ။ … ကျွန်တော်တို့ကိုက မကြိုးစားခဲ့လို့ပါ။
    စာခက်အောင် သင်တယ်ဆိုတာတော့ .. ရုတ်သိမ်းလိုက်ပါတယ်။ စာခက်ခဲ့တာကတော့ အမှန်ပါပဲ။
    ကျောင်းသားတွေမလိုက်နိုင်တာပဲ ဖြစ်မှာပါ။ ဆရာများ အရည်အချင်းရှိအောင် အာအိုင်တီကျောင်းသားဟောင်း ILBC ဦးတင်မောင်ဝင်း တို့လေ့ကျင့်နည်းကတော့ ..ဘွဲ့ရသူများကို ၆လသင်တန်းပေးပြီး၊ စိတ်ပါ၊ကြိုးစားသူများပဲ စာမေးပွဲအောင်ပါတယ်။ အောင်သူနဲလှပြီး လစာကို ၇သိန်းခွဲ စတင်ပေးပါတယ်။ ကျောင်းအုပ်ကြီးဆိုရင် ဒေါ်လာ၅၀၀၀ အထိပေးတယ် သိရပါတယ်။ တက္ကသိုလ်ဆရာဆိုတာ ILBC ကလေးတန်းပြ ဆရာများလို မလွယ်ပါဘူး။
    နိုင်ငံတကာမှာတော့ ဆရာများလစာများသလို၊ ကျောင်းသားများလည်း Tuition Fee (minimum US$5000 per year) မနည်းပေးရပါတယ်။ အရေးအကြီးဆုံးကတော့ အာအိုင်တီ ကျောင်းသား ၂၄၀ မကြာခင် နိုင်ငံခြားတက္ကသိုလ်များကို ကျောင်းမပြီးခင် ပြောင်းရွှေ့မသွားဖို့ကတော့၊ သူတို့ကို မြန်မာပြည်လာရင်းနှီးမြှတ်နှံတဲ့ ကုမဏီကြီးများက စပွန်စာပေးဖို့ပါ။
  9. kyaw khine lin on February 16, 2013 at 5:29 am
    ဘာသာရပ်တွေကတော့ ခက်ပါတယ်။ နားလည်ဖို့ကော ။ တတ်ကျွမ်းဖို့ကောလေ။ ဒါကြောင့် ကျောင်းသားတွေကို
    ကျနော်ဖြစ်စေချင်တာတွေကို ပြောတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ပညာရေးစနစ်တိုးတက်အောင်လုပ်ဖို့ဆိုတာ
    အားလုံးမှာတာဝန်ရှိပါတယ်။ ဆရာတွေရဲ့တတ်ကျွမ်းမှုကလည်း အရေးပါသလို၊ စာသင်ကြားခြင်းအတတ်ပညာကလည်း
    လိုအင်ပါတယ်။ စာကို စာလိုပဲသင်တယ်( ဆိုလိုတာက စာဖတ်ပြခြင်းမျိုးတွေ၊ ဘာသာပြန်ပြရုံနဲ့ စာသင်တယ်မမည်ပါဘူး)။
    ဆရာတွေဟာ အထွေတွေဗဟုသုတတွေပြောနိုင်ဖို့လိုအပ်သလို၊ ကလေးတွေရဲ့စိတ်အခြေအနေကိုလည်း အကဲခတ်တတ်ဖို့လိုပါတယ်။ ကလေးတွေရဲ့ စိတ်ဝင်စားမှုအခြေအနေကို သုံးသပ်တတ်ရမယ်။ ဒါကသဘောတရားတစ်ခု
    ပါ။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာ အကြောင်းအချက်များစွာလိုပါတယ်။ ကလေးများရဲ့စာသင်ခန်းအရွယ်အစားပါ။တစ်ခန်း
    မှာရှိသင့်တဲ့ကျောင်းသားပေါ့။ အနည်းအများပေါ့။ ကျနော်ရဲ့အတွေ့အကြုံရပြောရင် တခါတလေ တစ်ခန်းကို
