သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

February 18, 2013

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
● နန်းရင်းဝန် ကလီမင့်ရစ်ချတ် အက်တလီ

မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ဗြိတိသျှနန်းဝန်ကလီမင့်ရစ်ချတ်အက်တလီ (Clement Richard Attlee) (၁၈၈၃ – ၁၉၆၇) အမည်သည် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသောဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်သခင်နုတို့၏ အမည်များနှင့်အတူထင်ရှားခဲ့လေသည်။ ထင်ရှားရသည့်အကြောင်းမှာအဆိုပါ မြန်မာ့ခေါင်းဆောင်ကြီးများနှင့် အက်တလီတို့ ချုပ်ဆိုခဲ့ကြသည့် ‘အောင်ဆန်းအက်တလီ’ စာချုပ်နှင့် ‘နု-အက်တလီ’ စာချုပ်တို့မှာ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ယနေ့တိုင်ထင်ရှားနေသောကြောင့် ဖြစ်သည်။

ဗြိတိသျှနန်းရင်းဝန် အက်တလီကိုယ်တိုင်ရေးသူ့အတ္ထုပ္ပတ္တိဖြစ်သည့် ‘AS It Happened’ (ဖြစ်ပျက်ခဲ့သမျှ) စာအုပ် ‘ဓနသဟာယဆက်ဆံရေး’ အခန်း၌ –

အိန္ဒိယနိုင်ငံကိုလွတ်လပ်ရေးပေးပြီးလျှင် ဓနသဟာယအဖွဲ့ထဲ၌ ဆက်လက်ပါဝင်အောင် သူကြိုးစားခဲ့ပုံ၊ အိန္ဒိယသည် သမ္မတနိုင်ငံတည်ထောင်ခဲ့သော်လည်း ဗြိတိသျှ ဘုရင်မင်းမြတ်ကိုဓနသဟာယနိုင်ငံများ၏ နိုင်ငံ့ဥသျှောင်အဖြစ် သတ်မှတ်၍ ဓနသဟာယနိုင်ငံအဖွဲ့ဝင်အဖြစ် ၀င်ခဲ့ပုံ၊ မြန်မာနိုင်ငံကိုလည်းလွတ်လပ်ရေးရပြီးချိန်၌ ဓနသဟာယအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိရန် သူကြိုးစားခဲ့ပုံကိုစာမျက်နှာ ၂၁၈ – ၂၁၉ တွင် အောင်ပါအတိုင်းဖော်ပြခဲ့သည်။

‘မြန်မာနိုင်ငံပြဿနာကအိန္ဒိယနှင့်မတူကွဲပြားခြားနားပါသည်။ ကျွန်ုပ်သည် ဆိုင်မွန်ကော်မရှင် (မြန်မာနိုင်ငံကိုအိန္ဒိယမှ ခွဲထွက်ရန် ဗြိတိသျှပါလီမန်မှ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖွဲ့ပေးသောကော်မရှင်ဖြစ်ပြီး၊ ကော်မရှင်တွင် အဖွဲ့ဝင်ခုနစ်ဦးရှိ၍ ဆာဂျွန်ဆိုင်မွန်ကခေါင်းဆောင်သောကြောင့် ဆိုင်မွန်ကော်မရှင် (Simon Commission) ဟုခေါ်တွင်သည်) နှင့်အတူ မြန်မာနိုင်ငံသို့ သွားရောက်ဖူးသည်။ မြန်မာနိုင်ငံကိုအိန္ဒိယထဲကခွဲခြမ်းပေးခဲ့သည်မှာ ကျွန်ုပ်တို့ ကော်မရှင်၏ ထောက်ခံတင်ပြချက်အရ ဖြစ်သည်။ စစ်ကြီးမတိုင်မီ မြန်မာတို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွေ့အကြုံရခဲ့ကြပြီး ဖြစ်သည်။ သို့သော် အနောက်တိုင်းပညာရေးရှိသူ မြန်မာများအလွန်နည်းပါးပြီးအုပ်ချုပ်ရေးပိုင်းတွင်လည်းများများစားစားမရှိခဲ့ချေ။

