fbpx

နွေဦးသံစဉ်နှင့် ကျနော်တို့ရဲ့ ရွာလေး (Law Eh Soe)

February 20, 2013

နွေဦးသံစဉ်နှင့် ကျနော်တို့ရဲ့ ရွာလေး

လောအယ်စိုး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃

          ဇင်ယော်ငှက်များ အီရီမြစ်ပေါ်တွင် ၀ဲကာပျံပြီး နေသောမြင်ကွင်းသည် ကြည်နူးစရာ ကောင်းလှပေစွကျနော်နေထိုင်သော မြို့ ဒေသ အရပ်သို့နွေဦးကာလသည် ချဉ်းကပ်ဝင်ရောက်လာပေပြီ ရောင်စုံပန်းကလေးများကလဲ အပြိုင်အဆိုင်ပွင့်ပြီး နေ့ရက်သစ်များကို ကြိုဆိုသည်။

          လွတ်လပ်မှု့ အဓိပ္ပါယ်ကို ဆောင်သော နွေကာလဟု ဆိုရပေမည် ခြောက်လတာကာလလုံးလုံး ဆောင်းနှင်းဖွေးဖွေး အောက်တွင် အင်္ကျီထူကြီးများဝတ် ခေါင်းစွပ်ကြီးများဆောင်း နံနက်ခင်းနှင့် ညဥ့်ဦးယံ အချိန်များ၌ အိမ်တွင်းအောင်းခဲ့ကြသော ဘတ်ဖလိုးနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများတို့သည် ပွင့်လင်းစူးရဲလှသော နေရောင်ခြည်ကို ခံစားထိတွေ့ရသည့် နွေကာလကို ဆောင်းအိပ်မက်တွင်ပင် မက်ကြလိမ့်လေမလား မသိ။

          အမေရိကန်ဖွား လူမည်းအာဖရိကန်နှင့် လူဖြူများတို့ကလဲ နေကာမျက်မှန်တွေတပ် လည်ဟိုက် အင်္ကျီ ဘောင်းဘီတိုများကို ၀တ်ပြီး နွေဦးဟန်ရေးပြင်ကြသည်။ တရပ်ကွက်လုံးကြားအောင် တမင်စီမံ ဆောင်ရွက်ထားသော ကားကြီးစီဒီစက်တွင် စီဒီများကို အသံကုန်ဖွင့်ထားရင်း ကိုလံဘတ်အနွယ်ဝင် စပိန်ဘာသာစကားတို့ဖြင့် အသံနေအသံထား အမျိုးမျိုးဖြင့် ပြောဆိုကြသော လက်တီးနိုတို့ကလည်း ၎င်းတို့အတွက် တနှစ်တခါ ရတောင့် ရခဲ နွေသဘင်ပွဲကို သူနည်းသူ့ဟန်ဖြင့် အကောင်းဆုံး ဆင်နွဲကြလေသည်။

          သြော်နွေသည် မတူညီသော လူ့နှလုံးသားများမှ ဘာသာကွဲသော အဓိပ္ပါယ်ကို တမျိုးစီဆောင် ကြလေသည်။ ငြင်းဆို၍ မရသည်ကတော့ ကျနော်တို့အားလုံးက နွေဦးကာလကို ချစ်ကြသည် မဟုတ်ပါလား။ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် မိမိအလုပ်ကို အကောင်းဆုံးလုပ်ဆောင်တတ်ကြသော ကိုရွှေသူခိုးများကလည်း ယခုလာမည့် နွေသည် မနှစ်ကနွေနှင့် မတူစေရ ၂၀၁၂ နွေကာလသည် အကျွန်ုပ်တို့အတွက် မြိုးမြိုးမြက်မြက်ကို တွက်ချေကိုက်ရမည့် နွေ ဖြစ်ရမည်။

          ကားလေးကို စီး၍တမျိုး၊ လမ်းလျှောက်၍တဖုံ၊ စက်ဘီးကလေးကိုနင်း၍ တနည်း ရပ်ကွက်စုံကို လှည့်၍ ငတက်ပြားသုတေသနပြုကြသည်။ ကျွမ်းကျင်ပါပေ့ ညီအကိုတို့ရယ်။


          လာကြပါပြီ လာကြပါပြီ ။ ငါးမျှားတံများကို အစီအရီကိုင်၍တမျိုး၊ ဈေးဘန်းများကိုတော့ ခေါင်းပေါ်ရွက်စရာမလို အမေရိကန်ပစ်ကပ်ကားပေါ်တွင်တင်ကာ တနည်း၊ အားကစားဘောင်းဘီ အင်္ကျီများ ကို မရိုးအောင် ၀တ်၊ ဟိုမှာသည်မှာ (ဘော်လီဘော) ပုတ်ကြမည်လေ။ အမိမြန်မာပြည်မှ ရေခြားမြေခြားရောက် မြန်မာတွေ ရေတွင်းဘေးတွေမှာ အ၀တ်တွေသွားလျှော်ရင်း ဆုံတတ်သလိုပါပဲ။

          “ဟ…မင်းတို့ကလည်း ကြီးကျယ်လို့ အ၀တ်လျှော်တာ အိမ်မှာလျှော်လဲ ရတာပဲကွာ” ဟူ၍ မြန်မာပြည်မှ မိတ်ဆွေတဦး နှင့် ဖုန်းဆက်ရင်း ပြောမိ၍ သူ စောဒက တက်ဘူးသည်။ ကြွားသည်ဟု မထင်ပါနှင့် မိတ်ဆွေသည်လည်း အမေရိကန်မြေသို့ ဒုက္ခသည်အဖြစ် ရောက်ရှိမှ ကျနော်တို့လို ခံစားနားလည် ပေးပေလိမ့်မည်။