    ကျောင်းသား ၇၀ မှ ၁၀၀ ကျော်ရှိတဲ့အခန်းတွေမှာ စာသင်လို့မကောင်းတာ အမှန်ပဲ။ စကားပြောနေတဲ့ကျောင်းသားတွေ
    ကြောင့် သင်တဲ့ဆရာကော၊သင်ခံတဲ့ကျောင်းသားကော စိတ်ဝင်စားမှုလျော့နည်းလာပါတယ်။ ဒါကြောင့်ကလေးတွေဟာ
    ခုံပေါ်မှောက်အိပ်တဲ့သူအိပ်၊ ဂိမ်းဆော့သူကဆော့၊ ဂျာနယ် ဝတ္ထုဖတ်သူကဖတ်နဲ့ စာသင်ခန်းက ဘယ်အခြေအနေမှန်းကို
    မသိတော့ပါဘူး။ အဲဒါထက်ဆိုးတာတွေရှိပါသေးတယ်။ ထမင်းကိုဖွင့်စားတာမျိုးပါ။ ချစ်သူတွေ အကြည်စိုက်နေတာလဲ
    ရှိပါတယ်။ နောက်တန်းကကျောင်းသားတွေဆိုရင် ပိုဆိုးတာပေါ့ဗျာ။ ဆရာတွေနဲ့ဝေးတော့ သူတို့လုပ်ချင်တာတွေလုပ်နေ
    တယ်။ ဆရာတွေလည်းအစပိုင်းမှာတော့ ပြောပါတယ်။နောက်ပိုင်းပြောရတာသာပင်ပန်းတယ်။ အဲဒီတော့ အားလုံးကိုလျစ်
    လျူရှုတဲ့သဘောတွေဖြစ်လာပါတယ်။ အဲဒီ စာသင်ခန်းယဉ်ကျေးမှုဟာ ပိုမိုဖွံ့ဖြိုးခဲ့ပါတယ်။ မြို့ကြီးကျောင်းတွေမှာဆိုးပါ
    တယ်။ ကျောင်းသားတွေကလည်း ကျောင်းကိုတက်တယ်ဆိုတာသာလာတာ စာလိုချင်လို့လာတဲ့သူနည်းလာတယ်။
    ညနေပိုင်း( ၁၂ နာရီ)နောက်ပိုင်းဆို ကျောင်းသားတွေဟာမရှိသလောက်ဖြစ်လာတယ်။ အဲဒါတွေမဖြစ်အောင်စီစဉ်ရမယ်။
    ပြီးတော့ အခန်းတစ်ခန်းမှာ ကျောင်းသားတစ်ယောက်ရှိသင့်တဲ့အချိန်ပါ။ အခုကျင့်သုံးနေတဲ့အခြေအနေကိုပြောရရင်
    (အခြားနည်းပညာတက္ကသိုလ်တွေကိုအခြေခံပြီးပြောခြင်းပါ) နံနက် ၈ နာရီကနေ နံနက် ၁၁ နာရီထိကျောင်းသားက
    အခန်းထဲမှာနေ သင်မယ့်ဆရာက လာရတဲ့စနစ်ပါ။ အဲဒီလိုဆိုတော့ စိတ်တွေက ထိုင်းမှိုင်းလာတတ်တယ်။
    အဲဒီတော့ အတန်းကိုအသေမထားပဲ တတ်နိုငသလောက် ကျောင်းသားတွေကို အခန်းပြောင်းရွေ့သင်တဲ့စနစ်ကို ကျင့်
    သုံးသင့်တယ်။ ဒါကြောင့်ကျောင်းသားတွေဟာ လှုပ်လှုပ်ရှားရှားလုပ်လိုက်ရလို့ နောက်သင်မယ့်ဘာသာရပ်မှာ စိတ်လန်း
    ဆန်းပြီး သင်ယူချင်တဲ့စိတ်တွေရှိလာပါမယ်။ တစ်ဘာသာကို တစ်နာရီခွဲအများဆုံးရှိရပါမယ်။ ဒါကစာသင်ချိန်သီးသန့်
    ပါ။ နောက်လက်တွေ့ခန်းတွေကို ရှိအောင်လုပ်ရပါမယ်။ လက်တွေ့မရှိတဲ့ဘာသာရပ်တွေဆိုရင် class ဆရာကဆွေးနွေး