မြန်မာနိုင်ငံတွင်အိန္ဒိယနိုင်ငံကဲ့သို့ဟင်ဒူ-မူဆလင်လူမျိုးအရေးပြဿနာမျိုးမရှိသော်လည်းခေတ်နောက်ကျလွန်းခြင်းနှင့် လူမျိုးစုပြဿနာအချို့ကားရှိနေခဲ့သည်။

မြန်မာနိုင်ငံသည် ဂျပန်တို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးကာလရှည်ကြာခက်ခက်ခဲခဲပြန်လည် တွန်းလှန်ပြီးမှ အောင်မြင်မှုရရှိခဲ့သည်။ မြန်မာအချို့သည် ဂျပန်ကလွတ်လပ်ရေးတကယ်ပေးလိမ့်မည်ဟုယုံကြည်၍ ဂျပန်နှင့် ပူးပေါင်းခဲ့ပြီးဒေါက်တာဘမော် ရုပ်သေးအစိုးရကိုထောက်ခံခဲ့ကြသည်။ သို့သော်လည်းသူတို့သည် များမကြာမီအမြင်မှန်ရခဲ့ကြပြီးအောင်ဆန်း၏ ဦးဆောင်မှုအောက်ရှိလူငယ်များကတော်လှန်ရေးဆင်နွှဲကြသည်။ ဗြိတိသျှတပ်များနှင့် သူတို့အဆက်အသွယ်ရခဲ့ကြသည်။ လော့ဒ်မောင့်ဘက်တန်၏ အမြော်အမြင်ကြီးများသော ၀ါဒ၏ကျေးဇူးဖြင့် သူတို့ ပူးပေါင်းဆောင်ရွက်ကြပြီး ကျူးကျော်သူများအားမောင်းထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံကို ပြန်ရပြီးနောက် အိန္ဒိယရှိဆာရယ်ဂျီနယ်ဒေါ်မန်စမစ် (Sir Reginald Dorman Smith) (၁၈၉၉ – ၁၉၇၇) လက်အောက်ခံ (မြန်မာ)ပြည်ပြေးအစိုးရကို ပြန်လည်အသက်သွင်းခဲ့ကြ၏။ ဆာဒေါ်မန်စမစ်ထံ၌ နိုင်ငံရေးသမားလက်ဟောင်းကြီးအချို့ရှိနေသည်။စစ်ကြီးမတိုင်မီကမြန်မာနိုင်ငံတွင်ရှိခဲ့ဖူးသောတစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကိုအချိန်မတိုင်မီ ပြန်လည်ဖော်ထုတ်ခဲ့ခြင်းမှာ ကျွန်ုပ်တို့၏ အမှားဖြစ်သည်။

နိုင်ငံရေးလက်ဟောင်းကြီးများသည် မြန်မာနိုင်ငံ၌ ကြီးထွားလာနေသောအမျိုးသားရေးလှုပ်ရှားမှုကြီးနှင့် ကင်းကွာနေကြချိန်တွင် တော်လှန်ရေးသမားလူငယ်များကစိတ်မရှည်နိုင်တော့ချေ။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် မြန်မာများကကောင်းစွာနှစ်သက်လက်ခံသော မြန်မာနိုင်ငံအကြောင်းလည်းတီးမိခေါက်မိသူဆာဟူးဘတ်ရန့်စ်ကိုဘုရင်ခံခန့်လိုက်သည်။ ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့ လာပြီး မြန်မာ့နောင်ရေးဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်သည်။ သူတို့နှင့် ကျွန်ုပ်တို့ အချိန်ကြာမြင့်စွာဆွေးနွေးဖလှယ်ခဲ့ကြသည်။ သူတို့အထဲကအချို့သည် စစ်ကြီးမတိုင်မီက ‘ခရစ်ပ်စ်’ (Chipps) နှင့် ပုဂ္ဂိုလ်ရေးသိကျွမ်းခဲ့ကြပြီး ဖြစ်၍ များစွာအဆင်ပြေခဲ့သည်။ သို့သော်ကျွန်ုပ်တို့က မြန်မာပြည်သူများ၏ ရွေးချယ်မှုကိုလက်ခံရန် အသင့်ရှိသည်ဟုပြောဆိုခြင်းကိုပထမတွင် သူတို့မယုံကြည်နိုင်ကြဘဲသံသယရှိနေခဲ့ကြသည်။