ဒီမှာက နေ့တိုင်းအ၀တ်လျှော်ဖို့ ဆိုတာက လူတိုင်းမလုပ်နိုင်။ အ၀တ်လျှော်စက်တန်ဘိုး အသုံးပြုသော လျှပ်စစ်မီတာခတွေက စရိတ်မနည်းတော့ အဆင်ပြေနိုင်ဆုံး နီးစပ်ရာ အ၀တ်လျှော်စက်တန်းတွေ ရှိရာသို့ ပြေးကြရသည်။ တပတ်တခါမှ လျှော်ဖြစ်သော အ၀တ်များကို အိမ်မှာလှမ်းဖို့ကလဲ အခက်သား ထို့ကြောင့် အ၀တ်လျှော်စက်နှင့် အခြောက်ခံစက်တွဲလျှက်ရှိရာသို့ သွားကြရသည်။

          ဒုက္ခသည်အခြေချ နေထိုင်သူများအဖြစ် အသစ်ရောက်ရှိလာသော သူတွေကတော့ အ၀တ်ထုပ်ကြီးတွေကိုထမ်း တွန်းလှည်းတွေနှင့်တွန်းရင်း၊ ကြားထဲက ရင်သွေးငယ်ကိုလည်း ချီထားရင်း သွားရောက်လျှော်ဖွတ်ကြရသည်။ ဒုက္ခသည်ဟု အမေရိကန်တို့မှ သတ်မှတ်ပြီး တလေးတစား ခေါ်ယူ ကျွေးမွေးပြုစုထားကြသည့် မြန်မာပြည်သားတို့လည်း အမေရိကန်မြေပေါ်တွင် ဒီမိုကရေစီအရသာ အပြည့်အ၀ကို ခံယူရင်း နွေကာလကို ဆင်နွဲကြပေတော့မည်။


          ဘတ်ဖလိုမြို့ နှင့် ပတ်ဝန်းကျင် အီရီမြစ် ကမ်းခြေတလျှောက် ညနေခင်း လေးနာရီခွဲကျော်ကျော်မှ ည ကိုးနာရီနီးပါးအထိ သူတို့တတွေ ရှိတတ်ကြသည်။ စည်ကားချက်ကလဲ လူပေါင်းနှစ်ရာကျော် သုံးရာ ဦးရေလောက် ရှိကြသည်။ ဘောလီဘောပုတ် ခြင်းတွေခတ်ကြသည်။ ကရင် ဗမာ လူငယ်လူကြီးတွေက ကရင် ဗမာဘာသာစကားတွေနှင့် အော်ဟစ်ကြ အားပေးကြ ဆဲကြ ဆိုကြ။ သူတို့ တတွေနှင့် မလှမ်းမကမ်းမှာလည်း မူလတန်းနှင့် အလယ်တန်းအရွယ် ကလေးငယ်များကလည်း တဦးနှင့် တဦး အမေရိကန်အင်္ဂလိပ်ဘာသာ စကားဖြင့် အများစုက ပြောဆိုကြပြီး ပြေးလွှားခုန်ပေါက်ကာ ကစားကြသည်။

          ဒါကလည်း နိုင်ငံတကာရောက် ကရင်လူမျိုးများတို့၏ ဘ၀တစိတ်တဒေသ မြင်ကွင်းလေး တခုဖြစ်ပါသည်။ ဆောင်းတွင်းကာလတုန်းက ဆိုလျှင် ဒီလိုနေရာတွင် တွေ့ဖို့ဆိုသည်က စဉ်းစားကောင်းသည့် ကိစ္စတခုမဟုတ်၊ တငြိမ့်ငြိမ့် စီးဆင်းနေတတ်သော အီရီမြစ်ကြီးသည်ပင် ဖြူဖွေးသော အနွေးထည်ကြီးကို ၀တ်ဆင်ထားသည့်ပမာ နှင်းများဖြင့် အေးခဲနေတတ်သည်။ သည်နှစ်တော့ ထူးထူးခြားခြား အီရီမြစ်ကြီး ရေမခဲခဲ့ပါ။

          ထိုကဲ့သို့ ဆောင်းတွင်းကာလ ခြောက်လနီးပါး အတွင်း အမေရိကန်ရောက် ကျနော်တို့ မြန်မာပြည်သားများ အ၀တ်လျှော်ဆိုင်ကြီးများတွင် တဦးနှင့် တဦး တမိသားစုနှင့် တမိသားစု ဆုံတတ်ကြသည်။ အမိမြန်မာနိုင်ငံတွင်သော်၎င်း အသီးသီးသော ဒုက္ခသည်စခန်းများတွင်သော်၎င်း နေခဲ့ကြစဉ်က ရေဘုံဘိုင်အနီး မြစ်ရိုးချောင်းရိုးဘေးလေးတလျှောက်တွင် ဆုံခဲ့ကြသလိုပင်။ ယခုတွင် ဖခင်တွေ လူပျိုလေးတွေကလည်း ကွမ်းတမြုံ့မြုံ့ဝါးရင်း စနေ တနင်္ဂနွေနေ့တွေမှာ အတော်များများက အ၀တ်လျှော်ဆိုင်တွေမှာ ဆုံနေကြတုန်းပင်။