    ရပါမယ်။ အဲဒီအချိန်မှာ lecture မဟုတ်ပဲ သီအိုရီတွေကို ပြန်လည်ဆွေးနွေးတဲ့ပုံစံတွေနဲ့ ကျောင်းသားများကို motivate
    and initiate လုပ်ရပါမယ်။ ကျောင်းသားတွေကလည်း brainstorming လုပ်ရပါမယ်။ ကျောင်းသားတွေဟာ ဆွေးနွေး
    ရမှာကိုကြောက်သလို၊ ဆရာတွေကလည်း ကျောင်းသားများ၏မေးခွန်းတွေကိုကြောက်တတ်ပါတယ်။ အဲဒါကိုတော့
    ဆရာကော၊ကျောင်းသားကောမလုပ်သင့်ပါဘူး။ အကောင်းဆုံးဆွေးနွေးကြရပါမယ်။ ဒါကြောင့် lecture ဆရာက တစ်ပတ်စာသင်ချိန် ၁ နာရီခွဲအတွင်းမှာ သင်ရိုးတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့သင်ရပါတယ်။ နည်းနည်းနဲ့ထိထိရောက်
    ရောက်သင်ရပါမယ်။ အဲဒါကို အခြေခံပြီးကျောင်းသားက မိမိ၏လေ့လာမှုနဲ့ ပွားယူရပါမယ်။ အဓီက က တော့ကျောင်း
    သားတွေဟာ စာဖတ်ရည်ကိုမြင့်တင်ပါ။လေ့လာအားကိုမြင့်တင်ပါ။ brainstormingလုပ်တယ်ဆိုတာ ဦးဏှောက်ကို
    ဖွံ့ဖြိုးအောင်လုပ်တာဖြစ်လို့ ပင်ပန်းသလောက် အကျိုးများပါတယ်။ ဦးဏှောက်ဆိုတာ သုံးရင်တုံးသွားတဲ့ဓားမျိုးမဟုတ်
    ပဲ သုံးလေသုံးလေ ဖွံ့ဖြိုးလာတဲ့ ကြွက်သားတစ်ခုလို့လဲ မှတ်သားမိပါတယ်။
    နောက်ပြီးကျောင်းတစ်ခုဖွံ့ဖြိုးရန်မှာ နိုင်ငံတော်၊ ကျောင်း၏စီမံအဖွဲ့အစည်း၊ ကျောင်းဆရာတွေ၊ကျောင်းသားတွေအပြင်
    ပြင်ပအဖွဲ့အစည်းများ၏အထောက်အပံ့တွေလည်းလိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့နိုင်ငံတော်အနေနဲ့ကျောင်းတကျောင်းကိုသီးသန့်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ရာခက်ပါလိမ့်မယ်။ အဘယ်
    ကြောင့်ဆိုသော် နည်းပညာတက္ကသိုလ်များ အလွန်များပြားနေသောကြောင့်ဖြစ်ပြီး ၊ဤကျောင်းအားလုံးမှာလည်းလို
    အပ်ချက်တွေဟာ ဒုနဲံဒေးပါ။ကျနော် လေ့လာမိသလောက် educational firm ၊ foundation တွေလိုအပ်လာပါတယ်။
    ပြီးတော့ပြင်ပကုမ္ပဏီတွေကနေ ကျောင်းကိုလေးစားစွာ အားကိုးပြီး သုတေသနဆိုင်ရာပြဿနာတွေကို အထောက်အပံ့
    တွေပေးပြီး ပြုလုပ်ဖို့လိုအပ်လာပါတယ်။အဲဒါကြောင့် ကျောင်းတော်ကြီးတွေကလည်း ပြင်ပအဖွဲ့အစည်းများကလေးစား
