ပြန်တွေ့ရတဲ့မြား – Kan Tun Thit

February 15, 2013
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ပြန်တွေ့ရတဲ့မြား

ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅


                                                မြားတွေကို ကိုယ်ပစ်ခဲ့တယ်၊

                                                နှစ်ကာလတွေ ကြာတဲ့အခါ

                                                မြားတစင်းက ချုံပုတ်ပေါ်မှာ ပြန်တွေ့တယ်၊

                                                မြားတစင်းက သစ်တပင်ရဲ့ ခွဆုံမှာ

                                                မြားတစင်းက မြေပြင်မှာ

                                                မြားတစင်းက သူ့ရင်ထဲမှာ … ။

            ငယ်ငယ်ကဖတ်ခဲ့ဖူးသည့် ထိုကဗျာလေး ရင်ထဲမှာ ပြန်လည်ပဲ့တင် ထပ်လာခြင်း၏ အကြောင်းက … ။

———-။———-

            မေရီလင်း၊ ဘော်တီမိုးက ဝင်ဒီဟေးလ်ဒေသလေးကို မှောင်ရီပျိုးစမှာ ကိုယ်ရောက်ခဲ့သည်၊ ဝေဇယန္တာကျောင်းသဘင်ပြီး၍ ဧည့်စဲစ၊ နယူးယောက်မှာရှိနေစဉ် လာလည်ဖို့ဖိတ်ခေါ်ခဲ့သူ နောင်တော်ကြီး ဦးဣန္ဒာစာရက ရောက်မဆိုက် အတူရှိနေသူကိုညွှန်လျက်

            “ ဟောဒါ ဒေါက်တာ သြသဓ လေ ” ၊  မိတ်ဆက်ပေးလိုက်သည်နှင့်

            “ နေပါဦး … ဟိုး … မန္တလေးမီးရထား စာပေပြိုင်ပွဲမှာ ” အညောင်းမိနေတဲ့ငါ ” ရေးခဲ့တဲ့            ” ကံထွန်းသစ် ” ပဲ မဟုတ်လား “

            ကိုယ့်နှုတ်ခမ်းတို့ ဟသွားသည်၊ ရုတ်ခြည်းမဖြေနိုင်သေး။ မေးလာသူနှင့် ကိုယ်တို့ အံ့သြမှုခြင်း ပြိုင်နေကြသည်။ ကိုယ်တောင် မေ့နေခဲ့ပြီ။ ကိုယ့်မှတ်ဉာဏ်မှာ တခါမျှမပေါ်ဖူး၊ နှစ်ကာလတွေ မနည်းတော့။ အဲသည်တုန်းက  မန္တလေး မီးရထားဝန်ထမ်းတွေရဲ့ တက်ကြွသည့် စာပေစိတ်ဓာတ်တွေ (တပါတီအာဏာရှင်ကို မသိမသာ ဆန့်ကျင်တဲ့စိတ်ဓာတ်တွေ) နှင့် စာဆိုတော်ရာသီမှာ နှစ်စဉ် ကျင်းပခဲ့ကြသည့် စာပွဲသဘင်၊ နာမည်ကြီး စာရေးဆရာတွေကို ဖိတ်ကြားကာ စာပေတွေ ဟောပြောကြ၊ ဆွေးနွေးကြ၊ နံရံကပ်စာစောင်နှင့် ကဗျာ၊ ဝတ္တု၊ ကာတွန်း၊ ဆောင်းပါး၊ အက်ဆေးတွေ ရွေးချယ် ဆုပေးကြနှင့်၊ တကယ့်သိုက်မြိုက်သည့် ပွဲတော်ကြီးပင်၊ စာရေးဆရာအချင်းချင်းပင် ထိုပွဲ ဟောဖူးပြီးပြီ လားဟု မေးကြရသည့် သိက္ခာရှိသော ပွဲကြီးတခု၊