          တခုတော့ မေတ္တာရပ်ခံပါရစေ မိမိ၏ မိတ်ဆွေ ဆွေမျိုးသားချင်းများ ကျနော်တို့နေထိုင်ရာ ဘတ်ဖလိုးမြို့သို့ ရောက်ရှိလာမည် ဆိုပါက သူတို့အတွက် စေတနာထက်သန်စွာဖြင့် မြန်မာပြည်မှ အစားအသောက်တွေကို ကျေးဇူးပြု၍ ပို့ပေးမထားကြပါနှင့် ပို့ပေးထားမည်ဆိုပါက ကျောက်ပန်းတောင်းမြို့သို့ တကူးတကကြီး ထန်းလျှက်ပို့ပေးသလို သွားရောင်းချ သလိုဖြစ်နေပါလိမ့်မည်။


          မြန်မာပြည်သားများစားသော အစားအသောက်များရောင်းချသောဆိုင် ခြောက်ဆိုင်မက ရှိပါသည်။ လက်ဖက် ဒညင်းသီးအိုးစိမ် ဒန့်ဒလွန်သီး မျှစ် မှစ၍ အစုံ လိုရာရှိပါသည်။ ကျနော် တခါ စိတ်ကူးပေါက်၍ မျက်နှာပြင်တွင် တခါတရံထွက်သော ၀က်ခြံကို ထုံးလေးတို့ဖို့ အစမ်းသဘောဖြင့် ကွမ်းစားထုံးထုပ်ကို သွားဝယ်ရာ ရန်ကုန် လှည်းတန်းဈေးတွင် သွားဝယ်သကဲ့သို့ လွယ်လွယ်ကူကူ ၀ယ်လို့ရခဲ့သည်။

          နံနက်ခင်း သို့မဟုတ် ညနေခင်းအချိန်တွင် လမ်းလျှောက်၍ ဖြစ်စေ သို့မဟုတ် ကားမောင်း၍ဖြစ်စေ ဘတ်ဖလိုးမြို့၏ အနောက်ပိုင်းရပ်ကွက် (West side) သို့ မိတ်ဆွေရောက်ခဲ့ပါက ကရင်နီ ချင်း ဗမာ ကရင် လူမျိုးစုများတို့ကို ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါသည်။ တခါတရံလည်း တွေးမိသည် ငါရောက်နေတာ အမေရိကန်မှ ဟုတ်ရဲ့လား၊ ဗမာ ကရင် ချင်း မွန်လူမျိုးတွေ စုပေါင်းပြီး နေထိုင်သော ရွာကြီးကို အမေရိကားကို ရွေ့ထားသကဲ့သို့ ခံစားရသည်။

          ဒီနှစ်တွင် မြန်မာမိသားစုတွေထဲမှ ထူးထူးခြားခြား ဗမာလူမျိုး သမီးငယ်တဦး ကရင်လူငယ်လေး သုံးဦး၊ ချင်းလူမျိုး အထက်တန်းကျောင်းသားတဦး ဘတ်ဖလိုးမြို့၏ ထိပ်တန်းထူးချွန်ကျောင်းသား ကျောင်းသူများ စာရင်းဝင်တွေ ဖြစ်သွားကြသည်။ မိဘများ ဂုဏ်ယူကြသလို မြန်မာမိသားစုများ ကြည်နူးမုဒိတာပွားကြသည်။

          တကယ်တော့ သူတို့လေးတွေ အတွက် ရုန်းကန်ရင်ဆိုင်ရသော တိုက်ပွဲကြီးတွေက နေ့တိုင်း။ မြန်မာပြည်သား ဒုက္ခသည်ကျောင်းသား ကျောင်းသူများကို ဌါနေ အမေရိကန်ကျောင်းသူ ကျောင်းသား တော်တောများများက ချိုင်းနိတရုတ်လူမျိုးတွေဆိုပြီး မုန်းတီးကြသည်။ စော်ကားမှု့တွေခံရသည် ကလည်း အဆန်းမဟုတ်တော့။ ကျောင်းတော်က ရန်စတွေက ရပ်ကွက်ထဲအထိပင် တခါတရံကူးစက်တတ်ကြသည် တဖက်သတ် အနိုင်ကျင့်မှု့တွေကို သည်းမခံနိုင်တော့သည့်အဆုံး တော်လှန်ရေးစိတ် ဇ ရှိသည့် ကရင်ကျောင်းသားစု တို့ကလည်း အုပ်စုခြင်းတည်ပြီး ရိုက်ကြသည် အထိဖြစ်ကြသည်။

          လက်တီးနိုး ကျောင်းသား ငါးဦးလောက်ကို ရဲကဖမ်းသွားပြီး တရားရုံးမှာ အမှု့ရင်ဆိုင်ကြရသည်။ ဘတ်ဖလိုးမြို့ အထူးဆေးရုံကြီး၏ ကြီးကြပ်စောင့်ကြည့်ဆောင်တွင် အောက်စီဂျင်ပိုက်တတ်လျှက်သား မသေကောင်းမပျောက်ကောင်း ဓါးထိုးခံရသော ကရင်လူငယ်လေးကို ကျနော်သွားကြည့်ခဲ့ရဘူးသည်။

          လူကြီးတွေ အတွက်ကတော့ ဘာသာစကားအခက်အခဲ မသင်ကြားနိုင်ခဲ့ရသော ပညာရေးနံရံကြီးတွေက ၎င်းတို့ အလုပ်ခွင်ဝင်ရောက်နိုင်ရေးနှင့် အလုပ်ခွင်တွင်းတွင် တကယ် အတားအဆီးကြီးတွေပါ။ အနှိမ်ခံရသောနေရာတွင် အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ကြခြင်းဖြင့် မြန်မာပြည်သားတွေကို နှစ်သက်သော ဦးစားပေးသော စက်ရုံကြီးတွေတောင် ရှိလာပေပြီ။