    လာအောင်အားထုတ်ရပါတော့မယ်။အဲဒီလိုအပ်ချက်တွေဖြည့်ဆည်းဖို့ရန် ကောင်းမွန်တဲ့စီမံတွေကို ရေးဆွဲရပါတော့မယ်။
    ဆရာတွေရဲ့အရည်အသွေးတွေကိုမြင့်တင်ပေးရပါမယ်။အခြေခံအဆောက်အဦတွေကို ဖြည့်စီးကြရပါမယ်။ ဤသို့သော
    အခြေအနေတွေဖြစ်လာဖို့ဆိုတာတော့ကျနော်မသိပါ။ ကျနော်သည် သာမန်စာသင်တဲ့ကျောင်းဆရာလေးတစ်ဦးပါ။
    ဒါကြောင့်ကျနော်ဖြစ်ချင်တာတွေကိုသာရေးသားလိုက်ပါတယ်။ ပွင့်လင်းစွာကိုဝေဖန်လို့ရပါတယ် ။ ကျနော်လည်းအမြဲသင်
    ယူနေသူတစ်ယောက်ပါ။
  10. PK on February 16, 2013 at 11:51 pm
    ရေးသူက အာရ်အိုင်တီ ကျောင်းသားဟောင်းတစ်ဦးဆိုတော့ ကျနော့်ထက်တော့ အများကြီး စီနီယာ ကျမှာပါ။
    ခုလို ဒီကျောင်းကြီးပြန်ဖွင့်တာကို စာရေးသူထက်မနည်း ကျနော်လည်း ဝမ်းသာကြောင်း ပြောချင်ပါတယ်။
    ကျနော်တို့ မျိုးဆက်မှာ ဖွင့်မထားတဲ့ ကျောင်းကြီး ခုပြန်ဖွင့်လို့ အတိုင်းမသိကို ဝမ်းသာပါတယ်။
    ဒါပေမယ့် ကျနော့်မှာ ဒီဆောင်းပါးကိုဖတ်ပြီး မေးခွန်းတွေပေါ်လာပါတယ်။ ပထမမေးခွန်းက စာရေးသူအနေနဲ့
    မြန်မာပြည်မှာ အင်ဂျင်နီယာကျောင်းကောင်းကောင်းပေါ်လာစေချင်တာလား၊ အာအိုင်တီကြီးပြန်ဖွင့် ရာဇူးကြီးပြန်ဖွင့်ပြီး အရင်တုန်းကလို တက္ကသိုလ်ပတ်ဝန်းကျင် ပြန်ပေါ်စေချင်တာလား။
    နောက်မေးခွန်းတစ်ခုက ဆရာတွေက စာကိုခက်အောင်သင်လို့ ကျူရှင်တက်ရပါတယ် ဆိုတဲ့ကောက်ချက်ကို
    ဘယ်လိုဘယ်လိုအချက်တွေကို ကိုင်ပြီးချလိုက်တာပါလဲ။
    ကျနော်ဥာဏ်လုံးဝမမီတော့လို့ပါ။ ပါစပက်တစ်မကြည့်ဘဲ ကွက်ကွက်လေးကြည့်ပြီး ပြောဖို့ သိပ်လွယ်ပါတယ်။
    ဒါပေမယ့် အမှန်တရားနဲ့ တော့ တော်တော်ဝေးသွားလိမ့်မယ်ခင်ဗျ။
    ကျေးဇူးတင်ပါတယ်
    မှ
    အာရ်အိုင်တီမတက်ဖူးသည့် ခပ်ချာချာအင်ဂျင်နီယာတစ်ဦး
  11. Thaw Zin Myo on February 17, 2013 at 8:36 pm
    ဆောင်းပါးပိုင်ရှင်နှင့်Witmone ကို ကျွန်တော် နည်းနည်း ၀င်ဆွေးနွေးကြည့်မယ်နော် ……
    (၁) စာခက်တာ = အထက်တန်းကျောင်းသားဘ၀မှ တက္ကသိုလ် ပထမနှစ်သို့ အကူးအပြောင်းတွင် ကျောင်းသားတိုင်းတွေ့ကြုံရသည် အတွေ့အကြုံကောင်းတစ်ခု ဖြစ်ပါသည် ….