ဖြစ်ချင်တော့ သူတို့သည် လုံးဝလွတ်လပ်ရေးရယူပြီး သမ္မတနိုင်ငံထူထောင်မည်ဟုသူတို့၏ နောက်လိုက်များထံကတိ ကျွံထားခဲ့ကြလေပြီ။ သူတို့သည် ကွန်မြူနစ်ပါတီကိုလည်းရင်ဆိုင်နေကြရ၏။ ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရင်းသူတို့ထဲကအချို့ (အထူးသဖြင့် သူတို့၏ ခေါင်းဆောင် ခေါင်းမာသူတစ်ဦးဖြစ်သောအောင်ဆန်း) သည် ဓနသဟာယထဲတွင် ဆက်နေလိမ့်မည်ဟုသဘောပေါက်စပြုလာသည်။ သမ္မတနိုင်ငံထူထောင်သော်လည်းအိန္ဒိယနိုင်ငံကဲ့သို့ပင် ဓနသဟာယထဲတွင် ဆက်နေနိုင်သည့်လမ်းကြောင်းကိုသဘောကျကြသည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အလွန်ငယ်ရွယ်ပြီးအတွေ့အကြုံနုနယ်သူများဖြစ်ကြ၏။ လူနည်းစုပါတီ (မျိုးချစ်ပါတီ) တစ်ခု၏ ကိုယ်စားလှယ်ဖြစ်သူဦးစောကမူသူတို့နှင့် မတူချေ။ သူ့ကိုစစ်ကြီးမတိုင်မီက ကျွန်ုပ်တွေ့ခဲ့ဖူးသည်။ စစ်ကြီးအတွင်းသူအင်္ဂလန်သို့ လာရောက်သည်။ သို့သော်ဦးစောသည် ဂျပန်များနှင့် လစ္စဘွန်းတွင် အဆက်အသွယ်လုပ်ရန်ကြိုးစားခဲ့ကြောင်းပေါ်ပေါက်လာ၍ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ရသည်။ သူသည် ‘အပြင်စိမ်း၍ အတွင်းပုတ်သည့်’ သရက်သီးကဲ့သို့ မျက်နှာချို၍ ကောက်ကျစ်မည့်သူဟု ကျွန်ုပ်ထင်မြင်ယူဆခဲ့သည်။

ကျွန်ုပ်နှင့် ဇနီးသည်က အောင်ဆန်းတို့ မြန်မာကိုယ်စားလှယ်တစ်ဖွဲ့လုံးကိုနေ့လည်စာဖြင့် ဧည့်ခံခဲ့ရာ ကျွန်ုပ်၏ဇနီးသည်လူသတ်သမားဖြစ်မည့်သူနှင့်သူ၏သားကောင်ဖြစ်မည့်သူများအားဧည့်ခံကျွေးမွေးခြင်းပါတကားဟုထိုစဉ်ကစိုးစဉ်းမျှ တွေးမိမည်မဟုတ်ချေ။