          သို့သော အခက်အခဲများကတော့ ရှိနေဆဲ၊ ရင်ဆိုင်နေဆဲ ၊ ရုန်းကန်ကျော်ဖြတ်နေဆဲ။ တဖက်က လူငယ်ကျောင်းသား ကျောင်းသူတွေကလဲ သူတို့၏စစ်မြေပြင်နှင့် သူတို့ကျောင်းတွင်း အနိုင်ကျင့်မှု့များကို ရင်ဆိုင်ရခံကြရဆဲ။ တချို့ လူငယ်ကျောင်းသားလေးများ ဆိုရင် ကျောင်းကိုပင် မသွားတော့ ထိုကိစ္စကို မိဘများကလဲ ဘာမျှ လုပ်ပေး၍ မရ။ ကျောင်းအာဏာပိုင် တချို့က လူနည်းစု မြန်မာကျောင်းသား တချို့ကို အခြားကျောင်းသို့ ပြောင်းရွှေ့စေပြီး ပြဿနာအေးအောင် အကောင်းဆုံး စီမံပေးကြသည်။


          မတတ်တခေါက် အင်္ဂလိပ်ဖြင့် စကားပြန်လုပ်ပေးနေရသော ကျနော့်အတွက် နောက်လာမည့် နှစ်များတွင် ဒီက အထက်တန်းကျောင်းသား ကျောင်းသူတို့၏ အင်္ဂလိပ်စာအရေးအသား အပြောအဆို များကို ယှဉ်၍ ရတော့မည် မဟုတ်။ သူတို့၏ အင်္ဂလိပ်စာ အရေးအသား အပြောအဆိုများသည် အဆင့်မြင့်လေခြင်း။ တချို့သား သမီးတွေကလည်း ပြေးလွှားရုန်းကန်ရင်း မရေရာမသေချာသော အနာဂါတ် ကာလကြီးတခုကို ဖြတ်သန်းခဲ့ရသော မိဘများကို သူတို့လိုအင်္ဂလိပ်စာမတတ်ရကောင်းလား ဟူ၍ အထင်မြင်သေးမှုတွေလဲ ရှိလာသည်။

          ဈေးဆိုင်ကြီးတွေကို သွားတော့ သမီးငယ်လေးက ရှစ်နှစ်ကျော်ကျော် သာသာအရွယ် မိခင်နှင့် ဖခင်ကြီး အတွက် အိမ်သုံးပစ္စည်းတွေ ၀ယ်သောအခါ သူက စကားပြန် မိဘနှစ်ဦးက ကျေနပ်ပြီး တပြုံးပြုံး။ တဖက်မှာလည်း အမေရိကန်တွေရဲ့ မကောင်းသော စရိုက်များ အပြောအဆို အနေအထိုင်တွေကို ပုံတူကူးချပြီး ဆံပင်တွေ အရောင်ဆိုး၊ ဘောင်ဘီရှည်ကို တင်ကျလျှောဝတ်၊  မူးယစ်ဆေးဝါးသုံးစွဲ၊ စည်းကမ်းမရှိသော လိင်မှုကိစ္စများပြုလုပ်နေသော နှစ်သက်သော လူငယ်တချို့ရဲ့ စာရိတ္တသံချေးတက်မှု့များကိုလည်း ၀မ်းနည်းဖွယ် မြင်တွေ့ရပါတယ်။

          ကျနော်တို့ ဘတ်ဖလိုးမြို့ကို ရောက်ပြီး သုံးလနှင့် ခြောက်လတာအတွင်း သက်ဆိုင်ရာ ပြန်လည်နေရာချထားရေးရုံးတွေက တတ်နိုင်သလောက် ကူညီမှု့ပေးပြီး လုပ်ဆောင်ကြပါတယ်။ မေတ္တာနှင့် နွေးထွေးစွာ ကြိုဆို လုပ်ဆောင်မှုပေးကြသော နေရာချထားရေး ၀န်ထမ်းများလည်း ရှိသလို အလုပ်သဘော လစာအတိုင်းအတာ တခုရဖို့ ပုံမှန်အလုပ်လိုပဲ သဘောထား စေတနာမဲ့ လုပ်ဆောင်မှု့တွေကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည်အပါအ၀င် ဆူဒန်၊ အီရတ်၊ ဆိုမာလီ၊  ဘူတန်နိုင်ငံများက မျက်နှာငယ်၊ ဒုက္ခသည်အသစ် စက်စက်တွေလည်း ဘတ်ဖလိုးရဲ့ နှင်းတော ရေခဲပြင်တွေမှာ ဒုက္ခ အကြိမ်ကြိမ်ရောက်ကျရသော ဇာတ်လမ်းအစုံစုံကိုလည်း ဒီမြို့မှာ ကြားနိုင်ပါတယ်။

          “ဘယ်အရာကိစ္စ အသီးသီးတွေကိုတော့ ကျနော်တို့ ဘယ်လုပ်ပေးလို့ ရမလဲဗျာ။ သတ်မှတ်ထားတဲ့ ငွေကြေးအချိန်ကာလ တခုအထိသာ ကျနော်တို့ တာဝန်ရှိတာပါ။ ကျန်တဲ့ကိစ္စတွေကတော့ သူတို့ဘာသာ ဆက်ပြီး လျှောက်ရမှာပေါ့။ ဘယ့်နှယ် … ရုံးတွေသွားရင်လဲ စကားပြန်။ ဈေးဝယ်ရင်လဲ စကားပြန်။ စီစဉ်ပေးလုပ်ပေးပါတယ်။ ကျနော့်ရုံးက နိုင်သလောက်ပေါ့။ ဒါပေမဲ့ လောင်းကစားရုံသွားတာတို့ ဆေးခြောက်ဝယ် သောက်တာတို့ကျတော့ ဘာစကားပြန်မှ မလိုပါလား”