    (၂) ကျူရှင်ပေါ်ပေါက်လာခြင်း = လက်ခုပ်ဆိုတာ ၂ ဖက်မှ တီးလို့ရတာပါ၊ တက်မယ့် ကျောင်းသားရှိလို့/သင်တဲ့ ဆရာရှိလို့ပေါ့ ၊ ကျောင်းကဆရာသင်တဲ့ ကျူရှင်မှာသင်ရင်တော့ ဆရာတွေစားဝတ်နေရေးကူညီ ရာရောက် ပါသေးတယ် ဒါပေမယ့် အပြင်က အခြားသူဆီမှ တက်နေတာ ဆိုရင်တော့ ဆရာကိုလဲ ကူညီရာမရောက် ပိုက်ဆံနှင့် အချိန်ပို ကုန်ပါလိမ့်မယ်
    (၃) ကျူရှင် ပပျောက်ဖို့ = ၀န်ကြီးဌာန၏ သင်ကြားရေးစနစ်နှင့်စာမေးပွဲကျင်းပသည့် ပုံစံကို အနည်းငယ်ပြောင်းလဲ လိုက်ပါက ဖြစ်သွားနိုင်ပါ သည် ..ဥပမာ – သင်ကြားရေးဆရာ/မ လက်ထဲတွင် ကျောင်းသားကို အကဲဖြတ်ပြီး အောင်/ရှူံးသတ် မှတ်သည့် စနစ်(ဆရာ/မ တိုင်းရိုးသားပြီး ဘက်မလိုက်ရပါ) ၊ အပတ်စဉ် Assignment တင်ခိုင်းရမည် ၊
    ၇၅ % ကျောင်းတက်ရာခိုင်နှုန်းကို အတိအကျ ကိုင်တွယ်ရပါမည်၊ စာမေးပွဲတွင်လဲ Challenge
    Questions များကိုသာ ဘာသာတိုင်းမေးရပါမည်၊ Oral Test ကိုလဲ ဘာသာတိုင်းမှာ ထားရှိရမည်၊
    Practical လုပ်ရမည်ဖြစ်ပြီး အမှတ်လဲ ထည့်ပေးရပါမည်၊
    (၄) ဆရာ/မ များ အရည်အသွေး = ဆရာ/မ များအရည်အသွေး မြှင့်တင့်သည့် သင်တန်းဌာန တစ်ခု ပေါ်ပေါက် သင့်နေပါပြီ ….
    (၅) ဆရာ/မ များ၏ လစာကိစ္စ = ၄င်းကိစ္စ သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြစ်နေပါသည် ကျောင်းတစ်ကျောင်းထဲကို ကွက်၍ လည်း ကူညီလို့ဖြစ်မည် မဟုတ် ပါ
    (၆) အကူအညီများ = ကျွန်တော့် အမြင်ကတော့ အကိုတို့ အားလုံး/အင်ဂျင်နီယာကျောင်းသားဟောင်းများ/လူမှုရေးအဖွဲ့အစည်းများ သည် အမှန်တကယ် ကူညီချင်ပါတယ် ဆိုပါက …….
    (က) နည်းပညာတက္ကသိုလ် အားလုံးတွင် စာကြည့်တိုက် များဖွံ့ဖြိုးလာစေရန်
    (ခ) ကျောင်းများတွင် ကျောင်းသား/များ အင်တာနက် သုံးလို့ရရန်
    (ဂ) ကျောင်းများရှိ လက်တွေ့ခန်းတွင် လိုအပ်နေသော ပစ္စည်းများ/သရုပ်ပြ ပစ္စည်းများ ဖန်တီးရန်
    (ဃ) ကျောင်းများတွင် နည်းပညာ ဆွေးနွေးပွဲများ/Workshop/Conference များ ဖန်တီးပေးရန်
    (င) အင်ဂျင်နီယာ နှင့်ပတ်သက်သော အလုပ်အကိုင် အခွင့်အလမ်းများကို ကျောင်းသားများအား ချပြပေးရန်
    နည်းပညာတက္ကသိုလ်များ နိုင်ငံတကာအဆင့်သို့ မြန်မြန်ရောက်ရှိရေးသို့ ဆန္ဒ တစ်ခု ဖြင့်သာပါ၊ မည်သူ့ကိုမျှ ပုတ်ခတ်လိုသော စိတ်မရှိပါ …….
    မှတ်ချက်။ ။ ကျွန်တော်၏ ကိုယ်ပိုင်အမြင်များဖြစ်ပါသည်၊
    သော်ဇင်မျိုး
    thawzinmyo@gmail.com
    Thawzin Myo (facebook)
  12. Witmone on February 18, 2013 at 11:48 am
    ဆွေးနွေးသူအားလုံး RIT တိုးတက်စေလိုတာ ထင်ရှာပါတယ်။ ဦးသော်ဇင်မျိုးရဲ့ အမှတ်၆၊ က-ခ အကြံပေးချက်တွေ က၊ ခ၊ ဂ၊ ယ တွေကိုတော့ ဖြစ်နိုင်ပါတယ်။ နံပါတ်၅ လစာကိစ္စကတော့ ပြသနာပါ။ ကျောင်းသားတွေဆီက ကျောင်းလခ Tuition Fee တောင်းသင့်ပါသလား..။
    ဒီကျောင်းသား ၂၄၃ဦး နောက်နှစ်တွေမှာ နိုင်ငံခြားတက္ကသိုလ်တွေ စကောလားရှစ်အခွင့်ရေးပေါ်တာနဲ့ နိုင်ငံခြားတက္ကသိုလ်ကိုပဲ တက်မှာပေါ့..။ စင်ကာပူ၊တရုပ်ပြည် ထိပ်တန်းကျောင်းသားများ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေဆီ State Scholar လွှတ်ရင် ၁၀% ပြန်လာမယ်ဆိုတောင် တိုင်းပြည်အမြက်ထွက်တယ်..တဲ့။ မြန်မာခေါင်းဆောင်များ ဒီလို ခံယူချက်ရှိပါသလား..