သူတို့ မြန်မာပြည်ပြန်သွားကြပြီးများမကြာမီအောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်ဝန်ကြီးများသည် ဦးစော၏ လုပ်ကြံသတ်ဖြတ်ခြင်းခံကြရသည်။ ဘုရင်ခံ၏ လက်မြန်ခြေမြန်အရေးယူမှုကြောင့် ဦးစော၏ အကြံမအောင်မြင်ခဲ့ချေ။ သခင်နုသည် ၀န်ကြီးချုပ်ဖြစ်လာပြီးဦးစောသည် တရားဥပဒေရှေ့မှောက်သို့ ရောက်သွားခဲ့ရ၏။ သို့သော်မြန်မာနိုင်ငံထိုးနှက်ခံခဲ့ရသည်မှာကား ပြင်းထန်လှသည်။ သို့သော် မြန်မာတို့က လုံးဝ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်ုင်တို့၏ အခြေခံမူများနှင့်အညီ ကျွန်ုပ်တို့အနေဖြင့် သူတို့၏ တောင်းဆိုချက်များကိုခွင့်ပြုရန်မှတစ်ပါးအခြားမရှိခဲ့ချေ။

ထိုအချိန်ကစ၍ မြန်မာအစိုးရသည် ကွန်မြူနစ်များနှင့် အခြားအဖွဲ့များ၏ ပုန်ကန်ထကြွမှုများနှင့် ရင်ဆိုင်ခဲ့ကြရပါတော့သည်’ ဟူ၍ ရေးသားဖော်ပြခဲ့လေသည်။

ကလီမင့်ရစ်ချတ်အက်တလီသည် လန်ဒန်မြို့တွင် ထင်ရှားသည့် ရှေ့နေကြီးဟန်နရီအက်တလီ (Henry Attlee နှင့် ဇနီးအီလန် (Ellen) (လန်ဒန်အနုပညာအသင်း၏အတွင်းရေးမှူး T.S Watson Ox ၏ သမီး) တို့မှာစတုထ္ထမြောက်သားဖြစ်ပြီး ၁၈၈၃ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။

အက်တလီ၏ ဘိုးဘေးဘီဘင်တို့သည် Darkingအနီး၌ လယ်သမားစက်သမားကုန်သည်များဖြစ်ခဲ့၍ ၁၉ ရာစုနှစ်အလယ်ခန့်တွင် ကြွယ်ဝတောင့်တင်းသည့် ၀န်ထမ်းလူတန်းစားထဲ့ ရောက်နေခဲ့ပြီဖြစ်သည်။ အက်တလီမိသားစုအိမ်မှာ Putney ၌ တည်ရှိ၍ နယ်အိမ်မှာ Essex ၌ တည်ရှိသည်။ အက်တလီအသက် ၉ နှစ်ထံအိမ်တွင်း၌ပင် မိခင်ကြီးထံမှ အင်္ဂလိပ်စာပေ၊  သူ့အစ်မများကိုထိန်းသိမ်းသူများ (တစ်ယောက်မှာ ၀င်စတန်ချာချီအား စာပေပိုချခဲ့သူ) ထံမှလည်းပညာသင်ကြားခဲ့သည်။

Patters’ Bar ကျောင်း၊ Haileybury College မှတဆင့် Oxford University College သို့ ၁၉၀၁ ခုနှစ်တွင် ရောက်ခဲ့သည်။ ၃ နှစ်တာပျော်ရွှင်စွာသင်ကြားခဲ့၍ စာပေနှင့်သမိုင်းတွင်အထူးစိတ်ဝင်စားပြီး ၀ိဇ္ဇာဘွဲ့ကို ဒုတိယအဆင့်ဂုဏ်ထူးဖြင့် ဆွတ်ခူးခဲ့သည်။ တက္ကသိုလ်တွင်ဘိလိယက်ထိုးချန်ပီယံလည်း ဖြစ်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် Inner Temple မှ ၀တ်လုံတော်ရဘွဲ့ရယူခဲ့၏။ သူ့နိုင်ငံရေးအမြင်မှာသူ့လူဂုဏ်ထံလူတန်းစား၏ ကွန်ဆာဗေးတစ်ဝါဒ (ဆင်းရဲသားများအပေါ်ဂရုမစိုက်သောဝါဒ)အမြင်သာဖြစ်ခဲ့သည်။သို့သော်ပရဟိတလုပ်ငန်းများလုပ်ကိုင်ရင်းလက်လုပ်လက်စားလူတန်းစားများနှင့် ထိတွေ့ခဲ့ပြီးနောက် နောက်ပိုင်းတွင် ဆိုရှယ်လစ်ဝါဒတိမ်းညွတ်လာခဲ့သည်။