            “ အဲဒီတုန်းက တပည့်တော်က ကိုရင်ပဲရှိသေးတာ၊ ဝါသနာပါတော့ စာပေဟောပြောပွဲကို နှစ်တိုင်းရောက်တယ်၊ အဲဒီနှစ်ကတော့ ရှားရှားပါးပါး ဦးဇင်းတပါးဆုရတယ်ဆိုတော့ ဘယ်လိုဝမ်းသာမှန်း မသိဘူး “

            ဟုတ်ပေသည်၊ ထိုခေတ်က ရဟန်းစာဆိုရှားချိန်၊ စနစ်ကလည်း နေရာမပေး၊ အယ်ဒီတာပိုင်း တွေကလည်း အထင်သေးချိန်၊ (အင်း … ဒီဘက်ခေတ်မှာလည်း … ဖမ်းဆီးထောင်ချ၊ တရားဟော ခွင့်ပိတ် … စတာတွေ ရှိနေတာပါပဲလေ)၊ စာတပုဒ်ဖေါ်ပြခံရဖို့ အားထုတ်လိုက်ရသည့်ဖြစ်ခြင်း၊ ဝါသနာ ကြီးသော ငယ်သူတို့အဖို့ အားထုတ်ရသည်ကို မမြင်သည့်တိုင် ဆုရခြင်းကိုမူ … ။

            အရှေ့နှင့်အနောက် ဝေးကွာလှမ်းသော မစိုးရိမ်တိုက်သစ်မှသည် … ဘူတာကြီးအထိ၊ ညဝါ စာဆိုပြီးသည်နှင့် သုတ်ခြေတင်ကြပုံ၊ စာပေဟောပြောပွဲအမှီ အမောတကော ပြေးကြပုံ၊ ထိုနှစ်က ဆုရသော ရဟန်းတော်က ” ရှင်ဝင်္ဂီသ ” အကြောင်းဟောပြောတော့ ပရိသတ်တွေနှင့်အတူ ရယ်ရင်း မောရင်း နှစ်ခြိုက်ခဲ့ပုံတွေ တသီကြီးပြောပြီး ၊

            “သိတယ်မို့လား၊ ဝင်္ဂီသလေ … ဝင်္ဂီသ … ဆိုတဲ့အပြောက တပည့်တော်တို့ အချင်းချင်းကြား မထီတထီသုံးတဲ့ စကားကိုဖြစ်လို့ “

            အလို … ကာလတွေညောင်းခဲ့ပေမယ့် စွဲထင်မှုက သစ်နေဆဲပါလား၊ အဲဒီတုန်းက သူက (၁၇)နှစ်သားတဲ့၊ ကိုယ်က (၂၂)အရွယ်၊ ခုဆို … သူက သီတဂူ ဒု-ပါမောက္ခချုပ်ဟောင်း၊ ကိုယ်က အယ်ဒီတာချုပ်အို၊ သူက ငါးဆယ်တွင်း၊ ကိုယ်က … ၊ အို … နှစ်ပေါင်း သုံးဆယ်ပင် မကတော့၊ သူမမေ့သေးဘူး၊ ” အညောင်းမိနေတဲ့ငါ ” တဲ့၊ ကြည့်စမ်း … ကိုယ်ပစ်ခဲ့သည့်မြားတစင်းဟာ သူ့ရင်ထဲမှာ ပြန်တွေ့လိုက်ရပါလား။

            တခါမျှ မဆုံဖူးသော သူနှင့်ကိုယ်၊ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်သွားကြတော့သည်။ စာပေနှင့် ဖွဲ့ယှက်နှောင်မှုသည် အခြားသံယောဇဉ်တို့ထက် ပျော်ဝင်မြန်ဘိတောင်း။ ရှေးဟောင်း၊ နှောင်းသစ်၊ ရှေးကြောင်း နှောင်းဖြစ်တွေ ပြောမကုန်ကြတော့။

            အဲဒီနောက်မှာတော့ မေရီလန်း၊ ဒလယ်ဝဲယား၊ နယူးဂျာစီ၊ ဝါရှင်တန်ဒီစီ တို့နှင့် နယူးယောက်ကို လွန်းလို ကိုယ်ပျံတတ်ခဲ့ပြီ။

