မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – 8

February 16, 2013

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၂၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်။ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃
အပိုင်း (၈) လွှတ်တော် နှင့် လွတ်လပ်သော တရားစီရင်ရေး
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံနစ်ဟာ မဆလအစိုးရလက်ထက်က စလို့ စစ်အစိုးရအဆက်ဆက်တိုင်အောင် အုပ်ချုပ်ရေး ယန္တရား ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုလို၊ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ရေး လက်နက် တစ်ခုလို ရပ်တည်ခဲ့ရတာပါ၊ တရားသူကြီးအများစုဟာ မိမိရဲ့ ဆင်ခြင်သုံးသပ်မှု နဲ့ ဥပဒေနဲ့အညီ စီရင်ချက်ချရဲတဲ့ သတ္တိတွေ နည်းပါးခဲ့ပြီး ထောက်လှမ်းရေး က ညွှန်ကြားတဲ့ ဆုံးဖြတ်ချက်ကိုသာ အသံထွက်ဖတ်ပြခဲ့ကြရတာပါ၊ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပေါက်ရောက်တဲ့ ချမ်းသာ ကြွယ်ဝ ပြီး မတရားလုပ်ရဲသူများ ဘက်က ရပ်တည်ခဲ့ကြရတာပါ၊ ၎င်းတို့ ရာထူးအာဏာတည်မြဲရေးအတွက် အာဏာရှင်ရဲ့ မျက်နှာသာပေးမှုကို ခံယူရမှ ဖြစ်မှာပါ၊ အဲဒီလို ဆယ်စုနှစ်ပေါင်းများစွာ ပျက်စီးခဲ့၊ ဖျက်ဆီးခံခဲ့ရတဲ့ တရားစီရင်ရေး စံနစ်ကြီးကို လွတ်လပ် သန့်ရှင်းတဲ့ တရားစီရင်ရေး စံနစ်ဖြစ်လာအောင် ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါလိမ့်မယ်၊  
ဒါပေမည့်လဲ တရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်း တည်တန့်ခိုင်မြဲရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်လို့ ဘယ်လောက်ပဲ ခက်ခဲပစေ ကျနော်တို့ ကြိုးစားပြောင်းလဲကြရမှာပါ၊ နည်းလမ်းမှန်ဖို့တော့လိုပါလိမ့်မယ်၊ 
တရားစီရင်ရေးစံနစ်ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး တရားသူကြီးတွေကိုပဲ ရွေးချယ်ပြီး အပြစ်တင် ပညာပေးနေလို့ မလုံလောက်ပါဘူး၊ လွတ်လပ်သော တရားစီရင်ရေး နဲ့ တရားဥပဒေစိုးမိုးရေးမှာ အနည်းဆုံး (၁) နိုင်ငံအတွင်း တရားဝင်တည်ရှိနေသော ဥပဒေများ၊ (၂) ဥပဒေကို အားဖြည့်သော ရဲ၊ အစိုးရရှေ့နေ၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၊ (၃) တရားရုံးများ နှင့် တရားသူကြီးများ၏ အရည်အချင်း၊ လစာနှင့် အခွင့်အရေးများ၊ (၄) တရားခံဘက်မှ ရပ်တည်သော ဥပဒေအကျိုးဆောင်များ၊ (၅) တရားခံ၏ အခွင့်အရေးနှင့် အယူခံပိုင်ခွင့်အဆင့်ဆင့် (၆) အကျဉ်းထောင်များ နှင့် အကျဉ်းသားများ၏အခွင့်အရေး၊  (၇) ပြည်သူလူထု၏ ဥပဒေပါ အခွင့်အရေးများ နှင့်၎င်းအခွင့်အရေးများအား နားလည်မှု၊ (၈) လူထုအခြေပြုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာ များ၏ ပါဝင်ပါတ်သက်ခွင့်၊ စတဲ့အစိတ်အပိုင်းတွေ ပူးပေါင်းပါဝင်ကြပြီး အားလုံးကို တချိန်တည်းမှာ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြရမှာပါ၊ ဒီလိုပြောင်းလဲရာမှာ ဥပဒေပြုလွှတ်တော်ဟာ အရေးပါတဲ့ အခန်းကဏ္ဏမှာရှိပါတယ်၊