ဝတ်လုံဘွဲ့ရပြီးနောက် အက်တလီသည် မိခင်ကျောင်းကပံ့ပိုးသည့် Stepney& Sd Haileybury House လူငယ်များကလပ်သို့ သွားလည်ရင်း၊ ၄င်းတို့၏ လူတန်းစားပြဿနာများကိုလည်း စိတ်ဝင်စားလာသည်။ သူကိုယ်တိုင် နောက် ၂နှစ်အကြာတွင် ထိုကလပ်၏ မန်နေဂျာဖြစ်လာသည်။ အက်တလီသည် ဂျွန်ရပ်စကင်း (John Ruskin) ၀ီလျံမော်ရစ်ဆန် (William Morrison) ဆစ်ဒနီနှင့် ဘီထရစ်ဝက်ဘ် (Sidney & Beatrice Webb) တို့၏ စာပေများကိုဖတ်ရှုရင်း ၁၉၀၈ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီဖြစ်သည့် Independent Labour Party သို့ ၀င်ရောက်၍ ပါတီဝင် ဖြစ်လာပြီးနောက် လန်ဒန်နိုင်ငံရေးလောကတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသည်။ ထို့နောက် ၁၉၀၉ တွင်  ဗြိတိသျှ ဆိုရှယ်လစ်လောကတွင် ရှေ့တန်းပုဂ္ဂိုလ်ကြီးဖြစ်လာသူ ဘီးထရစ်ဝက်ဘ်၏ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ပြီး၁၉၀၉၁၀တွင်ဝန်ကြီးချုပ်လွိုက်ဂျော့၏အမျိုးသား  အာမခံအက်ဥပဒေအကြောင်း ရပ်ရွာလှည့်ရှင်းလင်းဟောပြောသူအဖြစ်အစိုးရဌာနသို့ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အက်တလီသည် ၁၉၁၂ ခုနှစ်တွင် လန်ဒန်စီးပွားရေးကောလိပ် (London School of Economic – LSE) တွင် ကထိကအဖြစ် စာပို့ချခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးဖြစ်လာသောအခါ ကောလိပ်မှထွက်၍ စစ်ထဲဝင်ခဲ့သည်။

ပထမကမ္ဘာစစ်ဖြစ်ချိန်တွင် ၀င်စတန်ချာချီက ရေတပ်ဝန်ကြီးအဖြစ် ထိပ်ပိုင်းရာထူးရခဲ့သော်လည်း အက်တလီသည် စစ်တပ်ထဲတွင် ဗိုလ်ကြီးအဆင့်ဖြင့် စစ်မှုထမ်းရသည်။

ချာချီဦးစီးသော မက်ဆိုပိုတေးမီးယားရှိ ဂယ်လီပိုလီတိုက်ပွဲ (Gallipoli Capaign) တွင် တိုက်ပွဲဝင်ရန် တပ်ရင်းနှင့်အတူ အက်တလီစေလွှတ်ခံရသည်။ ဂယ်လီပိုလီစစ်ဆင်ရေးသည် မဟာဗျူဟာအတွက် ထိုးစစ်ဖြစ်၏။ သို့သော်အလွဲလွဲအချော်ချော် ဖြစ်ပြီး ဗြိတိသျှနှင့် မဟာမိတ်တပ်များဘက်မှ တပ်သားများအမြောက်အမြား ကျဆုံးခဲ့သဖြင့် ချာချီနာမည်ပျက်ပြီး ရေတပ်ဝန်ကြီးရာထူးမှ ဆင်းပေးခဲ့ရသည်။ အက်တလီသည် ၀မ်းကိုက်ရောဂါကြောင့် မော်လတာကျွန်းသို့ပြန်ပြီး နာလံထစခန်း၌ အနားယူနေစဉ် သူ၏တပ်အထိနာသော ဆာရီဘဲယားတိုက်ပွဲမှ ဝေးရာသို့ ရောက်နေသဖြင့် ကံကောင်းထောက်မစွာ အသက်မသေကျန်ရစ်ခဲ့ရသည်။ ကျန်းမာရေးကောင်းလာချိန်တွင် အက်တလီသည် ရှေ့တန်းစစ်မျက်နှာသို့ ပြန်သွား၍ တိုက်ပွဲဝင်သည်။ သူ၏ ခေါင်းဆောင်မှုအရည်အသွေးနှင့် အုပ်ချုပ်ရေးကွပ်ကဲမှုတွင် လိမ္မာပါးနပ်သောကြောင့် အများ၏ ချီးကျူးမှုကို ခံခဲ့ရသည်။