            တနေ့ … သူတို့နှင့်အတူ ဝါရှင်တန်ဒီစီက မင်္ဂလာရာမကျောင်းဆောင်သစ်ဖွင့်ပွဲကို လိုက်သွားဖြစ် သည်။ စည်ကားလှသည့် ရဟန်းပရိသတ်၊ လူပရိတ်သတ်တွေထဲမှာ ကိုယ်ပစ်ခဲ့သော မြားလေးတွေနှင့်သူတဦးကို တွေ့ရပြန်သည်။ မထင်မှတ်သည့်နေရာမှာ မထင်မှတ်သူနှင့်ဆုံခြင်းပင်။  ရွှေပါရမီတောရဆရာတော်လေး အရှင်ဆန္ဒာဓိက၊ ယခင် အမိမြေရှိစဉ် နှစ်ကြိမ်မျှသာဆုံဖူးခဲ့၊ သည်အမေရိကန်မှာလည်း သူသီတင်းသုံးရာနှင့် ကိုယ်မွေ့လျော်ရာတို့သည် ကွာလှမ်းလှဘိ၊ ပြီး … သူက အနားယူရင်း စာကြည့်ရင်း၊ လူသူဆိတ်ရာ ဝိဝေကရှာသူ။

            ခုလည်း သိမ်သမုတ်နှင့် ကျောင်းဖွင့်ပွဲ သံဃာ့ကိစ္စကြောင့်သာ လာခဲ့ခြင်းတဲ့၊ ဝရံတာမှာ ကိုယ်တည်းရပ်နေစဉ် ကားတစင်းပေါ်မှ သူဆင်းလာသည်ကို ဇဝေဇဝါနှင့် ကြည့်နေမိသည်။ အနားရောက်လာမှ၊

            “ ဟာ … အရှင်လေး၊ တူပါတယ်လို့ကြည့်နေတာ၊ နေကောင်းတယ်နော်၊ ဥတုသပ္ပါယ မျှရဲ့လား “

ဝမ်းသာအယ်လဲသံဆုံးတော့ …

            “ တပည့်တော်က ဆရာတော့်စာအုပ် ထွက်လာလိမ့်မယ်ထင်ပြီး မျှော်နေတာ၊ နောက်ပြီး ဓမ္မဘေရီဆရာတော်တို့၊ ရဝေနွယ် (အင်းမ) တို့ကိုတောင် ပြောထားတာ၊ ဆရာတော်ကံထွန်းသစ်ရဲ့ စာတွေလည်း ဆက်ထုတ်နိုင်အောင် လှူရမယ်လို့၊ ဆရာတော်က ဒီရောက်နေတာကိုး “

            ခုပါနှင့်ဆို သုံးကြိမ်သာဆုံဖူးကြပေမင့်၊ စာပေသံယောဇဉ်ကမူ မနည်း၊ ပထမဆုံးအကြိမ် ဆုံစဉ်ကပင်

            “ တပည့်တော် ဆရာတော့်စာတွေ သဘောကျလို့ နဝဒေးမဂ္ဂဇင်းကို လစဉ်ယူဖြစ်တာ ” တဲ့၊ ထိုစဉ်က နဝဒေးမှာ ကိုယ်က ပင်တိုင်လေ။

            စေတနာတဘက်၊ ဝေဒနာတဘက် မြားရွက်လေးတွေနှင့် ကိုယ်ပစ်ခဲ့သည့်မြားလေးတချို့ သူ့ထံမှာပြန်တွေ့ရခဲ့၊ ကိုယ့်ပီတိကို ခန့်လို့သာကြည့်လိုက်ပါ့၊ နောက်ပြီး … အဲဒီမြားလေးတွေ ဖယ်ရှားမပြစ်သည့်ပြင် မြားသစ်တွေပစ်ဖို့ လေးတင်နိုင်အောင်ပင် ကူညီခဲ့သူ၊ အခြား စာရေးသံဃာတွေ ကို လှူဒါန်းခဲ့သလို၊ ကိုယ့်ကိုလည်းမချန်ခဲ့သူ၊ စာရေးကျဲသော ကိုယ်ကမူ ခုထိ သူ့ဆန္ဒကို မဖြည့်ဆည်း နိုင်သေး၊ ကိုယ်ငေးငိုင်နေစဉ်