တရားဥပဒေ စိုးမိုးရေးအတွက် လွှတ်တော်သို့ အကြံပြုချက်များ
(က) ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်ရဲ့ တခုသောအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တို့နဲ့ တန်းတူရည်တူအဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၁ (က) မှာလဲ “နိုင်ငံတော်အချုပ်အချာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုသည်။” လို့ ပြဋ္ဌန်းထားပါတယ်၊ လွှတ်တော်ဟာ တရားစီရင်ရေး အာဏာရဲ့ အထက်မှာ မရှိပါ၊
(ခ) ဥပဒေတွေကို လူထုလေးစားလိုက်နာအောင် အကောင်အထည်ဖော်ရတဲ့ လုံခြုံရေးအဖွဲ့အစည်းများ (ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး)၊ အစိုးရရှေ့နေများ၊ တရားသူကြီးများဟာ ဥပဒေကို ချိုးဖောက်တယ်လို့ စွတ်စွဲပြစ်တင်ရာမှာ၊ ဖမ်းဆီးရာမှာ၊ တရားစီရင်ရာမှာ တည်ဆဲဥပဒေများကို လက်ကိုင်ကျင့်သုံးရပါတယ်၊ တည်ဆဲဥပဒေ ကိုယ်နှိုက်က မတရား တဲ့ ဥပဒေ ဖြစ်နေရင် ဖမ်းဆီးမှု၊ စွဲချက်တင်မှု၊ ပြစ်ဒါဏ်ချမှုတွေဟာ တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်လို့ နိုင်ငံသားတို့မျှော်လင့်တဲ့ တရားမျှတမှုကို မရရှိနိုင်ပါ၊ ဥပမာ အားဖြင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ မိုးထိမိုးမိရွှေတွင်းများမှာ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ ဖမ်းဆီးခံ၊ ပြစ်ဒါဏ်ချခံရတဲ့ ဆန္ဒပြ ပြည်သူတွေကို ကြည့်ပါ၊ လွှတ်တော်က ပြဋ္ဌန်းထားတဲ့ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ပုဒ်မ ၄ အရ ဆန္ဒပြမည့်သူများဟာ အနည်းဆုံး ၅ရက်ကြိုတင်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြခွင့် လျှောက်ထားရမှာ ဖြစ်ပြီး ပုဒ်မ ၁၈ အရ မည်သူမဆိုခွင့်ပြုချက်မရပဲ ဆန္ဒပြရင် ထောင်ဒါဏ် တစ်နှစ် သို့မဟုတ် ဒါဏ်ငွေ ကျပ် သုံးသောင်း သို့မဟုတ် ထောင်ဒါဏ် နှင့် ငွေဒါဏ် နှစ်မျိုးစလုံး ကျခံရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေအရ ရဲ က ခွင့်ပြုချက်မတောင်းပဲဆန္ဒပြသူများကို ဖမ်းဆီးပြီး အစိုးရရှေ့နေက စွဲချက်တင်တာ ဥပဒေနဲ့ အညီလုပ်တာပါ၊ တရားသူကြီးက ပြစ်ဒါဏ်ထင်ရှားလို့ အပြစ်ပေးတာလဲ ဥပဒေနဲ့ အညီပါပဲ၊ ဒါကို ကျနော်တို့က တရားဥပဒေ စိုးမိုးပြီဟေ့လို့ ဂုဏ်ယူဝမ်းမြောက်လို့ မရပါဘူး၊ ပြစ်ဒါဏ်ပေးခံရသူတွေကို ဥပဒေချိုးဖောက်ရကောင်းလားလို့ အပြစ်တင်လို့မရပါဘူး၊ ဥပဒေ ကိုယ်နှိုက်က မတရားတဲ့ ဥပဒေ၊ နိုင်ငံသားတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေ ဖြစ်နေလို့ ဒီဖြစ်စဉ်မှာ တရားမျှတမှုဆိုတာ မရှိပါ၊
ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ တော်လှန်ရေးကောင်စီ ခေတ်က စလို့ စစ်အစိုးရအဆက်ဆက် ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ချုပ်ချယ်ဟန့်တားဖို့၊ နိုင်ငံရေးအမြင်ကွဲလွဲသူတွေကို နှိပ်ကွပ်ဖို့ ဖန်တီးအသုံးချခဲ့တဲ့ ဥပဒေတွေ အများကြီးဟာ ဒီကနေ့အထိ အသက်ဝင်အသုံးချ နေဆဲပါ၊ ပြောင်းလဲလာပြီဆိုတဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းတဲ့ ဥပဒေအသစ်တွေမှာတောင် လူထုရဲ့ အခွင့်အရေးကို ကန့်သတ်ချုပ်ချယ်ထားတာတွေ ပါနေဆဲပါ၊ ဒီ မတရားတဲ့ ဥပဒေတွေကို အသုံးချပြီး တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်နေဖို့ မသင့်ပါ၊ တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေး စံနစ်အတွက် ပြည်ထောင်စုလွှတ်တော်ဟာ မတရားတဲ့ ဥပဒေတွေ၊ အမိန့်ဒီကရီ တွေ ဖျက်သိမ်းရေး၊ ပြင်ဆင်ရေးကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်၊
(ဂ) ခေတ်အဆက်ဆက် ရဲ စတဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းများရဲ့ ဖမ်းဆီးထားသူများထံက ဝန်ခံချက် ရယူတဲ့ နည်းလမ်းက ညှင်းပန်းနှိပ်စက်တာပါပဲ၊ အစာမကျွေးတာ၊ ရေမတိုက်တာ၊ အိပ်ခွင့်အနားယူခွင့်မပေးတာ ကစလို့ ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်တာ၊ ပြင်းပြင်းထန်ထန် ရိုက်နှက်တာ၊ စတဲ့ နည်းလမ်းတွေနဲ့ပဲ တရားခံကို ဖြောင့်ချက်ပေးစေတာပါ၊ လိုချင်တဲ့ ဖြောင့်ချက်မရမချင်း ၂၄ နာရီထက် ပိုပြီး ချုပ်နှောင်ထားတာ၊ တရားသူကြီး ရဲ့ခွင့်ပြုချက်နဲ့ ၁၄ ရက် ရမန် ကိုအထပ်ထပ်ယူပြီး မိသားစုနဲ့ တွေ့ခွင့်မပေးပဲ၊ ဥပဒေအကျိုးဆောင်ရှိခွင့်မပေးပဲ ညှင်းပန်းတာ၊ မိသားစုဝင်တွေကိုပါ ခြိမ်းချောက်အကြပ်ကိုင်တာတွေလဲ ရှိပါတယ်၊ အဲဒီ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အရိုးစွဲနေတဲ့ အလေ့အကျင့် ကို ပြင်ဆင်ပေးဖို့ လွှတ်တော်မှာ တာဝန်ရှိပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံမှာလဲ ပုဒ်မ ၂၁ (ခ) မှာ “တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသား တစ်ဦးကို ၂၄နာရီထက် ကျော်လွန်၍ချုပ်နှောင်ထားခွင့် မရှိစေရ၊” လို့ပြဋ္ဌန်းထားပေမည့် ဖမ်းဆီးစဉ်ကာလမှာ လုံခြုံရေးအဖွဲ့များရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ပိတ်ပင်တားမြစ်တာ လုံးဝမတွေ့ရပါ၊ ပြည်ထောင်စု လွှတ်တော်က လုံခြုံရေးအဖွဲ့များကို ဖမ်းဆီးထားသူအား လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရန်၊ တရားရုံးမှ ပြစ်ဒါဏ်မချမချင်း အပြစ်မရှိသူအဖြစ် သတ်မှတ်ရန်နှင့် ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ဥပဒေပြု တားဆီးသင့်ပါတယ်၊