၁၉၁၉တွင် ဗိုလ်မှူးအဆင့်အထိ စစ်မှုထမ်းရွက်ခဲ့ပြီးနောက် အငြိမ်းစားယူလိုက်သည်။ ၁၉၁၉-၂၀ တွင် စတက်ပနီမြို့တော်ဝန်အဖြစ် ဆောင်ရွက်သည်။ ၁၉၂၂ တွင် လိုင်းမဟောက်စ (Limehouse) နယ်အတွက် လေဘာပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရွေးချယ်ခံရသည်။ လေဘာပါတီခေါင်း ဆောင် Ramsay Mac Donald က အက်တလီအား ပါလီမန်အတွင်းဝန်ခန့်အပ်ခဲ့သည်။ ၁၉၂၄ တွင် လေဘာအစိုးရအဖွဲ့တွင် အက်တလီသည် စစ်ဖက်ဆိုင်ရာ လက်ထောက်အတွင်းဝန်အဖြစ် ဆောင်ရွက်ရသည်။ များမကြာမီအတွင်း ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။ ၁၉၂၇ ခုနှစ်တွင် ဖွဲ့စည်းဆိုင်မွန်ကော်မရှင်တွင် အဖွဲ့ဝင်ဖြစ်လာပြီး ယင်း၂နှစ်အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံအကြောင်း အနည်းငယ်တီးခေါက်မိလာသည်။

၁၉၂၉ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် အရွေးခံရသော်လည်း ၁၉၃၀ ပြည့်နှစ်တွင် Sir Oswald Mosley နှုတ်ထွက်မှ လန်ကက်စတာနယ်စားဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ယင်းနောက် စာတိုက်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။

၁၉၃၁ခုနှစ်ရွေးကောက်ပွဲ၌သီသီလေးကပ်နိုင်ခဲံသည်။အက်တလီသည်အလယ်အလတ်လူတန်းစားဖြစ်ရုံသာမက သူ့နိုင်ငံရေးလမ်းစဉ်သည်လည်း အလယ်အလတ်ကျလွန်းသည်ဟု ဝေဖန်ခံရသည်။

၁၉၃၅ တွင် လေဘာပါတီခေါင်းဆောင်နှုတ်ထွက်သွားသဖြင့် ယာယီခေါင်းဆောင်ဖြစ်လာသည်။ ဟစ်တလာကို လျှော့ပေးသော ချိန်ဘာလိန်ပြုတ်ကျပြီးနောက် ချာချီတက်လာသောအခါ ညတွင်းချင်း အက်တလီနှင့် နားလည်မှုယူ၍ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သည်။ ဒုတိယကမ္ဘာစစ် (၁၉၃၉ – ၁၉၄၅ ) အတွင်း ဗြိတိသျှ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ချာချီက ၀န်ကြီးချုပ်၊ လေဘာပါတီခေါင်းဆောင် အက်တလီက ဒုတိယ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ စစ်အတွင်း ချာချီ၏ ခေါင်းဆောင်မှု၊ အက်တလီ၏ လုပ်ငန်းစေ့စပ်သေချာမှု Beveridge ၏ အမြော်အမြင်ရှိမှုတို့ဖြင့် စစ်ကြီးလည်းအောင်၊ စစ်ပြီးလှုမှုရေးကိစ္စတို့ကိုလည်း လေဘာအစိုးရက ကိုင်တွယ်နိုင်ခဲ့သည်။