          မြန်မာနိုင်ငံတွင်မွေးဖွားပြီး ဒုက္ခသည် အဖြစ် ရောက်ရှိကာ Case Worker( ပြန်လည်နေရာချထားရေး အတွက် တာဝန်ယူ ဆောင်ရွက်ရသူ) တစ်ဦး၏ ရင်ဖွင့်သံကလဲ ဟုတ်တုတ်တုတ်။ ဘာပဲဖြစ်ဖြစ် နှစ်ဘက်စလုံးမှာ အမှန်တရားတွေ ရှိနေကြသည်။

          တချို့ ဒုက္ခသည်စခန်းမှ ရောက်ရှိလာသော မိတ်ဆွေတချို့ကလဲ အမေရိကားရောက်မှ အလုပ်ရကြသည်။ ဒုက္ခသည်စခန်းကြီးတွေရှိလို့ ထိုင်းလူမျိုးတချို့နှင့် အန်ဂျီအို ၀န်ထမ်းတွေ အဆက်အသွယ်နှင့် အဆင်ပြေကြသည်။ ထို့ကြောင့် ၎င်းတို့အမေရိကန်ကို အခြေချမြေနင်းကတည်းက အမေရိကန်အစိုးရမှ ၎င်းနှင့်မိသားစုဝင်များကို တသက်တာလုံး ကြည့်ရှု့ စောင့်ရှောက်ဖို့ ဆောင်ရွက် လုပ်ကိုင်ပေးဖို့ လိုကြောင်း ကျနော့်အား ခပ်တည်တည်နှင့် ပြောပြတာလဲ ရှိသည်။ သူလဲ သူ့ခံယူမှု့ နှင့် သူ။


          “အေး ..ငါညီရယ် စဉ်းစားကြည့်ပါဦးကွာ။ ဒုက္ခသည်စခန်းမှာ ငါနေတုန်းက လူတွေက ပြောတယ် … အမေရိကန်နိုင်ငံဆိုတာ ဒုတိယကောင်းကင်နိုင်ငံပဲ … တဲ့။ စားချင်တာ အကုန်ရှိ၊ သွားချင်တာသွား၊ အဖက်ဖက်က ပြည်စုံနေတာတဲ့ ငါလဲ ဒီရောက်တာ လေးနှစ်ရှိပြီ မနက်မိုးလင်းတာနဲ့ ဆိုင်ကို အရောက်ပြေး ဆူးရှီလိတ်၊ ညမိုးချုပ်တော့မှပြန်။  နောက်တနေ့လဲ ဒီလိုပဲ ။ ဆူးရှီးလိတ်နဲ့ တပတ်တပတ် တလတလ တနှစ်တနှစ်ကုန်သွားလိုက်တာ။  ငါ့ပုံလဲ ဆူးရှီမှန်ဗီဒိုကြီးထဲက ဆူရှီးလိတ်လို အေးစက်စက်ကြီး ဖြစ်နေပြီကွာ။ အိမ်ပြန်လာရင်လဲ ပင်ပမ်းလို့ မိသားစုနဲ့လည်း အချိန်သိပ်မပေးနိုင်တော့ဘူး။  ဒုက္ခသည် စခန်းမှာ နေတုန်းကတောင် ရွာရိုးကိုးပေါက်၊ စခန်းကမိတ်ဆွေအိမ်တွေဆီ သွားလည်၊ လူမှုရေးတွေ လုပ်လို့ရသေးတယ်။ ငါစဉ်းစားကြည့်တယ်။ ဒါတောင် ဒုတိယကောင်းကင်နိုင်ငံပဲရှိသေးတယ်၊ ပထမကောင်းကင်နိုင်ငံဆိုရင် ဒုက္ခပဲ။ နေပါစေတော့ … ။  ဒီဒုတိယကောင်းကင် နိုင်ငံတော်နဲ့တင် လုံလောက်ပါပြီကွာ”

ဟူ၍ ကရင်စစ်ပြန်တဦး၏ အမေရိကန်နိုင်ငံအပေါ်၎င်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း ပြုံး၍ ကျနော် နားထောင်မိသည်။ ဟုတ်ပေလိမ့်မည် သူလဲ သူ့ဘ၀ဒဿနနှင့် သူ။

          ဗုဒ္ဓသာသနာသည်လဲ ကျနော်နေသော ဘတ်ဖလိုးမြို့တွင် ထွန်းကားပြန်ပွားသည်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသည်။ တောင်ကျောင်းနှင့် မြောက်ကျောင်းမဟုတ်ပါ။ ဒုက္ခသည်စခန်းမှ အများစု ရောက်ရှိ လာကြသော ဒကာ ဒကာမများ စုပေါင်း၍ တည်ထောင်ထားသော ကျောင်းကို “ရွှေမင်းဝံကျောင်းတိုက်” သို့မဟုတ် “ဒုက္ခသည်ကျောင်း” ဟူ၍ အမည်ပေးထားသည်။

          ဆူရှီလုပ်ငန်းရှင်များ အပါအ၀င် ဘတ်ဖလိုးရောက် မြန်မာမိသားစုဝင်များ စုပေါင်း တည်ထောင်ထားသည့် ကျောင်းကိုလည်း “ဇေယျာသီရိကျောင်းတိုက်” သို့မဟုတ် “ဆူရှီကျောင်း” ဟူ၍ အမည်ပေးထားကြသည်။