(ဃ) ရှေ့မှာတင်ပြခဲ့သလိုပဲ လွှတ်တော်ဟာ သမ္မတ တင်သွင်းတဲ့ တရားသူကြီးလောင်းများကို စဉ်းစားတဲ့အခါမှာ သူတို့ရဲ့ အတိတ်က ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေ၊ ဆုံးဖြတ်ချက်တွေ၊ ဥပဒေရေးရာ သဘောထားတွေကို သေသေချာချာ စစ်ဆေးဖို့၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ သတင်းမီဒီယာများရဲ့ သဘောထားကိုလဲ တောင်းခံပြီး ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်၊ သမ္မတ အဆိုပြုတဲ့လူဟာ အကောင်းဆုံး၊ အသန့်ရှင်းဆုံး ပုဂ္ဂိုလ်မဟုတ်ရင် ၊ လူထုက လက်ခံနိုင်တဲ့လူမဟုတ်ရင် ငြင်းပယ်ရဲဖို့လိုပါတယ်၊
(င) တရားရုံးများကို စံနစ်တကျ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင်၊တရားသူကြီးတွေ လာဘ်မစားအောင်၊ တရားရုံးဝန်ထမ်းတွေ လာဘ်မစားအောင် ခေတ်နဲ့ လျော်ညီတဲ့ လစာနှုံးထားနဲ့ ခံစားခွင့်တွေ ပေးနိုင်ဖို့  လွှတ်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ လက်အောက်ခံ တရားရုံးအဆင့်ဆင့်အတွက် လုံလောက်တဲ့ ဘတ်ဂျက် အသုံးစားရိတ်ကို ချမှတ်ပေးဖို့လိုပါတယ်၊ မြို့နယ်တရားရုံးတွေမှာ လက်နှိပ်စက်ကို တစ်လုံးစီပဲရပြီး အဲဒီလက်နှိပ်စက်ဟောင်းကြီးများဟာ သူ့အသက် (၆၇ နှစ်) ထက်တောင် အသက်ကြီး တယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောတယ်ဆိုပြီး ဂျာနယ်သတင်းတွေမှာ ဖတ်လိုက်ရပါတယ်၊ တရားစီရင်ရေးစံနစ်ရဲ့ အားနည်းချက်တွေထဲမှာ တရားသူကြီး နဲ့တရားရုံးဝန်ထမ်း များ၊ အစိုးရရှေ့နေများမှာ ခေတ်ရဲ့ ကုန်ဈေးနှုံး နဲ့ လိုက်လျောညီထွေတဲ့ လစာမရတာ၊ တရားရုံးတွေကို စီမံခန့်ခွဲဖို့ လုံလောက်တဲ့ အသုံးစားရိတ်တွေ မရှိတာလဲ ပါဝင်ပါတယ်၊
(စ) သန့်ရှင်းမျှတမှုကို အလုပ်ကိုကြည့်ပြီး ဆုံးဖြတ်လို့ ရပေမည့် လုံလောက်တဲ့ ပညာအရည်အချင်း ရှိမရှိကိုတော့ တရားသူကြီးများ၊ ဥပဒေ အကျိုးဆောင်များ ရရှိထားတဲ့ ဘွဲ့၊ ဒီဂရီ တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာပါ၊ ဒါကြောင့်မို့ မြန်မာနိုင်ငံ တက္ကသိုလ်များက ပေးအပ်တဲ့ ဥပဒေဘွဲ့များရဲ့ သင်ရိုးညွှန်းတမ်း နဲ့ အရည်အသွေးများကိုလဲ ပြန်လည် သုံးသပ်သင့်ပါတယ်၊ ဦးနေဝင်း ရဲ့ မဆလ တစ်ခေတ်လုံးမှာ ဥပဒေ ဘွဲ့ရများဟာ တရားရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း စတဲ့ ရာထူးတွေသာ ရရှိပြီး ကောင်စီအဆင့်ဆင့်က ဖွဲ့စည်းထားတဲ့ တရားသူကြီးအဖွဲ့များကို အကြံပေးတဲ့ အဆင့်မှာပဲ နေခဲ့ကြရတာပါ၊ ကိုယ်တိုင် တရားသူကြီး ဖြစ်ခွင့်မရှိခဲ့ကြပါ၊ မဆလ ခေတ်သင်ရိုးညွှန်းတမ်းကလဲ အဲဒီလို ဥပဒေပညာရှင်က တရားသူကြီးအဖွဲ့တွေကို အထောက်အကူပြုနိုင်ရုံ ရည်ရွယ်သင်ကြားခဲ့တာပါ၊ ဒါကြောင့် တက္ကသိုလ်ပညာရေးကို ပြုပြင်ပြောင်းလဲ ဖို့ကြိုးစားနေကြချိန်မှာ တက္ကသိုလ်များမှာ သင်ကြားတဲ့ ဥပဒေပညာရပ်များဟာ ပြည့်စုံလုံလောက်ဖို့၊ ခေတ်နဲ့ လျော်ညီဖို့၊ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစံနစ်ကို အထောက်အကူပြုဖို့၊ ဥပဒေပညာရှင်များရဲ့ စာရိတ္တ၊ တွေးခေါ်မှုနဲ့ ဆုံးဖြတ်မှုတွေကို မှန်ကန်ဖြောင့်မတ်စေဖို့၊ နိုင်ငံတကာ ဥပဒေများကို နှံ့စပ်ဖို့နဲ့ အမှန်တရားနဲ့ တရားဥပဒေ အတွက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည်ရဲ့မည့် ဥပဒေပညာရှင်များကို မွေးထုတ်နိုင်အောင် လွှတ်တော်က အားပေးကူညီ သင့်ပါတယ်၊
(ဆ) တရားရုံး နဲ့ အကျဉ်းထောင်ဆိုတာ အမြဲတွဲလျက်ရှိနေတဲ့ အဖွဲ့အစည်းနှစ်ခုဖြစ်ပါတယ်၊ တရားရုံးက အပြစ်ရှိတယ်ဆိုပြီး ပြစ်ဒါဏ်ချမှတ် ခံရသူတွေကို အကျဉ်းထောင်က သတ်မှတ်ထားတဲ့ ပြစ်ဒါဏ်ကာလ တလျှောက်လုံး လက်ခံထိန်းသိမ်းပေးရတာပါ၊ ပြီးခဲ့တဲ့ မဆလ အစိုးရနဲ့ စစ်အစိုးရအဆက်ဆက်မှာ အကျဉ်းထောင်ဆိုတာ လူသားဘဝကို ချိုးနှိမ်တဲ့ ငရဲခန်းကြီးများ ဖြစ်ခဲ့ပါတယ်၊ အာဏာရှင်ကို ဆန့်ကျင်ရဲကြသူတွေ တမြေ့မြေ့နဲ့ ဂလဲ့စားအချေခံရတဲ့နေရာ၊ လူကောင်းတွေကို လူဆိုးဖြစ်အောင် နဲ့ လူဆိုးတွေကိုပိုပြီးဆိုးအောင် လေ့ကျင့်ပေးတဲ့ မကောင်းဆိုးဝါးသင်တန်းကျောင်း၊ ဖောက်ပြန်တဲ့ အရာရှိများရဲ့ သွေးစုတ်မြေ ဖြစ်ခဲ့ပါတယ်၊ ဒီအကျဉ်းထောင်ကြီးများကို လူသားဆန်အောင်၊ လူ့ဂုဏ်သိက္ခာများ ဘယ်လိုအကြောင်းနဲ့မှ မဲ့မသွားရအောင်၊ မှားယွင်းမိသူကို ပြန်လည်ပြင်ဆင်နိုင်ဖို့အခွင့်အရေးပေးတဲ့၊ အပြစ်မဲ့သူကို အယူခံအဆင့်ဆင့်နဲ့ အမှန်တရားရှာဖွေနိုင်အောင် ကူညီဖေးမနိုင်မည့် နေရာများဖြစ်လာအောင် လွှတ်တော်က ဥပဒေပြဋ္ဌန်းပြုပြင်သင့်ပါတယ်၊
(ဇ) တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးမှာ ပြည်သူလူထုရဲ့ အသံ နဲ့ ပူးပေါင်းပါဝင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်၊ ပြည်သူလူထုဟာ သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာဖို့ တာဝန်ရှိသလို ဥပဒေအရ အခွင့်အရေးတွေကို ခံစားခွင့်လဲ ရှိပါတယ်၊ လိုက်နာရမည့် ဥပဒေ နဲ့ အခွင့်အရေးတွေကို ပြည်သူလူထုက သိနားလည်အောင် ပညာပေးဖို့ ဆိုတာလဲ အင်မတန်အရေးကြီးပါတယ်၊ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က ပြည်သူလူထုကို ဥပဒေနဲ့ အုပ်ချုပ်တာကလွဲလို့ ပြည်သူလူထုက ဥပဒေတွေကို သိနားလည်အောင် ပညာပေးမှုကို အလေးအနက်ထားပြီး