၁၉၄၅ ခုနှစ် ရွေးကောက်ပွဲတွင် လေဘာပါတီအပြတ်အသတ်အနိုင်ရရှိခဲ့သဖြင့် အက်တလီသည် ၀န်ကြီးချုပ်ဖြစ်လာသည်။ ၁၉၄၇ ဇန်န၀ါရီလ ၁၃ မှ ၂၈ အထိ လန်ဒန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ၀န်ကြီးချုပ်အက်တလီခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ့လွတ်လပ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ အက်တလီသည် မြန်မာ့လွတ်လပ်ရေးကို အသာတကြည်ပေးအပ်ရန် သဘောတူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် `အောင်ဆန်းအက်တလီစာချုပ်´ ကိုလည်းကောင်း၊ ၁၉၄၇ အောက်တိုဘာလ ၁၇ ရက်နေ့ တွင် `နု-အက်တလီ စာချုပ်´ ကိုလည်းကောင်း လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံအား အာဏာလွှဲပြောင်းကာ လွတ်လပ်ရေးပေးခဲ့သည်။

၁၉၅၀ ပြည့်နှစ် နှစ်ဦးတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကြီး၌လည်း လေဘာပါတီကပင် အနိုင်ရရှိခဲ့သဖြင့် လေဘာပါတီခေါင်းဆောင် အက်တလီက ၀န်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၅၄ တွင် ရာထူးမှ နှုတ်ထွက်ပြီးနောက် ဒုတိယမြောက် အယ်လစ်ဇဘက်ဘုရင်မကြီးက အက်တလီအား ၁၉၅၅ တွင် အားလ် (Earl) မြို့စားဘွဲ့ ချီးမြှင့်ခဲ့သည်။ ပညာရေးဘက်တွင်လည်း သူ့အား အောက်စဖို့ဒ် တက္ကသိုလ်နှင့် ကွင်းမေရီကောလိပ်၊ လန်ဒန်စီးပွားရေးကောလိပ်တို့က ဂုဏ်ထူးဆောင်သုခမိန်အဖြစ် တင်မြှောက်ခဲ့သည်။

မစ္စတာအက်တလီသည် ၁၉၅၃ခုနှစ် ဇန်န၀ါရီလ ၆ရက် မှ ၁၅ ရက်အထိ ရန်ကုန်မြို့တော်ခန်းမ၌ `အာရှဆိုရှယ်လစ်ညီလာခံ ကျင်းပနေစဉ်အတွင်း အထူးကိုယ်စားလှယ်အဖြစ် ညီလာခံတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးသည်။ အက်တလီသည် အငြိမ်းစားယူပြီး ၁၂ နှစ်ကျော်ကာလ ပျော်ရွှင်စွာ ခရီးထွက်၊ စာရေးစာဖတ်နေခဲ့သည်။ အက်တလီသည် အသက် ၈၅ နှစ် ပြည့်ခါနီး၊ ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကွယ်လွန်သွားသောအခါ သားဖြစ်သူ မာတင်ရစ်ချတ် ( Martin Richard) က ဒုတိယ Earl Attlee ဖြစ်လာခဲ့သည်။

Based on:
၁. Encyclopedia of World Biography
၂. သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယအတွဲ) ပညာရွှေတောင်စာအုပ်တိုက်၊ ပကြိမ် ၂၀၁၀။
၃. ဦးသက်ထွန်း၊ `မြန်မာနိုင်ငံအားလွတ်လပ်ရေးပေးသူအက်တလီ´ ပြည်သူ့ခေတ် အတွဲ ၁မှ၁၈ (၂၀၁၀ နိုဝင်ဘာလ၄) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်