“ဒီနေ့ ဒုက္ခသည်ကျောင်းမှာ မောင်ဘယ်သူရဲ့ မွေးနေ့ဆွမ်းကျွေးရှိသည် …” ဆိုရင် … ရောက်ကြပြီ။

“ကျနော့်ကို လာရှာရင် ဒီညနေ ဆူရှီကျောင်းမှာ တရားထိုင်နေမယ်” စသည့် သူ့ကျောင်းနှင့်သူ တမျိုးစီ ချစ်စရာကောင်းသော ဘာသာရေး သာရေးနာရေး လူမှုရေး လှုပ်ရှားမှု့တွေ ရှိကြသည်။


          ဓမ္မသံစဉ်ကျူးသံများ လျှံ၍ ထွက်လာတတ်သော ကရင်လူမျိုးတို့၏ အပတ်စဉ် တနင်္ဂနွေ ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် လူပေါင်း သုံးရာနှင့် လေးရာ ပတ်ဝန်းကျင်တော့ ရှိစမြဲ။ တောင်တန်းသား ချင်းညီအကို မောင်နှမများကလည်း ဘာသာစကားအလိုက် အစုလိုက် ၀တ်ပြုကိုးကွယ်မှုတွေ ရှိသည်။ ကျနော် သိသလောက်တော့ ငါးနေရာထက်မနည်းသော နေရာတွေမှာ သူတို့တွေ ဘုရားဝတ်ပြု ချီးမွှန်းခြင်းပြုတတ်ကြသည်။

          ရွှေ့ပြောင်းရောက်ရှိ အခြေချ နေထိုင်ကြသူ အသီးသီးတို့သည် မိမိတို့၏ ဘ၀ သံစဉ်စည်းချက်နှင့်အညီ နေ့စဉ် ခရီးနင်နေကြရသည်။ တနှစ်တခါ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပပြီး လူပရိသတ် ထောင်ကျော် တက်ရောက် ဆင်နွဲကြသည်မှာ ပျော်စရာကောင်းလှပါသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရိုးရာ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေ ရှိသည်။



          ဆယ်ကျော်သက်များနှင့် မိဘတို့၏ပဋိပက္ခများများလည်း ရှိတတ်သောကြောင့် သက်ဆိုင်ရာ ဘုန်ကြီးကျောင်း၊ ခရစ်ယန်ဘုရားကျောင်းတို့ကလည်း လူငယ်များကို ဂရုစိုက်၍ လမ်းကြောင်းမှန်အောင် အတတ်နိုင်ဆုံး ဆုံးမသွန်သင်ကြသည်။ တခါတရံလဲ အာရိယာန်နွယ်ဝင် မြန်မာပြည်ဖွားများထဲမှ တချို့ကြောင့် မြန်မာနိုင်ငံနှင့် စပ်ဆိုင်သော လူမှုရေး သာရေး နာရေး ကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲလေးတွေ တော့ ရှိတတ်ကြသည်။

          ဟိုး … မြန်မာပြည်မှာက လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနှင့် ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးနေကြပြီး အောင်မြင် ခရီးရောက်မှုလေးတွေ သူ့ အတိုင်းအတာနှင့်သူ ရှိကြသည်။ ကျနော် နေထိုင်သော အရပ်နှင့် အခြားမြို့များတွင်လဲ အချင်းချင်း ငြိမ်းချမ်းမှုများ အပြန်အလှန်နားလည်မှုများ ရှိလာအောင် လုပ်ဆောင်ပေးနေသူများကိုလဲ လေးစားဂုဏ်ယူမိပါသည်။

          ဒီမြို့သို့ ရောက်ပြီး တနှစ်ကျော်အတွင်း၊ အချို့က ဒီထက်ပင် စောသေးသည် ကားဝယ်နိုင်ကြသည်။ ရပ်ကွက်လမ်းများ ဟိုင်းဝေးလမ်းများပေါ်တွင် ကျနော်တို့ မြန်မာနိုင်ငံသားများ အရောင်အသွေးစုံနေသည့် ကားများပေါ်တွင် အပြုံးကိုယ်စီဖြင့် ကြည်နူးစရာကောင်းသည်။ တဖက်ကလဲ အရက်မူးပြီး ကားမောင်းခြင်း လမ်းပြောင်းပြန် မောင်း၍တနည်း၊  စွန့်စားကာ မီးနီကို ဖြတ်၍ မောင်းခြင်းတမျိုး ၊အသီးသီးသော အကြောင်းအရာတို့ကြောင့် တရားရုံးတွင် အမိမြန်မာနိုင်ငံသားများကို မျက်နှာသေလေးတွေနှင့် တွေ့နိုင်သည်။

          “ဘယ်သိမှာလဲ အကိုရယ် ဒီကလေးက ကျမပြောတာလဲ နားမထောင် ဂျစ်ကန်ကန်လုပ်နေတာနဲ့ အားရ ပါးရ တီးလိုက်တာပေါ့။ လမ်းမပေါ်မှာ ဆိုတော့ တချို့လူတွေက ၀ိုင်းပြီး ကြည့်ကြတာပေါ့ သူကငို ကျမက တီး။ ဒီလိုနဲ့ မကြာခင် ရဲကားရောက်လာပြီး ကျမကို ဖမ်းပြီး ကားပေါ်တင်သွားတာပါ။ ဒီမှာက ကိုယ့်ကလေးကို ကို ရိုက်မိတာ အပြစ်လား အကိုရယ်”