မဆောင်ရွက်ခဲ့ပါ၊ ဒီကနေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေ ပြဋ္ဌန်းထားတယ်ဆိုတာကို မသိကြတဲ့ ပြည်သူများက သန်းပေါင်းများစွာ ရှိနေပါတယ်၊ အစိုးရတွေက လူထုအားလုံးထံ ထိထိရောက်ရောက် မရောက်ရှိကြတဲ့အခါမှာ လူထုကို လူထုအချင်းချင်းက ဆက်သွယ်ပညာပေးတာဟာ အကောင်းဆုံးဖြစ်လာပါတယ်၊ ဒါကြောင့်မို့ လူထုအခြေပြုအဖွဲ့အစည်းများ (Civil Society Organizations) နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ရဲ့ အခန်းကဏ္ဏဟာ ဒီမိုကရေစီနိုင်ငံတွေမှာ အရေးကြီးလာပါတယ်၊ ဒီ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ လွတ်လပ်တဲ့ သတင်းဋ္ဌာနများ ကပဲ တိုင်းပြည်ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကိစ္စတွေမှာ လူထုရဲ့ တာဝန်တွေ၊ ခံစားခွင့်တွေကို လူထုသိအောင် ပညာပေးရင်း အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူများကို အကာအကွယ်ပေးတာတွေ၊ ဖောက်ပြန်တဲ့ အုပ်ချုပ်သူများကို စောင့်ကြည့်ဝေဘန်တာတွေ လုပ်ကြပါတယ်၊ တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစံနစ် တည်ဆောက်ရာမှာလဲ လူထုကို ပညာပေးမည့်၊ အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူများဘက်က ရပ်တည်မည့်၊ မတရားတဲ့ ဘက်လိုက်တဲ့ တရားစီရင်မှုတွေကို ဖော်ထုတ်ဝေဘန်မည့် လူ့အခွင့်အရေးရှေ့နေအဖွဲ့များ၊ တရားစီရင်ရေး စောင့်ကြည့်အဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့များ၊ အကျဉ်းထောင် စောင့်ကြည့်ရေးအဖွဲ့များ၊လူထုအခွင့်အရေးကာကွယ်ရေးကော်မီတီများ၊ စတဲ့ လူထုအခြေပြုအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ဖွဲ့စည်းရပ်တည် လှုပ်ရှားနိုင်အောင်၊ သတင်းဂျာနယ်များက အမှန်တရားကို ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြနိုင်အောင် အားပေးတဲ့ ဥပဒေတွေ ကို လွှတ်တော်က ပြဋ္ဌန်းပေးဖို့လိုအပ်ပါတယ်၊
(ဈ) နိုင်ငံအတော်များများမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ အထူးကော်မရှင်တွေ ဖွဲ့စည်းတာဝန်ပေးတာရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတွေမှာလဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (Anti-Corruption Commission) တွေ ဖွဲ့စည်းပြီး၊ အထူးအာဏာတွေ နှင်းအပ်ပြီး လာဘ်ပေး လာဘ်ယူမှုတွေကို တိုက်ဖျက်နေပါတယ်၊ မြန်မာနိုင်ငံမှာလဲ အလားတူ အရည်အချင်းပြည့်ဝတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပေါ်ပေါက်လာအောင် လွှတ်တော်က ဥပဒေ ပြဋ္ဌန်းဆောင်ရွက်သင့်ပါတယ်၊ အဲဒီမှာ ကော်မရှင် ရဲ့ စုံစမ်းစစ်ဆေးခွင့်မှာ လွှတ်တော်ကိုယ်စားလှယ်များကိုလဲ စစ်ဆေးနိုင်ခွင့်ရှိဖို့တော့ လိုပါလိမ့်မယ်၊