    Ph.D , Master သင်ဖို့လွှတ်လိုက်တာ ပြန်မလာရင် ဘလက်လစ်စ်ထဲ ထည့်ထားတာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘလက်လစ်စ်တွေ ဖျက်ပေးသင့်ပါတယ်။ ဒီ ကျောင်းသားလေးတွေ ပြည်ပတစ်ယောက်ပြီးတစ်ယောက် မကြာခင်ထွက်သွားရင်လည်း ဆရာများ မုဒိတာ ထားနိုင်ကြပါစေ..လို့…။
    စာတွေ့တော့ မှန်ပေမဲ့ လက်တွေ့တော့ အချိန်ပေးရပါတယ်။ ဟိုတုန်းက ၁၀တန်းအောင် ထိပ်တန်းကျောင်းသူ၊ကျောင်းသာများ ဆေးတက္ကသိုလ် အာအိုင်တီရောက်ပြီး၊တဖြုတ်ဖြုတ် နိုင်ငံခြားတက္ကသိုလ်များရဲ့ စကောလားရှစ်ဖြစ်စေ၊ ကိုယ့်စရိတ်နဲ့ပဲ ဖြစ်စေ ကျောင်းထွက်သွားကြပါတယ်။ စင်ကာပူမှာ ဒီပလိုမာ Poly ၃နှစ်ရပြီး၊ အလုပ်လုပ်၊ ဒီကရီဆက်တက်၊ မာစတာဘွဲ့ဆက်ယူ… အိမ်ထောင်ကျ၊ နိုင်ငံခြားသို့ Brain Drain ဖြစ်နေတာ ….အမျိုးသားစိတ်ရှိသူများ ခေါင်းဆောင်ဖို့ အလွန်အရေးကြီးနေပါတယ်။ .. အိပ်မက်ထဲက အာအိုင်တီ .. ။ ..
  13. Thaw Zin Myo on February 19, 2013 at 4:50 am
    Witmone သို့ ပြန်လည်ဆွေးနွေးပါရစေ ………..
    (၁) (( ကျောင်းသားတွေဆီက ကျောင်းလခ Tuition Fee တောင်းသင့်ပါသလား )) ဆိုတဲ့ အကိုရဲ့မေးခွန်းကို ကျွန်တော် ပြန်မေးပါရစေ… YTU(COE) မှ ဆရာ/မ များသည် ကျူရှင် မသင်ပေးပဲ ကျူရှင်လခတောင်းတာလား/ ကျူရှင်သင်ပြီး ကျူရှင်လခ တောင်းတာလား သေချာ ပြောပြပါ …. အကိုမေးခွန်းကို ကျွန်တော် ပြန်ဖြေချင်ပါသည် …
    (၂) နိုင်ငံခြားတက္ကသိုလ်များမှ စကောလားရှစ်အခွင့်အရေးများ ပေါ်လာပါက ၀န်ကြီးဌာန မှ ကျောင်းသားများအတွက် ပြင်ဆင်ပေးရပါမည်/ကျောင်းသားများ ကိုယ်တိုင် လျှောက်ထား၍ ရလာပါကလဲ ကျောင်းတက်ခွင့် ပြုနိုင်ရပါမည်..