ဟု မျက်ရည်များကျလျှက် နော်မူတီးက ပြောရှာသည်။ ရင်သွေးနှစ်ဦးနှင့် ၎င်း၏ ချစ်စွာသော ခင်းပွန်းကို လုံခြုံ စိတ်ချစေရန် အမေရိကန်ရဲများက ရိပ်သာတခုကို ခေါ်သွားပြီး သုံးလလောက် ထားလိုက်သည်။

          သူမကလဲ ငို။ ဟိုသားအဖသုံးယောက်ကလဲ ဘာဆိုဘာမှန်းမသိလိုက်ပဲ လုံခြုံရေး ရိပ်သာကို ရောက်သွားသည်။ မြန်မာနိုင်ငံတွင်း ကျေးလက်များနှင့် ဒုက္ခသည်စခန်းများတွင် မိမိသားသမီးများကို ရိုက်နက် ဆုံးမပါက ကိစ္စတော့ သိပ်မရှိ။ ဒီမှာက အတော့်ကို ပြစ်မှု့ကြီးသည်ကို နော်မူးတီး မသိရှာ။ ဂျစ်ကန်ကန် ပေကပ်ကပ် လုပ်နေသော သမီးငယ်ကို လမ်းမပေါ် အားရပါးရ တီးမိလိုက်တော့ အနီးအနားရှိ အမေရိကန်တို့က ရဲကို အကြောင်းလိုက်သည်။ သူလဲအချုပ်ထဲမှာ တပတ် မိသားစု အတူပြန်၍ နေနိုင်ကြဖို့ ခြောက်လနီးပါး တရားရုံးတက်ပြီး ဖြေရှင်းလိုက်ရသည်။

          အခုတော့လဲ ထပ်ပြီး အတိုးချကာ ချစ်လွန်းလို့ ကလေးနှစ်ဦးပင် ထပ်မွေးလိုက် သေးသည်။

“အေး..အကိုရယ် အမေရိကန်က တမျိုးကြီးနော်။ အခုတော့ ကျမ ကလေးကို မရိုက်တော့ပါဘူး”

ဟူ၍ ပြုံး၍ ပြောရှာသည်။ ဒေါနတောင်တန်း ကျေးလက်တခုတွင် မွေးဖွား၍ ဒုက္ခသည်စခန်းတခုတွင် ငါးနှစ်ခန့် နေထိုင်ပြီး သူလဲ ဂျမ့်ပရိုမိုးရှင်းနှင့် နိုင်ငံတနိုင်ငံက လေကြောင်းလိုင်းတခုကို ခပ်တည်တည်စီးခဲ့ကာ ကျနော်နေထိုင်သော မြို့ကလေးကို မိသားစုနှင့် ရောက်လာခဲ့သူ။

          သူတို့ ဒုတိယသားကို မွေးတုန်းကလဲ

“ အကိုရယ် ကျနော်တို့ နှစ်ယောက် တိုင်ပင်ထားလို့ပါ ။ ဒီသားကိုတော့ ကရင်နာမည် မပေးချင်တော့ပါဘူး။ ဒီအမေရိကန်ရောက်တော့ အမေရိကန်နာမည်လေး တခုလောက် ရှာပြီး မှည့်ပေးပါဦး။”

အလွန်ပျော်ရွှင်နေသော ခင်ပွန်းဖြစ်သူက အမေရိကန်နာမည်လေး တလုံး သားအတွက် ကင်ပွန်းတတ်ရန် အလွန်အာသီသ ပြင်းထန်နေသည်။

          ဘာလုပ်ရမည်မှန်းမသိ၊ ကျနော်လဲ ဘယ်ကလေးငယ်ကိုမှ နာမည် မပေးဘူး အချိန်နှစ်ရက်ယူပြီး သူတို့ဆီကို ပြန်သွားပြီး

“ကဲကွာ…မင်းသားကို မောင်ဂျက်ကော့(Jacob) ကွာ မင်းနာမည်က တီပါအေး ဆိုတော့ မင်းသားက ဂျက်ကော့အေး (Jacob Aye) …ပေါ့ကွာ။”

 သူတို့လဲ သဘောကျ ကျနော်လဲပျော်။  ဘာလိုလိုနဲ့ စောဂျက်ကော့အေးလဲ အခု အသက်သုံးနှစ်ပြည့်ပေပြီ။

          ဘတ်ဖလိုးမြို့၏ အနောက်ပိုင်း (West Side)သည် မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက် အခြေချနေထိုင်သူ အများဆုံး နေထိုင်ကြသည်။ ကလေးတွန်းလှည်းလေးပေါ်တွင် ရင်သွေးငယ် သုံးဦးကို တင်တွန်းပြီး နွေ၏ အရသာကို အပြည့်အ၀ခံစားနေသော နော်မူတီးကို မိတ်ဆွေတို့ မြင်နိုင်ပါသည်။ သူမအတွက်လည်း နွေဦးသည် သူ့အဓိပ္ပါယ်နှင့်သူ။


          ဤမြို့ကလေးကို မြန်မာပြည်သားထဲမှ ဒုက္ခသည်အဖြစ် အဦးဆုံးရောက်ရှိသူများထဲတွင် ကိုမျိုးသန့်တယောက်လဲ အပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနီးတွင် နှစ်အတန်ကြာ ကိုယ်ရံတော်တဦးအဖြစ် နေထိုင် တာဝန်ယူခဲ့သူ တဦး မြစ်ဝကျွန်းပေါ်ဇာတိ ဖြစ်သည် ယခုနိုင်ငံရေးသိပ္ပံ ဘာသာရပ်၌ ထူးချွန်စွာ ပါရဂူဟူသော ဒေါက်တာဘွဲ့ကို မကြာမှီရရှိတော့မည်။