(ည) နောက်ဆုံးအကြံပေးချင်တာကတော့ တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ် ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ပြည်ထောင်စုလွှတ်တော်အမတ်များဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရဲတဲ့ သတ္တိရှိကြဖို့ပါပဲ၊ မြန်မာနိုင်ငံက ပြည်သူ သန်းပေါင်း ၆၀ ကျော်ထဲမှာ အခုပြည်ထောင်စုလွှတ်တော်ထဲရောက်နေတဲ့ ပုဂ္ဂိုလ် ၆၆၄ ဦးမှာပဲ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တဲ့ အခွင့်အာဏာရှိပါတယ်၊ အခြား မည်သူမှ ဖွဲ့စည်းပုံကို မပြင်နိုင်ကြပါ၊ ဒီ ဖွဲ့စည်းပုံမှာလဲ လူထုရဲ့ အခြေခံအခွင့်အရေးတွေကို ကန့်သတ်ထားတာတွေ၊ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ်တည်ဆောက်ရေးကို ဟန့်တားထားတာတွေ၊ ပေးပြီး ပြန်ယူသွားတဲ့ လွတ်လပ်ခွင့်တွေ၊ တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးများကို ပိတ်ပင်ထားတာတွေ အများကြီးပါ၊ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ပီသအောင် ပြည်သူလူထုအကျိုးစီးပွါးအတွက်၊ တရားဥပဒေ စိုးမိုးရေး နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ် ပေါ်ပေါက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရဲကြဖို့ လိုပါတယ်၊
တရားမျှတသော နိုင်ငံသစ်

တရားမျှတမှုဆိုတာ နိုင်ငံသား အားလုံးအတွက် အသက်ရှူဖို့ လေကို လိုအပ်သလို လိုအပ်တဲ့အရာပါ၊ ဥပဒေအမျိုးမျိုးနဲ့ အုပ်ချုပ်ခံနေကြရတဲ့ ပြည်သူတွေမှာ ပြဋ္ဌန်းထားတဲ့ ဥပဒေတွေက တရားမျှတမှ၊ ဥပဒေအထောက်အကူပြုအဖွဲ့အစည်းတွေက လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားမှ၊ တရားစီရင်ရေးစံနစ်က လွတ်လပ်သန့်ရှင်းမှ၊ တည်ငြိမ်အေးချမ်းမှုဆိုတာကို အပြည့်အဝ ခံစားကြရမှာပါ၊ တရားစီရင်ရေးမှာ အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး အာဏာတွေရဲ့ စွက်ဖက်မှု၊ လွှမ်းမိုးမှု ကင်းမှ တရားသူကြီးတွေ လွတ်လွတ်လပ်လပ် တရားစီရင်နိုင်မှာပါ၊ တရားစီရင်ရေးအာဏာက လွတ်လပ်မျှတပြီး အုပ်ချုပ်ရေး နဲ့ ဥပဒေပြုအာဏာတွေကို ပြန်ပြီး ပဲ့ပြင်ထိန်းကျောင်းနိုင်မှ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ပိုပြီး တိုးတက်သာယာလာမှာပါ၊
လေးစားစွာ၊ အောင်ဒင်
ဇန်နဝါရီ ၆၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, အောင်ဒင်

One Response to မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – 8

  1. Witmone on February 16, 2013 at 11:04 pm

    ဥပဒေစိုးမိုးဖို့ … လူကအရေးကြီးဆုံးပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်