            “ ဒီကနေ ကြီးကြပ်ပေးပေါ့ … ကျန်တဲ့စာတွေလည်းဆက်ထုတ်ပါ၊ တပည့်တော် ကုန်ကျစရိတ် တာဝန်ယူပါ့မယ်

            ကိုယ် မတည်နိုင်သေးသော ကတိကို ပေးလိုက်မိပြန်သည်။ ထုတ်ဖြစ်အောင်ထုတ်ဖို့ အားကြိုးရဦးမည်။ အမိမြေမှာရှိစဉ် ” ဗုဒ္ဓရနံ့ ” ဓမ္မရသ စာလေးတွေကို သူ့ကုသိုလ်အဖြစ်ထုတ်ဝေရန် ပြင်ဆင် နေခဲ့သည်၊ အမှာစာပင် ရေးပြီးခဲ့ပေါ့၊ ထို… ပြင်ဆဲ … ဆင်ဆဲမှာပင်၊ “၂ဝဝ၇ စက်တင်ဘာ” သည် ကိုယ့်ကို သယ်ဆောင်သွားတော့သည်။ ကိုယ်သည်ပင် အဝါရောင်မြားတစင်း ဖြစ်ခဲ့ပေါ့။

            သည်အကြောင်းတွေ ကိုယ် သူ့ကိုမပြောဖြစ်တော့။ အခန်းအနား စတော့မည်မို့ အသီးသီး နေရာ ယူလိုက်ကြသည်။

            ဘာပဲဖြစ်ဖြစ်လေ၊ ခုလို သာသနာအကျိုး၊ လောကအကျိုး သယ်ပိုးသူတွေရဲ့ရင်ထဲမှာ ကိုယ်ပစ် ခဲ့သည့် မြားလေးတွေကို ပြန်တွေ့ရတော့ ကျားကုတ်ကျားခဲ တည်ဆောက်ခဲ့ရတဲ့ မြားပစ်သူဘဝကို ကျေနပ်မိသည်အမှန်။

            ဒါပေမယ့် … တဘက်မှာလည်း အာဏာရှင်တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေကြားမှာ ကျိုးကြေသွားကြသည့် တစင်းမကသည့် မြားလေးတွေအတွက်တော့ သက်ပြင်းတချချ၊ တက် တခေါက်ခေါက် ရှိရဆဲ။

            စစ်ဓားသွားပေါ်ကလိပ်ပြာ၊ ဘက်၊ ဖိတ်စင်သွားတဲ့နေ့ရက်များ … စသည့် … စသည့် … ကဗျာလေးတွေ၊

            သံဖြစ်ရုပ်ကြွင်း၊ မြင်းမိုရ်ခရီး … စသည့် … စသည့် … ဝတ္တုလေးတွေ၊

            ဗုဒ္ဓရဲ့လူ့တန်ဖိုး … စသည့် ဆောင်းပါးလေးတွေ၊  ပစ်ကွင်းမထိမီ အချိုးအဖြတ် ခံလိုက်ရသည့် မြားလေးတွေ … မြားလေးတွေ … ။

———-။———-

            ရှိစေ၊ ခုတော့ ကိုယ့်အမိမြေမှာ လေးခင်း၊ မြားခင်း သာပြီတဲ့။ ကိုယ့်ရောင်းရင်းတွေ၊ အပေါင်းအသင်းတွေ၊ လူ့တန်ဖိုးကိုမြှင့်တင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ အနုပညာ လေးညှို့ကို တင်ပြီး ယုံကြည်ချက်မြားတွေ … ဟော … တစင်း … ဟော … တစင်း … ခွင်းနိုင်ကြပါစေသား … ။

 ကံထွန်းသစ်

01-08-2013

3:49 A.M


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကံထွန်းသစ်, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်