          မနှစ်က ပိုလန်အနွယ်ဝင် အမေရိကန်သူ တဦးနှင့် အကြောင်းပါ၍ လက်ထပ်ခဲ့ပြီး ဒီနှစ်နွေဦးကို ပိုလန်မြန်မာအနွယ် ကပြားသမီးငယ်လေးနှင့် အတူ ဆင်နွဲပေတော့မည်။ မုဒိတာပွားလောက်ပေသည်။ ထူးထူးခြားခြား ဒီနှစ်နွေဦး မတိုင်ခင် ဘာဖလိုးမြို့သည် မြန်မာပြည်ဖွား လူပျိုသိုးကြီးများ ကျွတ်တန်းဝင်ကြသော ထူးခြားသော နွေပါ။

          လမ်းဘေးတလျှောက် ဆေးရောင်စုံ ပန်းကလေးများ အစီအရီဖူးပွင့်ကာ သူတို့လဲ နွေဦးကို ကြိုသည်။ ခြောက်လတာကာလပတ်လုံး သွေ့ခြောက်မဲညစ်ပြီး အသက်ကင်းမဲ့ သလို ဖြစ်နေခဲ့သော ပန်းမာန်များတို့သည် ယခုတော့ မိမိ၏ အလှနှင့် အေးခဲသော ဆောင်း၏ ဒါဏ်ကို ကြံကြံခံနိုင်ခဲ့ကြောင်း သက်သေ သတ္တိသွေးကို အပြုံးကိုယ်စီဖြင့် ပြနိုင်ကြပေပြီ။

ကြည်နူစရာကောင်းသော နွေပင်တကား။ သက်ရှိသတ္တ၀ါတိုင်း သူ့နည်းသူ့ဟန်ဖြင့် နွေကို ခံစားမှုမတူ ကွဲပြားမှု့လေးတွေနှင့် ကြိုဆိုကြသည်။

          အီရီမြစ်ကမ်းဘေးတွင် ငါးမျှားတံလေးနှင့် ငါးမျှားနေသော ကချင်တိုင်းရင်းသားတဦးသည် တငြိမ့်ငြိမ့်စီးနေသော မြစ်ပြင်ကို ကြည့်ရင်း မိမိ၏ ဧရာဝတီကို သတိရ၍နေသည်။ မွန်နှင့်ကရင်လူမျိုးများကလဲ သံလွင်ကို တမ်းတရင်း သောင်းရင်းကိုလဲ လွမ်းစိတ်ကလေး ပိုမိကြမည်။ ဘယ်လိုပဲ ပြောပြော မိမိ၏ ဇာတိရပ်ရွာ မွေးရပ်မြေသည် မည်သည့်ဌါန အရပ်နှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပါ။

          မြစ်ပြင်ပေါ်ဝယ် ဇင်ယော်ငှက်လေးများ ၀ဲ၍ နှိမ့်ကာမြင့်ကာ ပျံဝဲနေကြသည်။ အီရီမြစ်ကြီးသည်လဲ တငြိမ့်ငြိမ့်လေး စီးဆင်းနေဆဲ ကျနော်တို့၏ ဘ၀များသည်လဲ ဆက်၍ ဆက်၍ စီးဆင်းနေကြဆဲ ရုန်ကန် ရင်ဆိုင်နေဆဲပင် … … …။    ။

နွေနှင့် အတူ

          လောအယ်စိုး

          (လွန်ခဲ့ ၂၀၁၂ အမေရိကန်နွေ (ဇွန်၊ ဇူလိုင်၊ သြဂုတ်)က ပေးထားတဲ့ လက်ရေးစာမူ၊ ကဗျာဆရာ မိုးစဲနေက စာကူရိုက်ပေးလို့ အခုလို တင်ဆက်နိုင်တာဖြစ်ပါတယ်။ ကြန့်ကြာမှုတွေကို ခွင့်လွှတ်ပါ။ အီရီမြစ်ကြီးလည်း စီးနေဆဲပဲ မဟုတ်လား (မိုးမခစာတည်း))

Photos – random collection from internet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

2 Responses to နွေဦးသံစဉ်နှင့် ကျနော်တို့ရဲ့ ရွာလေး (Law Eh Soe)

  1. ကုလားကြီး on February 21, 2013 at 1:42 am

    အေး ဟုတ်တယ်သူရစိုး…အကိုတို့ နေတဲ့ State မှာလည်းမင်းတို့ ဒေသလိုဘဲ တပုံစံတည်းပါကွာ…မင်းဘယ်တော့ဘားအံပြန်မှာလည်း…ငါလည်း Citizen ရပြီးရင် Passport လုပ်ပြီးတခေါက်လောက် မတူးတို့  မမိငယ် တို့ ဆီပြန်လည်ချင်သေးတယ်…မင်းလည်းဒီနှစ်နွေဦးမှာ တို့ နေတဲ့ Minnesota ကိုလာရောက်ပြီးမိုးမခအတွက်နောက်ထပ် အမေရိကန်မြန်မာ့နွေဦး ဆောင်းပါးလေးဆက်ရေးလို့ ရသွားတာပေါ့…မင်းလာမယ်ဆိုရင် မင်းနဲ့ ဘားအံမှာအတူနေခဲ့ဘူးတဲ့ မင်းအကို ကုလားကြီးမင်းကိုျုေနွးထွေးစွာကြိုဆိုလျှက်ပါဘဲ…

    • law eh soe on February 26, 2013 at 1:44 am

      Dear..brother..I want to contact to you .May I get your number..please?

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)