    ပြန်လာသည်/မလာသည်က သွားသည့်ကျောင်းသား၏ မျိုးချစ်စိတ်ဓါတ်/နိုင်ငံကို အလုပ်အကျွေးပြုချင်သည့်စိတ်ဓါတ်/ ကိုယ့်အတ္တကို မကြည့်ပဲ အများအကျိုးသယ်ပိုးလိုသည့် စိတ်ပေါ်တွင် မူတည်ပါသည် (စာရေးဆရာ- ဘိုးလှိုင် ၏ “ပိုးချည်မျှင် မိုးနဂါး” စာအုပ်ကို ရှာဖတ်စေချင်ပါသည် – ရန်ဆွေရှင်း လိုစိတ်မျိုး မြန်မာပြည်မှ နိုင်ငံခြားသွားသူအားလုံး တွင် ဘယ်နှယောက်ရှိပါသလဲ )
    (၃) ပညာရေးဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန မှ ၀န်ထမ်းများကို Ph.D,Master ပညာတော်သင်များ နိုင်ငံတကာသို့ စေလွှတ်နေပါသည် သွားရသည့် ၀န်ထမ်းများသည် မသွားခင်ကတည်းက နိုင်ငံတာဝန် ပြန်လည် ထမ်းဆောင်ရန် စာချုပ်များကို လက်မှတ် ရေးထိုးပြီးမှ သွားရတာပါ ပြန်မလာတဲ့ ၀န်ထမ်းသည် ထိုစာချုပ် ကို ဖောက်ဖျက်ရာ ကျပါသည် ထို့ကြောင့် Black List ထဲသို့ ပါသွားရခြင်းဖြစ်ပါမည်…. အကို ရိုးရိုးလေးပဲ တွေးကြည့်ပါ
    (၄) Brain Drain ဖြစ်နေတာ ကြာခဲ့ပါပြီ အကို …. နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို အခုထက်ပိုပြီး ပွင့်လင်းလာရင်တော့၊ ဘွဲ့နဲ့ လိုက်ဖက်သော/တတ်ထားသော ပညာနဲ့လိုက်ဖက်သော အလုပ်များပေါ်ပေါက် လာရင်တော့ ပညာတတ်ကြီးများ နိုင်ငံခြားသွားစရာ မလိုတော့ပါ…သူတို့ မျှော်လင့်ထားသော လခနဲ့ လိုက်ဖက်သော လခများရရှိလာလို့/လူနေမှုအဆင့်အတန်းတွေ မြင့်မားလာလို့ နိုင်ငံခြားသွားစရာမလိုတော့ပါ/နိုင်ငံခြားမှ ပညာတတ်ကြီးများ၊ မျိုးချစ်စိတ်ရှိသော သူများလဲ ပြန်လာပါလိမ့်မည် (ဤသည်ကို မျိုးချစ်စိတ်ဓါတ်/နိုင်ငံချစ်စိတ်/နိုင်ငံကိုအလုပ် အကျွေးပြုချင်သော စိတ်ဟု ခေါ်ပါသလား ???) အမျိုးသားစိတ်ရှိသော ခေါင်းဆောင်လိုအပ်နေသည်မှာ အရေးကြီးနေသလို နိုင်ငံသားတိုင်း အမျိုးသားစိတ်ရှိဖို့လဲ အရေးကြီးနေပါတယ် အကို ….
    (၅) အကိုက ကျွန်တော်ထက် အသက်ကြီးပါတယ်၊ အကို ဘ၀ တွေ့ခဲ့ဘူးသမျှ ဆရာတွေထဲမှာ တပည့် ကောင်းစားတာ ကို မုဒိတာ မပွားနိုင်တဲ့ ဆရာ တွေ့ခဲ့ဘူးလား အကို (ကျွန်တော်ဘ၀ မှာတော့ မုဒိတာ မပွားနိင်သော ဆရာ တစ်ယောက် မှ မတွေ့ခဲ့ဘူးဘူး အကို … တပည့် ကောင်းစားရင် ၀မ်းသာသော/ကြည်နူးသော/ပီတိ ဖြစ်သော ဆရာများကို တွေ့ခဲ့ရပါသည်…)
    YTU (COE) မှ ကျောင်းသားများ ပညာတော်သင် သွားခွင့်ရခဲ့ ပါက ဆရာ/မ အားလုံးက မုဒိတာ ပွားနိုင်လောက်ပါသည်ဟု ကျွန်တော်၏ မဖြစ်စလောက် အတွေ့အကြုံလေး နှင့် ဆွေးနွေးလိုက်ရပါသည် ……
    သော်ဇင်မျိုး
  14. Thaw Zin Myo on February 20, 2013 at 5:53 am
    မဇ္ဈိမ ဂျာနယ် တွင် ဆောင်းပါးကို တွေ့လိုက်ရပါတယ် ၊ မိမိ ဆရာ ၏ နာမည်ကို တောင် မှန်အောင် မပေါင်းထားသည် မှ အလွနှ်ရှက်ဖို့ ကောင်းသည်ဟု ထင်မိပါသည်။ အမှန်တရား – လက်တွေ့နှင့် ကွာဝေးလှသည့် အချက်များစွာ ပါဝင်သည့် ဆောင်းပါးကို ပုံနှိပ် ထုတ်ဝေရဲသည့် သတ္တိကိုလဲ ချီးကျူးလိုက်ပါသည် ။ ၄င်း ဆောင်းပါမျိုးကို ပုံနှိပ်ထုတ်ဝေလိုက်သည့် ဂျာနယ်တိုက်နှင့် အယ်ဒီတာ အားလဲ ဂုဏ်ပြုလိုက်ပါသည်။ နည်းပညာတက္ကသိုလ် ကျောင်းသားများဘ၀ နှင့် ဆရာများ ဘ၀ ကို သေချာလေ့လာပြီး ဆောင်းပါးများ ထပ်မံရေးသင့်ကြောင်း အကြံကောင်းပေးပါရစေ …..
Western Union
စာအုပ်မြင် ချစ်ခင်ကြပါစေ …
MoeMaKa Monthly ဇူလိုင်လ ထုတ် ထွက်ပြန်ဘီ တဲ့ ...
မိုးမခမာတိကာစဉ်
Twitter: moemaka
%d bloggers like this:
မိုးမခကို အားပေးကြပါစို့ …
၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း) ၂။အမေ့အိမ်(ပန်းဆိုးတန်း) ၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း) ၄။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း) ၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း) ၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း) ၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း) ၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း) ၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း) ၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း) ၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်) ၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း) တို့တွင် ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ တဆင့်ပြန်လည် ရောင်းချလိုသူများအနေဖြင့် နန်းဦးစာပေ (၀၁- ၃၇၈၄၀၈၊ ၀၁-၂၅၁၁၈၇ )သို့လည်းကောင်း ၊ရန်အောင်စာပေ (ရန်ကင်း)သို့လည်းကောင်း ဆက်သွယ်၍ ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မိုးမခနဲ့ ပတ်သက်သမျှ
အာဇာနည်နေ့အမှတ်တရမျက်နှာဖုံးနဲ့ မိုးမခမဂ္ဂဇင်း ထွက်ပြီ
By
ဓာတ်ပုံသတင်း ဇူလိုင် ၉၊ ၂ဝ၁၄ ဇူလိုင်လထုတ် မိုးမခမဂ္ဂဇင်း ထွက်နေပါပြီ။ စာအုပ်ဆိုင်ကြီးများတွင် ၀ယ်ယူနိုင်ပါသည်။...
Read more »
မိုးမခ မဂ္ဂဇင်း မိတ်ဆက်ပွဲ နှင့် ရသစာပေအနာဂတ် ဆွေးနွေးပွဲ (ဇွန် ၄)
By
မိုးမခ မဂ္ဂဇင်း မိတ်ဆက်ပွဲ နှင့် ရသစာပေအနာဂတ် ဆွေးနွေးပွဲ ကျင်းပ မိုးမခအထောက်တော် (ရန်ကုန်)။...
Read more »
မိုးမခမဂ္ဂဇင်း အမှတ် ၃ စာအုပ်ဆိုင်ပေါ်ရောက်ပါပြီ
မိုးမခမဂ္ဂဇင်း အမှတ် ၃ စာအုပ်ဆိုင်ပေါ်ရောက်ပါပြီ ဓာတ်ပုံသတင်း မေ ၃၁၊ ၂ဝ၁၄မိုးမခမဂ္ဂဇင်း အမှတ်...
Read more »
မိုးမခမဂ္ဂဇင်း စာနယ်ဇင်းမိတ်ဆက်ပွဲ (4th June, Wednesday)
By
မိုးမခမဂ္ဂဇင်း စာနယ်ဇင်းမိတ်ဆက်ပွဲ မိုးမခ မေ ၂၉၊ ၂၀၁၄   မကြာသေးမီကမှ မြန်မာနိုင်ငံအတွင်း...
Read more »
Recent Comments
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